← Chapters

မီးပုံပေါ်တင် အကင်ခံရသည့်အထိ နာမည်ကြီးခြင်း

Vol. 2 Ch. 28

မီးပုံပေါ်တင် အကင်ခံရသည့်အထိ နာမည်ကြီးခြင်း

Vol. 2 Ch. 28

မည်မျှကြာသွားသည်မသိ ဝေဝါးနေစဉ်၌ ချူကျန့်က သူ၏ အစာအိမ်ထဲမှ မီးသွေးခဲကဲ့သို့ ပူလောင်သော အငွေ့တစ်လိုင်း ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူ့မှာ နာကျင်လွန်းသဖြင့် ရုတ်တရက် အသိပြန်ဝင်လာ၏။

ထို့နောက် ထိုအငွေ့က အစာအိမ်မှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ချွမ်ကျန်းအတွင်းအားကျင့်စဉ် ပထမအဆင့် လမ်းကြောင်းအတိုင်း လည်ပတ်ကာ ရန် နှင့် သု သွေးကြောနှစ်မျိုးလုံးမှ အပိတ်အဆို့များကို ချိုးဖျက်၍ အောက်ပိုင်းဒန်တျန်သို့ စုစည်းသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

‘အမ်… ဘာဖြစ်တာလဲ… ‘

ချူကျန့်က ထိတ်လန့်စွာ ထထိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ အားအင်များ ပြန်လည်ရရှိလာပြီး အဆိပ်သင့်မှု လက္ခဏာများအားလုံး ပျောက်ကွယ်သွားသည့်အပြင် တစ်ကိုယ်လုံးမှာလည်း လန်းဆန်းပြီး ခွန်အားများဖြင့် ပြည့်လျှံနေသည်ကို တွေ့လိုက်ရ၏။

သူ အံ့ဩနေစဉ်မှာပင် သူ၏ နားထဲ၌ ဂိမ်းစနစ်မှ သတိပေးသံများ ထွက်ပေါ်လာ၏။

“သင်သည် နတ်ဘုရားအဆင့်ကောင်းကင်ရတနာ မန်ကူဖားနီကို စားသုံးပြီးသဖြင့် သင့်ခန္ဓာကိုယ်မှာ အဆိပ်တစ်ရာ မဝင်နိုင်သော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်”

ချူကျန့် လန့်ဖြတ်သွား၏။

‘ဘာ… နတ်ဘုရားအဆင့်ကောင်းကင်ရတနာလား… ငါ ကြားတာ မမှားဘူးမလား… အစောက ရုပ်ဆိုးတဲ့ ဖားပြုတ်က ဂိမ်းထဲမှာ အမြင့်ဆုံး ကောင်းကင်ရတနာလား… တကယ်လား…’

သူ သတိပြန်မဝင်ခင်မှာပင် ဂိမ်းမှ သတိပေးသံများက ဆက်တိုက် ထွက်ပေါ်လာ၏။

“တင်…သင်သည် နတ်ဘုရားအဆင့်ကောင်းကင်ရတနာ မန်ကူဖားနီကို စားသုံးပြီး မန်ကူဖားနီ၏ သွေးဖြင့် ပြုစုပျိုးထောင်ခြင်း ခံရသဖြင့် မွေးရာပါ အရိုးအကြော ၁၀ မှတ် တိုးလာသည်”

“တင်… သင်သည် နတ်ဘုရားအဆင့်ကောင်းကင်ရတနာ မန်ကူဖားနီကို စားသုံးပြီး ရန် နှင့် သု သွေးကြောနှစ်မျိုးလုံးကို အတင်းအကျပ် ဖွင့်လှစ်ခြင်း ခံလိုက်ရသည် ချွမ်ကျန်းအတွင်းအားကျင့်စဉ်မှာ ဒုတိယအဆင့်သို့ တိုးမြှင့်သွားပြီ ဖြစ်သည်”

‘ဘာ… ဒါက ဘယ်လို အခြေအနေကြီးလဲ’

ချူကျန့်မှာ လုံးဝ ကြက်သေသေသွား၏။

ဂိမ်းမှ သတိပေးသံ ဒုတိယအကြိမ် ထွက်ပေါ်လာစဉ်ကပင် သူက တစ်ခုခု မှားနေပြီဟု ခံစားခဲ့ရသော်လည်း အပေါစား ဖားပြုတ်က သူ့ကို ဆိုးကျိုးများ သယ်ဆောင်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

