ငါ ဘာမှ မမြင်ဘူး
Vol. 2 Ch. 18
မဟာသိုင်းလောကခေတ်တွင် ကစားသမားအချင်းချင်း စာပို့ရန် စုတ်တံ၊ မှင်၊ စက္ကူတို့ဖြင့် ရေးသား၍ စာအိတ်ထဲသို့ ထည့်ပြီးနောက် စာပို့ငှက်များကို ဝယ်ယူ၍ ပို့ဆောင်ရသည်။ နှစ်ဖက်အကွာအဝေး ပိုဝေးလေ အချိန်ပိုကြာလေ ဖြစ်သည်။
စာပို့ငှက်များ၏ ဈေးနှုန်းမှာ မတူညီဘဲ စာပို့သည့်အလျင်မှာလည်း ကွာခြား၏။ ဥပမာအားဖြင့် အပေါဆုံး ကြေးငါးဆယ်တန် မီးခိုးရောင်ချိုးငှက်မှာ တစ်နေ့လျှင် လီတစ်ရာသာ ပျံသန်းနိုင်ပြီး ငွေတစ်ရာတန် အဖြူရောင်ချိုးငှက်မှာ တစ်နေ့လျှင် လီနှစ်ရာ ပျံသန်းနိုင်သည်။ အဈေးအကြီးဆုံး ရွှေလင်းယုန်မှာမူ ရွှေတုံးတစ်တုံး ကျသင့်ပြီး တစ်နေ့လျှင် လီတစ်ထောင် ပျံသန်းနိုင်ရာ သူဌေးများသာ သုံးနိုင်သည့်စာပို့ကိရိယာ ဖြစ်၏။
သူ၏ ရှေ့မှ ဤလင်းယုန်မှာ အဈေးအကြီးဆုံး ရွှေလင်းယုန် ဖြစ်သည်။
‘ဘယ်သူဌေးက ငါ့ဆီကို စာပို့တာလဲ…’
ချူကျန့်မှာ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်သွားသည်။ သူက ရွှေလင်းယုန်ကြောင့် သူ၏ တည်နေရာ ပေါ်သွားမည်ကိုမူ စိုးရိမ်ခြင်း မရှိချေ။ ရွှေလင်းယုန်အပါအဝင် စာပို့ငှက်အားလုံးမှာ ဂိမ်းထဲကပုံရိပ်များသာ ဖြစ်ကြပြီး စာပို့သူ၏ လက်မှ ထွက်သွားသည်နှင့် အခြားကစားသမားများနှင့် NPC များ စာပို့သူကိုယ်တိုင်ပင်လျှင် မမြင်နိုင်ချေ။
စာလက်ခံသူသာ မြင်နိုင်သဖြင့် ခုနက ရွှေလင်းယုန်မှာ အရိပ်သဖွယ်ပြတင်းပေါက်ကို ဖြတ်၍ ဝင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
စာအိတ်ကို ဖွင့်လိုက်သည်နှင့် ရွှေလင်းယုန်မှာ အလိုအလျောက်ပျောက်ကွယ်သွားသည်။
ချူကျန့် ဖွင့်ကြည့်လိုက်သောအခါ အလွန်ကောင်းမွန်သော စာရွက်ပေါ်တွင် လှပသော လက်ရေးဖြင့် ရေးသားထားသည်ကို တွေ့လိုက်ရသည်။
“မင်း ဒီလောက် ကြိုးစားတာ တွေ့ရတယ်… သိုင်းလောကကြေညာချက်ထုတ်ခံရတဲ့အကြိမ်က ငါ့ထက်တောင် ကျော်သွားပြီ… ဆုချဖို့ လိုတယ်ထင်တယ်… ငါ လူလွှတ်ပြီး ရှန်ယန်မြို့က ပစ္စည်းထိန်းသိမ်းအပ်နှံရာနေရာမှာ မင်းအတွက် သင့်တော်တဲ့ သံချပ်ကာတစ်စုံနဲ့ ရွှေလင်းယုန် စာပို့လက်မှတ် အခုငါးဆယ် သွားထားခိုင်းလိုက်တယ်… အဲဒီရောက်ရင် မင်း ID ကို ပြောလိုက်တာနဲ့ ထုတ်ယူနိုင်တယ်… နောက်ပြီးတော့ သတင်းရထားတာက ‘အရှင်သခင်ဂိုဏ်း’ က လူတွေ ရှန်ယန်မြို့ကို လာနေပြီတဲ့… ပစ်မှတ်က မင်းပဲ… သတိထား…”
