အစ်ကိုကျွင်းရဲ့ ဆိုလိုရင်းကို ငါမှား အနက်မပြန်မိပါဘူးနော်
Vol. 2 Ch. 24
လမ်းတစ်ဝက်လောက်တွင် အနီးအနား၌ လူမရှိသည်ကို မြင်သောအခါ ချူကျန့်က တမင်တကာ မေးလိုက်သည်။
“ဒါနဲ့ ဖော့လု… မင်းရဲ့ ဒုတိယအစ်မ နေမကောင်းဘူးဆို… ဘာမှ စိုးရိမ်စရာမရှိတော့ဘူး မဟုတ်လား…”
“ကျွန်တော် နေ့လယ်က သွားကြည့်ခဲ့တယ်… ဘာမှဖြစ်လောက်မှာ မဟုတ်ပါဘူး… အအေးမိပြီး သတိလစ်သွားတာပါ… မနက်က သတိရလာပြီ… နေ့လယ်မှာ တော်တော်လေး သက်သာသွားပြီ… အစ်ကိုကျွင်း ကျွန်တော့် ဒုတိယအစ်မကို မတွေ့ဖူးသေးဘူး မဟုတ်လား… ကျွန်တော့် ဒုတိယအစ်မက အရမ်းထက်မြက်တာ…”
ချူကျန့်က ကောက်ချက်ချလိုက်သည်။ ကောရှန် ညက ပြန်ပေးဆွဲခံရသည့်ကိစ္စကို ဖုံးကွယ်ထားခဲ့ပြီး ကောဖော့လုပင် မသိချေ။ ကောရှန်မှာ အမှန်ပင်တစ်ညလုံး သတိလစ်နေခဲ့သဖြင့် ညကဖြစ်ပျက်ခဲ့သည့် အမှန်တရားကို သူမ သိမည်မဟုတ်ပေ။
ချူကျန့်မှာ ချက်ချင်းပင် စိတ်အေးသွားပြီး စကားအနည်းငယ် ပြောဆို၍ အကြောင်းအရာကို ပြောင်းလိုက်သည်။
ညစာစားပြီးနောက် ချူကျန့်က အလွန်အကျွံလုပ်ဆောင်ပါက အကျိုးမရှိမှန်းသိသဖြင့် အနည်းငယ်နှုတ်ဆက်ချင်နေသေးသော ကောဖော့လုကို တမင်တကာ လျစ်လျူရှုလိုက်ပြီး မနက်ဖြန် အတူတကွ သိုင်းလေ့ကျင့်ရန်သာ ချိန်းဆိုကာ ကောဖော့လုနှင့် ခွဲခွာ၍ အခန်းသို့ ပြန်လာခဲ့သည်။
အတန်ကြာလမ်းလျှောက်ပြီးနောက် နောက်သို့လှည့်ကြည့်ရာ ကောဖော့လုမှာ နေရာတွင်ရပ်၍ သူ့ကို နှုတ်ဆက်နေဆဲဖြစ်သည်ကို တွေ့ရသည်။ ချူကျန့်က ပြုံးပြ၍ လက်ပြနှုတ်ဆက်လိုက်သည်။
‘ပြီးပြည့်စုံသွားပြီ… ဖော့လုညီလေးရဲ့ သဘောကျမှုကို အမှတ် ၈၀ အထိ မြှင့်တင်နိုင်ခဲ့ပြီ… ဆယ်ရက် တစ်လအတွင်း အပြည့်အထိ မြှင့်တင်ဖို့ ကြိုးစားရမယ်… ပြီးရင် သူ့ကို ကိုယ့်အတွက် မစ်ရှင်လုပ်ခိုင်းဖို့ အကြောင်းပြချက်ရှာလို့ရပြီ…’
ထို့အပြင် တစ်နေကုန်အတူတကွ နေထိုင်ပြီးနောက် ချူကျန့်က ကောဖော့လုသည် သူ၏အသင့်တော်ဆုံးအပေါင်းသင်းဖြစ်ကြောင်း ထပ်မံအတည်ပြုလိုက်သည်။
ယုံကြည်မှုမရှိသော ခိုင်းသမျှလုပ်တတ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘဲ သိုင်းပညာအတော်လေးကောင်းမွန်သောသူကို အရေးကြီးသောကိစ္စများ လုပ်ဆောင်ခိုင်းပါက ပျက်စီးသွားမည်မှာ သေချာသည်။ သို့သော် အစေခံ နောက်လိုက်အဖြစ်မူ အကောင်းဆုံးလူရွေးချယ်မှုဖြစ်သည်။