အရိုးအကြောမှာ ၁၀ မှတ်တိတိ တိုးလာပြီး ထိုအမှတ်မှာ ဟွမ်ရုံက သူ့အား ပြုပြင်ပေး၍ ရရှိခဲ့သော အရိုးအကြောနှင့်မတူဘဲ မွေးရာပါ အရိုးအကြော ဖြစ်သည်။

မွေးရာပါ အရိုးအကြောနှင့် ပြုပြင်ပေးသော အရိုးအကြောတို့မှာ သိုင်းကျင့်ရာ၌ အကျိုးသက်ရောက်မှု မကွာခြားသော်လည်း အဆင့်မြင့်သိုင်းပညာရပ်များမှာ မွေးရာပါ အရိုးအကြောကို လိုအပ်ချက်ထားလေ့ရှိ၏။

သံမဏိကိုယ်ခန္ဓာသိုင်းကဲ့သို့သော သိုင်းပညာရပ်များကို ကျင့်ကြံ၍ နောက်မှရသော အရိုးအကြောများ မည်မျှ တိုးလာသည်ဖြစ်စေ မွေးရာပါ အရိုးအကြော မပြည့်မီပါက အဆင့်မြင့်သိုင်းပညာရပ်များကို ကျင့်ကြံနိုင်မည် မဟုတ်ချေ။

ချူကျန့်၏ မူလ မွေးရာပါ အရိုးအကြောမှာ ၁၀ မှတ်သာ ရှိပြီး အမှိုက်ထက်ပင် နိမ့်ကျကာ သိုင်းပညာ ကျင့်ကြံ၍ မရသလောက်ပင် ဖြစ်၏။ သို့သော် ယခု မွေးရာပါ အရိုးအကြော ၁၀ မှတ် တိုးလာသဖြင့် သူ့မှာ သာမန်လူတစ်ယောက်၏ အရည်အချင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

‘သာမန်လူအရည်အချင်း ဆိုတဲ့ ခေါင်းစဉ်ကို မင်းအမေကိုပဲ သွားပေးလိုက်စမ်းပါ…’

သူ၏ မူလ စီစဉ်ထားသော ပြီးပြည့်စုံသည့် အစီအစဉ်ကို ဆိုးရွားစွာ ထိခိုက်စေမည်မှာ သေချာ၏။

ချူကျန့်မှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် ရပ်မတတ် ဖြစ်သွားသည်။

သူ အခံရခက်ဆုံးမှာ သူ၏ ရန် နှင့် သု သွေးကြောနှစ်မျိုးလုံးကို အတင်းအကျပ် ဖွင့်လှစ်ခြင်း ခံလိုက်ရပြီး သူ၏ အတွင်းအား ကျင့်ကြံမှုမှာလည်း နှစ်ဆတိုးတက်သွားသည့်အပြင် ချွမ်ကျန်းအတွင်းအားကျင့်စဉ်မှာလည်း အဆင့်တိုးသွားခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ယခု သူမှာ မည်သို့ပင်ဖြစ်စေ သိုင်းကျင့်အရည်အချင်း ညံ့ဖျင်းသူဟု မဆိုနိုင်တော့ဘဲ ကောကျင့်၏ သိုင်းပညာကို ဆက်ခံရန် အရည်အချင်း ပြည့်မီသူ ဖြစ်သွားနိုင်ပြီး ကောကျင့်က သူ့အပေါ် မျှော်လင့်ချက်ထားကာ သူတတ်သမျှ သိုင်းပညာအားလုံးကို သင်ကြားပေးမည် ဖြစ်သည်။

သို့ဆိုလျှင် အေးအေးလူလူ ဒိုင်လျိုလေး နေထိုင်ပြီး ပန်းပဲလုပ်ငန်းနှင့် ဆေးဖော်စပ်ခြင်းဖြင့် ငွေရှာရန် မပြောနှင့် အချိန်မရွေး သူ မုန်းတီးရွံရှာလှသော အန္တရာယ်များသည့် သိုင်းလောကလမ်းကို ထပ်မံ လျှောက်လှမ်းရပေတော့မည်။

ချူကျန့်က မြေကြီးပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့စွာ ထိုင်ချလိုက်ပြီး မျက်ရည်မကျရုံတမယ် ဖြစ်နေ၏။

သူ ရလဒ်ကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ၏ ဆင်ခြင်တုံတရားက ထူးခြားသော ကံကြမ္မာမှ အကြီးမားဆုံး ဆုလာဘ် ဖြစ်ကြောင်း သူ့ကို ပြောပြနေ၏။

