← Chapters

အခန်း (၁၈၃၁+၁၈၃၂)

Vol. 124 Ch. 1831+1832

အခန်း (၁၈၃၁+၁၈၃၂)

Vol. 124 Ch. 1831+1832

အခန်း(၁၈၃၁)

ခန်းမသခင်ရွှယ်သောင်းသည် နောက်ထပ် ရက်အနည်းငယ်အထိ ကျန်းချန်ကို သူ၏ စံအိမ်တွင် ခေါ်ထားခဲ့ပြီး အနီးကပ်လမ်းညွှန်မှုပေးရန် အချိန်အနည်းငယ် ပေးခဲ့သည်။

သို့‌သော် ကျန်းချန်၏ အဂ္ဂိရတ်ပညာရပ်ကို အကြိမ်များစွာ လေ့လာခဲ့ပြီး နောက်တွင် နဝမအဆင့် နတ်အဂ္ဂိရတ်သခင် ဖြစ်နေသည့်တိုင် ခန်းမသခင် ရွှယ်သောင်းသည် ကျန်းချန်ကို မည်သည့် အကြံဥာဏ်မှ မပေးနိုင်ခဲ့ပေ။

အကြောင်းရင်းမှာ ကျန်းချန်၏ အဂ္ဂိရတ်လုပ်ငန်းစဥ်အပေါ် ထိန်းချုပ်မှုသည် ပြီးပြည့်စုံလုနီးပါး ဖြစ်နေသောကြောင့်ပင်။

ခန်းမသခင်ရွှယ်သောင်း ကဲ့သို့ နဝမအဆင့် နတ်အဂ္ဂိရတ်သခင်၏ မြင်နိုင်စွမ်းဖြင့်ပင် မည်သည့် ချို့ယွင်းချက်ကိုမှ ရှာမတွေ့ခဲ့ချေ။

ကျန်းချန်ကိုသာ အဂ္ဂိရတ်လုပ်ဆောင်ရန် အတွက် လုံလောက်သော အရင်းအမြစ်များ ပေးခဲ့လျှင် မည်သူ၏ လမ်းညွှန်မှုမှ မလိုအပ်ဟု ခန်းမသခင်ရွှယ်သောင်း ယုံကြည်ခဲ့သည်။

ထိုကောင်လေး၏ အဂ္ဂိရတ်ပညာရပ် လမ်းစဥ်ပေါ်ရှိ အောင်မြင်မှုသည် သူ့အောက်တွင် လုံးဝ ရှိမည်မဟုတ်ပေ။

အဂ္ဂိရတ်ပညာရပ်တွင် ထောက်ပြစရာ ဘာမှမရှိသောကြောင့် ခန်းမသခင် ရွှယ်သောင်းသည် ကျန်းချန်၏ ကိုယ်ခံပညာရပ်ကို လမ်းညွှန်ရန် ရည်ရွယ်ခဲ့သည်။

ခန်းမသခင် ရွှယ်သောင်း၏ နောက်ဖေးခြံဝန်းသည် အလွန်တရာပင် ကျယ်ဝန်း၏။

ရွှယ်သောင်းက ကျန်းချန်၏ မျက်နှာချင်းဆိုင်တွင် ရပ်ကာ ကျန်းချန်ကို ပြုံးရွှင်စွာ ကြည့်၍ ပြောလိုက်သည်။

“ချစ်တပည့်.. ဒီမှာ မင်းနဲ့ငါပဲ ရှိတယ်.. မင်းရဲ့ခွန်အားကို အစွမ်းကုန် ထုတ်သုံးပြီး ငါနဲ့တိုက်ခိုက်ကြည့်ပါ.. မင်းရဲ့တိုက်ခိုက်ရေး စွမ်းရည်က ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ ငါကြည့်ချင်တယ်”

“ကောင်းပါပြီ ဆရာ.. ကျွန်တော့်ကို သင်ပြပေးပါ”

စကားဆုံးသည်နှင့် ကျန်းချန်က သူ၏ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား ခွန်အားကို ချက်ချင်းဆိုသလိုပင် အကန့်အသတ် အထိ ထုတ်ဖော်လိုက်သည်။

ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီနှင့် ရင်ဆိုင်ရာ၌ပင် မကြောက်ရွံ့ခဲ့ပေ။

