← Chapters

ထူးဆန်းသော ကံကြမ္မာတစ်ခု ထပ်မံရောက်ရှိလာခြင်း

Vol. 2 Ch. 26

ထူးဆန်းသော ကံကြမ္မာတစ်ခု ထပ်မံရောက်ရှိလာခြင်း

Vol. 2 Ch. 26

ကောကျင့်က ချူကျန့်အား တောင်ပိုင်းတောင်တန်း လက်ဝါးသိုင်းကို ဆက်လက် သင်ကြားပေးခဲ့သည်။

သို့သော် တစ်မနက်ခန့်သာ သင်ကြားပြီးချိန်တွင် တစ်စုံတစ်ယောက်က လာခေါ်သွား၏။

သိုင်းလောကမှ မိတ်ဆွေများ လာရောက်လည်ပတ်ပုံရပြီး လာရောက်သူများမှာ ဒါလီဘက်မှ သိုင်းသမားများ ဖြစ်ပုံရသည်။

ကောဖော့လုက ထူးဆန်းစွာ ပြောလိုက်သည်။

“အစ်မနှစ်… ဒီရက်ပိုင်း အဖေ့ဆီ လာလည်တဲ့ သိုင်းလောကက လူတွေ အရင်ကထက် အများကြီး ပိုများလာတယ်…”

သိုင်းလေ့ကျင့်ကွင်းထဲတွင် သူနှင့် အရင်းနှီးဆုံး အစ်မနှစ်နှင့် အစ်ကိုကျွင်းတို့သာ ရှိနေသောကြောင့် ဖြစ်မည်။ ကောဖော့လုမှာ စကားများနေ၏။

“မွန်ဂိုစစ်တပ်ကြီး တောင်ပိုင်းကို စစ်ချီလာတော့မယ့် အရိပ်အယောင်တွေ ရှိတယ်လို့ ကြားတယ်… အဖေက သူရဲကောင်းဖိတ်စာတွေ အများကြီးဖြန့်ပြီးတော့ မွန်ဂိုတွေကို တူတူခုခံဖို့ တစ်နိုင်ငံလုံးက သူရဲကောင်းတွေကို စုစည်းမလို့တဲ့… အခုရောက်လာတဲ့ သူတွေက သတင်းကြားပြီး အရင်ရောက်လာကြတဲ့ သူရဲကောင်းတစ်ချို့ပဲ… ကြည့်လေ… ဦးလေးကျူးကျစ်လျိုတောင်မှ အဖေ့ကို သူရဲကောင်းညီလာခံ ကျင်းပဖို့ ကူညီပေးမလို့ စောစော ရောက်လာတာ မဟုတ်ဘူးလား… ဟုတ်သားပဲ မောင်လေးသုံး… အဖေက သူရဲကောင်းဖိတ်စာတွေ ပို့ဖို့ လူရှာနေတယ်တဲ့… အဲဒီအခါကျရင် မင်း ငါနဲ့တူတူ လိုက်ပို့မလား… သိုင်းလောကထဲ လျှောက်သွားပြီး အမြင်ကျယ်အောင် လုပ်လို့ရတယ်နော်…”

ကောဖော့လုက မဝံ့မရဲနှင့် ခေါင်းမညိတ်ရဲဘဲ တိုးတိုးလေး ပြောလိုက်သည်။

“အဲဒီအခါကျရင် အဖေနဲ့အမေ စီစဉ်တဲ့အတိုင်းပဲ လုပ်ရမှာပေါ့… သူတို့က သွားခိုင်းရင် သွားမယ်…”

“နင်ကတော့လေ… တကယ့် အဘိုးကြီးကျနေတာပဲ… သတ္တိတစ်စက်မှ မရှိဘူး…”

ကောရှန်၏ အကြည့်က ချူကျန့်အပေါ်သို့ ထပ်မံ ကျရောက်သွား၏။

‘သိုင်းလောကထဲမှာ လျှောက်သွားစရာ ဘာများကောင်းလို့လဲ… သိုင်းလောကထဲ သွားရမယ် ဆိုရင်တောင် မင်းလို ကောအိမ်က သခင်မလေးနှစ်နဲ့တော့ အတူတူ မသွားချင်ဘူး…’

ချူကျန့်က သူမ၏ အကြည့်ကို သတိမပြုမိဟန်ဆောင်၍ ဘေးတွင် တောင်ပိုင်းတောင်တန်း လက်ဝါးသိုင်းကို ‘အပြင်းအထန်’ ကျင့်ကြံနေလိုက်၏။

