ကောရှန်၏ တောင်းဆိုမှု
Vol. 2 Ch. 30
ဤအချိန်တွင် ချူကျန့်မှာ ကောကျင့်၏ မိတ်ဆက်ပေးမှုဖြင့် တက်ရောက်လာသော လူအားလုံးနှင့် မိတ်ဆက်ပြီး ဖြစ်နေပြီ ဖြစ်သည်။
ထို့နောက် ကောကျင့်က သူ့ကို လူငယ်ဧည့်သည်များနှင့် စကားစမြည်ပြောရန် တာဝန်ပေးပြီး သူကိုယ်တိုင်မှာမူ အရေးကြီးသော ဧည့်သည်များကို ဧည့်ခံရန် ထွက်ခွာသွား၏။
မည်သို့ပင်ဖြစ်စေ ယဲ့လွီချီးနှင့် ဝူညီနောင်တို့ ရှိနေသဖြင့် ချူကျန့်မှာ လူငယ်အုပ်စုထဲသို့ သွားရောက်ရောနှောရန် စိတ်ကူးမရှိဘဲ မထင်မရှားသော ထောင့်တစ်နေရာတွင် တစ်ယောက်တည်း နေရန် ကြံရွယ်လိုက်စဉ်မှာပင် ကျုံးလင်က သူ့ထံသို့ လာရောက်စကားပြောလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့သော် ချူကျန့်မှာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် အံ့ဩဟန်ဆောင်၍ ပြောလိုက်သည်။
“သခင်မလေး… ကျွန်တော့်ကို သိလို့လား…”
ကျုံးလင်မှာ အစောက သူ့ကို စကားမပြောဘဲ ထွက်သွားသော လမ်းသွားလမ်းလာနှင့် ရုပ်ရည်၊ ကိုယ်ဟန်အမူအရာ တော်တော်တူသဖြင့် လာရောက်စကားပြောခြင်း ဖြစ်သည်။
သို့သော် ယခု သူ၏ နားမလည်နိုင်သော အမူအရာနှင့် မတူညီသော အဝတ်အစားကို မြင်သောအခါ သံသယဝင်သွား၏။
‘ငါ လူမှားသွားတာလား…’
အဓိကအကြောင်းအရင်းမှာ ချူကျန့်၏ ဂိမ်းဇာတ်ကောင်မှာ ရုပ်ရည်မှာ အလွန်ပင် သာမန်ဖြစ်ပြီး မှတ်မိလွယ်သော အသွင်အပြင် တစ်ခုမျှ မရှိဘဲ လမ်းသွားလမ်းလာများကဲ့သို့ မေ့လျော့လွယ်သော မျက်နှာမျိုး ဖြစ်သောကြောင့် ကျုံးလင်မှာ သူ၏ ရုပ်ရည်ကို တိတိကျကျ မမှတ်မိဘဲ “နည်းနည်း ရင်းနှီးသလိုပဲ” ဟူသော ခံစားချက်သာ ရှိ၏။
သူမက မဝံ့မရဲ မေးလိုက်သည်။
“လွန်ခဲ့တဲ့ တစ်နာရီလောက်က ငါ အပြင်မှာ မြွေပါလေးကို ရှာနေတုန်းက မင်းကို တွေ့လိုက်သလားလို့…”
“တစ်နာရီလောက်ကလား…”
ချူကျန့်က အားနာဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော် အိမ်တော်ထဲမှာ လျှောက်သွားနေတာတော့ ဟုတ်ပါတယ်… ဒါပေမဲ့ လမ်းတစ်လျှောက်လုံး ဆရာသင်ပေးလိုက်တဲ့ သိုင်းပညာကို စဉ်းစားနေလို့ ပတ်ဝန်းကျင်ကို သတိမထားမိလိုက်ဘူး… သခင်မလေးကို တွေ့မိသလား မတွေ့မိသလားတောင် မသိတော့ဘူး…”
