မူရုန်ဝမ်ကျန်း
Vol. 10 Ch. 115
လီရွှယ်အာသည် စိတ်ထဲတွင် အလွန်မပျော်မရွှင်ဖြစ်နေခဲ့၏။
ဒေါသထွက်သည်အထိပင်ဖြစ်နေ၏။
လော့ထျန်ကို မိုးတိမ်ဂိုဏ်းမှ လူများ အနိုင်ကျင့်သည့်အချိန်ကတည်းက သူမစိတ်ထဲတွင် မပျော်မရွှင်ဖြစ်ခဲ့ရ၏။ ထို့နောက် လန်ဟန်ရွှမ်းက သူမ၏ကတိကို မတည်သောကြောင့် ပို၍ပင် မပျော်မရွင်ဖြစ်ရ၏။ ချန်ထျန်းယောင်၏စွမ်းအားကြောင့် လော့ထျန် အကျပ်အတည်းတွေ့ရသည့်အခါ သူမပို၍ မပျော်ရွှင်ဖြစ်ခဲ့ရပြီး နောက်ဆုံးတွင် လျူချန်ဖုန်း၏ ကောက်ကျစ်ပြီးယုတ်မာသည့်နည်းလမ်းများက သူမ၏ သည်းခံနိုင်စွမ်းကို ပျက်စီးစေခဲ့သည်။
သူမအဖို့ ယနေ့တွင် စိတ်မပျော်မရွှင်ဖြစ်စေသောအရာများ အလွန်များပြားလွန်းလှသည်။
ထို့ကြောင့် သူမဒေါသထွက်ခဲ့ရ၏။
သို့သော် သူမဒေါသထွက်သည့်အခါ မျက်နှာအမူအရာသိပ်မပြောင်းလဲသောကြောင့် မသိသာခဲ့ပေ။
သူမ၏တစ်သက်တာလုံးတွင် ဒေါသထွက်ခဲ့သည်မှာ ဤတစ်ကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်မြောက်သာရှိသေး၏။
ပထမအကြိမ်က သူမ၏မိသားစုမှ လူအချို့က သူမ၏ဆန္ဒမပါဘဲ စေ့စပ်ကိစ္စစီစဉ်ခဲ့သည့်အချိန်ဖြစ်၏။ ဤအရာက သူမကိုအလွန်စိတ်မပျော်ရွှင်ဖြစ်စေခဲ့သောကြောင့် သူမသည် သူတို့နှင့် စကားမပြောဘဲ တစ်သက်တာလုံး အဆက်ဖြတ်ထားရန်ရည်ရွယ်ခဲ့၏။
ယနေ့က ဒုတိယအကြိမ်မြောက်ဖြစ်၏။
သူမ၏ဒေါသသည် လော့ထျန်ကြောင့်ဖြစ်၏။
လော့ထျန်သည် သတိလစ်နေသော်လည်း သူ၏စိတ်သည် အလွန်ကြည်လင်နေ၏။ လီရွှယ်အာ ပြောလိုက်သည့်စကားများကို ကြားလိုက်ရသောအခါ သူသည် အပြုံးပန်းဝေနေခဲ့၏။
သူသည် အလွန်ပျော်ရွှင်နေခဲ့သည်။
ဟဲချန်ကောင်းသေဆုံးသွားသည်နှင့်တစ်ပြိုင်နက် မိုးတိမ်ဂိုဏ်းမှတပည့်များသည် ချက်ချင်းပြေးသွားခဲ့ကြ၏။
လီရွှယ်အာသည် မျက်နှာအမူအရာမပြောင်းလဲဘဲ သူတို့ကို အေးစက်စက်ကြည့်လိုက်ပြီး “တစ်ယောက်မှ အသက်ရှင်လျက် မထားနဲ့”
ချက်ချင်းဆိုသလိုပင်...
ကောင်းကင်တွင် ဓားသံများ ပေါက်ကွဲထွက်ပေါ်လာ၏။
ထို့နောက်...
