သူတို့အားလုံးက တစ်ယောက်တည်း ဖြစ်နေမလား
Vol. 11 Ch. 143
ဂိုဏ်းခန်းမကနေ ထွက်လာပြီးနောက် ကန်းဖူလူနှင့်ကျိယွမ် တို့သည် ဘေးချင်းယှဉ်ပြီး လျှောက်လာခဲ့ကြသည်။
“ညီလေး၊ ဒီနှစ်တွေတစ်လျှောက် အိမ်နဲ့ဝေးဝေးကို တစ်ခါမှမသွားဖူးဘူး မဟုတ်လား။ အခုတစ်ခါတော့ သာ့ရှန်းကို ရုတ်တရက် ထားခဲ့ပြီး ကွေးယွန်တိုက်ကြီးဆီ ဦးတည်နေရပြီ။ ရှေ့ဆက် ဘာတွေ ကြုံရမလဲဆိုတာ… ဘယ်အချိန်မှ ပြန်လာနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ”
ကန်းဖူလူက အတွေးနယ်ချဲ့ရင်းမှ ရင်မောစွာ သက်ပြင်းချလိုက်သည်။
တိုင်းပြည်တစ်ရာသွေးစစ်ပွဲကြီး ပေါ်ပေါက်တော့မည့်အချိန်ဖြစ်သောကြောင့် သာ့ရှန်တိုင်းပြည်ကလည်း မငြိမ်မသက် ဖြစ်နေသည်။
ဂိုဏ်းချုပ်ကြီးက သူတို့နှစ်ယောက်ကို ဝေးလံလှသော အရှေ့ပိုင်းဒေသ၏ ပါရမီရှင်တိုက်ပွဲသို့ စေလွှတ်လိုက်ခြင်းသည် သူတို့အား သွေးစစ်ပွဲ၏သတ်ဖြတ်မှုအရှုပ်ထွေးများထဲမှ လွတ်မြောက်အောင် ကူညီပေးရန်ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်၏။
ထို့အပြင် ပါရမီရှင်တိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်ခဲ့လျှင် အရှေ့ပိုင်းဒေသ ဂိုဏ်းကြီးတစ်ခုရဲ့ အာရုံစိုက်မှုကိုခံရပြီး တပည့်အဖြစ်ခေါ်ယူခံရလျှင် တိုင်းပြည်တစ်ရာနှင့် ကွေးယွန်တိုက်ကြီး၏ဘောင်အတွင်းမှ ပင် လွတ်မြောက်သွားနိုင်သော အခွင့်အရေးမျိုး ရှိလာနိုင်လေသည်။
"အလင်းနန်းတော်က ပျက်စီးတော့မှာပါ၊ပါရမီရှင်တိုက်ပွဲပြီးတာနဲ့ ကျွန်တော်တို့ ပြန်လာရုံပါပဲ။ အချိန်ကြာကြာ မယူရပါဘူး”
ကျိယွမ်က အလွန်အေးအေးဆေးဆေးရှိသောအသံဖြင့် ပေါ့ပါးပါး ပြောလိုက်သည်။
ကျိယွမ်၏ စိတ်အေးလက်အေးပုံစံကို မြင်သောအခါ ကန်းဖူလူက မတတ်သာစွာ သက်ပြင်းချမိပြန်၏။
အင်း...ညီလေးလို ဉာဏ်ရည်မမှီတာလည်း အကောင်းသား။ဘာသောကမှ မရှိဘဲနေနိုင်တယ်။
ငါ့လိုပါရမီရှင်မှာတော့ အဆင့်မြင့်အမြုတေကို ဖွဲ့စည်းပြီးတာတောင်မှ အမြဲ စိုးရိမ်ပူပန်နေရပါလား။
“ညီလေး၊ ပါရမီရှင်တိုက်ပွဲမှာ တတ်နိုင်သမျှ ကြိုးစားရုံပါပဲ”
ကန်းဖူလူ၏ မျက်လုံးထဲ၌ မာနကြီးသောအရိပ်အယောင်တစ်ချက် ပေါ်လာပြီးဆက်ပြောသည်။
“ငါ့ရဲ့ အဆင့်မြင့်အမြုတေကို မြင်ပြီးတော့လည်း စိတ်ဓာတ်မကျလိုက်ပါနဲ့။သာ့ရှန်မှာတော့ ဒါဟာ မကြုံစဖူး ဖြစ်နိုင်ပေမယ့်၊ အရှေ့ဘက်ဒေသရဲ့ ထူးချွန်သူတွေနဲ့ ယှဉ်ရင်တော့ ငါကအားနည်းပါသေးတယ်”
ကန်းဖူလူသည် စကားများက နှိမ့်ချသလိုလို နှစ်သိမ့်သလိုလိုရှိသော်လည်းတကယ်တမ်း၌ သူဟာ ကြွားဝါနေခြင်းသာဖြစ်သည်။
“အရှေ့ပိုင်းဒေသပါရမီရှင်စာရင်းမှာ အဆင့်တစ်ရာအတွင်းက လူတွေဟာ နက်နဲသောအဆင့်၊ မြေအဆင့်၊ ကောင်းကင်အဆင့် အမြုတေ တွေကိုတောင် ဖွဲ့စည်းထားသူတွေ ရှိတယ်တဲ့။ စိတ်ကူးနဲ့တောင် လိုက်မမှီနိုင်ပါဘူး”
ထိုစကားကို ကြားသောအခါ ကျိယွမ်က နှစ်သိမ့်သောအမူအရာဖြင့် ကန်းဖူလူကို ကြည့်လိုက်၏။
“အစ်ကိုကြီးကန်း.. စိတ်ဓာတ်မကျပါနဲ့။ အဆင့်မြင့်အမြုတေက နည်းနည်းအားနည်းနေနိုင်ပေမယ့်… ကျွန်တော်တို့ဂိုဏ်း မှာတော့ အဆင့်တစ်ဆယ်အတွင်းမှာ ရှိနေသေးတယ် မဟုတ်လား”
"အဆင့်တစ်ဆယ်မှီတယ်ဆိုတော့ အစ်ကိုကြီးကန်းအနေနဲ့ ဖြေသာပါတယ်"
ကန်းဖူလူ၏မျက်နှာက ရှုံ့မဲ့သွားလေသည်။
မင်းဘိုးဘေးကို အဆင့်တစ်ဆယ်လား။
သူ စကားဆက်မပြောချင်တော့ပါ။ သူက ကြွားဝါချင်သော်လည်း သူ၏ညီလေးက ဘုမသိဘမသိဖြင့် ပြန်နှစ်သိမ့်နေသည်။
သို့သော် သူက "တိုင်းပြည်တစ်ရာလို နေရာလေးမှာ အဆင့်မြင့်အမြုတေရဲ့ တန်ဖိုးက ဘယ်လောက်ရှိလဲဆိုတာ မင်းသိရဲ့လား” ဟု ကျိယွမ်ကို တည့်တည့်ကြည့်ကာ မေးပစ်ချင်နေသည်။
ထိုအခိုက် စိတ်ဆင်းရဲနေသော ကန်းဖူလူ၏ မျက်လုံးများက ရုတ်တရက် လက်သွားသည်။
သူတို့ရှေ့၌ အသင်္ချေနိယာမတောင်ထွတ်၏ ထိပ်တန်းတပည့် ရွှီရီရီလာနေသည်ကို မြင်လိုက်ရသည်မဟုတ်ပါလား။
ကန်းဖူလူသည် ကျိယွမ်ကို လျစ်လျူရှုပြီး ချက်ချင်း ပျံသန်းသွားသည်။
“ညီမလေး၊ မကြာသေးခင်ကမှ ငါရတနာတစ်ခု ရခဲ့တယ်။ ကြည့်ချင်လား”
“ဘာရတနာလဲ”
ရွှီရီရီက စိတ်ဝင်စားသွား၏။
“ငါ့ရဲ့… အဆင့်မြင့်အမြုတေပဲ”
ကန်းဖူလူက ရင်ကော့လိုက်သည်။
“အမြုတေ..."
