← Chapters

အခန်း (၁၈၃၇+၁၈၃၈)

Vol. 124 Ch. 1837+1838

အခန်း (၁၈၃၇+၁၈၃၈)

Vol. 124 Ch. 1837+1838

အခန်း(၁၈၃၇)

အရှင်ရွှယ်သောင်း၏စကားကိုကြားလျှင် ရှန်းဟုန်သည် အနည်းငယ် စိတ်အလိုမကျသော လေသံဖြင့် ပြောလိုက်သည်။

“ဆရာ ဒါဆို ဆရာတူညီလေးကျန်းကိုရော ဘာလို့ သိုင်းပြိုင်ပွဲမှာ ပါဝင်ခွင့် ပေးခဲ့တာလဲ”

“ဘာလို့လည်းဆိုတော့ ကျန်းချန်က ထိပ်ဆုံးသုံးနေရာ မပြောနဲ့ ပထမနေရာအတွက်တောင် ယှဥ်ပြိုင်နိုင်စွမ်း ရှိနေလို့ပဲ”

အရှင်ရွှယ်သောင်းက ရှန်းဟုန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်း စိတ်အလိုမကျဖြစ်နေတာ ငါသိတယ်.. ဒီလိုဆိုမှတော့ မင်းကို ကျန်းချန်နဲ့ ယှဥ်ပြိုင်ဖို့ အခွင့်အရေးပေးမယ်.. မင်းသာ ကျန်းချန်ကို ၁၀ကွက်အထိ အရေးမနိမ့်ဘဲ ယှဥ်ပြိုင်နိုင်မယ်ဆိုရင် သိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ ငါအခွင့်အရေးပေးမယ်”

ထိုစကားကိုကြားလျှင် ရှန်းဟုန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဆရာတူညီလေးကျန်း ငါတို့ တစ်ကွက်၊နှစ်ကွက်လောက် ယှဥ်ပြိုင်လိုက်ရအောင်လား”

ရှန်းဟုန်သည် ကျန်းချန်၏ ခွန်အားကိုမသိသော်လည်း သူ့ဆရာရွှယ်သောင်း၏ အမြင်ကို ကောင်းစွာ သိရှိထားခဲ့သည်။

သူ့ဆရာက ကျန်းချန်ကို သိုင်းပြိုင်ပွဲ၏ ပထမနေရာ အတွက် ယှဥ်ပြိုင်မည့်ခွန်အား ရှိသည်ဟု ပြောဆိုနေသည် ဖြစ်ရာ ကျန်းချန်၏ ခွန်အားသည် ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် ကုန်းလင်၏ အောက်တွင် ရှိမည် မဟုတ်သည်မှာ သေချာသလောက်ပင်။

သို့သော် ထိုသို့ပင် ဖြစ်လင့်ကစား ရှန်းဟုန်သည် သိုင်းပြိုင်ပွဲတွင် ပါဝင်ခွင့်ရရှိရန်အတွက် ကြိုးစားကြည့်ချင်ခဲ့သည်။

ရှန်းဟုန်၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ်တွေဝေသွားခဲ့သည်။

သူ၏ ဆရာတူအစ်ကိုသည် သိုင်းပြိုင်ပွဲတွင် အလွန်တရာပါဝင်လိုနေသည်မှာ သိသာနေခဲ့၏။

ဟန်ယွဲ့နန်း‌တော်က ကျင်းပသော သိုင်းပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ရန်အတွက် အနည်းဆုံး ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ရောက်ရှိမှသာ အရည်အချင်း ပြည့်မီနိုင်၏။

ဤသိုင်းပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ခွဲတမ်းနေရာကို သတ်မှတ်ရန် ဖြစ်သော်လည်း အခြားသော ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်ထားသော အဆင့်တစ်ခုကို ရောက်ရှိခဲ့လျှင် ဟန်ယွဲ့နန်းတော်က‌နေ ဆုလာဘ်များစွာကို ရရှိနိုင်ပါသေး၏။

သို့သော်လည်း ကျန်းချန်သည် အရှင်ရွှယ်သောင်းက ရှန်းဟုန်ကို အဘယ်ကြောင့် သိုင်းပြိုင်ပွဲတွင် ပါဝင်ခွင့်မပြုရသည့်အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ပေ။

ပုံမှန်အားဖြင့် ထိပ်ဆုံးသုံးနေရာ အတွက် မယှဥ်ပြိုင်နိုင်လျှင်ပင် သိုင်းပြိုင်ပွဲတွင် အတွေ့အကြုံ ရယူနိုင်ခြင်းသည် ကောင်းမွန်သော အရာတစ်ခုပင် မဟုတ်ပါ‌လော။

