← Chapters

ဆရာတူအစ်မကို ဘယ်လိုလုပ် စမ်းသပ်ခိုင်းလို့ ဖြစ်မှာလဲ

Vol. 3 Ch. 31

ဆရာတူအစ်မကို ဘယ်လိုလုပ် စမ်းသပ်ခိုင်းလို့ ဖြစ်မှာလဲ

Vol. 3 Ch. 31

ကောရှန်သည် ချူကျန့်ကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် သွား၍ အပူခံလက်အိတ်ကို ဝတ်ဆင်လိုက်သည်။

သူမက မြေအိုးအဖုံးကို ဖွင့်ကြည့်လိုက်ပြီးနောက် မီးကို အမြန်ငြှိမ်းသတ်လိုက်၏။ ထို့နောက် ရှောင်ပန်းထိုအား မြေအိုးထဲမှ ဆေးရည်များကို ပန်းကန်လုံးထဲသို့ ထည့်ခိုင်းပြီး စားပွဲပေါ်သို့ တင်စေကာ ချူကျန့်ကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။

ချူကျန့်သည် သူမထံ၌ ဘာအကြံအစည် ရှိနေသည်ကို ယခုထိ မသိသေးသဖြင့် မေးလိုက်၏။

“ဆရာတူအစ်မ… ခင်ဗျား ကျွန်တော့်ကို ဘာအကူအညီ ပေးစေချင်တာလဲ…”

ကောရှန်၏မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာပြီးနောက် ခေါင်းငုံ့ကာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး အဖေနဲ့အမေက မွန်ဂိုတွေကို ခုခံတွန်းလှန်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အရမ်းကို အပင်ပန်းခံ အားကုန်ထုတ် ကြိုးစားနေကြတယ်… ကျွန်မလည်း သူတို့အတွက် တစ်ခုခု လုပ်ပေးချင်စိတ် ပေါ်လာတာနဲ့ အဘိုး ရေးခဲ့တဲ့ ဆေးကျမ်းထဲက ဆေးနည်းတစ်လက်ကို ရှာပြီး အဖိုးတန် ဆေးပင်တွေနဲ့ သူတို့အတွက် အားဖြည့်ဆေးရည် ကျိုပေးဖို့ ကြိုးစားကြည့်ခဲ့တယ်…”

ဤသို့ ဖြစ်နေသည်ကိုး… ထို့ကြောင့်ပင် အဖိုးတန် ဆေးမြစ်များ၏ရနံ့ကို ရနေခြင်း ဖြစ်သည်။

“ဒါပေမဲ့ ဘယ်နေရာမှာ မှားနေလဲတော့ မသိဘူး…”

ကောရှန်က သက်ပြင်းချ၍ ပြောလိုက်၏။

“ကျိုပြီးထွက်လာတဲ့ ဆေးရည်က ချီစွမ်းအင်နဲ့ အခြေခံဓာတ်ကို အားဖြည့်ပေးတဲ့ အာနိသင် မရှိတဲ့အပြင် သောက်သုံးလိုက်တဲ့သူရဲ့ သိုင်းစွမ်းအင်ကိုပါ အကြီးအကျယ် ယုတ်လျော့သွားစေတယ်… ကံကောင်းလို့ အဲဒီတုန်းက သူတောင်းစားဂိုဏ်းက သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး စမ်းသောက်ခိုင်းလိုက်လို့ပဲ… မဟုတ်ရင် စေတနာက ဝေဒနာ ဖြစ်ပြီး အဖေနဲ့အမေကိုတောင် ဒုက္ခပေးမိတော့မလို့…”

‘ဟင်…’

သိုင်းစွမ်းအင် အကြီးအကျယ် ယုတ်လျော့သွားစေတယ် ဟုတ်လား… ဒီလောက် ကောင်းတဲ့ ကိစ္စမျိုး ရှိသေးတာလား…

ချူကျန့်၏ နားများမှာ ချက်ချင်းပင် ထောင်မတ်သွားပြီး သူ့စိတ်ထဲ၌ အလျင်အမြန် တွက်ချက်လိုက်သည်။