"အစ်ကိုကြီး.. အမြုတေအဆင့်ကို ရောက်သွားပြီလား”
ရွှီရီရီက ကန်းဖူလူအား လေးစားအားဟန်ဖြင့် အကြောင်းစုံမေးတော့သည်။
"ဒါက ဒီလိုရှိတယ် ညီမလေးရဲ့၊ငါ့ရဲ့အဆင့်မြင့်အမြုတေဟာဆိုရင်..."
ကျိယွမ်က ထိုမြင်ကွင်းကို အဝေးကနေ ကြည့်ရင်း သက်ပြင်းချလိုက်သည်။
“ကျေးဇူးတင်လိုက်တာ၊ ငါက အနိမ့်ဆုံးမှာတိတ်တိတ်လေးနေပြီး ကြယ်တွေနဲ့စကြဝဠာတွေကိုရောက်တဲ့အထိ ကြိုးစားချင်တဲ့သူ ဖြစ်တယ်။”
အဆင့်မြင့်အမြုတေတဲ့။
အဲဒါက ကြည့်ရုံနဲ့ငါ့မျက်လုံးကို ကန်းစေနိုင်ပါ့မလား။
ကျိယွမ်ကအတွေးနှင့်အတူ သူ့၏အမြုတေအား မော့ကြည့်လိုက်သည်။
ငါကဘယ်တော့များမှ ပိုကြီးတဲ့ ကြယ်တွေ၊ဂြိုဟ်တွေကို စားသုံးနိုင်မလဲ မသိဘူး။
ထိုအတိုင်းသာဖြစ်လာပါက ကောင်းကင်ပေါ်မှ နတ်ဘုရားများပိုင်သောကြယ်များမှလွဲလျှင် အားလုံးက သူ့အမြုတေ၏
အစိတ်အပိုင်းများ ဖြစ်လာပါလိမ့်မည်။
ဒီလို မြင်ကွင်းမျိုးကမှ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အထင်ကြီးစရာ မဟုတ်ဘူးလားဟု သူတွေးမိသည်။
သို့သော် သူက ကောင်းကင်ပေါ်က နေလုံးအသေးလေးကို ကြည့်ပြီး ခေါင်းယမ်းလိုက်၏။
“ငါ့ရဲ့ အမြုတေက အရမ်းဝေးနေတာ နှမြောစရာပဲ၊ မဟုတ်ရင် အစ်ကိုကြီးကန်းလို ချီးကျူးသံတွေ အများကြီးရမှာ သေချာတယ်။”
သို့သော် ချီးကျူးသံသက်သက်ချည်းတော့ မဟုတ်နိုင်ပါ။
သူသာ သူ့၏အမြုတေကို ထုတ်ပြလိုက်လျှင် မြင်ရသူအားလုံး သေဆုံးသွားနိုင်သည်မဟူတ်ပါလား။
"သေမှတော့ ချီးကျူးနိုင်ပါဦးမလား"
..................
အလင်းနန်းတော်ထဲ၌ ချင်းယင်၏ မျက်နှာသည် ထိန်းချုပ်မရအောင် တင်းမာခက်ထန်နေသည်။
“တိုင်းပြည်တစ်ရာအနှံ့က စိတ်ဝိညာဥ်အဆင့် တစ်ရာလောက်အသတ်ခံရတယ်၊ဟုတ်လား ၊ အသုံးမကျတဲ့ အမှိုက်တွေပဲ”
လွန်ခဲ့သောရက်အနည်းငယ်က တိုင်းပြည်တစ်ရာနယ်မြေသို့ စိတ်ဝိညာဥ်အဆင့် ၁၀၀ ခန့်အားစေလွှတ်ခဲ့သည်။ယခုတော့ အားလုံးအသတ်ခံလိုက်ရ၏။
စိတ်ဝိညာဥ်အဆင့်တစ်ရာနီးပါး ဆုံးရှုံးရခြင်းသည် အလင်းနန်းတော်အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သည် ။
"အရူး တာအို၊ဆန္ဒခုနှစ်မျိုးနတ်ဆိုးသခင်နဲ့သွေးဝတ်စုံဓားနတ်ဘုရား၊သူတို့အကုန်လုံးက ရှင်းဟွာအဖွဲ့သားတွေချည်းပဲ၊တော်တော် မိုက်ရိုင်းတယ်"
ဝိညာဥ်စွမ်းအင်များ ဖုံးလွှမ်းနေသော အကြီးအကဲကြိုးနက်မှာလည်း ဒေါသကြောင့် ပေါက်ကွဲတော့မည့် ယမ်းအိုးတစ်လုံးကဲ့သို့ ဖြစ်နေသည် ။
ထိုနေရာရှိ စိတ်ဝိညာဥ်အဆင့်များက အကြီးအကဲကြိုးနက် ဒေါသမထိန်းနိုင်ဘဲ သူတို့အပေါ်ပေါက်ကွဲလာမည်ကို စိုးရိမ်ကြီးစွာ စောင့်ကြည့်နေရသည် ။
"ငါတို့အလင်းနန်းတော်က ဘယ်အချိန်က ဒီလောက်များတဲ့… ကြောက်စရာရန်သူတွေကို သွားပြီး ရန်စခဲ့တာလဲ"
ချင်းယင်က ဒေါသတကြီးရေရွတ်လိုက်သည်။
တိုင်းပြည်တစ်ရာတွင်နေထိုင်သော ရှင်းဟွာအဖွဲ့ထဲမှလူအချို့သည် ရုတ်တရက်ကြီး သူတို့ကို ပစ်မှတ်ထားလာကြ၏ ။
သူတို့အားလုံးက တစ်ချိန်တည်း ပေါ်လာကြပြီး တစ်ဦးစီတိုင်းကလည်း ပါရမီရှင်များ ဖြစ်နေပြန်သည် ။
မယုံနိုင်စရာပင်ဖြစ်နေ၏ ။
"သူတို့အားလုံး တစ်ဦးတည်းများဖြစ်နေမလား၊ ငါတို့ကို တိုက်ခိုက်ဖို့အတွက် ဇာတ်ရုပ်မျိုးစုံ သရုပ်ဆောင်ပြီး လမ်းလွှဲနေတာဖြစ်လိမ့်မယ်"
မုတ်ဆိတ်နီအကြီးအကဲက သူ့စိတ်ထဲမှသံသယကို ထုတ်ဖော်၏။သူက ဖြစ်ရပ်များကို သေချာသုံးသပ်နေခြင်းဖြစ်သည်။
လောကမှာဒီလောက်ကြီးတိုက်ဆိုင်တယ်ဆိုတာရှိမှမရှိတာ၊သေချာပေါက် ကြံစည်မှုရှိရမယ်။
"မဖြစ်နိုင်တာတွေ"
အကြီးအကဲကြိုးနက်က ကြမ်းတမ်းစွာထအော်သည်။
"အရူး တာအိုမှာ မီးဖိုချောင်သုံးဓားနဲ့ ဆင်တူတဲ့ ဆန်းကြယ်တဲ့ ရတနာတစ်ခု ရှိပြီး စိတ်ဝိညာဥ်အဆင့်တွေကို ကြက်သတ်သလို သတ်ဖို့ အသုံးပြုတယ်"
"ဆန္ဒခုနှစ်မျိုးနတ်ဆိုးသခင်ကတော့ ရန်သူတွေကို ဖျက်ဆီးဖို့ နတ်ဘုရားမိုးကြိုးကိုတောင် ဆင့်ခေါ်နိုင်တဲ့ တားမြစ်ထားတဲ့ နည်းစနစ်တချို့ကို ကျင့်သုံးနေတယ်"
"ပြီးတော့ သွေးဝတ်စုံဓားနတ်ဘုရား ကတော့ ပြောစရာတောင်မလိုဘူး၊ ခရမ်းရောင်နန်းတော်အဆင့်ဖြစ်ပြီ မူလ နတ်စွမ်းအားတွေကို အသုံးပြုတာ"
"တစ်ယောက်စီတိုင်းက ထူးခြားတဲ့သူတွေချည်းပဲ၊အဲဒီအရည်အချင်းတွေအကုန်လုံးကို ဘယ်လိုလုပ်ပြီးတစ်ယောက်တည်းက ပိုင်ဆိုင်နိုင်မှာလဲ"
"အေးလေ..."