‘ကျစ်… ငါက လက်စားချေဖို့ အဆိပ်ပြင်းဖားတစ်ကောင်ကို ကိုက်သတ်လိုက်တာပဲကို… ဘာလို့ ဒီလောက် ပြဿနာများတဲ့ မတော်တဆမှုတွေ ဖြစ်လာရတာလဲ… ဒီလိုမှန်းသိရင် အစောကြီးကတည်းက လက်မှိုင်ချပြီး သေလိုက်တာမှ ကောင်းဦးမယ်… အရည်အချင်းအချို့ ကျသွားတာက ဒီရလဒ်ထက် အများကြီး ပိုကောင်းတယ်…’

ချူကျန့်က စဉ်းစားလေလေ ဒေါသထွက်လေလေ ဖြစ်လာ၏။

‘ဒါတွေအားလုံးက ဂိမ်းဒီဇိုင်နာတွေရဲ့ အမှားပဲ… ဘယ်လို ထူးဆန်းတဲ့ ဦးနှောက်ရှိလို့ ဒီရွံစရာကောင်းတဲ့ အဆိပ်ပြင်းဖားကို စားလိုက်ရင် ထူးခြားတဲ့ ကံကြမ္မာရဲ့ အကြီးမားဆုံး ဆုလာဘ်ကို ရမယ်လို့ ဒီဇိုင်းဆွဲရတာလဲ… ဒါ လုံးဝ မဖြစ်နိုင်ဘူး… ကစားသမား ဘီလီယံတစ်ယောက်မှာ တစ်ယောက်မှ စမ်းကြည့်မှာ မဟုတ်ဘူး… ဒါ ဘယ်လို တရားမျှတမှုမျိုးလဲ… ဒါ အာဏာအလွဲသုံးစားလုပ်တာ… ဒါ မဟုတ်မမှန်လုပ်တာ…’

ချူကျန့်က အသက်ပြင်းပြင်းရှူ၍ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

‘ထားလိုက်တော့… ဂိမ်းကထွက်ပြီးမှ တိုင်ကြားတော့မယ်… အခု အရေးအကြီးဆုံးက စိတ်ငြိမ်ငြိမ်ထားပြီး အရိုးအကြောနဲ့ ချွမ်ကျန်းအတွင်းအားကျင့်စဉ် အဆင့် ရုတ်တရက် တိုးလာတာကို ဘယ်လို ရှင်းပြမလဲဆိုတာ စဉ်းစားရမယ်…’

‘ထူးဆန်းတဲ့ ဖားတစ်ကောင် စားလိုက်တယ်လို့ ပြောရမလား… ဒါပေမဲ့ ဘယ်သူက အကြောင်းမဲ့ ဖားကို စားမှာလဲ… ပြီးတော့ ဖားစားလိုက်တာနဲ့ အရိုးအကြော အရည်အချင်း တိုးလာတယ်ဆိုတာ ဘယ်သူက ယုံမှာလဲ… ဒီလို ပြောလိုက်ရင် လူတွေက ငါ့ကို အရူးလို့ ထင်ကြမှာပဲ…’

ချူကျန့်၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်သန်းသွားပြီး နှစ်စက္ကန့် သုံးစက္ကန့်အကြာတွင် လေထဲမှ သူ့ကို ထိတ်လန့်စေသော ဂိမ်းသတိပေးသံများ ထပ်မံ ထွက်ပေါ်လာ၏။

“တင်…သိုင်းလောကကြေညာချက်: ကစားသမား ချူလော့ကျွင်းသည် မန်ကူဖားနီကို အောင်မြင်စွာ စားသုံးနိုင်ခဲ့ပြီး မဟာသိုင်းလောကခေတ် ဆာဗာအသစ်တွင် နတ်ဘုရားအဆင့်ကောင်းကင်ရတနာကို ပထမဆုံး စားသုံးနိုင်ခဲ့သော ကစားသမား ဖြစ်လာခဲ့သည်။ ထို့အပြင် ကျပန်းရွေးချယ်ထားသော အထူးပစ္စည်းတစ်ခုကို လက်ဆောင်အဖြစ် ရရှိမည် ဖြစ်သည်။ ဤဖြစ်ရပ်ကို ဆာဗာအသစ်၏ ပိုင်ရှောင်ရှန်း၏ မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်းတွင် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ကစားသမားအားလုံးက သူ့ကို စံနမူနာယူ၍ ကြိုးစားကြပါရန်နှင့် မိမိတို့၏ ထူးချွန်သော လုပ်ရပ်များကို ပိုင်ရှောင်ရှန်း၏ မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်းတွင် မှတ်တမ်းတင်နိုင်ရန် မျှော်လင့်ပါသည်။”

