မိုးရေစိုရွှဲ ကြာရွက်မကြွေ
Vol. 2 Ch. 17
“မိုးရေစိုရွှဲ ကြာရွက်မကြွေတဲ့လား…”
ဟူး… ကံကောင်းလို့ပဲ… ငါနဲ့ မဆိုင်ဘူး…
ချူကျန့်၏ တောင့်တင်းနေသော ခန္ဓာကိုယ်မှာ ပြေလျော့သွားသည်။ သိုင်းလောကကြေညာချက် အကြိမ်ကြိမ်ခံရပြီးနောက် ‘သိုင်းလောကကြေညာချက် ကြောက်ရောဂါ’ ပင် ရနေပြီ ဖြစ်သည်။
“ကောင်းပြီ… ကြည့်ကြည့်ရအောင်…”
သူ ဂိမ်းထဲသို့ ဝင်ရောက်လာပြီးနောက် သူမှလွဲ၍ အခြားသူတစ်ယောက် သိုင်းလောကကြေညာချက် ခံရသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သူနှင့် မသက်ဆိုင်သည့်အတွက် စိတ်အေးလက်အေး ကြည့်ရှုနိုင်၏။
ချူကျန့်က စနစ်လုပ်ဆောင်ချက် မျက်နှာပြင်ကို ဖွင့်လိုက်သောအခါ ‘BOSS တစ်ဦးချင်းအနိုင်ယူမှု မှတ်တမ်း’ ပေါ်လာသည်ကို အမှန်ပင် တွေ့လိုက်ရသည်။ လက်ရှိတွင် မှတ်တမ်းတစ်ခုသာ ရှိနေသည်။
“၁။ ကစားသမား ‘မိုးရေစိုရွှဲ ကြာရွက်မကြွေ’ - အိပ်မက်ဆိုးအဆင့် ကြယ်တစ်ပွင့် BOSS ကို တစ်ဦးတည်းအနိုင်ယူခဲ့သည်”
မဟာသိုင်းလောကခေတ်တွင် NPC များနှင့် တာဝန် BOSS များ၏ စွမ်းရည်အဆင့်သတ်မှတ်ချက်မှာ ကစားသမားများနှင့် တူညီပြီး ‘အမှတ်နှင့် စကားလုံးလေးလုံးအကဲဖြတ်ချက်’ ကို အသုံးပြုသည်။ ဥပမာအားဖြင့် ချူကျန့်၏ လက်ရှိစွမ်းရည်မှာ ‘၁၀ မှတ် - အရေးမပါ’ ဖြစ်ပြီး စွမ်းရည်တိုးတက်လာလျှင် ‘၂၀ မှတ် - စိုးရိမ်စရာမရှိ’၊ ‘၃၀ မှတ် - ဖော်ပြရန်မထိုက်တန်’၊ ‘၄၀ မှတ် - အစပျိုးလေ့ကျင့်ဆဲ’၊ ‘၅၀ မှတ် - သာမန်’၊ ‘၆၀ မှတ် - တံခါးဝသို့ စတင်ချဉ်းကပ်’ စသည်ဖြင့် တိုးတက်သွားမည် ဖြစ်သည်။ ကောကျင့်မှာမူ ‘၉၀၀ မှတ် - မူလသို့ ပြန်လည်ရောက်ရှိ’ အဆင့်သို့ ရောက်နေလောက်ပြီ ဖြစ်သည်။
အကဲဖြတ်ချက်များမှာ ဂိမ်းစနစ်က တတ်မြောက်ပြီးသော ပညာရပ်များ၏ ကောင်းမွန်မှု၊ ကျင့်ကြံမှုအနက်အနဲ၊ တိုက်ပွဲအနိုင်အရှုံးနှုန်း၊ အတိုင်းအတာငါးမျိုး အရည်အသွေး စသည့်အချက်များစွာကို အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်သည်။ ၁၀ မှတ်ရှိသူမှာ ၂၀ မှတ်ရှိသူကို အနိုင်မတိုက်ခိုက်နိုင်ဟု ဆိုလိုခြင်း မဟုတ်ချေ။