"တစ်ယောက်တည်းဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူး"
ထိုနေရာရှိလူတိုင်းက အကြီးအကဲကြိုးနက်၏စကားကို သဘောတူကြသည် ။
ထို့အပြင် အလင်းနန်းတော်၏ စိတ်ဝိညာဥ်အဆင့်များကို သတ်ဖြတ်ခဲ့သူများမှာ ထိုသုံးဦးသာမဟုတ်သေးပါ၊ စုစုပေါင်း ဆယ်ဦးခန့်က နေရာအနှံ့သတ်ဖြတ်သွားခဲ့ကြခြင်းဖြစ်သည်။
တစ်ဦးစီတိုင်းတွင်လည်း ထူးခြားသော လက္ခဏာများနှင့် ထူးချွန်သော စွမ်းရည်များ ရှိကြပြီး ထူးခြားသောကျင့်စဥ်များလည်း ရှိကြသည် ။
တစ်ချို့ဆိုလျှင် မီးဓာတ်အနှစ်သာရ ၊ ရေဓာတ်အနှစ်သာရများကို ကျွမ်းကျင်သူများပင် ပါနေ၏။
ဤမျှထူးခြားသော ပါရမီဆယ်မျိုးလောက်ကို မည်သူကမှ ပိုင်ဆိုင်နေစရာအကြောင်းမရှိပါ။ခေတ်အဆက်ဆက်ကလည်း မကြားဖူး၊အခုလက်ရှိလည်း မကြုံဖူးသလို နောင်အခါမှာလည်း ပေါ်လာရန် မရှိပါ။
"တိုင်းပြည်တစ်ရာလို နေရာငယ်လေးကနေ ဒီလောက်များပြားတဲ့ သတ်လတ်ပိုင်း ပါရမီရှင်တွေဘယ်လိုများ ပေါ်ထွက်လာနိုင်တာလဲ။"
"အရင်က ပါရမီရှင်စာရင်းအဟောင်းတွေမှာလည်း အဲဒီနေရာလေးကသူတွေ တစ်ခါမှမပါဖူးဘူး"
"သူတို့အားလုံးဟာ ရှင်းဟွာအဖွဲ့က ဖြစ်တယ်ဆိုတာတော့ သေချာတယ်"
ချင်းယင်က ကောက်ချက်ချသည် ။
သတ်လတ်ပိုင်းပါရမီရှင်များဆိုသည့် အသုံးအနှုန်းသည် ယေဘုယျအားဖြင့် ယခင်မျိုးဆက်၏ ပါရမီရှင်စာရင်းဟောင်းများတွင် ပါဝင်ခဲ့သူများကို ရည်ညွှန်းသည် ။
အလင်းနန်းတော်၏ စိတ်ဝိညာဥ်များကို တိုက်ခိုက်ခဲ့သူများအားလုံးသည် သတ်လတ်ပိုင်းပါရမီရှင်များ၏ခွန်အားမျိုး ရှိနေကြသည်မဟုတ်ပါလား။
ထိုအရာက အမှန်ပင် ကြောက်စရာကောင်းနေသည် ။
"ရှင်းဟွာအဖွဲ့.."
ထိုအဖွဲ့အစည်းအကြောင်းကို ကြားလိုက်သောအခါ ထိုနေရာရှိ စီမံခန့်ခွဲရေးမှုးများသည် စိုးရိမ်တကြီးဖြင့် အချင်းချင်း ကြည့်ရှုလိုက်ကြသည် ။
ရှင်းဟွာအဖွဲ့သည် ငွေကြေးချမ်းသာပြီး အားကောင်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်၏။
အဖွဲ့၏ပင်မဌာနကလည်း အရှေ့ပိုင်းဒေသမှမဟုတ်ပေ။
ရှင်းဟွာအဖွဲ့ကသာ သူတို့ကို အရေးကြီးပစ်မှတ်အဖြစ် ဆုံးဖြတ်ပါက အခက်အခဲ ရှိနိုင်သည် ။
သူတို့၏ ကြောက်ရွံ့မှုကို မြင်သောအခါ ချင်းယင်က စိတ်သက်သာရာရစေရန် နှစ်သိမ့်သည်။
"အားလုံး စိတ်မပူပါနဲ့။ ရှင်းဟွာအဖွဲ့က ငါတို့ရဲ့ အရှေ့ပိုင်းဒေသက ကိစ္စတွေကို ဝင်ရောက်စွက်ဖက်နိုင်မှာ မဟုတ်ပါဘူး။"
"နန်းတော်သခင်က ရှင်းပြချက်တောင်းခံဖို့အတွက် ထွတ်မြတ်ဧကရာဇ်တိုက်ကြီးကို ရောက်နေတဲ့ အရှေ့ပိုင်းဒေသတာဝန်ခံရှင်းဟွာအဖွဲ့ရဲ့ခေါင်းဆောင်နဲ့ သွားတွေ့ပြီးပြီ"
ထိုအခါမှ စီမံခန့်ခွဲရေးမှုးများ သက်ပြင်းချနိုင်ကြသည် ။
ချင်းယင်က သူ့၏စကားကို ဆက်သည် ။
"အရူးတာအို၊ ဆန္ဒခုနှစ်မျိုးနတ်ဆိုးသခင်… နှင့် အခြားသူတွေကလည်း အလင်းနန်းတော်ရဲ့ အလိုရှိစာရင်းမှာ ထည့်ထားပြီ"
"သူတို့သာ ကွေးယွန်တိုက်ကြီးထဲ ခြေချဝံ့ခဲ့မယ်ဆိုရင် ချက်ချင်းသေဖို့ သေချာတယ် ။"
"သွေးဝတ်စုံဓားနတ်ဘုရား အတွက်ကတော့ ငါတို့သုံးယောက်လုံး ရှင်းဟွာအဖွဲ့ကို စိန်ခေါ်စာ ပို့ပြီးပြီ ။"
"သူလည်း လာဝံ့မယ်ဆိုရင် သေမှာပဲ ။"
"ပြီးတော့ သွေးဝတ်စုံဓားနတ်ဘုရားကို မရှင်းရသေးသရွေ့ တိုင်းပြည်တစ်ရာကို စီမံရေးမှူးတွေ ထပ်မပို့ဖို့ မလိုအပ်တော့ဘူး"
"နားလည်ပါပြီ"
ထိုနေရာရှိ စီမံရေးမှုးများက ဝမ်းသာပျော်ရွှင်သွားကြသည်။
သူတို့အားလုံးသည် တိုင်းပြည်တစ်ရာသို့ စေလွှတ်ခံရခြင်းကို တကယ်ကြောက်နေကြလေပြီ။
ကိုယ့်ကိုယ်ကို ဘယ်သူကသတ်သေချင်မှာလဲ။သွားရင် သေလမ်းပဲရှိတာကို။
ငါလည်း ပေါက်စီမကြိုက်ဘူး။
..............................
