လူဆိုးထိန်းဌာနမှ လူသစ်ကလေး ( ၁ )
Vol. 6 Ch. 93
ထိုသားရဲအရိုးပုံစံက ဦးချိုတစ်ချောင်းနှင့် ဆင်တူသည်။ လက်တစ်ဝါးစာအရွယ်ရှိပြီး အနီရောင်အဆင်းရှိသည်။ ၎င်းက ထူးဆန်းသော အလင်းတစ်ခု တဖျပ်ဖျပ်လက်နေသည်။
အနီးကပ်ကြည့်ပါက မျက်နှာပြင်ပေါ်တွင် သဘာဝအလျောက်ဖြစ်နေသော ရုပ်ပုံအနည်းငယ် ရှိနေသည်ကို မြင်နိုင်သည်။
ထိုရုပ်ပုံများတွင် တာအိုသဘောတရားများ ပါဝင်နေဟန်တူပြီး အရပ်မျက်နှာအနှံ့မှ ဝိညာဉ်စွမ်းအားများကို အလိုလို စုပ်ယူနိုင်ဟန်တူသည်။ ကျန်းစန်း၏လက်ဖဝါးပတ်လည်တွင် ဝိညာဉ်စွမ်းအားများက အခိုးအငွေ့များအသွင်ဖြင့် ဝန်းရံနေသည်။
“ အတောင်ပံငါးရဲ့ မပျက်စီးနိုင်တဲ့အရိုးပါလားဟ။ အဲဒီမန္တန်အစီအရင်အကူအညီနဲ့ဆိုရင် လှေရဲ့ အမြန်နှုန်းကို ကောင်းကောင်းကြီး မြှင့်တင်လို့ရတယ်။ ကျန်းစန်း … မင်းက ဒီနေ့ ဘာလို့ ဒီလောက်တောင် သဘောကောင်းနေရတာတုံး ”
အမှတ်ခြောက်အသင်းခေါင်းဆောင်က လက်ထဲရှိ သစ်တော်သီးကို ကိုက်စားလိုက်ပြီး ကျန်းစန်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ပြုံး၍ ကျန်းစန်းကို ပခုံးဖြင့် တိုက်လိုက်သည်။
“ ဂိုဏ်းတူညီလေး ရွှီချင်းက ဒီကို အခုမှ ပထမဆုံး ရောက်ဖူးတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာပါကွ ”
ကျန်းစန်းက ရိုးသားပွင့်လင်းစွာ ပြောသည်။
ရွှီချင်းက လက်ဆောင်ကို လက်မခံသေးဘဲ ခေါင်းဆောင်ကို ကြည့်၍ သူ့အမြင်ကို တောင်းခံလိုက်သည်။ ကျန်းစန်းက ထိုသို့ပေးသည်မှာ သူ့ကြောင့်မဟုတ်ဘဲ ခေါင်းဆောင်ကြောင့် ဖြစ်ကြောင်း သူ သိထားသည် မဟုတ်ပါလား။
ရွှီချင်း၏အကြည့်ကိုမြင်၍ ခေါင်းဆောင်က ပြုံးလိုက်သည်။
“ ယူလိုက်။ သူ မင်းကို ဒါ ပေးတာက နောက်ကျ ဒီနေရာကို အမှုတွေ လိုက်မရှာဖို့ ပြောလိုက်တာပဲ ”
ထိုစကားကို ကြားသောအခါ ရွှီချင်းက ရိုးသားပွင့်လင်းစွာ ပြုံးနေသော ကျန်းစန်းကို ကြည့်လိုက်သည်။
ထို့နောက် ရွှီချင်းက ခေါင်းညိတ်ပြလိုက်ပြီး ငါးအရိုးကိုယူ၍ သတိကြီးစွာ စစ်ဆေး၍ အိတ်ထဲ ထည့်လိုက်သည်။
သူက အတန်ငယ် စဉ်းစားတွေးတောပြီးနောက် သူ၏ခေါင်းဆောင်ကို တုပ၍ ခပ်ခွာခွာနေကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။
ရွှီချင်း၏အပြုအမူကို မြင်သော် ကျန်းစန်း၏အပြုံးက ပို၍ ရိုးသားပွင့်လင်းလာသည်။
“ ကျန်းစန်း အခုတလော ဘာထူးခြားတာတွေ့သေးလဲ ”