ကောရှန်၏ အဘိုးမှာ “အရှေ့ပိုင်းနတ်ဆိုး” ဟု လူသိများသည့် ဟွမ်ယောင်ရှစ်ပင်။ ချူကျန့်သည် လမ်းညွှန်အဘိုးကြီးထံမှ ထိုနာမည်ကို ကြားဖူးသော်လည်း သူ၏ သိုင်းပညာမှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်ကြောင်းနှင့် နက္ခက်ဗေဒ ဘူမိဗေဒ ဒြပ်စင်ငါးပါး ထိုက်ကျိ ဂမ္ဘီရပညာ ဂီတပညာ စစ်တုရင် လက်ရေးလှရေးသားခြင်းနှင့် ပန်းချီပညာရပ်တို့ အားလုံးကို တတ်ကျွမ်းကြောင်းမှလွဲ၍ ကျန်သည့်အရာများကို ရှင်းရှင်းလင်းလင်း မသိပေ။

ဟွမ်ယောင်ရှစ်၏ဆေးဖော်စပ်သည့် အရည်အချင်းသည်လည်း သေချာပေါက် မညံ့ဖျင်းပေ။ သို့မဟုတ်လျှင် “ဆေးဆရာ” ဟု အဘယ်သို့ ခေါ်တွင်နိုင်မည်နည်း။

သဘောတရားအရဆိုလျှင် သူပေးခဲ့သည့် ဆေးနည်းအတိုင်း ကျိုသည့် ဆေးရည်တွင် ဘေးထွက်ဆိုးကျိုး မရှိသင့်ပေ။

ထိုအခိုက် ကောရှန်က ဆက်ပြောလိုက်၏။

“နောက်ပိုင်း ကျွန်မ သုံးခါ ထပ်စမ်းကြည့်သေးတယ်… အကုန်လုံး မအောင်မြင်ဘူး… ဒါက ပဉ္စမအကြိမ်မြောက်ပဲ… ဒီတစ်ခါလည်း မအောင်မြင်ရင်တော့ လက်လျှော့လိုက်ဖို့ စဉ်းစားထားတယ်…”

‘လေးကြိမ်ဆက်တိုက် မအောင်မြင်ခဲ့ဘူးလား…’

ဆေးနည်း ပြဿနာ မဟုတ်လျှင် သေချာပေါက် ကောရှန်ကိုယ်တိုင်၏ ပြဿနာသာ ဖြစ်ရမည်။

ချူကျန့်က ဆေးပညာရပ်၌ မကျွမ်းကျင်သော်လည်း ကွယ်ဝှက်သိုင်းကမ္ဘာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရာ နာမည်ကြီး ဆေးဆရာများနှင့် မနည်း ဆက်ဆံဖူးသည်။ ဆေးကျိုရာတွင် ဆေးပင်ရွေးချယ်မှု ထည့်သည့်အစဉ်လိုက်နှင့် ကျိုသည့်အချိန်ကာလတို့တွင် တင်းကျပ်သော သတ်မှတ်ချက်များ ရှိကြောင်း သူသိ၏။ အချို့ဆိုလျှင် အထူးပါဝင်ပစ္စည်းများ ပေါင်းထည့်ရန်ပင် လိုအပ်သေးသည်။

‘ကောရှန်ရဲ့ လက်ထဲမှာ ဆေးပင်တွေ ရေးထားတဲ့ ဆေးနည်းတစ်ရွက်ပဲ ရှိပြီး ကျန်တာတွေကိုတော့ ဖြစ်ကတတ်ဆန်း ရောမွှေပြီး ရေထည့်ကျိုလိုက်တာပဲ ဖြစ်မှာ… ဒီလိုဆိုရင်တော့ မအောင်မြင်တာ အဆန်းမှမဟုတ်တာ…’

တစ်နည်းအားဖြင့်ဆိုသော် ဤပဉ္စမအကြိမ်မှာလည်း တစ်ရာရာခိုင်နှုန်းနီးပါး မအောင်မြင်သည့် လက်ရာ ဖြစ်မည်မှာ သေချာနေလေပြီ။

“ဒါဆို ဆရာတူအစ်မက ကျွန်တော့်ကို စမ်းသောက်စေချင်တာလား…”

ချူကျန့်က သူ၏ စိတ်ထဲမှ ပီတိကို ဖိနှိပ်၍ မေးလိုက်၏။

ချူကျန့်၏ ဉာဏ်ရည်ဖြင့် ကောရှန် သူ့ကို ရှာရသည့် ရည်ရွယ်ချက်ကို သူ ခန့်မှန်းမိသွားပြီ ဖြစ်သည်။