သို့သော်လည်း ကျန်းချန်သည် နယ်မြေနတ်ဘုရား တစ်ပါးနှင့် ရင်ဆိုင်ခဲ့ဖူးခြင်း မရှိသေးပေ။

နယ်မြေနတ်ဘုရားနှင့် ယှဥ်လျှင် သူက မည်မျှ အလှမ်းကွာဝေးနေသည်ကို သိချင်နေခဲ့၏။

ရွှယ်သောင်းလို ထိပ်တန်း နယ်မြေနတ်ဘုရားနှင့် ရင်ဆိုင်ရာတွင် ကျန်းချန်သည် ဘာကိုမှ လျှို့ဝှက်ထားစရာ မလိုအပ်၍ သူ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။

လူသားဧကရာဇ် စည်းတံဆိပ်၊ နတ်ခန္ဓာပုံရိပ်၊ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ် စသည့် နည်းစနစ်အားလုံးကို အသုံးပြုခဲ့သော်လည်း ရွှယ်သောင်း၏ အင်္ကျီစကိုပင် ထိမိအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

“နယ်မြေနတ်ဘုရားအဆင့်က ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူတွေ လုံးဝ မယှဥ်နိုင်တဲ့ အဆင့်မှာ ရှိနေတာပဲ”

ကျန်းချန်က မချိပြုံး ပြုံးလိုက်ပြီး သူ၏စိတ်နှလုံးထဲတွင် နယ်မြေနတ်ဘုရား၏ စွမ်းအားနှင့် ပတ်သက်၍ အမြင်သစ်ကို ရရှိခဲ့သည်။

သူ၏ လက်ရှိခွန်အားဖြင့်သာ နယ်မြေနတ်ဘုရား တစ်ပါးနှင့် ရင်ဆိုင်ရလျှင် တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခံရနိုင်ပေသည်။

အကယ်၍ သူ၏ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကိုသာ ထိုးဖောက်နိုင်ခဲ့လျှင်မူ တစ်ကွက် သို့မဟုတ် နှစ်ကွက်ခန့်မနည်း ခံနိုင်ရည်ရှိလိမ့်မည် ဖြစ်၏။

နယ်မြေနတ်ဘုရား တစ်ပါးနှင့် အမှန်တကယ် ယှဥ်နိုင်ရန်အတွက် အနည်းဆုံး လမ်းစဥ်၇မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသော မဟာကောင်းကင် နတ်ဘုရားအဆင့် ရှိရမည်ဟု သူထင်ခဲ့သည်။

ကျန်းချန်က နယ်မြေနတ်ဘုရားအဆင့်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကြောင့် ထိတ်လန့် တုန်လှုပ်နေစဥ်မှာပင် ရွှယ်သောင်း၏ စိတ်နှလုံးထဲတွင်လည်း တုန်လှုပ်ချောက်ချားနေခဲ့သည်။

ကျန်းချန်၏ ကိုယ်ခံပညာပါရမီက အားမနည်းမှန်း သူသိသော်လည်း ဤမျှအထိ အားကောင်းနေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။

ထိုကောင်လေးသည် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်ပြီး နတ်ခန္ဓာပုံရိပ်သည်လည်း အနည်းဆုံးအင်ပါယာအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

ထို့အပြင် ထိုကောင်လေး ထုတ်ဖော်လိုက်သည့် သိုင်းစွမ်းအားပုံရိပ်သည် သူကျင့်ကြံထားသည့် နတ်ဘုရင်တစ်ပိုင်း အဆင့် ကျင့်စဥ်ထက်ပင် ပိုမို အစွမ်းထက်နေခဲ့သည်။

တစ်နည်းပြောရလျှင် ကျန်းချန် ကျင့်ကြံထားသည်မှာ အစစ်အမှန် နတ်ဘုရင်အဆင့် ကျင့်စဥ် ဖြစ်နိုင်ခြေ အလွန်များ၏။

“ဒီတစ်ခါတော့ ငါ ရတနာတစ်ခုကို ရှာတွေ့ခဲ့ပြီ”

