← Chapters

အခန်း (၇၄၁-၇၄၅)

Vol. 40 Ch. 741-745

အခန်း (၇၄၁-၇၄၅)

Vol. 40 Ch. 741-745

Chapter 741

"ဘယ်သူလဲ"

စုန့်ဟန် အလွန်ဒေါသထွက်သွားသည်။သူစကားပြောဆိုနေစဥ်တွင် မည်သူကကြားဖြတ်၍ နှောက်ယှက်ဝံ့သနည်း။

သို့ရာတွင် သူ လုယွီကို မြင်တွေ့မိသော အချိန်တွင် စုန့်ဟန်၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက ဟန်မဆောင်နိုင်တော့ဘဲ လတ်လတ်ဆတ်ဆတ်နာကျင်လာသကဲ့သို့ပင် ခံစားမိသည်။

အပြင်စည်းတပည့်ရွေးချယ်ပွဲတွင် သူ လုယွီ၏ရိုက်နှက်ခြင်းကို ခံခဲ့ရသည်အား အမှတ်ရနေဆဲပင်။

ထိုအချိန်တုန်းက သူ၏နတ်ဘုရားစမ်းရေအိုင် အက်ကွဲသွားပြီး ကျင့်ကြံဆင့်ပင် ဆုတ်လျော့သွားခဲ့သည်။ကံကောင်းထောက်မစွာဖြင့် သူ၏ဖခင်တွင် ထိပ်တန်းအဆင့်ဆေးလုံးတစ်လုံးရှိနေလေရာ သူ၏ဒဏ်ရါများအား ပြန်လည်ကောင်းမွန်လာစေသည်။

စုန့်ဟန်က အေးစက်စက် နှာမှုတ်လိုက်၏။

"မင်းမှာ လှည့်စားနိုင်တဲ့စွမ်းအားမျိုး ရှိနေလို့ ဒီစကါးမျိုးပြောနိုင်တာမလား...ကောင်းကင်နန်းတော်ပြိုင်ပွဲလိုနေရာမျိုးမှာ မင်းလိုကောင်က ဘာမှအရာမဝင်ဘူး"

လုယွီက တည်ငြိမ်စွာ ပြောဆိုလေသည်။

"အနည်းဆုံးတော့ ငါ မင်းကိုရိုက်နှက်နိုင်တယ်လေ...ဒါက လုံလောက်ပြီ"

စုန့်ဟန်က ကူကယ်ရာမဲ့ပုံဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။

"အခုက ပြိုင်ပွဲကျင်းပနေတဲ့အချိန်နော်...အအြင်ဘက်မှာ အကြီးအကဲတွေအများကြီး စောင့်ကြည့်နေတယ်....မင်းက ဂိုဏ်းတူခြင်းကို ထိခိုက်အောင်လုပ်ရဲလား"

"တကယ်လို့ မင်းပါးစပ်ကို ပိတ်မထားဘူးဆိုရင်....ဂိုဏ်းတူတယ်ဆိုတဲ့အချက်ကို ငါ ဂရုစိုက်နေမှာမဟုတ်ဘူး"

လုယွီ၏မျက်နှာအမူအယာသည် ပြောင်းလဲခြင်းမရှိသော်လည်း သူ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအရိပ်အယောင်များ ထင်ဟပ်နေသည်။

စုန့်ဟန်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူက ထပ်မံ၍စကားမဆိုဝံ့တော့ဘဲ တိတ်တဆိတ်နောက်ဆုတ်လိုက်တော့သည်။

ထိုအချိန်မှာပင် ချိုသာသောမွှေးရနံ့တစ်ခုက လုယွီ၏နှာခေါင်းဝအါး လာရောက်၍ကလူကျီစယ်နေသည်။

လုယွီက လှည့်ကြည့်လိုက်ရာတွင် အစိမ်းရောင်ကြာပွင့်ထက်မှဆင်းလာပြီး သူထံသို့ လျှောက်လှမ်းလာသော ကျီးချန်ယွီအား တွေ့မြင်မိ၏။

သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။လှိုဏ်ခေါင်းအတွင်း၌ သူမသည် စိတ်ဝိညာဥ်စွမ်းအားထောက်ပံမှုကိုအလုံအလောက်ရရှိခဲ့သဖြင့် အစောပိုင်းဥာဏ်အလင်းပွင့်နယ်ပယ်သို့ပင် ချိုးဖျက်ဝင်ရောက်နိုင်ရန် အချိန်သိပ်မလိုတော့ချေ။

သို့ရာတွင် ကျီးချန်ယွီက သူမ၏မှော်စွမ်းအားများကို ကောင်းစွာဖုံးကွယ်ထား၏။သာမာန်ကျင့်ကြံသူများသည် သူမ၏ကျင့်ကြံဆင့်ကို ထွင်းဖောက်၍မြင်နိုင်မည်မဟုတ်ဘဲ လုယွီနှင့်ပိုင်ဆုချင်သာလျှင် တွေ့မြင်သွားသည်။

ပိုင်ဆုချင်၏မျက်နှာက ပြုံးယောင်သန်းနေသော်လည်း သူမက စကားပြောဆိုခြင်းမရှိပေ။

"ဂုဏ်ယူပါတယ်"

လုယွီက ပြောဆိုလိုက်၏။

ကျီးချန်ယွီက ရယ်ပြုံးပြီး လုယွီကို ဦးညွှတ်၍ အရိုအသေပြုလိုက်သည်။

"ချန်ယွီက အကိုလုကို အရမ်းကျေးဇူးတင်ပါတယ်...တကယ်လို့ အကိုလုကသာ မကူညီခဲ့ရင်...ချန်ယွီ အဆင့်ချိုးဖျက်နိုင်မှာမဟုတ်ဘူး"

ကျီးချန်ယွီသည် မူလကတည်းက အလွန်လှပချောမောသူဖြစ်ပေ၏။တောင်ပိုင်းစွန့်ပစ်ကုန်းမြေရှိ သမင်ဖြူကျောင်းတော်မှ လုရွှမ်အာပင်လျှင် ကျီးချန်ယွီ၏အလှအား မယှဥ်နိုင်ချေ။

ယခုလက်ရှိအချိန်တွင် သူမ၏မျက်နှာထက်မှ အပြုံးကြောင့် ကျီးချန်ယွီသည် နဂိုထက်ပို၍ လှပနေပေ၏။

"ဒီဂျူနီယာညီမလေးကို ငါ အရင်က မတွေ့ဖူးပါဘူး...ဘယ်တောင်ထိပ်ကပါလိမ့်"

ရုတ်တရက် ကြမ်းကြမ်းတမ်းတမ်းအသံတစ်သံ ထွက်ပေါ်လာသည်။ယန်ကျင်းက ကျီးချန်ယွီထံသို့ ရောက်လာခြင်းပင်။

