← Chapters

အခန်း (၃၁-၃၅)

Vol. 3 Ch. 31-35

အခန်း (၃၁-၃၅)

Vol. 3 Ch. 31-35

Chapter 31

ရီဖုန်းသည် ထိုစကားကိုကြားချိန်တွင် သူ မတ်တတ်ထရပ်၍ ထွက်ခွာသွားရန်ဟန်ပြင်နေရာမှ သူ၏အကြည့် ရွေ့လျားသွားသည်။

ခန်းဆောင်နီအိမ်မက်၏စာရေးဆရာဟု ဆိုလိုက်သလော...

ဤှသည်က သူ မဟုတ်လော....

မြောင်ယွင်အာသည် သူ၏စာဖတ်ပရိသတ်တစ်ယောက်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။ ဖြစ်နိုင်သည်မှာ စာအုပ်များပုံနှိပ်ရန်အတွက် အခွင့်အရေးတချို့ ရှိနေပုံပင်။ မည်သို့ပင်ဆိုစေကာမူ သူ၏ဘဏ္ဍာရေးအခြေအနေသည် ယခုချိိန်၌ စာအုပ်ထုတ်ဝေရန်အတွက် မဖူလုံချေ။

မြောင်ယွင်အာမှနေ၍ ရီဖုန်း၏ရှေ့တွင် ခန်းဆောင်နီအိမ်မက်အကြောင်း ပြောဆိုသည်ကိုကြားချိန်တွင် သူ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။ သူက ပျာပျာသလဲ ချောင်းနှစ်ချက်ဟန့်ကာ အော်ငေါက်လိုက်၏။

"ယွင်အာ...ငါ ဧည့်သည်နဲ့စကားပြောနေတာလို့ မင်းကို ပြောနေတယ်လေ...မင်း အရင်ဆုံး အပြင်ကိုထွက်သွားတော့"

မြောင်ယွင်အာသည် ရီဖုန်းကိုတစ်ချက်ကြည့်ပြီးနောက် သူမ၏ပါးပြင်လေးဖောင်းလာသည်အထိ လေတစ်ချက်မှုတ်ကာ အခန်းအပြင်သို့ ထွက်ခွာသွားတော့သည်။

မြောင်ယွင်အာ ထွက်ခွာသွားသည်ကိုကြည့်ပြီး မြောင်လင်းသည် မချိပြုံးပြုံးကာ ရီဖုန်းကိုကြည့်၍ ပြောဆိုသည်။

"ဆရာရီ ငါ ဒါကို မင်းမသိအောင် ဖုံးကွယ်ထားမှာမဟုတ်ဘူး...တကယ်တော့ ငါ့ရဲ့သမီးက မင်းရဲ့စာဖတ်ပရိတ်သတ်တစ်ယောက်ပဲ....ခန်းဆောင်နီအိမ်မက်ကို သူက တစ်ညလုံးမအိပ်ဘဲဖတ်ခဲ့တယ်"

သို့ရာတွင် ထိုစကားကိုပြောဆိုပြီးနောက် သူ၏လေသံ တဖန်ထပ်၍ ပြောင်းလဲသွားသည်။

"ဒါပေမယ့်......"

"ငါတို့ကုန်သည်အဖွဲ့အစည်းရဲ့ ပုလဲရတနာလေးဖြစ်တဲ့ သူ့မှာ ကြီးမားတဲ့တာဝန်တွေရှိနေတယ်...သူက စိတ်ခံစားချက်တွေဖြစ်စေတဲ့ စာအုပ်တချို့ကိုဖတ်ပြီးတော့ နေ့တိုင်းတွေးတောမနေသင့်ဘူး...ဒါက တကယ့်ကိုမသင့်တော်တဲ့ကိစ္စဖြစ်ပြီးတော့ စီးပွားရေးတွေကိုလည်း သူ ကောင်းကောင်းမလုပ်နိုင်တော့ဘူး"

"ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်....ငါ မင်းရဲ့ အကြီးမြတ်ဆုံးရတနာနဲ့ခရမ်းအင်မော်တယ်စာအုပ်ကို ကူညီပြီးပုံနှိပ်မပေးချင်တဲ့ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းက ငါ့ရဲ့သမီးကြောင့်ပဲ...အဲ့ဒီစာအုပ်ထွက်လာတာနဲ့ သူက ထပ်ပြီးတော့ တမ်းတမ်းစွဲဖြစ်သွားလိမ့်မယ်....ဒါကြောင့် မင်း နားလည်ပေးနိုင်ဖို့ ငါ မျှော်လင့်တယ်"

ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် ခေါင်းတစ်ချက်ညိတ်ပြကာ မည်သည့်စကားကိုမျှမပြောဆိုဘဲ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

"ခဏနေပါဦး"

မြောင်လင်းက ထပ်မံ၍ အော်ဟစ်လေသည်။

ရီဖုန်းက ရပ်တန့်ကာ မြောင်လင်းကို နောက်ပြန်လှည့်ကြည့်လိုက်၏။

မြောင်လင်းသည် မတ်တတ်ထရပ်ကာ ရီဖုန်းထံသို့ လျှောက်လှမ်းသွားရင်း သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ၏လက်အောက်ငယ်သားများသည် နားလည်သဘောပေါက်သွားကာ ပြင်ပသို့ထွက်သွားကြသည်။ မကြာမီမှာပင် သူတို့သည် ရွှေပြားများကို နှစ်တန်းစီ၍ထည့်ထားသော ကျောက်စိမ်းလင်ပန်းတစ်ချပ်ကို သယ်ဆောင်လာကြကာ ရွှေပြားတစ်ရာခန့်ရှိပုံရသည်။

ရီဖုန်းက ဝေခွဲရခက်စွာဖြင့် မြောင်လင်းကိုကြည့်လိုက်သည်။

"မင်း ခုဏ မြင်တဲ့အတိုင်းပဲ...ငါ့ရဲ့သမီးက ခန်းဆောင်နီအိမ်မက်ကိုရေးခဲ့တဲ့ မူရင်းစာရေးဆရာကို ရှာနေတယ်"

မြောင်လင်းသည် ထိုကျောက်စိမ်းလင်ပန်းကို ရီဖုန်းထံပေး၍ ဆက်လက်ပြောဆိုသည်မှာ

"ငါ့သမီးရဲ့ရှေ့မှာ မင်းရဲ့သရုပ်မှန်ကို မဖော်ပြပါနဲ့...ဒီရွှေပြားတစ်ရာကို မင်း ယူသွားပါ"

ရီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ သူကျောက်စိမ်းလင်ပန်းကို ကြည့်လိုက်သည်။

အချိန်တခဏခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏လက်ကိုဆန့်တန်းကာ ထိုရွှေပြားများအနက်မှ ရွှေပြားဆယ်ပြားကိုယူပြီး ပြောဆိုသည်။

"ဒီရွှေပြားဆယ်ပြားက အရင်တစ်ကြိမ်က ဆေးပင်တွေအတွက် တန်ကြေးပဲ...ကျန်တာတွေအတွက်ကတော့ မလိုအပ်ပါဘူး"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ချာခနဲနောက်လှည့်ကာ ထွက်ခွာခဲ့တော့သည်။

သူတို့၏လမ်းကြောင်းများသည် ကွဲပြားခြားနားနေသဖြင့် သူ ထပ်မံ၍စကားပြောဆိုရန် မလိုအပ်တော့ချေ။

တံခါးဝအရောက်တွင် သူသည် ပြင်ပ၌စောင့်ဆိုင်းနေသော မြောင်ယွင်အာနှင့် မထင်မှတ်ဘဲ ပက်ပင်းတိုးမိလေသည်။ ရီဖုန်းသည် သူ၏စာဖတ်ပရိသတ်တစ်ယောက်ကို အစားအစာကျွေးသောအဖိုး အဝတ်အစားဆင်ပေးသောမိဘတို့ကဲ့သို့ ရိုသေလေးစားပြီးကျေးဇူးတင်သူဖြစ်၍ ယဥ်ကျေးသိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။

ဤမျှသာပင်...

ရီဖုန်းထွက်ခွာသွားပြီးနောက် မြောင်ယွင်အာသည် မြောင်လင်းကို ထပ်မံ၍ သွားရောက်ရှာဖွေခဲ့သည်။

"အဖေ...ခန်းဆောင်နီအိမ်မက်ကိုရေးတဲ့ စာရေးဆရာနဲ့မိတ်ဆက်ပေးမယ်လို့ အဖေ သမီးကို ကတိပေးထားတယ်လေ...ဒါပေမယ့် ဘာလို့ ခုထိ ဘာသတင်းမှ မကြားရသေးတာလဲ"