ကျန်းချန်သည် ရှန်းဟုန်ကို အနိုင်ယူသင့်မသင့် တွေဝေနေခဲ့သည်။

“ကျန်းချန်.. မင်းငါ့ကို မညှာဘဲ အစွမ်းကုန်တိုက်ပါ.. မင်းကို ဆယ်ကွက်လောက်တောင် ရင်မဆိုင်နိုင်ရင် သိုင်းပြိုင်ပွဲကို ပါဝင်နေလို့လည်း ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး”

ကျန်းချန်၏စိတ်ထဲမှ တွေဝေမှုကို ရိပ်စားမိသဖြင့် ရှန်းဟုန်က ပြုံး၍ ပြောလိုက်သည်။

ရှန်းဟုန်သည် သိုင်းပြိုင်ပွဲတွင် ပါဝင်လိုသော်လည်း အမြဲတစေ ဖြောင့်မတ်သူတစ်ယောက် ဖြစ်သည်။

ထို့အပြင် အရှင်ရွှယ်သောင်းသည် သူ့ကို သိုင်းပြိုင်ပွဲတွင် ပါဝင်ခွင့် မပြုသည်မှာ သူ့ကို အကာအကွယ်ပေးလိုခြင်းကြောင့် ဖြစ်မှန်း သူ ကောင်းစွာ သိရှိထားခဲ့၏။

သိုင်းပြိုင်ပွဲတွင် သူပါဝင်ချင်သည့် တစ်ခုတည်းသော ရည်ရွှယ်ချက်မှာ ကုန်းလင်ကို အနိုင်ယူပြီး သူပိုင်ဆိုင်သည့် ပစ္စည်းကို ကုန်းလင်ထံကနေ ပြန်လည်ရယူရန် ဖြစ်သည်။

သူသာ ကျန်းချန်နှင့် ဆယ်ကွက်အထိ ရင်ဆိုင်နိုင်ခြင်း မရှိလျှင် သိုင်းပြိုင်ပွဲ၌ ပါဝင်ခဲ့လျှင် သူ့ကိုယ်သူ အရှက်ခွဲရုံသာ ဖြစ်နေပေလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဆရာတူအစ်ကိုရှန်း စတိုက်လို့ရပြီ”

“ဆရာတူညီလေးကျန်း.. ဒါဆိုလည်း ငါအားမနာတော့ဘူး”

စကားဆုံးသည်နှင့် ရှန်းဟုန်သည် ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် စွမ်းအားကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်ရှိနေရာလွတ်ကိုပင် အနည်းငယ် ပုံပျက်သွားစေခဲ့သည်။

ရှန်းဟုန်သည် ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး ၁၀ဦးစာရင်းဝင် ပါရမီရှင်တစ်ဦးဖြစ်ပြီး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကာ ပိုင်ရှင်းကျန့်သာ အနည်းငယ်သာ နိမ့်ကျ၏။

ဤခွန်အားအဆင့်သည် ဟန်ယွဲ့နန်းတော်တွင် ရှားပါးသောပါရမီရှင်ဟုပင် ဆို၍ ရသော်လည်း ကျန်းချန်ကိုမူ မည်သည့်ခြိမ်းခြောက်မှုကိုမှ ပေးနိုင်မည်မဟုတ်ပေ။

“ဆရာတူညီလေး ငါလာပြီ”

ရှန်းဟုန်က သတိပေးလိုက်ပြီး သူ၏ခြေထောက်ကို လှုပ်ရှားလိုက်ရာ ခြံဝန်းထဲတွင် ရုတ်တရက် ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့ပြီး ရှန်းဟုန်၏ ပုံရိပ်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ပုံရိပ်သည်လည်း ၃ပေအကွာသို့ ရွေ့လျားသွားခဲ့သည်။

ကျန်းချန်၏ ပုံရိပ် ရွေ့လျားသွားသော အချိန်မှာပင် ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်တစ်ချက်သည် အစောပိုင်းက ကျန်းချန် ရပ်နေသည့် နေရာသို့ ကျရောက်လာခဲ့၏။

“ဘယ်လောက်တောင် ထက်မြက်လိုက်တဲ့ အာရုံခံစားမှုလဲ”

ကျန်းချန်က သူ၏လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းလိုက်သည်ကိုမြင်လျှင် ရှန်းဟုန်က တုန်လှုပ်သွားခဲ့သည်။

ထို့နောက်တွင် သူက ဆန်းကြယ်သော ခြေလှမ်းကွက်များကို ထုတ်ဖော်လိုက်ရာ သူ့တစ်ကိုယ်လုံးသည် လေပွေအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ ထပ်မံ ဝင်ရောက်လာခဲ့သည်။

