အခန်း (၁၄၅) - ငါလူသတ်ဖို့ သွားရဦးမယ်၊ နောက်မှပြောကြတာပေါ့
Vol. 11 Ch. 145
ယင်ကျုံးစံအိမ်တွင်ဖြစ်သည်။
ပါရမီရှင်များစုဝေးကာ စားသောက်ပွဲကြီးကျင်းပနေ၏။အလွန်ကောင်းမွန်သောအစားအစာများနှင့် သေရည်များလည်းပါဝင်သည်။
ဟုန်တုသည် လူအုပ်၏အလယ်တွင် ယုံကြည်ချက်ပြည့်ဝစွာဖြင့်ရပ်နေ၏။
ရွှီထုန်ချန်သည် သူ့ဘေးတွင် ရပ်နေပြီး သေရည်ခွက်ကို ကိုင်ထားသော်လည်းစိတ်ကအခြားတစ်နေရာသို့ရောက်နေသည်။
ထိုနေ့က သူခံစားခဲ့ရသည့် ထူးဆန်းသော ခံစားချက်ကို ယခုထိ သူတွေးတောနေဆဲ သည် ။
စစ်မှန်နေမင်းမီးတောက်သည်သူ့ဘဝ၏ အကြီးမားဆုံးကံကြမ္မာနှင့် အဖိုးတန်ဆုံးပိုင်ဆိုင်မှုဖြစ်လေ၏။
ထိုမီးတောက်နှင့်ဆိုလျှင် သူသည် အရှေ့တိုင်းဒေသပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ဂဏန်းတွင် အလွယ်တကူ ပါဝင်နိုင်သည် ။
သို့သော် ဟုန်တုကို မကျော်လွန်စေရန်နှင့် သူသည် နောက်လိုက်သဖွယ်သူ့နောက်မှသာ ရပ်တည်ရန် ရွေးချယ်ခဲ့ရသည် ။
စစ်မှန်နေမင်းမီးတောက်သည်အလွန်အစွမ်းထက်ပြီး နေနှင့် သက်ဆိုင်သည့် ရတနာပစ္စည်းများကို အလွန်အမင်း အာရုံခံနိုင်သည် ။
သို့သော် ထိုလူကို သူမြင်သောအခါ ထိုလူကိုယ်တိုင်က... တောက်ပနေသောနေတစ်လုံးနှင့်တူနေသည်ဟု အလိုလိုခံစားရ လေသည် ။
သူ့၏ စစ်မှန်နေမင်းမီးတောက်သည် ခုန်ပေါက်နေပြီး...သူ၏ဖခင်ကို အသိအမှတ်ပြုသကဲ့သို့ ဖြစ်နေ၏ ။
“ဟုန်တုရဲ့ကျင့်ကြံမှုက ပိုနက်နဲလာပြီ။ ဒီတစ်ကြိမ်မှာတော့ အရှေ့တိုင်း ဒေသပါရမီရှင်တိုက်ပွဲရဲ့ ထိပ်ဆုံးဆယ့်ငါး၊ ဒါမှမဟုတ် ဆယ်ဂဏန်းထဲကိုတောင် ရောက်နိုင်တယ်”
ပွဲထဲမှ တစ်စုံတစ်ယောက်က ဟုန်တုကို ချီးမွမ်းလိုက်၏ ။
ဟုန်တုက ဖြစ်သင့်သည်ဟူသော အမူအရာဖြင့် ထိုချီးမွမ်းမှုကို လက်ခံလိုက်သည် ။
ထိုအချိန်တွင် အခြားတစ်ဦးက ထပ်ဖြည့်ြပန်သည်၊
“ဒါပေမဲ့ စိတ်မကောင်းစရာပဲ။ ဟုန်တုမှာ ရွှီထုန်ချန်ရဲ့ စစ်မှန်နေမင်းမီးတောက်သာ ရှိခဲ့မယ်ဆိုရင် သူဟာ ထိပ်ဆုံးသုံးနေရာမှာ သေချာပေါက် ပါဝင်မှာပဲ"
ထိုစကားကိုကြားသောအခါ ရွှီထုန်ချန်၏မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည် ။
ထိုစကားကိုပြောလိုက်သူက အရှေ့တိုင်းဒေသပါရမီရှင်စာရင်းတွင် အဆင့်ခုနစ်ရာမြောက်ရှိသူ ကျိန်းဖန်းရှင်း ဖြစ်သည်။
ရွှီထုန်ချန်၏ ကျင်းယန်ဂိုဏ်းနှင့်ထိုသူ တို့သည် ရန်ငြိုးရန်စ ရှိသည်မှာ ကြာပြီဖြစ်လေ၏။
ယခုတော့ သူက ပေါ်တင်ပင် သွေးထိုးစကား ပြောလာသည်။
မာနကြီးသော ဟုန်တုကလည်း သူ၏ စိတ်ရင်းအမှန်ကို ဖုံးကွယ်မထားဘဲ ရွှီထုန်ချန်ကို တစ်ချက်ကြည့်လိုက် သည် ။
“အင်း တကယ်စိတ်မကောင်းစရာပဲ”
ရွှီထုန်ချန်သည် စိတ်ကျဉ်းကြပ်ပြီး ဒေါသထွက်နေသော်လည်း ပြန်လည် တုံ့ပြန်နိုင်ခြင်း မရှိဘဲ အနေရခက်သော အပြုံးကိုသာ အတင်းအကြပ် ပြုံးပြလိုက်ရ၏ ။
အလင်းနန်းတော်၏မောက်မာမှူသည် အရိုးစွဲမြဲနေပြီး ၎င်းတို့သည် အပြစ်ဒဏ်မှ ကင်းလွတ်အောင်လည်း လက်တစ်လုံးခြားပြုမူဆောင်ရွက်တတ်ကြသည် ။
ကျိန်းဖန်းရှင်းက ဆက်ပြောပြန်သည်၊
"ရှင်းဟွာအဖွဲ့ရဲ့ သွေးဝတ်စုံဓါးနတ်ဘုရား
က အလင်းနန်းတော်ကို မနားမနေ စိန်ခေါ်နေပါလား။”
“ငါ့ဆရာ မော်ကုကလည်း သူ့ရဲ့ မောက်မာမှုကို စက်ဆုပ်ရွံရှာနေတာကြပြီမို့ မင်ဘုရင်နန်းတော်မှာ အကြီးအကဲချင်းယင်နဲ့ အတူ ရင်ဆိုင်ဖို့ သွားပြီ။”
“ဒါပေမဲ့... တချို့လူတွေက ကွေးယွန်တိုက်ကြီးကဖြစ်လျက်နဲ့ သွေးဝတ်စုံ ဓားနတ်ဘုရားကို ဆန့်ကျင်ဖို့ ငါတို့နဲ့ မပူးပေါင်းကြဘူး။ သူတို့ရဲ့ ဆက်ဆံရေးက အတော်လေး ဝေဝါးနေတယ်”
ကျိန်းဖန်းရှင်းသည် ကျင်းယန်ဂိုဏ်းကို ပေါ်ပေါ်တင်တင် ရည်ရွယ်ပြောဆိုနေခြင်းပင်။
လွန်ခဲ့သော ရက်အနည်းငယ်က အကြီးအကဲ ချင်းယင်သည် သွေးဝတ်စုံ ဓားနတ်ဘုရားကို စိန်ခေါ်ခဲ့ သည် ။
မင်ဘုရင်နန်းတော် အနီးတစ်ဝိုက်ရှိ အင်အားစုအားလုံးကိုလည်း တိုက်ပွဲအားလာရောက်ကြည့်ရှုရန် ဆင့်ခေါ်ခဲ့ သည် ။