မြောင်ယွင်အာသည် နုတ်ခမ်းစူထားကာ မကြည်မသာမျက်နှာအမူအယာနှင့် ပြောဆိုသည်။

"ယွင်အာ...မင်းက ကုန်သည်အဖွဲ့အစည်းမှာရှိတဲ့ စီနီယာတွေစီကနေ စီးပွားရေးလုပ်ငန်းတွေကို သင်ယူသင့်တယ်...ဒီလိုမျိုး စိတ်ကူးယဥ်ဆန်ဆန် စာအုပ်တွေကိုဖတ်နေတာက ဘာအကျိုးရှိလို့လဲ"

မြောင်လင်းက ညင်သာသောလေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။

"စီးပွားရေး....စီးပွားရေး...အဖေက သမီးကို စီးပွားရေးပဲ လုပ်စေချင်နေတယ်..ဒါပေမယ့် သမီးက ဘာစီးပွားရေးလုပ်ငန်းကိုမှ သဘောမကျဘူး...ပြီးတော့ စာအုပ်တွေဖတ်တာက သမီးရဲ့စီးပွားရေးကို ဘာထိခိုက်သွားနိုင်လို့လဲ"

မြောင်ယွင်အာက ကြမ်းပြင်ပေါ်သို့ ခြေဆောင့်နင်းကာ ဒေါသတကြီး အော်ဟစ်လေသည်။

"မင်း ဒီကိစ္စကို ထပ်ပြောနေရင်လည်း အသုံးဝင်မှာမဟုတ်ဘူး....ငါက သူ့ရဲ့စာအုပ်တွေကို ထပ်ပြီးမထုတ်တော့ဖို့ ဆုံးဖြတ်ထားတာကြောင့် မင်း သူ့ကို တွေ့ရမှာမဟုတ်ဘူး"

မြောင်လင်းက တင်းမာသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ဘာလို့လဲ"

မြောင်ယွင်အာက စိုးရိမ်တကြီး မေးမြန်းသည်။

"သူက ဆင်းရဲတဲ့ရွာသားတစ်ယောက်ပဲ...တကယ်လို့ သူ အရင်က ငါ့ကိုကူညီခဲ့ဖူးတာကြောင့်သာမဟုတ်ရင်....သူ့မှာ စာအုပ်ထုတ်နိုင်တဲ့အရည်အချင်းမျိုး ဘယ်လိုလုပ်ပြီးရှိမှာလဲ"

မြောင်လင်းက အထင်အမြင်သေးစွာ ပြောဆိုသည်မှာ

"ပြီးတော့....ဒါက ငါတို့ကုန်သည်အဖွဲ့အစည်းအတွက် အကျိုးအမြတ်တွေ အများကြီးမရနိုင်ဘူး....ဒါကြောင့် ငါတို့က သူနဲ့ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်တော့မှာမဟုတ်ဘူး"

"ဒါပေမယ့် ခန်းဆောင်နီအိမ်မက်ရဲ့ရောင်းအားက အရမ်းကောင်းတယ်လေ...အဲ့ဒီကနေ ကုန်သည်အဖွဲ့အစည်းက ငွေတွေအများကြီး ရခဲ့တယ်မဟုတ်လား"

မြောင်ယွင်အာသည် သဘောမတူလိုဟန်ဖြင့် ပြောဆိုလေ၏။

"ဘာလို့ သူနဲ့ဆက်ပြီးတော့ မပူးပေါင်းတော့တာလဲ"

"ဒါက အမြတ်အစွန်း နည်းနည်းရှိခဲ့တယ်ဆိုပေမယ့် ငါတို့ရဲ့အဓိကလုပ်ငန်းတွေနဲ့ နှိုင်းယှဥ်ရင် မပြောပလောက်တဲ့ ပမာဏပဲ....ပြီးတော့ အခုချိန်မှာက ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းနဲ့ ယှဥ်ပြိုင်နေရတဲ့ အရေးကြီးအချိန်ကာလပဲ....ငါတို့ကုန်သည်အဖွဲ့အစည်းဘက်မှာ အာရုံထွေပြားနေလို့မဖြစ်ဘူး"

မြောင်ယွင်အာသည် တစ်စုံတစ်ခုအား ပြောဆိုလိုဟန်ရှိသေးသည်ကိုကြည့်ပြီး မြောင်လင်းက သူ၏လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။

"တော်သင့်ပြီ...ငါ အလုပ်ရှုပ်နေတယ်...သခင်မလေးကို အနားယူဖို့ ပြန်ခေါ်သွားကြစမ်း"

မြောင်ယွင်အာ မည်မျှပင် ရုန်းကန်နေပါစေ အစေခံနှစ်ယောက်သည် သူမကို အဝေးသို့ဆွဲခေါ်သွားလေ၏။

ကုန်သည်အဖွဲ့အစည်းမှ ထွက်ခွာခဲ့ပြီးနောက် ဆောင်းဦးလေတိုက်ခတ်လာမှု၏အောက်တွင် ရီဖုန်း၏ပုံရိပ်ကိုကြည့်ရသည်မှာ အလွန်အထီးကျန်ဆန်သည်။

ဘဝ...

