အခန်း (၁၈၃၃+၁၈၃၄)
Vol. 124 Ch. 1833+1834
အခန်း(၁၈၃၃)
ပိုင်ရှင်းကျန့်၏ မျက်နှာအမူအရာက အနည်းငယ် သုန်မှုန်နေခဲ့သည်။
သူက ဟန်ယွဲ့နယ်မြေ၏ အင်အားကြီးမိသားစု ဖြစ်သော ပိုင်မိသားစုတွင် မွေးဖွားခဲ့ပြီး ကိုယ်ခံပညာပါရမီတွင် အလွန်ပင် မြင့်မား၏။
ဟန်ယွဲ့နန်းတော်သို့ ဝင်ရောက်လာပြီးနောက်တွင် သူသည် ဟန်ယွဲ့နန်းတော်သခင် ဟောင်ယွဲ့၏ မျက်နှာသာပေးမှုကို ရရှိပြီး တပည့် ဖြစ်လာခဲ့သည်။
ဆိုရလျှင် ပိုင်ရှင်းကျန့်၏ ဘဝသည် မွေးဖွားလာချိန်မှစ၍ အလွန်တရာ ချောမွေ့ခဲ့ပြီး မည်သည့် အခက်အခဲကိုမှ မကြုံတွေ့ခဲ့ရပေ။
သို့သော်လည်း ယခုအခါ သူသည် ကျန်းချန်၏ လက်ထဲတွင် တစ်ကြိမ်ပြီးတစ်ကြိမ် ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်။
ပထမဆုံးအကြိမ်မှာ ကြယ်၇ပွင့်ပစ္စည်း သန့်စင်ထုတ်လုပ်ရေး ခန်းမတွင် ဖြစ်သည်။
ယင်းနောက် ဟန်ယွဲ့မြို့စား၏ ညစာစားပွဲကနေ လက်ရှိဟန်ယွဲ့နန်းတော် အထိ သူက ကျန်းချန်၏ လက်ထဲတွင် မည်သည့် အားသာချက်ကိုမှ မရရှိခဲ့ပေ။
ယခုအခါ ကျန်းချန်သည် အရှင်ရွှယ်သောင်း၏ တပည့်ဖြစ်လာခဲ့ပြီ ဖြစ်ရာ ကျန်းချန်ကို ကိုင်တွယ်ဖြေရှင်းရန်မှာ လွယ်ကူသောအလုပ် တစ်ခု မဟုတ်တော့ချေ။
“သခင်လေးပိုင်.. ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန်းချန်ကို ပစ်မှတ်ထားပြီး ဒုက္ခပေးမိခဲ့တယ်.. အခု သူက အရှင်ရွှယ်သောင်းရဲ့ တပည့်ဖြစ်နေပြီ ဆိုတော့ ကျွန်တော့်ကို ဒုက္ခပေးမှာ ဖြစ်နိုင်ခြေ အများဆုံးပဲ.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ”
ပိုင်ရှင်းကျန့်က စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်နေသည်ကို မြင်လျှင် ကျိုချိုးမင်သည် ကူရာမဲ့စွာ ပြောလိုက်သည်။
ကျန်းချန်၏ လက်ရှိ အဆင့်အတန်းဖြင့်ဆိုလျှင် သူ့ကိုသာအမှန်တကယ် ကိုင်တွယ် ဖြေရှင်းလိုလျှင် စကားတစ်ခွန်းတည်းဖြင့်ပင် အဂ္ဂိရတ်ခန်းမကနေ နှင်ထုတ်ရန် လုံလောက်၏။
ဤကဲ့သို့သော အခြေအနေတွင် ကျိုးချိုးမင်သည် ပိုင်ရှင်းကျန့်ထံ အကူအညီ တောင်းခံရန်သာ ရှိတော့သည် မဟုတ်ပါလော။
“စိတ်မပူပါနဲ့.. ခင်ဗျားက အဂ္ဂိရတ်ခန်းမရဲ့ ဝါရင့်ဧည့်အရာရှိပဲဟာ.. ကျန်းချန်က အရှင်ရွှယ်သောင်းရဲ့ တပည့် ဖြစ်လာရင်တောင် ခင်ဗျားကို အလွယ်တကူ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး.. ခင်ဗျားအရင်ဆုံး ပြန်နှင့်လိုက်ပါ”
ပိုင်ရှင်းကျန့်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ ကျိုချိုးမင်ကို ပြန်သွားရန် အမိန့်ပေးလိုက်သည်။