အသေးစိတ်မှာကြားထားသမျှကို စိတ်ပူစရာမလိုဘဲ အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်သည်။
ချူကျန့်မှာ ကျေနပ်စွာဖြင့် သီချင်းညည်းရင်း နွေမိုးစက်ဥယျာဉ်သို့ ပြန်လာခဲ့သည်။
ကောဖော့လု အခန်းထဲသို့ပြန်ရောက်သည်နှင့် ဒုတိယအစ်မ၏ အစေခံမလေး ရှောင်ပန်းထိုက သူ့ကို လာခေါ်ပြီး ဒုတိယသခင်မလေးက သူ့ကို တွေ့လိုသည်ဟု ဆိုသည်။
ကောဖော့လုလည်း ဒုတိယအစ်မ၏ အအေးမိရောဂါ ပျောက်ကင်းသွားပြီလားဟု စိတ်ပူနေသဖြင့် ရှောင်ပန်းထိုနှင့်အတူ အစ်မ၏အိပ်ခန်းသို့ လိုက်သွားသည်။
စည်းကမ်းအရ ကောဖော့လုမှာ တစ်ဆယ့်ငါးနှစ်ကျော်နေပြီဖြစ်သဖြင့် ဒုတိယအစ်မ၏ အိပ်ခန်းသို့ဝင်ရန် မသင့်တော်တော့ပေ။ သို့သော် မောင်နှမနှစ်ယောက်၏ ဆက်ဆံရေးမှာ ကောင်းမွန်ပြီး ကောဖော့လု၏ စရိုက်မှာ ဉာဏ်ထိုင်းပြီး ရိုးသားသဖြင့် ကောရှန်မှာလည်း ပွင့်လင်းသူဖြစ်ရာ သိပ်မရှောင်ကြဉ်ကြပေ။
ကောရှန်က ထိုင်ခုံတွင်ထိုင်နေပြီး ရှောင်ပန်းထိုကို တတိယမောင်လေးအား လက်ဖက်ရည်ကမ်းလှမ်းရန် မှာကြားကာ မေးလိုက်သည်။
“တတိယမောင်လေး… ဒီနေ့ သိုင်းလေ့ကျင့်တာ ဘယ်လိုလဲ…”
ဒုတိယအစ်မက သူ့သိုင်းလေ့ကျင့်သည့်ကိစ္စကို စိတ်ဝင်စားနေသည်လော။ ကောဖော့လုမှာ အနည်းငယ်အံ့ဩသွားသော်လည်း ရိုးသားစွာပင် ဖခင်က သူ့ကို တောင်ပိုင်းတောင်တန်း လက်ဝါးသိုင်း သင်ကြားပေးသည့်ကိစ္စကို အကြမ်းဖျင်းပြောပြလိုက်သည်။
“ဪ… ဖေဖေက တပည့်သစ်တစ်ယောက် လက်ခံလိုက်တယ်ဆို… သူလည်း မင်းနဲ့အတူ သိုင်းလေ့ကျင့်တယ်လား…”
ကောရှန်က ဘာမှမဖြစ်သလို မေးလိုက်သည်။
“ဒုတိယအစ်မက အစ်ကိုကျွင်းကို ဆိုလိုတာလား… အစ်ကိုကျွင်းက လူကောင်းကြီးဗျ…”
ကောဖော့လုမှာ မွန်းလွဲပိုင်းက စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတွင် နစ်မျောနေဆဲဖြစ်သဖြင့် ချူကျန့်အတွက် ချီးကျူးစကားများ ပြောဆိုလိုက်သည်။
ကောရှန်မှာ ချက်ချင်းပင် စိတ်ဝင်စားလာပြီး ဆက်လက်၍ မေးလိုက်သည်။
“သူက ဘယ်လိုကောင်းတာလဲ…”
ကောဖော့လုမှာ စကားဆွံ့အသွားသည်။ အစ်ကိုကျွင်းက တစ်မနက်ခင်းလုံး သူ့ကို မေးခွန်းများမေးနေသည်ဟု ပြောရမည်လား။