သိုင်းလောကတွင် အဆင့်နိမ့်သူက အဆင့်မြင့်သူကို အနိုင်တိုက်ခိုက်နိုင်သည့်ဥပမာများစွာ ရှိနေ၏။
သိုင်းပညာအလွန်ညံ့သော ဝေ့ရှောင်ပေါင်ပင်လျှင် သူ့ထက်များစွာ သာလွန်သော လူများစွာကို သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် ကစားသမားများက ပိုမိုအားကောင်းသော BOSS များကို စိန်ခေါ်ရန်၊ တိုက်ပွဲများတွင် ပိုမိုအားကောင်းလာစေရန် လှုံ့ဆော်သည့်အနေဖြင့် ဂိမ်းက BOSS များအတွက် ‘အပိုဆောင်း နှိုင်းယှဉ်အကဲဖြတ်ချက်’ တစ်ခုပေးထားသည်။
ဥပမာအားဖြင့် ချူကျန့် လက်ရှိတွင် ‘၁၀ မှတ် - အရေးမပါ’ ဖြစ်နေပြီး ‘၃၀ မှတ် - ဖော်ပြရန်မထိုက်တန်’ ရှိသော BOSS မှာ ချူကျန့်အတွက် အထက်တန်းအဆင့် ကြယ်တစ်ပွင့်၊ ‘၄၀ မှတ် - အစပျိုးလေ့ကျင့်ဆဲ’ BOSS မှာ အထက်တန်းအဆင့် ကြယ်နှစ်ပွင့်၊ ‘၅၀ မှတ် - သာမန်’ BOSS မှာ အထက်တန်းအဆင့် ကြယ်သုံးပွင့်၊ ‘၆၀ မှတ် - တံခါးဝသို့ စတင်ချဉ်းကပ်’ BOSS မှာ အိပ်မက်ဆိုးအဆင့် ကြယ်တစ်ပွင့် ဖြစ်သည်။
အဆင့်ဆင့်တက်သွားပြီး အမြင့်ဆုံးမှာ အိပ်မက်ဆိုးအဆင့် ကြယ်ငါးပွင့် ဖြစ်သည်။
‘အပိုဆောင်း နှိုင်းယှဉ်အကဲဖြတ်ချက်’ မှာ ကစားသမားများနှင့် BOSS များ၏ စွမ်းရည်ကွာဟချက်ကို အသိပေးရန် ဖြစ်သည်။ BOSS များမှာလည်း NPC များဖြစ်သည့်အတွက် မည်မျှအားကောင်းသည်ကို ခေါင်းပေါ်တွင် ပြသထားမည် မဟုတ်ဘဲ ကစားသမားအများစုမှာ BOSS ၏ စွမ်းရည်ကို ခန့်မှန်းသည့်အတွေ့အကြုံနှင့် အမြင်မရှိကြချေ။
ကစားသမားများက မိမိတို့ထက် များစွာ အားကောင်းသော BOSS များကို အနိုင်ယူလျှင် အပိုဆုများ ပိုမိုရရှိမည် ဖြစ်ပြီး တစ်ဦးတည်းအနိုင်ယူလျှင် အကျိုးကျေးဇူးအားလုံးကို တစ်ယောက်တည်း ရရှိမည် ဖြစ်သည်။
သို့သော် ကစားသမားများ ‘ပြင်းထန်စွာဒဏ်ရာရပြီး သေလုနီးပါးဖြစ်ခြင်း’ ဖြစ်ပါက အတိုင်းအတာငါးမျိုး အရည်အသွေး ကျဆင်းသွားမည် ဖြစ်သဖြင့် လူအများစုမှာ မိမိတို့ထက် များစွာ အားကောင်းသော BOSS များကို စွန့်စား၍ စိန်မခေါ်ရဲကြချေ။