ကျိုချိုးမင်က သူခိုင်းစေသည်ကို အောင်မြင်အောင် မလုပ်ဆောင်နိုင်သောကြောင့် ပိုင်ရှင်းကျန့်သည် အလွန်ပင် စိတ်မကြည်မလင် ဖြစ်နေခဲ့၏။
ယခုအခါတွင် သူ၏စိတ်သည် ကျန်းချန် အပေါ်တွင်သာ လုံးလုံးလျားလျား တည်ရှိနေခဲ့ပြီး ကျိုချိုးမင်၏ သေသေရှင်ရှင် စိတ်ဝင်စားမှု မရှိပေ။
ပိုင်ရှင်းကျန့်၏ စကားကိုကြားလျှင် ကျိုချိုးမင်၏ စိတ်နှလုံးသည် အနည်းငယ် လေးလံသွားခဲ့သည်။
သူက ပိုင်ရှင်းကျန့်၏ ခိုင်းစေချက်အတိုင်း လုပ်ဆောင်ပေးခဲ့လျှင် ပိုင်ရှင်းကျန့်၏ စိတ်နှလုံးထဲတွင် သူ့အတွက် အနည်းငယ် နေရာရနိုင်မည်ဟု ထင်ခဲ့သည်။
ယခုတော့ ပိုင်ရှင်းကျန့်က သူ့ကို အသုံးချနေသည်မှာ ထင်ရှားနေခဲ့ချေပြီ။
ထိုသို့ တွေးမိသည်နှင့် ကျိုချိုးမင်၏ မျက်ဝန်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက စကားတစ်ခွန်းမှ မပြောတော့ဘဲ အခန်းထဲကနေ ထွက်ခွာသွားခဲ့သည်။
ကျိုချိုးမင် ထွက်ခွာသွားပြီးနောက်တွင် ပိုင်ရှင်းကျန့်သည် မတ်တတ် ထရပ်လိုက်ပြီး အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
ကျန်းချန်က အရှင်ရွှယ်သောင်း၏ တပည့် ဖြစ်လာခဲ့သော သတင်းသည် ဟန်ယွဲ့နန်းတော်တွင် မပျံ့နှံ့သေး၍ သူက ထိုသတင်း အမှန်ဟုတ်မဟုတ် အတည်ပြုလိုခဲ့၏။
နှစ်ပေါင်းသောင်းကျော် ကာလအတွင်း အရှင်ရွှယ်သောင်းသည် ဟန်ယွဲ့နန်းတော်တွင် တပည့် အနည်းငယ်သာ လက်ခံခဲ့မှန်း ပိုင်ရှင်းကျန့် ကောင်းစွာ သိထားခဲ့သည်။
ကျန်းချန်က အရှင်ရွှယ်သောင်း၏ တပည့် အမှန်တကယ်ဖြစ်လာခဲ့သည်ဆိုလျှင် အမည်ခံတပည့်လား၊ တိုက်ရိုက်တပည့်လား ဆိုသည်ကို သိရှိရန် လိုအပ်နေဆဲ ဖြစ်၏။
အကယ်၍သာ အမည်ခံတပည့် ဆိုလျှင် ပိုင်ရှင်းကျန့်သည် အလွန်အမင်း ဂရုစိုက်နေမည် မဟုတ်ပေ။
သို့သော်လည်း ကျန်းချန်သာ အရှင်ရွှယ်သောင်း၏ တိုက်ရိုက်တပည့် ဖြစ်လာခဲ့လျှင်မူ ပိုင်ရှင်းကျန့်သည် အလေးအနက်ထား၍ စဥ်းစားရပေတော့မည်။
“စီနီယာအစ်ကိုပိုင်”
ပိုင်ရှင်းကျန့်က အပြင်သို့ ထွက်ခွာရန် ပြင်ဆင်နေစဥ်မှာပင် တံခါး အပြင်ဘက်ကနေ ပုံရိပ်တစ်ခုသည် အလျင်စလို ဝင်လာခဲ့သည်။
ပိုင်ရှင်းကျန့်က သူ၏ရှေ့တွင် ပေါ်လာသော ခပ်ချောချောလူငယ်၏ အလောတကြီး အမူအရာကိုမြင်လျှင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့၏။
“ဂျူနီယာညီလေးကျန်း.. ဘာကိစ္စဖြစ်ခဲ့လို့လဲ”