ကျုံးလင်က ပြန်စဉ်းစားကြည့်လိုက်ရာ ထိုအချိန်က လမ်းသွားလမ်းလာမှာ တစ်ခွန်းမျှ မပြောဘဲ စိတ်မပါလက်မပါ ဖြစ်နေပြီး သူ မည်သို့ ခေါ်သည်ဖြစ်စေ တုံ့ပြန်မှု မရှိသည်မှာ စဉ်းစားတွေးတောနေသော ပုံစံနှင့် တူနေ၏။
ကျုံးလင်မှာ စိတ်သဘောထား ပွင့်လင်းသူဖြစ်ရာ ဤလူမှာ သူ အစောက တွေ့ခဲ့သောသူ ဟုတ်၊ မဟုတ်ကို ဆက်မစဉ်းစားတော့ဘဲ စပ်စုစွာ ကြည့်ရှုရင်း သူ့အနားသို့ တိုးကပ်ကာ အနံ့ခံလိုက်ပြီး ပြောလိုက်သည်။
“မင်းကိုယ်ပေါ်မှာ ထူးဆန်းတဲ့ အနံ့တစ်ခု ရတယ်… အဆိပ်ရှိတဲ့ သတ္တဝါအနံ့နဲ့ တူသလိုပဲ… ဒါပေမဲ့ မတူပြန်ဘူး…”
ချူကျန့်မှာ ထိတ်လန့်သွား၏။ သူက ကိုယ်ပေါ်၌ လျှပ်စီးမြွေပါနှင့် ဖားပြုတ်အနံ့များ စွဲကျန်နေမည်စိုး၍ ရေဖြင့် သေချာ သန့်စင်ပြီး အဝတ်အစားလဲလှယ်ပြီးမှ လာခဲ့ခြင်း ဖြစ်သည်။
ဤမိန်းကလေး၏ နှာခေါင်းမှာ အလွန်ပင် ထက်မြက်လှရာ ကျန်ရှိနေသေးသော အဆိပ်အနံ့ကိုပင် ခံစားမိနိုင်သလား ။
သူက အလျင်အမြန် နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်၍ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
“နေ့လည်က တစ်နေကုန် သိုင်းကျင့်နေလို့ ချွေးတွေ ထွက်နေတာ… အနံ့က မကောင်းဘူး…”
ကျုံးလင်က တခစ်ခစ် ရယ်မော၍ အပြစ်ကင်းစင်စွာ ပြောလိုက်သည်။
“ဒီမှာ နေရတာ စိတ်ကျဉ်းကျပ်တယ်… ငါနဲ့အတူ အပြင်ထွက်ပြီး မြွေပါလေးကို ဆက်ရှာပေးပါလား…”
သူမက ငယ်စဉ်ကတည်းက အဆိပ်နှင့် ကျင်လည်ခဲ့သောကြောင့်လားမသိ ချူကျန့်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အနံ့ကို အလွန်ပင် သဘောကျပြီး သူ့အပေါ် ရင်းနှီးလိုစိတ် ဖြစ်ပေါ်လာ၏။
သို့သော် ချူကျန့်မှာ သူမနှင့် တစ်စက်မျှ မပတ်သက်လိုသဖြင့် ငြင်းဆန်ရန် အကြောင်းပြချက် ရှာနေစဉ်မှာပင် ဘေးမှ သာယာချိုမြသော မိန်းကလေးအသံတစ်သံ ထွက်ပေါ်လာ၏။
“အစ်မကျုံး… မင်းရဲ့ မြွေပါလေးကို မတွေ့သေးဘူးလား…”
ကောရှန်က ဘယ်အချိန်ကတည်းက ရောက်ရှိနေသည်မသိ သူ့အနားသို့ တိုးကပ်လာ၏။
ကျုံးလင်က ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။
