အခန်း (၁၈၃၉+၁၈၄၀)
Vol. 124 Ch. 1839+1840
အခန်း(၁၈၃၉)
ပိုင်ရှင်းကျန့်တို့ နှစ်ဦး၏ အရှိန်အဝါကြောင့် ဟန်ယွဲ့နန်းတော်မှ တပည့်များစွာသည် ယုံကြည်မှုများ ချက်ချင်းဆိုသလိုပင် ဆုံးရှုံးသွားခဲ့သည်။
ဂိုဏ်း၏ ထိပ်ဆုံးစာရင်းဝင်ပါရမီရှင် အနည်းငယ်ကမူ တိုက်ခိုက်လိုစိတ် ပြင်းပြသော အကြည့်များဖြင့် သူတို့ကို ကြည့်နေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော ထိုနှစ်ဦးသည် ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံးသုံးဦး စာရင်းထဲမှ ဖြစ်ပြီး သိုင်းပြိုင်ပွဲတွင် ထိပ်ဆုံးသုံးနေရာကို ရရှိရန်အတွက် အခွင့်အရေး အများဆုံး ရှိသူများလည်း ဖြစ်သောကြောင့်ပင်။
ထိုနှစ်ဦးထဲမှ တစ်ဦးကို အနိုင်ယူနိုင်သည်နှင့် ထိပ်ဆုံးသုံးနေရာသို့ ဝင်ရောက်နိုင်ပြီး မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်ရန် ခွဲတမ်းနေရာကို ရရှိနိုင်လိမ့်မည် ဖြစ်၏။
ဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သော ကုန်းလင်ကို စိန်ခေါ်ရန်အတွက်မူ သူတို့သည် စဥ်းပင် မစဥ်းစားရဲကြပေ။
မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် အဆင့်(၃၂)နေရာကို ရရှိထားသော ပါရမီရှင်တစ်ဦး အနေဖြင့် ကုန်းလင်သည် ဟန်ယွဲ့နန်းတော်မှ တပည့်များကြားတွင် ပြိုင်ဘက်ကင်းဟု ဆို၍ရသည်။
မတော်တဆမှုများ မရှိသရွေ့ ဤတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် ပထမနေရာသည် ကုန်းလင်အတွက်သာ ဖြစ်၏။
ထို့ကြောင့် ပိုင်ရှင်းကျန့်နှင့် ယွဲ့ဝူရွှမ်း တို့ကို စိန်ခေါ်ခြင်းသည်သာလျှင် သူတို့အတွက် အခွင့်အရေး ရရှိနိုင်လောက်သည်။
သို့ရာတွင် ကုန်းလင်ကို စိန်ခေါ်လိုက်လျှင်မူ သေခြင်းတရားကို လက်ယက်ခေါ်သည်နှင့် မည်သို့မှ မကွာခြားပေ။
“ဆရာတူညီလေးကျန်း.. ပိုင်ရှင်းကျန့်ရဲ့ ခွန်အားက အရင်ကထက် အများကြီး ပိုသန်မာလာတဲ့ပုံပဲ”
ထိုအချိန်တွင် ရှန်းဟုန်သည် သိုင်းပြိုင်ကွင်းထဲသို့ လျှောက်ဝင်လာသော ပိုင်ရှင်းကျန့်ကို ကြည့်ကာ ရုတ်တရက် ကျန်းချန်ကို ပြောလိုက်သည်။
ကျန်းချန်က ပိုင်ရှင်းကျန့်ကို လှမ်းကြည့်လိုက်ပြီးနောက်တွင် အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။
“သူက ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်သွားလောက်ပြီ ထင်တယ်”
ကျန်းချန်က ပိုင်ရှင်းကျန့်၏ အရှိန်အဝါ ပိုမို သန်မာလာကြောင်း ရှင်းရှင်းလင်းလင်းပင် ခံစားနိုင်ခဲ့သည်။
ယင်းမှာ ပိုင်ရှင်းကျန့်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်ခဲ့သည်က လွဲလျှင် တခြား မဖြစ်နိုင်ပေ။
သို့သော် ပိုင်ရှင်းကျန့်က ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်သွားခဲ့လျှင်ပင် ကျန်းချန်သည် လုံးဝ ဂရုမစိုက်ခဲ့ပေ။