ရှန်းဟုန်၏ တိုက်ခိုက်မှုနှင့် ထပ်မံ ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ပင် အေးအေးဆေးဆေး ရှောင်တိမ်းသွားခဲ့သည်။

ရှန်းဟုန်၏အကြည့်က လေးနက်သွားခဲ့ပြီး သူ၏ အရှိန်အဟုန်ကို ပိုမိုမြှင့်တင်လိုက်သည်။

သို့သော်လည်း သူတိုက်ခိုက်လိုက်သည့် အခါတိုင်းတွင် ကျန်းချန်သည် အလွယ်တကူ ရှောင်တိမ်းသွားသည်ချည်းပင်။

ကျန်းချန်က သူ၏တိုက်ကွက်များအား အလွယ်တကူ ရှောင်တိမ်းသွားသည်ကို မြင်လျှင် ရှန်းဟုန်၏ အကြည့်သည် ပို၍ လေးနက်လာခဲ့သည်။

ဤအချိန်တွင် ရှန်းဟုန်သည် သူ့ဆရာက ကျန်းချန်ကို သိုင်းပြိုင်ပွဲတွင် အဘယ်ကြောင့် စာရင်းသွင်းခဲ့မှန်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

သူ၏ခွန်အားဖြင့်ဆိုလျှင် ဟန်ယွဲ့နန်း‌တော် တစ်ခုလုံးရှိ ပါရမီရှင်များစွာ ထဲတွင် သူ့ကို အနိုင်ယူနိုင်သူသည် ငါးဦးထက် မပိုပေ။

သို့သော်လည်း ယခု သူက ရှစ်ကွက် သို့မဟုတ် ကိုးကွက် အထိ တိုက်ခိုက်ခဲ့သည့်တိုင် ကျန်းချန်၏ အင်္ကျီစကိုပင် ထိမိအောင် မလုပ်နိုင်ခဲ့ပေ။

ထိုကဲ့သို့သော ခွန်အားသည် အမှန်တကယ်ပင် နက်ရှိုင်းလွန်းသည်ဟု ဆိုရပေမည်။

ဆိုရလျှင် သူ၏ဆရာတူညီလေး ကျန်းချန်တွင် သိုင်းပြိုင်ပွဲ၏ ထိပ်ဆုံးနေရာအတွက် ယှဥ်ပြိုင်နိုင်သည့် စွမ်းရည် အမှန်တကယ် ရှိနေခဲ့သည်။

“ဆရာတူညီလေးကျန်းချန်.. ဒါက နောက်ဆုံးတိုက်ခိုက်မှုပဲ မင်းသတိထားပါ”

ရှန်းဟုန်က အသက်ကိုခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရုတ်တရက် အော်ဟစ်လိုက်ကာ ကျန်းချန်၏ ပတ်ပတ်လည်တွင် ခြေလှမ်းများစွာ လှမ်းလိုက်သည်။

သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် သူ၏ ပုံသဏ္ဌာန်နှင့် အနည်းငယ် ဆင်တူသော ပုံရိပ်တစ်ခုစီသည် ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။

ခြေလှမ်းကိုးလှမ်း ဆက်တိုက် လှမ်းလိုက်ပြီးနောက်တွင် ပုံရိပ်ကိုးခုသည် ကျန်းချန် ရှောင်တိမ်းမည့် လမ်းကြောင်းအားလုံးကို တိုက်ရိုက်ပင် ပိတ်ဆို့ထားခဲ့သည်။

“ဒီတစ်ကြိမ်တော့ မင်းဘယ်လိုရှောင်တိမ်းမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

သူ၏ ပုံရိပ်များဖြင့် ပိတ်ဆို့ခံထားရ‌သော ကျန်းချန်ကို ကြည့်ကာ ရှန်းဟုန်၏ မျက်နှာထက်တွင် အဆုံးသတ်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အေးခဲစမ်း..”

ဤတစ်ခေါက်တွင် ကျန်းချန်အနေဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ဟု ရှန်းဟုန် ထင်နေသော အချိန်မှာပင် ကျန်းချန်သည် လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်ပြီး ပါးစပ်ကနေ အေးစက်စက် ရေရွတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ် နေရာလွတ်စွမ်းအားသည် ခြံဝန်းထဲတွင် ကျန်းချန်ကို ဝိုင်းရံပိတ်ဆို့ထားသော ရှန်းဟုန်၏ ပုံရိပ်များကို တိုက်ရိုက်ပင် အေးခဲသွားစေခဲ့သည်။