“မတွေ့သေးဘူး… ထူးဆန်းတယ်… ပုံမှန်ဆို သူက တော်တော် လိမ္မာတယ်… အပြင်ထွက်ဆော့ပြီးရင် ပြန်လာတယ်… ဒီတစ်ခါ နာရီဝက်လောက် ကြာတဲ့အထိ အရိပ်အယောင်တောင် မတွေ့ဘူး… ငါ လေချွန်ခေါ်တာလည်း တုံ့ပြန်မှု မရှိဘူး…”
ချူကျန့်က စိတ်ထဲမှ ကြိတ်၍ ပြောလိုက်သည်။
‘မင်းရဲ့ မြွေပါက ငါ့ပစ္စည်းသိမ်း ပိုးထည်အိတ်ထဲမှာ အစားအစာ ဖြစ်ဖို့ စောင့်နေပြီ… ပြန်လာနိုင်ရင်မှ ထူးဆန်းနေဦးမယ်… ‘
ကောရှန်ကမူ အိမ်တော်ထိန်းကို လက်ယပ်ခေါ်၍ မှာကြားလိုက်သည်။
“အစ်မကျုံးရဲ့ လျှပ်စီးမြွေပါ ပျောက်သွားလို့… အိမ်တော်က အစေခံတွေကို ခေါ်ပြီး လိုက်ရှာပေးပါ…”
အိမ်တော်ထိန်းက အရိုအသေပြု၍ ကျုံးလင်ထံမှ လျှပ်စီးမြွေပါ၏ အသွင်အပြင်ကို အသေးစိတ် မေးမြန်းပြီးနောက် လူများကို စီစဉ်ရန် ထွက်ခွာသွား၏။
ကျုံးလင်က ကောရှန်ကို ကျေးဇူးတင်စကား ပြောပြီးနောက်
“ငါလည်း လိုက်ရှာဦးမယ်… မြွေပါရဲ့ သွားမှာ အဆိပ်ရှိတယ်… လူတွေကို ထိခိုက်မှာ စိုးလို့…”
သူမ၏ အကြည့်က ချူကျန့်ထံသို့ ပြန်ရောက်သွားပြီး ပြုံး၍ ပြောလိုက်သည်။
“ဟေး… မင်းလည်း လိုက်ခဲ့ပါလား…”
ချူကျန့် မဖြေခင်မှာပင် ကောရှန်က ထပ်မံ စကားဖြတ်ပြောလိုက်သည်။
“တောင်းပန်ပါတယ်… အစ်မကျုံး … ဆရာတူမောင်လေးက အခု ငါ့ကို ကူညီစရာ ရှိလို့… ဆရာတူမောင်လေး… မင်း ငါ့ကို ကတိပေးထားတယ် မဟုတ်လား…”
ပြောရင်း မျက်လုံးလှလှလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ ချူကျန့်ကို ကြည့်လိုက်၏။
ယခု ပစ္စည်းသိမ်း ပိုးထည်အိတ်ထဲ၌ ထိုမိန်းကလေး၏ လျှပ်စီးမြွေပါ ရှိနေသဖြင့် ချူကျန့်မှာ ကျုံးလင်နှင့် အတူ အပြင်ထွက်၍ မရှာလိုပေ။
ကောရှန်က အကြောင်းပြချက်ကောင်းတစ်ခု ပေးသဖြင့် သူက လိုက်လျောညီထွေစွာ ပြောလိုက်သည်။
“ကျုံးသခင်မလေး… အစ်မဘက်မှာ တကယ် အရေးကြီးတဲ့ ကိစ္စရှိလို့ ကူညီပေးရမှာမို့ တောင်းပန်ပါတယ်…”
“ဒီလိုလား…”
ကျုံးလင်၏ မျက်နှာပေါ်၌ စိတ်ပျက်ဟန်များ ထင်ရှားစွာ ပေါ်ထွက်လာ၏။
ကောရှန်မှာမူ ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်တောက်ပလာပြီး နှုတ်ခမ်းထောင့်၌ ချိုမြိန်သော အပြုံးတစ်ခု ပေါ်ထွက်လာသော်လည်း ချက်ချင်းပင် ဖုံးကွယ်လိုက်၏။
