လှုပ်ရှားမလား မလှုပ်ရှားဘူးလား ဒါက ပြဿနာပဲ
Vol. 2 Ch. 19
သူလျှိုများ၏ တိုက်ခိုက်မှုမှာ အလွန်လျင်မြန်သော်လည်း ချူကျန့် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ရာ လေတိုးသံကို ကြားသည်နှင့် တစ်ဖက်လူ၏ တိုက်ခိုက်မည့်နေရာကို ခန့်မှန်းမိလိုက်သည်။
သူ၏ ခြေထောက်များက လျင်မြန်သော ခြေလှမ်းများဖြင့် လှုပ်ရှားသွားပြီး ငါးတစ်ကောင်ကဲ့သို့ ရှောင်တိမ်းသွား၏။
အမျိုးသားအစေခံက သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သည်ကို မြင်သောအခါ ချက်ချင်းပင် စိုးရိမ်လာပြီး အိမ်ဖော်မလေးကို တိုးတိုးလေး ပြောလိုက်သည်။
"ဒါ ကောကျင့် အသစ်လက်ခံလိုက်တဲ့ တပည့်ပဲ… သူ့ကိုပါ အရှင်ဖမ်းလိုက်…"
‘ငါ့မေကြီးပဲ… ဒီလို ဖြစ်လာမယ်ဆိုတာ ငါ သိပြီးသား… ဒီကောကျင့်ရဲ့ တပည့်လုပ်ရတာ ဘာအကျိုးမှ မရှိဘူး…’
ချူကျန့်က စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း သူလျှိုနှစ်ယောက်၏ စွမ်းရည်မှာ သူ့ထက်များစွာ သာလွန်သည့်အတွက် ထွက်ပြေးရန် အလွန်ခက်ခဲမည် ဖြစ်သည်။ အကယ်၍ အကျယ်ကြီးအော်ဟစ်၍ အခြားသူများကို ခေါ်လျှင် ကယ်ဆယ်သူများ ရောက်လာသည်အထိ သူ တောင့်ခံထားရမည် ဖြစ်ပြီး ထိုသို့ ပြုလုပ်လျှင် သူ ဂိမ်းထဲတွင် မရှိသော သိုင်းပညာများစွာ တတ်ကျွမ်းကြောင်း ပေါ်သွားမည် ဖြစ်သည်။
ချူကျန့်၏ မျက်လုံးများမှာ အနည်းငယ်ကျဉ်းမြောင်းသွားပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့်စိတ်ကို ဖုံးကွယ်ထားလိုက်၏။
‘ဒီလိုဆိုရင်တော့ ဒီအစုတ်အပြတ်နှစ်ယောက်ကို ရှင်းပစ်လိုက်ရုံပဲ ရှိတော့တယ်…’
ထိုအချိန်တွင် အိမ်ဖော်မလေးမှာ ကောရှန်ကို ပစ်ချ၍ လျင်မြန်စွာ ချဉ်းကပ်လာပြီး ချူကျန့်၏ လည်ပင်းသို့ လက်ဝါးဖြင့် ခုတ်ပိုင်းလိုက်သည်။
ချူကျန့်က ခြေလှမ်းညင်သာစွာဖြင့် ဘေးသို့ ရှောင်တိမ်းလိုက်ရာ အိမ်ဖော်မလေး၏ အခြားလက်မှာ ရုတ်တရက်မြှောက်တက်လာပြီး ချိုမြိန်သော ရနံ့ရှိသည့်အမှုန့်တစ်မျိုးမှာ ချူကျန့်၏ မျက်နှာသို့ ပက်ဖျန်းလာသည်။
ချူကျန့်က ဤသို့သော ယုတ်မာသည့်လုပ်ကြံမှုမျိုး ပြုလုပ်လာမည်ကို မမျှော်လင့်ထားသကဲ့သို့ ဟန်ဆောင်၍ “အမလေး” ဟု အော်လိုက်ပြီး ခြေလှမ်းများ ယိမ်းယိုင်ကာ နောက်သို့ ဆုတ်သွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ ပျော့ခွေ၍ လဲကျသွားသည်။