မရေတွက်နိုင်သော ဓားစွမ်းအင်များသည် လေပွေကဲ့သို့ စုစည်းကာ လည်ပတ်နေကြ၏။ ဓားစွမ်းအင်များအားလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသကဲ့သို့ရှိ၏။
ပတ်လည်တွင် ပျံဝဲနေသော မရေမတွက်နိုင်သော ဓားစွမ်းအင်များ၏ အလယ်ဗဟိုတွင် ဓားမည်းတစ်လက်ရှိ၏။
ဓားသွားသည် သံချေးတက်နေသည်။ ထိုသံဓားသည် နှစ်ပေါင်းများစွာကြာအောင် ပိတ်လှောင်ခံထားရသကဲ့သို့ရှိပြီး ထက်မြက်သည့်အစွန်းများမရှိပေ။
သို့သော်...
ထိုဓားမည်းသည် လီရွှယ်အာ၏ အမိန့်ကို ကြားသည့်အခါ ကောင်းကင်သို့ ပိုမိုမြင့်တက်သွားပြီး ပေါက်ကွဲထွက်သွားသကဲ့သို့ရှိ၏။ ထိုမရေမတွက်နိုင်သော ဓားစွမ်းအင်များသည် ပစ်မှတ်ကို အာရုံခံနိုင်သောဒုံးပျံများကဲ့သို့ ပျံထွက်သွားကြသည်။
“အားးးး...”
“အားးးး...”
ဝမ်းနည်းကြေကွဲဖွယ်အော်ဟစ်သံများသည် ဆက်တိုက်ထွက်ပေါ်လာပြီး သွေးများက လေထဲတွင်ပွင့်လန်းကုန်၏။ ဤအရာကိုကြည့်နေသော လူတိုင်း၏စိတ်ဝိညာဉ်ထဲသို့ ကြောက်ရွံ့မှုများ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့၏။
မိနစ်အနည်းငယ်ကြာပြီးနောက်...
မိုးတိမ်ဂိုဏ်းမှ တပည့်ရာနှင့်ချီ၍ ဓားစွမ်းအင်များဖြင့် သေဆုံးသွားခဲ့ကြသည်။ သူတို့သည် ခုခံနိုင်စွမ်းမရှိဘဲ အလုံးစုံခြေမှုန်းခြင်းခံလိုက်ရ၏။
ထိုနောက်...
ဓားမည်းသည် ဖြည်းညှင်းစွာဆင်းသက်လာ၏။ ၎င်းဆင်းသက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ်စုံဝတ်ထားသော လူတစ်ဦးပေါ်လာခဲ့၏။
သူ့တွင် မည်သည့် အရှိန်အဝါ မှမရှိဘဲ သံဓာတ်ကဲ့သို့ အေးစက်နေပုံရ၏။ သူသည် လူမဟုတ်ဘဲ နှစ်ပေါင်းတစ်သောင်းကျော်ကြာအောင် ပိတ်လှောင်ခံထားရသည့် ဓားတစ်လက်သဖွယ်ဖြစ်နေ၏။ ထိုလူသည် အသက်ရှင်ကြောင်းပြသရန်အတွက် အသက်ရှူခြင်း၏ အရိပ်အယောင်မျှပင် မရှိပေ။
အနက်ရောင်ဝတ်စုံဝတ်ထားသော ထိုလူက ဒူးထောက်လိုက်ပြီး လေးစားစွာဖြင့် “သခင်မလေးကို ဂါရဝပြုပါတယ်။ ဓားကျွေးက နောက်ကျသွားလို့ သခင်မလေး ထိတ်လန့်သွားအောင်လုပ်မိပါတယ်”
လီရွှယ်အာသည် ထိုလူကို ညင်သာစွာပင့်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ “ဦးလေး ဓားကျွေး၊ ဦးလေးအချိန်မီရောက်လာတာပဲ”
အနက်ရောင်ဝတ်စုံဝတ်ထားသော ထိုလူက ထရပ်လိုက်ပြီး လီရွှယ်အာ၏ဘေးတွင် သဘာဝအတိုင်းရပ်လိုက်၏။ သူ၏အကြည့်သည် အသားအရောင်ဖျော့တော့နေပြီးအရှိန်အဝါ အားနည်းနေသည့် လန်ဟန်ရွှမ်းထံသို့ ရောက်ရှိသွား၏။ သူ၏မျက်လုံးများက အံ့အားသင့်သည့်အရိပ်အယောင်မပြသသလို သူ၏မျက်နှာတွင်လည်း မည်သည့်အမူအရာမှမရှိခဲ့ပေ။
လီရွှယ်အာသည် လော့ထျန်ရှိရာသို့ လျှောက်သွားလိုက်ပြီး ရပ်တန့်လိုက်၏။ သူမ၏မျက်လုံးများ ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး အသက်ရှူထုတ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်ကို လျှော့ချလိုက်ပြီးနောက် “ဦးလေး ဓားကျွေး၊ အစ်မကြီး ရွှမ်းကို ကျေးဇူးပြုပြီး သက်သာအောင်ကူညီပေးပါ”
သူမနောက်ဆုံးတော့ လွှတ်ချပေးရန် ဆုံးဖြတ်လိုက်ချေပြီ။
သို့သော်...