‘ငါ့ကို ဆေးစမ်းသောက်ခိုင်းဖို့ ရှာတာကိုး… စောစောက ပြောရောပေါ့… ငါ့ကိုများ စိတ်ဝင်စားနေပြီလားလို့ လန့်သွားတာပဲ… တကယ်ပဲ… လန့်လိုက်တာ…’

မွန်းလွဲပိုင်းက ကောရှန် သူ့ကို မသိမသာ ကြည့်နေသည့် အကြည့်များကို ပြန်တွေးကြည့်ပြီးနောက် ချူကျန့် ပို၍ သေချာသွားသည်။

ဤကောင်မလေးမှာ မျက်နှာပူတတ်သဖြင့် သူ့ကို တိုက်ရိုက် ဆေးစမ်းသောက်ရန် မခိုင်းရက်ဘဲ ဆေးလုံးများ ပေးခြင်း သိုင်းပညာ သင်ကြားပေးခြင်း စသည့် ကျေးဇူးများ အရင်ပြု၍ သူ ဆေးစမ်းသောက်ရန် တောင်းဆိုမှုကို မငြင်းဆန်နိုင်အောင် ပြုလုပ်ခြင်း ဖြစ်တန်ရာသည်။

‘ဟား… မင်းရဲ့ ဆေးရည်မှာ ဒီလောက် “အံ့ဩစရာ” ကောင်းတဲ့ အာနိသင် ရှိမှန်းသာ သိရင် မင်း လာမခေါ်ရင်တောင် ငါ့ဘာသာငါ အပြေးအလွှား ရောက်လာပြီး တာဝန်ယူမှာပေါ့…’

“ဟုတ်တယ်…”

ကောရှန်က ရိုးသားစွာ ခေါင်းညိတ်လိုက်၏။ သို့သော် သူမ၏ မျက်လုံးများထဲ၌ ကောက်ကျစ်သည့် အရိပ်အယောင်တစ်ခု လျှပ်ပြေးသွားသော်လည်း သူမက ခေါင်းငုံ့ထားသဖြင့် ချူကျန့် မမြင်လိုက်ပေ။ သူက အခန်းထဲ၌ ညင်သာစွာ ပဲ့တင်ထပ်နေသော ကြည်လင်သာယာသည့် သူမ၏ အသံကိုသာ ကြားနိုင်၏။

“တကယ်တော့ အရမ်းအားနာပါတယ်… ဒါပေမဲ့ သူတောင်းစားဂိုဏ်းက သူငယ်ချင်းတွေ အကြီးအကဲလု အပါအဝင် အားလုံး စမ်းသောက်ပြီးကြပြီ… ကျွန်မကိုယ်တိုင်လည်း လွန်ခဲ့တဲ့တစ်ခါက စမ်းသောက်ဖူးတယ်… သိုင်းစွမ်းအင်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်… ဒီတစ်ခါ ထပ်သောက်ရင် သိုင်းပညာ အခြေခံကို ထိခိုက်သွားနိုင်တယ်… ဆရာတူမောင်လေးက သိုင်းပညာစသင်ခါစပဲ ရှိသေးပြီး အတွင်းအားကလည်း မမြင့်တော့ ဘာမှ ဆုံးရှုံးစရာ မရှိလောက်ပါဘူး…”

‘ဟဲဟဲဟဲ… မင်း မသိတာက ငါ့သိုင်းစွမ်းအင်က အများကြီး တိုးတက်သွားပြီ… ဆုံးရှုံးဖို့အတွက် အတော်ပဲ…’

ချူကျန့်၏ စိတ်ထဲမှ အမှောင်ရိပ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အသံကျယ်ကျယ်နှင့်ပင် ရယ်မောချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။

‘မိန်းမလှလေးတွေက မီးဖိုချောင်ရဲ့ လူသတ်သမားတွေလို့ ဘာလို့ ပြောကြလဲဆိုတာ အခုမှပဲ နားလည်တော့တယ်… ငါ့ရှေ့က ကောရှန်က သက်သေပဲ မဟုတ်လား…’

သို့သော်လည်း အခြားသူများအတွက်မူ ကောရှန်၏ ဆေးရည်မှာ အဆိပ်နှင့်တူသော်လည်း သူ့အတွက်မူ နတ်ဆေးပမာ ဖြစ်နေ၏။