သူ၏ဦးနှောက်မှာ လည်ပတ်နိုင်စွမ်းမရှိတော့ဘဲ အချိန်အတော်ကြာမှ ဖြေလိုက်၏။
“သူ… သူက ကျွန်တော့်ကို နားလည်တယ်… ပြီးတော့ ကျွန်တော့်ကို အားပေးတယ်… အသိအမှတ်ပြုတယ်…”
အစ်ကိုကျွင်း လူကောင်းဖြစ်ကြောင်း သက်သေပြရန် ကောဖော့လုက ဦးနှောက်ထဲတွင် ရှာဖွေစဉ် အကြောင်းအရာတစ်ခုကို သတိရသွားပြီး ထပ်လောင်းပြောလိုက်သည်။
“ဒါနဲ့ ဒုတိယအစ်မ… အစ်ကိုကျွင်းက အစ်မအကြောင်း မေးသေးတယ်… သူက တကယ်လူကောင်းပဲ…”
ကောရှန်၏ နှလုံးသားမှာ ရုတ်တရက်ခုန်သွားပြီး နားသယ်စပ်မှဆံပင်ကို အသာသပ်တင်၍ နီရဲနေသော နားရွက်ကို ဖုံးကွယ်ကာ မေးလိုက်သည်။
“သူက ငါ့အကြောင်း ဘာတွေမေးတာလဲ…”
“အစ်မ နေမကောင်းဘူးကြားလို့ ကျွန်တော့်ကို စေ့စေ့စပ်စပ်မေးတာ… ကျွန်တော်က အစ်မသက်သာနေပြီလို့ ပြောလိုက်တော့ သူ တော်တော်ပျော်သွားတယ်…”
ကောဖော့လုက ထိုအချိန်က “အဖြစ်မှန်” ကို အားစိုက်၍ ပြန်လည်အမှတ်ရကာ ပြောလိုက်သည်။
ကောရှန်၏ စကတ်အနားစကို ဆုပ်ကိုင်ထားသော လက်ကလေးမှာ ချက်ချင်းပင် ပြေလျော့သွားပြီး နှုတ်ခမ်းထောင့်တွင်လည်း အမှတ်မထင်ပြုံးရိပ်တစ်ခု ပေါ်လာသည်။
“နောက်ထပ် ဘာများရှိသေးလဲ…”
“သူက အစ်မကို လူထဲက ကြိုးကြာငှက်လို ထက်မြက်ပြီး လှပတယ်တဲ့… ပြီးတော့… အင်း… ရှားပါးတဲ့ မိန်းကလေးကောင်းတစ်ယောက်တဲ့…”
ကောဖော့လုမှာ ချူကျန့်ပြောခဲ့သော ကောင်းသောစကားအနည်းငယ်ကိုသာ မှတ်မိပြီး အသုံးအနှုန်းများမှာ ရှုပ်ထွေးလွန်း၍ မမှတ်မိတော့ချေ။
မည်သို့ပင်ဖြစ်စေ ကောင်းသောစကားများဖြစ်သည်မှာ သေချာသဖြင့် သူတတ်ကျွမ်းသော စကားလုံးများကိုသာ ပြောဆိုလိုက်ပြီး နောက်ဆုံးတွင် မမှတ်မိတော့သောအခါ “ရှားပါးတဲ့ မိန်းကလေးကောင်း” ဟု အစားထိုးလိုက်သည်။
‘အင်း… အစ်ကိုကျွင်းက လှတယ်လို့ မပြောခဲ့ဘူးထင်တယ်… ထားလိုက်ပါတော့… ဘာပဲဖြစ်ဖြစ် ကောင်းတဲ့စကားတွေပဲ… ပြီးတော့ ဒုတိယအစ်မကလည်း တကယ်လှတာပဲ… ငါဒီလိုပြောတာက အစ်ကိုကျွင်းရဲ့ ဆိုလိုရင်းကို မှားပြီး အနက်မပြန်မိပါဘူးနော်…’
ကောဖော့လုက ဤခက်ခဲသော ပြဿနာကို ခေါင်းငုံ့၍ စဉ်းစားနေစဉ် ဘေးမှဒုတိယအစ်မ၏ မျက်နှာပေါ်တွင် ပန်းနုရောင်အကွက်တစ်ခု ပေါ်လာသည်ကို မတွေ့လိုက်ပေ။ သူမက အသာရယ်၍ တိုးတိုးလေး ရေရွတ်လိုက်သည်။
“တကယ်ပဲ… တခြားသူတွေရှေ့မှာ လျှောက်ပြောနေလိုက်တာ…”