သူမ၏နှလုံးသားထဲတွင် အနည်းငယ်ဝေးကွာသွားမှု ပေါ်ပေါက်လာခဲ့ချေပြီ။
သူတို့၏ဆက်ဆံရေးသည် အရင်ကကဲ့သို့ ဖြစ်နိုင်တော့မည်မဟုတ်ပေ။
လန်ဟန်ရွှမ်းသည် ဤအချက်ကို နားလည်ထားသောကြောင့် သူမ၏ရင်ထဲတွင် ခါးခါးသီးသီးပြုံးလိုက်မိ၏။ သူမသည် ရင်ထဲတွင် သက်ပြင်းသာချနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် “ငါတကယ်ပဲ အဲဒီလိုမလုပ်သင့်ဘူး” ပြောလိုက်မိ၏။
ထိုသို့ပြောပြီးနောက် လီရွှယ်အာသည် လန်ဟန်ရွှမ်းကို လှည့်မကြည့်ဘဲ လော့ထျန်ရှိရာသို့ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။
ဖုန်းလေသည် လော့ထျန်ကို ပွေ့ထားနှင့်ပြီးဖြစ်ရာ စိုးရိမ်တကြီးလေသံဖြင့် “မရီး၊ ကျွန်တော့်ရဲ့ခေါင်းဆောင် အဆင်ပြေမှာပါနော်”
လော့မိသားစုဝင်အားလုံးက လီရွှယ်အာ ချဉ်းကပ်လာသည်ကို ကြည့်နေကြ၏။ သူတို့၏မျက်လုံးများတွင် လေးစားမှုများပြည့်နေသော်လည်း ကြောက်ရွံ့မှုအရိပ်အယောင်များလည်းရှိနေ၏။
ထိုအချိန်က သူတို့သည် ခရမ်းရောင်အဖွဲ့အစည်းအကြောင်းကို ဘာမှမသိခဲ့သော်လည်း ယနေ့တွင် သူတို့နားလည်စပြုလာခဲ့၏။
လီရွှယ်အာသည် စိုးရိမ်သောမျက်နှာထားဖြင့် လော့ထျန်၏ကိုယ်ခန္ဓာကို ဒဏ်ရာများရှိမရှိ ဂရုတစိုက်စစ်ဆေး၏။ ထို့နောက် သူမသည် မည်သည့်ဒဏ်ရာကိုမျှ ရှာမတွေ့တော့ဘဲ သူ၏မျက်နှာသည် နီရဲနေပြီး နှလုံးခုန်နှုန်းကလည်း မြန်နေသည်ကို သတိပြုမိ၏။ သူမကို စကားပင်မပြောနိုင်အောင်ဖြစ်စေသောအရာမှာ... လီရွှယ်အာသည် လော့ထျန်၏ရင်ဘတ်ပေါ်တွင် သူမ၏ညာလက်ကိုတင်၍ စစ်ဆေးကြည့်သည့်အခါ သူရင်ခုန်သွား၏။
ဒီ...