ဤဆေးရည်တစ်ခွက်ကို သောက်လိုက်သည်နှင့် သူ၏ သိုင်းစွမ်းအင်များ အကြီးအကျယ် ယုတ်လျော့သွားပြီး ကံကောင်းလျှင် အရိုးအကြောပင် ထိခိုက်သွားနိုင်ဖွယ် ရှိသည်။

ချူကျန့်မှာ တွေးရင်းတွေးရင်းနှင့် ပို၍ ပျော်ရွှင်လာပြီး သူ့ရှေ့မှ ကောရှန်ကိုလည်း ကြည့်၍ ပိုကောင်းလာသည်။ ထိုချစ်စရာကောင်းသော ကောင်မလေးကို ပွေ့ဖက်၍ နမ်းရှိုက်ချင်စိတ်ကိုပင် မနည်း ထိန်းချုပ်ထားရ၏။

‘တကယ်ကို အလိုက်သိတတ်တာပဲ… ငါက အရိုးအကြောကို ဘယ်လို လျှော့ချရမလဲလို့ တွေးနေတုန်း မင်းက အဆိပ်ဆေးရည်ကို ပြင်ဆင်ပြီး ပို့လာပေးတယ်… ကောအမျိုးသမီးလေးရယ်… အရင်က ကျွန်တော် ခင်ဗျားကို အထင်လွဲခဲ့မိတယ်… တောင်းပန်ပါတယ်… နောက်ဆိုရင် နေ့တိုင်း တစ်ခွက် ကျိုပေးပါ… ကျွန်တော် အကုန်လုံး မော့သောက်ပါ့မယ်…’

ချူကျန့်က စားပွဲပေါ်မှ အငွေ့တထောင်းထောင်း ထနေပြီး ထူးဆန်းသည့် အနံ့များ ထွက်နေသော မည်းနက်နေသည့် ဆေးရည်ကို ကြည့်လိုက်ရာ အတွင်းအား အဆင့်ကျသွားပြီး အရိုးအကြော ၁၀ သို့ ပြန်ရောက်သွားသည့် လှပသော အနာဂတ်က သူ့ကို လက်ယပ်ခေါ်နေသကဲ့သို့ ထင်မှတ်လိုက်မိသည်။

သို့သော်လည်း ချူကျန့်မှာ သတိကြီးသူ ဖြစ်ရာ သေချာစေရန်အတွက် သူက အထူးတလည် မေးလိုက်၏။

“ဆရာတူအစ်မ… တစ်ခုလောက် မေးပါရစေ… ဒီတစ်ခါ သုံးတဲ့ ဆေးပင်တွေက အရင်တစ်ခါနဲ့ တစ်ပုံစံတည်းပဲလား… ပမာဏနဲ့ ကျိုတဲ့နည်းလမ်းမှာလည်း ဘာမှ ပြောင်းလဲမှု မရှိဘူးလား…”

ကောရှန်က သေချာစွာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဟုတ်တယ်… ဆေးပင်ပမာဏတို့ ဘာတို့က အဘိုးရဲ့ ဆေးနည်းထဲမှာ အသေးစိတ် ရေးထားတယ်… ကျွန်မ နည်းနည်းလေးတောင် မပြောင်းရဲဘူး… ကျိုတဲ့အပိုင်းကတော့ ရေနဲ့ သန့်ရှင်းအောင် ဆေးပြီး အတူတူ ကျိုလိုက်တာပဲ… အများဆုံးကတော့ မီးအပူချိန် နည်းနည်း ကွာသွားနိုင်တယ်… ဒီနေ့ ကျွန်မ နေ့လည်ကတည်းက စကျိုတာ… ဒါပေမဲ့ အဖေက ဧည့်ခန်းကို ခေါ်သွားလို့ အရင်တစ်ခါထက် ကျိုတဲ့အချိန် ပိုကြာသွားတယ်…”

ပြောနေရင်းနှင့် သူမက တုံ့ဆိုင်းသွား၏။

“ဒါမှမဟုတ်… ကျွန်မဘာသာပဲ စမ်းလိုက်ပါတော့မယ်… ဒီတစ်ခါ မီးအပူချိန်က ပိုပြင်းတယ်… တကယ်လို့ မအောင်မြင်ခဲ့ရင် မင်းရဲ့ ခန္ဓာကိုယ်ကို ထိခိုက်သွားနိုင်တယ်…”