ကျီးချန်ယွီ၏မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားသော်လည်း သူမက နူးညံသိမ်မွေ့စွာ ပြောဆိုလိုက်၏။

"ကြယ်တာရာတောင်ထိပ်က ကျီးချန်ယွီက စီနီယာကို နှုတ်ဆတ်ပါတယ်"

ယန်ကျင်း၏မျက်လုံးများ တောက်ပသွားသည်။

"ဒါဆို မင်းက အကြီးအကဲရှင်းရဲ့တပည့်ပေါ့...ငါ့ရဲ့နာမည်က ယန်ကျင်း...ငါ့အဖေက အကျဥ်းထောင်တောင်ထိပ်ရဲ့မဟာအကြီးအကဲလေ...ငါတို့တောင်ထိပ်က မင်းတို့ကြယ်တာရာတောင်ထိပ်ရဲ့နောက်ဘက်မှာရှိတယ်....ဟိတ်...ငါတို့နှစ်ယောက်က အိမ်နီးချင်းတွေပဲ"

ယန်ကျင်းက သူ့ကိုယ်သူ မိတ်ဆက်ပေးနေစဥ်၌ သူ့ဖခင်၏အဆင့်အတန်းကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းပြောဆိုခဲ့သည်။သူ၏ဖခင်သည် မြင့်မြတ်သော သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။အမျိုးသမီးတိုင်းလိုလို ယန်ကျင်း၏မိသားစုအတွင်းသို့ဝင်ရန် ဆွဲဆောင်မှုကို ငြင်းပယ်နိုင်စွမ်းမရှိကြချေ။

ယန်ကျင်း၏အမြင်အရ ကျီးချန်ယွီသည် သူ့အတွက် သင့်တော်သော တာအိုလက်တွဲဖော်ဖြစ်နိုင်ပေ၏။သူမသည် အလွန်အမင်းလှပချောမောရုံသာမက အရည်အချင်းလည်း ပြည့်ဝသည်။သို့မဟုတ်ပါက သူမအား တပည့်အဖြစ် အကြီးအကဲရှင်းက လက်ခံမည်မဟုတ်ချေ။

"ဂျူနီယာညီမလေးကျီး...မင်း ငါ့နောက်ကိုလိုက်ခဲ့ပါလား...ငါက မင်းကို ထိပ်တန်းဆယ်ယောက်ထဲဝင်နိုင်အောင် ကူညီပေးပြီး နတ်ဘုရားအလင်းတန်းရရစေမယ်"

ယန်ကျင်းက အခိုင်အမာယုံကြည်ထားပုံဖြင့် ပြောဆိုလေ၏။ကျီးချန်ယွီ သဘောတူညီမည်ဟု သူ ယုံကြည်ထားသည်။

"ကျွန်မအတွက်မလိုအပ်ပါဘူး...စီနီယာအကိုကြီး"

ကျီးချန်ယွီက နူးညံသိမ်မွေ့စွာပြုံးရင်းမှ သူမ၏ဖြူသွယ်သောလက်လေးဖြင့် လုယွီ၏လက်မောင်းအား ဆုပ်ကိုင်လိုက်၏။

"ကျွန်မက အကိုလုနဲ့အတူရှိနေရရင် အဆင်ပြေပြီ"

ဘာ...

ယန်ကျင်းက သူ၏နားကိုပင် သူ မယုံကြည်နိုင်တော့ချေ။

သူက လုယွီအားတစ်ချက်ကြည့်လိုက်သည်။သူ လုယွီ၏ကျင့်ကြံဆင့်ကို ထွင်းဖောက်၍ မမြင်နိုင်ချေ။

ဖြစ်နိုင်ချေတစ်ခုက လုယွီသည် သူထက်အဆများစွာ သန်မာနေခြင်းဖြစ်ပြီး တခြားတစ်ခုမှာ လုယွီ၏ကျင့်ကြံဆင့်သည် အလွန်နိမ့်ပါးနေခြင်းပင်။

ယန်ကျင်းက သူ၏စိတ်အတွင်းမှနေ၍ ပထမအချက်ကိုသာ ရွေးချယ်လိုက်သည်။သူ၏စိတ်နှလုံးသားအတွင်း၌ သူသာလျှင် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ပေ၏။

"မင်းမှာ အမြင်ကောင်း မရှိတာလား...အဲ့ဒီအမှိုက်ကောင်က ဘာအသုံးဝင်လို့လဲ"

ယန်ကျင်းသည် သူ ငြင်းဆန်ခံလိုက်ရခြင်းအား လက်ခံနိုင်ခြင်းမရှိပေ။

Chapter 742

ကျီးချန်ယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။

"ရှင် ဘယ်သူကို အမှိုက်ကောင်လို့ ခေါ်လိုက်တာလဲ"

ယန်ကျင်း တခြားမည်သို့ပင်ပြောဆိုနေပါစေ သူမ လက်ခံနိုင်သည်။သို့ရာတွင် လုယွီအား စော်ကားသည်ကိုတော့ သူမ လက်မခံနိုင်ချေ။

ယန်ကျင်းက သူ၏ပါးစပ်ကိုဖွင့်ဟ၍ စကားပြောရန်ဟန်ပြင်လိုက်စဥ်မှာပင် ကျောက်တုံးစင်မြင့်၏အထက်ကောင်းကင်ယံသည် ရွှေရောင်တောက်ပလာပေ၏။

ထိုရွှေရောင်အလင်းတန်းသည် ကောင်းကင်ယံမှနေ၍ တိမ်တိုက်များကိုဖြတ်သန်းကာ ကျောက်တုံးစင့်မြင့်ပေါ်သို့ကျရောက်လာပြီး စင်မြင့်တစ်ခုလုံးလင်းလက်တောက်ပနေသည်။

ကောင်းကင်နန်းတော်ပြိုင်ပွဲ တတိယအဆင့် စတင်လေပြီ။

စင်မြင့်ပေါ်၌ နတ်ဘုရားအလင်းတန်းဆယ်ခုသာရှိသည်။

ဆိုလိုသည်မှာ စင်မြင့်ပေါ်ရှိလူအားလုံးသည် ဆယ်ယောက်သာကျန်ရှိသည်အထိ တိုက်ခိုက်ရပေမည်။ထိုသူများသည် သူတို့၏စိတ်ဆန္ဒအရအရှုံးပေးခြင်းမဟုတ်ပါက ကျောက်တုံးစင်မြင့်ပေါ်မှ လွင့်ကျလာခြင်းအပြင် ရှုံးနိမ့်ပါက သေဆုံးသည်အထိပင်ဖြစ်နိုင်သည်။

ဘန်း...ဘန်း...ဘန်း...