ထိုချောမောသောလူငယ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ဟန်ယွဲ့နန်းတော်သခင် ဟောင်ယွဲ့ လက်ခံခဲ့သည့် နောက်ဆုံး တပည့် ဖြစ်သူ ကျန်းဟန် ဖြစ်ပြီး သူ၏ ဆရာတူ ညီလေးလည်း ဖြစ်သည်။
ကျန်းဟန်က အလွန်ပင် ပါရမီထူးချွန်ပြီး ဟန်ယွဲ့နန်းတော်သို့ ဝင်ရောက်ပြီး ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။
သူက နန်းတော်သခင် ဟောင်ယွဲ့၏ ချစ်ခင်မှုကို ခံယူရရှိထားသူ ဆိုလည်းမမှားပေ။
ထို့အပြင် ပိုင်ရှင်းကျန့်သည် ကျန်းဟန်က ကိုယ်ခံပညာ လမ်းစဥ် ၂မျိုးကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံထားပြီး တတိယမြောက် ကိုယ်ခံပညာ လမ်းစဥ်သည်လည်း ပြီးပြည့်စုံသော အဆင့်နှင့် မဝေးတော့ကြောင်း မည်သူ့ထက်မဆို ကောင်းစွာ သိရှိထားခဲ့သည်။
တစ်နည်းအားဖြင့် သူ၏ ဆရာတူ ညီလေးသည် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် တတိယအဆင့် ကောင်းကင်နတ်ဘုရား ဖြစ်လာနိုင်၏။
ထိုသို့သော ပါရမီရှင်သည် ဟန်ယွဲ့နန်းတော်၏ နှစ်သန်းပေါင်းများစွာ သမိုင်းမှာပင် ရှားပါးလှသည်။
ပိုင်ရှင်းကျန့်နှင့် သူ၏ ဆရာတူညီလေး ကျန်းဟန် တို့၏ ဆက်ဆံရေးသည် အလွန်တရာပင် ကောင်းမွန်မှု ရှိ၏။
ကိစ္စတစ်ခုခု ဖြစ်ပေါ်တိုင်းတွင် ကျန်းဟန်သည် ပိုင်ရှင်းကျန့်ကို ဦးဆုံး ပြောပြလေ့ ရှိသည်။
ယခု ကျန်းဟန်က သူ့ကို အလျင်စလို လာရောက် ရှာဖွေခြင်းမှာ ဟန်ယွဲ့နန်းတော်တွင် အရေးကြီးကိစ္စ တစ်ခုခု ဖြစ်ပျက်နေမည်ကို သူ စိုးရိမ်မိခဲ့သည်။
“ဒီကိစ္စကို စီနီယာအစ်ကိုပိုင် မသိသေးဘူးလို့ ကျွန်တော်ထင်တယ်.. ခန်းမသခင် ရွှယ်သောင်းက ကျန်းချန် ဆိုတဲ့ဧည့်အရာရှိအသစ် တစ်ဦးကို တိုက်ရိုက်တပည့် အဖြစ် လက်ခံလိုက်ပြီ ဆိုတဲ့သတင်းက ဟန်ယွဲ့နန်းတော်မှာ ပျံ့နှံ့နေပြီ.. ဒါ့အပြင် ခန်းမသခင် ရွှယ်သောင်းက သိုင်းပြိုင်ပွဲမှာ ကျန်းချန် ပါဝင်ဖို့အတွက် ကိုယ်တိုင် စာရင်းသွင်းခဲ့တယ်လို့လည်း ပြောနေကြတယ်.. ခန်းမသခင်ရွှယ်သောင်းက အမြဲတစေ အကဲဖြတ်နိုင်စွမ်း မြင့်မားတယ်.. ကျန်းချန်ဆိုတဲ့ ဧည့်အရာရှိအသစ်က ခန်းမသခင် ရွှယ်သောင်းရဲ့ တိုက်ရိုက်တပည့်တောင် ဖြစ်လာတယ်ဆိုတော့ ဘယ်လောက်တောင် ပါရမီ ရှိနေမလဲ မသိဘူး”
“ဒီကောင်က တကယ်ပဲ အရှင်ရွှယ်သောင်းရဲ့ တပည့် ဖြစ်သွားပြီကိုး”
ကျန်းဟန်၏ စကားကိုကြားလျှင် ပိုင်ရှင်းကျန့်သည်ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
အစောပိုင်းတွင် သူက အခြေအနေကို ကိုယ်တိုင် စုံစမ်းရန် ပြင်ဆင်ခဲ့သော်လည်း ယခုအခါတွင်မူ လုံးဝ မလိုအပ်တော့ပေ။