"ရပြီ… ဒီကောင်လေး ငါ့ရဲ့ ရက်တစ်ရာအိပ်မွေ့ချဆေးမှုန့်ကို မိသွားပြီ… သူ့ကိုပါ အိတ်ထဲ ထည့်ဖို့ ကူညီစမ်း…"
အိမ်ဖော်မလေးက တိုးတိုးလေး ပြောလိုက်သည်။
အစေခံက ချက်ချင်းပင် လျှောက်လာပြီး ချူကျန့်၏ ကော်လံကို ဆွဲရန် လက်လှမ်းလိုက်စဉ်မှာပင် သဲနှင့်မြက်ပင်များက သူ၏ မျက်နှာသို့ ပက်ဖျန်းလာပြီး သူ၏ မျက်လုံးများထဲသို့ တည့်တည့်ဝင်ရောက်သွားသည်။
အစေခံမှာ မမျှော်လင့်ဘဲ တိုက်ခိုက်ခံရသဖြင့် မျက်လုံးများမှာ ချက်ချင်းပင် ပြင်းထန်စွာ နာကျင်လာပြီး မျက်လုံးများကို လက်ဖြင့် ပိတ်ကာ အော်ဟစ်ဆဲဆိုလိုက်သည်။
"အမလေး… ငါ့မျက်လုံး… အယုတ်တမာကောင်… သေစမ်း…"
သူ မျက်လုံးများကို ပိတ်လိုက်သည်နှင့် လည်ပင်းမှ တာ့ကျွေသွေးကြောကို အပ်ဖြင့် ထိုးစိုက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုနေရာမှာ လူခန္ဓာကိုယ်၏ အရေးကြီးသော နေရာဖြစ်ပြီး ဦးနှောက်နှင့် အလွန်နီးကပ်ရာ ပြင်းထန်စွာ တိုက်ခိုက်ခံရသည်နှင့် အစေခံမှာ ခေါင်းမူးမျက်စိပြာသွား၏။
အရေးပေါ်အခြေအနေတွင် သူ အရှင်ဖမ်းရန် မဖမ်းရန်ကို မစဉ်းစားနိုင်တော့ဘဲ ရုန်းကန်၍ လက်သီးများ ဆက်တိုက်ထိုးထုတ်လိုက်သည်။ လက်သီးမှာ ပြင်းထန်ပြီး ကျောက်တုံးကို ခွဲနိုင်သော်လည်း လေထဲတွင်သာ ဝှေ့ယမ်း သွားသည်။
သူ ရန်သူ၏ တည်နေရာကို အာရုံစိုက်နားထောင်ရန် ပြင်ဆင်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရ ဖြစ်လာပြီး နေရာတိုင်းတွင် ထုံကျဉ်လာသည်ကို ခံစားလိုက်ရသည်။
‘မဖြစ်ဘူး… အဲဒီငွေအပ်ပေါ်မှာ အဆိပ်ပါတယ်…’
အစေခံမှာ သိုင်းလောကအတွေ့အကြုံရှိသူ ဖြစ်ရာ ထုံကျဉ်မှုမှာ တာ့ကျွေသွေးကြောမှ ခန္ဓာကိုယ်သို့ ပျံ့နှံ့လာသည်ကို ခံစားမိသည်နှင့် ချက်ချင်းပင် ဤအချက်ကို သဘောပေါက်လိုက်သည်။
သို့သော် နောက်ကျသွားပြီ ဖြစ်၏။ မြွေဆိပ်မှာ သွေးနှင့် တွေ့ထိသည်နှင့် အာနိသင်ပြပြီး တာ့ကျွေသွေးကြောမှာ ဦးနှောက်အာရုံကြောနှင့် အလွန်နီးကပ်ရာ အစေခံမှာ နှစ်စက္ကန့် သုံးစက္ကန့်အတွင်း တစ်ကိုယ်လုံးထုံကျဉ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ချူကျန့် တိုက်ခိုက်ပြီးနောက် သူ့ကို လုံးဝဂရုမစိုက်ဘဲ အခြားတစ်ဖက်မှ အိမ်ဖော်မလေးဆီသို့ ပျံသန်းသွားသည်။