ထိုပုံရိပ်ကိုးခု တောင့်တင်းသွားသော အချိန်တွင် ကျန်းချန်သည် ရှန်းဟုန်၏ လှည့်ကွက်ထဲကနေ အလွယ်တကူပင် လျှောက်ထွက်လာခဲ့သည်။

ကျန်းချန်က အံ့သြမှင်တက်နေသော သူ၏ဆရာတူအစ်ကို ရှန်းဟုန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ဆရာတူအစ်ကိုရှန်း ဆယ်ကွက် ပြည့်သွားပြီ”

“ဆရာတူညီလေးကျန်းရဲ့ ခွန်အားက တုန်လှုပ်စရာပဲ.. ငါအရမ်းရှက်မိပါတယ်”

ရှန်းဟုန်က ခေါင်းခါရမ်းလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

ကျန်းချန်နှင့် ယခုလေးတင် တိုက်ခိုက်ရာတွင် သူက သူ၏ အစွမ်းများကို အကုန်နီးပါး ထုတ်သုံးခဲ့သည်။

ရလဒ်အနေဖြင့် ဆယ်ကွက်အပြီးတွင် သူသည် ကျန်းချန်၏ အင်္ကျီစကိုပင် ထိမှန်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

ဤသည်ကပင် ကျန်းချန်၏ ခွန်အားက သူ့ထက် သိသိသာသာ များစွာ သာလွန်နေသည်မှာ ထင်ရှားနေ၏။

ထိုသို့ စဥ်းစားမိသည်နှင့် ရှန်းဟုန်သည် အရှင်ရွှယ်သောင်းဘက်သို့ လှည့်ကာပြောလိုက်သည်။

“ဆရာ တပည့် သိုင်းပြိုင်ပွဲမှာ မပါဝင်တော့ဘူးလို့ ကတိပေးပါတယ်”

“ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့.. ဆရာလုပ်စရာတွေရှိသေးလို့ သွားလိုက်ဦးမယ်.. မင်းတို့ ညီအစ်ကိုတွေ စကားပြောဆိုရင်း နေရစ်ခဲ့ကြပါ”

ရွှယ်သောင်းက ခေါင်းညိတ်လိုက်ပြီးနောက်တွင် ကျန်းချန်တို့၏ ရှေ့ကနေ တစ္ဆေတစ်ကောင်နှယ် ပျောက်ကွယ်သွားခဲ့သည်။

“ဆရာတူညီလေးကျန်း.. မင်းနဲ့ယှဥ်ပြိုင်တာကနေ တစ်ဆင့် ငါ ဥာဏ်အလင်းအနည်းငယ် ရခဲ့တဲ့အတွက် တံခါးပိတ် ကျင့်ကြံဖို့ ရည်ရွယ်ထားတယ်.. လဝက်အကြာမှာ ကျင်းပမဲ့ သိုင်းပြိုင်ပွဲကျရင် မင်းကို အားပေးဖို့အတွက် အရောက်လာခဲ့ပါမယ်”

ထိုစကားကို ပြောပြီးနောက်တွင် ရှန်းဟုန်သည် ကျန်းချန်နှင့် ရှချင်းမင် တို့ကို နှုတ်ဆက်ကာ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။

“ဆရာတူညီလေးကျန်း.. ဆရာတူအစ်ကိုရှန်းက တကယ်တော့ စိတ်ရင်းကောင်းတဲ့ သူတစ်ယောက်ပါ.. ဒါပေမဲ့ သူက လူရိုးလူဖြောင့်ကြီး ဆိုတော့ စကားသိပ်မပြောတတ်ဘူး.. ဆရာတူညီလေးကျန်း စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

ထွက်ခွာသွားသော ရှန်းဟုန်၏ ကျောပြင်ကို ငေးကြည့်ရင်း ရှချင်းမင်က ကျန်းချန်ကို ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. ကျွန်တော့်စိတ်ထဲမှာ ဘာမှမရှိပါဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ဖြေလိုက်ပြီးနောက်တွင် စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။

“ဆရာတူအစ်ကိုရှ.. ဆရာတူအစ်ကိုရှန်းက သိုင်းပြိုင်ပွဲမှာ ပါဝင်ချင်ပုံရတာကို ဘာလို့ ဆရာက ခွင့်မပြုတာလဲ ဆိုတာ ဆရာတူအစ်ကိုရှ သိလား”

အခန်း(၁၈၃၈)

“ဆရာက ဆရာတူအစ်ကိုရှန်းကို ပြိုင်ပွဲမှာ ပါဝင်ခွင့်မပြုတာက သူ့ကို ကာကွယ်ဖို့အတွက်ပါ”