ကျိယွမ်သည် ရှင်းဟွာအဖွဲ့၏ ဧကရာဇ်လေးပါး စကားပြောအဖွဲ့ ထဲသို့ ဝင်ရောက်သောအခါ ချီးကျူးစကားများစွာကို တွေ့လိုက်ရသည် ။
"မူလနတ်ဘုရား ၊မင်းက တကယ်ကိုအစွမ်းထက်လွန်းတယ်၊စိတ်ဝိညာဥ်တစ်ရာလောက်ကို အသာလေးသတ်ပစ်တာ"
"မိုင်ပေါင်းထောင်ချီ ဝေးတဲ့နေရာတွေကိုအချိန်တိုအတွင်း ဝင်ရောက်စီးနင်းတာ၊ တကယ့်ကို အထင်ကြီးစရာပါပဲ"
အားလုံးကဝိုင်းကာ ချီးကျူးနေကြသည်။
ကျိယွမ်ကတော့ အားလုံးကိုကျေးဇူးတင်ပါတယ်ချည်းသာ ပြန်ပြောလိုက်ရသည်။
သူက သူ့ကိုယ်သူ အားနည်းနေတုန်းသာဖြစ်သည်ကို ဘယ်တော့မှမမေ့ပါ။
ရေခဲတောင်သခင်မက စကားတစ်ခွန်းတည်းဖြင့် နတ်ဘုရားတွေကိုပင် ပြုတ်ကျစေနိုင်သော ကောင်းကင်ဘုံတာအိုအုတ်မြစ်အကြောင်း ပြောခဲ့သည်ကို သတိရပြီး ကျိယွမ်သည် သူ့ကိုယ်သူ သာမန်တစ်ယောက်ဖြစ်နေသည်ဟု ခံစားနေရသည်မဟုတ်ပါလား။
"မူလနတ်ဘုရား၊ မင်းက စိတ်ဝိညာဥ်အဆင့်တွေကို ဘာမှမဟုတ်သလို သတ်ပြီး နေရာတိုင်းမှာလှုပ်ရှားသတ်ဖြတ်နေချိန်မှာ ငါကတော့ အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲကို သွားတိုက်ရဦးမယ်။"
"ငါကိုယ်ငါ မင်းနဲ့ နှိုင်းယှဉ်ကြည့်ရင်… ကွာခြားချက်က အရမ်းကြီးပါတယ်"
ဆိုးသွမ်းအင်မော်တယ်က စိတ်ပျက်စွာညည်းညူသည်။
"ခင်ဗျားလည်း အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲကို ဝင်ပြိုင်မှာလား"
ကျိယွမ်၏ မျက်လုံးများ အရောင်တောက်သွားသည် ။
"ဘာလဲ၊ မူလနတ်ဘုရား..မင်းရဲ့တူလေးတစ်ယောက်ယောက်များ ပါဝင်နေလို့လား"
ကျိယွမ်က ချက်ချင်းပြန်ဖြေလိုက်ရသည်။
"ကျွန်တော်က ငယ်ငယ်ပဲရှိသေးတယ်။ လက်တောင် မထပ်… "
ကျိယွမ်၏ စကားကတန်းလန်းရပ်သွား၏။
သူက လက်တောင်မထပ်ရသေးဘူးလို့ ပြောမလို့ပင်။
သို့သော် သတို့သမီးလေးက သူ့ဇနီးမဟုတ်ဘူးလားဟုတွေးမိသွား၏။
"ကလေးတောင် မရှိသေးဘူး"
"ကျွန်တော်လည်း အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲကို ဝင်ပြိုင်မှာပါ။ ဆိုးသွမ်းအင်မော်တယ်...အဲဒီရောက်ရင် တွေ့ဆုံကြရအောင်။"
"ကျွန်တော် အဖွဲ့ထဲက အကြီးအကဲတွေနဲ့ တစ်ခါမှ မတွေ့ဖူးသေးဘူး"
ကျိယွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည် ။
သို့သော် ဆိုးသွမ်းအင်မော်တယ်မှာ ခေါင်းရှုပ်သွားရသည်။သူက နားမလည်စွာမေး၏။
"မူလနတ်ဘုရား ..မင်းက စိတ်ဝိညာဥ်အဆင့်တွေကိုတောင် ဘာမှမဟုတ်သလို သတ်ဖြတ်နေတာ၊ ပြီးတော့ မူလနတ်စွမ်းအားတွေကို အသုံးပြုနေတာ မဟုတ်ဘူးလား။ ဘာလို့ အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲကို ဝင်ပြိုင်မှာလဲ"
"ကျွန်တော်က အမြုတေအဆင့်ရောက်ခါစ ကျင့်ကြံသူလေး တစ်ယောက်ပါ။ ကျွန်တော် အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲကို ဝင်ပြိုင်တာ သတ်မှတ်ချက်တွေနဲ့ မညီဘူးလား"
ဆိုးသွမ်းအင်မော်တယ်ပြောရခက်သွားလေ၏။
"အင်း၊ သတ်မှတ်ချက်နဲ့ ညီပါတယ်… ဒါပေမယ့် သွေးဝတ်စုံဓားနတ်ဘုရားလေ၊မင်းက ခရမ်းရောင်နန်းတော် အဆင့်ကြီးကို"
"ကျွန်တော်က အမြုတေအဆင့်ပါဆို"
ကျိယွမ်က အမှန်အတိုင်းဖြေသည် ။
ဆိုးသွမ်းအင်မော်တယ်က လက်မခံနိုင်သေးပါ။
"ဒါပေမယ့် မင်းမှာ မူလနတ်စွမ်းအားတွေ ရှိတယ်၊ ပြီးတော့ စိတ်ဝိညာဥ်အဆင့်တွေကို ဘာမှ မဟုတ်သလိုသတ်နိုင်တယ်လေ"
ကျိယွမ်က ပြန်ပေးလိုက်သည်။
"အမြုတေအဆင့်ကျင့်ကြံသူမှာ မူလနတ်စွမ်းအားတွေ မရှိရဘူးလို့ ဘယ်သူပြောလဲ။"
"ပြီးတော့အမြုတေအဆင့်ကျင့်ကြံသူ စိတ်ဝိညာဥ်အဆင့်တွေကို မသတ်နိုင်ဘူးလို့ ဘယ်သူကသတ်မှတ်တာလဲ"
"အဲ.... ဘယ်သူမှ မပြောပါဘူး"
ဆိုးသွမ်းအင်မော်တယ်မှာ မအီမသာဖြင့် ဖြေလိုက်ရသည်။
ဘယ်သူမှမပြောဘူးဆိုတာက ဘယ်တုန်းကမှမဖြစ်နိုင်တဲ့ကိစ္စတွေမို့လေ။မဖြစ်နိုင်တာဆိုမှတော့ ဘယ်သူကစကားထဲ ထည့်ပြောနေမှာလဲ။
ကျိယွမ်က စကားနောက် အားပါသွားပြီး ဆက်လိမ့်နေသည်။
"ဟွန့်၊ ဒါတောင် ကျွန်တော်က ကျွန်တော့်ရဲ့အမြုတေပျောက်နေလို့ပေါ့၊ အမြုတေကိုပါ ခေါ်ထုတ်လိုက်ရင် ယင်နတ်ဘုရားတွေတောင် ကြောက်သွားမှာ"
"ဖွီး......."
