← Chapters

ကြိုတင်ပြင်ဆင်မှုဟု ခေါ်သည်

Vol. 2 Ch. 16

ကြိုတင်ပြင်ဆင်မှုဟု ခေါ်သည်

Vol. 2 Ch. 16

ချူကျန့်မှာ သူ့နောက်သို့ မည်သူမှ လိုက်မလာ သည်ကို အတည်ပြုပြီးနောက် သက်ပြင်းချနိုင်ခဲ့သည်။ အစေခံတစ်ယောက်ကို နွေမိုးစက်ဥယျာဉ်၏ တည်နေရာကို မေးမြန်းပြီးနောက် ဟွမ်ရုံ စီစဉ်ပေးထားသော နေရာသစ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။

ကောရှန်မှာမူ သူမ၏ မြက်ရိုက်မြွေခြောက်အော်ဟစ်သံကို ကြားခဲ့ပြီး ဖြစ်သဖြင့် ဘာမှ ဖြစ်မည်မဟုတ်ပေ။ တစ်ခုခုဖြစ်ခဲ့လျှင်လည်း သူနှင့် မသက်ဆိုင်ချေ။

‘ဒီကောင်မလေးက တစ်ချက်ကြည့်တာနဲ့ စပ်စုတတ်တဲ့ မိန်းကလေးမှန်း သိသာတယ်… ပြီးတော့ သူ့အစ်မထက် အများကြီး ပိုတော်တယ်… သူ့ဆီကနေ ဝေးဝေးနေမှပဲ…’

စကားအနည်းငယ်သာ ပြောဆိုခဲ့သော်လည်း ချူကျန့်မှာ ဒုတိယသမီး၏ စရိုက်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။

သူမက ရိုးသားဖြူစင်ပြီး စူးစမ်းလိုစိတ် ပြင်းပြကာ ပေါ့ပေါ့ပါးပါး နေတတ်သူ ဖြစ်သည်။

ထိုသို့သော မိန်းကလေးမှာ ယခုခေတ်တွင်ဆိုလျှင် ကျောပိုးအိတ်တစ်လုံးဖြင့် တစ်ယောက်တည်း ကမ္ဘာလှည့်ခရီးသွား၍ မတူညီသော ဓလေ့ထုံးစံများကို မြည်းစမ်းကြည့်ရှုတတ်သော အနုပညာရှင်မိန်းကလေးတစ်ယောက် ဖြစ်ပေလိမ့်မည်။

ထင်ရှားသော စရိုက် ပေါင်းသင်းဆက်ဆံရန် လွယ်ကူသော လွတ်လပ်သည့်စိတ်ဓာတ်နှင့် အလွန်လှပသော ရုပ်ရည်တို့ကြောင့် သူမမှာ လူအများ၏ နှစ်သက်မှုကို ရရှိမည်မှာ သေချာသည်။

အကယ်၍ သူမက ခရီးသွား ဘလော့ဂါတစ်ယောက်ဖြစ်ခဲ့လျှင် သူမ၏ ဓာတ်ပုံများနှင့် ရှုခင်းပုံများကို တင်ရုံဖြင့် Follower သန်းချီ ရရှိနိုင်လောက်သည်။

သို့သော်လည်း မထင်ပေါ်လိုသော ချူကျန့်အတွက်မူ ဤသို့သော လွတ်လပ်ပေါ့ပါးသည့်မိန်းကလေးမျိုးကို အဝေးမှ ရှောင်ရှားသင့်သည်။

အဘယ်ကြောင့်ဆိုရပါမူ ဤသို့သော မိန်းကလေးမျိုးမှာ နောက်တစ်စက္ကန့်တွင် မည်သို့သော ပြဿနာမျိုးကို ဖန်တီးမည်ကို သူ ဘယ်တော့မှ ခန့်မှန်းနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ထို့အပြင် ကောရှန်မှာ ကောကျင့်၏ အငယ်ဆုံးသမီးဖြစ်သည့်အတွက် မွေးရာပါပင် လူအများ၏ ချစ်ခင်မှုနှင့် အာရုံစိုက်မှုကို တစ်ကိုယ်တည်း ရရှိထားသူ ဖြစ်သည်။

‘မပတ်သက်တာ အကောင်းဆုံးပဲ… ငါကတော့ မှောင်မိုက်တဲ့ ထောင့်တစ်နေရာမှာ ပုန်းအောင်းနေတဲ့ သာမန်လူတစ်ယောက်ပဲ ဖြစ်ချင်တယ်…’