ခေါင်းဆောင်က သူ့လက်ထဲမှ သစ်တော်သီးကို လက်စသတ်လိုက်ပြီး မက်မွန်သီးကို ထုတ်၍ စားလိုက်သည်။
ရွှီချင်းသည် ချက်ချင်းပင် စိတ်ပါဝင်စားစွာဖြင့် ကျန်းစန်းကို ကြည့်လိုက်သည်။
ကျန်းစန်းက ဆေးတံကို ထုတ်၍ ပါးစပ်တွင်တေ့ကာ မှုတ်သောက်လိုက်သည်။ ပြီးသည်နှင့် သူက ဆေးတံကို မြေပေါ် ပုတ်လိုက်သည်။ ပြာများ ကျသွားပြီးနောက် လူတစ်ယောက်ရုပ်ပုံနှင့် စာသားများ မြေပြင်ပေါ်တွင် ပေါ်လာသည်။
“ သိပ်မကြာသေးခင်က တောင်ဘက်ဆိပ်ခံတံတားမှာ မျက်နှာသစ်တော်တော်များများ ပေါ်လာတယ် ”
အမှတ်ခြောက်အသင်းခေါင်းဆောင် အတွေးနက်သွားသည်။ ထို့နောက် ကျန်းစန်း၏ပခုံးကို ပုတ်၍ ရွှီချင်းကို ပြုံးပြလိုက်သည်။
“ ဂိုဏ်းတူညီလေး … မင်း အရင် ပြန်သွားလိုက်တော့။ ဒီနေ့ မင်း အလုပ်နားတယ်။ မနက်ဖန်တော့ နောက်ကျမနေနဲ့နော် ”
ထိုစကားကို ကြားသောအခါ ထိုလူနှစ်ယောက်တွင် ပြောစရာစကားအနည်းငယ် ရှိနေကြောင်း ရွှီချင်း သိလိုက်သည်။ ထို့ကြောင့် သူ ခေါင်းညိတ်ပြလိုက်ပြီး ခေါင်းဆောင်နှင့် ကျန်းစန်းကို လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
နေဝင်ရီတရောအချိန်ဖြစ်၍ ပုစွန်ဆီရောင်လဲ့နေသော နေရောင်ခြည်တန်းများက သူ၏မီးခိုးရောင်တာအိုဝတ်ရုံပေါ် ဖြာကျနေသည်။ သူ ထွက်သွားပြီးနောက် သူ့နောက်တွင် ဆောင့်ကြောင့်ထိုင်နေသော လူနှစ်ယောက်က ခေါင်းများမော့၍ သူ့ကို မမှိတ်မသုန် ကြည့်နေကြသည်။
ရွှီချင်း အဝေးကို ရောက်သွားသောအခါ ခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။
“ အဲဒီလူသစ်လေးကို ဘယ်လိုသဘောရလဲ။ ဒီနေ့ မင်း ဒီလောက်သဘောကောင်းတာမျိုး ငါ မတွေ့ဖူးပါဘူး ”
“ လူသစ်လား။ အဲဒီကလေးကို မင်း ဘယ်ကရှာလာတာတုံး။ အဲဒီကလေးက ငါ့ကိုမြင်တော့ ငါ့လည်ပင်းကို သူ အရင်ဆုံးကြည့်တာပဲ။ ဒီလိုလူတစ်ယောက်ကို ငါ ဘာလို့ သဘောကောင်းမပြရမှာတုံး ”
ထိုစကားကို ခေါင်းဆောင်ကြားသောအခါ တဟားဟား ရယ်မောလေသည်။
“ မင်းက ဘာလို့ ရယ်နေသေးတာတုံး။ လူတစ်ယောက်ရဲ့လည်ပင်းကို အလိုလိုကြည့်တယ်ဆိုတာ ဘယ်လိုလူမျိုးမှန်း သိတယ်မလား ”
ကျန်းစန်းက ခါးသက်သက်ပြုံး၍ သူ့လည်ပင်းကို ဆုပ်လိုက်သည်။ သူ စိတ်မသက်မသာ ခံစားနေရဆဲဖြစ်ပြီး ဆေးတံကို တစ်ဖွာရှိုက်လိုက်သည်။
“ သိတာပေါ့။ လည်ပင်းတွေကို လှီးဖြတ်တဲ့လူတွေပဲ အဲဒီလို ကြည့်တတ်တာ ”