“တင်… သိုင်းလောကကြေညာချက်: ကစားသမား ချူလော့ကျွင်းသည် မန်ကူဖားနီကို အောင်မြင်စွာ စားသုံးနိုင်ခဲ့ပြီး ကောင်းကင်ရတနာ အဆင့်စာရင်းကို ဖွင့်လှစ်ရန် လိုအပ်ချက်ကို ပြည့်မီစေခဲ့သည်… ကောင်းကင်ရတနာ အဆင့်စာရင်းကို ဖွင့်လှစ်ပြီး ဖြစ်ပြီး ကစားသမားများက စနစ်လုပ်ဆောင်ချက်များတွင် ကိုယ်တိုင် ကြည့်ရှုနိုင်ပါသည်”

“ပလွတ်…”

ချူကျန့်၏ မျက်လုံးများ ပြာဝေသွားပြီး မူးလဲမတတ် ဖြစ်သွား၏။

‘ဒုက္ခပေါ် ဒုက္ခဆင့်တာပဲ… မင်းရဲ့ ဂိမ်းစနစ်က ငါ့ကို ဒုက္ခပင်လယ်ဝေအောင်ကို တွန်းပို့နေတာပဲ…’

သိုင်းဂိမ်းများတွင် အရေးအကြီးဆုံးက ဘာလဲ။ ထိပ်ဆုံးသုံးခုမှာ နတ်ဘုရားအဆင့် သိုင်းကျမ်းများ နတ်လက်နက်များနှင့် ကောင်းကင်ရတနာ နတ်ဆေးလုံးများ ဖြစ်သည်။

သူ သောက်သုံးခဲ့သော "မန်ကူဖားနီ" မှာ တတိယအမျိုးအစားဖြစ်ပြီး အမြင့်ဆုံးအမျိုးအစား ဖြစ်သည်။

ဤသို့သော နတ်ဘဏ္ဍာများအကြောင်း သတင်းတစ်စွန်းတစ်စ ထွက်ပေါ်လာသည်နှင့် သိုင်းလောက၌ သွေးချောင်းစီး တိုက်ပွဲများ ဖြစ်ပွားနိုင်၏။

ယခု သိုင်းလောကကြေညာချက်မှာ သူ ချူလော့ကျွင်း၌ "မန်ကူဖားနီ" ရှိကြောင်း ကစားသမားအားလုံးကို ပြောပြနေသကဲ့သို့ပင် ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ သူ့မှာ နာမည်ကြီးသွားသည့်အပြင် အလွန်ပင် နာမည်ကြီးသွားပြီး မီးပုံပေါ်တင် အကင်ခံရသည့်အထိ နာမည်ကြီးသွားခြင်း ဖြစ်သည်။

နတ်ဘုရားအဆင့်ကောင်းကင်ရတနာကို ဘယ်သူက မလိုချင်ဘဲ နေမည်နည်း။

ယခု ဆာဗာအသစ်မှ ကစားသမား သန်းတစ်ရာနီးပါးက ဤကြေညာချက်ကို ကြားသောအခါ မည်သို့ တုန်လှုပ်သွားမည်ကိုနှင့် မနာလိုဖြစ်နေသော အမူအရာများကို မှန်းဆနိုင်၏။

နောက်တွင် သူ့ကို ရှာရန် ရှန်ယန်မြို့သို့ ကစားသမား မည်မျှ လာရောက်မည်ကို မသိနိုင်ချေ။

ဓားဖြင့် သူ့ကို မန်ကူဖားနီ မည်သို့ ရှာတွေ့ခဲ့သည်ကို မေးမြန်းခြင်းက ယဉ်ကျေးသည်ဟု ဆိုရမည် ဖြစ်ပြီး ရိုင်းစိုင်းသောသူများမှာ သူ၏ သွေးကို စုပ်ယူ၍ မိမိကိုယ်ကို အားဖြည့်ရန်ပင် ကြိုးစားကြပေလိမ့်မည်။

ဤသို့သော ဥပမာများကို သူ ကွယ်ဝှက်သိုင်းကမ္ဘာ၌ မမြင်ဖူးသည် မဟုတ်ချေ။ ထောင်နှစ်သက်တမ်းရှိ လူသစ်ပင်တစ်ပင်ကို စားသုံးခဲ့သော လူငယ်တစ်ယောက်ကို လူပေါင်းများစွာက ဝိုင်းဝန်းစားသောက်ခဲ့သော ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို သတိရ၍ ချူကျန့်မှာ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ရင်ထဲ၌ အေးစက်သွား၏။