ဤသည်မှာ မည်သည့်နေရာတွင်မဆို မလွယ်ကူချေ။

ကြည်ရသည်မှာ အကယ်၍ သူသည် ငွေရှာရန်အတွက် စာအုပ်များကိုထုတ်ဝေလိုပါက တခြားနည်းလမ်းတစ်ခုကို ရှာဖွေရမည့်ပုံပင်။

သူ သိုင်းပညာခန်းမထံသို့ ပြန်ရောက်ချိန်တွင် ရင်းနှီးသောပုံရိပ်နှစ်ခုကို တွေ့မြင်မိသည်။ ပုံရိပ်တစ်ခုသည် ကြီးမားပြီး ပုံရိပ်တစ်ခုသည် သေးငယ်ကာ သိုင်းပညာခန်းမ၏လှေကားထစ်များပေါ်၌ ထိုင်နေကြပြီး သူမတို့၏မေးများကိုထောက်ထားကာ တစ်စုံတစ်ခုကို စောင့်မျှော်နေပုံရသည်။

ဤပုံရိပ်နှစ်ခုသည် ချင်ရှန်းဂိုဏ်းမှ လော့လန်ရွှယ်နှင့်ယင်လော့လီတို့ပင်။

သူမတို့သည် ကျင့်ကြံသူများဖြစ်သည့်အပြင် သာလွန်ထူးကဲသော စိတ်နေစိတ်ထားနှင့် သဘာဝအလှတို့ကိုလည်း ပိုင်ဆိုင်ထားကြသည်။ သူမတို့၏ခန္ဓာကိုယ်သည် ဖွံ့ထွားပြီး ဆွဲဆောင်မှုရှိသဖြင့် ဖြတ်သွားဖြတ်လာတို့၏အကြည့်များက သူမတို့ထံသို့ အဆက်မပြတ်ကျရောက်နေသည်။

ရီဖုန်း ပြန်လာသည်ကိုမြင်တွေ့အချိန်၌ အလှအဂေးလေးနှစ်ယောက်၏ လှပသောမျက်နှာများပေါ်တွင် ပျော်ရွှင်မှုများထင်ဟပ်လာကာ သူ့ကို ဆီးကြိုနှုတ်ဆက်ကြလေ၏။

"ဆရာရီကို နှုတ်ဆက်ပါတယ်"

လော့လန်ရွှယ်သည် ဦးညွှတ်အရိုအသေပြုလိုက်သော်လည်း သူမ၏မျက်လုံးဖြင့် ရီဖုန်းကို စေ့စေ့မကြည့်ဝံ့ချေ။

ယင်လော့လီသည် ကလေးတစ်ယောက်အလား ရီဖုန်းကို စပ်စပ်စုစု ကြည့်လိုက်သည်။ အကြောင်းအရင်းမှာ သူမ၏ဆရာသခင်နှင့်စီနီယာအမတို့သည် သူမရှေ့ရှိလူသည် ပြိုင်ဘက်ကင်းဆရာသခင်တစ်ယောက်ဖြစ်ကြောင်း သူမကို တစ်ကြိမ်ထပ်မက ပြောဆိုထားသောကြောင့်ပင်။ ထို့ပြင် သူမသည် ရီဖုန်းကိုတွေ့ချိန်၌ ယဥ်ကျေးသိမ်မွေ့ပြီး ရိုသေလေးစားစွာဆက်ဆံရမည်ဟု မှာကြားထားပေ၏။

"မင်းတို့ နှစ်ယောက်ပဲ"

ရီဖုန်းက ခေါင်းညိတ်ပြကာ အပြုံးနှင့်မေးမြန်းလိုက်သည်။

"အကိုချင်ရှန်း ဘယ်မှာလဲ...ဘာလို့ သူ မလာတာလဲ"

"ဆရာ....ဦးလေးက အခုလတ်တလောအချိန်မှာ နာမကျန်းဖြစ်နေရာကနေ နာလန်ထစပဲရှိသေးတယ်...ဒါကြောင့် သူက ဆရာရီကိုသွားတွေ့ဖို့ ကျွန်မတို့ကို သေသေချာချာမှာထားလို့ပါ"