အမှတ်ခြောက်အသင်းခေါင်းဆောင်က ကျေနပ်စွာ ပြုံး၍ ပြောလိုက်သည။ သူက လက်ထဲရှိ မက်မွန်သီးကို လက်စသတ်လိုက်ပြီး နောက်တစ်လုံးထပ်ထုတ်ကာ စားလိုက်သည်။
“ ဒီကလေးက သိပ်ချောပေမဲ့ သူ့ရဲ့လူသတ်တဲ့အငွေ့အသက်တွေက အားကြီးလွန်းတယ်။ သူက အတတ်နိုင်ဆုံး ဖုံးကွယ်ပေမဲ့ ငါ ခံစားနိုင်တယ်။ အထူးသဖြင့် သူ့မျက်လုံးတွေပဲ ”
ကျန်းစန်း၏မျက်နှာအမူအရာက လေးနက်တည်ကြည်နေသည်။
“ မင်း သတိထားမိတယ်မလား။ အဲဒါ ရက်စက်ကြမ်းကြုတ်တဲ့စရိုက်နဲ့ မျက်ဝန်းတစ်စုံပဲ။ သူ့စည်းမျဉ်းကို ဖောက်လာရင် သူက ရေအဆုံးမြေအဆုံး လိုက်သတ်မယ့်လူမျိုးပဲ ”
“ အဲဒီလိုလူမျိုးကို ကောင်းကောင်းကိုင်တွယ်နိုင်ရင် သိပ်အသုံးဝင်မယ်။ ဒါပေမဲ့ သေချာမကိုင်တွယ်နိုင်ရင်တော့ သတိထားရမယ်။ သူ့လက်ထဲမှာ လူအတော်များများ သေသွားတာကို ငါ ခံစားမိတယ်။ ပြီးတော့ သူ့ကိုကြည့်ရတာ အန္တရာယ်များတဲ့ခံစားချက်မျိုး ရတယ် ”
“ သူနဲ့ ပင်လယ်ထဲ သွားရရင် သူ့ကို ငါ သေချာပေါက် ရန်သွားစမှာ မဟုတ်ဘူး။ ငါ မသေချင်ဘူးလေ ”
ကျန်းစန်းက အမှတ်ခြောက်အသင်းခေါင်းဆောင်ကို ကြည့်၍ အလေးအနက် ပြောလိုက်သည်။
“ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိုဏ်းတူညီလေးပဲ ”
အမှတ်ခြောက်အသင်းခေါင်းဆောင်က ရွှီချင်း ထွက်ခွာသွားသည့်ဘက်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ ကျန်းစန်းက ထိုသို့ ပြောလေလေ သူ ပို၍ ကျေနပ်ပျော်ရွှင်နေဟန်တူသည်။
ဘေးတွင် ထိုင်နေသော ကျန်းစန်းသည် ကူကယ်ရာမဲ့စွာဖြင့် ထိုထူးဆန်းသော ကလေးကို မေ့ပစ်ရန် သူ့ကိုယ်သူ သတိပေးနေသည်။
ခေါင်းဆောင်နှင့် ကျန်းစန်းတို့ ရွှီချင်းအကြောင်း ပြောနေစဉ် ရွှီချင်းက ဆိပ်ကမ်းလမ်းများပေါ် ရောက်နေပြီဖြစ်သည်။ နေဝင်ဖျိုးဖျအချိန်ရောက်နေပြီဖြစ်၍ လမ်းများပေါ်တွင် လူများ တဖြည်းဖြည်း နည်းပါးလာသည်။ ဆေးဆိုင်အများစုသည်လည်း ပိတ်ထားကြပြီဖြစ်၍ ရွှီချင်းက သူ၏လှေဆိုက်ကပ်ရာနေရာကို ပြန်လာလိုက်သည်။
သူ ပြန်ရောက်ပြီးနောက် မှော်လှေကို ချက်ချင်း မထုတ်သေးဘဲ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
ယမန်နေ့က ဤနေရာကို လူတစ်ယောက်က သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့သည်။ ထို့ကြောင့် ယနေ့ ပြန်ရောက်သောအခါ ရွှီချင်းက အသေးစိတ် လှည့်ပတ်ကြည့်ရှုပြီးနောက် ပင်လယ်ထဲကို အဆိပ်မှုန့်အနည်းအကျဉ်းပင် ပက်လိုက်သည်။ မူမမှန်သည့်အရာတစ်ခုမှ မရှိကြောင်း အတည်ပြုပြီးနောက် သူက မှော်လှေကို ထုတ်၍ အထဲဝင်လိုက်သည်။
