ဝိညာဉ်တောင်တန်း၏ နက်ရှိုင်းသောနေရာ
Vol. 10 Ch. 117
မြို့တံခါးဝ၌။
“ဝတုတ်၊ မင်းကို နက်နဲ ဂုရုသခင်အဆင့်ရောက်ဖို့ ဆယ်လအချိန်ပေးမယ်။ ဆယ်လကြာရင် ကောင်းကင်ဓားမြို့တော်ရဲ့ နန်းတော်မှာ ငါတို့ဆုံကြမယ်” လော့ထျန်က သူ၏မျက်လုံးများတွင် အလေးအနက်ထားသော အသွင်ဖြင့် ပြောခဲ့ချေသည်။
သိုင်းပညာကျင့်ကြံသူတစ်ဦးအတွက် ဆယ်လတာအချိန်သည် မကြာမြင့်လှဘဲ ထိုအချိန်အတွင်း အဆင့်အနည်းငယ်တိုးတက်လိုခြင်းသည်ပင်လျှင် အလွန်ခက်ခဲလှ၏။ ဖုန်းလေသည် နက်နဲ ဆရာအဆင့် (၂) တွင်သာ ရှိသေးပြီး နက်နဲ ဂုရုသခင်အဆင့်မှ မိုင်ပေါင်း ၁၀၈,၀၀၀ ကွာဝေးနေသေးသည်ဟု ယူဆရ၏။
အချို့သော သိုင်းပညာကျင့်ကြံသူများအတွက်မူ သူတို့၏တစ်သက်တာလုံးတွင် နက်နဲ ဂုရုသခင်အဆင့်သို့ပင် မရောက်နိုင်ချေ။
သိုင်းလမ်းကြောင်းသည် ကြိုးစားအားထုတ်မှုတစ်ခုတည်းနှင့် မလုံလောက်ချေ။ အောင်မြင်ရန်အတွက် ပါရမီနှင့် ကံကောင်းသည့်တွေ့ဆုံမှုများလည်း လိုအပ်၏။
လော့ထျန်သည် ဆယ်လအတွင်း ကောင်းကင်ဓားမြို့တော်၏ နန်းတော်တွင် ဆုံတွေ့ရန် လိုချင်ရခြင်းမှာ အန်ချွင်းချွင်း၏မိခင်ကို ကယ်တင်ရန်ဖြစ်၏။
၎င်းသည် S-အဆင့် မစ်ရှင်ဖြစ်သောကြောင့် သူမည်သို့ပင်ဖြစ်စေ ပြီးမြောက်အောင်လုပ်ရမည်ပင်တည်း။
၎င်းတွင် ကြည်ညိုလေးစားမှု (၁၀,၀၀၀) ပါဝင်နေ၏။
သူသည် အန်ချွင်းချွင်းနှင့် သူလိုချင်သလိုလုပ်ရန် ကြံစည်နေသည်မဟုတ်ပေ။ လော့ထျန်က အန်ချွင်းချွင်း၏မိခင်သည်... သူမသည် မည်သို့ပင်ဖြစ်စေ မြေခွေးနတ်ဆိုးမျိုးနွယ်မှ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးဖြစ်ပြီး အိပ်ရာပေါ်တွင် သူ၏အသက်ကိုပင် ယူနိုင်သည့်အမျိုးသမီးတစ်ဦးဖြစ်၏။
လော့ထျန်၏စိတ်ထဲမှ တဏှာမီးသည် သတိလက်လွတ်ဖြင့် တောက်လောင်လာခဲ့ချေသည်။
ထို့အပြင်...