ထို့ကြောင့် ‘မိုးရေစိုရွှဲ ကြာရွက်မကြွေ’ ဆိုသည့်ကစားသမားမှာ အနည်းဆုံး စွမ်းရည်အဆင့်သတ်မှတ်ချက် ငါးဆင့်ကျော်၍ BOSS ကို တစ်ဦးတည်းအနိုင်ယူခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်ပင် အလွန်အစွမ်းထက်လှသည်။
ချူကျန့်က ‘ပိုင်ရှောင်ရှန်း၏ မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်း’ ကို ကြည့်လိုက်သောအခါ ‘မိုးရေစိုရွှဲ ကြာရွက်မကြွေ’ မှာ ဤတစ်ကြိမ်အပါအဝင် သုံးကြိမ်တိုင်တိုင် မှတ်တမ်းတင်ခံခဲ့ရကြောင်း တွေ့ရှိလိုက်ရသည်။
“အံ့သြစရာပဲ…”
သို့သော် ချူကျန့်က နှစ်ချက်ခန့် ကြည့်ပြီးနောက် ပိတ်လိုက်သည်။ ‘မိုးရေစိုရွှဲ ကြာရွက်မကြွေ’ မည်မျှပင် အစွမ်းထက်စေကာမူ သူနှင့် မသက်ဆိုင်ချေ။ သူက စနစ်ကြေညာချက်တွင် ‘မိုးရေစိုရွှဲ ကြာရွက်မကြွေ’ မှာ ကမ္ဘာပေါ်တွင် အတုမရှိသော ပစ္စည်း လက်နက်များ ရရှိခဲ့ကြောင်း ကြေညာစေချင်နေသည်။
သို့မှသာ ကစားသမားများ၏ အာရုံစိုက်မှုအားလုံးမှာ ထိုသူထံသို့ ရောက်သွားပြီး သူ့ကို မေ့လျော့သွားကြမည် ဖြစ်သည်။
သို့သော် ဤသည်မှာ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်သည်။ သူက ကောကျင့်၏ တပည့် ဖြစ်နေသရွေ့ ရည်ရွယ်ချက်ရှိသူများက သူ့ကို အမြဲတစေ သတိရနေမည်သာ ဖြစ်သည်။
ချူကျန့် ခုတင်ပေါ်တွင် ကောကျင့်က သူ့ကို ကောင်းကောင်းသိုင်းကျင့်ရန် မှာကြားခဲ့သည်ကို သတိရသွားပြီး သိုင်းပညာမျက်နှာပြင်ကို ဖွင့်လိုက်သောအခါ အတွင်းအားပညာရပ်တစ်ခု ထပ်တိုးလာသည်ကို တွေ့လိုက်ရသည်။
ချွမ်ကျန်းအတွင်းအားကျင့်စဉ်
အဆင့်: အခြေခံ
ကျင့်ကြံမှု: အဆင့်တစ် - အဆင့်ငါး
အကျိုးသက်ရောက်မှု: ခွန်အား+၁၊ ကိုယ်ခန္ဓာ+၁၊ ကိုယ်ဖော့ပညာ+၁
မိတ်ဆက်: ချွမ်ကျန်းဂိုဏ်း၏ အခြေခံအတွင်းအားကျင့်စဉ်ဖြစ်ပြီး အတွင်းအားအခြေခံကို တည်ဆောက်ရန် အဓိကအသုံးပြုသည်။ နှစ်ရှည်လများ ကျင့်ကြံလျှင် ကိုယ်ခန္ဓာကို ကျန်းမာစေပြီး ပိုမိုလျင်မြန်စေသည်။ ဉာဏ်ရည် ၁၇ မှတ်အထက်ရှိမှ သင်ယူနိုင်ပြီး အရိုးအကြော ၁၂ ထက်မြင့်မှ ချီခံစားမှုကို အနိုင်နိုင်ခံစားနိုင်မည်။ အရိုးအကြော ၁၅ ထက်မြင့်မှ ဒန်တျန်အတွင်း ချီစွမ်းအားကို စုဆောင်းနိုင်မည်။ အဆင့်ငါးသို့ ရောက်ရန် အရိုးအကြော ၂၅ မှတ်အထက် လိုအပ်သည်။