ကောရှန်က သူ စကားဝိုင်းထဲသို့ ဝင်မလာလိုကြောင်း မြင်သောအခါ ပြုံးစိစိလုပ်၍ သူ့အနားတွင် ရပ်ကာ သူ၏ သိုင်းကျင့်ပုံကို ကြည့်နေလိုက်သည်။ သူမက သူ၏ သိုင်းပညာ အရည်အချင်း မည်မျှ နက်ရှိုင်းသည်ကို သိမြင်လိုဟန်ရှိ၏။

ချူကျန့်ကဲ့သို့သော လျှို့ဝှက်သိုင်းပညာရှင်တစ်ယောက်၏ အားနည်းချက်ကို သူမ မည်သို့ မြင်နိုင်မည်နည်း။

သူက တောင်ပိုင်းတောင်တန်း လက်ဝါးသိုင်းမှ ပထမဆုံး အကွက် သုံးဆယ်ကိုသာ တစ်သွေမတိမ်း ကျင့်ကြံနေလိုက်သည်။

သို့သော် ကောဖော့လုက သူ့အား မျှော်လင့်တကြီး စိုက်ကြည့်ကာ တစ်စုံတစ်ခု ပြောလိုဟန် ရှိနေသည်ကို သူ သတိပြုမိသွား၏။

‘ဒီကောင်လေးက ‘ဆရာ’ လုပ်ရတာကို စွဲလမ်းနေပြီပဲ… ကောင်းလိုက်တာ… ကောရှန်လို မိန်းကလေးတစ်ယောက်က လာလမ်းညွှန်နေစရာမလိုဘဲ မင်းကိုပဲ ငါ မေးတော့မယ်…’

သို့ဖြစ်၍ ချူကျန့်က မနေ့ကကဲ့သို့ပင် ကောဖော့လုထံမှ လမ်းညွှန်မှုများ တောင်းခံလိုက်သည်။ ကောရှန်ကမူ ဘာစကားမှ ဝင်မပြောဘဲ ဘေးတွင် အပျိုစင်ယွဲ့ဓားအလှကို ကျင့်ကြံရင်း သူတို့နှစ်ယောက်၏ အမေးအဖြေများကို စိတ်ဝင်တစား နားထောင်နေ၏။

နေ့လည်ခင်းတစ်ခုလုံးက ဤသို့ပင် ကုန်ဆုံးသွားသည်။ ဘေးနားမှ ဓားသိုင်းသံနှင့် အခါအားလျော်စွာ သူ့ထံသို့ ကျရောက်လာသော အကြည့်များသာ မရှိပါက ချူကျန့်မှာ ကောရှန် ရှိနေသည်ကိုပင် သတိပြုမိမည် မဟုတ်ချေ။

‘တကယ် ထူးဆန်းလိုက်တာ… ဒီမိန်းကလေး တကယ် အားနေသလား… ဒါမှမဟုတ် ဓားသိုင်းကို ကြိုးစားကျင့်ကြံဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တာလား…’

မည်သို့ပင် ဖြစ်စေ ကောရှန်က သူ့ကို လာမနှောင့်ယှက်သဖြင့် သူမှာလည်း အေးအေးဆေးဆေး ရှိနေ၏။ သို့ဖြစ်၍ သူက သူ၏ အစီအစဉ်အတိုင်း ကောဖော့လုနှင့် ရင်းနှီးမှု တည်ဆောက်ခြင်းကို ဆက်လုပ်လိုက်သည်။

ညနေစောင်းသောအခါ အိမ်စေတစ်ယောက်က လာရောက် အကြောင်းကြား၏။ သခင်ကြီးက သခင်လေး သခင်မလေးနှင့် သခင်လေးချူတို့ကို ဧည့်ခန်းမသို့ ဧည့်သည်များနှင့် တွေ့ဆုံရန် ဖိတ်ခေါ်လိုက်သည်ဟု ဆို၏။

ချူကျန့်မှာ သိုင်းလောကမှ လူများနှင့် ပြောဆိုဆက်ဆံရန် စိတ်မဝင်စားပေ။ ထို့အပြင် ကောရှန်၏ နက်မှောင်သော ကျောက်မျက်ရတနာကဲ့သို့ မျက်လုံးများက သူ့အပေါ်သို့ တကျွိကျွိ လှည့်ပတ်ကြည့်နေသည်ကို မြင်သောအခါ သူ ဘာကြံစည်နေသည်ကို မသိနိုင်ပေ။