အလင်းရောင်တန်းများ ကျဆင်းလာသည်နှင့် လူအများက စတင်လှုပ်ရှားလိုက်ကြ၏။

သူတို့က ပစ်မှတ်ကောင်းကို ကြိုတင်ရှာဖွေထားပုံရသည်။ပြိုင်ပွဲစပြီး အချိန်တခဏအတွင်းမှာပင် တစ်စုံတစ်ယောက်သည် သတိလွတ်ကင်းသွားသဖြင့် လူတချို့၏တိုက်ခိုက်ခြင်းခံရပြီး ကျောင်တုံးစင်မြင့်ပေါ်မှ လွင့်ကျသွားတော့သည်။

ကျောက်တုံးစင်မြင့်၏ပြင်ပ၌ လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်အားလှိုင်းတစ်ရပ် ရှိပုံရသည်။စင်မြင့်ပေါ်မှ ပြုတ်ကျလာသော လူများအားလုံးသည် ချက်ချင်းပင် ကမ္ဘာငယ်လေး၏ပြင်ပသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။

အမှန်အားဖြင့် ကမ္ဘာငယ်ပြင်ပသို့ပို့ဆောင်ခံလိုက်ရခြင်းသည် ကောင်းကင်နန်းတော်ပြိုင်ပွဲတွင် ရှုံးနိမ့်သွားပြီဟု ဆိုလိုသည်။

"လာတာ ကောင်းတယ်"

ယန်ကျင်းသည် တစ်စုံတစ်ယောက်က သူ့အနားသို့ ချဥ်းကပ်လာခြင်းကို မြင်ချိန်တွင် သူ၏ဓားကို ဆွဲထုတ်လိုက်၏။

ဝှစ်...

ပြင်းထန်သော ဆေဘာဓားချီက ယန်ကျင်း၏ဓားမှထွက်သွားပြီး ရောက်ရှိလာသူထံ တိုးဝင်သွားသည်။

မြေပြင်ပေါ်ရှိဖုန်မှုန့်များလည်း ထိုဓားချီနှင့်အတူ ကပ်ပါသွားပြီး လေဆင်းနှာမောင်းတစ်ခုသဖွယ် ထိုလူအား ရစ်ပတ်လိုက်၏။

"ဒီနေရာက ထွက်သွားစမ်း"

ယန်ကျင်း၏ဓားလှိုင်းမှ ဖြစ်ပေါ်လာသော လေဆင်နှာမောင်းကြီးသည် ထိူလူအား ကျောက်တုံးစင်မြင့်အောက်သို့ ဆွဲချသွားတော့သည်။

စုန့်ဟန်က လက်ခုပ်လက်ဝါးတီးပြီး အော်ဟစ်လိုက်၏။

"အကိုယန်က တကယ်တော်တာပဲ...ကြည့်ကြစမ်း...စီနီယာအကိုယန်ရဲ့ခွန်အားကို မြင်ကြလား"

အမှန်တရားကိုမသိကြသော တခြားတပည့်များကလည်း စတင်၍လက်ခုပ်တီးလိုက်ကြသည်။

လုယွီက မျက်မှောင်ကြုတ်နေပေ၏။ယန်ကျင်း၏ဓားချက်သည် စိတ်ကုန်ဖွယ်ကောင်းအောင်ပင် ရိုးစင်းနေသည်။ထိုဓားချက်သည် ခုတ်ပိုင်းခြင်းမပြုဘဲ လေဆင်နှာမောင်းအဖြစ်နှင့် လူကိုအဝေးသို့ သယ်ဆောင်သွားသည်။

ဓားချက်ကိုကြည့်ရသည်မှာ လှပသော်လည်း အမှန်တိုက်ခိုက်ရာတွင်မူ အသုံးမဝင်နိုင်ပေ။

ဤသည်က ဓားနည်းစနစ်မဟုတ်ချေ။ထို့ထက်မက ဓားကိုပင် အရှက်ခွဲခြင်းဖြစ်သည်။

ယန်ကျင်းက ရုတ်တရက် လုယွီမျက်မှောင်ကြုတ်နေခြင်းကို မြင်မိသဖြင့် ဒေါသတကြီးအော်ငေါက်လိုက်၏။

"မင်းက ဘာသဘောမတွေ့တာ ရှိလို့လဲ"

စုန့်ဟန်က ခနဲ့တဲ့တဲ့ ပြောဆိုလေသည်။

"စီနီယာအကိုယန်...အဲ့ဒီလိုလူစားမျိုးနဲ့ ဘာလို့ငြင်းခုံနေမှာလဲ...အကိုယန်ရဲ့ဆေဘာဓားနည်းစနစ်က အရမ်းနက်နဲသိမ်မွေ့တယ်...သူက အဲ့ဒါကို နားလည်သဘောပေါက်အောင်ကြိုးစားနေတာလို့ ကျွန်တော်ထင်တယ်"

"ဟမ့်...တကယ်လို့ သူက နှစ်တစ်ရာကျော်အောင်ကြိုးစားရင်တောင်...ငါ့ဓားချက်ရဲ့နက်နဲသိမ်မွေ့မှုကို နားလည်မှာမဟုတ်ဘူး"

ယန်ကျင်းက မောက်မာစွာပြောဆိုလိုက်၏။

သူ၏အသံသည် အလွန်ကျယ်လောင်နေပြီး သူက ကျီးချန်ယွီ၏အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်။

ကံဆိုးစွာဖြင့် ကျီးချန်ယွီသည် သူ့အား အာရုံစိုက်မှု တစိုးတစိမျှမရှိသဖြင့် သူ ကြိုးစားအားထုတ်ခဲ့သမျှအားလုံး အလဟဿဖြစ်သွားပေ၏။

အချိန်က အဆက်မပြတ် စီးဆင်းနေသည်။

ကျောက်တုံးစင်မြင့်ပေါ်မှ အရင်ဆုံးမောင်းထုတ်ခံလိုက်ရသူများသည် မည်သည့်နောက်ခံစွမ်းအားမျှ မရှိကြသူများပင်။သူတို့သည် အုပ်စုဖွဲ့နေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် သတိထား၍ စောင့်ကြပ်နေကြသည်။သူတို့အားလုံးက အချိန်တခဏအတွင်းမှာပင် တခြားအင်အားစုများ၏မောင်းထုတ်ခြင်း ခံလိုက်ရ၏။

ထို့နောက် အင်အားစုငယ်များ အလှည့်သို့ ရောက်ရှိလာသည်။

ဤအချိန်တွင် တချို့လူများသည် လင်ရှောင်းဂိုဏ်းအား လာရောက်၍တိုက်ခိုက်ကြသော်လည်း ယန်ကျင်း၏မောင်းထုတ်ခြင်း ခံကြရသည်။