၎င်းသည် မစ်ရှင်တစ်ခုဖြစ်သည်ကို ဘေးဖယ်ထားလိုက်သော်လည်း ဤအရာသည် လော့ထျန်က အန်ချွင်းချွင်းအား သူမ၏မျက်နှာရှေ့တွင် ကတိပေးထားသောအရာဖြစ်သောကြောင့် မည်သို့ပင်အခက်အခဲရှိစေကာမူ သူအကောင်အထည်ဖော်ရမည်ပင်။
အကြောင်းမှာ သူတို့နှစ်ဦးသည် လက်ညှိုးချင်းချိတ်၍ ကတိပြုခဲ့ကြသည်ဖြစ်၏။
ထို့အပြင် ကြည်ညိုလေးစားမှု (၁၀,၀၀၀) က သူ့ကို မည်သည့်အရာ ပေးအပ်နိုင်သနည်း။
၎င်းသည် လူတစ်ဦးကို သဘောကျသည့်အသွင်ဖြင့် ကြည့်ရှုခြင်းကဲ့သို့ ရိုးရှင်းပါမည်လော။
လော့ထျန်သည် ၎င်းသည် ထိုမျှရိုးရှင်းမည်မဟုတ်ဟု ခံစားရ၏။ စနစ်၏ဆုလာဘ်သည် နက်နဲသည့်လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားပြီး အထူးအခြေအနေအချို့ကိုပင် ဖြစ်ပေါ်စေနိုင်သည်ဟု သူခံစားရသည်။
ဖုန်းလေသည် အလေးအနက်ထားသည့်ပုံစံဖြင့် ခေါင်းညိတ်ပြီး “စိတ်မပူပါနဲ့ ခေါင်းဆောင်၊ ကျွန်တော် ခေါင်းဆောင်ကို စိတ်ပျက်အောင်လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ခေါင်းဆောင်က ဘယ်ကိုသွားမှာလဲ။ ကျွန်တော် နောက်ကလိုက်လို့မရဘူးလား”
သူသည် လော့ထျန်မွေးဖွားလာသည့်အချိန်ကတည်းက ကာကွယ်ခဲ့ပြီး ဤဆယ်နှစ်ကျော်အတွင်း သူ၏ဘေးမှ မခွဲဖူးခဲ့ပေ။
ထိုနှစ်ဦးသည် သွေးသားရင်းအစ်ကိုများထက်ပင် ပို၍ရင်းနှီးကြ၏။
လော့ထျန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး “ငါတိုးတက်ဖို့ နည်းလမ်းရှာရမယ်၊ မင်းလည်းရှာရမယ်”
သူသည် အရေးတကြီး အဆင့်တက်လိုနေ၏။ ပို၍အားကောင်းလာလိုသည့် လော့ထျန်၏ဆန္ဒသည် ပို၍ပင် ကြီးမားလာခဲ့၏။
သုံးနှစ်ကြာပြီးနောက် သူသည် မူရုန်ဝမ်ကျန်းကို ကျော်ဖြတ်ရမည်။ သူသည် မူရုန်ဝမ်ကျန်းကို သူ၏ခြေအောက်တွင် နင်းချေပစ်ချင်၏။ ဤသည်မှာ သူ၏ကျိန်ဆိုမှုဖြစ်၏။
ဤသည်မှာ မူရုန်ဝမ်ကျန်း၏ ကျင့်ကြံမှုအဆင့် မည်မျှမြင့်မားသည်ကို မသိသော်လည်း လော့ထျန်၏ အစီအစဉ်ပင်တည်း။
ဖုန်းလေသည် ထပ်မံပြောဆိုရန် ကြံရွယ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလိုက်၏။ သူသည် ရူးသွပ်သောအပြုံးဖြင့် ပြုံးလိုက်ပြီးနောက် ခေါင်းကို အလေးအနက်ထားသည့်ပုံစံဖြင့် ညိတ်လိုက်၏။
သူသည် လော့ထျန်ကို လိုက်ချင်ခဲ့၏။
သို့သော် သူ၏ကျင့်ကြံမှုသည် လော့ထျန်၏ ခြေလှမ်းများကို လိုက်လျှောက်ရန် မလုံလောက်ဟု ခံစားရ၏။ သူသည် အသည်းအသန်လိုက်မီအောင် လုပ်ရမည်ဖြစ်ပြီး ဆယ်လအတွင်း နက်နဲ ဂုရုသခင်အဆင့် (၅) သို့ပင် ဝင်ရောက်နိုင်ကောင်းဝင်ရောက်နိုင်မည်ပင်တည်း။