မိတ်ဆက်ကို ဖတ်ပြီးနောက် ချူကျန့်၏ စိတ်မှာ ချက်ချင်းပင် တည်ငြိမ်သွားသည်။
“ဆရာက ငါ့ကို ကောင်းကောင်းသိုင်းကျင့်ခိုင်းတယ် ဟုတ်လား…”
“ငါ ကျင့်လိုက်မှာပေါ့”
ချူကျန့်က ဟားတိုက်ရယ်လိုက်ပြီး ခုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းကာ ကောကျင့် သင်ပေးခဲ့သည့်နည်းအတိုင်း စိတ်ကို စုစည်း၍ သိုင်းကျင့်ရန် ကြိုးစားလိုက်သည်။ မကြာမီ သူ၏ ရှေ့တွင် ကျင့်ကြံခြင်းမျက်နှာပြင်တစ်ခု ပေါ်လာပြီး ဝမ်းဗိုက်ထဲတွင် ချီခံစားမှု အနည်းငယ်ကို ခံစားလိုက်ရသည်။
သို့သော် ထိုမျှသာ ဖြစ်၏။
ကျင့်ကြံခြင်းမျက်နှာပြင်တွင် သတိပေးချက်တစ်ခု ပေါ်လာသည်။ “သင်၏ လက်ရှိအရိုးအကြောမှာ ၁၂ ဖြစ်သည် ချွမ်ကျန်းအတွင်းအားကျင့်စဉ်ကို ဒုတိယအဆင့်သို့ တိုးမြှင့်ရန် နာရီ ၃၈၉၀ လိုအပ်သည် လက်ရှိအများဆုံး အလိုအလျောက်ကျင့်ကြံချိန်မှာ လေးနာရီဖြစ်သည် အလိုအလျောက်ကျင့်ကြံလိုပါသလား…”
“ဘာကြီး… နာရီ ၃၈၉၀ လိုတယ် ဟုတ်လား…”
အခြားကစားသမားများကို စိတ်ပျက်အားငယ်စေမည့် အချိန်ပမာဏမှာ ချူကျန့်ကိုမူ အလွန်ပျော်ရွှင်စေသည်။
“အရမ်းကောင်းတာပဲ… ဒီအချိန်နောက်မှာ ၀ တစ်လုံး ထပ်ထည့်လိုက်ရင် ပိုတောင်ကောင်းသေးတယ်…”
"အာ… ဆရာ… တောင်းပန်ပါတယ်… တပည့်လည်း အရမ်းကြိုးစားပြီး ကျင့်ကြံပါတယ်… ဒါပေမဲ့ အရိုးအကြောက အရမ်းဆိုးနေတော့ ဒီလောက်ကြာအောင် ကျင့်တာတောင် ဘာမှ တိုးတက်မှု မရှိဘူး… တပည့်လည်း ဘာမှ မတတ်နိုင်ဘူး… တပည့်လည်း အရမ်းစိတ်မကောင်းဖြစ်ရပါတယ်…"
ဟားဟားဟား… ကောကျင့်၏ ရှေ့တွင် ထိုစကားကို ပြောဆိုရမည့်မြင်ကွင်းကို တွေးကြည့်ရုံဖြင့် ချူကျန့်၏ စိတ်ထဲမှ ပျော်ရွှင်မှုမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်နေသည်။