ရွှယ်သောင်း၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ တစ်သက်တာတွင် ကျန်းချန်ကဲ့သို့ တပည့်တစ်ဦးနှင့် တွေ့ဆုံရလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က ကျန်းချန်နှင့် အတူရှိနေစဥ် ရွှယ်သောင်းသည် ကျန်းချန်က နတ်ဘုရားနယ်မြေမှ လူတစ်ဦးမဟုတ်ဘဲ အဆင့်နိမ့်နယ်မြေမှ လာခဲ့ကြောင်း သိရှိခဲ့သည်။

ကျန်းချန်၏ ကျင့်ကြံခြင်းလမ်းစဥ်ကို စတင်ခဲ့သော နေရာသည် နတ်ဘုရားနယ်မြေ၏ ပါရမီရှင်များထက် များစွာ နိမ့်ကျနေသော်လည်း ကျန်းချန်သည် မဟာမြေရိုင်းနယ်မြေ၏ ထိပ်တန်း ပါရမီရှင်များနှင့်ပင် ယှဥ်ပြိုင်နိုင်သည့် အဆင့် အထိ တစ်ဆင့်ချင်း တိုးတက်လာခဲ့သည်။

ပို၍ပင် မယုံနိုင်စရာ ကောင်းသည်မှာ ကျန်းချန်သည် နတ်ဘုရား နယ်မြေရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများပင် အိပ်မက်မက်နေကြသည့် နတ်ဘုရင်အဆင့် နည်းစနစ်ကိုပင် ပိုင်ဆိုင်ထားခဲ့သည်။

ဤအချင်းအရာက ကျန်းချန်သည် ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ထားရုံသာမက ကြီးမြတ်သော ကံကြမ္မာကိုပါ ပိုင်ဆိုင်ထားမှန်း လုံလောက်သော သက်သေပင် မဟုတ်ပါလား။

“ချစ်တပည့်.. မင်းရဲ့ကိုယ်ခံပညာ ပါရမီက အဂ္ဂိရတ်ပါရမီထက်တောင် ပိုမို မြင့်မားနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. မင်းက အခု ကမ္ဘာ့စွမ်းအား ၅မျိုးကို ကျွမ်းကျင်ထားတဲ့အပြင် နေရာလွတ်လမ်းစဥ် ဥပဒေသရဲ့ မူလစွမ်းအားနဲ့ အချိန်လမ်းစဥ်ဥပဒေသရဲ့ မူလစွမ်းအားမှာလည်း အလွန်မြင့်မားတဲ့ အဆင့်ကို ရောက်နေခဲ့ပြီ.. ငါ မင်းအတွက် ကျင့်ကြံခြင်းအရင်းအမြစ်တွေကို တတ်နိုင်သမျှ ထောက်ပံ့ပေးမယ်.. အခု မင်းရဲ့ ကျင့်ကြံခြင်း ရည်မှန်းချက်က ဒီကိုယ်ခံပညာ လမ်းစဥ် ၂မျိုးကို ပြီးပြည့်စုံတဲ့ အခြေအနေအထိ အမြန်ဆုံး လုပ်ဆောင်ပြီး ကမ္ဘာ့စွမ်းအား ၇မျိုးကို ပိုင်ဆိုင်ထားတဲ့ မဟာကောင်းကင်နတ်ဘုရား ဖြစ်လာဖို့ပဲ”

ရွှယ်သောင်းက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။

မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးကို ကြည့်လျှင်ပင် ထိုကောင်လေးသည် ထူးခြားသော ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

ထို့ကြောင့် ကျန်းချန်သည် မဟာကောင်းကင်နတ်ဘုရား ဖြစ်လာရန်အတွက် သံသယဖြစ်ဖွယ်ရာမရှိ အလားအလာရှိ၏။

သူက နယ်မြေနတ်ဘုရားများနှင့်ပင် ယှဥ်နိုင်သည့် မဟာကောင်းကင် နတ်ဘုရားတစ်ပါးကို လေ့ကျင့်ပေးရန် အခွင့်အရေး ရရှိခဲ့သည်ဟု တွေးမိလျှင် ရွှယ်သောင်းသည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

ရွှယ်သောင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် ချက်ချင်းဆိုသလို ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

“တပည့်အနေနဲ့ နေရာလွတ်လမ်းစဥ် ဥပဒေသနဲ့ ပတ်သက်တဲ့ အရင်းအမြစ်တွေပဲ လိုအပ်ပါတယ်.. အသက်လမ်းစဥ်ဥပဒေသနဲ့ ပတ်သက်ပြီး ပြောရရင် တပည့်အနေနဲ့ ၁နှစ် ဒါမှမဟုတ် ၂နှစ် အတွင်းမှာ ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်”