‘ငါက ကြိုးစားတယ် ဟုတ်လား…’
ချူကျန့် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
‘အစ်မချင်… ခင်ဗျားက သိုင်းလောကကြေညာချက်ထုတ် ခံရတာ ကျွန်တော် ကြိုးစားလို့ ရလာတယ် ထင်နေတာလား…’
ချူကျန့်သည် စာ၏ ပထမစာကြောင်းမှ အရေးအသားကို ကြည့်ရုံဖြင့် မည်သူပို့သည်ကို ခန့်မှန်းမိသည်။ စာ၏နောက်ပိုင်းမှ ရက်ရောမှုကြီးကို ကြည့်လျှင် ထိုအလွန်ချမ်းသာကြွယ်ဝသော သူဌေးသမီး ချင်ရူယွင်မှလွဲ၍ အခြားမည်သူဖြစ်နိုင်ဦးမည်နည်း။ ထိုပြင် မှတ်မိလွယ်သော လှပသည့်လက်ရေးမှာလည်း လှည့်ဖျား၍ ရနိုင်စရာအကြောင်းမရှိချေ။
‘ပိုက်ဆံနဲ့ ငါ့ကို လာဖိပြန်ပြီ… ပိုက်ဆံရှိတာက အထင်ကြီးစရာ ကောင်းနေလို့လား… ရွှေလင်းယုန် စာပို့လက်မှတ် အခုငါးဆယ်က ရွှေတုံး ငါးဆယ် ယွမ် ၅၀၀၀ တန်တယ်ဆိုတာ သိရဲ့လား… ငါ့ကို ငွေသား ပေးလိုက်ရင် ဘယ်လောက်ကောင်းမလဲ… ဂိမ်းထဲက ရွှေတုံးပဲ ပေးရင်တောင် ဖြစ်တယ်လေ… ငါ ပင်ပန်းခံပြီး ငွေသားအဖြစ် ပြောင်းလိုက်မယ်…’
သူမ နောက်ဆုံးတွင် ရေးသားထားသော သတိပေးသတင်းကိုမူ ချူကျန့် မျက်မှောင်ကြုတ်လိုက်ရုံမှလွဲ၍ ထိတ်လန့်ခြင်း မရှိချေ။
‘အရှင်သခင်ဂိုဏ်း’ ဆိုသည် အဘယ်အရာဖြစ်သည်ကို သူ ကြားပင် မကြားဖူးခဲ့ချေ။ သို့သော် အရေးမကြီးပေ သူက ကစားသမားများ သူ့ကို ပြဿနာလာရှာမည်ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော် သူ၏ အကြည့်က စာပို့သူ၏ နေရာတွင် ရပ်တန့်သွားသောအခါ ကြောင်သွား၏။
“မိုးရေစိုရွှဲ ကြာရွက်မကြွေ…”
‘ဒါ ခုနက သိုင်းလောကကြေညာချက် ထုတ်ခံလိုက်ရတဲ့ စူပါကစားသမား မဟုတ်လား… သေစမ်း… ချင်ရူယွင်ဆိုတဲ့ သူဌေးသမီးက ဇာတ်ကောင်အသစ်ဖန်တီးပြီး ဆာဗာအသစ်ထဲကို ဝင်လာရုံမကဘဲ ဒီလောက်တောင် အစွမ်းထက်နေတာလား…’