သို့ဖြစ်၍ သူက အဝတ်အစားလဲရန် အကြောင်းပြ၍ ကောရှန် မောင်နှမနှစ်ယောက်ကို ရှေ့မှ သွားနှင့်ခိုင်းလိုက်၏။ သူတို့နှင့် အတူ မသွားလိုသောကြောင့် ဖြစ်သည်။

ညမိုးချုပ်လာသည်နှင့် ကောင်းကင်ကြီးတစ်ခုလုံးမှာ မီးခိုးရောင် မှိုင်းမှိုင်း ဖြစ်သွားသည်။ ကံကောင်းသည်မှာ ကောစံအိမ်၌ နေရာတိုင်းတွင် အိမ်စေများက မီးအိမ်များ ထွန်းညှိထားသဖြင့် မြေပြင်ပေါ်မှ ကျောက်စရစ်ခဲလမ်းကို ကောင်းစွာ မြင်ရ၏။

နွေမိုးစက်ဥယျာဉ်သို့ အပြန်လမ်းတွင် ချူကျန့်၏ စိတ်ထဲ၌ ကောရှန် မခွဲခွာမီ ပြန်လှည့်ပြုံးပြသွားသော အပြုံးတစ်ခုက ပြန်ပေါ်လာသည်။

“ဒီမိန်းကလေး တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားနေရတယ်… သူ ဘာကြံစည်နေလဲ မသိဘူး…”

ချူကျန့်က မျက်မှောင်ကြုတ်လိုက်သည်။ ကောရှန်က အလွန်ပင် ဉာဏ်ကောင်းပြီး ကလေးဆန်စွာ စပ်စုတတ်သူ ဖြစ်၏။

ချူကျန့်ကဲ့သို့ သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူပင် သူမ၏ စိတ်ကို မဖတ်နိုင်ချေ။

တစ်ခုတည်း သေချာသည်မှာ သူမ၌ ရန်လိုစိတ် မရှိခြင်းပင်။ သတ်ဖြတ်လိုစိတ် သို့မဟုတ် ရန်လိုစိတ် တစ်စက်ကလေးမျှ ရှိလျှင်ပင် ချူကျန့်၏ ထက်မြက်သော အာရုံခံစားမှုမှ လွတ်ကင်းနိုင်မည် မဟုတ်ချေ။

‘ထားလိုက်တော့… မိန်းကလေးတစ်ယောက်ရဲ့စိတ်က ဇွန်လရာသီဥတုထက်တောင် ပြောင်းလဲတတ်တာ… မနှောင့်ယှက်နိုင်ရင် ရှောင်နေရုံပဲ… မနက်ဖြန် ဖျားချင်ယောင်ဆောင်ပြီး ကောကျင့်နဲ့ သိုင်းမကျင့်တော့ရင် ကောင်းမယ်… မော့ဟွားကိုခေါ်ပြီး ကောဖော့လုကို နွေမိုးစက်ဥယျာဉ်ကို ဖိတ်ခိုင်းလိုက်ရင် ရင်းနှီးမှုကို ဆက်ပြီး တည်ဆောက်လို့ရသေးတာပဲ…’

ချူကျန့် စဉ်းစားနေစဉ်မှာပင် သူ့မျက်စိရှေ့၌ အဖြူရောင် အရိပ်လေးတစ်ခုက ရှပ်ခနဲ ဖြတ်ပြေးသွားပြီး မျက်စိတစ်မှိတ်အတွင်း မြက်ခင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။ သူ၏ လှုပ်ရှားမှုက အလွန်ပင် လျင်မြန်လှသည်။

‘မြန်လိုက်တဲ့ အရှိန်…’

ချူကျန့်၏ အမြင်အာရုံသာ မကောင်းပါက ဤသည်မှာ ဘာလဲဟုပင် ကောင်းစွာ မြင်နိုင်မည် မဟုတ်ချေ။

‘ဒါ မီးခိုးဖြူရောင် မြွေပါကတိုးလေးတစ်ကောင်လား… သူ့အရှိန်က သာမန် မြွေပါကတိုးထက် အနည်းဆုံး သုံးဆလောက် ပိုမြန်တယ်… ပုံမှန်တော့မဟုတ်ဘူး… နောက်ပြီး မြွေပါကတိုးတွေက တောနက်ထဲမှာမှ ရှိတာလေ ကောစံအိမ်ထဲ ဘယ်လိုလုပ် ရောက်နေတာလဲ…’