ဆိုးသွမ်းအင်မော်တယ်၏ မျက်နှာကြီးကရှုံ့မဲ့သွားတော့သည်။
ငါကပဲ ကျပ်မပြည့်တာလား၊သူကပဲ တစ်ခန်းလိုနေတာလား၊ဒီ မူလနတ်ဘုရားက ထူးလည်းထူး၊ ရူးလည်းရူး ပဲ။
သို့သော် မူလနတ်ဘုရားသည် ခရမ်းရောင်နန်းတော်အဆငိ့ဖြစ်သည်ကိုတော့ သူသေချာပါသည်။
"ငါသာ အခုချိန် အရှေ့ပိုင်းဒေသမှာရှိနေရင် မူလနတ်ဘုရားနဲ့ဆိုးသွမ်းအင်မော်တယ်တို့ရဲ့ တွေ့ဆုံပွဲကို သွားကြည့်မှာ သေချာပါတယ်"
မီးလျှံဧကရာဇ်က နောင်တရသလို တမ်းတ၏။
"ကိစ္စမရှိပါဘူး၊ ကမ္ဘာကြီးက ကျယ်ဝန်းပေမယ့် တစ်နေ့တော့ ဆုံတွေ့ကြမှာပါ။"
"ဘာပဲဖြစ်ဖြစ်… ကျွန်တော်တို့အားလုံးက တစ်ခေတ်တည်းမှာ နေထိုင်ကြတာပဲ။"
"ကျွန်တော့်တို့ မသေသေးရင်တော့ တစ်ချိန်မှာတွေ့ဆုံဖို့ အခွင့်အရေး ရှိမှာပါ"
ကျိယွမ်က သက်ပြင်းချကာပြောလိုက်သည်။
"တွေ့ဆုံဖို့လေး ပြောတာကို နင်ကဘာလို့ ဒီလောက် လေးနက်နေရတာလဲ"
ရေခဲတောင်သခင်မကပါ အဖွဲ့ထဲသို့ရောက်လာ၏။
"နည်းနည်း စိတ်ဓာတ်ကျနေလို့ပါ"
"ဆိုးသွမ်းအင်မော်တယ်ကျဖို့လည်း ချန်ထားပါဦး"
သူတို့နှင့်စကားအနည်းငယ်ပြောပြီးနောက် ကျိယွမ်က လိုင်းပေါ်မှဆင်းလိုက်၏။
ထို့နောက် သူသည်စိိတ်ကူးပေါက်လာပြီး ဂိမ်းကျောက်ပြားကိုထုတ်ကာ စိတ်အာရုံပို့လွှတ်လိုက်သည်။
ခဏအကြာတွင် သူက စိတ်ပျက်အားငယ်ဟန်ဖြင့် ကျောက်ပြားကို ကြည့်လိုက်သည် ။
"ဂိမ်းအသစ်က မရှိသေးဘူးလား"
ဂိမ်းအသစ်တစ်ခု မဖန်တီးရသေးသကဲ့သို့ ကျောက်ပြားသည် ယခုအချိန်ထိ ဗလာနတ္တိ ဖြစ်နေဆဲ ဖြစ်သည် ။
သူ့၏ နတ်ဘုရားအာရုံဖြင့် ကျောက်ပြားကို စစ်ဆေးခဲ့သော်လည်း ဂိမ်းအသစ်များကို ရှာမတွေ့ခဲ့ချေ ။
"ကျောက်ပြားက ဧရိယာအရမ်းကြီးလွန်းလို့ ငါ့ရဲ့ နတ်ဘုရားအာရုံက အပြည့်အဝ မရှာဖွေနိုင်ဘဲ ဂိမ်းအသစ်ကို မတွေ့တာများလား"
"ဒါမှမဟုတ် အစပျိုးဖို့တစ်ခုခု လိုအပ်နေတာလား"
ကျိယွမ် သက်ပြင်းချလိုက်မိသည်။
"ကစားဖို့ ဂိမ်းအသစ်တွေလည်း မရှိ၊ ပြီးတော့ ငါ့ရဲ့အမြုတေဆီကိုလည်း ချက်ချင်း ပြန်လို့မရသေး၊ အေးလေ.. အနည်းဆုံးတော့ ကစားစရာအဖြစ် အလင်းနန်းတော် ရှိနေသေးလို့ပဲ။ မဟုတ်ရင်တော့ ဘဝက အရမ်းကို ပျင်းစရာကောင်းနေမှာ"
ကျိယွမ်က သက်ပြင်းချပြီး ကျောက်ပြားကို သိမ်းလိုက်သည် ။
..............
သုံးရက်ကြာပြီးနောက်။
ကြီးမားသော ဝိညာဥ်လှေကြီးတစ်ခုပေါ်တွင် လူလေးဦးရှိနေသည် ။
သူတို့မှာ ကျိယွမ်၊ ကန်းဖူလူ၊ ကျန်းယာ နှင့် စိတ်ဝိညာဥ်အဆင့်အဘွားအိုတို့ ဖြစ်ကြသည် ။
ကျန်းယာသည်လည်း အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့်သူ ဖြစ်သည်။ သူတို့ သွားမည့်လမ်းကြောင်းက တူညီသောကြောင့် ကျိယွမ်နှင့် ကန်းဖူလူတို့သည် ကျန်းယာ၏လှေနှင့်လိုက်လာခဲ့ခြင်းပင်။
ကျန်းယာ၏ ဝိညာဥ်လှေသည် အဖိုးအလွန်ကြီးမားပြီး သာမန်လှေထက် အများကြီးပိုမြန်၏။
သာမန်အားဖြင့် ကွေးယွန်တိုက်ကြီးသို့ ရောက်ရှိရန် တစ်လခွဲခန့် ကြာမည့် ခရီးသည် ငါးရက် သို့မဟုတ် ခြောက်ရက်သာ ကြာတော့သည် ။
ဝိညာဥ်လှေပေါ်တွင် ကျိယွမ်သည် အောက်ဖက်ရှိ ကျယ်ပြောလှသော သဲကန္တာရကို ငုံ့ကြည့်ကာ သိချင်စိတ်ပြင်းပြသော အမူအရာဖြစ်ပေါ်လာ၏။
"သဲကန္တာရနဲ့ ပင်လယ် ပေါင်းစပ်နေတာလား၊ တော်တော် ဆန်းကျယ်တယ်"
အဆုံးမရှိသော သဲကန္တာရကြီးသည် အလွန်ကျယ်ပြန့်နေသော်လည်း တစ်ခါတစ်ရံ ပင်လယ်ကိုလည်း ဝိညာဥ်လှေပေါ်မှနေ၍ တစ်ချက်တစ်ချက် မြင်နေရသည် ။
သဲကန္တာရ နှင့်ပင်လယ်ပေါင်းစပ်နေသည့် ထူးဆန်းသော မြင်ကွင်းမှာ စိတ်ဝင်စားစရာ ဖြစ်သည် ။
မျက်လုံးမှိတ်၍ ကျင့်ကြံနေသော ကျန်းယာ သည် မျက်လုံးဖွင့်ပြီး ဖြည်းညှင်းစွာ ရှင်းပြသည် ။
"ဒီလို ထူးဆန်းတဲ့ မြင်ကွင်းဟာ ယင်နတ်ဘုရားတွေ တိုက်ခိုက်ခဲ့လို့ ဖြစ်လာတာပါ။"
"ခရမ်းရောင်နန်းတော် အဆင့်ကိုကျော်လွန်သွားတဲ့အခါ တိုက်ပွဲမှာ ထွက်ပေါ်လာတဲ့ စွမ်းအားတွေဟာ ဟင်းလင်းပြင်နယ်မြေထဲကို ရောက်သွားတယ် ။"