‘ကောအရှင်… ခင်ဗျား ဘယ်လောက်ပဲ တော်နေပါစေ… ကျွန်တော့်ကို ဒီချွမ်ကျန်းအတွင်းအားကို သင်ပေးနိုင်ရင်တောင် ဘာဖြစ်လဲ… ကျွန်တော် နောက်တစ်ဆင့်ကို တက်ဖို့ အနည်းဆုံးတစ်နှစ်လောက် လိုတယ်… တစ်လလောက် ကျင့်လို့ ဘာမှ အကျိုးမရှိရင် ခင်ဗျား ဒီလောက် စိတ်ရှည်ပြီး မျှော်လင့်နေဦးမှာ မဟုတ်ဘူးလို့ ကျွန်တော် မယုံဘူး… သိထားဖို့က ဒါက အခြေခံအတွင်းအားကျင့်စဉ်တစ်ခုပဲ… အလွယ်ဆုံးထဲက တစ်ခုပဲ…’
သို့သော် ထိုအချက်မှာ သူ အမှန်တကယ်ကြိုးစား၍ ကျင့်ကြံမှသာ ဖြစ်နိုင်မည် ဖြစ်သည်။ ကောကျင့်၏ အမြင်ဖြင့်ဆိုလျှင် သူ ကြိုးစားခြင်း မကြိုးစားခြင်းကို အလွယ်တကူသိမြင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် အလိုအလျောက်ကျင့်ကြံမှု သတိပေးချက်ကို မြင်သောအခါ ချူကျန့်က ‘ဟုတ်ကဲ့’ ကို ပြတ်ပြတ်သားသား နှိပ်လိုက်သည်။
ကျင့်ကြံခြင်းမျက်နှာပြင်မှာ ချက်ချင်းပင် အလိုအလျောက်ကျင့်ကြံမှု စတင်သွားသည်။
အလိုအလျောက်ကျင့်ကြံခြင်းမှာ မဟာသိုင်းလောကခေတ်တွင် ကစားသမားများ အနှစ်သက်ဆုံးသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ကစားသမားများကို နေ့စဉ်တရားထိုင်၍ အတွင်းအားကျင့်ကြံခိုင်းခြင်းမှာ လက်တွေ့မကျချေ။ အတွင်းအားတစ်ခုခုကို တတ်မြောက်ပြီးသည်နှင့် အလိုအလျောက်ကျင့်ကြံနိုင်ပြီး ကစားသမားများမှာ ထိုင်နေရုံသာ လိုအပ်သည်။
ထိုအတောအတွင်း အော့ဖ်လိုင်းဖြစ်၍ လက်တွေ့ဘဝသို့ ပြန်လည်အနားယူနိုင်၊ အစားအသောက်၊ ရေချိုးနိုင်သကဲ့သို့ အွန်လိုင်းတွင် ဆက်နေ၍ စနစ်လုပ်ဆောင်ချက် မျက်နှာပြင်ကို ဖွင့်ကာ မိမိ၏ အရည်အသွေး သိုင်းပညာ ပစ္စည်းများကို ကြည့်ရှုနိုင်၏။
ချူကျန့်က စနစ်လုပ်ဆောင်ချက် မျက်နှာပြင်ကို စိတ်မဝင်စားပေ။ အော့ဖ်လိုင်းဖြစ်ရန်မှာမူ သူ ဤဂိမ်းကမ္ဘာသို့ ရောက်သည်မှာ နာရီဝက်ခန့်သာ ရှိသေးသည်။ လက်တွေ့ဘဝတွင် တစ်နာရီပင် မပြည့်သေးချေ။
နေ့လယ်စာစားချိန်ပင် မရောက်သေးရာ အော့ဖ်လိုင်းဖြစ်၍ ဘာလုပ်ရမည်နည်း။ ဘာလဲ… အိမ်သာသွားရမှာလား ဆောရီးပါ သူ့မှာ ကျောက်ကပ်မကောင်းခြင်း မရှိချေ။