ချူကျန့်က သူ၏ ကံကောင်းမှုအမှတ် ၄၀ နှင့် အချိန်မရွေး ပေါ်ပေါက်လာနိုင်သော ‘ထူးခြားသော ကံကြမ္မာ’ တို့ကို သတိရ၍ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။

‘နောက်ထပ် ထူးခြားတဲ့ ကံကြမ္မာတော့ မဖြစ်ပါစေနဲ့…’

ချူကျန့်မှာ စူးစမ်းလိုစိတ် တစ်စက်မျှ မရှိဘဲ ခြေလှမ်းကို မြှင့်တင်၍ ထိုထူးဆန်းသော မြွေပါကတိုးနှင့် ဝေးရာသို့ ရှောင်ထွက်သွားလိုက်သည်။

မီတာ ဆယ်ဂဏန်းခန့် လျှောက်ပြီးနောက် ဘာမှ ထူးခြားမှု မတွေ့သောအခါ ချူကျန့်က စိတ်အေးသွားတော့မည် အပြုတွင် ရုတ်တရက် သူ့ရှေ့မှ အစိမ်းရောင် ဝတ်စုံနှင့် လှပသော မိန်းကလေးတစ်ယောက် ပြေးထွက်လာသည်။

သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း အော်ခေါ်နေ၏။

“မြွေပါလေး… နင် ဘယ်မှာလဲ… မြန်မြန်ပြန်လာခဲ့… ငါ နင့်အတွက် အစာ ရှာတွေ့ပြီ…”

ချူကျန့် စိတ်ထဲ၌ တွေးလိုက်သည်။

‘အော်… အစောက မြွေပါလေးက သူ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်ကိုး….’

သူက ပြဿနာ မရှာလိုသဖြင့် ဘေးသို့ ရှဲ၍ လမ်းဖယ်ပေးလိုက်သည်။ မထင်မှတ်ဘဲ ထိုမိန်းကလေးက သူ့ရှေ့တွင် ရပ်တန့်၍ မေးလိုက်၏။

“ဟေး… မင်း ငါ့မြွေပါလေးကို တွေ့မိသေးလား…”

သူမ၏ အသံက နူးညံ့ပြီး ယဉ်ကျေးလှသော်လည်း ယူနန်နယ်မှ လေသံ ဖြစ်သည်။

အကြောင်းမဲ့ ပေါ်ထွက်လာသော ဤမိန်းကလေးကြောင့် ချူကျန့်မှာ ဤသည်က ‘ထူးခြားသော ကံကြမ္မာ’ ဖြစ်ကြောင်း ထပ်မံ ယုံကြည်သွားသည်။

‘ကျစ်… မင်းရဲ့ ဂိမ်းစနစ်က လူကို အေးအေးဆေးဆေး နေခွင့်မပေးတော့ဘူးလား…’

ချူကျန့်က တိတ်တဆိတ် သတိထားလိုက်သော်လည်း သူ့ရှေ့မှ မိန်းကလေးမှာ ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်ခန့်သာ ရှိဦးမည် ဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းနှင့် ချစ်စရာကောင်းကာ ကလေးဆန်မှု မကုန်သေးချေ။

ကိုယ်လုံးကိုယ်ပေါက်မှာလည်း သွယ်လျပြီး အမူအရာကလည်း အပြစ်ကင်းစင်ကာ ရန်လိုစိတ် မရှိပုံရ၏။ သူမ၏ ခါးတစ်ဖက်တစ်ချက်စီ၌ သားရေအိတ် တစ်လုံးစီ ချိတ်ဆွဲထားပြီး ညာဘက်မှ သားရေအိတ်ထဲ၌ တစ်စုံတစ်ခု လှုပ်ရှားနေသည်။

‘နောက်ထပ် ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ပဲ…’

ချူကျန့်က ပြဿနာမရှာတာက အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။

‘မြွေပါလေး ရှိတဲ့နေရာကို ညွှန်ပြလိုက်ရင် ဒီမိန်းကလေးက ငါ့ကို မြွေပါလေး ဖမ်းပေးဖို့ ပူဆာနေရင် ဘယ်လိုလုပ်မလဲ… ဒါဆိုရင် ငါ ထူးခြားတဲ့ ကံကြမ္မာထဲကို ကျရောက်သွားမှာပေါ့…’

‘အခြေအနေ သုံးဆယ့်ခြောက်မျိုးမှာ ထွက်ပြေးတာ အကောင်းဆုံးပဲ…’