"ဟင်းလင်းပြင်နယ်မြေဟာ ဘာမှမရှိတဲ့ လေဟာနယ်နေရာတစ်ခုဖြစ်ပြီး အပြင်ကလူတွေကို ထိခိုက်မှု မရှိပါဘူး ။"
"ဒါပေမယ့်… ဟင်းလင်းပြင်နယ်မြေ က အကြွင်းအကျန်တချို့ဟာ ဒီလောကထဲကို ရံဖန်ရံခါ ပြုတ်ကျလာပြီး ဒီလို ထူးဆန်းတဲ့ မြင်ကွင်းတွေကို ဖန်တီးပေးတာပဲ"
ကျန်းယာသည် အမှန်တကယ်ပင် ဗဟုသုတပြည့်စုံလှလေသည်။
ကျိယွမ်က မျက်မှောင်ကျုံ့၏။
"ယင်နတ်ဘုရားက ခရမ်းရောင် နန်းတော်အဆင့်နဲ့ တိုက်ခိုက်ရင်ရော။ သူတို့လည်း ဟင်းလင်းပြင်နယ်မြေ ထဲကို ရောက်သွားမှာလား"
ချီယွမ်က သူသိချင်လာသည်ကို ချက်ချင်းမေးသည်။
"ယင်နတ်ဘုရားက ခရမ်းရောင်နန်းတော်အဆင့်ကို ကိုင်တွယ်ဖို့အတွက် သူ့ရဲ့စွမ်းအားအပြည့်အဝကို အသုံးပြုဖို့ မလိုအပ်ပါဘူး"
ကျန်းယာကပြန်ဖြေလိုက်ရင်းမှ သူမ၏ မျက်လုံးများတွင် ရည်မှန်းချက်များ ပြည့်နှက်လာသည်။
ထိုအဆင့်သည် သူမ၏ ဆရာသခင် တစ်သက်တာလုံး လိုက်စားခဲ့သော အရာ ဖြစ်သည် ။
ယင်နတ်ဘုရား အဆင့်သို့ ခြေချသူတိုင်းသည် လောက၏ ကန့်သတ်ချက်များမှ လွတ်မြောက်သွားကြသည် ။
"ဒါပေမယ့် ယင်နတ်ဘုရားက ခရမ်းရောင် နန်းတော်အဆင့်ထက် ကျော်လွန်တဲ့ စွမ်းအားကို ထုတ်လွှတ်လိုက်ရင်ရော"
ကျိယွမ်က ဆက်မေးပြန်သည် ။
"ဒါဆိုရင် အဲဒီ ဒေသတစ်ခုလုံးဟာ ဟင်းလင်းပြင်နယ်မြေ ထဲကို အလိုအလျောက်ဆွဲသွင်းခံရမှာပါ"
ကျန်းယာက စိတ်ရှည်စွာ ရှင်းပြသည် ။
အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးအတွက် ဒီလို မေးခွန်းမျိုး မေးတာက နည်းနည်းစောလွန်းနေသည်ဟုတော့ သူမ တွေးမိလေသည် ။
"အလိုအလျောက်လား"
ကျိယွမ်၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည် ။သူက ပို၍လေးနက်လာ၏။
"ကောင်းကင်ဘုံတာအိုက ဆွဲခေါ်သွားတာများလား"
သူက ထို့သို့မေးရင်းအတွေးနက်နေ၏
ထိုသို့ဆိုလျှင်တော့ ယင်နတ်ဘုရားများက လူတွေထင်နေသလောက်ကြီး အစွမ်းထက်ပုံ မပေါ်ဘူးဟု သူမှတ်ချက်ချနေသည်။
ကျန်းယာက ကျိယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွား၏။
"ယင်နတ်ဘုရားတွေဟာ စွမ်းအားအမျိုးမျိုး ရှိကြသလို ကောင်းကင်ဘုံတာအိုကလည်း အမျိုးမျိုး ရှိပါတယ်။"
"အစွမ်းထက်တဲ့ယင်နတ်ဘုရားတစ်ပါးက ဒီလို ကန့်သတ်ချက်တွေကနေ လွတ်မြောက်နိုင်တယ်"
ထိုစကားကို ကြားသောအခါ ကျိယွမ်သည် သူ၏ပြဿနာကို စတင် နားလည်လာသည် ။
"ဟူး..ငါ ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်တုန်းက ဝမ်ယုတိုက်ကြီး ရဲ့ ကောင်းကင်ဘုံတာအိုကို အသုံးမပြုဘဲ ကန်းလန်နယ်မြေရဲ့ ကောင်းကင်ဘုံတာအို ကို အသုံးပြုခဲ့ရမှာ။ တကယ့် အမှားပဲ"
သူ အလွန်နောင်တရနေဟန်ဖြင့် စိတ်ဓာတ်ကျကာ ညည်းညူသည် ။
ဝမ်ယုတိုက်ကြီး၏ကောင်းကင်ဘုံတာအိုက ကန်းလန်နယ်မြေ၏ ကောင်းကင်ဘုံတာအိုထက် သိသိသာသာ အားနည်းပုံရသည် ။
ကျန်းယာက ကျိယွမ်ကို ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပါ။
ကျိယွမ်သည် ဥပါဒါန်သွေးမျိုးဆက်ဖြစ်ပြီး ဦးနှောက်ကသိပ်မူမမှန်ကြောင်းကို
ညီမဖြစ်သူကျန်းလင်းစုထံမှ သူမ ကြားသိပြီး ဖြစ်သည်။
ဝိညာဥ်လှေသည် လျင်မြန်စွာ ဆက်လက်ပျံသန်းနေ၏။
ကျန်းယာက ကျိယွမ်နှင့် ထပ်မံ စကားမပြောတော့ချေ ။ သူမသည် ကျောက်စိမ်းပြားတစ်ခုပေါ်တွင်သာ အာရုံစိုက်နေသည် ။
သူမက မျက်မှောင်ကြုတ်ကာ အလေးအနက်ဖြစ်နေပုံရလေ၏။
သူမ၏ ဆရာသခင်လည်းဖြစ်သလို မြင့်တက်ခြင်းခန်းမ၏သခင်လည်းဖြစ်သော ဝူထျန်းအကြီးအကဲက သူ့၏တိုက်ရိုက်တပည့်တစ်ဦးစီတိုင်းကို စိန်ခေါ်မှုတစ်ခုစီပေးထားသည် ။
ကျန်းယာအတွက် စိန်ခေါ်မှုမှာ "နှလုံးသားမဲ့ကျမ်း" ဟုခေါ်သော ကောင်းကင်အဆင့် နည်းစနစ်တစ်ခု ဖြစ်သည် ။
သူမ၏ ဆရာသခင်က ဤနည်းစနစ်တွင် ချို့ယွင်းချက်များစွာ ပါဝင်ကြောင်း ဖော်ပြခဲ့သည် ။
သူမသည် ထိုချို့ယွင်းချက်များကို ဖော်ထုတ်နိုင်ပြီးနောက် နည်းစနစ်ကို အောင်မြင်စွာ ပြန်လည်ပြင်ဆင်နိုင်ပါက မြင့်တက်ခြင်းခန်းမထဲသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်ပြီး သူမ၏ ဆရာသခင်နှင့်အတူ အရေးကြီးသော အလုပ်တစ်ခုကိုလည်း အောင်မြင်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည် ။