"စီနီယာအကိုယန်ရဲ့ အံ့ဖွယ်စွမ်းရည်တွေက တကယ့်ကို အမြင်ကျယ်စေတယ်...စီနီယာက ကျွန်တော့်ကို နတ်ဘုရားအလင်းတန်းရအောင် ကူညီပေးဖို့ ကျွန်တော်မျှော်လင့်တယ်"

စုန့်ဟန်က ယန်ကျင်းအား အသနားခံပြောဆိုလိုက်၏။

ယန်ကျင်းက အလေးမစိုက်ဟန်ဖြင့် ပြောဆိုလေသည်။

"ဘာမှစိုးရိမ်မနေနဲ့...မင်း ငါ့နောက်ကိုလိုက်နေသမျှ ကာလပတ်လုံး...မင်းလိုချင်တာမှန်သမျှ ရစေရမယ်...ယင်လော့သခင်လေးနဲ့လုဝူယာဆိုတဲ့ကောင်တွေက ငါ့ရဲ့အမြင်အရတော့ အသုံးမကျတဲ့အမှိုက်ကောင်တွေပဲ...သူတို့ ငါ့ရဲ့ ဆေဘာစွမ်းရည်ကို မြင်ပြီးသွားတဲ့အချိန်ကျရင် အရည်အချင်းမြင့်မားတယ်ဆိုတဲ့သူတွေထက် ပိုပြီးမြင့်မားတဲ့သူရှိနေတယ်ဆိုတာ သူတို့သိသွားလိမ့်မယ်"

အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းပြီးချိန်ခန့်အကြာတွင် အင်အားစုငယ်များအားလုံးလည်း ဖယ်ထုတ်ခြင်းခံလိုက်ရ၏။

အလယ်ပိုင်းကုန်းမြေရှိထိပ်သီးအင်အားစုများသာလျှင် စင်မြင့်ပေါ်၌ မတ်တတ်ရပ်ကျန်နေရစ်တော့သည်။

လုမိသားစုနှင့်ယင်လော့ဂိုဏ်းဘက်ခြမ်းတွင် မည်သည့်တိုက်ခိုက်မှုမျှမရှိချေ။

မည်သူထံတွင်မျှ လူလွန်မသားနှစ်ကောင်ကို ရန်စရဲသည့်သတ္တိမရှိချေ။

ယန်ကျင်းသည် အလွန်ပင်စိတ်ကြီးဝင်နေပြီး သူ၏စွမ်းရည်ကို ကောင်းကင်ဘုံနယ်မြေမှသူများ သတိပြုမိစေလိုသည်။ထို့ကြောင့် သူက ခြေတစ်လှမ်းရှေ့တိုးပြီး သူ၏ဓားဖြင့် လုမိသားစုဘက်သို့ ချိန်ရွယ်လိုက်သည်။

"လုဝူယာ...ဒီနေရာကိုထွက်လာစမ်း"

Chapter 743

ကျောက်တုံးစင်မြင့်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းက ယန်ကျင်းကို ထိတ်လန့်တကြားကြည့်နေကြပြီး သူ့၏အဆင့်အတန်းကို ခန့်မှန်းနေကြ၏။

သူ၏မူလဇစ်မြစ်က မည်သည့်နေရာကဖြစ်သနည်း။

ကျောက်တုံးစင်မြင့်ပေါ်ရှိလူအများစုသည် လုဝူယာ၏နာမည်ကို သိထားကြပြီး သူနှင့်ထိပ်တိုက်မတွေ့ရန် ဆုတောင်းနေကြသည်။

လုဝူယာအား စိန်ခေါ်ဝံ့သောသူ ရှိနေသလော။

ယန်ကျင်းသည် တခြားသူများ၏အကြည့်များကို အာရုံစူးစိုက်ခြင်းမရှိဘဲ ထီမထင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။

"မင်း ထွက်လာခဲ့စမ်း...အစစ်အမှန်ပါရမီရှင်က ဘယ်လိုလူမျိုးလဲဆိုတာ ငါ မင်းကို ဒီနေ့သိခွင့်ပေးမယ်"

သူ၏အရှိန်အဝါသည် အားကောင်းနေသဖြင့် သူ့အားစောင့်ကြည့်နေကြသူတချို့မှာ ရှေ့မတိုးဝံ့ကြချေ။

ထိုလူများ၏အမူအယာများသည် ယန်ကျင်း၏မျက်လုံးအတွင်း၌ ရောင်ပြန်ဟပ်နေသည်။ယန်ကျင်းက ပို၍ပင် သွေးနားထင်ရောက်လာပေ၏။လူများရှေ့သို့ မတိုးဝံ့ကြခြင်းမှာ သူ၏ခွန်အားကို ကြောက်ရွံနေခြင်းကြောင့်ဟု သူ အခိုင်အမာယုံကြည်ထားသည်။

"စီနီယာအကိုယန်...ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ဘက်က လုဝူယာနော်...ပိုပြီးသတိထားပါ"

စုန့်ဟန်က စိုးရိမ်ပူပန်နေပေ၏။

ယန်ကျင်းက အမှုမထားဟန်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"သူတို့က ငါရဲ့အစစ်အမှန်ခွန်အားကို မသိကြသေးဘူး...လုမိသားစုရဲ့ ခွေးမသားက ဘာပါရမီရှင်လဲ...အဲ့ဒီကောင်က ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"

သူ၏စိတ်အတွင်း၌ အနိုင်ရမည်ဟု ခိုင်မာသောယုံကြည်ချက်သာ ရှိနေသည်။

သို့ရာတွင် လုမိသားစုဘက်တွင် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပြီး မည်သူကမျှ သူ့အား အာရုံစိုက်ခြင်းမရှိပေ။

"လုဝူယာ...မင်းထွက်လာပြီး ငါနဲ့မတိုက်ခိုက်ရဲဘူးလား"

ယန်ကျင်းက အော်ဟစ်လိုက်၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး လူအားလုံး၏အကြည့်များက ယန်ကျင်းထံ၌သာ ကျရောက်နေသည်။

"ဟီး ဟီး ဟီး ဟီး. .."

အနီရောင်ယွန်းဝေါယာဥ်ပေါ်မှနေ၍ လှောင်ပြောင်ရယ်မောသံကြီး ပွင့်အံထွက်လာသည်။

"အကြီးအကဲပိုင်....မင်းတို့လင်ရှောင်းဂိုဏ်းကလူတွေက ဒီလိုပဲရယ်ဖို့ကောင်းလား"

လုဝူယာ၏အသံက ဝေါယာဥ်ထက်မှနေ၍ ထွက်ပေါ်လာသည်။

"နံပါတ်ဆယ့်တစ်ကျွန်...သူ့ကိုသွားပြီး တိုက်ခိုက်လိုက်စမ်း"

ရုတ်တရက် ဝေါယာဥ်အောက်၌ ဒူးထောက်နေသော ကျွန်တစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။

ဘာ....