သူက ကျုံးလင်ကို အားနာဟန်ဖြင့် ပြောလိုက်သည်။
“အစ်မကျုံး စိတ်မပူပါနဲ့… အိမ်တော်ထိန်းက လူတွေနဲ့ လိုက်ရှာနေပြီဆိုတော့ လျှပ်စီးမြွေပါကို ပြန်တွေ့မှာပါ… ကျွန်မတို့ အရင်သွားနှင့်ပါ့မယ်…”
ကျုံးလင်က ခေါင်းညိတ်၍ သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို မျက်စိဖြင့် ကြည့်နေလိုက်၏။ သူမ လှည့်ကြည့်လိုက်သောအခါ ဖခင်ဖြစ်သူ ကျုံးဝမ့်ချိုးက မျက်နှာတည်ဖြင့် ဤနေရာကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူမ အံ့ဩသွားစဉ်မှာပင် ကျုံးဝမ့်ချိုးက အလျင်အမြန် လျှောက်လာပြီး မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။
“လင်အာ… ဒီမျက်နှာဖြူလေးကို မင်း သိလို့လား…”
သူက သွမ့်ကျန့်ချွင်းကြောင့် မျက်နှာဖြူသောသူများကို အလွန်ပင် မုန်းတီး၏။ ချူကျန့်၏ ရုပ်ရည်မှာ သာမန်ဖြစ်သော်လည်း အသားအရေမှာ ဖြူသောကြောင့် မျက်နှာဖြူဟု ခေါ်ဆိုနိုင်၏။
ကျုံးဝမ့်ချိုးမှာ ကောစံအိမ်သို့ ရောက်လာသည်မှာပင် စိတ်မသက်မသာ ဖြစ်နေပြီး သမီးဖြစ်သူက မျက်နှာဖြူလေးတစ်ယောက်ကို စကားစပြောသည်ကို မြင်သောအခါ ပို၍ စိတ်မသက်မသာ ဖြစ်သွား၏။
ကျုံးလင်က ခေါင်းခါလိုက်သည်။
“မသိဘူး…”
“အော်… ဒါဆို သွားကြစို့…”
ကျုံးဝမ့်ချိုးက သမီးဖြစ်သူက ချူကျန့်ရှိရာ အရပ်သို့ ကြည့်နေသည်ကို မြင်သောအခါ ပို၍ စိတ်မသက်မသာ ဖြစ်သွား၏။
“မင်းက သူရဲကောင်းကြီး ကောကျင့်နဲ့ ဟွမ်ရုံကို တွေ့ချင်တယ်လို့ ပြောလို့ လာခဲ့တာ… အခု တွေ့ပြီးပြီပဲ… တခြားလူတွေနဲ့ ငါတို့က လမ်းမတူဘူး… ဒီမှာ ဆက်နေလို့ အဓိပ္ပာယ်မရှိဘူး… အခုပဲ ပြန်ကြစို့…”
“ဒါပေမဲ့ ကျွန်မရဲ့ လျှပ်စီးမြွေပါလေးကို မတွေ့သေးဘူး…”
“ဟို ကောအိမ်က သခင်မလေးနှစ်က လူလွှတ်ပြီး ရှာခိုင်းထားတယ် မဟုတ်လား… နှစ်ရက်နေရင် ငါ ပြန်လာမေးပေးမယ်…”
ကျုံးဝမ့်ချိုးက သမီးဖြစ်သူ၏ ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ သူမကို ဆွဲ၍ ကောကျင့်နှင့် ဟွမ်ရုံကို နှုတ်ဆက်ရန် ထွက်ခွာသွား၏။
