အခန်း (၁၈၃၅+၁၈၃၆)
Vol. 124 Ch. 1835+1836
အခန်း(၁၈၃၅)
“ဆရာ တပည့် လွန်ခဲ့တဲ့ ၅နှစ်က အမှန်တရားကို သိချင်တယ်”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး အရှင်ရွှယ်သောင်းကို လေးနက်စွာ ပြောလိုက်သည်။
“အခုဆိုရင် သိုင်းပြိုင်ပွဲ ကျင်းပဖို့ လအနည်းငယ်ပဲ လိုတော့တယ်.. ကျေးဇူးပြုပြီး ကျွန်တော့်အမေနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို ပြောပြပေးပါဆရာ.. ဒါမှ တပည့်အနေနဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်လိမ့်မယ်”
“ကောင်းပြီ.. မင်းကို မပြောရရင်လည်း မင်းအနေနဲ့ စိတ်ဖြောင့်လက်ဖြောင့် ကျင့်ကြံနိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်”
အရှင်ရွှယ်သောင်းက ခေါင်းခါရမ်းလိုက်ပြီး မကြာမီမှာပင် လွန်ခဲ့သော ၅နှစ်ခန့်က ဟန်ယွဲ့နန်းတော်တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စကို စတင် ရှင်းပြခဲ့သည်။
လွန်ခဲ့သော နှစ်၁၀၀ခန့်က ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် ဖြစ်သည့် နယ်မြေနတ်ဘုရားသည် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်၍ အဆင့်တက်လှမ်းနိုင်မည့် အခွင့်အလမ်းများ ရှာဖွေရန်အတွက် ပြင်ပသို့ ထွက်ခွာသွားခဲ့သည်။
ဤနောက်ပိုင်းတွင် အကြီးအကဲချုပ်၏ သတင်းကို ဟန်ယွဲ့နန်းတော်သည် တစ်စုံတစ်ရာပင် မရရှိခဲ့ပေ။
သို့ရာတွင် မမျှော်လင့်ဘဲ လွန်ခဲ့သော ၅နှစ်ခန့်တွင် အကြီးအကဲချုပ်သည် တိုက်ရိုက်တပည့် ဖြစ်သူ ကျီဝူရွှယ်နှင့်အတူ ဟန်ယွဲ့နန်းတော်သို့ ရုတ်တရက် ပြန်ရောက်လာခဲ့သည်။
ဟန်ယွဲ့နန်းတော်သို့ ပြန်ရောက်ပြီး သိပ်မကြာမီမှာပင် အကြီးအကဲချုပ်သည် ကွယ်လွန်သွားခဲ့ပြီး သူ၏ တစ်သက်တာအမွေအနှစ်နှင့် နယ်မြေနတ်ဘုရားသလင်းကျောက်ကို ကျီဝူရွှယ်ထံ ပေးအပ်ခဲ့သည်။
ဤလုပ်ဆောင်ချက်သည် ဟန်ယွဲ့နန်းတော်၏ ဝါရင့်အကြီးအကဲများ ကြားတွင် သဘောထား ကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အကြီးအကဲချုပ် အပေါ် သစ္စာရှိသူအချို့က အကြီးအကဲချုပ်၏ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။
အခြားသူများကမူ အကြီးအကဲချုပ်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကို တပည့်အသစ် တစ်ဦးထံ မပေးအပ်သင့်ဟု ခံစားခဲ့ရသည်။
နှစ်ဖက်စလုံးက ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပြီး အတွင်းရေးပဋိပက္ခများ ဖြစ်ပေါ်လုနီးပါးပင် ဖြစ်လာခဲ့၏။
အဆုံးသတ်တွင် ဟန်ယွဲ့နန်းတော်၏ နန်းတော်သခင် ဖြစ်သည့် ဟောင်ယွဲ့နှင့် အရှင်ရွှယ်သောင်းသည် ထိုအတွင်းရေးပဋိပက္ခကို ဖြေရှင်းပေးခဲ့ရသည်။
ဆွေးနွေးမှုများအပြီးတွင် နှစ်ဖက်စလုံးသည် နယ်မြေနတ်ဘုရား သလင်းကျောက်၏ ကံကြမ္မာကို ဆုံးဖြတ်ရန်အတွက် သိုင်းပြိုင်ပွဲကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြ၏။
သိုင်းပြိုင်ပွဲတွင် ပထမနေရာကို ရရှိသည့် မည်သူမဆို နယ်မြေနတ်ဘုရား သလင်းကျောက်ကို ပိုင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
“ဒီသိုင်းပြိုင်ပွဲမှာ ဟန်ယွဲ့နန်းတော်ရဲ့ အထွတ်အထိပ် ပါရမီရှင်တွေ အားလုံး ပါဝင်ယှဥ်ပြိုင်မှတော့ ဒါက နယ်မြေနတ်ဘုရား သလင်းကျောက်ကို အတင်းအကျပ် လုယက်တာနဲ့ ဘာများ ကွာခြားတော့မှာလဲ”