သူ၏အမြင်တွင် ပိုင်ရှင်းကျန့်သည် ယွဲ့ဝူရွှမ်း အမည်ရှိ အမျိုးသမီးနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း မရှိပေ။
ထိုအမျိုးသမီးသည် ပိုင်ရှင်းကျန့်ထက် အရှိန်အဝါ ပိုမိုအားကောင်းသည့် အပြင် လူအများကို အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်အား ပေးစွမ်းနိုင်စွမ်း ရှိသည်။
သူ၏ ပင်ကိုသိစိတ် အရ ယွဲ့ဝူရွှမ်းသည် ပိုင်ရှင်းကျန့်ထက် ရင်ဆိုင်ရန် ပိုမိုခက်ခဲကြောင်း သိရှိခဲ့သည်။
မှန်ပါသည်။ ကျန်းချန်သည် ယခုအခါတွင် နေရာလွတ် လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိနေခဲ့၍ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို အချိန်မရွေး ထိုးဖောက်နိုင်စွမ်း ရှိသည်။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်ကာ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို စတင်လိုက်သည်နှင့် နယ်မြေနတ်ဘုရား အဆင့်အောက်ရှိ မည်သည့် ပြိုင်ဘက်ကိုမဆို သူ့အနေဖြင့် ကြောက်ရွံ့စရာ မလိုအပ်တော့ပေ။
နယ်မြေနတ်ဘုရားအဆင့်က ဝင်ရောက် မခြယ်လှယ်သရွေ့ ဤတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် ပထမနေရာကို အနိုင်ရရှိရန်မှာ သေချာသလောက်ပင်။
ကျန်းချန်တို့လူစုက ပိုင်ရှင်းကျန့်တို့ နှစ်ဦးကို ကြည့်နေစဥ်မှာပင် ပိုင်ရှင်းကျန့်သည် ကျန်းချန်တို့ ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။
“ကျန်းချန် ခဏနေရင် ကျင်းပမဲ့သိုင်းပြိုင်ပွဲမှာ မင်းနဲ့ငါ တွေ့ကြတာပေါ့”
ပိုင်ရှင်းကျန့်က ကျန်းချန်ကို အေးစက်စက် ပြောလိုက်သည်။
လူတိုင်းက အကြည့်က ပိုင်ရှင်းကျန့်တို့ နှစ်ဦး၏ ကိုယ်ပေါ်သို့ ကျရောက်နေစဥ်မှာပင် တောက်ပသော ခရမ်းရောင်ဓားအလင်းတစ်စင်းသည် ကောင်းကင်ကနေ သိုင်းပြိုင်ကွင်း ဆီသို့ ရုတ်တရက် ဆင်းသက်လာခဲ့သည်။
ခဏအကြာတွင် ခရမ်းရောင်ဓားရှည်ကို ကိုင်စွဲထားသော ခရမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် လူတိုင်း၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။
ထိုခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ မျက်ခုံးများသည် ဓားကဲ့သို့ ထက်ရှပြီး မျက်ဝန်းများသည် ကြယ်အလင်းရောင်ကဲ့သို့ အေးစက်စက် တောက်ပနေခဲ့၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လူအများကို မကြည့်ရဲစေလောက်သည်အထိ ပြင်းထန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။
ခရမ်းရောင်ဝတ်စုံဝတ် လူငယ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သိုင်းပြိုင်ကွင်း တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားခဲ့သည်။
ကျန်းချန်က ထိုလူငယ် မည်သူမှန်း တကူးတက စဥ်းစားနေစရာပင် မလိုအပ်ပေ။
ထိုခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် ကုန်းလင် ဖြစ်သည်မှာ သေချာသလောက်ပင် မဟုတ်ပါလော။
“သူက ဟန်ယွဲ့နန်းတော်ရဲ့ နံပါတ်(၁) ပါရမီရှင် ဖြစ်ထိုက်ပါပေတယ်”
ကုန်းလင်ကို အကဲခတ်ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
နတ်ဘုရားနယ်မြေသို့ ခြေချပြီးကတည်းကပင် ကျန်းချန်သည် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူး၏။
ဆိုရလျှင် သူ၏ရှေ့မှ ကုန်းလင်သည် ကျန်းချန် မြင်တွေ့ဖူးသမျှ ပါရမီရှင်များ ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
အရှင်ရွှယ်သောင်း၏ တပည့် မဖြစ်ခင်က ခွန်အားဖြင့်သာ ဆိုလျှင် ကုန်းလင်ကို အနိုင်ရရန် မသေချာပေ။
“ကုန်းလင်”
ရှန်းဟုန်က ကုန်းလင်ကို စူးစိုက်၍ ကြည့်နေခဲ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူ၏ မျက်ဝန်းများက မီးဝင်းဝင်း တောက်နေခဲ့ပြီး လျှံထွက်လုမတတ်ပင် ဖြစ်နေခဲ့၏။
“ဆရာတူအစ်ကိုရှန်း စိတ်မလှုပ်ရှားပါနဲ့.. သိုင်းပြိုင်ပွဲမှာ ကုန်းလင်နဲ့ တွေ့ဆုံတဲ့အခါကျရင် ကျွန်တော် ဆရာတူအစ်ကိုရှန်းအတွက် တရားမျှတမှုကို သေချာပေါက် ရယူပေးပါ့မယ်.. ဒါ့အပြင် ရှန်းမိသားစု ပိုင်ဆိုင်တဲ့ ရတနာကိုပါ သေချာပေါက်ပြန်ယူပေးပါ့မယ်”
ကျန်းချန်က သူ၏ နံဘေးရှိ ရှန်းဟုန်ကို ကြည့်လိုက်ပြီး ခပ်သွက်သွက် ပြောလိုက်သည်။
ရှန်းဟုန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဒေါသများကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။
သူက အရှင်ရွှယ်သောင်း၏ လမ်းညွှန်မှုအောက်တွင် နှစ်၁၀၀ခန့် ကျင့်ကြံခဲ့သော်လည်း သူနှင့် ကုန်းလင်တို့ အကြားတွင် ကွာဟချက်က ကြီးမားနေသေးကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။
သူသာ ကုန်းလင်ကို ပြဿနာရှာရန် တကယ်တမ်း ပြေးထွက်သွားခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလိုသာ ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။
“ဆရာတူညီလေးကျန်း.. ကျေးဇူးတင်ပါတယ်”
ရှန်းဟုန်က ကျန်းချန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ငါ ကုန်းလင်ကို မုန်းတီးပေမဲ့လည်း သူ့ရဲ့ခွန်အားကို ကောင်းကောင်းကြီး နားလည်ပါတယ်.. ဒီကောင်က တကယ်ကို သန်မာလွန်းတဲ့ ကျင့်ကြံသူပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
“မင်း သူနဲ့ တွေ့တဲ့အခါကျရင် သတိထားပါ”
“စိတ်မပူပါနဲ့ ဆရာတူအစ်ကိုရှန်း.. ကျွန်တော် ကုန်းလင်ကို သတိထားပါမယ်”
သူတို့နှစ်ဦး စကားပြောဆိုနေသော အချိန်မှာပင် ကုန်းလင်သည် သိုင်းပြိုင်ကွင်းထဲရှိ ရှန်းဟုန်ကို တွေ့ရှိသွားခဲ့သည်။
သူ၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သိုင်းပြိုင်ကွင်း အတွင်းမှ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ရှန်းဟုန်ထံသို့ တန်းတန်းမတ်မတ် လျှောက်သွား၍ အေးစက်စက် ပြောလိုက်၏။