ချူကျန့်က ချက်ချင်းပင် ခေါင်းခါ၍ မမြင်ကြောင်း အမူအရာပြလိုက်ပြီး ထိုမိန်းကလေး ထပ်မမေးခင်မှာပင် ခြေလှမ်းကို မြှင့်တင်၍ ထွက်ခွာသွားတော့သည်။

မိန်းကလေးက သူ့နောက်မှ “ဟေး… ဟေး…” ဟု နှစ်ကြိမ်တိုင် အော်ခေါ်သော်လည်း ချူကျန့်မှာ မကြားဟန်ဆောင်နေလိုက်၏။

ခဏအကြာ လမ်းလျှောက်၍ လမ်းချိုးတစ်ခုသို့ ရောက်သောအခါ ထိုမိန်းကလေး လိုက်မလာသည်ကို ချူကျန့် တွေ့လိုက်ရသည်။

ထို့အပြင် သူမ၏ မြွေပါလေးကို ခေါ်သံကလည်း တဖြည်းဖြည်း ဝေးကွာသွားပြီး ပျောက်ကွယ်သွားသည်ကို ကြားသောအခါ သူ သက်ပြင်းချနိုင်ပြီး စိတ်ထဲမှ ကျိတ်၍ ကျေနပ်စွာ ပြုံးလိုက်သည်။

‘ဟွန့်… ထူးခြားတဲ့ ကံကြမ္မာ ဖြစ်တော့ ဘာဖြစ်လဲ… ငါ ရှောင်တတ်တယ်ကွ… သတိထားပြီး အကျိုးအကြောင်း မဆက်စပ်ရင် မင်းရဲ့ ထူးခြားတဲ့ ကံကြမ္မာက ဘာကစားကွက်မှ ထုတ်သုံးနိုင်မှာ မဟုတ်ဘူးလို့ ငါ မယုံဘူး…’

“ရှပ်…”

သူ့ဘေးမှ အဖြူရောင် အရိပ်တစ်ခု ဖြတ်ပြေးသွားသောအခါ ချူကျန့်၏ မျက်နှာပေါ်မှ အပြုံးက ခဲသွားသည်။

အကြောင်းမှာ အစောက လျှပ်စီးမြွေပါက မီတာအနည်းငယ်အကွာမှ ကျောက်စရစ်ခဲလမ်းပေါ်တွင် ထိုင်နေပြီး ပါးစပ်ထဲ၌ ဘယ်မှန်းမသိ ရှာတွေ့လာသော အစိမ်းရောင် အဆိပ်ပြင်းမြွေတစ်ကောင်ကို ကိုက်ချီထားသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

သူ၏ မျက်လုံးငယ် နှစ်လုံးက သူ့ကို စိုက်ကြည့်နေပြီး သတိထားမှုနှင့် ရန်လိုမှုတို့ဖြင့် ပြည့်နှက်နေ၏။

ချူကျန့်က ကမန်းကတန်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

“ဟေး… မြွေပါလေး… မင်းအပေါ်မှာ ငါ ဘာရန်လိုစိတ်မှ မရှိဘူးနော်… မင်းနဲ့ ဘာမှမပတ်သက်ချင်ဘူး… မင်းဟာမင်းစား… ငါ အရင်သွားနှင့်ပြီ…”

ချူကျန့်က ထူးဆန်းသော သတ္တဝါငယ်များစွာကို မြင်ဖူး၏။ လျှပ်စီးမြွေပါက အဆိပ်ပြင်းမြွေကို ကိုက်ချီထားသဖြင့် အဆိပ်ကို အစာအဖြစ် စားသုံးသည်မှာ ထင်ရှားသည်။ သူ့ကိုယ်၌လည်း အဆိပ်ရှိမည်မှာ သေချာသဖြင့် သူမှာ ယင်းနှင့် မပတ်သက်လိုပေ။

လျှပ်စီးမြွေပါက လမ်းအလယ်တွင် ပိတ်ရပ်နေသည်ကို မြင်သောအခါ ချူကျန့်မှာ အစောက မိန်းကလေးနှင့် ပြန်မတွေ့လိုသောကြောင့် နောက်ပြန်မသွားလိုတော့ဘဲ မြက်ခင်းထဲသို့ ဝင်နင်းသွားလိုက်၏။