ရှချင်းမင်က သက်ပြင်းကို ဖွဖွချ၍ ပြောလိုက်သည်။

“ဆရာတူအစ်ကိုရှန်းနဲ့ ဟန်ယွဲ့နန်းတော်ရဲ့ နံပါတ်(၁) ပါရမီရှင် ကုန်းလင်တို့ရဲ့ ကြားမှာ ကြီးမားတဲ့ရန်ငြိုး ရှိတယ်.. သူသာ သိုင်းပြိုင်ပွဲမှာ ပါဝင်ခဲ့ရင် ကုန်းလင်နဲ့ သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်.. အဲဒီအချိန်ကျရင် ကုန်းလင်က သူ့ကို အလွယ်တကူ အလွှတ်ပေးမှာ မဟုတ်ဘူး”

“ဒါကြောင့်ကိုး.. ဆရာတူအစ်ကိုရှ.. သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ပျက်ခဲ့လို့လဲ”

ကျန်းချန်က စိတ်ဝင်တစား မေးလိုက်သည်။

ရှချင်းမင်က လျှို့ဝှက်မထားတော့ဘဲ ရှန်းဟုန်နှင့် ကုန်းလင်တို့အကြားရှိ မကျေလည်မှုများကို ပြောပြခဲ့သည်။

ရှန်းဟုန်သည် ဟန်ယွဲ့နန်းတော်နယ်မြေ၏ မိသားစုငယ်လေးတစ်ခုမှ မွေးဖွားလာသူ ဖြစ်ပြီး မိသားစု၏ အသန်မာဆုံး ဖြစ်သည့် မိသားစုခေါင်းဆောင်သည်ပင် ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့်သာ ရှိသည်။

လွန်ခဲ့သည့် နှစ်၁၀၀ခန့်က ရှန်းမိသားစု၏ မိသားစု ခေါင်းဆောင်သည် အဖိုးတန် ရတနာတစ်ခုကို မတော်တဆရရှိခဲ့သည်။

ထိုကိစ္စကို အတွေ့အကြုံရယူရန် အပြင်ထွက်ခဲ့သော ကုန်းလင်က သိရှိသွားခဲ့ပြီး ရှန်းမိသားစုကို မတရားစွပ်စွဲကာ ရှန်းမိသားစုထံကနေ ထိုရတနာကို လုယူခဲ့သည်။

ထိုမျှသာမကဘဲ ကုန်းလင်သည် ရှန်းမိသားစု တစ်ခုလုံးကို ကျူပင်ခုတ်ကျူငုတ်ပင် မကျန်စေရန် အတွက် ရှင်းလင်းသုတ်သင်ခဲ့သည်။

ရှန်းမိသားစု တစ်ခုလုံးတွင် ရှန်းဟုန်မှ လွဲ၍ မည်သူကမှ ကုန်းလင်၏ လက်ထဲကနေ မလွတ်မြောက်ခဲ့ပေ။

ရှန်းဟုန်က ကုန်းလင်၏ လူများ လိုက်လံသတ်ဖြတ်ခြင်းကနေ ထွက်ပြေးနေစဥ်မှာပင် အရှင်ရွှယ်သောင်းနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အရှင်ရွှယ်သောင်းက ရှန်းဟုန်ကို သနားကရုဏာသက်သောကြောင့် ဟန်ယွဲ့နန်းတော်သို့ ခေါ်လာခဲ့ပြီး အမည်ခံတပည့် အဖြစ် လက်ခံခဲ့၏။

ရှန်းဟုန်သည် အရှင်ရွှယ်သောင်း၏ တပည့် ဖြစ်လာပြီးနောက်တွင် တစ်နေ့နေ့၌ ကုန်းလင်ထံကနေ တရားမျှတမှုကို ရယူရန် အပတ်တကုတ် ကြိုးစားကျင့်ကြံခဲ့သည်။

စင်စစ် အရှင်ရွှယ်သောင်းသည် ရှန်းဟုန်က အမုန်းတရားများကြောင့် ကုန်းလင်အား ပြဿနာရှာမည်ကို စိုးရိမ်ခဲ့၍ သိုင်းပြိုင်ပွဲတွင် မပါဝင်ရန် တင်းကျပ်စွာ တားမြစ်ထားခြင်းပင်။

“ဆရာတူညီလေးကျန်း.. မင်းသိုင်းပြိုင်ပွဲမှာ ပါဝင်ရင် ကုန်းလင်ကို သတိထားမှဖြစ်မယ်.. ကုန်းလင်က ဟန်ယွဲ့နန်းတော်ရဲ့နံပါတ်(၁)ပါရမီရှင် ဖြစ်တဲ့အပြင် ရက်စက်ပြီး သနားညှာတာမှု ကင်းမဲ့တယ်.. သူ့ရဲ့ ရည်မှန်းချက်သာ အောင်မြင်ဖို့အတွက် ဆိုရင် ဘာမဆိုလုပ်မဲ့ လူစားမျိုးပဲ.. ဆရာတူအစ်ကိုရှန်းကြောင့် ဒီတစ်ကြိမ် သိုင်းပြိုင်ပွဲမှာ သူက မင်းကို သေချာပေါက် ပစ်မှတ်ထားလာလိမ့်မယ်”