အဖြစ်အပျက် အားလုံးကို ကြားပြီးနောက်တွင် ကျန်းချန်၏ အမူအရာသည် အလွန်တရာပင် သုန်မှုန်လာခဲ့သည်။
သူ့အမေသည် ရွှယ်လင်ကုန်းမြေတိုက်ကို လွှမ်းမိုးနိုင်ခဲ့၍ ပါရမီ ထူးခြားသည်ဟု ဆို၍ ရသည်။
သို့သော်လည်း နတ်ဘုရားနယ်မြေသို့ သူ့အမေ ရောက်ရှိလာသည့် အချိန်ကာလသည် အလွန်တရာပင် တိုတောင်းနေသေး၏။
လက်ရှိအချိန်တွင် သူ့အမေသည် အလွန်ဆုံး ကောင်းကင်နတ်ဘုရား တတိယအဆင့်လောက်ကိုသာ ရောက်ရှိနိုင်ခြေ ရှိသည်။
သူ့အမေတွင် သူကဲ့သို့ အဆ ၁၀၀စနစ် မရှိ၍ ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း ဟန်ယွဲ့နန်းတော်မှ ထိပ်တန်းပါရမီရှင်များနှင့် ယှဥ်ပြိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“နတ်ဘုရားနယ်မြေမှာ အားလုံးက ခွန်အားကိုပဲ လေးစားကြတယ်.. အကြီးအကဲချုပ် ကွယ်လွန်သွားပြီးနောက်မှာ ဟန်ယွဲ့နန်းတော်မှာရှိတဲ့ မင်းအမေရဲ့ အဆင့်အတန်းက အများကြီး လျော့ကျသွားခဲ့တယ်.. အကြီးအကဲချုပ်ရဲ့ လူယုံတချို့ ကျန်ရှိနေပေမဲ့လည်း သူတို့အနေနဲ့ ဟန်ယွဲ့နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်တဲ့ ဟောင်ယွဲ့ကို ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်မှာလဲ.. အမှန်တော့ နန်းတော်သခင် ဟောင်ယွဲ့က နယ်မြေနတ်ဘုရား သလင်းကျောက်ကို အတင်းအကျပ် လုယူချင်ခဲ့တယ်.. ဆရာက အကြီးအကဲချုပ်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အတွက် ရှေ့ထွက်ပြီး သူ့ရဲ့တပည့်ကို ကယ်တင်ပေးခဲ့တာပဲ.. ဒါပေမဲ့လည်း ဟောင်ယွဲ့က ဟန်ယွဲ့နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်နေတဲ့ အတွက် ဆရာ့အနေနဲ့ မင်းအမေ အတွက် ၅နှစ်ပဲ အချိန်ဆွဲပေးနိုင်ခဲ့တယ်”
အရှင်ရွှယ်သောင်းက သက်ပြင်းကို ခပ်ဖွဖွချ၍ ပြောလိုက်သည်။
ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် ကွယ်လွန်ပြီးနောက်တွင် ၎င်းချန်ရစ်ခဲ့သည့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို တိုက်ရိုက်တပည့် ဖြစ်သည့် ကျီဝူရွှယ်သာလျှင် လုပ်ထုံးလုပ်နည်းအရ အမွေဆက်ခံသင့်သည်။
သို့သော်လည်း နတ်ဘုရားနယ်မြေတွင် ပြိုင်ဆိုင်မှုသည် အလွန်ပင် ရက်စက်လှ၏။
ကျင့်ကြံခြင်း အရင်းအမြစ် တချို့အတွက် ညီအစ်ကိုအရင်များပင် သတ်ဖြတ်ကြသည့် ကိစ္စများစွာ ရှိခဲ့ဖူးသည်။
နယ်မြေနတ်ဘုရား သလင်းကျောက်သည် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် အထောက်အပံ့ပေးသည့် အထွတ်အထိပ်ရတနာတစ်ပါး ဖြစ်ပြီး ဂိုဏ်း၏ ထွန်းကားခြင်းနှင့် ဆုတ်ယုတ်ခြင်းကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။
ဟန်ယွဲ့နန်းတော်သခင် ဟောင်ယွဲ့သည် ဟန်ယွဲ့နန်းတော်သို့ အသစ် ရောက်ရှိလာသော တပည့်တစ်ဦးကို အကြီးအကဲချုပ်၏ နယ်မြေနတ်ဘုရား သလင်းကျောက်အား လက်ခံစေပါမည်လော။
ကျန်းချန်က အရှင်ရွှယ်သောင်း၏ ရှင်းပြမှုကို ကြားပြီးနောက်တွင် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် ကွယ်လွန်သွားပြီးနောက်တွင် သူ၏မိခင်၌ အားကောင်းသော အထောက်အပံ့ မရှိတော့ပေ။