ကောကျင့်နှင့် ဟွမ်ရုံမှာလည်း "မြင်းဘုရင်" မှာ လူကောင်းတစ်ယောက် မဟုတ်ကြောင်း သိကြ၏။
သို့သော် သူက ပေါ်ပေါ်ထင်ထင် လာရောက်တွေ့ဆုံပြီး ယူနန်နယ်မှ သူရဲကောင်းများနှင့် ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာသဖြင့် နှစ်ဦးနှစ်ဖက် ကြိုတင်ချိန်းဆိုထားသည်ဟု ထင်ခဲ့ကြ၏။
သို့သော် ယခု တိုက်ဆိုင်မှုမျှသာ ဖြစ်ကြောင်း သိသောအခါ ဟန်ဆောင်၍ ထိန်းသိမ်းစကား နှစ်ခွန်း ပြောပြီးနောက် ကျုံးဝမ့်ချိုးက အတင်းအကျပ် ထွက်ခွာလိုသောအခါ ယဲ့လွီချီးကို သူတို့ကို လိုက်ပို့ရန် တာဝန်ပေးလိုက်၏။
“အစ်မ… ကျွန်တော့်ကို ဘာကိစ္စ ခိုင်းမလို့လဲ…”
ကောရှန်က ပြုံး၍ မဖြေဘဲ ချူကျန့်ကို သူ့နောက်သို့ လိုက်လာရန် အမူအရာပြလိုက်၏။ ထိုမိန်းကလေးက ချူကျန့်ကို တိတ်တဆိတ် အကဲခတ်နေပြီး သူက လှပသော အစ်မကျုံးကို တစ်ချက်မျှ ပြန်လှည့်မကြည့်သည်ကို မြင်သောအခါ နှုတ်ခမ်းထောင့်မှ အပြုံးမှာ ပို၍ တောက်ပလာ၏။
ချူကျန့်က နားမလည်နိုင်စွာ သူမနောက်သို့ လိုက်ပါသွားပြီး ဧည့်ခန်းမ၏ နောက်ဘက်တံခါးသို့ ရောက်သောအခါ သူမက ဤနေရာမှ ထွက်ခွာလိုဟန်ရှိသဖြင့် ခြေလှမ်းကို ရပ်တန့်၍ ပြောလိုက်သည်။
“ဆရာတူအစ်မ… ဆရာနဲ့ ဆရာမက ကျွန်တော်တို့ကို ထွက်သွားခွင့် မပြုထားဘူး…”
သူက "အရှေ့ပိုင်းကနတ်ဆိုးလေး" ဟု အမည်ပြောင်ရထားသော ထူးဆန်းသည့် မိန်းကလေးနှင့် နှစ်ယောက်တည်း သီးသန့် နေလိုခြင်း မရှိချေ။
“မင်း ငါ့နောက်ကို လိုက်ခဲ့ရင် ပြီးတာပဲ… အဖေနဲ့အမေက မင်းကို အပြစ်တင်မှာ မဟုတ်ဘူး… မင်းက ငါ့ကို ဆရာတူအစ်မလို့ ခေါ်တယ်… အစ်မစကားကို နားမထောင်ဘူးလား…”
ကောရှန်က ပြောရင်း သူ၏ အင်္ကျီလက်ကို ဆွဲ၍ ပြုံးကာ ပြောလိုက်သည်။
“မြန်မြန်လုပ်ပါ… ဒီကိစ္စက တော်တော် အရေးကြီးတယ်… နောက်ကျသွားရင် ဒုက္ခရောက်လိမ့်မယ်…”
ချူကျန့်မှာ မလှုပ်သာ မရှောင်သာဖြစ်သွားပြီး အားဖြင့် ရုန်းကန်လိုက်လျှင် သူ၏ တိုးတက်သွားသော သိုင်းပညာကို ဖော်ထုတ်မိမည် စိုးသောကြောင့် သူမနောက်သို့ တကောက်ကောက် လိုက်သွားရတော့၏။