ကျန်းချန်သည် အရှင်ရွှယ်သောင်း၏ တိုက်ရိုက်တပည့် ဖြစ်လာရုံသာမက အရှင်ရွှယ်သောင်းသည် ဟန်ယွဲ့နန်းတော်၏ သိုင်းပြိုင်ပွဲတွင် ကျန်းချန်ကို စာရင်းသွင်းပေးခဲ့သည်။
ဟန်ယွဲ့နန်းတော်၏ သိုင်းပြိုင်ပွဲကို ၁နှစ်အကြာတွင် ကျင်းပမည် ဖြစ်၏။
ထိုသိုင်းပြိုင်ပွဲသည် မဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်ခွင့် ရရှိရေးနှင့်လည်း သက်ဆိုင်နေ၏။
ထို့အပြင် ဟန်ယွဲ့နန်းတော်တွင် ကျင်းပမည့် ဤတစ်ကြိမ် သိုင်းပြိုင်ပွဲသည် ယခင်ကထက်ပင် ပိုမို၍ ပြိုင်ဆိုင်မှု ပြင်းထန်လာမည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် စိန်ခေါ်ပွဲသည် လွန်ခဲ့သည့် ၅နှစ်က ဟန်ယွဲ့နန်းတော်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့်သက်ဆိုင်သောကြောင့်ပင်ဖြစ်သည်။
စိန်ခေါ်ပွဲတွင် ပထမနေရာကို ရရှိလျှင် အကြီးအကဲချုပ် ချန်ရစ်ခဲ့သည့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ဆုလာဘ်အဖြစ် ရရှိနိုင်မည်ဟု ဆိုကြသည်။
ဆိုရလျှင် ပိုင်ရှင်းကျန့်သည် အကြီးအကဲချုပ် ချန်ထားရစ်ခဲ့သည့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို အတော်လေး လိုချင်နေခဲ့သည်။
ဤမတိုင်ခင်က ပိုင်ရှင်းကျန့်၏ အဓိကပြိုင်ဘက်မှာ ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင် ကုန်းလင် ဖြစ်သည်။
ဟန်ယွဲ့နန်းတော်၏ ပါရမီရှင်များစွာ တို့တွင် ပိုင်ရှင်းကျန့်သည် လူတိုင်းကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။
သို့သော်လည်း ကုန်းလင်နှင့်သာ ရင်ဆိုင်ရမည်ဆိုလျှင် သူ၏ စိတ်နှလုံးထဲတွင် အနိုင်ရမည်ဟု သေချာမှုမရှိပေ။
ယခုအခါတွင် ကျန်းချန်ကပါ စိန်ခေါ်ပွဲတွင် ပါဝင်လာခဲ့ပြီ ဖြစ်ရာ သူ၏ ပြိုင်ဘက်များထဲတွင် နောက်ထပ် တစ်ဦး ထပ်မံဝင်ရောက်လာခဲ့ချေပြီ။
အဆုံးသတ်တွင် ကြယ်၇ပွင့် ပစ္စည်းသန့်စင်ထုတ်လုပ်ရေး ခန်းမတွင် ကျန်းချန် ပြသခဲ့သော ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် သူ့အနေဖြင့် ကျန်းချန်ကို အနိုင်ရရန် မသေချာခဲ့ပေ။
“ဒီအတိုင်းဆိုရင် သိုင်းပြိုင်ပွဲ မတိုင်ခင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်နိုင်မဲ့ နည်းလမ်းကို ရှာဖွေရမယ် ထင်တယ်”
ပိုင်ရှင်းကျန့်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။
ဤတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် သူသည် နယ်မြေနတ်ဘုရားသလင်းကျောက်ကို ရရှိရန် အပြင်းအထန် တိုက်ပွဲဝင်မည် ဖြစ်၏။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့် ဖြစ်သည့် စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရား၏ ခွန်အားဖြင့်ဆိုလျှင် ပထမနေရာကို ရရှိရန် အတွက် လုံလောက်မှုမရှိပေ။
အကယ်၍သာ သူက ကောင်းကင်နတ်ဘုရား ပဥ္စမ အဆင့်ကို ထိုးဖောက်ပြီး ကုန်းလင်နှင့် ကျန်းချန်တို့နှင့် အဆင့်တူအခြေအနေသို့ ရောက်ရှိသွားခဲ့လျှင် ၎င်းတို့ကို အနိုင်ယူရန် အခွင့်အရေး ရှိလာနိုင်ပေသည်။
“ဆရာတူ ညီလေးကျန်း.. ငါအချိန်ကာလ တစ်ခုအထိ တံခါးပိတ်ကျင့်ကြံဖို့ စီစဥ်ထားတယ်.. သိုင်းပြိုင်ပွဲမတိုင်ခင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို မထိုးဖောက်ရမချင်း ငါအပြင်ထွက်လာမှာ မဟုတ်ဘူး”
ပိုင်ရှင်းကျန့်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းများတွင် ပြတ်သားသော အမူအရာများ လင်းလက်သွားခဲ့၏။
ဤတစ်ကြိမ်တွင် ပိုင်ရှင်းကျန့်သည် ကျန်းချန်ကို ပြဿနာရှာရန် စိတ်မဝင်စားတော့ပေ။
ကျန်းချန်က သိုင်းပြိုင်ပွဲတွင် ပါဝင်ရန် စာရင်းသွင်းခဲ့ပြီ ဖြစ်ရာ သူက သိုင်းပြိုင်ပွဲတွင် ကျန်းချန်နှင့် တွေ့ဆုံနိုင်မည် ဖြစ်ပြီး ထိုအခါမှ အကြွေးဆပ်လျှင်လည်း နောက်ကျမည် မဟုတ်ချေ။
ယခုအခါတွင် သူ့အတွက် အရေးအကြီးဆုံးအရာမှာ သူ၏ ခွန်အားကို မြှင့်တင်ရန်သာ ဖြစ်၏။
သူ၏ ခွန်အားသာ တိုးတက်လာခဲ့လျှင် ၁နှစ်ကြာပြီးနောက်တွင် ယှဥ်ပြိုင်မည့် သိုင်းပြိုင်ပွဲ၌ ပိုမို ကောင်းမွန်စွာ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပါလော။
အခန်း(၁၈၃၄)
ကျန်းချန်က အခန်းထဲတွင် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ပြီး သူ၏ရှေ့မှ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို နားလည်ရန်အတွက် အပတ်တကုတ် ကြိုးစားနေခဲ့သည်။
“ဒင်.. သင်က နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်တဲ့ ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”
“ဒင်.. သင်က ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ၁၀၀၀ပုံ ၁ပုံ နားလည်သွားခဲ့ပါပြီ”
“ဒင်.. သင်က နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်တဲ့ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”
“ဒင်..သင်က ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ၁၀၀၀ပုံ၁ပုံ နားလည်သွားခဲ့ပါပြီ”
“...........”