လော့ထျန်သည် ဒူးထောက်လိုက်ပြီး အန်ချွင်းချွင်း၏ လှပသောပါးပြင်များကို ဆွဲညှစ်လိုက်သည်။ “ချွင်းချွင်း၊ မင်းငါပြန်လာတဲ့အထိ ဒီမှာ လိမ္မာစွာ စောင့်နေရမယ်။ ငါပြန်လာတာနဲ့ မင်းအမေကို ရှာဖို့ ခေါ်သွားမယ်”
အန်ချွင်းချွင်းက ချစ်စဖွယ်ခေါင်းညိတ်ပြီး “အစ်ကိုကြီး၊ ကျွန်မ လိမ္မာစွာနဲ့ အစ်ကိုကြီးပြန်လာဖို့ စောင့်နေပါ့မယ်”
လော့ထျန်သည် ပြုံးလိုက်ပြီးနောက်ဆုံးယန်နန်ဘက်သို့ လှည့်လိုက်သည်။ သူသည် အာကာသပြားတစ်ခုကို ထုတ်ယူကာ “အစ်ကိုကြီးဆုံး၊ ကျွန်တော် ချွင်းချွင်းနဲ့ လော့မိသားစုကို အစ်ကိုကြီးရဲ့ စောင့်ရှောက်မှုအောက်မှာ ထားခဲ့ပါ့မယ်။ ဒီအာကာသပြားထဲမှာ လော့မိသားစုအတွက် ပစ္စည်းအချို့ပါပါတယ်။ ဒါကြောင့် အစ်ကိုကြီးသင့်တော်တယ်ထင်တာကို လုပ်လိုက်ပါ”
စုန့်ရန့်နန်က ၎င်းကိုယူလိုက်ပြီး အတွင်းကို လှမ်းကြည့်လိုက်သောအခါ တုန်လှုပ်သွား၏။ ၎င်းတို့အားလုံး ကျောက်နင်များပင်တည်း။ “စိတ်မပူပါနဲ့၊ ကျွန်တော် ဒီကအရာအားလုံးကို ဂရုစိုက်ပါ့မယ်”
ညွှန်ကြားချက်များပေးပြီးနောက် လော့ထျန်သည် ကျန်ရှိသော လော့မိသားစုဝင်များကို ဆုံးဖြတ်ထားသည့်ပုံစံဖြင့် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် နောက်သို့လှည့်မကြည့်ဘဲ လှည့်ထွက်သွားခဲ့ချေသည်။
သူသည် နောက်သို့ မလှည့်ကြည့်ရဲခဲ့ပေ။
သူငိုမိမှာကို ကြောက်သောကြောင့်ပင်တည်း။
လော့ထျန်သည် အခါအားလျော်စွာ စိတ်ခံစားမှုပြင်းပြသူတစ်ဦးဖြစ်၏။
သူသည် ဤကဲ့သို့ ခွဲခွာခြင်းမျိုးကို အရင်ကလည်း ကြုံတွေ့ဖူးပြီး ၎င်းသည် သူ့အတွက် ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲသောအရာဖြစ်၏။
ဟုတ်ပါသည်။
ခွဲခွါမှုရှိလျှင် ပြန်လည်ဆုံဆည်းခြင်းလည်း ရှိလာမည်ဖြစ်သည်။
အချိန်သည် ကုန်ဆုံးသွား၏။
တစ်လသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ချေပြီ။
ဝိညာဉ်တောင်တန်း၏ အတွင်းပိုင်းအနက်ရှိုင်းဆုံးနေရာတွင် သိပ်သည်းသောအရွက်များရှိသည့် သစ်ပင်တစ်ပင်၏ထိပ်၌ တောရိုင်းတိရစ္ဆာန်နှင့်ဆင်တူသော မျက်လုံးတစ်စုံသည် မျက်တောင်မခတ်ဘဲ နေရာတစ်ခုကို စိုက်ကြည့်နေ၏။
တိတ်ဆိတ်စွာစောင့်ဆိုင်းနေ၏။
၎င်းသည် ကျားသစ်တစ်ကောင်က သူ၏သားကောင်ကို တိတ်တဆိတ်စိုက်ကြည့်နေသည့်ပုံစံနှင့် ဆင်တူ၏။
ထိုမျက်လုံးများ၏ ကြည့်နေသောလမ်းကြောင်းအတိုင်း ငါးဆယ်မီတာအကွာတွင် ကြီးမားသောနတ်ဆိုးသားရဲနှစ်ကောင်သည် အချင်းချင်းတိုက်ခိုက်နေကြ၏။