မှော်လှေ၏အကာအကွယ်လွှာ ပေါ်လာသည့်အတွက်ကြောင့် အထဲတွင် ရှိနေသော ရွှီချင်းသည် အနည်းငယ် လုံခြုံသွားသလို ခံစားလိုက်ရသည်။
သူက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ချက်ချင်း မကျင့်ကြံသေးဘဲ တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်စဉ်းစားတွေးတောလိုက်သည်။
ခေါင်းဆောင်၏စိတ်ကို ဖောက်ထွင်း၍ သူ မမြင်နိုင်ပါသော်လည်း ခေါင်းဆောင်ပြောခဲ့သည့်စကားအားလုံးကို သူ မှတ်ထားသည်။ ခေါင်းဆောင် ပြောခဲ့သည့် စကားများက မှန်ကန်ကြောင်း သူ အလိုလို ခံစားမိနေသည်။
ကျန်းစန်းနှင့် ပတ်သက်၍ ထိုလူက သူ့ကို အနည်းငယ် ကြောက်လန့်နေသည့်အလား ခံစားချက်တစ်မျိုးမျိုး ဖုံးကွယ်ထားဟန်တူသည်ကို သူ အကြမ်းဖျင်း ခံစားမိသည်။
စွမ်းဆောင်မှုရမှတ်များ မရှိတော့သည့်အပြင် ထွက်ခွာမသွားနိုင်သော ဂိုဏ်းသားလည်း ရှိသေးသည်။ ထိုဂိုဏ်းသားသည် ကောင်းကင်ကြီးကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေရင်း အသတ်ခံလိုက်ရသည်။
ယနေ့ မြင်ခဲ့ရသည့်အရာများအရ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၏ ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်တွင် အသက်ရှင်နိုင်သော ဂိုဏ်းသားအများစုသည် ထင်သလောက် မရိုးရှင်းကြောင်း သူ နားလည်လာသည်။ လူတစ်ယောက်ကို အပေါ်ယံကြည့်၍ မဆုံးဖြတ်နိုင်ချေ။
ဥပမာအနေဖြင့် ခေါင်းဆောင် သို့မဟုတ် ကျန်းစန်းကို ရတနာမုဆိုးစခန်းတစ်ခုထဲ စေလွှတ်လိုက်ပါက ထိုစခန်းရှိလူအားလုံးကို အရုပ်ကလေးများသဖွယ် လှည့်စားကာ အသက်များကို နှုတ်ယူသွားကြမည် ဖြစ်သည်။
ရွှီချင်း၏အမြင်၌ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးက နောက်ထပ် တားမြစ်နယ်မြေတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် သူ ပြင်းပြင်းထန်ထန် ကျင့်ကြံရန် လိုအပ်သည်။
အထူးသဖြင့် ယနေ့မနက်ခင်းပိုင်းက သူ မြင်ခဲ့ရသော ခရမ်းရောင်တာအိုဝတ်ရုံဝတ်လူငယ်လေးအကြောင်းကို တွေးမိသောအခါတွင် ဖြစ်သည်။ ထိုလူငယ်လေးသည် ချီစုစည်းခြင်းအဆင့်သာ ရှိသေးသော်လည်း သူ၏အဆင့်အတန်းကြောင့် ဘေးပတ်လည်ရှိလူများက ခေါင်းငုံ့ထားကြရပေရာ သူတို့ကြားရှိ အဆင့်အတန်းကွာခြားချက်ကို ရွှီချင်း နားလည်သွားမိသည်။