“ဒင်..သင်က ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ”
၃လဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ကျန်းချန်သည်လည်း ခန်းမသခင်ရွှယ်သောင်း သူ့ကို ပေးခဲ့သည့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အောင်မြင်စွာ နားလည်သွားခဲ့၏။
စနစ်၏ သတိပေးချက်ကိုကြားပြီးနောက်တွင် ကျန်းချန်သည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
ယင်းနောက်တွင် သူ၏ပုံရိပ်သည် အပြင်ဘက်ရှိ ခြံဝန်းထဲသို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိသွားခဲ့ပြီး ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို ခြံဝန်းထဲတွင် လွတ်လပ်စွာ အသုံးပြုလိုက်သည်။
ကွဲပြားသော စွမ်းအား၇မျိုးသည် ချက်ချင်းဆိုသလိုပင် ကျန်းချန်ထံကနေ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
ထို့နောက်တွင် ကောင်းကင်ပေါ်ရှိ အဆုံးမဲ့ဟင်းလင်းပြင်အထက်တွင် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေသော ကြယ်ခုနစ်လုံးက ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် ကြယ်ခုနစ်ပွင့်၏ စွမ်းအားသည် မတူကွဲပြားသော ဂုဏ်သတ္တိများဖြင့် ဓားအလင်း ခုနစ်သွယ်ကို ထုတ်လွှတ်လိုက်၏။
ထိုခုနစ်စဥ်ကြယ် ဓားအလင်းရောင်သည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ချေမှုန်းရန် လုံလောက်သော အဆုံးမဲ့နတ်စွမ်းအားများ ကိန်းအောင်းနေပုံရ၏။
“နောက်ဆုံးတော့ ငါကျွမ်းကျင်သွားခဲ့ပြီ”
ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်အသုံးပြုလိုက်ပြီးနောက်တွင် ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
ယခင်ကဆိုလျှင် သူ့ထက် ပိုမိုအဆင့်မြင့်သော ပြိုင်ဘက်များကို ရင်ဆိုင်ရတိုင်းတွင် ကျန်းချန်သည် နတ်ခန္ဓာပုံရိပ်နှင့် သိုင်းစွမ်းအားပုံရိပ်ကိုသာ အသုံးပြုနိုင်ခဲ့သည်။
ထိုနတ်ခန္ဓာပုံရိပ်နှင့် သိုင်းစွမ်းအားပုံရိပ်တို့သည် အလွန်တရာ အစွမ်းထက်သော်လည်း ခွန်အားသုံးစွဲမှုကမူ ကြောက်မက်ဖွယ်ရာ ဖြစ်၏။
ကျန်းချန်တွင်သာ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော မှော်ရတနာ ဖြစ်သည့် အသက်သစ်ကိုင်း မရှိလျှင် ပြိုင်ဘက်ကို အနိုင်မယူနိုင်ခင်မှာပင် ခွန်အားကုန်ခန်းကာ သေဆုံးသွားနိုင်ခြေပင် ရှိ၏။
နတ်ဘုရင်အဆင့် ဖြစ်သည့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကမူ ခွန်အားသုံးစွဲမှု နည်းပါးရုံသာမက အလွန်တရာလည်း အစွမ်းထက်သည်။
အကယ်၍သာ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ကောင်းကင်မီးနတ်ဓားဖြင့် တွဲဖက် အသုံးပြုလိုက်လျှင် သိုင်းစွမ်းအားပုံရိပ်ဖြင့် တိုက်ခိုက်ခြင်းထက်ပင် မနိမ့်ကျနိုင်တော့ပေ။
ဤနတ်ဘုရင်အဆင့် နည်းစနစ်ဖြင့်သာ ဆိုလျှင် သူ့အနေဖြင့် ရန်သူများကို ရင်ဆိုင်ရာတွင် သံသယဖြစ်ဖွယ်ရာမရှိ ပိုမို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်၏။
ကျန်းချန်က ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်ပြီးနောက်တွင် အရှင်ရွှယ်သောင်း၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ရိပ်ခနဲ ပေါ်ထွက်လာခဲ့သည်။
“ချစ်တပည့်.. မင်း ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို ကျင့်ကြံနိုင်ခဲ့ပြီလား”
ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော ဓားစွမ်းအားကို ခံစားမိလိုက်ပြီးနောက်တွင် အရှင်ရွှယ်သောင်း၏ မျက်ဝန်းများ၌ မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ လက်ရှိခွန်အားနှင့် အဆင့်အတန်းအရ ဟန်ယွဲ့နန်းတော်တွင် သူ့ကို စိတ်လှုပ်ရှားအောင် လုပ်ဆောင်နိုင်သောအရာ မရှိသလောက်ပင် ဖြစ်သည်။
ကျန်းချန်ကို တပည့်အဖြစ် လက်ခံစဥ်ကပင် အရှင်ရွှယ်သောင်းသည် အနည်းငယ်သာ စိတ်လှုပ်ရှားခဲ့၏။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ရွှယ်သောင်းသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ပါရမီကြောင့် အမှန်တကယ်ပင် အံ့အားသင့်ခဲ့ရသည်။
ကျန်းချန်သည် ၃လအတွင်းမှာပင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ဖြင့်ပင် နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့သည် မဟုတ်ပါလော။
ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းသည် မဟာကောင်းကင်နတ်ဘုရားအဆင့်မှသာလျှင် ကျင့်ကြံနိုင်သော နတ်ဘုရင်အဆင့် နည်းစနစ်တစ်ခု ဖြစ်သည်။
ကျန်းချန်က မဟာကောင်းကင် နတ်ဘုရားအဆင့်နှင့် အလွန်တရာ နီးစပ်သော်လည်း မဟာကောင်းကင် နတ်ဘုရား အဆင့်သို့ ရောက်ရှိရန် အနည်းငယ် လိုအပ်နေပါသေး၏။
ဆိုရလျှင် မဟာကောင်းကင် နတ်ဘုရားပင်လျှင် ၃လအတွင်း ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အောင်မြင်စွာ ကျင့်ကြံနိုင်မည်မဟုတ်ပေ။
သူ့လို နယ်မြေနတ်ဘုရားပင် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို နားလည်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မည်ဖြစ်၏။
ကျန်းချန်က အရှင်ရွှယ်သောင်းကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
“ဆရာ.. တပည့်က ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ကံကောင်းပြီး အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့တာပါ”
ထိုစကားကိုကြားလျှင် အရှင်ရွှယ်သောင်း၏ စိတ်နှလုံးသည် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
နယ်မြေနတ်ဘုရားတစ်ပါး အနေဖြင့် နတ်ဘုရင်အဆင့်နည်းစနစ်က မည်မျှခက်ခဲမှန်း သူကောင်းစွာသိသည်။
နတ်ဘုရားနယ်မြေရှိ အထွတ်အထိပ် ပါရမီရှင်များပင်လျှင် နတ်ဘုရင်အဆင့်နည်းစနစ်ကို တံခါးပိတ်၍ ကျင့်ကြံမည်ဆိုလျှင် ၈နှစ် သို့မဟုတ် ၁၀နှစ်ခန့် အချိန်ပေးရလိမ့်မည် ဖြစ်၏။
ကျန်းချန်ကမူ ၃လအတွင်း နတ်ဘုရင်အဆင့် နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
အတွေ့အကြုံများပြားသော အရှင်ရွှယ်သောင်း ပင်လျှင် ကမ္ဘာပေါ်တွင် ဤမျှ ပါရမီရှိသောသူကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။
“ငါတော့ တကယ့် ရတနာကို ကောက်ယူမိခဲ့တာပဲ”
အရှင်ရွှယ်သောင်း၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။
သူ၏မျက်ဝန်းတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်၏ နားလည်နိုင်စွမ်းသည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ဒဏ္ဍာရီအရ နတ်ဘုရားနယ်မြေ၏ ရှေးခေတ်ကာလတွင် ထိုကဲ့သို့ နားလည်နိုင်စွမ်းရှိသည့် အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင်များ ပေါ်ပေါက်ခဲ့ဖူးသည်။
သူ၏ တပည့်သည် အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ကောင်းဖြစ်နိုင်လောက်၏။
“ချစ်တပည့် မင်းရဲ့နားလည်နိုင်စွမ်းနဲ့ဆိုရင် ဆရာက မင်းကို တကယ်ပဲ ဘာမှ သင်ပေးစရာမရှိတော့ဘူး”
အရှင်ရွှယ်သောင်းက ခေါင်းခါရမ်းကာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ နေရာလွတ်စွမ်းအားများ ထွက်ပေါ်နေသော သစ်သီးတချို့သည် သူ၏လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