ကျန်းချန်၏ နောက်ထပ် ကျင့်ကြံခြင်း ရည်မှန်းချက် ကိုယ်ခံပညာလမ်းစဥ် နှစ်ခုကို ပြီးပြည့်စုံသော အဆင့်အထိ မြှင့်တင်ရန် ဖြစ်သည်။

သူ့တွင် အသက်သစ်ကိုင်း ရှိနေသောကြောင့် အသက်လမ်းစဥ်ဥပဒေသလမ်းစဥ်ကို မြှင့်တင်ရန်အတွက် အတွေ့အကြုံရမှတ်များ ဆက်တိုက် ဆိုသလို ရရှိနေခဲ့ရာ အရင်းအမြစ် များစွာ သုံးစွဲရန် မလိုအပ်ဘဲ သိပ်မကြာမီမှာပင် ပြီးပြည့်စုံသောအခြေအနေအထိ ရောက်ရှိသွားပေလိမ့်မည်။

ထို့ကြောင့် သူအဓိက မြှင့်တင်ရမည့်အရာမှာ နေရာလွတ်လမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားပင်။

မူလက ကျန်းချန်သည် နေရာလွတ်လမ်းစဥ် ဥပဒေသကို မြှင့်တင်ရန်အတွက် အရင်းအမြစ်များ အလုံအလောက် မရှိ‌၍ ပြီးပြည့်စုံသော အခြေအနေထိ ရောက်ရှိရန် အချိန်များစွာ ယူရမည်ဟု တွေးထားခဲ့သည်။

သို့သော် ယခုအခါတွင် သူ့ဆရာ ရွှယ်သောင်း၏ အကူအညီဖြင့် နေရာလွတ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသောအခြေအနေအထိ မြှင့်တင်ရန် ပိုမို လွယ်ကူသွားခဲ့ချေပြီ။

“ကောင်းပြီ.. မင်းရဲ့နေရာလွတ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားကို မြှင့်တင်နိုင်ဖို့အတွက် ဆရာအရင်းအမြစ်တွေ ပြင်ဆင်ပေးမယ်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ရွှယ်သောင်းသည် တစ်စုံတစ်ရာကို စဥ်းစားမိလိုက်သည်။

ယင်းနောက်တွင် ရွှယ်သောင်းသည် မှိန်ဖျော့ဖျော့ကြယ်အလင်းများကို ထုတ်လွှတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့်စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။

ရွှယ်သောင်း၏ လက်ထဲတွင် ထိုစာလိပ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျန်းချန်သည် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါကို ခံစားလိုက်ရ၏။

ကျန်းချန်က ရွှယ်သောင်း၏ လက်ထဲမှ စာလိပ်ကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

“ဆရာ ဒီစာလိပ်က..”

ရွှယ်သောင်းက သူ၏ လက်ထဲမှ စာလိပ်ကို ရှုပ်ထွေးသောမျက်ဝန်းများဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။

“ဒီစာလိပ်က ဆရာ ကံကောင်းစွာနဲ့ ရရှိခဲ့တဲ့ နတ်ဘုရင်အဆင့်နည်းစနစ်တစ်ခုပဲ.. ဒီနည်းစနစ်ကို ခုနှစ်စင်ကြယ် ကောင်းကင်ဓားသိုင်းလို့ ခေါ်တယ်”

“နတ်ဘုရင်အဆင့်နည်းစနစ်လား”

ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။

သူ့ဆရာတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော သိုင်းပညာရပ်ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

စစ်မှန်သော နတ်ဘုရင်အဆင့် နည်းစနစ်ကို နတ်ဘုရင်တစ်ပိုင်းအဆင့် နည်းစနစ်များသည် မည်သို့မှ နှိုင်းယှဥ်၍ မရပေ။

ဆိုရလျှင် နတ်ဘုရားအဆင့် နည်းစနစ်များသည် နတ်ဘုရားနယ်မြေတွင် အလွန်ပင် ရှားပါး၏။

ဟန်ယွဲ့နန်းတော် ကဲ့သို့ နယ်မြေနတ်ဘုရား အင်အားစုမှာပင် နတ်ဘုရင်အဆင့် နည်းစနစ် လုံးဝမရှိပေ။