တစ်ခုတည်းသော ကံကောင်းသည့်အချက်မှာ ဤကြေညာချက်တွင် သူ၏ တည်နေရာကို မဖော်ပြထားခြင်း ဖြစ်သည်။

ထို့အပြင် ကောစံအိမ်မှာ ကစားသမားများ အလွယ်တကူ ဝင်ရောက်နိုင်သောနေရာ မဟုတ်သဖြင့် လောလောဆယ်တွင်မူ သူ ဘေးကင်းလုံခြုံနေသေးသည်ဟု ဆိုရမည်။

ချူကျန့်က သက်ပြင်းရှည်တစ်ချက်ချ၍ စိတ်ကို တည်ငြိမ်အောင် ကြိုးစားကာ မြက်ခင်းထဲမှ သူ၏ သံမဏိခရမ်းပြာဓားကို ပြန်ကောက်ယူလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤဓားက ငွေရှာပေးနိုင်သေးသည် မဟုတ်လား။

ထို့နောက် မြေပေါ်တွင် သေဆုံးနေသော သူ့ကို ဤသို့သော ဆိုးရွားသည့် အခြေအနေသို့ ရောက်စေခဲ့သည့် လျှပ်စီးမြွေပါကို ကြည့်လိုက်၏။

ချူကျန့်က သူ့ကို အရိုးပြာဖြစ်အောင် မီးရှို့ပစ်လိုသော်လည်း အလုပ်ရှုပ်လွန်းသည့်အပြင် လျှပ်စီးမြွေပါကို ရှာဖွေနေသော မိန်းကလေးမှာလည်း ကောစံအိမ်၌ ရှိနေသေးသဖြင့် သူမှာ ပြဿနာမရှာလိုတော့ချေ။

‘အရင်သိမ်းထားလိုက်တော့မယ်… အခွင့်အရေးရရင် ကင်စားလိုက်မယ်… ဘာပဲဖြစ်ဖြစ် အခု ငါက အဆိပ်တစ်ရာ မဝင်နိုင်တော့ဘူး…’

သူက အခင်းဖြစ်ပွားရာနေရာကို အလျင်အမြန် ရှင်းလင်း၍ တိုက်ခိုက်မှုအစအနအားလုံးကို ဖယ်ရှားပြီးနောက် လေးလံသော ခြေလှမ်းများဖြင့် နွေမိုးစက်ဥယျာဉ်သို့ ပြန်လာခဲ့၏။

အခန်းသို့ ပြန်ရောက်သောအခါ အဝတ်အစားတစ်စုံ လဲလှယ်၍ အဝတ်ဟောင်းဖြင့် လျှပ်စီးမြွေပါကို နှစ်ထပ်ပတ်ကာ ပစ္စည်းသိမ်း ပိုးထည်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

ထို့နောက် ချူကျန့်က တုန်ယင်နေသော လက်ချောင်းများဖြင့် သူ၏ အရည်အသွေးပြဇယားကို ဖွင့်၍ လက်ရှိအခြေအနေကို ကြည့်လိုက်၏။

ဇာတ်ကောင်အမည်: ချူလော့ကျွင်း

ဂိုဏ်း/ဆရာ: "ရှန်ယန် သူရဲကောင်းကြီး" ကောကျင့်

အဖွဲ့အစည်း: မရှိ

သိုင်းလောကဂုဏ်သတင်း: ၁၀၅

အတိုင်းအတာခြောက်မျိုး အရည်အသွေး: ခွန်အား: ၄၀/၃၊ ကိုယ်ခန္ဓာ: ၁၈/၃၊ အရိုးအကြော: ၂၀/၂၊ ကိုယ်ဖော့: ၃၀/၃၊ ဉာဏ်ရည်: ၁၂၊ မွေးရာပါကံ: ၄၀

စွမ်းရည်အဆင့်သတ်မှတ်ချက်: ၃၀ မှတ် (မပြောပလောက်)

ခန့်မှန်းစရာမလို ၃ မှတ်မှာ ဒုတိယအဆင့် ချွမ်ကျန်းအတွင်းအားကျင့်စဉ်မှ ရရှိသော အပိုဆောင်းမှတ်များ ဖြစ်သည်။

ချူကျန့်က အားမရှိတော့ဘဲ ကုတင်ပေါ်သို့ ပုံ့ပုံ့လေး လဲကျသွားပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။

All Chapters