“ရွှယ်ခုန်းသစ်သီးပါလား”
ကျန်းချန်က အရှင်ရွှယ်သောင်း၏ လက်ထဲရှိ သစ်သီးကိုမြင်လျှင် တအံ့တသြ ရေရွတ်လိုက်သည်။
“ဟုတ်တယ် ဒီရွှယ်ခုန်းသစ်သီးတွေကို ငါ့ရဲ့မိတ်ဆွေဟောင်း တစ်ယောက် ဆီကနေ ဝယ်ခဲ့တာပဲ”
အရှင်ရွှယ်သောင်းက ခေါင်းညိတ်လိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
“ဒီရွှယ်ခုန်းသစ်သီး ၆လုံးနဲ့ဆိုရင် မင်းအနေနဲ့ အေးအေးဆေးဆေး ကျင့်ကြံလို့ရပြီ.. လအနည်းငယ်အတွင်း နေရာလွတ်လမ်းစဥ် ဥပဒေသရဲ့ မူလစွမ်းအားကို ပြီးပြည့်စုံတဲ့ အခြေအနေအထိ လုပ်ဆောင်ပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားပါ”
“ကျေးဇူးတင်ပါတယ် ဆရာ”
ကျန်းချန်က စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
ရွှယ်ခုန်းသစ်သီးသည် နေရာလွတ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်သော နတ်သစ်သီး တစ်မျိုး ဖြစ်သည်။
ယင်းက အဆုံးမဲ့နတ်သစ်သီးနှင့် နှိုင်းယှဥ်၍ မရသော်လည်း အလွန်ရှားပါးသော နတ်သစ်သီးတစ်မျိုးလည်း ဖြစ်၏။
သူက နေရာလွတ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ၈၀ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းအထိ နားလည်ထားပြီ ဖြစ်သည်။
ဤရွှယ်ခုန်းသစ်သီး ၆လုံးဖြင့်သာဆိုလျှင် လအနည်းငယ်အကြာတွင် စိုးရိမ်စရာ မလိုအပ်ဘဲ နေရာလွတ်လမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အခြေအနေအထိ မြှင့်တင်နိုင်ပေလိမ့်မည်။
သို့သော်လည်း ကျန်းချန်သည် အရှင်ရွှယ်သောင်းက သူ့ကို လအနည်းငယ် အတွင်း အဆင့်ထိုးဖောက်ရန် ကြိုးစားခိုင်းသည်ကို ကြားလျှင် စိတ်နှလုံးထဲ၌ တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။
သူက ချက်ချင်းပင် အရှင်ရွှယ်သောင်းကို ကြည့်ကာ လေးနက်သော လေသံဖြင့် မေးလိုက်၏။
“ဆရာ.. ကျွန်တော့်ကို လအနည်းငယ်အတွင်း အဆင့်ထိုးဖောက်ဖို့ တိုက်တွန်းနေတာ ကျွန်တော့်အမေနဲ့ တစ်စုံတစ်ရာပတ်သက်မှုများ ရှိနေလား”
“မင်းက ခန့်မှန်းမိသွားပြီကိုး”
အရှင်ရွှယ်သောင်းက ခဏမျှ အံ့အားသင့်သွားပြီးနောက်တွင် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ် နောက်ထပ် လအနည်းငယ်အတွင်း ကျင်းပမဲ့ သိုင်းပြိုင်ပွဲက မင်းရဲ့အမေနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
ဟန်ယွဲ့နန်းတော်တွင် ကျင်းပပြုလုပ်မည့် သိုင်းပြိုင်ပွဲသည် လူငယ်ပါရမီရှင်များ အတွက် ပြိုင်ပွဲတစ်ခုသာ ဖြစ်သင့်သည်။
အဘယ်ကြောင့် သူ၏အမေနှင့် သက်ဆိုင်နေရပါသနည်း။
“ဒီအချိန်မှာ ဘာမှ အတွေးမများနဲ့.. မင်းရဲ့ အဓိကဦးစားပေးက အခုအချိန်မှာ အစွမ်းကုန် ကြိုးစားလေ့ကျင့်ဖို့ပဲ”
အရှင်ရွှယ်သောင်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဆရာက မင်းကို သိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် စာရင်းသွင်းခဲ့ပြီးပြီ.. မင်းသာ သိုင်းပြိုင်ပွဲမှာ အနိုင်ရရင် မင်းရဲ့အမေမှာ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး”
“ပထမနေရာကို ရယူရမှာလား”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခုက ဖျတ်ခနဲလင်းလက်သွားခဲ့သည်။
ဤအတိုင်းသာဆိုလျှင် ဟန်ယွဲ့နန်းတော်မှ ကျင်းပမည့် သိုင်းပြိုင်ပွဲတွင် သူက ပထမနေရာကို ကျိန်းသေပေါက် ရယူရလိမ့်မည်ဖြစ်၏။
သိုင်းပြိုင်ပွဲ၏ ပထမနေရာကို ရယူခြင်းမှ သူ့ကို တားဆီးရဲသည့် မည်သူမဆို သူက ညှာတာမည် မဟုတ်ချေ။