အိမ်ဖော်မလေးက ချူကျန့် မူးယစ်ဆေးကို မမိရုံမကဘဲ အစီအစဉ်ဆွဲ၍ သူမ၏ အဖော်ကို လုပ်ကြံသွားလိမ့်မည်ဟု အိပ်မက်ပင် မက်မည် မဟုတ်ချေ။ သူမ ဒေါသတကြီးဖြင့် ဓားမြှောင်ကို ထုတ်၍ ချူကျန့်ကို အကြိမ်ကြိမ်ထိုးစိုက်လိုက်ရာ အမြန်နှုန်းမှာ ချူကျန့်ထက် များစွာ သာလွန်နေသည်။
ချူကျန့်က စိတ်ထဲမှ မျက်မှောင်ကြုတ်လိုက်သည်။
‘ ဒီအိမ်ဖော်မလေးက စွမ်းရည်အဆင့်သတ်မှတ်ချက် အမှတ် ၅၀ လောက် ရှိလောက်တယ်… အစေခံထက် နည်းနည်းပိုသာတယ်… ငါ့မှာ အမှတ် ၃၁ ကိုယ်ဖော့ပညာ ရှိရင်တောင် အမြန်နှုန်း သူ့ကို လုံးဝမယှဉ်နိုင်ဘူး…’
ကံကောင်းထောက်မစွာဖြင့် သူ၏ ကိုယ်ဖော့ပညာအလျင်မှာ အားနည်းနေသော်လည်း သူ၏ အမြင်အာရုံနှင့် တုံ့ပြန်နိုင်စွမ်းမှာမူ လက်တွေ့ဘဝမှ အထွတ်အထိပ်အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။
ဓားမြှောင်၏ လားရာနှင့် ဖြစ်နိုင်ခြေရှိသော ပြောင်းလဲမှုများကို အလွယ်တကူခန့်မှန်းနိုင်ခဲ့သည်။ သူက ‘လေပြည်မှာ ယိမ်းနွဲ့နေသော မိုးမခ’ ခြေလှမ်းကို ထုတ်သုံးလိုက်ပြီး မိုးမခပင်အရွက်ကဲ့သို့ ရှောင်တိမ်းသွားရာ ဆံခြည်တမျှင်ခန့်ဖြင့် ဓားမြှောင်ကို ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော် ဓားမြှောင်၏ လေမှာ သူ၏ မျက်နှာကို ဖြတ်သန်းသွားသောအခါ စူးရှသော နာကျင်မှုကို ခံစားလိုက်ရရာ စွမ်းအားမှာ မနည်းကြောင်း သိသာသည်။
ချူကျန့်က ရုတ်တရက်တိုးတိုးလေး အော်လိုက်သည်။
"ငါ့ရဲ့ လျှို့ဝှက်လက်နက်ပုန်းကို ကြည့်…"
သူ၏ လက်က လှုပ်ရှားသွားပြီး အမည်းရောင်အရိပ်တစ်ခုမှာ အိမ်ဖော်မလေး၏ မျက်နှာသို့ ပျံသန်းသွားသည်။
အိမ်ဖော်မလေး လန့်သွားပြီး ဓားမြှောင်ကို ပြန်ရုပ်သိမ်း၍ ခုခံလိုက်သည်။ သူမ၏ လက်မှာ လျင်မြန်ပြီး မျက်စိရှင်သဖြင့် ‘လျှို့ဝှက်လက်နက်ပုန်း’ ကို တစ်ချက်တည်းဖြင့် ပုတ်ချနိုင်ခဲ့သည်။
ထိုအရာမှာ ကျောက်ခဲငယ်လေးတစ်လုံးသာ ဖြစ်နေ၏။ ချူကျန့်၏ လက်ရှိအတွင်းအားအနည်းငယ်ဖြင့် ဤသို့သော ကျောက်ခဲငယ်တစ်ရာခန့် တစ်ပြိုင်နက်ပစ်ပေါက်လျှင်ပင် သူမ အနည်းငယ်မျှ ထိခိုက်မည် မဟုတ်ချေ။