သူတို့တိုက်ပွဲ၏မြင်ကွင်းသည် အလွန်ရက်စက်ကြမ်းကြုတ်၏။
တိုက်ခိုက်နေသော ထိုနတ်ဆိုးသားရဲနှစ်ကောင်သည် သေသည်အထိတိုက်ပွဲဝင်နေသော နပန်းသမားနှစ်ဦးနှင့်တူသော်လည်း ထိုနှစ်ကောင်၏စွမ်းအားသည် ပုံမှန်နပန်းသမားထက် အဆတစ်သောင်းကျော် ပို၍အားကောင်းနေလိမ့်မည်။
“ဘုန်းးး”
“ဘုန်းးး”
သူတို့သည် နှစ်နာရီကျော်ကြာအောင် တိုက်ခိုက်နေခဲ့ကြပြီး ကောင်းကင်သည် မှောင်တော့မည်ဖြစ်၏။
ထိုနတ်ဆိုးသားရဲနှစ်ကောင်သည် နောက်ဆုံးတွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားပြီး အသက်ရှူမှားနေကြ၏။ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေရင်း သူတို့၏နေရာတွင် ရပ်နေခြင်းသာဖြစ်၏။
နတ်ဆိုးသားရဲများနှင့် လူသားများသည် အချို့သောရှုထောင့်များတွင် ဆင်တူကြ၏။
သူတို့နှစ်ဦးစလုံးသည် သူတို့၏ကျင့်ကြံမှုကို တိုးတက်လိုကြသော်လည်း နတ်ဆိုးသားရဲများသည် သွေးစွမ်းအင်ကို စုပ်ယူရ၏။ လော့ထျန်၏ရှေ့တွင် အဆင့် (၅) နတ်ဆိုးသားရဲနှစ်ကောင်ရှိပြီး ၎င်းတို့သည် စွမ်းအားသန့်သန့်ကို အားကိုးသည့်အမျိုးအစားများဖြစ်၏။
ထိုနတ်ဆိုးသားရဲနှစ်ကောင်သည် အဆင့်တက်ရန်အတွက် တစ်ဦး၏သွေးစွမ်းအင်ကို တစ်ဦးက စုပ်ယူလိုကြ၏။
နှစ်နာရီကြာအောင် တိုက်ခိုက်ပြီးမှသာလျှင် တစ်ဖက်လူသည် မရိုးရှင်းကြောင်း သူတို့သဘောပေါက်ခဲ့ကြ၏။
ထိုနတ်ဆိုးသားရဲနှစ်ကောင်သည် တစ်ဦးကိုတစ်ဦး အားသာချက်မရနိုင်တော့သောကြောင့် ဆက်လက်တိုက်ခိုက်ရန် မရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ဒဏ်ရာများသည် အချိန်ကြာလာသည်နှင့်အမျှ ပို၍ဆိုးရွားလာမည်ကို သူတို့သိထားသောကြောင့်ဖြစ်၏။
သူတို့သည် သူတို့၏ပြိုင်ဘက်ကို သတ်နိုင်ခဲ့လျှင်ပင် သူတို့ကိုယ်တိုင်လည်း ကြာကြာအသက်ရှင်နိုင်မည်မဟုတ်ပေ။
ဝိညာဉ်တောင်တန်း၏ အတွင်းပိုင်းအနက်ရှိုင်းဆုံးနေရာတွင် အစွမ်းထက်သော နတ်ဆိုးသားရဲများ အလွန်များပြားလွန်းလှ၏။ တစ်စုံတစ်ဦး ဒဏ်ရာရသွားပါက အခြားနတ်ဆိုးသားရဲတစ်ကောင်က အခြေအနေကို အခွင့်ကောင်းယူပြီး ထိုနေရာတွင်ပင် ဝါးမြိုပစ်နိုင်သည်မှာ ဖြစ်နိုင်ချေများ၏။
ထိုနှစ်ကောင် ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သောအခါ လော့ထျန်သည် မပျော်မရွှင်ဖြစ်သွားပြီး “အိုး ရှစ်၊ စုတ်ပြတ်
သတ်နေတာပဲ ငါဒီကနေ အခွင့်ကောင်းရဖို့ မျှော်လင့်နေတာကို” မျက်နှာရှုံ့လိုက်သည်။
“ထားပါတော့”
“မင်းတို့နှစ်ကောင် အတူတူသေနိုင်ပြီ”
မျက်တောင်တစ်ခတ်အတွင်း...