ထို့ကြောင့် သူမ ခန္ဓာကိုယ်ပေါ်ရှိ နယ်မြေနတ်ဘုရား သလင်းကျောက်ကို လူအများက လိုချင်တောင့်တနေသည်မှာ ရှောင်လွဲ၍မရသော ကိစ္စရပ်ပင်။
ကံကောင်းထောက်မစွာဖြင့် နန်းတော်သခင် ဟောင်ယွဲ့သည် လွန်ခဲ့သော ၅နှစ်က ကိစ္စတွင် အရှင်ရွှယ်သောင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နယ်မြေနတ်ဘုရား သလင်းကျောက်ကို သိုင်းပြိုင်ပွဲတွင် အနိုင်ရသူအား ပေးအပ်ရန် သဘောတူခဲ့သည်။
သို့မဟုတ်လျှင် သူ့အမေ ပိုင်ဆိုင်ထားသည့် နယ်မြေနတ်ဘုရား သလင်းကျောက်သည် လွန်ခဲ့သော ၅နှစ်ကပင် အတင်းအကျပ် လုယူခြင်းကို ခံရဖွယ်ရှိပြီး မတော်တဆဖြစ်ရပ်များပင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ ရှိသည်။
သို့သော် ယခု သူက ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်ရာ မည်သူကမှ သူ့အမေထံမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ယူဆောင်သွားရန် ခွင့်ပြုမည်မဟုတ်ပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အရှင်ရွှယ်သောင်းကို ပြောလိုက်သည်။
“ဆရာ.. ကျွန်တော့်အမေ အခု ဘယ်မှာရှိနေလဲ”
“မင်းအမေက အကြီးအကဲချုပ် တစ်ချိန်က နေထိုင်ခဲ့တဲ့ လော်ယွဲ့တောင်ထွတ်မှာရှိတယ်.. အခုအချိန်မှာ လော်ယွဲ့တောင်ထွတ် တစ်ခုလုံးကို ဟောင်ယွဲ့က တားမြစ်ထားတယ်.. ဘယ်သူကမှ လော်ယွဲ့တောင်ထွတ်ကို ချဥ်းကပ်ခွင့် မပြုထားသလို မင်းရဲ့အမေကိုလည်း လော်ယွဲ့တောင်ထွတ်ကနေ မထွက်ခွာဖို့ တားမြစ်ထားတယ်.. သူမ အနေနဲ့ သိုင်းပြိုင်ပွဲမှာ ပထမနေရာ မရရှိရင် ပြဿနာတက်နိုင်ခြေ ရှိတယ်”
ဤအကြောင်းအရာကို ပြောဆိုရင်း အရှင် ရွှယ်သောင်းသည် ကျန်းချန်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
“ဒါက ဆရာ့အနေနဲ့ မင်းကို သိုင်းပြိုင်ပွဲမှာ ပထမနေရာ ရရှိဖို့ ကြိုးစားခိုင်းရတဲ့ အကြောင်းရင်းပဲ”
“ဆရာ စိတ်မပူပါနဲ့.. တပည့် ဘာလုပ်ရမလဲဆိုတာ သိပါပြီ”
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။
နယ်မြေနတ်ဘုရား သလင်းကျောက်သည် သိုင်းပြိုင်ပွဲ၏ ပထမနေရာနှင့် သက်ဆိုင်နေသောကြောင့် သူသာ ပထမနေရာကို ရရှိခဲ့လျှင် ပြဿနာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
“မင်းရဲ့ခွန်အားနဲ့ဆိုရင် ဟန်ယွဲ့နန်းတော်က တခြား ပါရမီရှင်တွေကို စိုးရိမ်စရာမရှိဘူး.. မင်းကို ခြိမ်းခြောက်နိုင်တဲ့ တစ်ဦးတည်းသောသူက ဟန်ယွဲ့နန်းတော်ရဲ့တပည့်ခေါင်းဆောင် ဖြစ်တဲ့ ကုန်းလင်ပဲ.. ကုန်းလင်က မင်းနဲ့အဆင့်တူ ဖြစ်ပေမဲ့ မင်းထက် အနည်းငယ် ပိုအားကောင်းတယ်.. သူက မဟာမြေရိုင်းပါရမီရှင်စာရင်းမှာ အဆင့်(၃၂)နေရာမှာ ရှိတယ်”
အရှင်ရွှယ်သောင်းက လေးနက်စွာ ပြောလိုက်သည်။
“ဒါကြောင့် မင်းသူ့ကို အနိုင်ယူချင်ရင် လအနည်းငယ် အတွင်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံး ထိုးဖောက်နိုင်မှပဲ ဖြစ်လိမ့်မယ်”
ပါရမီနှင့် ပတ်သက်လျှင် ကျန်းချန်သည် ကုန်းလင်ကို ရှုံးနိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ကုန်းလင်သည် ဟန်ယွဲ့နန်းတော်တွင် နှစ်ရာပေါင်း များစွာ ကျင့်ကြံခဲ့ပြီး အရှင်ဟောင်ယွဲ့၏ လမ်းညွှန်မှုကို ရရှိထားသည်။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့်သာ ကုန်းလင်နှင့် ရင်ဆိုင်ရလျှင် အနိုင်အရှုံးသည် ၅၀၊ ၅၀ ခန့်သာ ရှိသည်။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်ခြင်းသည် သာလျှင် တိုက်ပွဲတွင် အနိုင်ရရန်အတွက် ပိုမို ကြီးမားသော အခွင့်အရေးကို ရရှိနိုင်ပေလိမ့်မည်။