ခြေလှမ်း ဆယ်လှမ်းခန့် လျှောက်၍ ကျောက်စရစ်ခဲနှင့် မြက်ပင်များ စုပုံနေသောနေရာသို့ ရောက်သောအခါ မြက်ခင်းထဲမှ ရုတ်တရက် “အုံးဂွမ်… အုံးဂွမ်… အုံးဂွမ်…” ဟူသော ကျယ်လောင်သည့် အသံ သုံးကြိမ် ထွက်ပေါ်လာသည်။

အသံက နွားအော်သံနှင့် တူသော်လည်း ပို၍ ကြေကွဲဖွယ် ကောင်းလှ၏။ ဘယ်လို သတ္တဝါကြီးမှန်း မသိချေ။ ချူကျန့်က မြက်ခင်းထဲတွင် မြွေကဲ့သို့သော အရာများ ရှိ၊ မရှိ သတိထားနေခဲ့သော်လည်း သူ့ခြေထောက်နားမှ ဤသို့သော ထူးဆန်းသည့် အသံ ထွက်ပေါ်လာမည်ဟု လုံးဝ မထင်ထားခဲ့ပေ။

သူက သတ္တိမည်မျှ ကောင်းပြီး ထူးဆန်းသော သားရိုင်းတိရစ္ဆာန်များ မည်မျှ တွေ့ဖူးသည် ဖြစ်စေ ဤတစ်ကြိမ်တွင်မူ အလွန်ပင် ထိတ်လန့်သွား၏။

ချူကျန့်က လန့်ဖျန့်သွားပြီး မစဉ်းစားတော့ဘဲ နောက်သို့ အလျင်အမြန် ဆုတ်ရန် မြက်ပေါ်ပျံ ကိုယ်ဖော့ပညာကို ထုတ်သုံးလိုက်သည်။ သို့သော် သူက ဤသည်မှာ ဂိမ်းထဲတွင် ဖြစ်ပြီး လက်တွေ့ဘဝ မဟုတ်ကြောင်း မေ့လျော့နေ၏။

ဂိမ်းကမ္ဘာထဲ၌ သူ၌ အတွင်းအား အနည်းငယ်သာ ရှိပြီး ကိုယ်ဖော့ပညာကို မည်သို့ ထုတ်သုံးနိုင်မည်နည်း။ ရလဒ်အနေနှင့် သူက ချော်လဲမလို ဖြစ်သွားသည်။ ကံကောင်းသည်မှာ သူက သွက်လက်သောကြောင့် လဲကျတော့မည့်ဆဲဆဲတွင် လက်တစ်ဖက်ဖြင့် မြေကြီးကို ထောက်၍ ခုန်တက်ကာ နောက်ပြန်လှည့်ကွက် အနည်းငယ်ဖြင့် ကျောက်စရစ်ခဲလမ်းပေါ်သို့ ပြန်ရောက်လာခဲ့သည်။

သူက စိတ်တည်ငြိမ်သွားပြီး “အုံးဂွမ်” ဟု အော်ဟစ်သော ထိုအကောင်မှာ ဘာလဲဟု ကြည့်ရှုရန် အချိန်မရသေးခင်မှာပင် ရုတ်တရက် ခြေသလုံး၌ နာကျင်သွားပြီး အရိပ်တစ်ခု လျှပ်ပြေးသွားသည်။

ထိုလျှပ်စီးမြွေပါက သူ့ဘေးမှနေ၍ တစ်လံခန့်အကွာသို့ ခုန်ထွက်သွားပြီး ပါးစပ်မှ အသံကို ပြုကာ ရန်လိုစိတ်ကို အထင်အရှား ပြသလိုက်၏။

ချူကျန့်က သူ ရပ်နေသောနေရာမှာ အစောက လျှပ်စီးမြွေပါ ထိုင်နေသောနေရာ ဖြစ်ပြီး သူ့ခြေထောက်နား၌ တစ်ဝက်ခန့် စားပြီးသား အစိမ်းရောင်မြွေတစ်ကောင် ရှိနေသည်ကို သတိပြုမိသွား၏။

ထင်ရှားသည်မှာ လျှပ်စီးမြွေပါက သူက သူ့အစားအစာကို လုယူသည်ဟု ထင်မှတ်ကာ သူ့ကို တစ်ချက် ကိုက်လိုက်ခြင်း ဖြစ်၏။

‘မှားနေပြီ မဟုတ်လား… ကံကောင်းမှုအမှတ် ၄၀ က မင်းကို ဒီလို ကံဆိုးတဲ့ တိုက်ဆိုင်မှုမျိုး ပေးတာလား…’

ချူကျန့်မှာ ငိုချင်လျက် လက်တို့ ဖြစ်နေသည်။

All Chapters