လီရွှယ်အာ၏မျက်နှာသည် ချက်ချင်းနီရဲသွားပြီး “ရှင်က လူယုတ်မာပဲ” ညင်သာစွာ ကျိန်ဆဲလိုက်၏။
သို့သော် သူမ၏စိတ်ကတော့ တည်ငြိမ်သွား၏။
လော့ထျန်၏ ခန္ဓာကိုယ်ထဲရှိ အပ်စိုက်သည့်နေရာများအားလုံး ပေါက်ကွဲသွားသည်ကို လီရွှယ်အာမသိခဲ့ပေ။ သူမ၏လက်ရှိအတွေးများမှာ လော့ထျန်တွင် ပြင်းထန်သောဒဏ်ရာများမရှိခြင်းသည် အားလုံးမြင်တွေ့ခဲ့ရသည့်အရာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ကို သူမနားမလည်ခြင်းပင်ဖြစ်၏။ ဤအရာသည် မည်သူမျှနားလည်နိုင်မည်မဟုတ်ပေ။ သို့သော် လော့ထျန်သည် သူမ၏အစ်ကိုကြီး လော့ထျန်ဖြစ်ကြောင်းကိုသာ သူမသိခဲ့၏။
သူသည် သန်မာထွားကြိုင်းပြီး တစ်ချိန်က သူမကိုလက်ထပ်မည်ဟု ပြောဖူး၏။ သူသည် သူမကို တစ်သက်တာလုံးကာကွယ်စောင့်ရှောက်မည့် အစ်ကိုကြီး လော့ထျန်ဖြစ်ချေသည်။
ဒီလောက်ပါပဲ။
လီရွှယ်အာ၏မျက်နှာအမူအရာသည် ပုံမှန်အတိုင်းပြန်ဖြစ်လာပြီး “စိတ်မပူပါနဲ့၊ အစ်ကိုကြီး လော့ထျန်အဆင်ပြေပါတယ်၊ သူအရမ်းပင်ပန်းသွားလို့ ဖြစ်ပါလိမ့်မယ်။ အနားယူပြီးရင် သူဘာသာသူ နိုးလာလိမ့်
မယ်”
“ဪ၊ ဟုတ်သားပဲ...”
“ဝတုတ်၊ အစ်ကိုကြီး လော့ထျန်ကို ငါ့အခန်းထဲ ခေါ်သွားလိုက်ပါ”
ဖုန်းလေသည် အံ့အားသင့်သွားပြီး “မရီး၊ သခင်လေးမှာ သူ့အခန်းရှိတာပဲ၊ ဘာလို့ သူ့ကိုမရီးရဲ့အခန်းထဲ ခေါ်သွားရမှာလဲ”
“စောက်ကောင်”
လော့ထျန်သည် စတင်ဆဲဆိုလိုက်ပြီး ထိုဝတုတ်၏ ဖင်ကိုကန်ပစ်ချင်စိတ်ပေါက်လာ၏။ “ဘာလို့များ မေးခွန်းတွေအများကြီးမေးနေရတာလဲ။ ငါ့ကိစ္စတွေကို စိတ်မဝင်စားဘဲ မင်းရဲ့ကိုယ်ပိုင်အရာတွေကိုပဲ စီမံလိုက် မင်းကိုပြောထားတဲ့အတိုင်း လုပ်လိုက် ဒီအဖေနိုးလာတဲ့အထိ စောင့်ကြည့်၊ မင်းကိုကောင်းကောင်း သင်ခန်းစာပေးမယ်”
လီရွှယ်အာ၏ပါးပြင်များ နီရဲလာပြန်ပြီး “ငါသူ့ကို ပြုစုပေးနိုင်အောင်လို့ပါ”
ဖုန်းလေသည် နောက်ဆုံးတွင် သဘောပေါက်သွားပြီးနောက် ရူးအမူးပြုံးလိုက်သည်။ “ကျွန်တော် နားလည်ပါပြီ”
ထိုသို့ပြောပြီးနောက်...