ကျန်းချန်က ယုံကြည်မှုအပြည့် ရှိသော လေသံဖြင့် ပြောလိုက်သည်။
“ဆရာ စိတ်ချပါ.. သိုင်းပြိုင်ပွဲမတိုင်ခင် နေရာလွတ်လမ်းစဥ် ဥပဒေသကို ပြီးပြည့်စုံတဲ့ အခြေအနေအထိ တပည့် သေချာပေါက် ကျင့်ကြံနိုင်မှာပါ”
အရှင်ရွှယ်သောင်းက သူ့ကို ပေးခဲ့သော ရွှယ်ခုန်းသစ်သီး ၆လုံးဖြင့် ဆိုလျှင် သူ၏ နေရာလွတ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားကို ပြီးပြည့်စုံသော အခြေအနေအထိ မြှင့်တင်ရန်မှာ လွယ်ကူလိမ့်မည် ဖြစ်ပြီး လအနည်းငယ်ပင် အချိန်ယူစရာ လိုအပ်လိမ့်မည် မဟုတ်ချေ။
အရှင်ရွှယ်သောင်းနှင့် စကားပြောဆိုပြီးနောက်တွင် ကျန်းချန်သည် သူ့အခန်းသို့ ပြန်သွားခဲ့ပြီး နေရာလွတ် လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို မြှင့်တင်ရန်အတွက် ရွှယ်ခုန်းသစ်သီးကို စတင် စားသုံးခဲ့သည်။
“ဒင်.. သင်က ရွှယ်ခုန်းသစ်သီးကို စားသုံးပြီး နေရာလွတ်လမ်းစဥ် ဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၁၈၈၈၈၈၈၈ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က ရွှယ်ခုန်းသစ်သီးကို စားသုံးပြီး နေရာလွတ်လမ်းစဥ် ဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၁၈၈၈၈၈၈၈ကို အဆ ၁၀၀ ရရှိပါတယ်”
“.............”
“ဒင်.. သင့်ရဲ့ နေရာလွတ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားက ပြီးပြည့်စုံသော အခြေအနေကို ရောက်ရှိသွားခဲ့ပါပြီ”
ရွှယ်ခုန်းသစ်သီး ၅လုံးကို ဆက်တိုက်ဆိုသလို စားသုံးပြီးနောက်တွင် ကျန်းချန်၏ နေရာလွတ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားသည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
[ဒီရွှယ်ခုန်းနတ်သစ်သီးက အဆုံးမဲ့နတ်သစ်သီး ပြီးရင် အစွမ်းအထက်ဆုံး နတ်သစ်သီးပဲ]
ကျန်းချန်က စိတ်နှလုံးထဲကနေ တအံ့တသြ ရေရွတ်လိုက်သည်။
သူ၏ နေရာလွတ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားသည် ရွှယ်ခုန်းသစ်သီး ၅လုံးကို စားသုံးပြီးနောက်တွင် ပြီးပြည့်စုံသောအခြေအနေအထိ ရောက်ရှိသွားခဲ့သည်။
ရွှယ်ခုန်းသစ်သီးတစ်လုံး၏ အာနိသင်သည် အနည်းဆုံး နေရာလွတ် စိတ်ဝိညာဥ်သစ်သီး အလုံး၁၀၀နှင့် ညီမျှ၏။
နေရာလွတ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အခြေအနေအထိ မြှင့်တင်ပြီးနောက်တွင် ကျန်းချန်သည် အပြင်သို့ အလျင်စလို မထွက်ခွာခဲ့ပေ။
အဆုံးသတ်တွင် သူက အဆ ၁၀၀ စနစ်ကို အသုံးပြု၍ နေရာလွတ် သစ်သီး ၅လုံးကို မျိုချခဲ့ပြီး နေရာလွတ်လမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို ချက်ချင်းဆိုသလို ပြီးပြည့်စုံသော အခြေအနေအထိ ရောက်ရှိစေခဲ့ခြင်းသည် အလွန်အမင်း ထိတ်လန့်စရာကောင်းသော ကိစ္စ ဖြစ်သည်။
အရှင်ရွှယ်သောင်းက သူ၏ဆရာ ဖြစ်သော်လည်း ကျန်းချန်သည် သူ့တွင် စနစ်ရှိနေသည့် အကြောင်းကို မည်သည့်အခါမှ ထုတ်ဖော်ပြောဆိုမည် မဟုတ်ချေ။