ကျွန်တစ်ယောက်က ယန်ကျင်းနှင့်ရင်ဆိုင်မည်လော။

ယန်ကျင်းက ချက်ချင်းပင် အနိုင်ကျင့်အရှက်ခွဲခံရသကဲ့သို့ ခံစားမိသည်။သူ၏စိတ်နှလုံးသားတစ်ခုလုံး ရှက်ရွံခြင်းနှင့်ဒေါသများဖြင့် ပြည့်နှက်လာပေ၏။

"ငါက မင်းကိုစိန်ခေါ်တာလေ...ကောင်းပြီလေ...မင်းက ငါ့ကိုရှုံးနိမ့်ပြီး မင်းရဲ့ဂုဏ်သတင်းပျက်စီးမှာကို ကြောက်နေတာကိုး...ဒါကြောင့် မင်း ထွက်မလာရဲတာ...ဟမ့်...ငါ ဒီနေ့ မင်းကိုအခွင့်အရေး မပေးနိုင်ဘူး...ငါက လုမိသားစုကလူတွေအားလုံးကို ငါတစ်ယောက်တည်းနဲ့ မောင်းထုတ်ပစ်မယ်"

ယန်ကျင်းက သရော်တော်တော် ပြောဆိုလိုက်သည်။

နံပါတ်ဆယ့်တစ်ကျွန်က အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။

"မင်း စတိုက်ခိုက်တော့"

လုမိသားစုမှလူများသည် ယန်ကျင်းအား မျက်လုံးထဲပင်မထည့်ခြင်းမှာ သိသာထင်ရှားသည်။

ယန်ကျင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းလို ကျွန်ကောင်ကများ...ဒီနေရာမှာ စကားဝင်ပြောဖို့ အဆင့်ရှိလို့လား"

စကားဆုံးသည်နှင့် ယန်ကျင်းက သူ၏ဓားရှည်ကိုဝှေ့ယမ်းလိုက်ရာတွင် ပြင်းထန်သောဆေဘာဓားချီများက လေပြင်းနှင့်အတူ နံပါတ်ဆယ့်တစ်ကျွန်ထံ တိုးဝင်သွားသည်။

နံပါတ်ဆယ့်တစ်ကျွန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

"ငါက လုမိသားစုရဲ့ကျွန်တစ်ယောက်ဆိုပေမယ့်...ငါက သခင်လေးရဲ့သီးသန့်ကျွန်တစ်ယောက်...မင်းက ငါ့ကို လာပြီးဝေဖန်လို့မရဘူး"

နံပါတ်ဆယ့်တစ်ကျွန်က တီးတိုးရေရွတ်ပြီးနောက် ချက်ချင်းပင် သူ၏လက်သီးကို ယန်ကျင်းထံဦးတည်၍ ဝှေ့ယမ်းလိုက်၏။

ဝုန်း

ပြင်းထန်သောအားလှိုင်းများသည် ဒီရေအလားတိုးဝင်လာပြီး ယန်ကျင်းသည် သူ၏လက်မောင်းနာကျင်လာခြင်းကို ခံစားမိသည်။

ဒေါင်....ဒေါင်...

ယန်ကျင်း၏လက်အတွင်းရှိဓား အဝေးသို့ လွင့်စင်သွားသည်။

သူသည် လက်သီးတစ်ချက်ကြောင့် မြေပြင်နှင့်အပြင်းအထန်ရိုက်ခတ်မိပြီး မီတာလေးဆယ်ခန့်အကွာအဝေးသို့ လွင့်ထွက်သွားပေ၏။

လင်ရှောင်းဂိုဏ်းမှလူက လုမိသားစု၏ကျွန်တစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့ရသလော။

ယန်ကျင်းက ရုန်းကန်၍ မတ်တတ်ထရပ်လိုက်၏။သူ၏ကိုယ်တွင်းအင်္ဂါများပင် ထုံကျင်နေခြင်းကို သူ ခံစားမိသည်။သူ လှုပ်ရှားလိုက်သည့်အချိန်တိုင်း အသည်းကြွေလုမတက်နာကျင်မှုကို ခံစားနေရ၏။

"မင်း ဘယ်လိုမှော်နည်းစနစ်တွေ အသုံးပြုတာလဲ....ဘာလို့ မင်းက ဒီလေါက်ထိ အစွမ်းထက်နေရတာလဲ"

ယန်ကျင်းက မယုံကြည်နိုင်မှုများဖြင့် အော်ဟစ်လိုက်သည်။

အကျဥ်းထောင်တောင်ထိပ်၌ ယန်ကျင်းအားယှဥ်ပြိုင်နိုင်သူမရှိချေ။တခြားတောင်ထိပ်မှတပည့်များနှင့် လက်ရည်စမ်းလျှင်လည်း ယန်ကျင်းသာလျှင် မကြာခဏအနိုင်ရခဲ့သည်။

သို့ရာတွင် သူမသိသော အကြောင်းအရင်းမှာ သူတစ်ချိန်လုံးအနိုင်ရနေရခြင်းမှာ သူ၏ဖခင်သည် မဟာအကြီးအကဲတစ်ယောက်ဖြစ်နေခြင်းကြောင့်ပင်။

သူ၏ကိုယ်ပိုင်စွမ်းအားသည် တခြားလူငယ်ပါရမီရှင်များကို ယှဥ်ပြိုင်နိုင်စွမ်းမရှိချေ။

Chapter 744

ယန်ကျင်း၏စကားကိုကြားချိန်တွင် နံပါတ်ဆယ့်တစ်ကျွန်က မျက်မှောင်ကြုတ်နေပေ၏။

"မင်း ငါ့ကို လေးလေးစားစားဆက်ဆံတာ ပိုကောင်းလိမ့်မယ်"

နံပါတ်ဆယ့်တစ်ကျွန်၏အသံက တည်ကြည်လေးနက်သွားသည်။

"လုမိသားစုရဲ့ငယ်သားက မင်းတို့စော်ကားလို့ရတဲ့လူမျိုးမဟုတ်ဘူး...မင်းရဲ့ခွန်အားအကုန်အစင်ထုတ်ပြီး ငါ့ကိုတိုက်ခိုက်စမ်းပါ"

"ကောင်းပြီလေ...မင်းက ငါ့ရဲ့ခွန်အားကိုမြင်ချင်တာလား...ဟမ့်...ငါက မင်းအသက်ကိုချမ်းသာပေးမလို့ ရည်ရွယ်ထားတာ...ဒါပေမယ့် မင်းက ကိုယ့်သေတွင်းကို ကိုယ်တူးနေမယ်လို့ ငါ ထင်မထားမိဘူး"