ထိုဖိတ်ခေါ်မှုက သက်သေခံရုံသပ်သပ် မဟုတ်ပါ။ကူညီ
ဖို့လည်းပါလေ၏ ။
ကျိန်းဖန်းရှင်း၏ဆရာဖြစ်သူ မော်ကုသည် သတင်းကြားကြားချင်း ချက်ချင်း သွားရောက်ခဲ့လေသည် ။
ရွှီထုန်ချန်၏ဆရာ ရွှီရဲ့လီကတော့ မသွားနိုင်ကြောင်းဆင်ခြေပေးခဲ့သည် ။
“တချို့လူတွေက သွေးဝတ်စုံဓားနတ်ဘုရားကို အရမ်းကြောက်ပြီး သူရဲဘောကြောင်သူတွေပါ”
ကျိန်းဖန်းရှင်းက ပြဿနာမတတ် တတ်အောင် အခြေအနေကို ဆက်လက်လှုံ့ဆော်နေသည် ။
“ဟွန့်၊ တိုင်းပြည်တစ်ရာက ကျင့်ကြံသူလေးတစ်ယောက်က ခရမ်းရောင်နန်းတော် အဆင့်ကို ကံကောင်းပြီးရောက်သွားတာကို ဘဝင်မြင့်ပြီး အလင်းနန်းတော်ကို စိန်ခေါ်ရဲတယ်လား။ သူက သေခြင်းတရားကို တောင်းဆိုနေတာပဲ”
“မင်ဘုရင်နန်းတော်မှာ အကြီးအကဲချင်းယင်က ပြင်ဆင်ထားပြီးပြီ။ အဲဒီ သွေးဝတ်စုံဓားနတ်ဘုရားက ပေါ်လာဖို့တောင် သတ္တိမရှိဘဲ တိုင်းပြည်တစ်ရာထဲမှာပဲ ပုန်းနေလိမ့်မယ်လို့ ငါ လောင်းရဲတယ်”
စံအိမ်ထဲရှိ လူငယ်ပါရမီများကလည်း အလင်းနန်းတော်ကို အလွန်အမင်းချီးမွမ်းနေကြပြီး သွေးဝတ်စုံဓားနတ်ဘုရားကိုတော့ လုံးဝလှောင်ပြောင်ကြသည် ။
သူတို့၏ဂိုဏ်းများတွင် ခရမ်းရောင် နန်းတော် ကျင့်ကြံသူများ ရှိသော်လည်း အလင်းနန်းတော်ရှေ့တွင်မူ သခင်နှင့်တွေ့သောခွေးများလိုသာ ပြုမူနိုင်ကြသည် ။
သွေးဝတ်စုံဓားနတ်ဘုရားက အလင်းနန်းတော်ကို စိန်ခေါ်ခြင်းသည် သူတို့အတွက် ကျောက်တောင်ကိုကြက်ဥနဲ့ပေါက်သလို အဓိပ္ပာယ်မရှိဖြစ်နေ၏ ။
“ ပါရမီရှင်တိုက်ပွဲပြီးရင်သွေးဝတ်စုံဓားနတ်ဘုရား ရှုံးနိမ့်တဲ့အကြောင်း ငါတို့ ကြားရလိမ့်မယ်”
လူငယ် ကျင့်ကြံသူတစ်ဦးက ခိုင်မာစွာ ပြော လိုက်ရာ ဟုန်တုက ခေါင်းညိတ်ပြီး သဘောတူသည် ။
“သွေးဝတ်စုံဓားနတ်ဘုရားကို ကြောက်စရာမလိုပါဘူး။ သူက မရိုးသားတဲ့ နည်းလမ်းတွေကိုပဲ သုံးနေတာပါ”
သည် ။
လွန်ခဲ့သည့် ရက်အနည်းငယ်က အလင်းနန်းတော်မှ စိတ်ဝိညာဉ်အဆင့်ထွန်းသစ်စအကြီးအကဲများ၏ နတ်ဘုရားမိုးကြိုးပစ်ခံရသည့် ကျောက်ပြားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့ သည် ။
ထို့အရာများကကြည့်ကာ ကျင့်ကြံရေးလောကတွင် အလင်းနန်းတော်ကို လူအများက တိတ်တဆိတ်ဝေဖန်ခဲ့ကြ သည် ။
အလင်းနန်းတော်၏ ကြီးငယ်နိုင်ညှဥ်း ဆောင်ရွက်တတ်မှုများကြောင့် ကျင့်ကြံသူများကြားတွင် မကျေနပ်မှုများ ခံစားနေခဲ့ရသည်မှာကြာပြီဖြစ်သည်။
သို့သော် ဝေဖန်မှုများရှိနေခဲ့သော်လည်း
အလင်းနန်းတော်ကိုတော့ကြီးကြီးမားမားမထိခိုက်စေပါ။
ခရမ်းရောင်နန်းတော် ကျင့်ကြံသူ ဒါဇင်များစွာနှင့် အစွမ်းထက်သည့်ယင်နတ်ဘုရား ရတနာတို့ကြောင့် အဆင့်နိမ့်ကျင့်ကြံသူများ၏ပူးပေါင်းမှုက မည်မျှပင်ရှိစေကာမူ အလင်းနန်းတော်ကို အန္တရာယ်ပြုနိုင်လောက်သည့် အနေအထားမျိုးလုံးဝမရှိပါ။
ယခုစားသောက်ပွဲမှ ပါရမီရှင်အားလုံးသည် မြင့်မြတ်သောမျိုးရိုးမှ ဆင်းသက်လာကြသူများဖြစ်သောကြောင့် သာမန်ကျင့်ကြံသူများ၏ ဝေဖန်သံများကို လုံးဝဂရုမစိုက်ကြပေ။
ထို့နောက် အားလုံးက ပျော်ရွှင်စွာဖြင့်ဆက်လက်၍ သောက်စားပျော်ပါးနေကြလေသည်။
သို့သော် ကျိန်းဖန်းရှင်းက ဆက်လက်ပြီးသွေးထိုးလှုံ့ဆော်မှုများ လုပ်နေသောကြောင့်
တက်ရောက်လာသူအများစုသည် ရွှီထုန်ချန်ကို ပေါ်တင် သို့မဟုတ် တိတ်တဆိတ် ရှောင်ရှားသွားခဲ့ကြသည် ။ သူတို့အားလုံးက ဟုန်တုနှင့်ပြဿနာမဖြစ်လိုကြပါ။
ရွှီထုန်ချန်သည် ထောင့်တစ်နေရာတွင် တစ်ယောက်တည်းထိုင်လျက် ဝမ်းနည်းစွာ သောက်နေခဲ့သည် ။
သို့သော် သူ၏အတွေးများက ထိုနေ့က မြင်တွေ့ခဲ့ရသော ထူးဆန်းသည့်လူဆီသို့သာ ခဏခဏ ပြန်ရောက်နေ ၏ ။
ထိုသူ၏အကြောင်းကို သိရှိရန်အတွက်တစ်စုံတစ်ယောက်အား လျှို့ဝှက် စုံစမ်းရန် သူစေလွှတ်ခဲ့ သည် ။
ရလဒ်များကမကြာမီ ရောက်လာတော့မည်ဖြစ်သည် ။
...............