ချူကျန့်က အခန်းငယ်ထဲတွင် ထိုင်နေပြီး တစ်ဖက်မှ ချွမ်ကျန်းအတွင်းအားကျင့်စဉ်ကို အလိုအလျောက်လေ့ကျင့်နေရင်း တစ်ဖက်မှ “ပန်းပဲဆရာ၏သားကိုကယ်တင်ခြင်း”
မစ်ရှင်၏ လမ်းညွှန်အဆင့်ဆင့်ကို ကြံစည်နေသည်။
ကောဖော့လု၏ အကူအညီရရှိပါက ဤကိစ္စသည် အခြေခံအားဖြင့် အောင်မြင်သွားပြီဟု ယူဆနိုင်သည်။
ဤသို့ဆိုလျှင် သူ “ပြီးပြည့်စုံခြင်း” ကို မစ်ရှင်၏ပစ်မှတ်အဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် “ထိုက်ရှန့်လောင်ကျွင်းရဲ့ ကံပြောင်းအဆောင်” ကို မရရှိသည့်တိုင် ကျန်မစ်ရှင်များမှ ကျဆင်းလာသော တန်ဖိုးရှိသည့်ပစ္စည်းများကို အကုန်ရယူရမည်ဖြစ်သည်။ ထိုအချိန်ကျမှ ရောင်းချလိုက်လျှင်လည်း ပိုက်ဆံပင်ဖြစ်သည်။
ပိုက်ဆံဟုဆိုသည်နှင့် သူ ချင်ရူယွင်ပေးခဲ့သော ပစ္စည်းများ ရှန်ယန်မြို့ရှိ ပစ္စည်းထိန်းသိမ်းအပ်နှံရာနေရာတွင် ရှိနေသေးသည်ကို သတိရသွားသည်။ ထုတ်ယူရန် အခွင့်အရေးရှာရမည်ဖြစ်သည်။ ပစ္စည်းများကို အရင်သုံးထားနိုင်ပြီး ဤမစ်ရှင်ပြီးဆုံးမှ အတူတကွရောင်းချလိုက်မည်။
ကံမကောင်းစွာဖြင့် ရွှေလင်းယုန် စာပို့လက်မှတ်ကို မူလဈေးဖြင့် ရောင်းချနိုင်တော့မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိပ်တန်းဆက်သွယ်ရေးကိရိယာကို သုံးစွဲရဲသော သူဌေးကစားသမားများက လက်တစ်ဖက်သုံးပစ္စည်းကို ဝယ်မည်မဟုတ်ဘဲ မသုံးစွဲရဲသူများကလည်း ဈေးလျှော့သည်နှင့် သွေးမြေကျခံကာ ဝယ်ယူသုံးစွဲမည် မဟုတ်သောကြောင့်ဖြစ်သည်။
ဈေးကို နှစ်ဆယ် သုံးဆယ်ရာခိုင်နှုန်းလောက် ချရောင်းမှသာ ရောင်းထွက်နိုင်မည် ဖြစ်သည်။
‘ငွေဖြုန်းတီးလိုက်တာ… ချင်ဒုတိယသခင်မလေး… ခင်ဗျားမှာ ပိုက်ဆံတွေ အရမ်းများနေရင် ကျွန်တော့်ကို တိုက်ရိုက်ပေးလိုက်ပါလား… ဘာလို့ ဒီရွှေလင်းယုန် စာပို့လက်မှတ်ပေါ်မှာ ဖြုန်းတီးနေရတာလဲ…’
ချူကျန့်က ရင်နာနာဖြင့် အတန်ကြာငြီးငြူပြီးမှ သူ၏စိတ်ကို မစ်ရှင်ပေါ်သို့ ပြန်လည်ပို့ဆောင်လိုက်သည်။
“ပန်းပဲဆရာ၏သားကိုကယ်တင်ခြင်း” ၏ လုပ်ငန်းစဉ်မှာ ရိုးရှင်းလှသည်။ ပန်းပဲဆရာထံမှ မစ်ရှင်လက်ခံ ထို့နောက် မြို့ပြင်ထွက်၍ ပစ်မှတ်လိပ်စာကို ရှာဖွေ ဓားပြတပ်ထဲသို့ ဝင်ရောက်ကာ ဓားပြတစ်ရာကျော်ကို အကုန်ရှင်းလင်းပြီး ဓားပြဗိုလ်ကို အနိုင်ယူ၍ ဓားစာခံကို ဘေးကင်းစွာ ကယ်တင်ရမည်ဖြစ်သည်။