ချူကျန့်မှာ ချင်ရူယွင်နှင့် နှစ်ကြိမ်တွေ့ဆုံဖူးသော်လည်း အနီးကပ်လေ့လာကြည့်ရှုခဲ့ဖူးခြင်း မရှိချေ။
သူမနှင့် ဆယ်မီတာခန့်အကွာတွင် မြင်တွေ့ခဲ့သည့်တစ်ကြိမ်မှာလည်း သူမ တိုက်ခိုက်ခံရသည့် ပရမ်းပတာအခြေအနေတွင် ဖြစ်သည်။ ထိုစဉ်က ချင်ရူယွင်မှာ ကားထဲတွင် ထိုင်နေပြီး ချူကျန့်မှာ မတော်တဆပါဝင်ပတ်သက်သွားခဲ့ရာ မိမိကိုယ်ကို ကာကွယ်ရန် သူမ၏ ရှေ့တွင် လက်ဗလာဖြင့် ကျည်ဆန်နှစ်တောင့်ကို ဖမ်းယူခဲ့ရ၏။
ချူကျန့် ထိုအချိန်က အခြေအနေကို ပြန်လည်စဉ်းစားလိုက်သည်။
‘အင်း… ဟုတ်တယ်… အဲဒီတုန်းက ဒီမိန်းကလေးက တည်ငြိမ်လွန်းတယ်… လုပ်ကြံခံရတာတောင် နည်းနည်းလေးမှ ကြောက်ရွံ့တဲ့ပုံ မပြဘူး… တကယ်ပဲ သိုင်းပညာရှင်တစ်ယောက်များလား… ကံဆိုးတာက အဲဒီတုန်းက ငါ့ရဲ့ စွမ်းရည်ဆယ်ပုံတစ်ပုံ ပေါ်သွားလို့ လန့်ပြီး သူ့ရဲ့ သက်တော်စောင့် ဆယ်ယောက် ရောက်လာတာနဲ့ အမြန်ထွက်သွားခဲ့ရတယ်… ချင်ရူယွင်ကို သေချာကြည့်ချိန်တောင် မရလိုက်ဘူး…’
ချူကျန့် စဉ်းစားကြည့်ပြန်တော့ ချင်ရူယွင် မည်မျှပင် အစွမ်းထက်စေကာမူ သူနှင့် ဘာမှ မသက်ဆိုင်ချေ။ သူ့ကို အချိန်တန်လျှင် လစာပေးလျှင် ပြီးပြီဖြစ်သည်။ နေ့တိုင်း သူ့ကို သံချပ်ကာ၊ လက်နက်၊ ပစ္စည်းများ ပို့ပေးလျှင် ပိုကောင်းသည်။ သူ မသုံးလျှင် ပေါင်ဆိုင်သို့ ပို့၍ ရွှေတုံးအဖြစ် ပြောင်းလဲပြီး ငွေသားထုတ်ယူမည်။
သူက ခါးကို ဆန့်လိုက်ပြီး ချွမ်ကျန်းအတွင်းအားကျင့်စဉ် အနည်းငယ်မျှပင် တိုးတက်မှုမရှိသည်ကို တွေ့လိုက်ရ၏။ ထို့နောက် အခန်းငယ်လေးတွင် မည်သည့်ကာကွယ်ရေးအစီအမံ၊ ထောင်ချောက်မှ မရှိသည်ကို တွေ့လိုက်ရရာ စိတ်မအေးနိုင်တော့ပေ။
သူက သိုင်းကျင့်ကြံခြင်းကို ရပ်၍ ကျင့်ကြံခြင်းမျက်နှာပြင်ကို ပိတ်လိုက်ပြီး အပြင်သို့ ထွက်၍ သစ်ကိုင်း၊ သစ်ခေါက်များ ရှာဖွေကာ ထောင်ချောက်ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ပြီးမှ ပြန်လာ၍ သိုင်းကျင့်ပေမည်။
လျှို့ဝှက်ထောင်ချောက်ဖြစ်သည့်အတွက် ပထမထပ်တွင် အိပ်နေသော အိမ်ဖော်မလေးမော့ဟွားကိုပင် လှည့်စားရမည် ဖြစ်သည်။