ပြောရင်း သူမက ထိုပန်းကန်ကို လှမ်းယူလိုက်သည်။

မီးအပူချိန် ပြင်းမှ ကောင်းသည် မဟုတ်လော။ ချူကျန့်က ဆေးအာနိသင် ပိုပြင်းလေလေ ပိုလိုချင်လေလေပင်။ သူ၏ သိုင်းစွမ်းအင်များ လုံးဝပျောက်ကွယ်သွားပြီး အရိုးအကြောများ လုံးဝပျက်စီးကာ နောက်ထပ် သိုင်းပညာ မကျင့်နိုင်တော့လျှင် အကောင်းဆုံး ဖြစ်ပေမည်။

ထို့ပြင် ကောရှန်၏ စကားများမှ သူ၏ခန့်မှန်းချက် မှန်ကန်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။ ကောရှန်သည် ဆေးလုံးဝ မကျိုတတ်ပေ။

ချူကျန့်က သူမကို တားလိုက်ပြီး ဖြောင့်မတ်တည်ကြည်စွာ ပြောလိုက်၏။

“ဆရာတူအစ်မကို ဘယ်လိုလုပ် စမ်းသပ်ခိုင်းလို့ ဖြစ်မှာလဲ… ဆရာတူအစ်မရဲ့ အဖိုးတန်ခန္ဓာကိုယ်လေးကို နည်းနည်းလေးတောင် ထိခိုက်လို့ မဖြစ်ဘူး… ကျွန်တော်ပဲ သောက်လိုက်ပါ့မယ်…”

“ဆရာတူမောင်လေး…”

ကောရှန်က ရုတ်တရက် ခေါင်းမော့လိုက်ရာ သူမ၏ မျက်လုံးများထဲ၌ ကြည်လင်တောက်ပသည့် အရိပ်အယောင်များ လျှပ်ပြက်သွားပြီး သူမ၏ စိတ်ထဲ၌ အလွန်အမင်း နွေးထွေးသွားသည်။

သူ့ထံ၌ သူမအပေါ် ဤသို့သော ဂရုစိုက်သည့် စိတ်ထား ရှိနေသည်ကို ကြည့်လျှင် သူမ အပင်ပန်းခံရသမျှ တန်သည်ဟု ဆိုနိုင်ပေသည်။

ချူကျန့်က သူ့ရင်ဘတ်ကို ပုတ်၍ ပြောလိုက်သည်။

“ဆရာတူအစ်မ… စိတ်ချပါ… ဒီတစ်ခါ အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ… ကျွန်တော်က ဆရာတူအစ်မရဲ့ မိဘအပေါ် သိတတ်တဲ့ စိတ်ကို အားပေးမှာပါ… ဆရာတူအစ်မ နေ့တိုင်း တစ်ခွက် စမ်းကျိုသာကျိုပါ… ကျွန်တော် အကြိမ်တိုင်း လာပြီး ဆေးစမ်းသောက်ပေးမယ်လို့ အာမခံပါတယ်…”

သူ စိတ်ပိုင်းဖြတ်လိုက်လေပြီ။ ဤတစ်ကြိမ် အရိုးအကြောအဆင့် များများစားစား မကျလျှင်တောင် နေ့တိုင်း ကျလျှင် ခံနိုင်ရိုးလား။

“အရူးလေး…”

ကောရှန်သည် ဤတစ်ကြိမ်၌ အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားသည်။ သူမ၏မိဘများမှလွဲ၍ သူမအတွက် ဤသို့ အားသွန်ခွန်စိုက် ပေးဆပ်ခဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးချေ။ သူမက သူမ၏ မျက်လုံးထဲမှ ရစ်ဝဲနေသော မျက်ရည်များကို ချူကျန့် မတွေ့စေရန် အလျင်အမြန် ခေါင်းငုံ့လိုက်သည်။

ချူကျန့်က စကား မပြောဘဲ ထိုဆေးရည်ပန်းကန်ကို ယူ၍ တစ်ကျိုက်တည်း အကုန် မော့ချလိုက်သည်။

မကြာမီပင် အစာအိမ်ထဲမှ အပူငွေ့တစ်ခု ပျံ့နှံ့လာပြီး ချူကျန့်၏ တစ်ကိုယ်လုံး အလွန်အမင်း မအီမသာ ဖြစ်လာသည်။

မအီမသာ ဖြစ်မှ မှန်သည်။ မအီမသာ ဖြစ်ရန် လိုအပ်သည်။

ချူကျန့်၏ နဖူးမှ ချွေးများ စို့ထွက်လာသော်လည်း သူ့စိတ်ထဲ၌မူ ပျော်ရွှင်၍ ပန်းပွင့်တော့မတတ်ပင်။