ယန်ကျင်းက ဒေါသတကြီးဖြင့် ရယ်မောလိုက်၏။

သူက ရုတ်တရက် သူ၏ရင်ဘတ်အား သူ့လက်ဖြင့် ပြန်ပုတ်လိုက်ရာ သွေးတစ်လုတ်အန်ထွက်လာသည်။

သူ၏ခန္ဓာကိုယ်မှ ထိုသွေးစက်များ ထွက်သွားချိန်တွင် ယန်ကျင်း၏မျက်နှာ အနည်းငယ်ဖြူဖျော့သွားသည်။

သို့ရာတွင် သူ၏အားနည်းနေခြင်းသည် ယာယီသာဖြစ်ပြီး အချိန်တခဏအတွင်းမှာပင် သူ၏အော်ရာသည် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းအောင် မြင့်တက်လာသည်။

"လာခဲ့စမ်း...ငါ့ရဲ့ခွန်အားကို ပြရသေးတာပေါ့"

ယန်ကျင်း၏အသံက အနည်းငယ်အက်ရှရှဖြစ်နေပေ၏။

ယန်ကျင်းကိုကြည့်ရသည်မှာ မှော်သားရဲတစ်ကောင် ဟိန်းဟောက်နေခြင်းနှင့် တူညီနေသည်။

"မင်းက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်တာလား...ဟမ့်..."

နံပါတ်ဆယ့်တစ်ကျွန်က မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။

"တွေးကြည့်စမ်းပါအုံး....မင်းက ငါနဲ့ရင်ဆိုင်ဖို့ လျှို့ဝှက်နည်းစနစ်ကိုတောင် အသုံးပြုရတယ်...ငါကလည်း ပြန်တုံ့ပြန်ရမှာပေါ့"

နံပါတ်ဆယ့်တစ်ကျွန်က ရုတ်တရက် သူ၏လက်ညှိုးကို ကိုက်ဖောက်ပြီး သူ၏နဖူးအားပြန်တို့ထိလေသည်။

ထိုသွေးစက်များသည် သူ၏နဖူးပေါ်၌ ဆေးမင်ကြောင်ထိုးထားသကဲ့သို့ စွဲထင်နေပြီး တဖြည်းဖြည်းပျံ့နှံ့လာကာ နောက်ဆုံး၌ အရိုးစုပုံစံ ဖွဲ့စည်းသွားသည်။

ခရက်.....ခရက်....

အရိုးများရွေ့လျားသံထွက်ပေါ်လာပြီးနောက် မူလက အရပ်နိမ့်သော နံပါတ်ဆယ့်တစ်ကျွန်သည် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် မီတာဝက်ခန့် အရပ်ပိုမြင့်လာသည်။

သူ၏ခန္ဓာကိုယ်မှကြွက်သားများလည်း ဖောင်းကြွလာပြီး အဝတ်အစားများပင် ပွင့်အံပြဲထွက်သွားပေ၏။

"လာခဲ့စမ်း"

နံပါတ်ဆယ့်တစ်ကျွန်သညိ ခြေဆောင့်နင်းလိုက်ရာ ကျောက်တုံးစင်မြင့်ပေါ်၌ နက်ရှိုင်းသောချိုင့်ရာကြီး ထင်ကျန်ရစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် နံပါတ်ဆယ့်တစ်ကျွန်၏အရှိန်နှုန်းသည် လျှပ်ပြက်သကဲ့သို့ လျှင်မြန်လာပြီး သူက ဖျတ်ခနဲ ယန်ကျင်းရှေ့သို့ ရောက်ရှိလာသည်။

"လေပြင်း ဓားသွား"

"တစ္ဆေအမျက်ဒေါသလက်သီး"

မှော်မန္တန်နှစ်ခု ဖီလာဆန့်ကျင် ထိတွေ့မိရာတွင် ရလဒ်အား မည်သူမျှခန့်မှန်းမရချေ။

ယန်ကျင်း၏ဓားချက်သည် ခွန်အားပြည့်ဝပုံပေါ်သော်လည်း နံပါတ်ဆယ့်တစ်ကျွန်၏လက်သီးချက်အောက်တွင် စက္ကူပြားတစ်ချပ်ကဲ့သို့ဖြစ်သွားသည်။မည်သည့်ခုခံတားဆီးနိုင်စွမ်းမျှမရှိဘဲ ယန်ကျင်း၏မှော်စွမ်းအားများ ကျိုးပျက်သွားပေ၏။

ဝုန်း....

ခပ်အုပ်အုပ်အသံနှင့်အတူ ယန်ကျင်း အနောက်သို့ လွင့်ထွက်သွားသည်။

ဤတစ်ကြိမ်တွင် ယန်ကျင်းသည် ပို၍ပင်အရှက်ရသွား၏။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြမ်းပြင်အတွင်း၌ နစ်ဝင်နေပြီး လှုပ်ရှားနိုင်စွမ်းမရှိတော့ချေ။

"သူက လက်သီးတစ်ချက်ကိုတောင် ခံနိုင်ရည်မရှိဘူးပဲ"

နံပါတ်ဆယ့်တစ်ကျွန်၏နှုတ်ခမ်းထောင့် တွန့်ကွေးနေပြီး ယန်ကျင်းအား အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

"ဒီလေါက်ခွန်အားနဲ့များ...သခင်လေးရှေ့မှာလာပြီး အော်ဟစ်နေရဲတယ်...တကယ့်ကို မောက်မာနေတဲ့ကောင်ပဲ"

"နံပါတ်ဆယ့်တစ်ကျွန်...သူ့ခြေထောက်တစ်ဖက်ကို ဖြတ်ခဲ့စမ်း"

ဝေါယာဥ်မှနေ၍ ညစ်ထပ်ထပ်ရယ်မောသံတစ်သံ ထွက်ပေါ်လာပြီး အမိန့်ပေးလိုက်၏။

"အမိန့်အတိုင်းပါ သခင်လေး"

နံပါတ်ဆယ့်တစ်ကျွန်က ယန်ကျင်းထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလေသည်။

ဝှစ်....

မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ နံပါတ်ဆယ့်တစ်ကျွန်သည် သူ၏သိုလှောင်အိတ်အတွင်းမှ ဓားတစ်ချောင်းကိုထုတ်ယူပြီး ယန်ကျင်း၏ခြေထောက်ကို ဖြတ်တောက်လိုက်၏။

"အား....အား...အား..."