ချူကျန့်က တိတ်တဆိတ်ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီး အမှတ် ၃၀ ကိုယ်ဖော့ပညာကို အားကိုးကာ ကွယ်ဝှက်သိုင်းကမ္ဘာတွင် သင်ယူခဲ့သော နံရံတွား တောက်တဲ့သိုင်းကို ထပ်မံထုတ်သုံးလိုက်သည်။ သူက အပြင်နံရံအတိုင်း ညင်သာစွာ တိတ်တဆိတ် မြေပြင်သို့ လျှောဆင်းသွား၏။
နွေမိုးစက်ဥယျာဉ်သို့ လာရာလမ်းတွင် ပညောင်ပင်ကြီးတစ်ပင်ကို တွေ့ခဲ့သည်ကို သူ မှတ်မိနေသည်။ ထောင်ချောက်ပြုလုပ်ရန် ပစ္စည်းများ ရယူရန် အဆင်ပြေ၏။
ချူကျန့်က မော့ဟွား မတော်တဆမြင်တွေ့သွားမည်ကို စိုး၍ နွေမိုးစက်ဥယျာဉ်၏ တံခါးမကြီးမှ မသွားဘဲ မှောင်မိုက်သော နေရာတွင် နံရံကို ကျော်တက်၍ ခြံဝင်းအပြင်ဘက်သို့ ညင်သာစွာ ကျဆင်းလိုက်သည်။
သို့သော် သူ မြေပြင်သို့ ကျရောက်သည်နှင့် ခြေသံတိတ် လျှောက်လာနေသော အိမ်ဖော်မလေးနှင့် အစေခံနှစ်ယောက်ဖြင့် မတော်တဆ မျက်နှာချင်းဆိုင် တွေ့ဆုံမိလေသည်။
သုံးယောက်စလုံးမှာ မျက်လုံးခြောက်လုံးဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်သွားကြ၏။
တစ်ခဏမျှ မျက်လုံးအပြူးသားဖြင့် ကြည့်နေကြ၏။
ချူကျန့်မှာ တုံ့ပြန်မှုအမြန်ဆုံးနှင့် အမြင်အာရုံအကောင်းဆုံးဖြစ်ရာ မျက်စိတစ်မှိတ်အတွင်း လက်ရှိအခြေအနေကို မြင်တွေ့လိုက်သည်။
ထိုအိမ်ဖော်မလေးနှင့် အစေခံမှာ သူ ယခင်က တွေ့ခဲ့ဖူးသော သိုင်းပညာမညံ့သည့် ကောစံအိမ်မှ သူလျှိုနှစ်ယောက်ဖြစ်ကြ၏။ ယခုအခါ ဘယ်ဘက်မှ အိမ်ဖော်မလေးမှာ အစိမ်းနုရောင်ပိုးသားအင်္ကျီနှင့် အဖြူရောင်စကတ်ရှည် ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ကို တိတ်တဆိတ်ပွေ့ချီထားပြီး ညာဘက်မှ အစေခံဖွင့်ထားသော လျှော်အိတ်ထဲသို့ ထည့်ရန် ပြင်နေသည်။
‘အဲ… ဒီမိန်းကလေးရဲ့ အဝတ်အစားနဲ့ ပုံစံက ရင်းနှီးနေသလိုပဲ…’
‘မဟုတ်သေးဘူး… ဒါ ကောရှန် မဟုတ်လား… သူ ဘယ်လိုလုပ် သူလျှိုတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာလဲ…’
ကြည့်ရသည်မှာ ထိုနှစ်ယောက်က ကောရှန်ကို ဖမ်းဆီးပြီး အပြင်သို့ သယ်ဆောင်သွားရန် ကြိုးစားနေပုံပင်။
‘သေစမ်း… ငါ့မှာ ကံကောင်းခြင်းအမှတ် ၄၀ ရှိတာ မဟုတ်လား… ဘာလို့ ဒီလို ပြဿနာမျိုးနဲ့ လာတွေ့နေရတာလဲ…’