"ယုတ်မာလိုက်တာ…"
အိမ်ဖော်မလေးမှာ အမြဲတစေ သူမကသာ အခြားသူများကို လုပ်ကြံခဲ့ဖူးပြီး ယနေ့ညတွင်မူ ချူကျန့်၏ လှည့်စားခြင်းကို အကြိမ်ကြိမ်ခံနေရသဖြင့် အလွန်ဒေါသထွက်သွားသည်။
သူမ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်စိတ်များ လင်းလက်သွားပြီး ခန္ဓာကိုယ်ကို လှုပ်ရှား၍ ချဉ်းကပ်ကာ လက်ထဲမှ ဓားမြှောင်ဖြင့် ချူကျန့်၏ လည်ချောင်းကို ထိုးစိုက်လိုက်သည်။ သူ့အသက်ကို ယူရန် ကြိုးစားနေခြင်း ဖြစ်၏။
ချူကျန့်၏ လက်ရှိကိုယ်ခန္ဓာကာကွယ်မှုဖြင့်ဆိုလျှင် တိုက်ခိုက်ခံရပါက တစ်ရာရာခိုင်နှုန်း ‘သေလုနီးပါးအခြေအနေ’ သို့ ရောက်သွားမည် ဖြစ်သည်။
ချူကျန့်၏ ခြေထောက်မှာ ချော်သွားပြီး ကြောက်လန့်တကြား လဲကျသွားသကဲ့သို့ ဖြစ်သွားသည်။ တကယ်တော့ သူက အရေးကြီးသော အချိန်တွင် ဓားမြှောင်၏ တိုက်ခိုက်မှုကို အန္တရာယ်ကင်းစွာ ရှောင်တိမ်းနိုင်ခဲ့ခြင်းပင်။
သူ၏ လက်ကောက်ဝတ်မှာ လှုပ်ရှားသွားပြီး ညာလက်တွင် ငွေအပ်ငယ်လေးတစ်ချောင်းကို ဆုပ်ကိုင်ထား၏။ လဲကျသွားသည့်အခွင့်အရေးကို အသုံးချ၍ အိမ်ဖော်မလေးဆီမှ ဖြစ်နိုင်ခြေရှိသော တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း လက်ထဲမှ ငွေအပ်ကို အိမ်ဖော်မလေး၏ ခြေသလုံးပေါ်သို့ ထိုးစိုက်လိုက်သည်။
အိမ်ဖော်မလေး နာကျင်မှုကြောင့် လန့်သွားပြီး ချူကျန့်ကို သတ်ရန် အကြိမ်အနည်းငယ်ထပ်မံတိုက်ခိုက်လိုက်သည်။ သို့သော် ချူကျန့်က ဘယ်ညာလူးလွန့်၍ အန္တရာယ်ကင်းစွာ ရှောင်တိမ်းနိုင်ခဲ့၏။
သူမ ထပ်မံလိုက်လံတိုက်ခိုက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ရုတ်တရက်ခေါင်းမူးလာကာ မျက်စိပြာ၍ တစ်ကိုယ်လုံးထုံကျဉ်လာသည်။ မြွေဆိပ်မှာ လုံးဝပျံ့နှံ့သွားပြီ ဖြစ်သည်။
အိမ်ဖော်မလေး ညည်းညူရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမ၏ ပါးစပ်နှင့် မျက်လုံးများမှာ အပြူးသားဖြစ်နေပြီး အတွင်းတွင် သံသယနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
ချူကျန့် ထိုအခါမှ မြေပြင်မှ ထရပ်လိုက်သည်။
