ကောရှန်၏ အတွေးများ
Vol. 2 Ch. 25
‘ကောရှန်… ဤကောင်မလေး ဘာလာလုပ်တာလဲ…’
ချူကျန့်က သူမ၏မျက်လုံးများက သူ့အပေါ်သို့ မကြာခဏကျရောက်နေပြီး နှုတ်ခမ်းထောင့်တွင်လည်း ထူးခြားသောအဓိပ္ပာယ်ဆောင်သည့် အပြုံးရိပ်တစ်ခုရှိနေသည်ကို မြင်သောအခါ သတိထားလိုက်သည်။
ဤကောင်မလေးက ညက သူ သူမကို ဒုက္ခပေးရန်ကြံစည်ခဲ့သည်ကို သိသွားပြီလော။ ဤဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသော်လည်း ချူကျန့်မှာ သိုင်းလောကတွင် အချိန်အတော်ကြာနေထိုင်ခဲ့သူဖြစ်ရာ အရာရာကို အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားလေ့ရှိသည်။
သူက တိတ်တဆိတ်ခြေလှမ်းနှစ်လှမ်းနောက်ဆုတ်လိုက်ပြီး အခြေအနေမကောင်းပါက သုံးဆယ့်ခြောက်ပါးသောပြေးခြင်းကိုသာ အားကိုးမည်ဟု ဆုံးဖြတ်လိုက်သည်။ ထွက်ပြေးနိုင်မလား ထွက်ပြေးပြီးနောက် ကောကျင့်နှင့် ဆက်ဆံရေးပျက်စီးသွားပြီး ရှန်ယန်မြို့တွင် နေထိုင်နိုင်တော့မည်မဟုတ်ဘဲ အဆင့်မြင့်ပန်းပဲပညာသင်ယူမည့် ရည်မှန်းချက်ပျက်စီးသွားမည်ကို သူ ဂရုမစိုက်နိုင်တော့ချေ။
ထိုအချိန်၌ ကောကျင့်ကလည်း ကောရှန်ကို မြင်တွေ့သွားပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ရှန်အာ… မင်းကို နှစ်ရက်လောက်နားခိုင်းထားတာ မဟုတ်လား… ဘာလို့ ဒီကိုရောက်လာတာလဲ…”
ကောကျင့်မှာ သူ၏သမီးကြီး ကောဖူကို အလွန်အကျွံအလိုလိုက်ခဲ့သဖြင့် ဒုက္ခများစွာကို ဖြစ်ပွားစေခဲ့ပြီး အထူးသဖြင့် ကောဖူက ယန်ကော၏ လက်မောင်းကို ဖြတ်တောက်ခဲ့သည့်ကိစ္စက သူ့ကို ဆယ်နှစ်ကျော်တိုင်အောင် အပြစ်ရှိသလိုခံစားစေခဲ့သည်။
ထို့ကြောင့် နောက်ပိုင်းတွင် မွေးဖွားလာသော သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို အလွန်တင်းကြပ်စွာ အုပ်ချုပ်ခဲ့သည်။
ထိုအချိန်တွင် သူက သမီး၏ကျန်းမာရေးကို စိုးရိမ်သဖြင့် ဝိညာဉ်လွင့်အမွှေးရနံ့ အဆိပ်ဖြေထားသည်မှာ နှစ်ရက်မပြည့်သေးဘဲ ဟိုဟိုဒီဒီလျှောက်သွားခြင်းက ခန္ဓာကိုယ်ကို ထိခိုက်စေမည်ကို စိုးရိမ်နေသော်လည်း အပြင်ပန်းတွင်မူ မကျေနပ်သောမျက်နှာထားဖြင့် အသံနေအသံထားမှာလည်း အတော်လေး တင်းမာနေသည်။