ဖုန်းလေသည် လော့ထျန်ကို အလွယ်တကူကောက်ယူလိုက်ပြီး လီရွှယ်အာ၏ခြံဝင်းအတွင်းသို့ စတင်လျှောက်လှမ်းသွားခဲ့၏။
လော့ထျန်သည် သူ၏စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသောအရာအချို့ကို စတင်စိတ်ကူးယဉ်နေခဲ့ချေပြီ။
လီရွှယ်အာသည် ထိုနေရာမှထွက်ခွာသွားစဉ် လန်ဟန်ရွှမ်းလဲကျသွားသည့်နေရာကို လှမ်းကြည့်လိုက်၏။ ဓားကျွေး မရှိတော့သည်ကို မြင်လိုက်ရသောအခါ သူမသည် “မင်းအဆင်ပြေပါစေလို့ ငါမျှော်လင့်တယ်” ရေရွတ်လိုက်၏။
ညနက်ပိုင်း၊ ရာသီဥတုက အနည်းငယ်အေးမြ၏။
လော့မိသားစုတွင် မီးများလင်းနေပြီး လူတိုင်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဖြင့် အလုပ်များနေကြ၏။
ကျောက်စိမ်းတောင်မြို့၏ မင်းမျိုးမင်းနွယ်များနှင့် မိသားစုကြီးများသည် လေးစားမှုကိုပြသရန်အတွက် လက်ဆောင်များနှင့်အတူ အဆက်မပြတ်လာရောက်ကြ၏။
လော့ထျန်၏လုပ်ရပ်များကို လူတိုင်းသိကြ၏။ ကျောက်စိမ်းတောင်မြို့ကို ကာကွယ်ရန်အတွက် သူသည် အသက်ကိုပဓာနမထားဘဲ တိုက်ခိုက်ခဲ့သည်။ သူလုပ်ဆောင်ခဲ့သည်ကို အချို့ကကျေးဇူးမတင်ကြသော်လည်း လော့ထျန်က မိုးတိမ်ဂိုဏ်းကို ပိတ်ဆို့ထားခြင်းမရှိခဲ့ပါက ကျောက်စိမ်းတောင်မြို့သည် လူသေမြို့ဖြစ်လာနိုင်ကြောင်း သူတို့နားလည်ထားကြ၏။
လူတိုင်းအံ့အားသင့်သွားသောအရာမှာ...
ကျိုးမိသားစုသည် လျင်မြန်စွာပစ္စည်းသိမ်းဆည်းပြီး အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းသွားခြင်းဖြစ်၏။ သူတို့သည် မြို့ပြင်သို့ အလျင်အမြန်ထွက်ခွာသွားသည်ကို တွေ့ရပြီး ဤတစ်သက်တွင် ကျောက်စိမ်းတောင်မြို့သို့ ပြန်လာတော့မည်မဟုတ်ပေ။
ကျိုးမိသားစု၏နယ်မြေများနှင့်ပတ်သက်၍ဆုံးယန်နန်သည် လော့မိသားစုမှတပည့်များကို ပထမဆုံးအကြိမ်အဖြစ် ချက်ချင်းစေလွှတ်ကာ အားလုံးကိုသိမ်းပိုက်ခဲ့ပြီး မည်သူကမျှ ကန့်ကွက်ရဲခြင်းမရှိခဲ့ပေ။
ကျူးမိသားစုတွင်မူ တစ်ဦးတစ်ယောက်မျှ ကျန်မနေတော့ပေ။
ကျူးမးသည် ထွက်ပြေးရန်ကြံရွယ်နေသော်လည်း ကျူးမိသားစုမှ တပည့်အုပ်စုတစ်စုက ဝိုင်းရံကာ ရိုက်နှက်သတ်ဖြတ်ခြင်းခံခဲ့ရ၏။
သူမ၏သေဆုံးခြင်းသည် အလွန်ဝမ်းနည်းဖွယ်ဖြစ်၏။
ကျူးမိသားစုမှတပည့်များသည် သူမကိုရိုက်နှက်သတ်ပစ်ခဲ့ကြသည်မှာ ဤအမျိုးသမီးသာမရှိခဲ့ပါက ထိုမျှလောက်ပြဿနာများ ဖြစ်လာမည်မဟုတ်ကြောင်းကို သူတို့ရှင်းရှင်းလင်းလင်းသိထားသောကြောင့်ဖြစ်၏။ ထို့အပြင် သူတို့သည် ယခုကဲ့သို့ လေလွင့်နေရတော့မည်မဟုတ်ချေ။
လက်ရှိ လော့မိသားစုသည် အပြည့်အဝပြန်လည်တည်ဆောက်နေခဲ့၏။
အကြောင်းမှာ...