‘အေး… ဒီအစုတ်အပြတ်နှစ်ယောက်ကို ရှင်းဖို့တောင် ဒီလောက်အားထုတ်ရတယ်… ဒီခန္ဓာကိုယ်နဲ့ သိုင်းလောကမှာ လှည့်လည်သွားလာဖို့ဆိုတာ မလွယ်ကူဘူးပဲ… မူလအစီအစဉ်ကို မြန်မြန်အကောင်အထည်ဖော်ပြီး ကောစံအိမ်ကနေ ထွက်ခွာပြီး ပန်းပဲဆိုင်မှာ ပုန်းအောင်းနေမှပဲ…’
ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ တိတ်ဆိတ်ပြီး တိုက်ပွဲမှာလည်း လျင်မြန်စွာ ပြီးဆုံးသွားသဖြင့် လောလောဆယ်တွင် အခြားသူများ၏ သတိပြုမှုကို မခံရသေးချေ။
ချူကျန့်က ငွေအပ်ကို ထိုနှစ်ယောက်၏ ပိုင်ဟွေ့သွေးကြောသို့ အားဖြင့် ထိုးစိုက်လိုက်ရာ ထိုနှစ်ယောက်မှာ ခဏမျှ ရုန်းကန်ပြီးနောက် လုံးဝအသက်ပျောက်သွားသည်။
ချူကျန့်က ထိုနှစ်ယောက်၏ လည်ပင်းမှ သွေးလွှတ်ကြောကို စမ်းသပ်ကြည့်ပြီးနောက် အသက်မရှိတော့ကြောင်း သေချာမှ စိတ်မအေးနိုင်သေးဘဲ ပစ္စည်းသိမ်း ပိုးထည်အိတ်ထဲမှ အဝတ်စတစ်စကို ထုတ်ယူ၍ လက်ကို ပတ်လိုက်သည်။
ထို့နောက် အိမ်ဖော်မလေး၏ ဓားမြှောင်ကိုင်ထားသော လက်ကို ဆွဲယူ၍ ဓားမြှောင်ကို အစေခံ၏ တာ့ကျွေသွေးကြောသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်၏။ ထို့နောက် အစေခံ၏ ခါးမှ ဓားကို ယူ၍ အိမ်ဖော်မလေး၏ နှလုံးထဲသို့ ထိုးစိုက်လိုက်သည်။
ပြီးမှ ဓားရိုးကို အစေခံ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ထိုနှစ်ယောက်၏ ပုံစံကို စိတ်ဖောက်ပြန်၍ အချင်းချင်းသတ်ဖြတ်သည့်ပုံစံမျိုး ပြုလုပ်လိုက်သည်။
နောက်ဆုံးတွင် အသတ်ခံထားရသော အဆိပ်မြွေကို ထုတ်ယူ၍ ပါးစပ်ကို ဖွင့်ကာ အဆိပ်စွယ်ကို ထုတ်လိုက်ပြီး အိမ်ဖော်မလေး၏ ခြေသလုံးမှ အပ်စိုက်ထားသော နေရာတွင် အားဖြင့် ဖိလိုက်၏။ ထို့နောက် အစေခံ၏ ခြေသလုံးတွင်လည်း တစ်ချက်ကိုက်လိုက်သည်။
အဆိပ်မြွေမှာ သေဆုံးသွားပြီ ဖြစ်သဖြင့် အဆိပ်ရည်ထပ်မံမထွက်တော့ရာ ဘာမှ အကျိုးသက်ရောက်မှုမရှိချေ။ သို့သော် ချူကျန့်လိုချင်သည်မှာ အဆိပ်မြွေကိုက်ခံရသည့်အတုအယောင်ပုံစံဖြစ်ပြီး တစ်စုံတစ်ယောက် အပ်ပေါက်ရာကို တွေ့ရှိသွားမည်ကို ရှောင်ရှားရန်နှင့် သူတို့၏ စိတ်ဖောက်ပြန်မှုအတွက် ခိုင်လုံသောအကြောင်းပြချက်ပေးရန် ဖြစ်သည်။
ဤသို့ ပြုလုပ်ခြင်းက မထင်ပေါ်လိုသည့်စည်းမျဉ်း တတိယအချက်ကို လိုက်နာခြင်း ဖြစ်သည်။