“ရှန်းဟုန် မင်း ဒီတစ်ကြိမ် သိုင်းပြိုင်ပွဲမှာ ပေါ်လာမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး.. မင်းလိပ်လို ပုန်းအောင်းမနေဘဲ သိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ မစဥ်းစားတော့ဘူးလား”
လွန်ခဲ့သော နှစ်၁၀၀ခန့်က အစွမ်းထက် လက်နက်ကို ရရှိရန်အတွက် ကုန်းလင်သည် ရှန်းမိသားစုကို သုတ်သင်ရန် တုံ့ဆိုင်းမနေခဲ့ပေ။
ရှန်းဟုန် တစ်ဦးတည်းသာ မတော်တဆ လွတ်မြောက်သွားခဲ့ပြီး အရှင်ရွှယ်သောင်းက ကယ်တင်ခဲ့ကာ ဟန်ယွဲ့နန်းတော်သို့ အမည်ခံတပည့်အဖြစ် ခေါ်ဆောင်သွားခဲ့သည်။
မြက်ကို ရှင်းလင်းရာတွင် အမြစ်ကို မဖယ်ရှားလျှင် နွေဦးလေ တိုက်ခိုက်လာသရွေ့ ပြန်လည် ရှင်သန်လာမည် ဖြစ်၏။
တကယ်တမ်းတွင် ကုန်းလင်သည် ရှန်းဟုန်ကို ရှင်းလင်းပစ်ရန်အတွက် အမြဲတစေ အခွင့်အရေး စောင့်ဆိုင်းနေသော်လည်း အရှင်ရွှယ်သောင်းက အလွန် ကောင်းမွန်စွာ အကာအကွယ်ပေးထား၍ သူ့အတွက် အခွင့်အရေး လုံးဝ မရရှိခဲ့ပေ။
ဤတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် ရှန်းဟုန်သာ ပါဝင်ခဲ့လျှင် သူက ရှန်းဟုန်ကို သတ်ဖြတ်နိုင်ခွင့် မရှိလျှင်ပင် ရှန်းဟုန်၏ သိုင်းစွမ်းအားကို ဖျက်ဆီးကာ ရှန်းဟုန်ကို အသုံးမကျသည့် သူတစ်ယောက် ဖြစ်အောင် လုပ်ဆောင်လိမ့်မည် ဖြစ်၏။
“အဲဒါက ဂိုဏ်းရဲ့ ထိပ်ဆုံးဆယ်ဦး စာရင်းဝင်ထဲက တစ်ယောက် မဟုတ်လား.. ကုန်းလင်က ဘာလို့ ရှန်းဟုန်ကို ပြဿနာသွားရှာရတာလဲ.. ကြည့်ရတာ ရှန်းဟုန်နဲ့ ကုန်းလင်တို့ကြားမှာ ပြဿနာရှိတယ် ဆိုတဲ့ ကောလဟလက မှန်နေတဲ့ပုံပဲ.. ဂိုဏ်းရဲ့ပါရမီရှင်တွေ ကြားမှာ ပြဿနာတွေ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး”
“...............”
လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ကာ သုံးသပ် ပြောဆိုနေခဲ့ကြသည်။
ကုန်းလင်၏ လူအများရှေ့တွင် အရှက်ခွဲသော စကားကိုကြားလျှင် ရှန်းဟုန်သည် လက်သီးတွင် သွေးကြောများ ထင်းလာသည်အထိ သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
လက်သည်းများကြောင့် သူ၏ လက်ဖဝါးတွင် သွေးစများပင် ထွက်လာခဲ့၏။
သို့သော်လည်း ရှန်းဟုန် ဘာစကားမှ မပြောမီ ကျန်းချန်က သူ၏ ရှေ့ရှိ ကုန်းလင်ကိုကြည့်ကာ မထီမဲ့မြင် ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး.. မင်းကို စိတ်ပျက်စေမိပြီထင်တယ်.. ဒီတစ်ကြိမ် သိုင်းပြိုင်ပွဲမှာ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်ပြီ.. ဆရာတူအစ်ကိုရှန်း ဝင်ပြိုင်စရာတောင် မလိုအပ်ဘူး”
ထိုစကားကိုကြားလျှင် ကုန်းလင်၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“မင်းက အရှင်ရွှယ်သောင်းရဲ့ တပည့်အသစ် ကျန်းချန်လား”