ထို့ကြောင့် ကျန်းချန်သည် သူ၏ ကိုယ်ပိုင်အခန်းထဲတွင် အဂ္ဂိရတ်ကိုသာ ပြုလုပ်နေခဲ့သည်။
အခန်း(၁၈၃၆)
ကျန်းချန်က အဂ္ဂိရတ် လေ့ကျင့်ရင်းဖြင့် လအတန်ကြာသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။
မသိလိုက် မသိဘာသာဖြင့်ပင် ဟန်ယွဲ့နန်းတော်၏ သိုင်းပြိုင်ပွဲကျင်းပရန်အတွက် လဝက်မျှပင် မလိုတော့ပေ။
ယနေ့တွင် ကျန်းချန်သည် သူ၏ လေ့ကျင့်မှုများကို အဆုံးသတ်ခဲ့ပြီး လအတန်ကြာ နေထိုင်ခဲ့သည့် အခန်းထဲကနေ ထွက်လာခဲ့သည်။
“ချစ်တပည့်.. ဆရာ့ဆီ လာခဲ့ပါ”
ကျန်းချန်က အခန်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ့ဆရာရွှယ်သောင်း၏ အသံသည် သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။
ကျန်းချန်ကလည်း သူ့ဆရာနှင့် တွေ့ဆုံလိုပြီး သိုင်းပြိုင်ပွဲနှင့်ပတ်သက်သည့် အခြေအနေတချို့ကို သိရှိလိုသောကြောင့် သူ့ဆရာ နေထိုင်သည့်နေရာသို့ သွားရောက်ခဲ့သည်။
မကြာမီမှာပင် ကျန်းချန်သည် ခြံဝန်းတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
သူ့ဆရာ ရွှယ်သောင်းက ခြံဝန်းထဲတွင် ထိုင်ကာ သူ့ကို စောင့်ဆိုင်းနေသည်အား တွေ့မြင်ခဲ့ရသည်။
“ဆရာ.. တပည့်ရောက်ပါပြီ”
ကျန်းချန်က သူ့ဆရာရွှယ်သောင်းကို ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။
ရွှယ်သောင်းက ကျန်းချန်၏ ခန္ဓာကိုယ်ကို အကဲခတ်၍ ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
“ဒီလတွေအတွင်း တံခါးပိတ် ကျင့်ကြံခဲ့တာ ဘာတွေ တိုးတက်မှုရှိခဲ့လဲ”
သူက နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်သော်လည်း ကျန်းချန်၏ နေရာလွတ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားက မည်သည့် အတိုင်းအတာအထိ ရောက်ရှိနေပြီမှန်း တစ်ချက် ကြည့်ရုံဖြင့် မြင်နိုင်စွမ်း မရှိခဲ့ပေ။
“ဆရာပေးထားတဲ့ ရွှယ်ခုန်းသစ်သီး ၆လုံးကို အသုံးပြုပြီး တပည့်ရဲ့ နေရာလွတ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားကို ပြီးပြည့်စုံတဲ့ အခြေအနေအထိ မြှင့်တင်နိုင်ခဲ့ပါပြီ”
ကျန်းချန်က လျှို့ဝှက်မထားဘဲ ခပ်သွက်သွက်ပင် ပြန်ဖြေလိုက်သည်။
“ငါ့တပည့်က ဘယ်ဆိုးလို့လဲ”
ရွှယ်သောင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“နောက်တစ်ဆင့်အနေနဲ့ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ငါ့တပည့် ထိုးဖောက်ရလိမ့်မယ်.. ဒီအတွက်လည်း ဘာမှမပူနဲ့.. ကောင်းကင်ဥပဒေသကို ခံနိုင်ရည်ရှိဖို့ အတွက် ဆရာကိုယ်တိုင် မင်းအတွက် အကာအကွယ် စီမံပေးမယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းခါရမ်းလိုက်သည်။
“ဆရာ.. ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို တပည့် မထိုးဖောက်ချင်သေးဘူး”
ကောင်းကင်နတ်ဘုရား အဆင့်တွင် အဆင့် ထိုးဖောက်ရာ၌ ဖြစ်ပေါ်လာတတ်သည့် ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် သူ၏ အကြီးမားဆုံး လျှို့ဝှက်လက်နက် ဖြစ်သည်။
သူ၏ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ သေချာသလောက် ဖြစ်၏။
ထို့ကြောင့် သူက ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို သူ၏ ဝှက်ဖဲအဖြစ် ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်သည်။
ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁) ပါရမီရှင် ဖြစ်သည့် တပည့်ခေါင်းဆောင် ကုန်းလင်သည် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူ၏ လက်ရှိခွန်အားဖြင့် ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်ဟု ကျန်းချန် ယုံကြည်ခဲ့သည်။
ကျဥ်းထဲကျပ်ထဲ မကျရောက်သရွေ့ ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို အလွယ်တကူ ထိုးဖောက်လိုခြင်း မရှိခဲ့ပေ။
“ဘာလို့အဆင့် မထိုးဖောက်တာလဲ ငါ့တပည့်”
အရှင်ရွှယ်သောင်းက တစ်ခဏမျှ မှင်တက်သွားပြီးမှ ပြောလိုက်သည်။
“ဆရာရှိနေမှတော့ မင်းဘာမှစိုးရိမ်နေစရာ မလိုပါဘူး.. မင်းအနေနဲ့ ကောင်းကင်နတ်ဘုရား ကပ်ဘေးကနေ ရှင်သန်နိုင်ဖို့ ဆရာအပြည့်အဝ ပြင်ဆင်မှုတွေ လုပ်ပေးပါ့မယ်”
“ဆရာ.. တပည့်မှာ ထူးခြားတဲ့ခန္ဓာကိုယ်ရှိတယ်.. တပည့်ရဲ့ အဆင့် ထိုးဖောက်မှုတိုင်းမှာ ကောင်းကင်ဥပဒေသတွေကို လျစ်လျူရှုနိုင်စွမ်း ရှိပြီး ကောင်းကင်နတ်ဘုရား ကပ်ဘေးကိုပါ ဆုတ်ခွာစေနိုင်စွမ်းရှိတယ်.. ဒါကြောင့် အရေးကြီးတဲ့အချိန်မှ ထိုးဖောက်တာက ပိုကောင်းတဲ့ ရလဒ်တစ်ခုကို ရရှိနိုင်မယ်လို့ တပည့်ထင်တယ်”
အရှင်ရွှယ်သောင်း စိတ်သက်သာရာ ရစေရန်အတွက် ကျန်းချန်က အသေအချာ ရှင်းပြလိုက်သည်။
ကျန်းချန်၏ စကားကိုကြားလျှင် အရှင်ရွှယ်သောင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ်က ထူးခြားမှု ရှိကြောင်း သူ့စိတ်ထဲတွင် ခန့်မှန်းပြီးသား ဖြစ်သော်လည်း ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ကောင်းကင်ဥပဒေသကို လျစ်လျူရှုပြီး ကောင်းကင်နတ်ဘုရား ကပ်ဘေးကိုပင် ဆုတ်ခွာစေနိုင်စွမ်းရှိသော ခန္ဓာကိုယ်သည် နတ်ဘုရားနယ်မြေမှာပင် အလွန်ရှားပါးသော ခန္ဓာကိုယ်ဖြစ်သည်။
ကျန်းချန်တွင် ထိုကဲ့သို့ ထူးခြားသောခန္ဓာကိုယ် ရှိနေသောကြောင့် ရွှယ်သောင်းသည် ကျန်းချန်၏ ဆန္ဒကို လိုက်လျောခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် အဆင့်ထိုးဖောက်ခြင်း မပြုလျှင်ပင် ပြိုင်ဘက်ကို ကောင်းစွာ ရင်ဆိုင်နိုင်စွမ်းရှိ၏။
အရေးပါသောအချိန်မှ အဆင့်ထိုးဖောက်လိုက်လျှင် ပြင်းထန်သော ထိုးနှက်ချက်ဖြင့် ပြိုင်ဘက်ကို တစ်ခါတည်း အငိုက်ဖမ်းနိုင်မည်မှာ သေချာသလောက်ပင်။
ဤကိစ္စနှင့် ပတ်သက်၍ အရှင်ရွှယ်သောင်းသည် အလွန်အမင်း စိတ်ရှုပ်ထွေးခြင်း မရှိခဲ့ပေ။
သူက ကျန်းချန်ကို ပြုံးရွှင်စွာ ပြောလိုက်သည်။
“ချစ်တပည့် မင်း ငါ့ရဲ့တပည့်ဖြစ်လာတာ ၁နှစ်နီးပါးရှိပြီ.. ဒီနေ့ ငါ မင်းရဲ့ ဆရာတူအစ်ကို နှစ်ယောက်ကို ခေါ်ထားတယ်.. ခဏနေရင် မင်းတို့ကို တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပေးမယ်”
အရှင်ရွှယ်သောင်း၏ နှုတ်ဖျားကနေ ထွက်ပေါ်လာသည့် ဆရာတူ အစ်ကိုနှစ်ယောက်သည် အရှင်ရွှယ်သောင်း၏ အမည်ခံတပည့်များ ဖြစ်ကြောင်း ကျန်းချန် သိခဲ့သည်။
အရှင်ရွှယ်သောင်းသည် ဟန်ယွဲ့နန်းတော်တွင် အမည်ခံတပည့် သုံးဦးကိုသာ လက်ခံခဲ့သည်။
ထိုအထဲမှ တစ်ဦးမှ အပြင်ထွက်၍ ကျင့်ကြံစဥ် မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ပြီး ယခုအခါတွင် တပည့်နှစ်ဦးသာလျှင် ကျန်ရှိတော့၏။