ချူကျန့်က စိတ်ထဲ ကျိန်ဆဲလိုက်ပြီး ပတ်ဝန်းကျင်မှ အသံများကို အာရုံစိုက်နားထောင်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အခက်ခဲဆုံးရင်ဆိုင်ရမည့် အဘိုးကြီးနှင့် အခြားသူလျှိုများမှာ အနီးအနားတွင် မရှိကြချေ။
လူပြန်ပေးဆွဲခြင်းမှာ သူလျှိုနှစ်ယောက်၏ ယာယီဆုံးဖြတ်ချက်ဖြစ်ပုံရသည်။ ထိုနှစ်ယောက်၏ မျက်နှာတွင် ထိတ်လန့်သည့်အမူအရာများ ရှိနေပြီး လူကို မှောင်ရိပ်ထဲသို့ သယ်ဆောင်လာပြီးမှ ထုပ်ပိုးရန် ပြင်နေခြင်း ဖြစ်သည်။
ချူကျန့် သူ၏ ခန့်မှန်းချက်မှာ ရှစ်ဆယ် ကိုးဆယ်ရာခိုင်နှုန်းခန့် မှန်ကန်သည်ဟု ခံစားလိုက်ရသည်။ ပြဿနာမှာ သူက လူများမကောင်းမှုပြုလုပ်နေသည့်နေရာကို မတော်တဆရောက်ရှိသွားခြင်း ဖြစ်၏။
‘ကျေးဇူးပြု၍ မေးပါရစေ… အင်တာနက်သုံးစွဲသူများခင်ဗျား… ဒီလို အခြေအနေမျိုးနဲ့ ကြုံရရင် ဘယ်လိုလုပ်ရမလဲ… အွန်လိုင်းမှာ အဖြေစောင့်နေပါတယ်… အရမ်းအရေးကြီးလို့ပါ…’
အန္တရာယ်က မျက်စိရှေ့တွင် ရောက်နေပြီ ဖြစ်ရာ ချူကျန့်က ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။ သူက ပျင်းရိစွာ သမ်းဝေလိုက်ပြီး သူ့ရှေ့မှ လူနှစ်ယောက်ကို လုံးဝမမြင်သည့်ဟန်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"အာ… ညကန်းရောဂါက တကယ်ကို ဒုက္ခပေးတာပဲ… လင်းထိန်တဲ့ မီးမရှိရင် ဘာမှ မမြင်ရဘူး… ဘာမှ မမြင်ရဘူးနော်…"
သူက မည်သို့မျှ မဖြစ်သကဲ့သို့ အပြင်ဘက်သို့ ဆက်လက်လျှောက်သွားရင်း ‘ငါ ဘာမှ မမြင်ဘူး မင်းတို့ လုပ်စရာရှိတာ ဆက်လုပ် ငါ့ကို ဂရုစိုက်စရာမလိုဘူး’ ဟူသော ပုံစံမျိုး ပြုလုပ်လိုက်သည်။
သူလျှိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခဏမျှ ချီတုံချတုံဖြစ်ပြီးနောက် ရုတ်တရက်တစ်ပြိုင်နက်ပင် ချူကျန့်၏ ခေါင်းနှစ်ဖက်မှ မေ့ကြောသို့ တိုက်ခိုက်လိုက်သည်။
ချူကျန့် စိတ်ထဲတွင် အလွန်မကျေမနပ်ဖြစ်သွားသည်။
‘ဘာဖြစ်နေကြတာလဲ… ငါ ဘာမှ မမြင်ဘူးလို့ ပြောပြီးပြီ မဟုတ်လား… ဘာလို့ ငါ့ကို လာရှာနေကြသေးတာလဲ…’