သူ၏ဂူထဲတွင် ကျိယွမ်သည် ကျင့်စဉ်အချို့ကို ဆက်လက်လေ့လာနေခဲ့သည် ။
သို့သော် ကံမကောင်းစွာဖြင့် သူ၏ တိုးတက်မှုမှာ အလွန့်အလွန်နှေးကွေးနေ၏ ။
စိတ်ဖိစီးနေသောကြောင့် သူ၏နဖူးကိုပွတ်သပ်ရင်း ကျိယွမ်သည် သူ့၏ဘေးရှိ စားပွဲပေါ်တွင် အိပ်နေသောသတို့သမီးလေးကို တစ်ချက်ကြည့်လိုက်၏။ သူ၏ မျက်လုံးများ နူးညံ့သွား သည် ။
“ပျင်းနေပြီလား ။ ငါ မကြာခင် မင်ဘုရင် နန်းတော်ကိုသွားပြီး ငါ့ရဲ့ စွဲမက်ဖွယ် မျှော်လင့်ခြင်းလမင်းကြီးတွေနဲ့ တွေ့ရင်
နင်လည်းအပြင်းပြေသွားမှာပါ။
ထိုအချိန်တွင် ဂူအပြင်ဘက်မှ အသံတစ်ခု က အထဲသို့ပဲ့တင်ထပ်လာသည် ။
၎င်းသည် ၂၁ရာစုကမ္ဘာမြေမှ တံခါးဘဲလ်သံကဲ့သို့ ဖြစ်သည် ။
ချီယွမ်သည် အစီအရင်ကိုဖြတ်ပြီး ကြည့်လိုက်ရာ လူငယ်တစ်ဦးကိုတွေ့ရ သည် ။
ဘယ်သူပါလိမ့်။ဤနေရာဒေသတွင် ဆိုးသွမ်းအင်မော်တယ်မှလွဲ၍ သူသိသောသူမရှိပါ။
ထို့နောက် ဂူတံခါးပွင့်လာပြီး ကျိယွမ်က ထိုလူငယ်ကို ထူးဆန်းသလိုကြည့်လိုက်သည် ။
“ဘာကိစ္စရှိလို့လဲ”
“ကျွန်တော်က ကျင်းယန်ဂိုဏ်းက ရွှီထုန်ချန်ပါ။ လွန်ခဲ့တဲ့သုံးရက်လောက်က ခင်ဗျားကို ခဏလေး မြင်ခဲ့ရတယ်။”
“ဒီလို ရုတ်တရက် လာရောက်ရတာကို ခွင့်လွှတ်ပေးပါ။ စိတ်မရှိပါနဲ့လို့လည်း မျှော်လင့်ပါတယ်”
ရွှီထုန်ချန်က အလွန်အမင်း ရိုကျိုးစွာ ပြော သည် ။
သူ၏ စစ်မှန်နေမင်းမီးတောက်က အဘယ်ကြောင့် ထိုသို့ပြင်းထန်စွာ တုံ့ပြန်ခဲ့ရသည်ကို သူအလွန်သိချင်နေခဲ့သည် ။
ယခုလည်း သူသည် ဤလူငယ်နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ သူ့အတွင်းမှ မီးတောက်သည် ပိုမို၍လှုပ်ရှားလာပြန်သည် ။
ထို့ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပူလာပြီး ကျိယွမ်ကို ပို၍ အလေးအနက်ထားကာ ကြည့်ရှုမိနေ၏ ။
ကျိယွမ်က မျက်မှောင်ကြုတ်လိုက်သည် ။
“အဓိက အချက်ကို ပြောပါ”
မလိုအပ်ဘဲစကားများသူများကို သူကသဘောမကျပါ။
“ကျွန်တော်ရဲ့အမြုတေ ဖြစ်ပေါ်လာတုန်းက ကံကောင်းထောက်မစွာနဲ့ စစ်မှန်နေမင်းမီးတောက် တစ်စွန်းတစ်စကို စုစည်းနိုင်ခဲ့ပါတယ်...”
“နေမင်းမီးတောက်လား"
ကျိယွမ် အံ့ဩသွားသည် ။
၎င်းသည် တန်ဖိုးရှိသော ရတနာဖြစ်သည်။။
စစ်မှန်နေမင်းမီးတောက်ပိုင်ရှင် အမြုတေအဆင့်များသည် စိတ်ဝိညာဉ်အဆင့်များကိုပင် အလွယ်တကူရင်ဆိုင်နိုင်၏။
“ခင်ဗျားကို မြင်ပြီးတည်းက ကျွန်တော့်ရဲ့ မီးတောပ်ကအရမ်းလှုပ်ရှားနေတယ်၊အကြောင်းရင်းမသိရပေမဲ့ တစ်ခုခုပဲ...."
ရွှီထုန်ချန်က ဆက်ပြောရန် တုံ့ဆိုင်းနေ၏။
ကျိယွမ်က စဉ်းစားသလိုအမူအရာဖြင့် သူ့အား ကြည့်လိုက်သည် ။
[ဒါက သာမန် ကျင့်ကြံသူတစ်ယောက်ပါ၊ ဒါပေမဲ့ စစ်မှန်နေမင်းမီးကြောင့် သူက တစ်စုံတစ်ရာ ထူးခြားနေတယ်။ မီးတောက်က သင့်ကို သူ့အဖေလို မြင်နေပါတယ်]
ကျိယွမ်က မထူးဆန်းသလို ခေါင်းခါ၏။
“ဒါပဲလား”
သူက ကောင်းကင်ကို တစ်ချက်ကြည့်ကာ အချိန်မအားသလို ပြောလိုက်သည် ။
“ငါ အခု အလုပ်များနေတယ်။ လူသတ်ဖို့ သွားတော့မှာ။ ပြီးမှ ငါတို့ စကားပြောကြမယ်”
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် ချက်ချင်းပျောက်ကွယ်သွားရာ ရွှီထုန်ချန်မှာ ဂူအဝ၌ ကြောင်ငေးစွာ ကျန်ခဲ့လေသည် ။
"ဟိုဟာ..."
ကျိယွမ်ကို လှမ်းခေါ်ချင်သော်လည်း သူသည်အလင်းတန်းပင်မြင်ရတော့ပါ။
ချီတုံချတုံဖြစ်နေသော ရွှီထုန်ချန်သည် အတန်ကြာစဥ်းစားပြီး နောက်ဆုံးတွင် စောင့်ရန်ဆုံးဖြတ်လိုက်သည် ။
အကြောင်းရင်းကို နားမလည်ခြင်းသည် သူ့အတွင်း၌ ပရွက်ဆိတ်များ တွားသွားနေသကဲ့သို့ တရွရွဖြစ်နေသည် ။
တစ်နာရီကြာသောအခါ။
ကောင်းကင်တွင် သွေးနီရောင်ဝတ်စုံဝတ်ထားသောပုံရိပ်သည် သွေးနီရောင်သက်တံတစ်စင်းအလား ကောင်းကင်ယံကို ဖြတ်၍ ပျံသန်းပြေးလွှားနေသည် ။
အတန်ကြာပြီးနောက် ကောင်းကင်ယံပေါ်မှ ကျယ်လောင်သောအသံက ပဲ့တင်ထပ်လာ ခဲ့သည် ။
“အလင်းနန်းတော်က မရေမတွက်နိုင်တဲ့မကောင်းမှုတွေကို ကျူးလွန်ခဲ့လို့ နတ်ဘုရား အပြစ်ဒဏ် ခံနေရပြီ”
“ငါသွေးဝတ်စုံ ဓားနတ်ဘုရားက မတရားခံရသူတွေအားလုံးအတွက် ရပ်တည်ပြီးအလင်းနန်းတော်ကို ဖျက်ဆီးပစ်မယ်လို့ သစ္စာဆိုတယ်"
အသံသည် အင်အားပြည့်ဝပြီး ကမ္ဘာတစ်ဝှမ်းလုံးကိုပင် ပဲ့တင်ထပ်နေသည့်အလားရှိ သည် ။
ထိုအသံကြောင့် ကျင့်ကြံသူ အမြောက်အမြားက ကောင်းကင်သို့ အထိတ်တလန့်မော့ကြည့်ကြ သည် ။
သို့သော် သွေးနီရောင်ပုံရိပ်သည် အလွန်မြန်လွန်း၍ သူတို့မှာ ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြပါ။
သူတို့သည် အားတက်ဖွယ် အော်ဟစ်သံကိုသာ ကြားနိုင်ကြ၏။
တချို့က စိတ်လှုပ်ရှားကြပြီး တချို့က စိုးရိမ်ပူပန်ကြကာ တချို့ကတော့ အကူအညီမဲ့သလို ခံစားရသည် ။