ထိုကျန်ရှိသော နှစ်ဦးထဲတွင် တစ်ဦးမှာ အဂ္ဂိရတ်ခန်းမ၏ နံပါတ်(၁) ပါရမီရှင် ဖြစ်သည့် ရှချင်းမင် ဖြစ်ပြီး ကျန်းချန်နှင့် အဂ္ဂိရတ်ခန်းမတွင် တွေ့ဆုံခဲ့ဖူးသည်။
အခြားတစ်ဦးကမူ ရှန်းဟုန်ဟု အမည်ရပြီး ကိုယ်ခံပညာရပ်ကို အထူးပြု ကျင့်ကြံသူဖြစ်ကာ ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး ၁၀ဦး စာရင်းဝင် ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။
ကျန်းချန်က ထိုကိစ္စကို သိပ်အာရုံမစိုက်ဘဲ သိုင်းပြိုင်ပွဲနှင့် ပတ်သက်သည့် အကြောင်းကို အရှင်ရွှယ်သောင်းအား မေးမြန်းခဲ့သည်။
“ဆရာ သိုင်းပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ပြောပြလို့ရမလား”
“ဒီသိုင်းပြိုင်ပွဲက ဟန်ယွဲ့နန်းတော်ရဲ့ အထွတ်အထိပ် ပါရမီရှင်တွေ အတွက် အထူးတလည် ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုပဲ ကောင်းကင်နတ်ဘုရား တတိယအဆင့်နဲ့ ဒီအထက်က တပည့်တွေပဲ သိုင်းပြိုင်ပွဲမှာ ပါဝင်နိုင်ခွင့်ရှိတယ်.. ဒီသိုင်းပြိုင်ပွဲက လအနည်းငယ် အကြာမှာ ကျင်းပမဲ့ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲနဲ့လည်း ဆက်စပ်မှုရှိတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်က ခဏမျှ မှင်တက်သွားခဲ့သည်။
“မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ ဟုတ်လား”
ကျန်းချန်က မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲနဲ့ ပတ်သက်၍ ဘာမှ မသိရှိသေးကြောင်း သိမြင်ရလျှင် အရှင်ရွှယ်သောင်းသည် ကျန်းချန်ကို မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲသည် မဟာမြေရိုင်းနယ်မြေတွင် နှစ်၁၀၀၀တွင် တစ်ကြိမ် ကျင်းပသည့် သိုင်းပြိုင်ပွဲဖြစ်ပြီး မဟာမြေရိုင်းနတ်ဂိုဏ်းက ကြီးမှူးကျင်းပသည်။
ထိုသိုင်းပြိုင်ပွဲကို ပါဝင်ရန်အတွက် မဟာမြေရိုင်းနယ်မြေမှ အထွတ်အထိပ် ပါရမီရှင်အားလုံးသည် မဟာမြေရိုင်းနတ်ဂိုဏ်းတွင် စုဝေးကြမည် ဖြစ်၏။
ဆိုရလျှင် မဟာမြေရိုင်းပါရမီရှင် စာရင်းမှ အဆင့်သတ်မှတ်ချက်သည် ထိုသိုင်းပြိုင်ပွဲနှင့် ဆက်စပ်မှုရှိနေခဲ့၏။
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲသည် မဟာမြေရိုင်းနယ်မြေတွင် နာမည်ကျော်ကြားရန် အခွင့်အရေးကောင်း တစ်ခု ဖြစ်ရုံသာမက ကြီးမားသော အကျိုးကျေးဇူးများလည်း ရှိသည်။
သို့သော်လည်း မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲကို မည်သူမဆို ပါဝင်နိုင်မည် မဟုတ်ပေ။
ဟန်ယွဲ့နန်းတော်ကဲ့သို့ နာမည်ကျော် နယ်မြေနတ်ဘုရား အင်အားစုပင်လျှင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်ရန် ခွဲတမ်းသုံးနေရာသာ ရရှိ၏။
ထို့ကြောင့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမတိုင်မီတိုင်းတွင် ဟန်ယွဲ့နန်းတော်သည် သိုင်းပြိုင်ပွဲကို ကျင်းပလေ့ရှိသည်။
ထိုသို့ ကျင်းပရသည့် အဓိက ရည်ရွယ်ချက်မှာ ခွဲတမ်းနေရာ ၃နေရာ၏ ပိုင်ဆိုင်မှုကို ဆုံးဖြတ်ရန်ပင် ဖြစ်၏။
“ပထမနေရာကို ယူပြီး ဒီ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲကို သွားဖို့ အခွင့်အရေး ရယူရမယ်”