အကယ်၍ ထင်ပေါ်ရန် မလွှဲမရှောင်သာသော အခြေအနေမျိုး ပေါ်ပေါက်လာပါက အစွမ်းထက်သူမှာ မိမိဖြစ်ကြောင်း အခြားသူများကို အသိမပေးရပေ။ လိုအပ်ပါက အခြားသူ၏ အကူအညီကို ယူနိုင်သည် သို့မဟုတ် အခြားသူအပေါ် အပြစ်ပုံချနိုင်သည်။
ဤအရာအားလုံးကို ပြီးစီးအောင်လုပ်ဆောင်ပြီးနောက် ချူကျန့်က အိမ်ဖော်မလေး၏ ကိုယ်ပေါ်မှ ပုလင်းငယ်နှစ်လုံးကို ရှာဖွေတွေ့ရှိလိုက်သည်။ တစ်လုံးမှာ မေ့ဆေးဖြစ်ပြီး တစ်လုံးမှာ ဖြေဆေးဖြစ်နိုင်လောက်သည်။ ချူကျန့်က အသက်အောင့်၍ ပုလင်းနှစ်လုံးမှ ဆေးအများစုကို ထုတ်ယူကာ သီးခြားစီထုပ်ပိုးပြီးနောက် သူ၏ ပစ္စည်းသိမ်း ပိုးထည်အိတ်ထဲသို့ ထည့်လိုက်သည်။ ပြီးမှ ပုလင်းနှစ်လုံးကို ပြန်ထည့်လိုက်၏။
ထို့နောက် ထိုနှစ်ယောက်၏ ကိုယ်ပေါ်မှ ငွေတုံး၊ ကြေးပြားစသည့် မည်သည့်အမှတ်အသားမှ မရှိသော၊ ထိုနှစ်ယောက်နှင့် မည်သည့်ဆက်စပ်မှုမှ ရှိမည် မဟုတ်သော တန်ဖိုးရှိသည့်ပစ္စည်းအများစုကို ယူ၍ သူ၏ ပစ္စည်းသိမ်း ပိုးထည်အိတ်ထဲသို့ ထည့်လိုက်သည်။ ဤသည်မှာ သူ၏ ပင်ပန်းခ ဖြစ်သည်။
ချူကျန့်၏ အကြည့်မှာ နောက်ဆုံးတွင် မြက်ခင်းထဲတွင် လဲကျနေသော ကောရှန်ဆီသို့ ရောက်သွားသည်။
သူက ထိုင်ချ၍ ကောရှန်၏ မျက်လုံးများပိတ်ထားသော လှပသည့်မျက်နှာကို ဂရုတစိုက်ကြည့်လိုက်သည်။
လရောင်အောက်တွင် စကတ်ရှည်ဝတ်ဆင်ထားသော မိန်းကလေးမှာ မြက်ခင်းထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေပြီး မျက်လုံးများ ပိတ်ထား၏။
နှင်းကဲ့သို့ ဖြူစင်သောအသားအရေ လှပသော မျက်နှာသွင်ပြင်နှင့်အတူ အိပ်စက်နေသော လှပသည့်မိန်းကလေးတစ်ယောက်၏ ပုံစံမျိုး ရှိနေသော်လည်း ချူကျန့်၏ မျက်လုံးထဲတွင် ထိုအရာများကို လုံးဝဂရုမစိုက်ချေ။
‘အင်း… အသက်ရှူမှန်တယ်… မျက်တောင်က နည်းနည်းလေးမှ မလှုပ်ဘူး… မျက်ခွံအောက်က မျက်လုံးကလည်း လုံးဝလှုပ်ရှားတဲ့ပုံ မပြဘူး… လက်ညှိုးနဲ့ မျက်နှာကို ထိုးကြည့်တာလည်း ဘာမှ တုံ့ပြန်မှုမရှိဘူး… ကိုးဆယ်ကိုးရာခိုင်နှုန်းလောက်က မေ့ဆေးမိပြီး သတိလစ်နေတာပဲ… ခုနက မြင်ကွင်းကို သူ မြင်လိုက်မှာ မဟုတ်ဘူး… ဒါပေမဲ့ သေချာအောင်တော့…’
ချူကျန့်က လက်ညှိုးကို ရုပ်သိမ်းလိုက်ပြီး အကြည့်ကို ကောရှန်၏ လည်ပင်းဆီသို့ ရွှေ့လိုက်သည်။