ချူကျန့်က ဤသို့ တွေးတောရင်း လျှောက်လာစဉ် စိုစွတ်သော မြက်ခင်းပြင်ကို ဖြတ်ကျော်သောအခါ အသံတစ်ခုခုကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ ချက်ချင်းပင် ခြေလှမ်းရပ်၍ ဂရုတစိုက်နားထောင်လိုက်ရာ တရှပ်ရှပ်မြည်သံက တွားသွားသတ္တဝါတစ်ကောင်၏ အသံနှင့် တူနေ၏။

ချူကျန့်က သာနေသော လရောင်ကို အားကိုး၍ ကြည့်လိုက်သောအခါ မြက်ခင်းထဲတွင် ခွေနေသော မြွေစိမ်းငယ်တစ်ကောင်ကို တွေ့လိုက်သည်။ သူက ထိုမြွေ၏ တြိဂံပုံခေါင်းကို ကြည့်ရုံဖြင့် အဆိပ်ရှိကြောင်း သိလိုက်သည်။ သို့သော် အရောင်မှာ သိပ်မတောက်ပသဖြင့် အဆိပ်ပြင်းမည် မဟုတ်ချေ။

‘ကံကောင်းလိုက်တာ… သဘာဝအဆိပ်ရှိတဲ့ သတ္တဝါက အလိုလို တံခါးဝ လာခေါက်နေပါလား… ကိုယ်ကိုကိုယ် ကာကွယ်ဖို့ သုံးရမယ်…’

ချူကျန့်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မည်သူမှ ဖြတ်မသွား အမြင့်မှ ချောင်းမကြည့်ကြောင်း သေချာမှ မြွေဖမ်းရန် ဆုံးဖြတ်လိုက်သည်။

မြွေ၊ ပိုးကောင်များနှင့် ပုရွက်ဆိတ်များကဲ့သို့သော သတ္တဝါများကို သူ သိုင်းလောကတွင် လှည့်လည်သွားလာစဉ် မည်မျှလောက် ကြုံတွေ့ခဲ့ဖူးသည်ကို မသိနိုင်တော့ချေ။

သူ၏ ဗိုက်ထဲသို့ ရောက်သွားသည်များမှာလည်း မရေမတွက်နိုင်အောင် ရှိသည်။ မြွေသတ်သည့်နည်းလမ်းမှာ လူသတ်ခြင်းထက် မနိမ့်ကျချေ။ သူက ဘယ်ဘက်လက်ကို ရှေ့သို့ ဆန့်ထုတ်၍ အဆိပ်မြွေကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

ညာလက်မှာမူ လျှပ်စီးကဲ့သို့ လျင်မြန်စွာ မြွေ၏ အဓိကနေရာကို ဖမ်းဆုပ်ကိုင်၍ ဖမ်းယူလိုက်သည်။

“အမှတ် ၃၀ ကိုယ်ဖော့ပညာက မဆိုးပါဘူး… ငါ့ရဲ့ ပုံမှန်အလျင်ရဲ့ တစ်ရာခိုင်နှုန်းလောက် ထုတ်သုံးနိုင်တယ်…”

ချူကျန့်က ပျင်းရိစွာ မှတ်ချက်ချရင်းနှင့် သိုလှောင်အိတ်ထဲမှ အဖွားကြီးတစ်ယောက် ပေးခဲ့သော ငွေအပ်အချို့ကို ထုတ်ယူလိုက်သည်။ သူက အဆိပ်မြွေ၏ သွားများကို ဖွင့်၍ အကြိမ်အနည်းငယ် လှုပ်ယမ်းလိုက်ရာ အဆိပ်ရည်များ ထွက်ကျလာ၏။

ထို့နောက် သူက ထိုအဆိပ်ရည်များကို သံမဏိခရမ်းပြာဓားသွားနှင့် ငွေအပ်အချို့ပေါ်သို့ ဂရုတစိုက် သုတ်လိမ်းလိုက်သည်။

သံမဏိခရမ်းပြာဓားကို ဓားအိမ်ထဲသို့ ထည့်ပြီး ငွေအပ်များကို အဝတ်ဖြင့် ထုပ်ပြီးနောက် သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ချူကျန့်က အဆိပ်မြွေကို လက်ဖြင့် ညှစ်သတ်၍ သိုလှောင် အိတ်ထဲသို့ ပစ်ထည့်လိုက်၏။ နောက်ဆုံးတွင် ရေသန့်ဖြင့် လက်ကို ဆေးကြောပြီးနောက် သူ၏ နွေမိုးစက်ဥယျာဉ်ဆီသို့ ဖြည်းညင်းစွာ ပြန်လျှောက်သွားသည်။