ထို့ကြောင့် သူ၏ဆရာက သာမန် နယ်မြေနတ်ဘုရား တစ်ပါးကဲ့သို့ မရိုးရှင်းသည်မှာ ထင်ရှားနေခဲ့သည်။

ကျန်းချန်က အံ့သြတုန်လှုပ်နေစဥ်မှာပင် ရွှယ်သောင်း၏ စကားသံသည် သူ၏ နားထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

“ချစ်တပည့်.. မင်းရဲ့ပါရမီက အရမ်းကို ကောင်းမွန်ပေမဲ့ တိုက်ခိုက်ရေးနည်းနစ်ကတော့ အရမ်းကို ရိုးရှင်းလွန်းတယ် မင်းက ပါရမီရှင် အများစုကို နင်းချေနိုင်စွမ်းရှိပေမဲ့ မင်းရဲ့ပါရမီထက် မနိမ့်တဲ့ အထွတ်အထိပ် ပါရမီရှင်တစ်ပါးနဲ့သာ တွေ့ဆုံခဲ့ရင် ဒုက္ခတွေ့နိုင်ခြေရှိတယ်.. ဒီနတ်ဘုရင်အဆင့်နည်းစနစ်က မင်းရဲ့ ချို့ယွင်းချက်တွေကို ပြုပြင်‌ပေးနိုင်ပါလိမ့်မယ်”

အခန်း(၁၈၃၂)

ရွှယ်သောင်း၏ စကားကို ကျန်းချန်က ငြင်းဆိုနိုင်ခြင်း မရှိခဲ့ပေ။

နတ်ဘုရားနယ်မြေသို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် သိုင်းပညာကို သိပ်မလေ့ကျင့်ခဲ့ပေ။

သူက သိုင်းပညာကို လေ့လာရန် အချိန်များစွာ မယူခဲ့သည့် အဓိက အကြောင်းရင်းမှာ လုံလောက်သည့် သိုင်းပညာရပ်ကို မတွေ့ရခဲ့ခြင်းကြောင့် ဖြစ်သည်။

ကျန်းချန်၏ လက်ရှိ တိုက်ခိုက်မှုများသည် နတ်ခန္ဓာပုံရိပ်၊ သိုင်းစွမ်းအားပုံရိပ်၊ လူသားဧကရာဇ် စည်းတံဆိပ်နှင့် ကိုယ်ခံပညာ ဥပဒေသ လမ်းစဥ် တို့ကို ပေါင်းစပ် အခြေပြု၍ တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။

သို့သော်လည်း သူတတ်ကျွမ်းထားသော ကိုယ်ခံပညာရပ်များသည် အဆင့်နိမ့်နယ်မြေကနေ တတ်ကျွမ်းခဲ့သည့် အရာများသာ ဖြစ်၏။

လက်ရှိအချိန်တွင် သူအားကိုးရသည့် တစ်ခုတည်းသော သိုင်းပညာရပ်မှာ သူ့အဖေက သူ့ကို ပေးအပ်ခဲ့သည့် လူသားဧကရာဇ် စည်းတံဆိပ်ပင် ဖြစ်သည်။

အကယ်၍သာ သူက နတ်ဘုရင်အဆင့် သိုင်းပညာရပ်ကို တတ်မြောက်ခဲ့လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် နောက်တစ်ဆင့်သို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ်ဆရာ”

ကျန်းချန်က ရွှယ်သောင်း၏ လက်ထဲမှ စာလိပ်ကို လက်ခံယူလိုက်ပြီးနောက်တွင် ကျေးဇူးတင်စကား ပြောလိုက်သည်။

“ဒီ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို လေ့ကျင့်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေရှိတယ်.. ကမ္ဘာ့စွမ်းအား ၇မျိုးကို ပိုင်ဆိုင်ထားတဲ့ မဟာကောင်းကင်နတ်ဘုရားမှပဲ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အောင်မြင်စွာ လေ့ကျင့်နိုင်မယ်”