အရှင်ရွှယ်သောင်းက တိုက်ရိုက်တပည့် အသစ် လက်ခံခဲ့သည်ကို ကုန်းလင်သည် ကြားသိထားခဲ့သည်။
မူလက ထိုတပည့်သစ်ကို ကုန်းလင်သည် ဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း တကယ်တမ်း ကျန်းချန်ကို မြင်တွေ့သောအခါတွင် သူက ကျန်းချန်ကို အထင်သေးမိနေခဲ့ကြောင်း နားလည်သွားခဲ့သည်။
ဆိုရလျှင် ထိုကောင်လေး၏ ခန္ဓာကိုယ်မှ အရှိန်အဝါကို သူပင် အပြည့်အဝမြင်နိုင်စွမ်း မရှိခဲ့ပေ။
ထို့အပြင် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ အန္တရာယ်ရှိသောအရှိန်အဝါကို ခပ်ရေးရေးခံစားမိခဲ့၏။
သူ့အထင် ဤကောင်လေးသည် သိုင်းပြိုင်ပွဲတွင် သူ၏ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်နိုင်လောက်၏။
အခန်း(၁၈၄၀)
“ဒီကောင်လေးက ဘယ်သူလဲ ကုန်းလင်ကိုတောင် ထိပ်တိုက်ပြောဆိုရဲတယ်ဟ"
"သူက ရှန်းဟုန်နဲ့ ရှချင်းမင် တို့နဲ့ အတူတူ ရှိနေတာ မမြင်ဘူးလား.. ငါ ခန့်မှန်းတာမမှားရင် သူက အရှင်ရွှယ်သောင်း သိပ်မကြာခင်ကမှ လက်ခံလိုက်တဲ့ တိုက်ရိုက်တပည့်ပဲ ဖြစ်ရမယ်"
"လက်စသတ်တော့ သူကိုး.. ဒါဆိုရင် ပွဲတော့ ကြည့်လှသွားပြီ”
“...............”
သူတို့ရှေ့မှမြင်ကွင်းကို ကြည့်ကာ လူတိုင်း၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ကျန်းချန်သည် ပတ်ဝန်းကျင်မှ မှတ်ချက်များကို လုံးဝဂရုမစိုက်ခဲ့ပေ။
သူက အေးစက်စက် အမူအရာဖြင့် ကုန်းလင်ကို ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ငါက အရှင်ရွှယ်သောင်းရဲ့ တိုက်ရိုက်တပည့် ကျန်းချန်ပဲ”
ကုန်းလင်က ကျန်းချန်ကို တိုက်ရိုက်ပင် စူးစိုက်ကြည့်လိုက်သည်။
“မင်းရဲ့ခွန်အားက ထူးခြားတယ်.. အရှင်ရွှယ်သောင်းရဲ့မျက်နှာသာပေးမှုကို ခံရတာ အံ့သြစရာ မရှိတော့ဘူး.. သိုင်းပြိုင်တဲ့အခါကျရင် ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”
“စိတ်မပူပါနဲ့ မင်းစိတ်မပျက်စေရဘူး”
ကျန်းချန်က ကုန်းလင်၏ အကြည့်ကို ရှောင်လွဲခြင်းမရှိဘဲ ပြန်လည်၍ စူးစိုက်ကြည့်ကာ ဝင့်ကြွားစွာ ပြောလိုက်၏။
“ဘာလို့လည်းဆိုတော့ ဒီတစ်ကြိမ် သိုင်းပြိုင်ပွဲရဲ့ ပထမနေရာက ငါ့အတွက် မို့လို့ပဲ”
“တကယ်လား ငါမင်းကို စောင့်ကြည့်နေမယ်”
ကုန်းလင်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက ကျန်းချန်ကို လျစ်လျူရှုလိုက်ကာ လှည့်ထွက်လာခဲ့၏။
လွန်ခဲ့သော ၅နှစ်အကြာက ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ်သည် နယ်မြေနတ်ဘုရား သလင်းကျောက်တစ်ခုကို ချန်ထားခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ အကြီးအကဲချုပ်သည် သူ၏ တိုက်ရိုက်တပည့် ဖြစ်သည့် ကျီဝူရွှယ်ကို နယ်မြေနတ်ဘုရားသလင်းကျောက်အား ပေးအပ်ခဲ့၏။