ဤမြွေဆိပ်မှာ လူကို မသတ်နိုင်သော်လည်း ခန္ဓာကိုယ်ကို ထုံကျဉ်တုန်တုန်ယင်ယင် ဖြစ်စေရန် လုံလောက်သည်။

ကောစံအိမ်မှာ အန္တရာယ်များနှင့် ပြည့်နှက်နေပြီး သူ၏ သိုင်းပညာမှာ အလွန်နိမ့်ကျနေ၏။ ဤသည်က အသက်ရှင်ရန် နည်းလမ်းငယ်တစ်ခု ဖြစ်သည်။

ချူကျန့်က မထင်ပေါ်လိုသူ ဖြစ်သော်လည်း မထင်ပေါ်ခြင်း၏ အဓိကအချက်မှာ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း အမှန်တကယ်ရှိနေခြင်း ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ရင်ဆိုင်ရာတွင် လက်လျှော့အသေခံခြင်းမျိုး မဟုတ်ချေ။

သို့သော် သူက သိုင်းပညာကို ပြင်းပြင်းထန်ထန် ကျင့်ကြံသည့်လမ်းဟောင်းကို ပြန်မလျှောက်လိုသဖြင့် မိမိကိုယ်ကို ကာကွယ်သည့်နည်းလမ်းများကို အားကောင်းအောင်လုပ်ရန် တခြားနည်းလမ်းများကို ရှာဖွေရမည် ဖြစ်သည်။ ဥပမာအားဖြင့် အဆိပ်သုံးခြင်းမျိုး ဖြစ်သည်။

ချူကျန့်က ခဏမျှ လျှောက်သွားပြီးနောက် နွေမိုးစက်ဥယျာဉ်သို့ ရောက်ရှိလာသည်။

ဤသည်မှာ တောင်ဘက်ခြံဝင်း၏ အပြင်ဘက်လမ်းနှင့် နီးသော တိတ်ဆိတ်သည့်ခြံဝင်းငယ်လေးတစ်ခုဖြစ်ပြီး အတွင်းတွင် သုံးထပ်အဆောက်အအုံငယ်တစ်ခုသာ ရှိသည်။

ချူကျန့် ခြံဝင်းငယ်လေးထဲသို့ လျှောက်ဝင်သွားသောအခါ ညနေပိုင်းက တွေ့ခဲ့ဖူးသော လှပသည့်အိမ်ဖော်မလေးမှာ စိတ်လှုပ်ရှားစွာဖြင့် အဆောက်အအုံရှေ့တွင် သူ့ကို စောင့်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။

ချူကျန့်ကို မြင်သည်နှင့် မော့ဟွားက လေးစားစွာ အရိုအသေပေးလိုက်၏။

"ကျွန်မ မော့ဟွားပါ… သခင်လေးချူကို နှုတ်ခွန်းဆက်ပါတယ်…"

အပြင်လူများရှေ့တွင် ချူကျန့်မှာ ချက်ချင်းပင် ရိုးသားသော မျက်နှာသို့ ပြန်ပြောင်းသွားပြီး ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။

"ဪ… မော့ဟွားပါလား… ဘာကိစ္စရှိလို့လဲ…"

"သခင်မကြီးက အခုကစပြီး ကျွန်မကို သခင်လေးချူအနားမှာ ခစားဖို့ အမိန့်ပေးလိုက်ပါတယ်…"

မော့ဟွား၏ အသံထဲတွင် ဖုံးကွယ်မထားနိုင်သော ပျော်ရွှင်မှုများ ပါဝင်နေသည်။

ဂိမ်း၏ အလွန်မြင့်မားသော ရုပ်ထွက်နှင့် သာမန်လူများနှင့် တစ်ပုံစံတည်းတူသော AIကြောင့် NPC များ၏ ကိုယ်အမူအရာ၊ မျက်နှာအမူအရာနှင့် စကားပြောဟန်တို့မှာ လူသားများနှင့် လုံးဝကွဲပြားမှုမရှိဘဲ အသားအရေကို ထိတွေ့ရသည့်ခံစားချက်မှာပင် တကယ့်လူနှင့် တူနေ၏။