ဘာမှ လုပ်စရာမရှိသဖြင့် ချူကျန့်က ယခင်က သိုင်းလောကကြေညာချက် ထုတ်စဉ် ဂိမ်းစနစ်က ကျပန်းပေးခဲ့သော အထူးပစ္စည်းကို ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူရဲကောင်းဝှက် သံချပ်ကာ
အမျိုးအစား: သံချပ်ကာ (အထူး)
အဆင့်: ကြယ်ငါးပွင့် (စိမ်းပြာ)
ကာကွယ်မှု: ၂၀
ဝတ်ဆင်ရန် လိုအပ်ချက်: ဝန် ၀
ပူးတွဲပါအချက်: တိုက်ခိုက်ခံရသည့်အခါ ၅% ဖြစ်နိုင်ခြေဖြင့် ‘အောင်မြင်သော ခုခံကာကွယ်မှု’ ပေါ်လာပြီး ရရှိသည့် ထိခိုက်မှုကို တစ်ဝက်လျှော့ကျစေသည်။
ဖော်ပြချက်: ‘မူလသို့ ပြန်လည်ရောက်ရှိ’ အဆင့်ရှိသော အထွတ်အထိပ်သိုင်းပညာရှင်ကို ပထမဆုံးအကြိမ် ဆရာအဖြစ် တင်မြှောက်နိုင်ခဲ့သည့်ကစားသမားကို ဆုချသည့်အနေဖြင့် စနစ်က ကျပန်းထုတ်ယူပေးခဲ့သော လျှို့ဝှက်ဆုလာဘ်ပစ္စည်း ဖြစ်သည်။ ချူလော့ကျွင်းတစ်ဦးတည်းသာ ပိုင်ဆိုင်ပြီး ရောင်းဝယ်ဖောက်ကား၍ မရ လွှဲပြောင်း၍ မရပေ။ ကာကွယ်မှုကောင်းမွန်သော အထူးသံချပ်ကာဖြစ်ပြီး ကိုယ်ခန္ဓာတွင် ဝတ်ဆင်နိုင်ကာ အပြင်မှ မမြင်နိုင်ပေ။
ချူကျန့် ခဏမျှ ကြောင်အသွားသည်။ အမှတ် ၂၀ ကာကွယ်မှုနှင့် ၅% ဖြစ်နိုင်ခြေ ‘အောင်မြင်သော ခုခံကာကွယ်မှု’ ကို မပြောနှင့် သူ့ကို အံ့အားအသင့်ဆုံးမှာ ဝန် ၀ ဖြစ်ခြင်း ဖြစ်သည်။
မဟာသိုင်းလောကခေတ်တွင် ကစားသမားများ၏ ပစ္စည်းကိရိယာများအပေါ် ကန့်သတ်ချက်များစွာ မရှိချေ။ သင်က သံချပ်ကာဆယ်စုံ၊ ရှစ်စုံကို တစ်ပြိုင်နက်ဝတ်ဆင်နိုင်သော်လည်း သံချပ်ကာတိုင်းတွင် ဝန်ရှိပြီး တိုက်ခိုက်မှုအလျင်နှင့် လှုပ်ရှားမှုအလျင်ကို သက်ရောက်မှုရှိမည် ဖြစ်သည်။
ယေဘုယျအားဖြင့် ကာကွယ်မှုပိုအားကောင်းလေ ဝန်ပိုများလေ ဖြစ်သည်။ သို့သော် နတ်ပိုးကောင် ချည်သားအင်္ကျီကဲ့သို့သော နတ်ဘုရားပစ္စည်းများမှာမူ ကာကွယ်မှုအလွန်မြင့်မားသည့်အပြင် ဝန်မှာလည်း အလွန်ပေါ့ပါး၏။ သို့သော် မည်မျှပေါ့ပါးသည်ဖြစ်စေ ဝန်တော့ ရှိသည်သာ ဖြစ်သည်။
ဤသူရဲကောင်းဝှက် ကိုယ်ကာသံချပ်ကဲ့သို့ ဝန် ၀ ရှိသည်မှာမူ ကြားပင် မကြားဖူးခဲ့ချေ။