သူ့ဆရာဟောင်ယွဲ့က နယ်မြေနတ်ဘုရား သလင်းကျောက်ကို အတင်းအကျပ် သိမ်းယူလိုသော်လည်း အရှင်ရွှယ်သောင်းက ကြားဝင်စေ့စပ်ခဲ့ပြီး ၅နှစ်အကြာတွင် ကျင်းပပြုလုပ်မည့် သိုင်းပြိုင်ပွဲကို အနိုင်ရရှိသူက နယ်မြေနတ်ဘုရားသလင်းကျောက်ကို ပိုင်ဆိုင်ခွင့် ရမည်ဟု ညှိနှိုင်းခဲ့သည်။
ထို့ကြောင့် ဤတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် ကုန်းလင်ထံ၌ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။
ယင်းမှာ သိုင်းပြိုင်ပွဲတွင် ဗိုလ်စွဲပြီး နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရယူရန်ပင် ဖြစ်၏။
သူသာ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိလျှင် သူ၏ ခွန်အားကို နောက်တစ်ဆင့်သို့ သေချာပေါက် မြှင့်တင်နိုင်ပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် သူသည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် အစွမ်းကုန် တောက်ပနိုင်လိမ့်မည် ဖြစ်ပြီး မဟာမြေရိုင်းပါရမီရှင် စာရင်း၏ ထိပ်ဆုံးဆယ်ဦး စာရင်းထဲ ဝင်ရန်ပင် မဖြစ်နိုင်ဟု ဆို၍ မရနိုင်ပေ။
ထိုအကြောင်းကြောင့် ကုန်းလင်သည် သိုင်းပြိုင်ပွဲ၏ ပထမနေရာကို မျက်စောင်းထိုးသူ မည်သူမဆို အလွန်အမင်းကြီးလေးသော အဖိုးအခအား ပေးဆပ်စေရန် ဆုံးဖြတ်ထားခဲ့သည်။
“ဆရာတူညီလေးကျန်း.. ကုန်းလင်က လွန်ခဲ့တဲ့ နှစ်၂၀ ကတည်းက မဟာမြေရိုင်း ပါရမီရှင်စာရင်းရဲ့ အဆင့်(၃၂) နေရာကို ရရှိခဲ့တယ်.. ကုန်းလင်က အဲဒီအချိန်ကတည်းက ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ.. လက်ရှိအချိန်မှာ သူက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်သွားပြီလို့ ငါထင်တယ်”
ရှန်းဟုန်က ထွက်ခွာသွားသော ကုန်းလင်ကို စူးစိုက်ကြည့်ရင်း ကျန်းချန်ကို သတိပေးလိုက်သည်။
လွန်ခဲ့သော လဝက်ခန့်တွင် သူက ကျန်းချန်နှင့် ဆယ်ကွက်ခန့်တိုက်ခိုက်ခဲ့ပြီး ကျန်းချန်၏ ခွန်အားက သူ့ထက် များစွာသာလွန်မှန်း သိရှိခဲ့သည်။
သို့သော်လည်း ကုန်းလင်သည် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါဝင်သော အထွတ်အထိပ် ပါရမီရှင် ဖြစ်၏။
သိထားရမည့်အချက်မှာ မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါဝင်သော ပါရမီရှင် ၃၆ဦးလုံးသည် အံ့ချီးလောက်ဖွယ် ပါရမီရှင်များချည်း ဖြစ်ကြသည်။
ကျန်းချန်၏ ခွန်အားက ထူးခြားသော်လည်း မဟာမြေရိုင်းပါရမီရှင် စာရင်းမှ ပါရမီရှင်ကို စိန်ခေါ်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဆရာတူအစ်ကိုရှန်း.. ကျွန်တော် မပေါ့ဆဘဲ သတိထားပြီး ရင်ဆိုင်ပါ့မယ်”
ဤတစ်ကြိမ် သိုင်းပြိုင်ပွဲ၏ ပထမနေရာသည် သူ့အမေနှင့်ဆက်နွှယ်မှု ရှိနေခဲ့၍ ကျန်းချန်သည် ပေါ့ဆလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကျဥ်းထဲကျပ်ထဲ အခြေအနေသို့သာ ကျရောက်ခဲ့လျှင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်ကာ ကောင်းကင်နတ်ဘုရားကပ်ဘေးကို ဆင့်ခေါ်၍ ကုန်းလင်ကို ရှင်းလင်းပစ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