လော့ထျန်သည် ယခုအခါ ကျောက်စိမ်းတောင်မြို့၏ အကြီးအကဲ၊ မည်သူမျှလှုပ်ခါ၍မရနိုင်သော ခေါင်းဆောင်ရာထူးဖြစ်နေသောကြောင့်ပင်တည်း။ လော့ထျန်မသေဆုံးသရွေ့နှင့် ခရမ်းရောင်အဖွဲ့အစည်းက ခိုင်မာနေသရွေ့ သူသည် ထာဝရအကြီးအကဲဖြစ်နေမည်ဖြစ်၏။
ကောင်းကင်တွင် ကြယ်များစုံနေစဉ် လီရွှယ်အာ၏ဝင်းပတ်လည်သည် အလွန်တိတ်ဆိတ်နေ၏။
ဖြတ်သွားသော တပည့်အချို့သည် လော့ထျန်၏ပြန်လည်ကောင်းမွန်လာမှုကို နှောင့်ယှက်မိမည်ကိုစိုးရိမ်သောကြောင့် ခြေဖျားထောက်၍ပင် သွားနေကြ၏။
ဝင်း၏အလယ်တွင်...
လီရွှယ်အာသည် မျက်နှာတွင် စိတ်အားထက်သန်သောအသွင်ဖြင့် တိတ်ဆိတ်စွာ ရပ်နေ၏။
သူမနှင့် သုံးမီတာအကွာတွင် အဖြူရောင်ဝတ်ထားသူတစ်ဦးရပ်နေ၏။ သူ၏မျက်နှာသည် မြင်ရသူများက ရှင်းရှင်းလင်းလင်းမမြင်နိုင်စေရန် ဖုံးကွယ်ထားသော နတ်ဘုရားတစ်ပါးကဲ့သို့ အနည်းငယ်မှုန်ဝါးနေပြီး သူ၏ကိုယ်ဟန်အနေအထားကပင်လျှင် သူသည် မည်သို့ပင်ဆိုစေ ထူးခြားသောပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောပြနေခဲ့၏။
မူရုန်ဝမ်ကျန်း
ကောင်းကင်ဓားမြို့၏ သခင်လေး၊ လူမျိုးနွယ်တွင် မပေါ်ပေါက်ဖူးသေးသည့် ပြိုင်ဘက်ကင်းသော ပါရမီရှင်နှင့် ဒဏ္ဍာရီလာနဂါးများ၏သွေးကို ပိုင်ဆိုင်ထားသူဖြစ်၏။
ထိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြ၏။
သူတို့သည် တစ်နာရီအပြည့်ကြာအောင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြချေသည်။
နောက်ဆုံးတွင်...
မူရုန်ဝမ်ကျန်းသည် ခပ်ဖျော့ဖျော့ရယ်မောလိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။
သူခြေတစ်လှမ်းတိုးလိုက်သည်နှင့်တစ်ပြိုင်နက် လီရွှယ်အာသည် နောက်သို့တစ်လှမ်းဆုတ်လိုက်ပြီး သူတို့နှစ်ဦးကြား သုံးမီတာအကွာအဝေးကို ထိန်းထားခဲ့၏။
မူရုန်ဝမ်ကျန်းသည် နောက်တစ်ကြိမ် ရယ်မောလိုက်သည်။ ထိုရယ်မောသံတွင် ရှက်ရွံ့မှုအနည်းငယ်နှင့် ဒေါသအနည်းငယ်ပါဝင်နေ၏။ ထို့နောက် သူက အေးစက်စက်ဖြင့် “ငါသူ့ကို သတ်ချင်တယ်”