သို့သော် “ပြီးပြည့်စုံခြင်း” အဆင့်ကို ရရှိလိုပါက ကစားသမားက အဖွဲ့ဖွဲ့၍မရဘဲ မိမိတစ်ဦးတည်း၏ ခွန်အားဖြင့် ဓားပြအားလုံးကို နာရီဝက်အတွင်း ရှင်းလင်းပြီး ဓားပြဗိုလ်ကို သတ်ဖြတ်ကာ ပြန်ပေးဆွဲခံထားရသော ပန်းပဲဆရာ၏သားကို ကယ်တင်ရမည်ဖြစ်သည်။
ထို့အပြင် ဟိုပြေးဒီလွှားလုပ်တတ်သော ကလေးကို အနည်းငယ်မျှပင် ဒဏ်ရာမရဘဲ အိမ်သို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်နိုင်ရန် သေချာစေရမည်ဖြစ်သည်။
ဤသည်မှာ အခက်အခဲကြီးမားလှသည်။ တစ်ယောက်နှင့် တစ်ရာတိုက်ခိုက်ရသကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် ဓားပြများ၏ စွမ်းရည်အဆင့်သတ်မှတ်ချက်မှာ အခြေခံအားဖြင့် “၃၀ မှတ် (မပြောပလောက်)”၊ “၄၀ မှတ် (စတင်လေ့လာ)” အဆင့်သို့ရောက်ရှိနေပြီး အကြီးအကဲ BOSS ၏ စွမ်းရည်မှာမူ “၆၀ မှတ် (စတင်နားလည်)” အဆင့်သို့ပင် ရောက်ရှိနေသည်။ ယခုအချိန်တွင် ၁၀ မှတ်မျှသာရှိသော ချူကျန့်အတွက် BOSS ၏ စွမ်းရည်မှာ သံသယဖြစ်ဖွယ်မရှိ အိပ်မက်ဆိုးတစ်ခုဖြစ်သည်။
သို့သော် အရာအားလုံးမှာ ကောဖော့လု၏ အကူအညီရရှိပြီးနောက် ကြီးမားစွာပြောင်းလဲသွားပေပြီ။
ကောဖော့လုမှာ အနည်းဆုံး စွမ်းရည်အဆင့်သတ်မှတ်ချက် ၈၀ မှတ်ရှိနေပြီး ဓားပြအားလုံးကို အလွယ်တကူချေမှုန်းနိုင်မည်မှာ သေချာသည်။ တစ်ခုတည်းလုပ်ဆောင်ရန်လိုအပ်သည်မှာ ကောဖော့လုကို စောင့်ကြည့်၍ သူလက်လွန်ကာ ဓားပြများကို သတ်ဖြတ်ခြင်းမှ တားဆီးရန်ဖြစ်သည်။ ထိုသို့မှသာ သူနောက်မှ တိတ်တဆိတ်နောက်ဆုံးတစ်ချက် ထိုးသွင်းပြီး ပြီးပြည့်စုံခြင်းအဆင့်ကို အလွယ်တကူရယူကာ မစ်ရှင်ဆုကြီးကို ရယူနိုင်မည်ဖြစ်သည်။
စီမံကိန်းတစ်ခုလုံးကို သေသေချာချာသုံးသပ်ပြီးနောက် စီမံကိန်းမှာ ပြီးပြည့်စုံနေကြောင်း သေချာသွားသောအခါ ချူကျန့်မှာ သူ၏ထူးခြားသော အတွေးအခေါ်ကို အလွန်အံ့ဩသွားသည်။ အခြားသူသာဆိုလျှင် ကောမိသားစု၏ တတိယသခင်လေးကို သေနတ်အဖြစ်အသုံးချရန် တွေးတောမိမည်မဟုတ်ပေ။
ကောဖော့လု၏ အကူအညီရှိနေလျှင် အရေးကြီးသောကိစ္စများ အောင်မြင်ရန် အဘယ်မှာ စိုးရိမ်စရာရှိမည်နည်း။
ဒီလိုပဲ လုပ်မယ်…