ကောစံအိမ်၌ လှည့်ပတ်သွားလာပြီးနောက် ကောရှန် နေထိုင်ရာ အိပ်ခန်းဆောင်ရှေ့သို့ ရောက်ရှိသွား၏။
ကောရှန်၏ အစေခံမလေး ရှောင်ပန်းထိုက တံခါးဝတွင် စောင့်ဆိုင်းနေပြီး ချူကျန့်နှင့် သခင်မလေးနှစ် အတူတူ ရောက်ရှိလာသည်ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားသော်လည်း သူတို့နှစ်ယောက်အတွက် အခန်းတံခါးကို ဖွင့်ပေးလိုက်၏။
“အစ်မ… ဒီနေရာကို ကျွန်တော် တကယ် ဝင်လို့မကောင်းဘူး…”
ဤနေရာသို့ ရောက်သောအခါ ချူကျန့်မှာ တကယ်ပင် မဝင်နိုင်တော့ချေ။ သူက ကွယ်ဝှက်သိုင်းကမ္ဘာမှ လာသူဖြစ်ရာ မိန်းကလေးတစ်ယောက်၏ အိပ်ခန်းဆောင်ကို အကြောင်းမဲ့ ဝင်ရောက်၍ မရကြောင်း ကောင်းစွာ သိ၏။ ကောလာဟလများ ပျံ့နှံ့လွယ်၏။
အစေခံများက ကောရှန်အကြောင်း မကောင်းပြောလျှင် ပြဿနာမရှိသော်လည်း သူ့ကိုပါ ဆွဲထည့်လိုက်လျှင် ပြဿနာတက်နိုင်၏။
ယခု ကောကျင့်၏ တပည့်အဖြစ် သူမှာ လူအများ၏ အာရုံစိုက်မှုကို ခံနေရပြီး ဖြစ်ရာ ကောအိမ်တော်မှ သခင်မလေးနှစ်နှင့် အချစ်ဇာတ်လမ်းတစ်ခုခု ပေါ်ထွက်လာလျှင် သူမှာ မီးမောင်းအောက်၌ နေထိုင်ရသကဲ့သို့ ဖြစ်သွားမည် ဖြစ်ပြီး လျှို့ဝှက်စွာ နေထိုင်လိုသော သူအတွက် အလွန်ပင် ခံရခက်မည် ဖြစ်သည်။
ကံဆိုးစွာဖြင့် ကောကျင့်က သူ့ကို သမက်တော်အဖြစ် အတင်းအကျပ် သတ်မှတ်လိုက်လျှင် သူ အသက်ရှင်နေရဦးမည်လော။
“မြန်မြန်ဝင်ခဲ့ပါ… အရေးကြီးတဲ့ကိစ္စ ရှိလို့… ဒါက ငါ့အဖေနဲ့အမေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စကြီးပဲ…”
ချူကျန့်မှာ သူမ၏ ဆွဲခေါ်မှုကို မလွန်ဆန်နိုင်ဘဲ အထဲသို့ ဝင်ရောက်သွားရတော့၏။
ကံကောင်းသည်မှာ အခန်းတံခါးမှာ ဖွင့်ထားပြီး ဘေး၌ အစေခံမလေး ရှိနေသဖြင့် ပေါ်ပေါ်ထင်ထင် ဝင်ရောက်ခြင်း ဖြစ်သည်ဟု ဆိုရမည်။
ကောရှန်၏ အိပ်ခန်းဆောင်မှာ လှပသပ်ရပ်သော်လည်း အထဲသို့ ဝင်ရောက်သည်နှင့် ဆေးဖက်ဝင်အပင်များ၏ အနံ့ပြင်းကို ရရှိလိုက်၏။
အိပ်ခန်းဆောင်ဘေးရှိ မီးဖိုချောင်ငယ်၌ တစ်စုံတစ်ခုကို မီးအေးအေးဖြင့် ချက်ပြုတ်နေခြင်း ဖြစ်သည်။
‘ဒီအရှေ့ပိုင်းကနတ်ဆိုးလေးက အိပ်ခန်းဆောင်ထဲမှာ မီးဖိုဆောင်ငယ်လေးတစ်ခုတောင် ထားထားသေးတာလား…’