ယန်ကျင်းက စူးရှနာကျင်စွာ အော်ဟစ်နေရသည်။

သူက ကျင့်ကြံသူတစ်ယောက်ဖြစ်နေလျှင်ပင် နာကျင်မှုကို ခံစားမိ၏။သူ၏ခြေထောက်တစ်ဖက်ကို ဖြတ်တောက်ခြင်းခံလိုက်ရသဖြင့် ပြင်းထန်သောနာကျင်မှုက သူ့အား မိန်းမောသတိလစ်သွားစေလုနီးပါးပင်။

"သူဆီက လက်မောင်းတစ်ဖက်ထပ်ယူလိုက်...သူ့ပါးစပ်ကို ရွှံစေးနဲ့ပိတ်ပြီး သူ့ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်လိုက်တော့"

လုဝူယာက ဆက်လက်၍ အမိနိ့ပေးနေသည်။

နံပါတ်ဆယ့်တစ်ကျွန်သည် သစ္စာရှိပြီးအမိန့်နာခံသူတစ်ယောက် ဖြစ်ပေ၏။သူက လုဝူယာ၏စကားလုံးတိုင်းအား အကြွင်းမဲ့နာခံသည်။သူ၏လက်အတွင်းရှိဓားအား ယန်ကျင်း၏လက်မောင်းကို ချိန်ရွယ်၍လှုပ်ရှားလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ဓားတစ်လက်ကတိုးဝင်လာပြီး ဟန့်တားလေသည်။

"လုဝူယာ...ကျေးဇူးပြုပြီး ငါ့မျက်နှာကိုထောက်အုံး...အရမ်းကြီးလွန်မလာနဲ့"

ပိုင်ဆုချင်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။

နံပါတ်ဆယ့်တစ်ကျွန်၏မျက်လုံးများ အေးစက်တင်းမာသွားပြီး သူက တိုက်ခိုက်ရန် ဟန်ပြင်လေသည်။

"ဓားချလိုက်တော့"

ဝေါယာဥ်၏ခန်းဆီး ရုတ်တရက်မြောက်တက်သွားပြီး လုဝူယာက ပြင်ပသို့ ထွက်လာသည်။

"အမှန်တော့ ငါက ဒီအမှိုက်ကောင်နဲ့ အငြင်းမပွါးချင်ပါဘူး...ပိုင်ဆုချင်...မင်းနဲ့မင်းရဲ့တပည့် ဖန်ရှို့ယွင်....မင်းတို့နှစ်ယောက်ကြောင့် ငါ ဒီနေရာကို လာခဲ့တာပဲ"

လုဝူယာက သူ၏နှုတ်ခမ်းကိုလျှာဖြင့်သပ်ပြီး ဆွဲဆောင်မှုအပြည့်ဖြင့် ပြောဆိုလိုက်၏။

"တကယ်လို့ မင်းတို့နှစ်ယောက်က ငါ့ရဲ့ကြင်ယာတော်တွေလုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင်...ငါ မင်းတို့ကို နတ်ဘုရားအလင်းတန်းပေးမယ်"

Chapter 745

"ငါ သဘောတူမယ်လို့ နင်ထင်လား"

နှင်းပွင့်ကဲ့သို့ဆွတ်ဆွတ်ဖြူနေသော ဝတ်စုံကို ဝတ်ဆင်ထားသော ပိုင်ဆုချင်၏အသံက တည်ငြိမ်အေးဆေးနေဆဲပင်။

လုဝူယာက ပိုင်ဆုချင်အား ခြေဆုံးခေါင်းဆုံး ကြည့်နေပေ၏။

"ပြဿနာမရှိပါဘူး...ငါ့ရဲ့မိန်းကလေးတွေ အများစုက အရင်တုန်းက အတော်ခေါင်းမာတဲ့သူတွေချည်းပဲ...ဒါပေမယ့် နောက်ဆုံးကျတော့ သူတို့က ရေထဲရောက်သွားတဲ့ ငါးလေးတွေလို ပျော်ရွှင်သွားကြတာပဲ...မင်းလည်း ပျော်ရွှင်သွားမှာပါ"

"တကယ်လို့ ဒီနည်းလမ်းကိုအသုံးပြုပြီး ငါ့ရဲ့စိတ်ကိုလှုပ်ရှားစေမယ်ဆိုရင်တော့...နင် ကျရှုံးသွားပြီ"

ပိုင်ဆုချင်က တည်ငြိမ်စွာ ပြောဆိုနေပြီး သူမ၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင် တစိုးတစိမျှရှိမနေချေ။

လုဝူယာက အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏မျက်လုံးများက ကြိုးကြာဖြူတောင်မှ တပည့်မများထံသို့ ကျရောက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် လုဝူယာ၏အကြည့်က ကျီးချန်ယွီထံ အရောက်၌ ရပ်တန့်သွားပေ၏။

ကျီးချန်ယွီသည် ချောက်နက်ကြီးအတွင်းမှ ထွက်လာပြီးနောက် လုယွီ၏နောက်၌သာ ဆက်၍နေနေသည်။

သူမ၏မျက်နှာပေါ်၌ မျက်နှာလွှားဇာကိုတပ်ဆင်ထားသော်လည်း သူမ၏ကျော့ရှင်းပြေပြစ်သော ကိုယ်နေဟန်ထားအား ဖုံးကွယ်ထား၍မရချေ။

လုဝူယာ ပို၍အာရုံစိုက်မိသွားသည်မှာ ကျီးချန်ယွီ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ပင်။

ထိပ်တန်းအဆင့်ခန္ဓာကိုယ်ဖွဲ့စည်းပုံပိုင်ရှင်များကသာ ဤကဲ့သို့အော်ရာမျိုး ပိုင်ဆိုင်ပေ၏။

လုမိသားစုမှလူများသည် ယင်ယန်နှစ်မြွှာကျင့်စဥ်ကို ကျင့်ကြံလေ့ရှိသည်။လုမိသားစု၏ ကောင်းကင်ဘုံချီးမြှောက်ခံ လုဝူယာသည် အလယ်ပိုင်းကုန်းမြေတစ်ခုလုံးမှ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသော အမျိုးသမီးများကို စုဆောင်းထားသည်။

သို့ရာတွင် ကျီးချန်ယွီ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးအား သူ မည်သည့်အချိန်ကမျှ မြင်တွေ့ဖူးခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။

"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"

လုဝူယာက ကျီးချန်ယွီအားကြည့်ပြီး မေးမြန်းလေသည်။

ကျီးချန်ယွီက လုဝူယာ၏မေးခွန်းကို ပြန်လည်ဖြေဆိုခြင်းမပြုဘဲ လုယွီအနားသို့ပို၍တိုးကပ်ပြီး မတ်တတ်ရပ်နေသည်။

"ဟား ဟား ဟား...မင်းက ငါနဲ့စကားမပြောချင်ဘူးလား...ငါ အစက မင်းတို့လင်ရှောင်းဂိုဏ်းကို အရင်ဆုံးဖယ်ထုတ်ဖို့ ကြံရွယ်ထားခဲ့တာ...ဒါပေမယ့် အခုတော့ ငါ နောင်တရသွားပြီ...မင်းတို့ အဆုံးထိ စင်ပေါ်မှာရှိနေတာ ပိုကောင်းလိမ့်မယ်"