လက်ရှိတွင် ဝူထျန်းအကြီးအကဲ၏ တိုက်ရိုက်တပည့်ငါးဦးထဲမှ တစ်ဦးသာ စမ်းသပ်မှုကို အောင်မြင်ပြီး မြင့်တက်ခြင်းခန်းမသို့ ဝင်ရောက်နိုင်ခဲ့ပြီး ဖြစ်သည် ။
ကျန်းယာသည် "နှလံးသားမဲ့ကျမ်း" ကို နေ့စဥ် လေ့လာနေသော်လည်း သူမ၏ တိုးတက်မှုမှာ အနည်းငယ်သာ ရှိသည် ။
ယခုအချိန်အထိ ချို့ယွင်းချက် သုံးခုသာ ရှာဖွေတွေ့ရှိရသေးသည် ။
နည်းစနစ်ကို ပြန်လည် ပြင်ဆင်ခြင်းအတွက်ကတော့ တော်တော်လေးပင် လက်လှမ်းမမီသေးပါ ။
၎င်းသည် ကောင်းကင်အဆင့် နည်းစနစ် တစ်ခု ဖြစ်သည့်အပြင် ဝူထျန်းအကြီးအကဲ မှ အထူးပေးအပ်ထားခြင်းဖြစ်သောကြောင့် သာမန် ကောင်းကင်အဆင့် နည်းစနစ်လည်း မဟုတ်ပေ။
ကျိယွမ်သည် ကျန်းယာ၏ စိုးရိမ်ပူပန်နေသော အမူအရာကို သတိပြုမိပြီး မေးမြန်းလိုက်သည် ။
"အစ်မကြီးကျန်း၊ ခက်ခဲတဲ့ ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်နေရတာလား။ မျှဝေလို့ မရဘူးလား"
သူ၏ညီမလေး၏ စကားများအရ ကျန်းယာ သည် မြင့်တက်ခြင်းခန်းမသခင် ၏ တိုက်ရိုက်တပည့် ဖြစ်သည် ။
မြင့်တက်ခြင်းခန်းမဆိုသည်ကလည်း နည်းစနစ်ပေါင်းကို မရေမတွက်နိုင်အောင် စုဆောင်းထား၏။
ယခူအချိန်၌ ကျိယွမ်သည် နည်းစနစ်များကို အလိုအပ်ဆုံးသူဖြစ်လေသည် ။
ကျန်းယာကထိုမျှသော စည်းစိမ်ဥစ္စာကို သဆောင်ထားရာ သူက စိတ်မဝင်စားဘဲ မည်သို့နေနိုင်မည်နည်း။
သူမ၏ပေါင်တံက ပိန်ကောင်းပိန်နိုင်သော်လည်း သူဖတ်ထားရန်လိုအပ်၏။
ကျိယွမ်သက်ပြင်းကြိတ်ချလိုက်သည်။
ငါ့ဘဝကလည်း သူတို့ညီအစ်မနှစ်ယောက်ရဲ့ပေါင်တွေကို ဖတ်ရမဲ့ဇာတာပါလာပုံရတယ်။မတတ်နိုင်ဘူး သည်းခံဖတ်ရမှာပဲ။
ကျန်းယာက သူမ၏မျက်လုံးများကို ပြန်ဖွင့်လိုက်ကာ ကျိယွမ်အားကြည့်၏။
သူမ၏အကြည့်က နူးညံ့သော်လည်း ငြင်းပယ်မှုအရိပ်အယောင်တစ်ခုပါနေကြောင်း သူသတိပြုမိလိုက်သည် ။
"ဒါက ကိစ္စသေးလေးပါ။ မောင်လေး အလုပ်ရှုပ်ခံဖို့ မလိုပါဘူး"
သူမ၏ဆရာသခင်က ချမှတ်ထားသော စိန်ခေါ်မှုသည် ခရမ်းရောင်နန်းတော်အဆင့် တစ်ဦးပင် မအောင်မြင်နိုင်သော အရာ ဖြစ်သည် ။
တိုင်းပြည်တစ်ရာမှ လာသော ကျိယွမ်သည် မြေကြီးအဆင့်နည်းစနစ်များကိုပင် ပေါပေါများများ မြင်ဖူးမည် မဟုတ်ပေ။ကောင်းကင်အဆင့် နှလုံးသားမဲ့ကျမ်းဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပါ။
ထို့အပြင် သူ၏အခြေခံအသိပညာ နည်းပါးခြင်းကြောင့် နည်းစနစ်ကိုပင် နားလည်နိုင်စရာမရှိချေ။
ညီမဖြစ်သူကျန်းလင်စုက ကျိယွမ်သည် နည်းစနစ်များကို ပြန်လည် ပြင်ဆင်ရာတွင် ကျွမ်းကျင်သည်ဟု ပြောခဲ့သော်လည်း ထိုပြင်ဆင်မှုများ၏ အကြောင်းအရာသည် သံသယဖြစ်ဖွယ်များ ရှိသည် ။
သူမအနေဖြင့် သူ၏အကူအညီကို ယူမည် မဟုတ်ပေ။
သူမ၏ငြင်းပယ်မှုကြောင့် ကျိယွမ် အနည်းငယ် စိတ်ပျက်သွားသည် ။
ချမ်းသာသောအမျိုးသမီးများ အားလုံးက သူ၏ညီမလေးကျန်းလင်းစုလိုမျိုး သဘောကောင်း မနောကောင်းလေးဖြစ်နေလျှင် ကောင်းလေစွ ဟု သူတွေးမိသည် ။
ဒီပေါင်က ပိန်ပေမဲ့ ဖတ်ဖို့မလွယ်ဘူးပဲ။
ကျိယွမ်လက်လျှော့လိုက်ရတော့သည်။
ဝိညာဥ်လှေသည် ဆက်လက်ပျံသန်းနေ၏။
ထိုရက်များအတွင်း ကျိယွမ်သည် အလွန်တရာပျင်းရိငြီးငွေ့နေသည် ။
ညီမလေးကျန်းလင်စု ပေးခဲ့သော နည်းစနစ်များကို တိတ်တဆိတ် လေ့လာခြင်း သို့မဟုတ် ရှင်းဟွာအဖွဲ့ထဲတွင် အားချောင်ခြင်းတို့ဖြင့် အချိန်များကိုကျော်ဖြတ်နေရသည်။
ယခုဆိုလျှင် သွေးဝတ်စုံဓားနတ်ဘုရား ဟူသော သူ၏အကောင့်အတုသည် ဖိုရမ်ပေါ်တွင် ကြယ်ပွင့်တစ်ပွင့် ဖြစ်လာခဲ့သည် ။
သူ ပို့စ်တစ်ခုတင်လိုက်တိုင်း ဒါဇင်နှင့်ချီသော လူများက သူ့ကိုချီးကျူးရန် ပြေးလာကြသည် ။
ကျိယွမ်က သူ့ကိုယ်သူက ဂုဏ်ယူလွန်း၍ သူ့၏ ကိုယ်ပိုင်လက္ခဏာကို စွန့်လွှတ်ပြီး သွေးဝတ်စုံဓားနတ်ဘုရား အဖြစ် အချိန်ပြည့် ရပ်တည်ရန်ပင် စဥ်းစားမိသည် ။