ကောရှန်က ဖခင်၏စရိုက်ကို ကောင်းစွာနားလည်ထားပြီး ချက်ချင်းပင် ဝမ်းနည်းကြေကွဲသော မျက်နှာဖြင့် တိုးတိုးလေးပြောလိုက်သည်။
“ဖေဖေ… သမီး အခန်းထဲမှာနေရတာ စိတ်ကျဉ်းကျပ်လို့ မေမေက အပြင်ထွက်ပြီး လမ်းလျှောက်ခိုင်းတာပါ… ဒီတစ်ခါ သမီး သိုင်းပညာကောင်းကောင်းမလေ့ကျင့်ဘဲ အတွင်းအားနည်းလို့ ဖြစ်ရတာကို သတိရသွားလို့ ဖေဖေ့ဆီမှာ သိုင်းပညာသေချာသင်ယူချင်လို့ပါ…”
သူမက “ဒီတစ်ခါ” ကိစ္စက ဘာလဲဟု မပြောသော်လည်း ကောကျင့်က အဘယ်မှာမသိဘဲ ရှိမည်နည်း။ ဤကိစ္စက သူ အစေခံများထဲတွင် ရန်သူ့သူလျှိုများ ရောနှောနေသည်ကို သတိမထားမိခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခု သမီး၏ဝမ်းနည်းကြေကွဲသော မျက်နှာကို မြင်သောအခါ သူ၏စိတ်ထဲတွင် ရှက်ရွံ့ခြင်းနှင့် သနားခြင်းတို့ ဖြစ်ပေါ်လာပြီး အသံလည်းပျော့ပျောင်းသွားသည်။
“ကောင်းပြီ ကောင်းပြီ… မင်း သိုင်းလေ့ကျင့်ချင်တာကို သိရင်ပြီးတာပဲ… ဒီနေ့ မင်း နေမကောင်းသေးတော့ သိုင်းလေ့ကျင့်ဖို့ မသင့်တော်ဘူး… ဘေးမှာ ကြည့်နေပေါ့…”
ကောရှန်က နာခံသော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သော်လည်း သူ၏တောက်ပသော မျက်လုံးများကမူ ချူကျန့်ကို စိုက်ကြည့်နေသည်။
အမှန်စင်စစ် ဟွမ်ရုံက သူမကို အပြင်ထွက်ခိုင်းခြင်းမဟုတ်ပေ။ ဟွမ်ရုံမှာ အလုပ်များပြားပြီး ယနေ့မနက်ပိုင်းတွင် သူမကို အဖော်ပြုရန်လာရောက်ခဲ့ပြီး သူမအပြည့်အဝသက်သာသွားသည်ကို မြင်သောအခါ စိတ်အေးလက်အေးထွက်ခွာသွားခဲ့သည်။
ကောရှန်မှာ အခန်းထဲတွင် စိတ်ကျဉ်းကျပ်စွာဖြင့် ဟိုတွေးဒီတွေးလုပ်နေစဉ် သူမ၏ဦးနှောက်ထဲတွင် ဆရာတူမောင်လေး၏ သာမန်ရုပ်ရည်သာရှိသော မျက်နှာသာအမြဲတမ်းပေါ်လာနေသည်။ စိတ်မငြိမ်မသက်ဖြစ်နေစဉ် မသိစိတ်ကတွန်းပို့သဖြင့် နွေမိုးစက်ဥယျာဉ်သို့ ဆရာတူမောင်လေးကို ရှာဖွေရန် သွားရောက်ခဲ့သည်။
မော့ဟွားကို မေးမြန်းရာမှ ဆရာတူမောင်လေး သိုင်းလေ့ကျင့်ကွင်းသို့ ရောက်နေကြောင်းသိလိုက်ရသည်။ ထိုအခါ ဉာဏ်ထက်မြက်စွာဖြင့် အခန်းသို့ပြန်ပြေး၍ ဆေးလုံးပုလင်းတစ်လုံးကို ယူလာပြီး မထင်မှတ်ဘဲတွေ့ဆုံသည့်ဟန်ဖြင့် တိတ်တဆိတ်လျှောက်လှမ်းလာခဲ့သည်။