ကျိယွမ်သည် မင်ဘုရင်နန်းတော်ဆီသို့ အရှိန်အဟုန်ဖြင့်သွားနေပြီး၊ အဝေးတနယ်မှလာသော ငယ်ကျွမ်းဆွေထံသိူ့ အပြေးအလွှားသွားနေသည့်အလား ရှိလေ၏။
ငယ်ကျွမ်းဆွေမဟုတ်ဘူးကွ၊ ငါရဲ့မျှော်လင့်ခြင်းလမင်းကြီးတွေ။
ကျိယွမ်က အရှိန်မြှင့်နေစဥ် ရုတ်တရက် အိုမင်းသော အသံတစ်ခုက လှမ်းခေါ်သည် ။
“သွေးဝတ်စုံဓားနတ်ဘုရား၊ ခဏလေး စောင့်ပါဦး”
ကျိယွမ်သည် မျက်မှောင်ကျုံ့လိုက်ပြီး တောင်ကုန်းတစ်ခုပေါ်တွင် ဆင်းသက်လိုက် သည် ။
“ဘာဖြစ်လို့လဲ”
တားလိုက်သူက အနက်ရောင်ဝတ်ရုံခြုံထားသော ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးဖြစ်၏။ကျိယွမ်က ထိုသူထံမှ ရန်လိုမှု သို့မဟုတ် သတ်ဖြတ်လိုစိတ်ကို မခံစားရသဖြင့် ပြေပြေလည်လည်ဆက်ဆံလိုက်သည်။
“သွေးဝတ်စုံ ဓားနတ်ဘုရား၊ အလင်း နန်းတော်က မင်ဘုရင်နန်းတော်မှာ ထောင်ချောက် ဆင်ထားတယ်။ ခရမ်းရောင် နန်းတော်ကျင့်ကြံသူ သုံးယောက်အပြင် အနီးနားက နောက်ထပ်နှစ်ယောက်လည်း အဲဒီကို သွားကြပြီ။”
“အကြီးအကဲချင်းယင်က ခရမ်းရောင် နန်းတော်အလယ်အဆင့်မှာရှိပြီး နန်းတော် သခင်ကြီး ပေးထားတဲ့ရတနာတစ်ခုလည်းရှိတယ်။”
“ဒီတစ်ခါ ခင်ဗျားသွားရင် သေဖို့သေချာတယ်။ ဘာဖြစ်လို့... အခုလောလောဆယ် ပြန်မဆုတ်တာလဲ။ သူတို့မှာ ခရမ်းရောင် နန်းတော်ကျင့်ကြံသူတွေ အရမ်းများတယ်။ သူတို့ရဲ့ စိတ်ဝိညာဉ် အကြီးအကဲတွေကို ပစ်မှတ်ထားတာက ပိုကောင်းတဲ့ မဟာဗျူဟာ ဖြစ်လိမ့်မယ်”
အနက်ရောင် ဝတ်ရုံခြုံထားသော ကျင့်ကြံသူက စိုးရိမ်တကြီး လေသံဖြင့် အလျင်အမြန် ပြောလေသည် ။
ကျိယွမ်က အနက်ရောင်ဝတ်ရုံခြုံထားသော ကျင့်ကြံသူကို တစ်ချက်ကြည့်လိုက် သည် ။
“ဘာလဲ၊ ခင်ဗျားမှာ အလင်းနန်းတော်နဲ့ ရန်ငြိုးရှိလို့လား”
အနက်ရောင်ဝတ်ရုံခြုံထားသော ကျင့်ကြံသူ တုံ့ဆိုင်းသွားပြီး သူ့မျက်နှာအမူအရာက ဝမ်းနည်းသလိုညှိုးသွားသည် ။
ထိုသူသည် ရွှီရဲ့လီဖြစ်လေသည် ။
မကြာသေးမီက ချင်းယင်သည် သူ၏အဖိုးတန်တပည့်အား ဟုန်တုထံ၌အစေခံရန် ဖိအားပေးခဲ့သည် ။
သို့သော် အလင်းနန်းတော်က ထိုမျှနှင့်မရပ်တန့်သေးပါ။
အလင်းနန်းတော်သခင်ကြီးကိုယ်တိုင်က နတ်ဘုရားမီးတောက်အကာအကွယ်ဟူသောရတနာကိုလည်း ချင်းယင်အား ငှားလိုက်ကြောင်းကို သူသိခဲ့ရ၏။
အရှေ့တိုင်းဒေသပါရမီရှင်တိုက်ပွဲပြီးလျှင် နန်းတော်သခင်က ထိုရတနာကိုသုံး၍
သူ၏တပည့်ရွှီထုန်ချန်ထံမှ စစ်မှန်နေမင်းမီးတောက်ကို ဟုန်တုထံလွှဲပြောင်းပေးရန် ရည်ရွယ်ထားကြောင်း ထင်ရှားနေသည် ။
ယခုအချိန်၌ သူ၏ကျင်းယန်ဂိုဏ်းသည် အကြီးမားဆုံး အန္တရာယ်နှင့် ရင်ဆိုင်နေရလေပြီ။
“ဟုတ်တယ်။ သွေးကြွေး ရန်ငြိုးပါ”
ရွှီရဲ့လီက အမှန်အတိုင်းဝန်ခံကာခေါင်းညိတ်ပြလိုက် သည် ။
“ဘာလို့ မင်းနဲ့ငါ မဟာမိတ်မဖွဲ့တာလဲ။ အတူတူ လှည့်လည်ပြီး အလင်းနန်းတော်ကို ဒုက္ခပေးကြတာပေါ့။ နန်းတော်ကို တိုက်ရိုက် ရင်ဆိုင်ဖို့ကတော့ မသင့်တော်ဘူး၊ ငါတို့က အားနည်းလွန်းတယ်”
ရွှီရဲ့လီသည် စိတ်ရင်းမှန်ဖြင့် တိုက်တွန်းနေ ခြင်းဖြစ်သည် ။
သွေးဝတ်စုံဓားနတ်ဘုရားလိုလူနှင် မဟာမိတ်ဖွဲ့ခြင်းက အမှန်တကယ်အကျိုးရှိမည်ဟု သူယုံကြည်နေ၏။
သူတို့နှစ်ယောက်အတူတူ လှုပ်ရှားလျှင် အလင်းနန်းတော်ကို ပို၍ထိရောက်သော ကြီး ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည် ။
ထိုသို့ပြဿနာများရှုပ်ထွေးသွားပါက အလင်းနန်းတော်က သူ၏တပည့်နှင့်ပတ်သတ်သောကိစ္စကို တုန့်ဆိုင်းထားလိမ့်မည်ဟု သူယူဆထားလေ၏ ။
ကျိယွမ်ကတော့ ရွှီရဲ့လီကို စဉ်းစားဟန်ဖြင့် ကြည့်ပြီး အတန်ကြာမှ စကားဆိုလာသည်။
"မဟာမိတ်ဖွဲ့တာက.. ဖြစ်နိုင်ပါတယ်”
“တကယ်လား”
ရွှီရဲ့လီ အလွန်စိတ်လှုပ်ရှားသွား သည် ။
နှစ်ယောက်တည်းနှင့် အလင်းနန်းတော်ကိုအံတုခြင်းက ကျောက်တုံးနှင့်ကြက်ဥ ၊ အမာပြိုင်ပြီးတိုက်သလို ဖြစ်နေသေးသော်လည်း တစ်ယောက်တည်း တိုက်ခိုက်ခြင်းထက်တော့ ပိုကောင်းသည် ။
သွေးဝတ်စုံဓားနတ်ဘုရားကလည်း အကြံကြီးများကြံရန် အဖော်ကောင်းလိုနေပုံရသည်။ရွှီရဲ့လီ၏အကြံမှာ တိုင်း၍ယက်သည့် ကပ္ပလာ မိုးရွာသည်နှင့်အရံသင့်ဖြစ်သွားပုံရလေသည်။
ထိုအချိန်မှာပင် သွေးဝတ်စုံဓားနတ်ဘုရားက သူ၏အကြံအစည်ကို ထုတ်ပြောလာ၏။
“အခု ကျုပ်က မင်ဘုရင်နန်းတော်ကို သွားနေတာ... ဆူနာတီးဖို့ လူလိုနေတယ်"
"ဘာကြီး.."
ရွှီရဲ့လီ နားရှုပ်သွားသည်။
“ကျုပ်နဲ့ အလင်းနန်းတော်ကခရမ်းရောင် နန်းတော်အဆင့်ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နေချိန်မှာ ခင်ဗျားက ကျုပ်အတွက် နောက်ခံတီးလုံး တီးပေးနိုင်လား။ ဒါက သူတို့ကို သတ်ရတာ ပိုပျော်စရာကောင်းလိမ့်မယ်”
"ဟမ်.."