သို့သော်စဥ်းစားရုံသာဖြစ်သည်။
"ဆိုးသွမ်းအင်မော်တယ် ၊ ရင်အနည်းငယ်အတွင်း ကျွန်တော်တိမ်တိုက်မြို့တော်ကို ရောက်ပါမယ်၊ ခင်ဗျား ဘယ်တော့ရောက်မလဲ။ တွေ့ကြရအောင်"
ကျိယွမ်က ဧကရာဇ်လေးပါးစကားပြောခန်းတွင် မေးလိုက်သည် ။
"ငါ နည်းနည်း နောက်ကျနိုင်တယ်။ ငါ့ရဲ့စီနီယာ အစ်ကိုကြီးနဲ့ လာမှာမို့ပါ"
သူသည် ကွေးယွန်တိုက်ကြီးတွင် မဟုတ်သောကြောင့် ရောက်ရှိရန် အချိန်ပိုကြာမည် ဖြစ်သည် ။
"ခင်ဗျားရဲ့ စီနီယာအစ်ကိုကြီး က ဘယ်သူလဲ။ သူကအကြီးအကဲလား ၊အင်မော်တယ်သခင်လား"
ကျိယွမ်က မေးလိုက်သည် ။
" မဟုတ်ပါဘူး"
"သူက မင်းကိုတောင် မယှဥ်နိုင်ဘူးနဲ့ တူပါတယ်"
ကျိယွမ်က ဆိုးသွမ်းအင်မော်တယ်သည် သူ့အား မကြာခဏချီးကျူးခဲ့သောကြောင့် ကျေးဇူးပြန်ဆပ်သင့်သည်ဟုပင် ခံစားရသည် ။
တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းဒေသ၊ မိုးကြိုးကုန်းမြေတိုက်ကြီးတွင် ဆိုးသွမ်းအင်မော်တယ်သည် ဝိညာဥ်လှေတစ်စင်းပေါ်တွင် ထိုင်နေ၏။
သူက မူလနတ်ဘုရားနှင့်စကားပြောနေရင်းမှ အနည်းငယ် စိတ်မသက်မသာ ခံစားရသည် ။
ထိုစဥ် ဝိညာဥ်လှေပေါ်တွင်ပါလာသော အရပ်ရှည်ရှည်အမျိုးသားတစ်ဦးက သူဆီသို့လျှောက်လာသည် ။
ထိုသူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးများက တောတစ်လုံးတောင်တစ်လုံးစွေစောင်းနေ၏။
ထိုစွေစောင်းက ဆိုးသွမ်းအင်မော်တယ်အား တစ်လမ်းလုံး နားချလာပုံရသည်။
"ညီလေး၊ ငါတို့ ဆယ်ရက်အတွင်း ကွေးယွန်တိုက်ကြီးကို ရောက်တော့မယ်။ မင်းရဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေကို ဘေးဖယ်ထားဖို့ မမေ့နဲ့။ ငါတို့ အလင်းနန်းတော် ရဲ့ ပါရမီရှင်ဟုန်တုကို သွားရောက်တွေ့ဆုံရမယ်"
ဆိုးသွမ်းအင်မော်တယ်က အနည်းငယ်တုန့်ဆိုင်းသွားပြီးမှပြန်ဖြေသည်။
"အစ်ကိုကြီး၊ ကျွန်တော်က ရှင်းဟွာအဖွဲ့ဝင်ပါ။ ရှင်းဟွာက လက်ရှိမှာ အလင်းနန်းတော် နဲ့ ပဋိပက္ခဖြစ်နေတယ်။ ကျွန်တော် မသွားတာ ပိုကောင်းပါလိမ့်မယ်"
ထိုအပြင် မူလနတ်ဘုရားကလည်း အလင်းနန်းတော်နှင့် စစ်ဖြစ်နေ၏။
ဧကရာဇ်လေးပါးအဖွဲ့ထဲမှ အဖွဲ့ဝင် တစ်ဦးအနေနဲ့ စစ်ပွဲမှာမကူညီနိုင်ရင်တောင် စည်းလုံးညီညွတ်မှုကိုတော့ ထိန်းသိမ်းထားသင့်သည် မဟုတ်ပါလား။
"ဟွန့်"
ထိုစွေစောင်းက အေးစက်စွာ နှာမှုတ်လိုက်သည် ။
"ညီလေး၊ ကွေးယွန်တိုက်ကြီးမှာ အလင်းနန်းတော်ကအိမ်ရှင်လေ။ အဲဒီက ပါရမီရှင်ကို ငါတို့ ဘယ်လို မတွေ့ဘဲနေလို့သင့်တော်မှာလဲ။"
"ပြီးတော့ ဒါကအဆက်အသွယ်ကောင်းတွေ ရဖို့အတွက် အခွင့်အရေးကောင်း တစ်ခု။ မင်း ဘယ်လိုများ လွဲချော်နိုင်ရတာလဲ။"
"ပြီးတော့ ရှင်းဟွာအဖွဲ့နဲ့ အလင်းနန်းတော် ကြားမှာ တကယ်ပဲ ကြီးမားတဲ့ ပဋိပက္ခတစ်ခု ဖြစ်ခဲ့လို့လား။"
"အဲဒီ သွေးဝတ်စုံဓားနတ်ဘုရား ဆိုတဲ့ ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်တည်းက နန်းတော်ကို ရန်စနေတာ။ သူက သေမင်းကို ဖိတ်ခေါ်နေတာပဲ"
ထိုစွေစောင်းသောသူက ဆိုးသွမ်းအင်မော်တယ်ကို ဇွတ်ရော အဓမ္မရော ခေါ်နေတော့သည်။
ဆိုးသွမ်းအင်မော်တယ် စိတ်ညစ်သွားလေ၏။
"အစ်ကိုကြီး၊ ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားပြီးပါပြီ"
သူက အကြောင်းပြချက်တစ်ခု ထပ်ပေးလိုက်သည် ။
စွေစောင်းနေသူက အထင်သေးစွာမျက်ခုံးပင့်လိုက်သည် ။
"ငါ မှတ်မိသလောက်ဆို မင်းရဲ့ သူငယ်ချင်းက အရှေ့ပိုင်းဒေသပါရမီရှင်စာရင်းရဲ့ အရန်ထဲတောင် မပါသေးဘူး မဟုတ်လား"
"မပါသေးတာပဲရှိတာ၊ သူ့ရဲ့ စွမ်းအားကတော့ လုံလောက်ပါတယ်"
"ဒီလိုဆိုရင်လည်း ဟုန်တုကို တွေ့တဲ့အခါ သူ့ကိုပါ ခေါ်ခဲ့လိုက်ပါလား"
ဆိုးသွမ်းအင်မော်တယ် မျကိလုံးပြူးသွားလေသည်။
သူက ချက်ချင်းပြန်ဖြေသည်။
"မရဘူး"
မူလနတ်ဘုရားနဲ့ အလင်းနန်းတော်က မီးနဲ့ရေလို ကမ္ဘာရန်ဘက်တွေမဟုတ်ပါလား။
သူ့ကိုသာ ဟုန်တုနဲ့တွေ့ဖို့ခေါ်သွားရင် ဘာတွေဖြစ်ကုန်မလဲဆိုတာ တွေးတောင်မတွေးရဲပေ။
-------------