ဤသည်မှာ ချူကျန့် ဝတ်ဆင်ပြီးနောက် မည်သည့်ဆိုးကျိုးမှ မရှိသည့်အပြင် အခြားသူများထက် အပိုကာကွယ်မှုတစ်ခု တိုးလာခြင်းကို ဆိုလို၏။
“ဒီလိုဆိုရင်တော့ ဝတ်ထားမှပဲ… ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် အခွင့်အရေးတစ်ခု တိုးတာပေါ့…”
ချူကျန့်က ပစ္စည်းသိမ်း ပိုးထည်အိတ်ထဲမှ ဤသူရဲကောင်းဝှက် ကိုယ်ကာသံချပ်ကို ထုတ်ယူလိုက်ရာ ဝန်အနည်းငယ်မျှပင် မရှိဘဲ ပေါ့ပါးနေသည်ကို အမှန်ပင် တွေ့လိုက်ရသည်။ အတွင်းခံအဖြစ် ဝတ်ဆင်လိုက်သောအခါ အလိုအလျောက်ကိုယ်ခန္ဓာတွင် ကပ်သွားပြီး ဝတ်မထားသကဲ့သို့ပင် ဖြစ်နေ၏။
‘ ဒီသိုင်းလောကကြေညာချက်ထုတ် ခံရတာက အကျိုးကျေးဇူး နည်းနည်းတော့ ရှိသားပဲ… ဒါကြောင့် လူတွေ အလုအယက်ကြေညာချက် ထုတ်ခံချင်နေကြတာကိုး…’
သို့သော် သံချပ်ကာတစ်ခုတည်းဖြင့် ချူကျန့်၏ မထင်ပေါ်လိုသည့်ဆုံးဖြတ်ချက်ကို ပြောင်းလဲစေပြီး သိုင်းလောကကြေညာချက် ခံရရန် ကြိုးစားစေမည် မဟုတ်ချေ။
သူရဲကောင်းဝှက် ကိုယ်ကာသံချပ်နှင့် နှိုင်းယှဉ်လျှင် ယခု သိုင်းလောကကြေညာချက်ထုတ် ခံရပြီးနောက် အခြားသူများ၏ လုပ်ကြံမှုများကို သတိထားနေရသည့် ဒုက္ခများသော ဘဝမှာ ချူကျန့်ကို ပိုမိုစိတ်မသက်မသာ ဖြစ်စေသည်။
အကယ်၍ သူက အစကတည်းက မထင်ပေါ်ဘဲ ပန်းပဲလုပ် ဆေးဖော်၍ နေနိုင်ခဲ့လျှင် နာမည်ကျော်ကြားမှုအနည်းငယ်မျှပင် မရှိခဲ့လျှင် အခြားကစားသမားများနှင့် ဆက်ဆံစရာ မလိုအပ်ဘဲ အေးအေးလူလူ ဂိမ်းကစား၍ အခြေခံလစာကို ရယူနိုင်မည် ဖြစ်၏။ ထိုသို့သော ဘဝမှာ မည်မျှလောက် ပျော်ရွှင်ဖွယ်ကောင်းလိုက်မည်နည်း။
ချူကျန့် သူ ကွယ်ဝှက်သိုင်းကမ္ဘာတွင် သတိကြီးစွာ နေထိုင်ခဲ့ရသည့် ဝမ်းနည်းဖွယ်ဘဝကို ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားနေရစဉ် ရုတ်တရက်ပြတင်းပေါက်အပြင်ဘက်မှ ငှက်တောင်ပံခတ်သံကို ကြားလိုက်ရသည်။
နောက်တစ်ခဏတွင် ရွှေရောင် မြင်းတစ်ပိုင်းလင်းယုန်ကြီးတစ်ကောင်မှာ ပြတင်းပေါက်ကို ဖြတ်၍ ဝင်လာပြီး ချူကျန့်၏ ရှေ့တွင် နားလိုက်သည်။ သူ၏ လည်ပင်းတွင် စာတစ်စောင် ချည်ထား၏။
‘ရွှေလင်းယုန် စာပို့စနစ်လား…’