ရှချင်းမင်က ရှန်းဟုန် အကြောင်းကို ပြောဆိုပြီးနောက်တွင် ကျန်းချန်အား လေးလေးနက်နက် မှာကြားလိုက်သည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကိုရှ”

သတိပေးစကားကို ကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သော်လည်း စိတ်ထဲတွင်မူ သိပ်အရေးမထားခဲ့ပေ။

သူ၏ မိခင်ကြောင့် ဤတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် ပထမနေရာကို ရယူရန် သူက ဆုံးဖြတ်ထားခဲ့သည်။

ဟန်ယွဲ့နန်း‌တော်သခင်သည် သူ့အမေလက်ထဲရှိ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိရန်အတွက် ကုန်းလင်ကို သိုင်းပြိုင်ပွဲတွင် ပထမနေရာ ရရှိစေလိုသည်မှာ ထင်ရှား၏။

ထို့ကြောင့် သိုင်းပြိုင်ပွဲတွင် သူနှင့် ကုန်းလင် တို့သည် မလွဲမသွေ ရင်ဆိုင်ရတော့မည်မှာ သေချာသလောက်ပင်။

ထိုအချိန်သို့ ရောက်လျှင် သူက ရှန်းဟုန်အတွက် တရားမျှတမှုကို ပြန်လည်ရယူပြီး ရှန်းမိသားစုဆီကနေ ကုန်းလင် လုယူထားသော ရတနာကို ကုန်းလင်ထံမှ ပြန်လည်ရယူကာ ရှန်းဟုန်ကို ပေးရန် ဆုံးဖြတ်ထားခဲ့သည်။

ရှချင်းမင်နှင့် ခဏမျှ စကားပြောပြီးနောက်တွင် ကျန်းချန်သည် သူနေထိုင်သည့် နေရာသို့ ပြန်သွားကာ ဆက်လက်ကျင့်ကြံရင်း သိုင်းပြိုင်ပွဲကို စောင့်ဆိုင်းနေခဲ့သည်။

ဤသို့ဖြင့် လဝက်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ပြီး များမကြာမီမှာပင် သိုင်းပြိုင်ပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။

ယနေ့တွင် ရှန်းဟုန်နှင့် ရှချင်းမင် တို့သည် စောစောစီးစီးပင် ကျန်းချန် နေထိုင်သည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

သူတို့က မကြာမီ ကျင်းပတော့မည့် သိုင်းပြိုင်ပွဲကို ကျန်းချန်နှင့်အတူ တက်ရောက်ရန် ပြင်ဆင်နေခဲ့၏။

ကျန်းချန်က သူ၏ ဆရာတူအစ်ကို နှစ်ဦးကို ကြည့်ကာ မေးမြန်းလိုက်သည်။

“ဆရာတူအစ်ကို နှစ်ယောက် ဆရာကရော သိုင်းပြိုင်ပွဲကို လာမကြည့်ဘူးလား”

“ဆရာက သိုင်းပြိုင်ပွဲကို လာမှာတော့ မဟုတ်ဘူး.. ဒါပေမဲ့ နယ်မြေနတ်ဘုရား တစ်ပါးအနေနဲ့ သိုင်းပြိုင်ပွဲကို မလာရင်တောင် ပြိုင်ပွဲ အခြေအနေကို နားလည်နိုင်ပါတယ်”

ရှချင်းမင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. ဆရာက ဒီသိုင်းပြိုင်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေမှာ သေချာပါတယ်”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အပိုစကားများ မပြောတော့ဘဲ ရှချင်းမင်တို့နှင့် အတူ ထွက်ခွာလာခဲ့သည်။

မကြာမီမှာပင် သူတို့သုံးဦးသည် ဟန်ယွဲ့နန်းတော်၏ ဧရာမ သိုင်းပြိုင်ကွင်း ထဲသို့ ရောက်ရှိလာခဲ့သည်။

ဤအချိန်တွင် သိုင်းပြိုင်ကွင်း ပတ်ပတ်လည်ရှိ ပွဲကြည့်စင်များပေါ်တွင် လူအများအပြား ပြည့်နှက်နေခဲ့၏။

“လူတွေအများကြီးပါလား”