သိုင်းပြိုင်ပွဲက စတင်တော့မည် ဖြစ်သော်လည်း သူ့အမေသည် အဘယ်ကြောင့် မထွက်ပေါ်လာရပါသနည်း။
“ငါ့အမေ တစ်စုံတစ်ရာများ ဖြစ်သွားတာများလား”
သူ့အမေ ကျီဝူရွှယ် ပေါ်မလာသေးသည်ကို မြင်လျှင် ကျန်းချန်၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ့အမေ အကြောင်းကို စဥ်းစားမိသည်နှင့် ကျန်းချန်သည် သိုင်းပြိုင်ကွင်းထဲတွင် သူ့အမေကို ရှာဖွေခဲ့သည်။
ကျန်းချန် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေစဥ်မှာပင် ကျန်းချန်နှင့် သွေးချင်းဆက်နွှယ်နေသော အရှိန်အဝါတစ်ခုသည် သိုင်းပြိုင်ကွင်း၏ အပြင်ဘက်ကနေ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
ထိုအခါ သိုင်းပြိုင်ကွင်း၏ အပြင်ဘက်ကနေ အနှိုင်းမဲ့ချောမောသော အမျိုးသမီး တစ်ဦးသည် ဖြည်းညင်းစွာ လျှောက်ဝင်လာသည်ကို မြင်လိုက်ရ၏။
သူမက ရေလှိုင်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ကနေ ကျက်သရေရှိသော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။
ဤကဲ့သို့ ခန့်ညားသော ပုံသဏ္ဌာန်သည် သူ့အမေ ကျီဝူရွှယ်မှ လွဲလျှင် မည်သူဖြစ်နိုင်ပါမည်နည်း။
“အမေ.. နောက်ဆုံးတော့ သား အမေ့ကို ရှာတွေ့ခဲ့ပြီ”
နှစ်ပေါင်းများစွာ ကင်းကွာပြီးမှ သူ့အမေကို ပြန်လည် မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် ဤအချိန်က သူ့အမေ ကျီဝူရွှယ်နှင့် တွေ့ဆုံရမည့်အချိန် မဟုတ်သေးကြောင်း ကျန်းချန် သိရှိသောကြောင့် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ကာ စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။
“ဒါက ဘယ်သူလဲ.. ငါတစ်ခါမှ သူ့ကို မမြင်ဖူးပါလား”
ရုတ်တရက် ထွက်ပေါ်လာသော ကျီဝူရွှယ်ကို မြင်လျှင် ဟန်ယွဲ့နန်းတော်မှ တပည့်အချို့၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျီဝူရွှယ်၏ ဝိသေသ လက္ခဏာကို သိရှိသူ တချို့ကမူ လျင်မြန်စွာပင် ရှင်းပြလိုက်ကြသည်။
“သူမက အကြီးအကဲချုပ် မကွယ်လွန်မီက လက်ခံခဲ့တဲ့ တိုက်ရိုက်တပည့် ကျီဝူရွှယ်ပဲ”
“လက်စသတ်တော့ ကျီဝူရွှယ် ဖြစ်နေတာကိုး”
ဟန်ယွဲ့နန်းတော်မှ တပည့်များစွာသည် အံ့အားသင့်သွားခဲ့ကြသည်။
လွန်ခဲ့သည့် ၅နှစ်အကြာက ကျီဝူရွှယ်ကြောင့်ပင် ဟန်ယွဲ့နန်းတော်သည် အတွင်းရေး ပဋိပက္ခဖြစ်ပွားလုနီးပါး ဖြစ်ခဲ့သည်။
ထိုကိစ္စကို ဟန်ယွဲ့နန်းတော်၏ နယ်မြေနတ်ဘုရား နှစ်ပါးက ဝင်ရောက် ညှိနှိုင်းပြီးနောက်တွင် အကြီးအကဲချုပ်၏ တပည့်ဖြစ်သည့် ကျီဝူရွှယ်သည် ပျောက်ဆုံးသွားခဲ့သည်။
မမျှော်လင့်ဘဲ ဤတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် ကျီဝူရွှယ်သည် ပြန်လည် ထွက်ပေါ်လာခဲ့၏။