ချူကျန့်မှာ “ထိုက်ရှန့်လောင်ကျွင်းရဲ့ ကံပြောင်းအဆောင်” ကို ရရှိပြီးနောက် သူ၏နေ့ရက်များမှာ မတော်တဆမှုများကင်းစင်သွားကာ မူလစီမံကိန်းအတိုင်း ချောမောစွာအကောင်အထည်ဖော်နိုင်ပြီး ကောစံအိမ်မှ ချောမောစွာထွက်ခွာနိုင်မည်ဟု စိတ်ကူးယဉ်နေပြီဖြစ်သည်။ ကောကျင့်က တောင်းပန်သောမျက်နှာဖြင့် ပန်းပဲဆရာကြီးထံမှ ပန်းပဲပညာသင်ယူရန် စီစဉ်ပေးပြီးနောက်ဆုံးတွင် ငွေအများကြီးရှာဖွေနိုင်မည့် လှပသောအနာဂတ်ကိုပင် မြင်ယောင်နေသည်။
ချူကျန့်မှာ တွေးရင်းတွေးရင်းနှင့် ပိုမိုပျော်ရွှင်လာပြီး ရယ်ချင်စိတ်ကိုပင် ထိန်းမထားနိုင်တော့ချေ။
‘ကြိုးစားစမ်း… ငွေရေတွက်ရတာ လက်နာတဲ့နေ့ရက်တွေ သိပ်မဝေးတော့ဘူး…’
မျက်စိတစ်မှိတ်အတွင်း ဒုတိယနေ့နေ့လည်သို့ ရောက်ရှိလာသည်။ ချူကျန့်က နေ့လယ်စာစားပြီးနောက် ပေါ့ပါးသောခြေလှမ်းများဖြင့် သိုင်းလေ့ကျင့်ကွင်းသို့ သွားကာ ကောကျင့်နှင့် ကောဖော့လုသားအဖနှစ်ယောက်၏ သဘောကျမှုကို ဆက်လက်မြှင့်တင်နေသည်။
ကောကျင့်က သူ၏ပခုံးကို ထပ်မံထိတွေ့၍ အတွင်းအားတိုးတက်မှုကို ကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူ၏ယခင်နေ့က တောင်ပိုင်းတောင်တန်း လက်ဝါးသိုင်း လေ့ကျင့်မှုရလဒ်ကို စစ်ဆေးပြီးနောက် အလွန်ကျေနပ်သွားသည်။
ကောကျင့်က သူ၏အရည်အချင်း တိုးတက်လာသည်ဟု အထင်မှားမည်ကို ရှောင်ရှားရန် ချူကျန့်က အောင်မြင်မှုအားလုံးကို ယခင်နေ့က ကောဖော့လု၏ သင်ကြားမှုကြောင့်ဟု ပြောဆိုလိုက်သည်။
ကောကျင့်က သူတို့နှစ်ယောက် “ညီအစ်ကိုလိုချစ်ခင်ကြပြီး” ဆက်ဆံရေးကောင်းမွန်သည်ကို မြင်သောအခါ ကျေနပ်စွာဖြင့် ကောဖော့လုကို ချီးကျူးစကားအနည်းငယ် ပြောဆိုလိုက်ရာ ဖော့လုမှာ မျက်ရည်များပင် ဝဲလာပြီး သူ့အတွက် အကြိမ်ကြိမ်ချီးကျူးစကားပြောပေးသော ချူကျန့်ကို ပိုမို၍ ကျေးဇူးတင်သွားသည်။
မွန်းလွဲပိုင်းသိုင်းသင်ခန်းစာမှာ သာယာသော မြင်ကွင်းဖြင့် စတင်ခဲ့သော်လည်း မကြာမီ မတော်တဆမှုတစ်ခု ပေါ်ပေါက်လာသည်။
ကောကျင့်က စကားအနည်းငယ်ပြောဆိုပြီးသည်နှင့် ချူကျန့်က မျက်လုံးထောင့်မှ အစိမ်းရောင်ဝတ်စုံနှင့် အဖြူရောင်စကတ်ဝတ်ဆင်ထားသော လှပသောမိန်းကလေးတစ်ယောက် အဝေးမှ ပြုံးရွှင်စွာလျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။