နားရှုပ်နေသောရွှီရဲ့လီသည် ဦးနှောက်ပါရှုပ်သွားလေတော့သည်။သူက လုံးဝငေးကြောင်သွားသည် ။
သွေးဝတ်စုံဓားနတ်ဘုရား ပြောသည့် စကားလုံးတိုင်းကို သူ နားလည်ပါသည်။သို့သော်လည်း သူအဓိပ္ပာယ်မဖွင့်ဆိုတတ်ပါ။
ဒါက ...
ဒါက ဘယ်လိုအကြံအစည်ကြီးလဲ။
သေရေးရှင်ရေးတိုက်ပွဲအတွက် မဟာမိတ်ခေါ်တာက နောက်ခံတေးဂီတ တီးခတ်ပေးဖို့တဲ့လား။
ဒါမျိုးက ဘယ်မှာရှိလို့လဲ။
“ခင်ဗျားက မင်ဘုရင်နန်းတော်ကို ဆက်သွားဦးမှာလား”
နားမလည်သော်လည်း ရွှီရဲ့လီက မေးလိုက်သည် ။
“သွားမှာပေါ့၊ ကျုပ်က ကောင်းကင်ရဲ့အမိန့်ကို ဆောင်ထားတာ၊ ကံကြမ္မာက ကျုပ်ဘက်မှာ ရှိတယ်။”
“အခုချိန်မှာ ငါက မဟာဉာဏ်ကြီးရှင်လျိုရှီပဲ။ ငါ့ကို ဆန့်ကျင်သူမှန်သမျှ သေခြင်းတရားကို တောင်းဆိုနေတာပဲ”
ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောနေခြင်းဖြစ်သည် ။
သို့သော် မယုံနိုင်စွာ ပါးစပ်အဟောင်းသာ ဖြစ်နေရသူက ရွှီရဲ့လီပင်။
သူက နားမလည်လွန်း၍ စကားကိုပင် ဘယ်ကပြန်စရမှန်းမသိ ဖြစ်နေသည် ။
ဤ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူနှင့် ဆက်သွယ်ပြောဆိုရသည်က အတိုင်းထက်အလွန် ခက်ခဲနေသလို သူ ခံစားရသည် ။
ထိုသူ၏ စိတ်က တစ်ခုခု မှားယွင်းနေသလားဟုပင် သံသယရှိလာ၏။
သူ၏ မယုံကြည်သော အမူအယာကိုမြင်သောအခါ ကျိယွမ်ကသက်ပြင်းချသည်။
“ဒါကြောင့်လည်း ဉာဏ်ကြီးရှင်တွေအားလုံးက တစ်ယောက်တည်း ဖြစ်နေတတ်တာကိုး”
သူက မတတ်နိုင်သလို ခေါင်းခါကာ ဆက်ပြော၏။
“ဒါပေမဲ့ အချိန်က အားလုံးကို သက်သေပြပါလိမ့်မယ်။”
“ဒီလိုဆိုရင် ဒီလိုလုပ်ရအောင် ၊ တကယ်လို့ကျုပ်က ဒီနေ့ မင်ဘုရင်နန်းတော်ကို သုတ်သင်နိုင်ရင် နောင်အခါ အလင်းနန်းတော်ကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးသွားတဲ့အခါတိုင်း ခင်ဗျားက ကျုပ်အတွက် နောက်ခံဂီတ တီးပေးမလား”
ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်တည်း ဂီတသံစဥ်တီးခတ်တာက အဓိပတိတစ်ရာလောက်ကို မယှဉ်နိုင်သော်လည်း တိုးတိုးတိတ်တိတ်ကြီး တိုက်ခိုက်ရသည်ထက်တော့ စိတ်အားပိုတတ်ကြွနိုင်လိမ့်မည်ဟု ကျိယွမ်ထင်မိသည်။
ရွှီရဲ့လီသည် ယခုအချိန်ထိ ဘာပြောရမှန်း မသိဘဲ တိတ်ဆိတ်နေဆဲရှိသည် ။
သူသည် မင်ဘုရင်နန်းတော်ကအန္တရာယ်ရှိပြီး ရှောင်ရှားသင့်ကြောင်း သတိပေးရန် လာခဲ့ခြင်းဖြစ်သည် ။
ဘယ်လိုလုပ်ပြီး... သူ့အတွက် ဂီတတီးပေးဖို့ လောင်းကြေးထပ်တဲ့ပွဲ ဖြစ်သွားရတာလဲ။
အတန်ကြာပြီးနောင် သူသည် သွေးဝတ်စုံဓားနတ်ဘုရားကို ကြည့်လိုက်ပြီး အံကြိတ်ကာဆုံးဖြတ်လိုက် သည် ။
“ခင်ဗျား ချင်းယင်ကို သတ်နိုင်ရင် ကျွန်တော် ဂီတတီးပေးပါ့မယ်”
ကျိယွမ်က ရွှီရဲ့လီကို တစ်ချက်ကြည့်ပြီး ပေါ့ပါးစွာပြုံးလိုက် သည် ။
“ကျုပ်ရဲ့ သတင်းကောင်းကို စောင့်ပါ”
ကျိယွမ်က ထိုမျှသာပြောကာ ပျောက်ကွယ်သွားသည် ။
အနက်ရောင်ဝတ်ရုံခြုံထားသော ရွှီရဲ့လီသည် မထွက်ခွာနိုင်သေးဘဲ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်စွာ ရပ်နေမိသည် ။
“သူဟာ... အရူးတစ်ယောက် ဖြစ်နိုင်တယ်၊မရူးဘူးဆိုရင် ... သူ့မှာ တစ်ခုခု ကောက်ကျစ်တဲ့ အကြံ ရှိနေတယ်”
"ဒါပေမဲ့ သူကဘာကြံနေတာလဲ မသိတာဆိုးတယ်"
..............
မင်ဘုရင်နန်းတော်ထဲတွင်ဖြစ်သည်။
နန်းတော်၏ လေထုထဲတွင် ပြင်းထန်သောသတ်ဖြတ်လိုစိတ်ဆန္ဒများ ပြည့်နှက်နေ၏ ။
ကောင်းကင်ကို မည်းမှောင်သောတိမ်များ ဖုံးလွှမ်းနေပြီး မုန်တိုင်းတစ်ခု စတင်တော့မည့် အရိပ်အယောင်များအလားပင်။
ချင်းယင်သည် သူ့လက်ထဲရှိကျောက်ပြားထဲမှ ပုံရိပ်ကိုကြည့်ပြီး မျက်လုံးများက လေးနက်နေ သည် ။
“နတ်ဘုရား မိုးကြိုး...”