လူတိုင်းက အံ့သြတုန်လှုပ်နေစဥ်မှာပင် သိုင်းပြိုင်ပွဲ၏ အလယ်ဗဟိုကနေ ရုတ်တရက် ပြင်းထန်သော နေရာလွတ်လှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ဆံဖြူအဘိုးအို တစ်ဦးသည် လူတိုင်း၏ မြင်ကွင်းတွင် ထွက်ပေါ်လာခဲ့သည်။
ထိုအဘိုးအိုသည် ရိုးရှင်းပုံပေါ်သော်လည်း အရှိန်အဝါ အလွန်တရာ အားကောင်းသည်။
အဘိုးအို၏ အကြည့်သည် လူအများကို စေ့စေ့ပင် မကြည့်ရဲစေလောက်သည်အထိ စူးရှနေခဲ့သည်။
“အားလုံးပဲ ငါက ဟန်ယွဲ့နန်းတော်ရဲ့ မဟာအကြီးအကဲ ဖြစ်တဲ့ ကျုံးလီရွှေပဲ.. ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်လည်း ဖြစ်တယ်.. ဒီသိုင်းပြိုင်ပွဲက ဟန်ယွဲ့နန်းတော်မှာ နှစ်၁၀၀၀မှာ တစ်ကြိမ်သာ ကျင်းပတဲ့ ခမ်းနားတဲ့ သိုင်းပြိုင်ပွဲတစ်ခုပဲ.. ဒါကြောင့် သိုင်းပြိုင်ပွဲမှာ ပါဝင်တဲ့ တပည့်တွေက စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ရင် ဂိုဏ်းဆီကနေ ရက်ရောတဲ့ ဆုလာဘ်တွေ ရရှိနိုင်တယ်.. ဒါ့အပြင် သိုင်းပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာကို ရရှိတဲ့သူတွေက နောက်၆လ အကြာမှာ ကျင်းပမဲ့ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိမှာ ဖြစ်တယ်”
ကျုံးလီရွှေ၏ ခန့်ညားထည်ဝါသော အသံက သိုင်းပြိုင်ကွင်းအနှံ့သို့ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
ကျုံးလီရွှေ၏ စကားသံ ထွက်ပေါ်လာသည်နှင့်အမျှ သိုင်းပြိုင်ပွဲအတွက် စာရင်းသွင်းထားသော တပည့်များ၏ မျက်ဝန်းများတွင် တက်ကြွသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
ဤသိုင်းပြိုင်ပွဲသည် နှစ်၁၀၀၀တွင် တစ်ကြိမ်သာ ကျင်းပသော သိုင်းပြိုင်ပွဲဖြစ်ပြီး သိုင်းပြိုင်ပွဲတွင် ကောင်းမွန်သောအဆင့် ရရှိလျှင် ဆုလာဘ်များစွာကို ရရှိနိုင်၏။
အထူးသဖြင့် ထိပ်ဆုံးသုံးယောက် နေရာကို ရရှိသူများသည် ဟန်ယွဲ့နန်းတော်ကို ကိုယ်စားပြု၍ မဟာမြေရိုင်းနတ်ဂိုဏ်းသို့ သွားရောက်ရမည် ဖြစ်ကာ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ဆင်နွှဲနိုင်မည် ဖြစ်သည်။
ယင်းက ပါရမီရှင်များစွာ၏ လေးစားအားကျမှုကို ခံရပြီး နာမည်ကျော်ကြားလာနိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။
ကျုံးလီရွှေက ပရိသတ်များ၏ စိတ်လှုပ်ရှားမှုကို လျစ်လျူရှုလိုက်သည်။
သူ၏အကြည့်က ကျီဝူရွှယ်၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် သူ၏ ခန့်ညားထည်ဝါသော အသံသည် သိုင်းပြိုင်ကွင်း တစ်ခုလုံးတွင် ထပ်မံ ပဲ့တင်ထပ်သွားခဲ့၏။
“အားလုံးပဲ ဒီတစ်ကြိမ် သိုင်းပြိုင်ပွဲမှာ ပထမနေရာကို ရရှိတဲ့သူက အရမ်းအဖိုးတန်တဲ့ ဆုလာဘ်ကို ရရှိမှာဖြစ်တယ်.. ဒီဆုလာဘ်က လွန်ခဲ့တဲ့ ၅နှစ်အကြာက အကြီးအကဲချုပ် ချန်ထားရစ်ခဲ့တဲ့ နယ်မြေနတ်ဘုရား သလင်းကျောက်ပဲ”