မဟာသိုင်းလောကခေတ်၏ ဂိမ်းကမ္ဘာထဲတွင် NPC များနှင့် ကစားသမားများ၏ ကွာခြားချက်ကို ပြောရလျှင် NPC များ၏ အတွေးအခေါ်နှင့် အပြောအဆို အပြုအမူတို့မှာ ‘ရှေးခေတ်သိုင်းလောက’ ဆန်နေပြီး ကစားသမားများမှာမူ ယခုခေတ်လူများဖြစ်သည့်အတွက် ဤအပိုင်းတွင် NPC များနှင့် များစွာ ကွဲပြားနေသည်။

ထို့အပြင် NPC များမှာ AI စည်းမျဉ်းအနည်းငယ်ကို မသိစိတ်ဖြင့် လိုက်နာကြသည်။ ဥပမာအားဖြင့် ယခင်က ကောကျင့်က ချူကျန့်၏ သိုင်းလောကလေလွင့်သမား ဘဝနောက်ခံကို စေ့စေ့စပ်စပ်မမေးမြန်းခဲ့ခြင်း ကစားသမားများ အော့ဖ်လိုင်းဖြစ်သွားသည့်အခါ NPC များက ကစားသမား ‘ပျောက်ဆုံး’ သွားရသည့်အကြောင်းရင်းကို အလိုအလျောက်လျစ်လျူရှု၍ ကစားသမား၏ သွားလာမှုကို ကိုယ်တိုင်စဉ်းစားပေးခြင်း ကစားသမား အွန်လိုင်းပြန်ဖြစ်လာသည့်အခါ ရှင်းပြရန် မလိုအပ်ခြင်းတို့ ဖြစ်သည်။

ချူကျန့်က လက်တွေ့ဘဝတွင်ကဲ့သို့ ‘လူကဲခတ်နိုင်သော ဉာဏ်မျက်စိ’ ကို အသုံးပြုလိုက်၏။ သူက မော့ဟွား၏ စကားပြောဆိုစဉ် မျက်နှာအမူအရာ လေသံတို့ကို ကြည့်၍ ဆုံးဖြတ်လိုက်ရာ မော့ဟွားတွင် ရန်လိုသည့်စိတ်ရှိနိုင်ခြေမှာ ၅% နှင့် သူလျှိုအဖြစ် စေလွှတ်ခံရသည့်ဖြစ်နိုင်ခြေမှာ ၁၀% ခန့်သာ ရှိကြောင်း လျင်မြန်စွာ ဆုံးဖြတ်နိုင်ခဲ့သည်။

ချူကျန့် အနည်းငယ် စိတ်အေးသွားသည်။ သူ့ကို စောင့်ကြည့်မည့်မျက်လုံးတစ်စုံ ထပ်တိုးလာလျှင် သူ အလွန်အနေရခက်သွားမည် ဖြစ်သည်။

“ဒါပေမဲ့ အိမ်ဖော်မလေးဆိုတော့…”

ချူကျန့်က မျက်မှောင်ကြုတ်လိုက်သည်။ ယခင်ကွယ်ဝှက်သိုင်းကမ္ဘာတွင် သူ၏ အိမ်မှ အိမ်ဖော်မလေးမှာ တစ်စုံတစ်ယောက်၏ သိမ်းသွင်းခြင်းကို ခံရပြီး သူ့ကို အဆိပ်ခတ်ခဲ့ဖူးသဖြင့် သူက အိမ်ဖော်မလေးဆိုသည်မျိုးကို အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။

ထို့ကြောင့် ချူကျန့်က ဖျောင်းဖျလိုက်သည်။

"မော့ဟွား… ကျွန်တော်က ဆင်းရဲတဲ့ နောက်ခံက လာတာပါ… လူတကာဆီက ခစားမှုကို ကျင့်သားမရသေးဘူး… အစ်မကြီးကို ပြန်ပြောပြီး အရင်နေရာကို ပြန်သွားတာကော ဘယ်လိုလဲ…"

သို့သော် ချူကျန့် မည်မျှပင် ပြောဆိုစေကာမူ မော့ဟွား မျက်ရည်များပင် ကျလာပြီး ထွက်ခွာရန် ငြင်းဆန်နေ၏။ ဤသည်မှာ ဟွမ်ရုံ၏ စီစဉ်မှုဖြစ်သည်ကို ထောက်ထား၍ ချူကျန့်က မော့ဟွားကို နေခွင့်ပေးလိုက်ပြီး ပထမထပ်မှ အိမ်ဖော်မလေးအခန်းတွင် နေထိုင်စေသည်။