ရွှယ်သောင်းက ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။

“မင်းက အခု လမ်းစဥ်၇မျိုးရဲ့ စွမ်းအားကို ကျင့်ကြံထားပေမဲ့ ၅မျိုးကိုပဲ ကမ္ဘာ့စွမ်းအားအဖြစ် ပြောင်းလဲနိုင်သေးတယ်.. မင်းအနေနဲ့ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို လေ့ကျင့်ဖို့ လိုအပ်ချက် မပြည့်မီသေးတဲ့အတွက် သတိထားပြီး ကျင့်ကြံမှ ဖြစ်မယ်.. မျက်ကန်းတစ္ဆေမကြောက် ကျင့်ကြံခြင်းက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကိုပဲ ဖြစ်လာစေလိမ့်မယ်”

“တပည့်နားလည်ပါပြီ ဆရာ”

ကျန်းချန်က တလေးတစား ခေါင်းညိတ်ကာ ပြောလိုက်သော်လည်း အလွန်အမင်း စိုးရိမ်ခဲ့ခြင်းမရှိပေ။

သူ၏ခန္ဓာကိုယ်တွင် အဆ ၁၀၀ စနစ်ရှိ၍ သူ မကျင့်ကြံနိုင်သော သိုင်းပညာရပ်ဟူ၍ မရှိပေ။

“ကြိုးစားပြီးသာ လေ့ကျင့်ပါ.. ဆရာ မင်းအတွက် နေရာလွတ်လမ်းစဥ် ဥပ‌ဒေသ မူလစွမ်းအားကို မြှင့်တင်နိုင်တဲ့ အရင်းအမြစ်တွေ ပြင်ဆင်ပေးမယ်”

ထိုစကားကို ပြောပြီးနောက်တွင် ရွှယ်သောင်း၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့ကနေ တစ္ဆေတစ်ကောင် ကဲ့သို့ ရိပ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

ရွှယ်သောင်း ထွက်ခွာသွားပြီး‌နောက်တွင် ကျန်းချန်သည် သူ၏အခန်းထဲကို ပြန်လာခဲ့ပြီး သူရရှိထားသော ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို စတင် လေ့လာခဲ့သည်။

နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို အနည်းငယ် လေ့လာပြီးနောက်တွင် ကျန်းချန်သည် ထိုဓားသိုင်းနှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သွားခဲ့သည်။

ဤ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းသည် ခန္ဓာကိုယ်ရှိ ကမ္ဘာ့စွမ်းအားကို အသုံးပြု၍ ကောင်းကင်ရှိ ခုနစ်စဥ်ကြယ်မှ ကြယ်များ၏ စွမ်းအားကို လှုံ့ဆော်နိုင်စွမ်း ရှိသည်။

လမ်းစဥ် တစ်ခုချင်းစီသည် ကြယ်တစ်လုံးစီ၏ စွမ်းအားကို လှုံ့ဆော်နိုင်၏။

ကြယ်၇လုံး၏ စွမ်းအား အသက်ဝင်လာသောအခါတွင် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အပြည့်အဝ ထုတ်‌ဖော်နိုင်ပေလိမ့်မည်။

“နတ်ဘုရင်အဆင့် နည်းစနစ်လို့ မပြောရဘူး.. တကယ်ကို ထူးခြားပြီး အစွမ်းထက်တာပဲ”

အဆုံးသတ်တွင် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း ကျင့်ကြံရန်အတွက် ကမ္ဘာ့စွမ်းအား ၇မျိုး၏ စွမ်းအားကို အဘယ်ကြောင့် လိုအပ်ရကြောင်း သူ နားလည်သွားခဲ့သည်။

ကျင့်ကြံသူများသည် ကောင်းကင်နတ်ဘုရား အဆင့်တွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထိသာ ကျင့်ကြံကြ၍ ကမ္ဘာ့စွမ်းအား၆မျိုး၏ စွမ်းအားကိုသာ ပိုင်ဆိုင်ကြသည်။

ဆိုလိုသည်မှာ ၎င်းတို့သာ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ကျင့်ကြံလျှင် အများဆုံးအနေဖြင့် ကြယ်၆ပွင့်၏ စွမ်းအားကိုသာ စုစည်းနိုင်ပြီး စစ်မှန်သော ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း၏ အစွမ်းအစကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