နတ်ဘုရားမိုးကြိုးသည် ပုံမှန်ဆိုလျှင် မကောင်းသော တားမြစ်ပညာရပ်များနှင့်သာ အဓိကဆက်စပ်နေသည် ။
ယခုတော့ မည်သို့ဖြစ်လေသည် မသိရဘဲ နတ်ဘုရားမိုးကြိုးပစ်ချပြီး စိတ်ဝိညာဉ်အဆင့်များ ကျဆုံးခဲ့ရသည် ။
ကျောက်ပြားထဲမှ မိုးကြိုးမြင်ကွင်းက အထူးပင် ထိတ်လန့်စရာ ကောင်းနေသည် ။
“အဲဒီ ဆန္ဒခုနစ်မျိုးနတ်ဆိုးသခင်မှာ လျှို့ဝှက်ချက် တစ်ခုခု ရှိရမယ်”
မုတ်ဆိတ်နီအကြီးအကဲ၏ မျက်လုံးများက တွေးခေါ်နေသလို တောက်ပနေ ၏။
“ဟားဟား ဟးဟား ၊ သွေးဝတ်စုံဓားနတ်ဘုရားကို သတ်ပြီးတာနဲ့ ငါ ကိုယ်တိုင် တိုင်းပြည်တစ်ရာကို သွားပြီး အဲဒီ လျှို့ဝှက်ချက်ကို ဖော်ထုတ်မယ်”
ဟေးရှန်က ထိုလျှို့ဝှက်ချက်သည် သူ့အပိုင်ဖြစ်နှင့်ပြီးသားအရာကဲ့သို့ ပြောသည် ။
“ဒီ ရှင်းဟွာအဖွဲ့ဝင်တွေက တကယ်ကို မုန်းတီးစရာကောင်းတယ်။ အများစုက အဲဒီ သွေးဝတ်စုံဓားနတ်ဘုရားကို လျှို့ဝှက် ထောက်ခံနေကြတယ်”
မော်ကုက ရှင်းဟွာအဖွဲ့ဆက်သွယ်ရေး ကျောက်ပြားတစ်ခုကို ကိုင်ထားရင်းမှ ဒေါသထွက်နေ၏။
သူသည်လည်း ရှင်းဟွာအဖွဲ့ဝင်တစ်ဦး ဖြစ် သည်မှာ သိသာလှသည် ။
“ငါတို့ သွေးဝတ်စုံဓားနတ်ဘုရားကို သတ်ပြီးတာနဲ့ ၊ မော်ကု....မင်းက ရှင်းဟာအဖွဲ့ရဲ့ ဆွေးနွေးခန်းမှာ အလင်းနန်းတော်ရဲ့ ဂုဏ်သိက္ခာကို ရှင်းလင်းဖို့ ကြေညာပေးပါဦး”
အကြီးအကဲ ချင်းယင်က အေးဆေးစွာ ပြော သည် ။
သူသည် ရှင်းဟွာမှ သာမန် အဖွဲ့ဝင်များ၏ ထင်မြင်ချက်များကို ဂရုမစိုက်ပါ။
အရေးကြီးသည်မှာ အရှေ့ပိုင်းဒေသရှင်းဟွာအဖွဲ့ခေါင်းဆောင်၏ ထင်မြင်ချက်သာ ဖြစ်သည် ။
ထိုကိစ္စအတွက် နန်းတော်သခင်သည် သူတို့နှင့်တွေ့ဆုံရန် သွားရောက်ခဲ့ပြီးဖြစ်သောကြောင့် မကြာမီ အရေးယူဆောင်ရွက်ခြင်းများ ဖြစ်လာနိုင်မည်ဟု ခန့်မှန်းမိသည်။
“ဒီအဆင့်အထိရောက်အောင် ကျင့်ကြံနိုင်တဲ့ပါရမီရှိပြီးမှ ဒီလောက်မိုက်မဲနေတဲ့သူ မမြင်ဖူးသေးဘူး၊ ဒီ သွေးဝတ်စုံဓားနတ်ဘုရားဟာ ဘယ်လိုများ...”
ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးက စကားပင်ဆုံးအောင် မပြောတော့ဘဲသက်ပြင်းချလိုက်သည် ။
“ဟွန့်.. ရွှီရဲ့လီလည်း ဘာထူးလဲ၊ နှစ်ထောင်ပေါင်းများစွာအသက်ရှင်ခဲ့ပြီး အခုထိ မိုက်မဲနေတုန်း မဟုတ်လား။ အလင်းနန်းတော်က သူ့အတွက် အများကြီး လုပ်ပေးခဲ့ပြီး အခု ငါတို့ ဒုက္ခရောက်နေချိန်မှာ သူက အကူအညီပေးဖို့ ဆင်ခြေတွေပေးပြီး ရှောင်နေတယ်။ စက်ဆုပ်စရာပဲ”
မော်ကုက အခွင့်သာခိုက် သွေးထိုးစကား ပြောသည် ။
ချင်းယင်၏ မျက်လုံးများက ရက်စက်ချင်သောအငွေ့အသက်များ ပေါ်လာ၏။
“ရွှီရဲ့လီ... သူက တော်တော်လေး ဟုတ်နေတယ်ပေါ့လေ"
မော်ကုသည် သူလိုချင်သော ရလဒ်ဖြစ်လာသောကြောင့် စိတ်ထဲတွင်လှစ်ခနဲ ဝမ်းသာသွားသည် ။
"လာပြီ.."
ထိုအခိုက်မှာပင် နန်းတော်ထဲမှ ခရမ်းရောင် နန်းတော်အဆင့်ကျင့်ကြံသူ ငါးဦးလုံးက အပေါ်သို့ မော့ကြည့်လိုက်ကြသည် ။
ကောင်းကင်တွင် တောက်ပသော သွေးနီရောင်သက်တံ့တစ်ခုသည် မင်ဘုရင် နန်းတော်ဆီသို့ လျှင်မြန်စွာပျံသန်းလာနေ သည်ကို သူတို့တွေ့ရ၏ ။
ထိုသူဆီမှ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် စွမ်းအင်သည် လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည် ။
“သွေးဝတ်စုံ ဓားနတ်ဘုရား၊ သူ တကယ် လာတာပဲ"
“သူ လာရဲတယ်”
ခရမ်းရောင်နန်းတော်အဆင့်ငါးဦးလုံး အံ့ဩသွားကြသော်လည်း ချက်ချင်းပင် စိတ်တည်ငြိမ်သွားကြ သည် ။
သူတို့ အရေအတွက် ပိုများနေပါလျက် အသစ်တက်လာသော ခရမ်းရောင် နန်းတော် ကျင့်ကြံသူတစ်ဦးကို ကြောက်လန့်နေစရာမရှိပေ။
သွေးနီရောင်သက်တံ့သည် ကောင်းကင်တွင် ရုန်တရက်ရပ်တန့်သွားသည်။
ထိုအခါမှ သွေးနီရောင်ဝတ်စုံဝတ်ထားပြီး နောက်ကျောတွင် ဓားကိုလွယ်ထားသော၊ အလွန်ချောမောသော မျက်နှာပိုင်ရှင်၏ ပုံရိပ်က ထင်ရှားစွာပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် သွေးအော်ရာသည် လေထဲတွင် ပျံ့နှံ့သွားသည်။
ကျိယွမ်က အောက်မှလူများကို စစ်ဆေးသလိုကြည့်ပြီး အေးစက်စွာ ပြောလိုက် သည် ။
“ဒါက မင်းတို့အကုန်ပဲလား”
သူသည် အောက်တွင်ရှိနေသော ခရမ်းရောင်နန်းတော်အဆင့်ငါးဦးကိုသာ မြင်သဖြင့် အနည်းငယ် စိတ်ပျက်သွားသည် ။
ငါးယောက်တည်းလား။
အရမ်းနည်းတယ်။
သူတို့ထဲတွင် ခရမ်းရောင်နန်းတော်အထွတ်အထိပ်တစ်ယောက်မှပင် မပါချေ။
ဒီမျိုးဆက်ရဲ့မျှော်လင့်ခြင်းလမင်းတွေက သိပ်မထင်ရှားဘူးထင်တယ်။
ထိုစဥ်မှာပင် ချင်းယင်၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။
“သွေးဝတ်စုံ ဓားနတ်ဘုရား၊ မင်း သတ္တိရှိသားပဲ။ အဲဒါတော့ ငါ မင်းကိုအမှန်တကယ် လေးစားသွားပြီ"