သူ၏ လျှို့ဝှက်ချက်အချို့ကို မြင်တွေ့သွားပုံရသော ဤမိန်းကလေးမှာ ထာဝရစကားမပြောနိုင်တော့မည် ဖြစ်သည်။ ယနေ့ညက ဖြစ်ရပ်အားလုံးကို မည်သူမှ သိမည် မဟုတ်ဘဲ ဘေးမှ သူလျှိုနှစ်ယောက်အပေါ် အပြစ်ပုံချနိုင်သည်။
ချူကျန့်က ချီတုံချတုံဖြစ်တတ်သူ မဟုတ်ဘဲ သူ၏ လက်တွင် သွေးစွန်းခဲ့သည်မှာ မြစ်တစ်စင်းကိုပင် နီရဲစေနိုင်လောက်သည်။ ယခုမူ အနည်းငယ် ချီတုံချတုံဖြစ်နေ၏။
‘ကောကျင့်ဇနီးမောင်နှံက ငါ့အပေါ် ကောင်းခဲ့တယ်… ငါက ဖြစ်နိုင်ခြေလေးတစ်ခုအတွက် သူတို့ရဲ့ သမီးကို သတ်ပစ်ရမှာလား…’
"ထားလိုက်ပါတော့… သူက ကောင်မလေးတစ်ယောက်ပဲ… တစ်ခဏတာ မဆင်မခြင်နိုင်မှုကြောင့် သူ့ကို မထိခိုက်စေချင်ဘူး…"
ချူကျန့်က တိုးတိုးလေး သက်ပြင်းချလိုက်ပြီး ထရပ်ကာ ပတ်ဝန်းကျင်မှ သူနှင့် သက်ဆိုင်သည့်သဲလွန်စအားလုံးကို ရှင်းလင်းပစ်လိုက်သည်။
ထိုအချိန်တွင် အဝေးမှ ခြေသံများ အလျင်အမြန်နီးကပ်လာသည်ကို ကြားလိုက်ရရာ လူအနည်းငယ်လာနေပုံရသည်။
လာသူများမှာ ရန်သူလား မိတ်ဆွေလား မသိနိုင်သော်လည်း ချူကျန့် ဆက်လက်မနေတော့ဘဲ နံရံတွား တောက်တဲ့သိုင်းကို ထုတ်သုံး၍ သူ၏ နွေမိုးစက်ဥယျာဉ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
ကောရှန်မှာမူ သူမ၏ ကံကြမ္မာကို သူမသာ ဆုံးဖြတ်ရမည် ဖြစ်သည်။ သူက သူမကို တစ်ကြိမ် ‘စိတ်ကောင်းဖြင့်’ ကယ်တင်ခဲ့ပြီးပြီ ဖြစ်ရာ သူမကို ထမ်းပိုး၍ ပြန်မသွားနိုင်ပေ။
ချူကျန့် အခန်းထဲသို့ ပြန်ရောက်ပြီးနောက် အာရုံစိုက်နားထောင်လိုက်ရာ “ရှန်းအာ…” “ညီမလေး…” “ဒုတိယသခင်မလေး…” ဟူသော အော်ဟစ်သံများကို ကြားလိုက်ရသည်။ ကောဖူနှင့် သူမ၏ ခင်ပွန်း ယဲ့လွီချီးတို့ ဖြစ်ပုံရသည်။
‘ဒုတိယသခင်မလေး ကံကောင်းသားပဲ… ရောက်လာတာ ကယ်တင်မယ့်သူတွေပဲ…’
‘ထားလိုက်ပါတော့… ငါနဲ့ မဆိုင်ဘူး… အလိုအလျောက်ကျင့်ကြံမယ်… ဆက်ကျင့်မယ်…’
ချူကျန့်က သိုင်းကျင့်ခြင်းကို အလိုအလျောက်ကျင့်ကြံရန် ရွေးချယ်လိုက်ပြီး ပျင်းရိလာသဖြင့် ဂိမ်းထဲတွင် ရှစ်နာရီ (နာရီလေးနာရီ) နေရန် စိတ်မပါတော့ဘဲ တိုက်ရိုက်အော့ဖ်လိုင်းဖြစ်ကာ လက်တွေ့ကမ္ဘာသို့ ပြန်၍ လက်ဖက်ရည်သောက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်လေတော့သည်။