သူ၏ကိုယ်ဟန်သည် မှုန်ဝါးသွားပြီး အဆင့် (၅) နတ်ဆိုးသားရဲနှစ်ကောင်ကြားတွင် ပြင်းထန်စွာဆင်းသက်လာ၏။ လော့ထျန်၏လက်တစ်ဖက်စီသည် နတ်ဆိုးသားရဲများကို ချိန်ရွယ်ထားပြီး လှောင်ပြောင်သည့်အပြုံးဖြင့် လက်ချောင်းများကို ကောက်ကွေးလိုက်ကာ “မင်းတို့နှစ်ကောင် ငါ့ကို တစ်ပြိုင်တည်းလာတိုက်ခိုက်နိုင်တယ်”
ဝိညာဉ်တောင်တန်း၏ အတွင်းပိုင်းအနက်ရှိုင်းဆုံးနေရာတွင် လူသားတစ်ဦးပေါ်လာသည်လား။
လော့ထျန်၏ နောက်ပြောင်နေသောအမူအရာကို မြင်သောအခါ ထိုနတ်ဆိုးသားရဲနှစ်ကောင်သည် သူတို့၏တစ်သက်တာလုံးတွင် အကြီးမားဆုံးသော စော်ကားမှုကို ခံခဲ့ရသည့်အလားရှိ၏။ ထို့နောက် သူတို့နှစ်ကောင်လုံး ရူးသွပ်သွားသည့်အလား လော့ထျန်ရှိရာသို့ အလျင်အမြန်ပြေးလာခဲ့ကြ၏။
အဆင့် (၅) နတ်ဆိုးသားရဲများဖြစ်ပြီး ၎င်းတို့သည် နှစ်ကောင်တောင်ရှိ၏။
သာမန်လူများသည် ၎င်းကိုတွေ့ကြုံရပါက သူတို့၏ဘောင်းဘီများပင် ဆီးများစိုသွားမည်ဖြစ်၏။
လော့ထျန်က သူတို့ကို ကြည့်လိုက်သောအခါ...
“ဟဲဟဲ၊ ဒါက အတွေ့အကြုံမှတ် အများကြီးပဲ”
လော့ထျန်သည် မလှုပ်မယှက်ဘဲ ထိုနေရာတွင် ရပ်နေခဲ့သည်။ သူ၏အရှိန်အဝါ သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားပြီး ဝင်လာသောတိုက်ခိုက်မှုကို ကာကွယ်ရန် မည်သည့်ကြိုးစားမှုမျှ မပြုလုပ်ခဲ့ပေ။
သူသည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တစ်ခုတည်းဖြင့် ခုခံရန် ကြံရွယ်နေသည်လား။
သူရူးသွားပြီလား။
မှန်သည်။
လော့ထျန်သည် သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တစ်ခုတည်းဖြင့် ခုခံရန် အတိအကျကြံရွယ်နေ၏။ သူ နက်နဲ ဆရာအဆင့် (၈) သို့ ဝင်ရောက်ပြီးကတည်းက သူ့ခန္ဓာကိုယ်၏ ကာကွယ်ရေးသည် အလွန်အားနည်းနေသည်ဟု ခံစားခဲ့ရ၏။
တစ်ဦး၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို ကျင့်ကြံရန် အကောင်းဆုံးနည်းလမ်းမှာ သူတို့၏ အရေပြားကို ထူထဲစေပြီး သူတို့၏ကြွက်သားများကို သန်မာစေရန်ဖြစ်၏။
လော့ထျန်သည် သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကို နတ်ဆိုးသားရဲများ အတွက် သဲအိတ်အဖြစ် အသုံးပြုနေ၏။ ဤကျင့်ကြံမှုမျိုးသည် အကောင်းဆုံးနည်းလမ်းဖြစ်သော်လည်း ကိုယ့်ကိုယ်ကိုယ် အလွဲသုံးစားလုပ်ခြင်းနှင့် မခြားနားသောကြောင့် အဆိုးဆုံးနည်းလမ်းလည်းဖြစ်၏။