ကျန်းချန်က ပွဲကြည့်စင်ပေါ်မှ လူများကို ကြည့်ကာ အနည်းငယ် အံ့အားသင့်နေခဲ့သည်။

သိုင်းပြိုင်ကွင်း ပတ်ပတ်လည်တွင် ၁၀မီတာမြင့်သော ပွဲကြည့်စင်များရှိပြီး လူတစ်သောင်းထက် မနည်း ဝင်ဆန့်၏။

ယခုအခါတွင် ပွဲကြည့်စင်များ၌ နေရာလွတ်ပင် မရှိတော့ပေ။

ဟန်ယွဲ့နန်းတော်မှ တပည့်တစ်သောင်းက ပွဲကြည့်စင်တွင် စုဝေးနေကြသောမြင်ကွင်းသည် အတော်လေး ခမ်းနားနေခဲ့သည်။

“ဟန်ယွဲ့နန်းတော်ရဲ့ သိုင်းပြိုင်ပွဲက ရှားပါးတဲ့ အခမ်းအနားတစ်ခုပဲ.. ဆုလာဘ်တွေအများကြီး ရရှိနိုင်တဲ့အပြင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ခွဲတမ်းနဲ့လည်း သက်ဆိုင်နေတဲ့အတွက် လူတိုင်းက စိတ်ဝင်စားကြတယ်”

ရှချင်းမင်က ခပ်တိုးတိုး ပြောလိုက်သည်။

“ဒါ့အပြင် ဒီတစ်ကြိမ် သိုင်းပြိုင်ပွဲမှာ ပထမရတဲ့သူ အတွက် ထူးခြားတဲ့ ဆုလာဘ်ရှိတယ်လို့ ငါကြားထားတယ်”

ရှချင်းမင်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ထိုဆုလာဘ်ကို သူက တကူးတကပင် စဥ်းစားနေရန် မလိုအပ်ပေ။

ရှချင်းမင်၏ နှုတ်မှ ထုတ်ပြောလိုက်သော ထူးခြားသောဆုလာဘ်သည် သူ့အမေ လက်ထဲရှိ နယ်မြေနတ်ဘုရားသလင်းကျောက်သာ ဖြစ်ရပေမည်။

သူတို့ စကားပြောနေစဥ်မှာပင် ပွဲကြည့်စင်များက‌နေ ရုတ်တရက် ကျယ်‌လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဟိုမှာကြည့်စမ်း.. ဂိုဏ်းရဲ့ထိပ်ဆုံး ၁၀ဦးစာရင်းထဲက အဆင့်၈ နေရာမှာရှိတဲ့ လုချွမ် ရောက်လာခဲ့ပြီ.. အဆင့်၆နေရာမှာရှိတဲ့ ဟန်ဖုန်းနဲ့ အဆင့်၄ နေရာမှာရှိတဲ့ ရှစ်ယွင်ကျန့်တို့လည်း ရောက်လာခဲ့ပြီ.. သူတို့ရဲ့အရှိန်အဝါက အရမ်းကို အစွမ်းထက်တာပဲ.. သူတို့တွေက ဂိုဏ်းရဲ့ ထိပ်ဆုံး၁၀ဦးစာရင်းဝင် ပါရမီရှင်တွေ ဖြစ်ထိုက်ပါပေတယ်”

ပွဲကြည့်စင်များပေါ်ရှိ ဟန်ယွဲ့နန်းတော်မှ တပည့် များစွာသည် သိုင်းပြိုင်ကွင်းထဲသို့ လျှောက်ဝင်လာသော လူသုံးဦးကို ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်ကြသည်။

ဟန်ယွဲ့နန်းတော်တွင် ထိပ်ဆုံးအဆင့် ပါရမီရှင်၁၀ဦး ရှိသည်။

ထို ၁၀ဦးထဲမှ ပါရမီရှင်များသည် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြပြီး ဟန်ယွဲ့နန်းတော်မှ တပည့် အများအပြား၏ လေးစားအားကျမှုကို ရရှိထားသူများ ဖြစ်ကြ၏။

ကျန်းချန်က ထိုသုံးဦးကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် လျစ်လျူရှုလိုက်သည်။

ထိုသုံးဦး၏ ခွန်အားသည် အားမနည်းဘဲ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

သို့သော် ၎င်းတို့၏ ခွန်အားသည် ရှန်းဟုန် နီးပါးလောက်သာ ဖြစ်ရာ ကျန်းချန်က ၎င်းတို့ကို မည်ကဲ့သို့ အာရုံစိုက်နိုင်ပါမည်နည်း။