“ငါက လမ်းစဥ် ၇မျိုးထက် ပိုပြီး နားလည်ထားပေမဲ့ ကမ္ဘာ့စွမ်းအား ငါးမျိုးကိုပဲ စုစည်းနိုင်သေးတယ်.. အဆ ၁၀၀ စနစ်ကနေ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို နားလည်နိုင်မလား ဆိုတာ စမ်းကြည့်ရမယ်”

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် သူ၏ရှေ့မှ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို စူးစိုက်၍ ကြည့်လိုက်သည်။

သူက ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အဆတစ်ရာစနစ်ဖြင့် နားလည်နိုင်မလား စမ်းသပ်လိုခဲ့သည်။

အကယ်၍ မအောင်မြင်ခဲ့လျှင် မဟာကောင်းကင် နတ်ဘုရား ဖြစ်လာသည်အထိ စောင့်ဆိုင်းပြီးမှသာ ဤနတ်ဘုရင်အဆင့်နည်းစနစ်ကို ကျင့်ကြံရလိမ့်မည် ဖြစ်၏။

“ဒင်.. သင်က နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်တဲ့ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို အစပြုလိုက်ပါပြီ”

“ဒင်.. သင်က ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းရဲ့ ၁၀၀၀ပုံ ၁ပုံကို နားလည်သွားခဲ့ပါပြီ”

ကျန်းချန်က ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ၁နာရီခန့်ကြည့်ရှုပြီးနောက်တွင် စနစ်၏ သတိ‌ပေးချက်သည် အဆုံးသတ်၌ သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

“အဆ ၁၀၀ စနစ်က ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို နားလည်နိုင်ပုံပဲ”

စနစ်၏ သတိပေးချက်ကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

ဤပုံအတိုင်းဆိုလျှင် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အပြည့်အဝ ကျွမ်းကျင်ရန်အတွက် ၃လခန့်သာ လိုအပ်၏။

ဤအရှိန်အဟုန်သည် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လေ့လာစဥ်ကထက်ပင် ၃ဆ သို့မဟုတ် ၄ဆခန့် ပိုမို မြန်ဆန်နေခဲ့သည်။

ယခုအခါတွင် ကျန်းချန်သည် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို နားလည်နိုင်ခဲ့ပြီ ဖြစ်ရာ အချိန်မဖြုန်းတော့ဘဲ အပြည့်အဝနားလည်ရန် ကြိုးစားလိုက်၏။

ကျန်းချန်က ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အပြည့်အဝ နားလည်ရန် ကြိုးစားနေသောအချိန်တွင် ဟန်ယွဲ့နန်းတော်၏ ခန်းမ‌ဆောင်တစ်ခု ထဲတွင် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။

ထိုလူငယ်မှာ ဟန်ယွဲ့နန်းတော်၏ အထွတ်အထိပ် ပါရမီရှင် ပိုင်ရှင်းကျန့်ပင် ဖြစ်၏။

ပိုင်ရှင်းကျန့်၏ ရှေ့တွင် အဘိုးအိုတစ်ဦးသည် တလေးတစားအမူအရာဖြင့် ရပ်နေခဲ့သည်။

ထိုအဘိုးအိုသည် အဂ္ဂိရတ်ခန်းမ၏ ဝါရင့် ဧည့်အရာရှိတစ်ဦး ဖြစ်သည့် ကျိုချိုးမင် ဖြစ်သည်။

ပိုင်ရှင်းကျန့်က သူ၏ရှေ့ရှိ ကျိုချိုးမင်ကို ကြည့်ကာ အနည်းငယ် မကြည်မလင်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဧည့်အရာရှိကျို.. ခင်ဗျားက အဂ္ဂိရတ်ခန်းမရဲ့ ဝါရင့်ဧည့်အရာရှိ ဖြစ်နေတာတောင် ဧည့်အရာရှိအသစ် တစ်ယောက်ကို မရှင်းနိုင်ဘူးလား”

“သခင်‌လေးပိုင်.. အဲဒီကျန်းချန်ဆိုတဲ့ ကောင်လေးက အဂ္ဂိရတ်လမ်းစဥ်မှာ အတော်လေး ပေါက်မြောက်အောင်မြင်ထားတဲ့အတွက် ကုန်းစွန်းယန်က သူ့ကို အခိုင်အမာ ကာကွယ်ပေးထားတယ်.. ဒါကြောင့် ကျွန်တော်လည်း ဘာမှ မတတ်နိုင်ခဲ့ဘူး”