ထိုအချိန်တွင် ဆရာတူမောင်လေးလည်း သူမကိုကြည့်နေသည်ကို မြင်သောအခါ ကောရှန်က အမှတ်မထင်ပင် ညက သူ သူမ၏မျက်နှာကို ငေးစိုက်ကြည့်နေခဲ့သည်ကို သတိရသွားပြီး မောင်လေးပြန်ပြောပြခဲ့သော “လျှောက်ပြောနေတဲ့” စကားများကို သတိရသွားသည်။
ချက်ချင်းပင် မျက်နှာလေးနီရဲသွားပြီး မျက်လုံးလွှဲလိုက်သည်။
ချူကျန့်က သူမ မျက်လုံးချင်းမဆုံဝံ့သည်ကို မြင်သောအခါ စိတ်ထဲတွင် တစ်ခုခုလျှို့ဝှက်ထားသည်ဟု ထင်မြင်ပြီး သတိထားမှုအဆင့်ကို တစ်ဆင့်မြှင့်တင်လိုက်သည်။
ကောကျင့်က သူတို့နှစ်ယောက်၏ ထူးဆန်းသောအမူအရာကို သတိမထားမိဘဲ သမီးငယ်က သူ၏တပည့်သစ်ကို မမြင်ဖူးသေးသည်ကို သတိရသွားပြီး သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။
ချူကျန့်မှာ စိတ်ထဲတွင်သတိထားနေသော်လည်း မျက်နှာပေါ်တွင်မူ ရိုးသားသောအမူအရာဖြင့် ခြေလှမ်းဆယ်လှမ်းအကွာအဝေးကို ထိန်းသိမ်းထားကာ လက်သီးဆုပ်၍ အရိုအသေပြုကာ “အစ်မ…” ဟု ခေါ်လိုက်သည်။
ကောရှန်က စိတ်ကိုထိန်းချုပ်၍ ပွင့်လင်းသောအမူအရာသို့ ပြန်လည်ရောက်ရှိသွားပြီး လှပစွာပြုံးလိုက်သည်။
“ဆရာတူမောင်လေးက လိမ္မာလိုက်တာ… လာ… ဒါအစ်မရဲ့ တွေ့ဆုံခြင်းလက်ဆောင်…”
ကောရှန် အနားသို့တိုးကပ်၍ ချူကျန့်ကို ပုလင်းငယ်တစ်လုံး ပေးလိုက်သည်။
ကောကျင့်က “ဆရာတူမောင်လေး” ဟူသော အခေါ်အဝေါ်ကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။ သို့သော် ကောရှန်က အမှန်တကယ်ပင် သူ့ကို ဆရာအဖြစ်တင်မြှောက်ခဲ့သဖြင့် ဆရာတပည့်အဆင့်အတန်းအရ ကျွင်းအာကို “ဆရာတူမောင်လေး” ဟု ခေါ်ဆိုခြင်းမှာ အမှားအယွင်းတစ်စုံတစ်ရာမရှိချေ။ ချူကျန့်၏ ရိုးသားသော မျက်နှာပေါ်တွင် မကျေနပ်မှုတစ်စုံတစ်ရာမရှိသည်ကို မြင်သောအခါ ကောကျင့်က ဘာမှမပြောတော့ပေ။
ကောရှန်က ရယ်မောစွာပြောလိုက်သည်။
“ဒါက ပန်းကိုးမျိုး မြရည်စမ်းဆေးလုံးပဲ… အသက်ရှည်စေတယ်… ဒဏ်ရာတွေကုသနိုင်တယ်… အဆိပ်ဖြေနိုင်တယ်… အတွင်းအားလည်း နည်းနည်းတိုးတက်စေနိုင်တယ်… မြန်မြန်ယူလိုက်…”