ကျန်းချန်၏ စိတ်ထဲတွင် ဤတစ်ကြိမ် သိုင်းပြိုင်ပွဲ၌ သူ၏ တစ်ဦးတည်းသောပြိုင်ဘက်မှာ မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် အဆင့်၃၂နေရာကို ရယူထားသော ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁) ပါရမီရှင် ကုန်းလင် ဖြစ်သည်။

ရှချင်းမင်က ကျန်းချန် တွေးတောနေသည့် အရာများကို သဘာဝကျစွာပင် မသိခဲ့ပေ။

သူက ထိုသုံးဦး၏ အကြောင်းများကို ကျန်းချန်အား အသေးစိတ် ရှင်းပြပေးခဲ့၏။

၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်နှင့် တတ်ကျွမ်းထားသည့် ကိုယ်ခံပညာရပ်များ အပါအဝင် အရာအားလုံးကို ရှချင်းမင်က ကျန်းချန်အား ပြောပြခဲ့သည်။

“ဆရာတူညီလေးရှ.. ဆရာတူညီလေးကျန်းကို ကုန်းလင်အကြောင်းပဲ အဓိက ရှင်းပြပေးသင့်တယ်.. ဒီသုံးယောက်က ဆရာတူညီလေးကျန်းရဲ့ ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ရှန်းဟုန်က ဝင်ရောက် ပြောဆိုလိုက်သည်။

ထိုသုံးဦးစလုံးသည် ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး ၁၀ဦးစာရင်းဝင် ပါရမီရှင်များ ဖြစ်ကြသော်လည်း အဆင့်၄ နေရာတွင် ရရှိထားသည့် ရှစ်ယွင်ကျန့်၏ ခွန်အားသည်ပင် သူနှင့်အတူတူလောက်သာ ဖြစ်သည်။

သို့ဖြစ်ရာ ၎င်းတို့၏ ခွန်အားသည် ကျန်းချန်ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါအံ့နည်း။

သူတို့ သုံးဦးစကား ပြောဆိုနေစဥ်မှာပင် သိုင်းပြိုင်ကွင်း တစ်ခုလုံးကနေ ပိုမိုကျယ်လောင်သော အားပေးရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

“ဟိုမှာကြည့်စမ်း..ဂိုဏ်းရဲ့ထိပ်ဆုံး ၁၀ဦးစာရင်းထဲမှာ အဆင့်၃ နေရာမှာရှိတဲ့ ပိုင်ရှင်းကျန့်နဲ့ အဆင့်၂ နေရာမှာရှိတဲ့ ယွဲ့ဝူရွှမ်းတို့လည်း ရောက်လာကြပြီ”

သိုင်းပြိုင်ကွင်း တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး လူတိုင်း၏အကြည့်သည် သိုင်းပြိုင်ကွင်းထဲသို့ ဝင်ရောက်လာကြသော ပုံရိပ်နှစ်ခု ဆီသို့ ရောက်ရှိသွားကြသည်။

ဘယ်ဘက်ရှိလူငယ်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန့်ညားသော မျက်နှာအသွင်အပြင် ရှိသည်။

ထိုလူငယ်၏ မျက်ဝန်းက ဓားအလင်းရောင်ကဲ့သို့ အေးစက်စက် အလင်းရောင်များဖြင့် လင်းလက် နေခဲ့သည်။

ထိုလူငယ်၏ အကြည့်ကို ရင်ဆိုင်ရလျှင် မည်သူမဆို တုန်လှုပ်သွားစေလောက်၏။

ထိုလူငယ်မှာ တခြားသူမဟုတ်ပေ။

ကျန်းချန်ကို ဟန်ယွဲ့နန်း‌တော်ကနေ နှင်ထုတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည့် ပိုင်ရှင်းကျန့်ပင်ဖြစ်သည်။

ပိုင်ရှင်းကျန့်၏ ညာဘက်ခြမ်းတွင် လှပသော အမျိုးသမီး တစ်ဦး ရှိနေခဲ့သည်။

ထိုအမျိုးသမီးက ရိုးရှင်းသော ဝတ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း နတ်သမီးတစ်ပါး ကဲ့သို့ပင် ထင်မှတ်မှားရလောက်၏။

သူမသည် ဟန်ယွဲ့နန်း‌တော်၏ ထိပ်ဆုံး ၁၀ဦးစာရင်းတွင် နံပါတ်(၂) နေရာတွင် ရှိသည့် ယွဲ့ဝူရွှမ်း ဖြစ်သည်။

သူတို့နှစ်ဦး သိုင်းပြိုင်ကွင်းထဲသို့ လျှောက်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏အရှိန်အဝါများသည် ပတ်ဝန်းကျင်တွင် လွှမ်းခြုံသွားခဲ့သည်။

All Chapters