အဆောက်အအုံ၏ အဓိကအခန်းမှာ တတိယထပ်တွင်ရှိပြီး အလွန်ကျယ်ဝန်း၏။ ချူကျန့်က မော့ဟွားကို ဆေးရည်ပန်းကန် ချထားစေပြီးနောက် သူမကို လွှတ်လိုက်သည်။ ထို့နောက် သူ့ခွင့်ပြုချက်မရှိဘဲ အပေါ်သို့ တက်မလာရန် ပြောလိုက်၏။

သူက အတွင်းအားကို ပြင်းပြင်းထန်ထန် ကျင့်ကြံရမည် ဖြစ်ပြီး အနှောင့်အယှက်ပေးခံရလျှင် ချီစွမ်းအင်ဖောက်ပြန်ခြင်း ဖြစ်သွားနိုင်သည်ဟု ပြောလိုက်၏။

မော့ဟွား ကြောက်လန့်တကြား ခေါင်းညိတ်လိုက်ပြီး ထွက်သွားသောအခါ သူ့အတွက် အခန်းတံခါးကို ပိတ်ပေးသွားသည်။

မည်သူကမျှ သခင်လေးကို အနှောင့်အယှက်မပေးစေရဟုလည်း အကြိမ်ကြိမ်အာမခံသွား၏။

မော့ဟွား၏ ခြေသံများ ပထမထပ်သို့ ဆင်းသွားသည်ကို နားထောင်ပြီးနောက် ချူကျန့်က အခန်းတံခါးကို သော့ခတ်လိုက်သည်။

ဆေးရည်ပန်းကန်ကို ခုတင်အောက်သို့ သွန်ပစ်လိုက်ပြီး ကျန်းကျားခိုအစပြု တာဝန် တွင် NPC ပေးခဲ့သော ပိုးချည်နှင့် ခေါင်းလောင်းငယ်များကို ထုတ်ယူလိုက်၏။

တံခါးနှင့် ပြတင်းပေါက်များအောက်တွင် ရိုးရှင်းသော အချက်ပေးထောင်ချောက်တစ်ခုပြုလုပ်လိုက်သည်။ ထို့နောက် ခုတင်ပေါ်မှ စောင်ကို လိပ်၍ တစ်စုံတစ်ယောက် အိပ်ပျော်နေသည့်ပုံစံပြုလုပ်ပြီးမှ ဆီမီးကို မှုတ်ငြိမ်းကာ ပြတင်းပေါက်မှ ဂရုတစိုက် တွားသွားထွက်လိုက်၏။

အမှတ် ၃၀ ကိုယ်ဖော့ပညာဖြင့် နံရံတွားသွား တောက်တဲ့သိုင်းကို အသုံးပြုနိုင်သေးကြောင်း စမ်းသပ်ကြည့်ပြီးနောက် ချူကျန့်က တိတ်တဆိတ်ထွက်ခွာလိုက်သည်။

အပြင်နံရံအတိုင်း ဒုတိယထပ်မှ မထင်မရှားသော ထောင့်တစ်နေရာရှိ အခန်းငယ်တစ်ခု၏ အပြင်ဘက်သို့ တွားသွားလိုက်၏။

ဓားရှည်ကို ထုတ်၍ ကျွမ်းကျင်စွာ ပြတင်းပေါက်ကို ဖွင့်ပြီးနောက် မျောက်တစ်ကောင်ကဲ့သို့ ညင်သာစွာ ဝင်ရောက်ကာ ခုတင်ပေါ်တွင် ခြေထောက်ချိတ်ထိုင်၍ အနားယူလိုက်သည်။

သူ ကွယ်ဝှက်သိုင်းကမ္ဘာတွင် အားထုတ်ခဲ့သော အကျင့်တစ်ခု ဖြစ်သည်။ သိုင်းလောကမှာ အလွန်အန္တရာယ်များသည့်အတွက် မည်သူက သူ့ကို လာရောက်လုပ်ကြံမည်ကို ဘယ်သူသိနိုင်မည်နည်း။