ကျင့်ကြံရန်နည်းလမ်းနှင့်ပတ်သက်၍ ပြောရလျှင် လော့ထျန်သည် လုံးဝမသိခဲ့ပေ။
သူသည် ထျန်ရွှမ်းနယ်မြေမှ လူများ မည်သို့ကျင့်ကြံသည်ကို မသိသော ကူးပြောင်းလာသူတစ်ဦးမျှသာဖြစ်၏။ သူ၏ရုပ်ပိုင်းဆိုင်ရာခုခံမှုကို မြှင့်တင်ရန် သူစဉ်းစားနိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ အရိုက်ခံရခြင်းကို အသားကျအောင်လုပ်ခြင်းပင်တည်း။
“ဘန်းး”
“ဘန်းး”
ပြင်းထန်သော တိုက်မိသံနှစ်ခုသည် လော့ထျန်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။
လော့ထျန်သည် သွားများကိုကျစ်ကျစ်ပါအောင် ကြိတ်ပြီး တိုက်ရိုက်ခံစားခဲ့ရ၏။
နာကျင်မှု၊ အလွန်ပြင်းထန်သော နာကျင်မှု။ သို့သော် ဤနာကျင်မှုအတွင်းတွင် သူ၏ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမှုသည် အနည်းငယ်ပို၍ သန်မာလာသည်ဟု သူခံစားရ၏။ သူ၏ကြွက်သားများရှိ စွမ်းအားသည်လည်း အနည်းငယ်ပို၍ အားကောင်းလာခဲ့သည်။
“မေးဘေး၊ မင်းတို့မှာ ဒီလောက်ပဲ အားရှိတာလား”
“ထပ်လာဦး”
လော့ထျန်သည် လှောင်ပြောင်မှုအပြည့်ဖြင့် အော်ဟစ်လိုက်၏။
နတ်ဆိုးသားရဲနှစ်ကောင်သည် ပို၍ဒေါသထွက်လာပြီး သူတို့၏စွမ်းအားသည် ပို၍အားကောင်းလာ၏။
သူတို့သည် ထပ်မံတိုက်ခိုက်ကြပြီး လော့ထျန်က တိုက်ခိုက်မှုကို တိုက်ရိုက်ခုခံခဲ့၏။ သူ၏ခြေထောက်များ တုန်ယင်နေပြီး လဲကျလုနီးပါးဖြစ်သော်လည်း နောက်ဆုံးတွင် သူခံနိုင်ရည်ရှိခဲ့သည်။
“ဘန်းး”
“ဘန်းး”
တိုက်ခိုက်မှုများသည် လော့ထျန်၏ခန္ဓာကိုယ်ပေါ်သို့ အကြိမ်ကြိမ်ကျရောက်ခဲ့သည်။ သူသည် သွေးများဖြင့် လုံးဝဖုံးလွှမ်းသွားပြီး သူ၏ရုပ်သွင်ကို ဖော်ပြ၍မရအောင်ဖြစ်သော်လည်း လော့ထျန်သည် သူ၏မျက်နှာတွင် ကြမ်းတမ်းသောအသွင်ဖြင့် ပို၍စိတ်လှုပ်ရှားလာခဲ့သည်။
နတ်ဆိုးသားရဲနှစ်ကောင်သည် ကြောက်ရွံ့လာခဲ့၏။
သူတို့သည် ယခင်တုန်းက မူမမှန်သည့်အရာများကို မြင်ဖူးသော်လည်း ယနေ့ကဲ့သို့ အလွန်အမင်း မူမမှန်သူကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ ဒီကောင်က လူသားဟုတ်ပါသေးရဲ့လား။
“မင်းတို့ပြေးချင်တယ်လား”
“မင်းတို့နှစ်ကောင်ပြေးသွားရင် ကျုပ် ညစာဘာစားရမှာလဲ” လော့ထျန်၏ မျက်လုံးများပြောင်းလဲသွားပြီး သူ၏စိတ်ထဲတွင် “အဆင့် (၂) ကြမ်းတမ်းခြင်း”ကို အော်ဟစ်လိုက်သည်။
“အွမ်...”
သူ၏စွမ်းအားသည် သမုဒ္ဒရာကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။