သူက လုံးဝအထက်စီးမှဆက်ပြော၏။
“မင်းသာ ရှင်းဟွာအဖွဲ့ထဲမှာ ငါတို့ကို အဆက်မပြတ် အသရေဖျက်ပြီး သွေးထိုးလှုံ့ဆော်မှုတွေ မလုပ်ခဲ့ဘူးဆိုရင် ငါ မင်းကို နန်းတော်ရဲ့ အစောင့်အဖြစ် ခေါ်ယူဖို့ စဉ်းစားမိမှာပဲ”
ကျိယွမ်က စိတ်ပျက်သလို ခေါင်းယမ်းသည်။
“အလင်းနန်းတော်က တကယ်ကို ဟာသပဲ။ ခင်ဗျားတို့ အားလုံးက အသက်ကြီးနေပြီ၊ ဒါပေမဲ့ ကလေးဆန်နေတုန်းပဲလား”
တဆက်တည်းမှာပင် ကျိယွမ်က သူ၏ကျော်ဘက်မှဓားကို ပြတ်သားစွာထုတ်လိုက်သည်။
“ဒီနေ့ ငါ ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကို ဖော်ထုတ်ပေးဖို့ ဒီကို ရောက်လာတာပဲ"
စကားပြောနေမည်အချိန်မဟုတ်တော့ ၊ သတ်ဖြတ်ရမည်အချိန်ရောက်လာလေပြီ။
သူ၏ သွေးဓားကို ဆွဲထုတ်လိုက်သည်နှင့်တစ်ပြိုက်နက် ကျိယွမ်သည် တောင်ပုံရာပုံရှိသောအလောင်းများကြားမှ တိုးထွက်လာပြီး သွေးပင်လယ်ထဲကို ဖြတ်ကူးလာသူအလား ထင်ရ၏။
သူ၏ သွေးနီရောင်ဝတ်စုံသည် သွေးများ စီးကျနေသကဲ့သို့ပင် တလက်လက်စိုလာသည်။
သူ၏ အနီးတဝိုက်အားလုံးက သွေးနယ်မြေတစ်ခုအလား သွေးနီရောင်များ ဖုံးလွှမ်းထား သည် ။
ခရမ်းရောင်နန်းတော်အဆင့်ငါးဦးပင် ခဏတာ တုန်လှုပ်သွားကြသည် ။
သူတို့ရှေ့မှလူသည် ဖြောင့်မတ်သောလမ်းစဥ်ကျင့်ကြံသူနှင့် လုံးဝမတူပါ ။
သူသည် အစွမ်းထက်သော နတ်ဆိုးတစ်ပါးနှင့် တူနေ၏။
သွေးအော်ရာသည် မကြုံဖူးလောက်အောင်ထူထပ်ပြင်းထန်လှသည်။
တစ်စုံတစ်ယောက်က ထိုသူသည် လူပေါင်းဆယ်ဘီလီယံကို သတ်ဖြတ်ခဲ့သည်ဟု ပြောပါက သူတို့ ယုံကြည်ကြလိမ့်မည်။
ဒီလိုကောင်ကများ တရားမျှတမှုအတွက်လို့ ပြောနေသေးတယ်။
“မင်းက တရားမျှတမှုကို ထိန်းသိမ်းတာတဲ့လား။ ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ ။ ဒီနေ့ လောကကြီးအတွက် အလင်း နန်းတော်က မင်းလိုနတ်ဆိုးကို ဖယ်ရှားပေးမယ်”
ချင်းယင်သည် ခရမ်းရောင်နန်းတော် အလယ်အလတ်အဆင့်တွင် ရှိပြီး သူ၏အထက်၌ နန်းတော်နန်းတော်သခင် သုံးဦးသာရှိသည်။
ကွေးယွန်တိုက်ကြီး တစ်ခုလုံးတွင်ပင် သူသည် ထိပ်တန်းကျင့်ကြံသူများထဲတွင် ပါဝင်၏ ။
ထို့ကြောင့် သူက မောက်မာပြီးယုံကြည်ချက်ရှိနေသည်မှာ အဆန်းမဟုတ်ပေ။
အခြားသောခရမ်းနန်းတော်အဆင့်လေးဦးလည်း ထပ်ရှိနေသောကြောင့် သူတို့၏အင်အားက သွေးဝတ်စုံထက်အပြတ်အသတ်ကြီးသာလွန်နေ၏။
ထိုအချိန်တွင် ကျိယွမ်သည် သူ၏ဓားကိုကြည့်လျှက် အတိတ်ကိုအမှတ်ရသလို
ပြောလိုက်သည် ။
“တစ်ချိန်တုန်းက ဒီဓားနဲ့ ခရမ်းရောင် နန်းတော်အဆင့် ၁,၇၀၀ ကိုငါသတ်ခဲ့တာ။ ဒီနေ့... မင်းတို့ ငါးယောက်တည်းလေးကို သတ်ရမှာ ဓားကိုတောင် အားနာသွားပြီ"
အားလုံးက အော်ရယ်ကြတော့သည်။
“ဒီကောင် ရူးနေတာပဲ၊ ဒါကြောင့်လည်း ဆင်ခြင်တရားမရှိဘဲ မင်ဘုရင်နန်းတော်ကို တစ်ယောက်တည်း လာရဲတာကိုး"
"အေးလေ..ကွေးယွင်တိုက်ကြီး တစ်ခုလုံးမှာ ခရမ်းရောင်နန်းတော်အဆင့် ဘယ်လောက်များများ ရှိလို့လဲ။ ဒါကိုများ ဓားတစ်ချောင်းတည်းနဲ့ ခရမ်းရောင်နန်းတော်အဆင့် ၁,၇၀၀ ကို သတ်ခဲ့တယ်တဲ့၊ဟားဟား ဟားဟားဟား ၊ငါတို့ကို ကလေးတွေများမှတ်နေလား"
"ယင်နတ်ဘုရားတစ်ပါးဆိုရင်တောင် ခရမ်းရောင်နန်းတော်အဆင့် ၂၀၀၀ ကိုသတ်ပစ်တယ်လို့ အာမမခံရဲဘူး"
"ဒီကောင် ဘယ်လိုများခရမ်းရောင်နန်းတော်အဆင့်ကို ရောက်လာတာလဲ"
ကျိယွမ်ခေါင်းယမ်းလိုက်သည်။
မျှော်လင့်ခြင်းလမင်းတွေမို့လို့ ဒီလောက်စိတ်ရှည်နေတာကို မသိတတ်တဲ့ကောင်တွေပဲ။
ကျိယွမ်၏ မျက်လုံးများက စူးရှသွားပြီး ဟင်းလင်းပြင်နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းစွမ်းအားကို အသက်သွင်းလိုက်သည်။
သူ၏ မူလနတ်ဘုရားစွမ်းအား ကိုထုတ်လွှတ်လိုက်သည်နှင့် လောကကြီးတစ်ခုလုံး စိတ်ဆန္ဒဆိုးများ လွှမ်းမိုးသွားသည်။
နေနှင့်လတို့ပင် မတည်မငြိမ် ဖြစ်သွားပြီးခလောက၏စည်မျဥ်းများ ဖရိုဖရဲဖြစ်ကုန်သည့်အလားပင်။
မင်းဘုရင်နန်းတော်တစ်ခုလုံး သွေးချင်းချင်းနီသွားပြီးနောက် နှလုံးသားနတ်ဆိုးများ အတားအဆီးမရှိ မွေးဖွားလာသည် ။
ခရမ်းရောင်နန်းတော်အဆင့် ၅ ယောက်၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည် ။
မြွေမြွေချင်း ခြေမြင်ကြ၏။
တဖက်သူ လှုပ်ရှားလိုက်သည်နှင့် ထိုသူကမည်သည့်အနေအထားရှိနိူင်သည်ကို ကျွမ်းကျင်သူအချင်းချင်း ချက်ချင်းသိနိုင်သည် မဟုတ်ပါလား။
သူတို့၏မျက်နှာပေါ်မှ မာနနှင့်မထီမဲ့မြင်ပြုမှုများ လုံးဝ ပျောက်ကွယ်သွားသည် ။
သူတို့သည် မည်မျှအစွမ်းထက်သော ပြိုင်ဘက်နှင့် တွေ့ဆုံခဲ့ရသည်ကို သဘောပေါက်သွားကြလေပြီ။
"ထုဆစ်ထားသော အဆင့်..."
"မင်းက ခရမ်းရောင်နန်းတော် အထွတ်အထိပ်အဆင့်လား.."