“ဆရာတူမောင်လေး… မြန်မြန်ထိုင်ပြီး အတွင်းအားကျင့်… အာနိသင် ရှိ မရှိ ကြည့်…”

ကောရှန်က သတိပေးလိုက်သည်။

“ဟုတ်ကဲ့…”

ချူကျန့်က ပလ္လင်ခွေထိုင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲ၌ သောင်းကျန်းနေပြီး သူ့ကို အလွန်အမင်း မခံမရပ်နိုင် ဖြစ်စေသော ဆေးအာနိသင်ကို မခုခံဘဲ အတွင်းအားကို လျှို့ဝှက်သုံး၍ ထိုကြမ်းတမ်းသော ဆေးအာနိသင် သူ့သွေးကြောများကို ထိခိုက်စေရန် တွန်းအားပေးလိုက်သည်။

သို့သော် ထူးဆန်းသည်မှာ ထိုဆေးအာနိသင်က သူ၏ သွေးကြောများကို ကြမ်းတမ်းစွာ တိုက်စားနေသော်လည်း ထူးဆန်းသည့် အာနိသင်တစ်ခု ပါဝင်နေပြီး အတင်းအကျပ် ချဲ့ကားခံထားရသော သူ့သွေးကြောများကို ပြန်လည်ပြုပြင်ပေးကာ ပို၍ ခိုင်မာသွားစေသည်။

‘ဟင်… တစ်ခုခု မှားနေပြီ…’

ချူကျန့်က သူ၏ တွန်းအားပေးမှုမှာ ဆိုးကျိုး မဖြစ်စေသည့်အပြင် သွေးကြောများကို ပို၍ ကျယ်ပြန့်သွားစေကြောင်း ချက်ချင်း သတိပြုမိသွားသဖြင့် အတွင်းအားကို အလျင်အမြန် သူ၏ ဒန်တျန်ထဲသို့ ပြန်ရုပ်သိမ်းလိုက်သည်။

သို့သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ဆေးအာနိသင်က သူ၏ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီးနောက် သူ၏ ဒန်တျန်ထဲ၌ စုစည်းသွားကာ မူလက မီးတောက်ငယ်လေးခန့်သာ ရှိသော သူ၏ အတွင်းအားအစုအဝေးမှာ ဟူးခနဲ မီးလုံးကြီးအဖြစ် ပြောင်းလဲသွားသည်။

ထိုနှင့် တစ်ပြိုင်နက်ပင် ချူကျန့်၏ နားထဲ၌ ဂိမ်း၏ သတိပေးသံက “တင်” ခနဲ မြည်လာသည်။

“သင်က အဆင့်မြင့် စိတ်ဝိညာဉ်ဆေးရည် ‘ရှင်သန်ခြင်းနှင့် ဖန်ဆင်းခြင်းဆေးရည်’ နှစ်ငါးရာသက်တမ်းရှိ တောင်ပေါ်ဂျင်ဆင်း အားဖြည့်ဗားရှင်းကို သောက်သုံးလိုက်သဖြင့် သွေးကြောများ အားကောင်းလာပြီး မွေးရာပါ အရိုးအကြော ၂ မှတ် တိုးလာသည်”

‘ဘာလဲ… နောက်နေတာလား…’

ချူကျန့်၏ မျက်နှာမှာ ကြောင်တောင်တောင် ဖြစ်သွားသည်။

“သင်က အဆင့်မြင့် စိတ်ဝိညာဉ်ဆေးရည် ‘ရှင်သန်ခြင်းနှင့် ဖန်ဆင်းခြင်းဆေးရည်’ နှစ်ငါးရာသက်တမ်းရှိ တောင်ပေါ်ဂျင်ဆင်း အားဖြည့်ဗားရှင်းကို သောက်သုံးလိုက်သဖြင့် တစ်နှစ်တာ သိုင်းစွမ်းအင် တိုးလာပြီး ချွမ်ကျန်းအတွင်းအားကျင့်စဉ်က အဆင့်သုံးသို့ တက်သွားသည်”

သူ နားကြားမမှားကြောင်း သေချာသွားပြီးနောက် ချူကျန့်မှာ မျက်လုံးပြူးကာ ကြက်သေသေနေသော ပုံစံဖြင့် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားတော့သည်။

All Chapters