စကားဆုံးသည်နှင့် လုဝူယာက လင်ရှောင်းဂိုဏ်းဝင်များရှိနေသောနေရာမှ ထွက်ခွါသွားတော့သည်။

လင်ရှောင်းဂိုဏ်းမှတပည့်များ စိတ်သက်သာရာရသွားကြ၏။

ကျွန်တစ်ယောက်ပင်လျှင် အလွန်အစွမ်းထက်နေပါက လုဝူယာ မည်မျှထိအစွမ်းထက်နေသနည်း။

အကယ်၍ သူတို့သာ လုမိသားစုနှင့်တိုက်ခိုက်ရပါက အနိုင်ရရှိနိုင်မည့် အခွင့်အရေးမရှိသည်မှာ သေချာပေ၏။

ထိုအချိန်မှာပင် စုန့်ဟန်က ယန်ကျင်းကို ကြမ်းပြင်ရှိချိုင့်နက်ကြီးအတွင်းမှ အလျှင်အမြန် ထူမလိုက်သည်။

"မဟုတ်သေးဘူး....ဆေးပညာကိုတက်ကျွမ်းတဲ့သူမရှိဘူးလား...စီနီယာအကိုယန် ဒဏ်ရါရထားတယ်လေ....မင်းတို့အားလုံး ကန်းနေကြတာလား"

စုန့်ဟန်က ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး အော်ဟစ်လိုက်၏။

ကြိုးကြာဖြူတောင်သည် ဆေးပညာလမ်းစဥ်ကို လေ့ကျင့်ရာ၌ နာမည်ကျော်ကြားသည်။သို့ရာတွင် ဤအခြေအနေတွင် မည်သည့်တပည့်မမျှ ရှေ့ထွက်လာခြင်းမရှိဘဲ ယန်ကျင်းအား အထင်သေးသောအကြည့်များဖြင့်သာ စိုက်ကြည့်နေကြ၏။

စုန့်ဟန်က ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ကျေးဇူးကန်းတဲ့ ဝံပုလွေလိုဟာတွေ...စီနီယာအကိုယန်က မင်းတို့ရှေ့ကိုထွက်ရပ်ပြီး ကာကွယ်ပေးခဲ့တာလေ...ဘာလို့ မင်းတို့ ထွက်လာပြီး မကူညီကြတာလဲ"

ယန်ကျင်းသည် လုဝူယာအား အရင်သွားရောက်၍ စိန်ခေါ်သည်မှာ သိသာထင်ရှားလှ၏။

လူတိုင်းက လုဝူယာသည် ဤလူငယ်မျိုးဆက်တွင် ထိပ်သီးပါရမီရှင်တစ်ယောက်ဖြစ်ပြီး မဆင်မခြင်စိန်ခေါ်သင့်သောသူမျိုး မဟုတ်ခြင်းကို သိထားကြသည်။

သို့ရာတွင် စုန့်ဟန်၏အမြင်၌ အကယ်၍ တစ်စုံတစ်ယောက်ကသာ ယန်ကျင်းအား ကုသပေးခြင်းမရှိပါက ထိုသူများအား ကျေးစွပ်တက်သောလူစားမျိုးများဟု သူ ယူဆထားသည်။

"ငါ ဆေးပညာကို ကောင်းကောင်းတက်ကျွမ်းတယ်...စီနီယာအကိုကြီးယန်ကို ငါ ကုသပေးမယ်"

ရုတ်တရက် အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

သူမက ဝူရွှင်းယွင်ပင်။သူမသည် ရှယီရှန်းဟူသော အမှီအတွယ်ကို ဆုံးရှုံးလိုက်ရ၏။ယခုအချိန်၌ သူမအတွက် ထောက်ပံပေးနိုင်သူအားရှာရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။

"စီနီယာအကိုယန်...ကျွန်မက ဝူရွှင်းယွင်ပါ....."

ဝူရွှင်းယွင်က ရှေ့တိုးပြီး သူမကိုယ်သူမ မိတ်ဆက်ရန်ကြိုးပမ်းလေ၏။

သို့ရာတွင် ယန်ကျင်းသည် နာကျင်မှုအထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။သူက ဝူရွှင်းယွင်၏အပိုစကားများကို နားထောင်လိုစိတ်မရှိဘဲ အော်ငေါက်လိုက်သည်။

"မင်း ငါ့ကို မြန်မြန်သာ ကုသပေးစမ်းပါ"

"ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့"

ဝူရွှင်းယွင်၏မျက်နှာထက်၌ မျက်နှာချိုသွေးလိုသောအပြုံးများ ပြည့်နှက်နေသည်။

သူမက ကြိုးကြာဖြူတောင်၏မှော်ပညာကိုအသုံးပြုပြီး ပြတ်တောက်သွားသော ယန်ကျင်း၏ခြေထောက်ကို ပြန်ဆက်လိုက်၏။

ယန်ကျင်းက သူကိုယ်သူကာကွယ်၍ ဆင်ခြေပေးပြောဆိုလေသည်။

"အဲ့ဒီကျွန်က ငါ့ကိုလှည့်စားပြီး သူ့ရဲ့သက်တမ်းကိုယုတ်လျော့စေမယ့် လျှို့ဝှက်နည်းစနစ်ကို သုံးသွားတယ်...အရူးတစ်ကောင်ပဲ....ငါက ငါ့ခွန်အားရဲ့သုံးပုံတစ်ပုံကိုပဲ အသုံးပြုလိုက်ရတယ်...တကယ်လို့ ငါသာ ခွန်အားအကုန်အစင်အသုံးပြုမယ်ဆိုရင်...သူ သေသွားမှာ"

ဝူရွှင်းယွင်က ချက်ချင်းပင် အပြုံးနှင့်တုံ့ပြန်ပြောဆိုလိုက်၏။

"စီနီယာအကိုယန်ရဲ့ အထင်ကြီးစရာအရည်အချင်းတွေကို အလယ်ပိုင်းကုန်းမြေတစ်ခုလုံး သိထားပြီးသားပါ...အဲ့ဒီကောင်က စီနီယာရဲ့ပြိုင်ဘက် ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

"မင်းကို အမှန်အတိုင်းပြောပြရရင်...ငါက နတ်ဘုရားအလင်းတန်းအတွက် တိုက်ခိုက်လိုစိတ်မရှိဘူး...လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ငါ့ကို ကောင်းကင်ဘုံနယ်မြေမှာနေတဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက်က တပည့်အဖြစ် လက်ခံပြီးသား...အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်က ငါ့ရဲ့အရည်အချင်းကို သဘောကျလို့ သူ့ရဲ့တပည့်အဖြစ်ရွေးချယ်ခဲ့တာ...ဟီး ဟီး...ငါကလည်း သဘောတူလိုက်တယ်လေ"

Thank For Reading.

All Chapters