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ အခြေအနေကို နားလည်ပြီးနောက်တွင် ကျန်းချန်သည် စိတ်နှလုံးထဲကနေ ရေရွတ်လိုက်မိသည်။
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် မဟာမြေရိုင်းနယ်မြေရှိ ထိပ်တန်းပါရမီရှင် အများအပြား စုဝေး၍ ယှဥ်ပြိုင်နေကြသော မြင်ကွင်းသည် စဥ်းစားရုံဖြင့်ပင် သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။
“ဆရာ”
ကျန်းချန်က အတွေးရေယာဥ်ကြောတွင် နစ်မျောနေသော အချိန်မှာပင် သူ၏ နောက်ကွယ်ကနေ ရုတ်တရက် အသံနှစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အတွေးစများ ပြတ်တောက်သွားခဲ့ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ပုံရိပ်နှစ်ခုက ခြံဝန်းအပြင်ဘက်ကနေ လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ထိုအထဲမှ တစ်ဦးမှာ အဂ္ဂိရတ်ခန်းမတွင် ကျန်းချန်နှင့် တွေ့ဖူးသည့် ရှချင်းမင် ဖြစ်သည်။
တခြားတစ်ဦးကမူ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ထွားကျိုင်းသော သူတစ်ဦး ဖြစ်၏။
ကျန်းချန်က တကူးတကပင် စဥ်းစားနေစရာ မလိုအပ်ဘဲ ထိုသူက သူ့ဆရာ၏ နောက်ထပ် အမည်ခံတပည့်တစ်ဦး ဖြစ်သည့် ရှန်းဟုန်မှန်း သိလိုက်သည်။
“မင်းတို့တွေ ရောက်လာကြပြီလား”
အရှင်ရွှယ်သောင်းက ထိုနှစ်ဦးကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ပြုံးရွှင်စွာဖြင့် ကျန်းချန်ကို မိတ်ဆက်ပေးလိုက်သည်။
“ဒီနှစ်ယောက်က မင်းရဲ့ဆရာတူ အစ်ကိုနှစ်ယောက် ဖြစ်တဲ့ ရှချင်းမင်နဲ့ ရှန်းဟုန် တို့ပဲ”
“ဆရာတူအစ်ကို နှစ်ယောက်ကို ဂါဝရပြုပါတယ်”
ကျန်းချန်က ပြုံးရွှင်စွာဖြင့် ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။
“ဆရာတူညီလေးကျန်း.. ဒီလောက်အထိ ယဥ်ကျေးနေစရာမလိုပါဘူး.. ဆရာတူညီလေးကျန်း အဂ္ဂိရတ်ခန်းမမှာ သင်ကြားစဥ်ကတည်းက ဆရာတူညီလေးကျန်းရဲ့ ပညာရပ်ကို ငါလေးစားနေခဲ့တာပါ.. ငါတို့တွေ ဆရာတူညီအကို ဖြစ်လာဖို့အခွင့်အရေး ရလာလိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး.. နောင်အခါကျရင် အဂ္ဂိရတ်ပညာရပ်နဲ့ ပတ်သက်ပြီး ငါ့ကို သင်ပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ရှချင်းမင်က ပြုံး၍ ဖော်ရွေစွာ ပြောလိုက်သည်။
အခြားတစ်ဖက်တွင်လည်း ရှန်းဟုန်သည် ကျန်းချန်၏ နှုတ်ဆက်မှုကို တုံ့ပြန်သည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်တွင် ရှန်းဟုန်သည် အရှင်ရွှယ်သောင်းကို ကြည့်ကာ တလေးတစား ပြောလိုက်သည်။
“ဆရာတူညီလေးကျန်းကို သိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ စာရင်းသွင်းလိုက်တယ်လို့ တပည့်ကြားမိတယ်.. တပည့်လည်း သိုင်းပြိုင်ပွဲမှာ ပါဝင်ချင်တယ်ဆရာ”
“မင်းက သိုင်းပြိုင်ပွဲမှာ ဘာဝင်လုပ်မှာလဲ”
အရှင်ရွှယ်သောင်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“သိုင်းပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်က မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ အတွက် ခွဲတမ်း၃နေရာကို ဆုံးဖြတ်ဖို့ပဲ.. မင်းရဲ့ခွန်အားနဲ့ဆိုရင် ထိပ်ဆုံးနေရာကို လုံးဝရနိုင်မှာမဟုတ်တဲ့အတွက် ဝင်ရောက် ယှဥ်ပြိုင်နေလို့လည်း ဘာမှအဓိပ္ပါယ်မရှိဘူး”