ချူကျန့်က ဤကောင်မလေး ပြုံးရွှင်သောမျက်နှာဖြင့် မျက်လုံးများကမူ သူနှင့် လုံးဝမဆုံသည်ကို မြင်မိသည်။ ဤကောင်မလေး ဘာကြံစည်နေသည်ကို သူ မခန့်မှန်းနိုင်သော်လည်း သူ၏လူကဲခတ်သည့်အတွေ့အကြုံအရ ဤသို့သောအမူအရာမှာ စိတ်မလုံခြုံခြင်း သို့မဟုတ် စိတ်ထဲတွင် အခြားအကြံအစည်များရှိနေခြင်းကို ကိုယ်စားပြုလေ့ရှိသည်။
ဤပုလင်းထဲတွင် ပန်းကိုးမျိုး မြရည်စမ်းဆေးလုံး ဟုတ်မဟုတ်မပြောနှင့် ဟုတ်သည့်တိုင် သူ မလိုချင်ပေ။
အတွင်းအားတိုးတက်စေမည်လား ထိုသို့ဆိုလျှင် ပိုဆိုးပေလိမ့်မည်။ သူ၏အတွင်းအားကို သူက ဘယ်တော့မှ မတိုးတက်စေလိုပေ။
ထို့အပြင် ချူကျန့်မှာ အနာဂတ်တွင် ထွန်းလင်းတောက်ပမည့် ကောဒုတိယသခင်မလေးနှင့် မည်သည့်ဆက်နွယ်မှုမျှ မလိုလားသဖြင့် သူမ၏လက်ဆောင်ကို အဘယ်မှာ လက်ခံမည်နည်း။
လက်ဆောင်ပေးလျှင် ပြန်ပေးရမည်ဖြစ်သဖြင့် သူမက ဤကိစ္စကိုအကြောင်းပြု၍ သူ့ကို တစ်ခုခုကူညီခိုင်းပါက ဆက်နွယ်မှုများ ဖြစ်ပေါ်လာမည် မဟုတ်လား။
ဤလက်ဆောင်ကို လုံးဝလက်မခံရ။
အကြောင်းပြချက်အတွက်မူ ချူကျန့်၏ စကားပြောစွမ်းရည်ဖြင့် ပါးစပ်ဖျားမှ ထွက်လာရန်သာရှိသည်။
သူက ရိုးသားပြီး ပြတ်သားစွာငြင်းဆန်လိုက်သည်။
“ဆရာတူအစ်မ… အစ်မရဲ့စေတနာကို ကျွန်တော်နားလည်ပါတယ်… ဒါပေမဲ့ ဒီလက်ဆောင်က အရမ်းတန်ဖိုးကြီးတယ်… ကျွန်တော် လက်မခံနိုင်ပါဘူး… ဆရာက ကျွန်တော့်ရဲ့ ဉာဏ်ထိုင်းမှုကို မငြီးငွေ့ဘဲ တပည့်အဖြစ်လက်ခံတယ်… ပြီးတော့ ကျွန်တော့်ကို ဒီမှာနေခွင့်ပေးတယ်… သိုင်းလောကမှာ လှည့်လည်သွားလာရင်း အနိုင်ကျင့်ခံရတာကနေ ကာကွယ်ပေးတယ်… ဒါက ကြီးမားတဲ့ကျေးဇူးတရားပဲ… ကျွန်တော်တစ်သက်လုံး ကျေးဇူးဆပ်လို့တောင် ကုန်မှာမဟုတ်ဘူး… အစ်မရဲ့လက်ဆောင်ကို ဘယ်လိုများ လက်ခံနိုင်မှာလဲ…”
ဤစကားမှာ ရိုးသားပြီး ခံစားချက်အပြည့်ဖြင့် ပြည့်နှက်နေပြီး မျက်နှာပေါ်မှ ရိုးသားပြီးပြတ်သားသော အမူအရာနှင့် ပေါင်းစပ်လိုက်သောအခါ ဘေးမှကောကျင့်မှာ တိတ်တဆိတ်ခေါင်းညိတ်မိပြီး သူ၏တပည့်၏ စာရိတ္တကို ထပ်မံအတည်ပြုလိုက်သည်။
ကျေးဇူးတရားကို သိတတ်သည်။နားလည်တတ်ပြီး ကျေနပ်တတ်သည်။ လူသားပီသကာ ခက်ခဲပင်ပန်းမှုကို ခံနိုင်ရည်ရှိပြီး ဇွဲလုံ့လရှိသည်။ ဤကလေးမှာ စာရိတ္တပိုင်းတွင် အပြစ်ဆိုဖွယ်ရာ လုံးဝမရှိချေ။