ချင်းယင်၏မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။
အလင်းနန်းတော်တွင်ပင် အထွတ်အထိပ်အဆင့်က နန်းတော်သခင်သုံးဦးသာ ရှိလေသည် ။
တိုင်းပြည်တစ်ရာမှ သွေးဝတ်စုံဓားနတ်ဘုရားက ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်ဖြစ်နေ၏။
မည်သို့ဖြစ်နိုင်မည်နည်း။
ထို့အပြင် ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်ဆိုသည်မှာ ဘွားခနဲပေါ်လာနိုင်သောအရာမဟုတ်ပေ။နှစ်ထောင်သောင်းချီ၍ ကျင့်ကြံနေသောသူများဖြစ်သည်။
ယခုတော့ မနေ့တနေ့ကမှ ပေါ်လာသော သွေးဝတ်စုံဓားနတ်ဘုရားက ချက်ချင်းကြီး ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်ကြီး ဖြစ်နေသည်တဲ့လား။
အားလုံးက ထိတ်လန့်တကြားဖြင့် သူတို့အပေါ်ကျရောက်လာသော မူလစွမ်းအားကို တိုက်ခိုက်လိုက်ကြ၏။
သို့သော်လည်း မူလစွမ်းအားအဆင့်အတန်းချင်းက ကွာချင်တိုင်းကွာနေသဖြင့် မည်သို့ခုခံနိုင်မည်နည်း။
ခဏအတွင်းမှာပင် မုတ်ဆိတ်နီအကြီးအကဲသည် ရူးသွပ်မှုထဲသို့ ကျရောက်သွားလေ၏။
သူသည် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ ထောင်ပေါင်းများစွာ စုဝေးနေသော ဧရာမ မြို့ကြီးတစ်မြို့ကို မြင်နေရသည်။
သွေးနီရောင် ဝတ်စုံဝတ်ထားသော လူတစ်ဦးသည် ရှေ့သို့တက်လာပြီး သူ၏ဓားကိုတစ်ချက် ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် နန်းတော်ကျင့်ကြံသူ ၁,၇၀၀ သည် နတ်ဆိုးနယ်မြေထဲတွင် ပိတ်မိကာ တဖြည်းဖြည်း လဲကျသေဆုံးသွားကြသည် ။
“ဒါ..ဒါက.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
မည်သူက ဓားတစ်ချက်တည်းဖြင့်
ခရမ်းရောင်နန်းတော်ကျင့်ကြံသူ ထောင်ပေါင်းများစွာကို သတ်နိုင်မည်နည်း။
ထိုအခိုက်အတန့်မှာပင် သူ၏နှလုံးသားက ပျက်စီးသွားသည် ။
ကျန်သောခရမ်းရောင်နန်းတော် ကျင့်ကြံသူ သုံးဦးသည်လည်း အင်အားမရှိသလို ဖြစ်နေကြသည် ။ ကျိယွမ်၏ မူလနတ်ဘုရား စွမ်းအားသက်ရောက်မှုကြောင့် နှလုံးသားနတ်ဆိုးများဖောက်ပြန်ကာ သူတို့သည် ရူးသွပ်မှုထဲသို့ ကျရောက်သွားကြ သည် ။
လျူဖုန်းနယ်မြေကလို နတ်ဆိုးများထွက်ပေါ်မလာသော်လည်း သူတို့၏စိတ်နှလုံးများက ထုဆစ်ထားသောအဆင့် နှလုံးသားနတ်ဆိုးဖောက်ပြန်မှုကို မခံစားနိုင်ကြပါ။
ကျိယွမ်သည် ဟင်းလင်းပြင်တွင်ရပ်လျက် ခရမ်းရောင်နန်းတော်အဆင့်ငါးဦးကို နောင်တရသော ခံစားချက်ဖြင့် ကြည့်လိုက် သည် ။
“သူတို့ သေတာက နှေးလိုက်တာ ။ ငါက ပြန်ရဦးမှာ"
ကျိယွမ်၏ လက်ထဲမှဓားသည် နောက်တစ်ကြိမ် ထိုးဖောက်သွားတော့သည်။
ဝက်များကို ထိုးသတ်သကဲ့သို့ပင် ကျိယွမ်သည် ခရမ်းရောင်နန်းတော်ကျင့်ကြံသူ ငါးဦးကို တစ်ယောက်ပြီး တစ်ယောက် စနစ်တကျ ရှင်းလင်းပစ်လိုက်သည် ။
“သူတို့မှာ ထိန်းချုပ်မှုကိုခုခံနိုင်တဲ့ ထူးခြားခန္ဓာကိုယ်မရှိတာ ကံကောင်းတာပဲ၊ မဟုတ်ရင် သူတို့ကို သတ်ရတာပိုကြာမှာ”
ကျိယွမ်သည် ဖိန့်ဖိန့်တုန်အောင်ကြောက်စရာကောင်းလှပါသည်ဆိုသော ခရမ်းရောင် နန်းတော်ကျင့်ကြံသူငါးဦးလုံးကို ဝက်သတ်သလို အလွယ်တကူသတ်ပစ်လေသည် ။
ထို့နောက် သူ၏အကြည့်က ထိတ်လန့်တုန်လှုပ်နေသော စိတ်ဝိညာဥ်အဆင့်များပေါ်သို့ ကျရောက်သွား၏။
ထိုသူများအားလုံးသည် ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်နေကြ သည် ။
ကျိယွမ်က မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်သည် ။ရန်သူများအပေါ်တွင် သူကသနားကရုဏာ မထားတတ်ပါ။
“သေလိုက်ကြ”
စကားတစ်ခွန်းတည်းဖြင့် နန်းတော်ထဲရှိ စိတ်ဝိညာဉ်ကျင့်ကြံသူများအားလုံး အဆုံးမဲ့ သွေးငရဲထဲသို့ ကျရောက်သွားကြသည် ။
ခမ်းနားတင့်တယ်လှသော မင်ဘုရင်နန်းတော်သည် တစ်ခဏအတွင်း လူသေအလောင်းများဖြင့် ပြည့်နေသော သုဿန်တစပြင်အဖြစ်သို့ ပြောင်းလဲသွားတော့သည် ။
နန်းတော်၏ အလောင်းများနှင့်အပျက်အစီးများကြားတွင် ရပ်လျက် ကျိယွမ်၏အေးစက်သည့်မျက်နှာက ပျော်ရွှင်သောအပြုံးဖြင့် တောက်ပလာသည်။
“ဒီ မျှော်လင့်ခြင်းလမင်းကြီး ငါးယောက်က သိပ်မဆိုးပါဘူး”
သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး သိုလှောင်အိတ်များအားလုံးကို ကျွမ်းကျင်စွာ စုဆောင်းလိုက်သည် ။
လူသေတွေဆီက လုယက်တာ ငါတော်တော်ကျွမ်းနေပြီပဲ။
ထို့နောက် အတုံးအရုံးဆုံးနေသော စိတ်ဝိညာဉ်များကို တစ်ချက်ကြည့်လိုက်သည် ။
“အင်း...သူတို့က မျှော်လင့်ခြင်းလမင်းတွေ မဟုတ်ပေမယ့် လက်ဆောင်ပေးဖို့ ဒီလောက် အဝေးကြီး ခရီးနှင်လာကြတာ”
“လက်ဆောင်ကတန်ဖိုးနည်းပေမဲ့ နက်ရှိုင်းတဲ့ချစ်ခင်မှုကို ဖော်ပြတယ်တဲ့"
“အကြီးအကဲတွေဆီက လက်ဆောင်ကို လက်မခံဘဲ မနေသင့်ဘူး”
ရတနာမှန်သမျှကို မရိုးနိုင်အောင်စုဆောင်းတတ်သော နဂါးတစ်ကောင်ကဲ့သို့ ကျိယွမ်သည် ထိုသိုလှောင်အိတ်များကိုလည်း စုဆောင်းလိုက်ပြန်သည် ။
ငါ့ရဲ့အကောင့်အတုတွေထဲမှာ အလောင်းကောင်ဓားပြဆိုတဲ့ နာမည်ကိုပါ ထပ်ဖွင့်သင့်တယ်။
သူက အားရအောင်စုဆောင်းပြီးသောအခါ ပျက်စီးနေသော မင်ဘုရင်နန်းတော်အား ကျေနပ်စွာ တစ်ချက်ကြည့်ပြီးနောက် အလင်းတန်းအဖြစ် ပျောက်ကွယ်သွားတော့သည်။
------------------------------