ထိုစကားကို ပြောဆိုပြီးနောက်တွင် ကျိုချိုးမင်သည် ပိုင်ရှင်းကျန့် ထင်မှတ်မထားသည့် စကားကို ပြောလိုက်၏။

“ဒါ့အပြင် ကုန်းစွန်းယန်က ကျန်းချန်ကို ခန်းမသခင်ရွှယ်သောင်းနဲ့ တွေ့ဆုံပေးဖို့ အတွက် ခေါ်သွားခဲ့ပြီ”

“ခင်.. ခင်ဗျား ဘာပြောလိုက်တာလဲ”

ကျိုးချိုးမင်၏ စကားကိုကြားလျှင် ပိုင်ရှင်းကျန့်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ရွှယ်သောင်းသည် ဟန်ယွဲ့နန်းတော်တွင် အလွန်တရာအဆင့်အတန်း မြင့်မားပြီး သူ၏ဆရာ ဖြစ်သည့် ဟန်ယွဲ့နန်းတော်သခင် ဟောင်ယွဲ့ထက်ပင် မနိမ့်ကျပေ။

ထိုအဘိုးအိုသည် ၁နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး လောကီကိစ္စများတွင် ဝင်‌ရောက်ပတ်သက်ခြင်း မရှိသလောက်ပင် ဖြစ်သည်။

ဟန်ယွဲ့နန်း‌တော်၏ ဝါရင့် အကြီးအကဲများပင် ရွှယ်သောင်းကို တွေ့ဆုံရန်မှာ မလွယ်ကူပေ။

ယခုအခါတွင် ရွှယ်သောင်းသည် ကျန်းချန် ကဲ့သို့ အဆင့်မြင့်ဧည့်အရာရှိ အသစ်တစ်ဦးနှင့် အမှန်တကယ် တွေ့ဆုံလိုခဲ့သည်။

ထိုအချက်ကို တွေးမိလျှင် ပိုင်ရှင်းကျန့်၏ မျက်နှာသည် ချက်ချင်းဆိုသလိ သုန်မှုန်သွားခဲ့၏။

“ကုန်းစွန်းယန်က ကျန်းချန်ကို ခန်းမသခင် ရွှယ်သောင်းရဲ့ နေအိမ်ဆီ ခေါ်ဆောင်သွားပြီးတဲ့နောက်မှာ ကျန်းချန်က ခန်းမသခင်ရွှယ်သောင်းရဲ့ နေအိမ်ကနေ ပြန်ထွက်မလာတာ အတော်ကြာခဲ့ပြီ”

ကျိုးချိုးမင်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ခန်းမသခင် ရွှယ်သောင်းက ကျန်းချန်ကို တပည့်အဖြစ် လက်ခံလိုက်ပြီ ထင်တယ်”

“ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျိုချိုးမင်၏ စကားကိုကြားလျှင် အဆုံးသတ်၌ ပိုင်ရှင်းကျန့်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်သည် ခန်းမသခင် ရွှယ်သောင်း၏ မျက်နှာသာပေးမှုကို ရရှိပြီး ခန်းမသခင် ရွှယ်သောင်း၏ တပည့်ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဤအတိုင်းသာဆိုလျှင် ကျန်းချန်သည် နယ်မြေနတ်ဘုရားတစ်ပါး၏ တပည့်အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ မဟုတ်ပါလော။

ယင်းမှာ ဟန်ယွဲ့နန်းတော်၏ အဆင့်အတန်းတွင် ကျန်းချန်၏ အနာဂတ် အဆင့်အတန်းသည် သူ့ထက် လုံးဝ နိမ့်ကျတော့မည် မဟုတ်ဟု ဆိုလိုရာ ရောက်နေခဲ့၏။

ပို၍ အရေးကြီးသော အချက်မှာ ကျန်းချန်သည် ခန်းမသခင် ရွှယ်သောင်း၏ တပည့် ဖြစ်လာခဲ့၍ သူ၏ဆရာ ဖြစ်သည့် ဟောင်ယွဲ့ ပင်လျှင် ကျန်းချန်ကို ဟန်ယွဲ့နန်းတော်ကနေ အလွယ်တကူ နှင်ထုတ်နိုင်တော့မည် မဟုတ်ခြင်းပင်။

All Chapters