ကောရှန်မှာ ဖခင်ထက်ပင် ပိုမို၍ ခံစားလိုက်ရသည်။ မှန်ပေသည် သူမ သိုင်းလောကမှလူတိုင်း လိုချင်တပ်မက်သော ပန်းကိုးမျိုး မြရည်စမ်းဆေးလုံးကို ပေးအပ်ခြင်းမှာ ကျေးဇူးဆပ်လိုခြင်းအပြင် နောက်ဆုံးအကြိမ် စမ်းသပ်လိုသည့်သဘောလည်း အနည်းငယ်ပါဝင်သည်။
ယခုအခါ မောင်လေး၏ အဖြေကို ကြားရသောအခါ သူမ၏စိတ်ထဲတွင် လေးစားခြင်းနှင့် ပျော်ရွှင်ခြင်းတို့ ဖြစ်ပေါ်လာသည်။
‘မောင်လေးက ငါစိတ်ကူးထားတဲ့အတိုင်း ကျေးဇူးတုံ့ပြန်မှုကို မမျှော်လင့်တဲ့ သူရဲကောင်းတစ်ယောက်ပဲ… သူ့စိတ်ထဲမှာ သူတပါးရဲ့ ကျေးဇူးကိုပဲ အမှတ်ရပြီး သူတပါးကို ပြုခဲ့တဲ့ကောင်းမှုတွေကိုတော့ မမှတ်မိဘူး…’
ဤသို့သော စိတ်ထားမှာ ဖခင်နှင့်နှိုင်းယှဉ်လျှင်ပင် မလျော့နည်းချေ။
“ဒီလိုဆိုရင်တော့ ငါ မင်းကို ဒီအစွမ်းထက်ဆေးလုံးကို မပေးတော့ဘူး… ဒါပေမဲ့ အစားထိုးအနေနဲ့ နောက်ပိုင်း ဖေဖေမရှိတဲ့အခါကျရင် မင်းရဲ့သိုင်းပညာကို ငါပဲ လမ်းညွှန်ပေးမယ်… ငါလည်း သိုင်းပညာကောင်းကောင်းလေ့ကျင့်ချင်နေတာနဲ့ အတော်ပဲ… ဆရာတူမောင်လေးကိုလည်း တစ်ခါတည်း လမ်းညွှန်ပေးလိုက်မယ်… ဖေဖေ… ကောင်းတယ် မဟုတ်လား…”
ကောရှန်က မျက်လုံးတစ်ဖက်မှိတ်ပြ၍ ပန်းကိုးမျိုး မြရည်စမ်းဆေးလုံးကို ကိုင်ထားသောလက်ကလေးကို ပြန်ရုပ်သိမ်းလိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော စကားများကို အေးအေးဆေးဆေး ပြောဆိုလိုက်သည်။
ကောကျင့်က သူမ ရုတ်တရက်ဤမျှနားလည်တတ်လာသည်ကို မြင်သောအခါ ကျေနပ်စွာဖြင့် ခေါင်းညိတ်၍ ပြောလိုက်သည်။
“ကောင်းပြီ… မင်းတို့သုံးယောက်က ဆရာတူမောင်နှမတွေပဲ… ချစ်ခင်စည်းလုံးကြပြီး အတူတကွ တိုးတက်ကြရမယ်…”
‘ဖူး…’
ချူကျန့်မှာ သွေးအန်ချင်စိတ်ပင် ဖြစ်ပေါ်လာသည်။ သူ ဤကောင်မလေးကို ရှောင်ရှားရန် နည်းလမ်းမျိုးစုံဖြင့်ကြိုးစားပြီး ပန်းကိုးမျိုး မြရည်စမ်းဆေးလုံးကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
ရလဒ်မှာမူ သုံးယောက်သား အတူတကွ သိုင်းလေ့ကျင့်ရမည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ဤကောင်မလေးက ရိုးသားသော ကောဖော့လုမဟုတ်ပေ။ သူ တစ်ချက်လေးသတိလစ်သွားပါက သူမက သူ၏အမှားကို ဖော်ထုတ်နိုင်ပေသည်။