ခန့်မှန်းမိတာ မှန်လျှင် ကောစံအိမ်ထဲတွင်လည်း ကစားသမားများ အစေခံအဖြစ် ဝင်ရောက်နေလောက်ပြီ ဖြစ်သည်။ သို့သော် မြို့ထဲတွင် ID အချက်အလက်များကို ဖုံးကွယ်ထားနိုင်သည့်အတွက် ခွဲခြားသိမြင်ရန် မဖြစ်နိုင်ချေ။

ထိုလူများက သူ ကောကျင့်၏ တပည့်အဖြစ် အသိအမှတ်ပြုခံရသည်ကို ကြားသိသောအခါ မနာလိုဝန်တိုစိတ်ဖြင့် မည်သို့သော အပြုအမူမျိုး ပြုလုပ်လာမည်ကို မည်သူမှ မသိနိုင်ပေ။

ကောကျင့်နှင့် ဟွမ်ရုံတို့က ရန်သူ အလွန်များပြားသည့်အတွက် တစ်စုံတစ်ယောက်က မကောင်းကြံ၍ သူတို့၏ တပည့်သစ်ကို ဖမ်းဆီးပြီး ခြိမ်းခြောက်လာနိုင်သည့်ဖြစ်နိုင်ခြေကိုလည်း ပယ်ရှား၍ မရချေ။

လုံခြုံရေးအတွက် အခန်းပြောင်းအိပ်ခြင်းက ပိုကောင်းသည်။

ခဏမျှ နားစွင့်နေပြီးနောက် မည်သူမှ တက်မလာကြောင်း သိရမှ ချူကျန့် အနည်းငယ်အေးသွားသည်။

ထို့ကြောင့် ကျော်ကြားခြင်း၏ ဆိုးကျိုးမှာ သည်နေရာတွင် ရှိနေသည်။ ကောကျင့်၏ တပည့် ဖြစ်လာသည်နှင့် မည်မျှများပြားသော ရန်သူများ တိုးလာမည်ကို မသိနိုင်ချေ။ သူ၏ မထင်ပေါ်လိုသည့်ဆန္ဒကိုပင် အကောင်အထည်ဖော်ရန် ခက်ခဲစေသည်။

ချူကျန့် ခုတင်ပေါ်သို့ လှဲချလိုက်စဉ်မှာပင် ကောင်းကင်ယံမှ ဂိမ်း၏ သတိပေးသံကို အံ့အားသင့်စွာ ကြားလိုက်ရသည်။

“တင်… သိုင်းလောကကြေညာချက်- ကစားသမား ‘မိုးရေစိုရွှဲ ကြာရွက်မကြွေ’ မှ အိပ်မက်ဆိုးအဆင့် ကြယ်တစ်ပွင့် BOSS ကို တစ်ဦးတည်းအနိုင်ယူပြီး ဆာဗာအသစ်တွင် အဆင့်ငါးဆင့်ကျော်၍ BOSS ကို အနိုင်ယူသည့် ပထမဆုံးကစားသမား ဖြစ်လာသည့်အတွက် အထူးပစ္စည်းတစ်ခုကို ကျပန်းရရှိမည် ဖြစ်သည်…”

“ထိုဖြစ်ရပ်ကို ဆာဗာအသစ်၏ ‘ပိုင်ရှောင်ရှန်း မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်း’ တွင် မှတ်တမ်းတင်ထားပါသည်။ ကစားသမားများအားလုံး သူမကို စံနမူနာယူ၍ ကြိုးစားကြပါရန်နှင့် မိမိတို့၏ ထူးချွန်သော လုပ်ရပ်များကို ‘ပိုင်ရှောင်ရှန်း၏ မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်း’ တွင် မှတ်တမ်းတင်နိုင်ရန် ကြိုးပမ်းကြပါ”

“တင်…သိုင်းလောကကြေညာချက်- ကစားသမား ‘မိုးရေစိုရွှဲ ကြာရွက်မကြွေ’ မှ အိပ်မက်ဆိုးအဆင့် ကြယ်တစ်ပွင့် BOSS ကို တစ်ဦးတည်းအနိုင်ယူခဲ့သဖြင့် BOSS တစ်ဦးချင်းအနိုင်ယူမှု မှတ်တမ်းဖွင့်လှစ်သည့်အခြေအနေကို ဖြစ်ပေါ်စေခဲ့ပါသည် BOSS တစ်ဦးချင်းအနိုင်ယူမှု မှတ်တမ်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပြီး ကစားသမားများမှာ စနစ်လုပ်ဆောင်ချက်တွင် ကိုယ်တိုင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်”

All Chapters