“ဒါပေမဲ့…”
ကောကျင့်က အမိန့်ပေးပြီးပြီဖြစ်သဖြင့် ချူကျန့်မှာ ဦးနှောက်ကို အမြန်အလုပ်လုပ်စေ၍ ငြင်းဆန်ရန် အကြောင်းပြချက်ကို ရှာဖွေလိုက်သည်။
‘တွေ့ပြီ…’
“ဆရာတူအစ်မက လက်မထပ်ရသေးတဲ့ မိန်းကလေးဖြစ်နေတော့ ကျွန်တော်တို့နဲ့ အတူတူသိုင်းလေ့ကျင့်ရင် ကောလာဟလတွေ ထွက်လာနိုင်မလား…”
ချူကျန့်က ကောကျင့်အနားသို့ တိုးကပ်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ကောကျင့်ကမူ ရယ်မော၍ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့… ငါတို့ သိုင်းသမားတွေက ဒီလောက်များတဲ့စည်းကမ်းတွေကို ဂရုမစိုက်ဘူး… ပြီးတော့ ဒီကောင်မလေးက အရမ်းရူးသွပ်တယ်… သိုင်းလောကကလူတွေနဲ့ အမြဲတမ်းပေါင်းသင်းတယ်… သူတောင်းစားဂိုဏ်းက လူတွေနဲ့ အရက်သောက်ဖို့သွားတာ မရေမတွက်နိုင်အောင်ပဲ… မင်းတို့က ဆရာတူအစ်မနဲ့ ညီအကိုတွေပဲ… ပွင့်ပွင့်လင်းလင်းနေထိုင်ဆက်ဆံနေသရွေ့ ဘယ်သူက အတင်းအဖျင်းပြောမှာလဲ…”
ကောရှန်မှာ ချူကျန့်၏ စကားကို ရှင်းရှင်းလင်းလင်းမကြားလိုက်ရသော်လည်း ဖခင်၏တုံ့ပြန်မှုမှ တစ်စိတ်တစ်ပိုင်းကို ခန့်မှန်းမိပြီး စိတ်ထဲတွင် ခံစားချက်မျိုးစုံဖြစ်ပေါ်လာသည်။
‘ဒီဆရာတူမောင်လေးက အချိန်တိုင်း ငါ့ရဲ့ကိစ္စကိုပဲ ဦးစားပေးစဉ်းစားပေးတယ်… တကယ်ပဲ… ငါ မှားမခန့်မှန်းခဲ့ဘူး… ညက သူ့ရဲ့လုပ်ရပ်တွေအားလုံးက ငါ့ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့ပဲ…’
သူမ၏ မျက်လုံးများက လှုပ်ရှားသွားပြီး ချူကျန့်ကိုကြည့်သော အကြည့်တွင် နူးညံ့မှုအနည်းငယ် ထပ်လောင်းပါဝင်လာသည်။
ကောကျင့်က ဤသို့ပြောပြီးပြီဖြစ်သဖြင့် ချူကျန့်မှာ အကူအညီမဲ့စွာဖြင့် “ဟုတ်ကဲ့…” ဟုသာ ဖြေကြားလိုက်ရသည်။
သို့သော်လည်း ချူကျန့်မှာ ဉာဏ်ထက်မြက်သူဖြစ်သဖြင့် မကြာမီပင် ဖြေရှင်းနည်းကို ရှာတွေ့လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ မင်းကို တက်တက်ကြွကြွကြီး မလမ်းညွှန်ခိုင်းနိုင်ဘူး… မင်းက အတင်းလမ်းညွှန်ပေးချင်ရင် ငါက အရည်အချင်းနိမ့်ကျတဲ့ပုံ ဆက်ဟန်ဆောင်နေမယ်… မင်းက မင်းအဖေထက် ပိုပြီးစိတ်ရှည်နိုင်မယ်လို့ ငါမယုံဘူး…။