လော့လန်ရွှယ်သည် သေချာထုပ်ပိုးထားသော ခြင်းတောင်းတစ်လုံးကို လက်ကမ်းပေးကာ နူးညံညင်သာစွာ ပြောဆိုသည်။

"ဒါတွေက တောင်ပေါ်ကနေကောက်ထားတဲ့ သစ်သီးတွေပါ....ဦးလေးက ဒါတွေကို ဆရာရီကိုပေးဖို့ ကျွန်မတို့ကို ပြောထားတယ်"

"မင်းတို့က အရမ်းကြင်နာတက်တာပဲ"

ရီဖုန်းက အပြုံးနှင့် သစ်သီးခြင်းတောင်းကို ယူလိုက်သည်။ ထို့နောက်သူသည် ထိုခြင်းတောင်းကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်၏။ ခြင်းတောင်းအတွင်းတွင် အရုပ်ငယ်လေးများနှင့်တူသော နှင်းကဲ့သို့ဖြူဆွတ်နေသည့် သစ်သီးများရှိနေကာ ကြည့်ရသည်မှာ အရသာရှိမည့်ပုံရသည်။

ရီဖုန်း၏အပြုံးကို မြင်တွေ့ချိန်တွင် လော့လန်ရွှယ်သည် ထပ်မံ၍ သူမ၏စိတ်ကိုထိန်းချုပ်မထားတော့ချေ။

ဤစီနီယာနှင့် စကားပြောဆိုဆက်ဆံရသည်မှာ အလွန်သက်တောင့်သက်သာရှိကြောင်း သူမ ဝန်ခံရပေမည်။ ထိုအကြောင်းကိုတွေးတောရင်း သူမသည် ရီဖုန်းနှင့် စကားစမြည်ပြောဆိုရန်ရည်ရွယ်ကာ မေးမြန်းလိုက်သည်။

"ဆရာရီက ဘယ်ကနေ ပြန်လာတာလဲ"

"ငါ...."

ရီဖုန်းက ခါးသည်းသောအပြုံးနှင့် ပြောဆိုလေ၏။

"ငါက အားလပ်နေပြီးတော့ ဘာမှလုပ်စရာမရှိဘူးလေ...ဒါကြောင့် ငါ့မိသားစုရဲ့အသုံးစရိတ်ရဲ့ တချို့တစ်ဝက်ကို ထောက်ပံ့နိုင်ဖို့ ငါက စာအုပ်တစ်အုပ်ရေးခဲ့တယ်...ဒါပေမယ့် ငါ ဒါကိုထုတ်ဝေပေးနိုင်မယ့် နေရာတစ်နေရာကိုရှာဖို့ ရုန်းကန်နေရတုန်းပဲ"

'ဆရာရီက မိသားစုရဲ့ကုန်ကျစရိတ်တချို့တစ်ဝက်ကို ထောက်ပံ့နိုင်ဖို့ စာတစ်အုပ်ရေးခဲ့တယ်....ဒါပေမယ့် အဲ့ဒါကို ထုတ်ဝေနိုင်ဖို့ နေရာတစ်နေရာကို ရှာမတွေ့ဘူးတဲ့လား'

လော့လန်ရွှယ်က အနည်းငယ် အံ့အားသင့်သွားသည်။

သို့ရာတွင် သူမ နောက်တစ်ကြိမ် ပြန်လည်တွေးတောမိချိန်၌ ရီဖုန်းသည် သေမျိုးလောကနှင့် အလွန်အမင်းရောနှောနေကြောင်း သူမ နားလည်သဘောပေါက်သွားသည်။ သူ၏သရုပ်မှန်ကို ထုတ်ဖော်ရန်ဆန္ဒမရှိသဖြင့် သူ့ထံတွင် ဤကဲ့သို့အကျပ်အတည်းမျိုးရှိနေခြင်း ဖြစ်ပေမည်။

လောကီကိစ္စများဖြစ်သော စားဝတ်နေရေး ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှု အခက်အခဲများနှင့်စိတ်ရှုပ်ထွေးမှု....ဤအရာများသည် ဘဝ၏စစ်မှန်သော အတွေ့အကြုံများပင်။

အချိန်တခဏကြာပြီးနောက် လော့လန်ရွှယ်သည် အတွေးအမြင်သစ်များ ထပ်မံ၍ရရှိသွားသည်။

သေချာသည်မှာ သူမသည် ဤစီနီယာနှင့်စကားပြောဆိုဆက်ဆံသည့် အကြိမ်တိုင်း မမျှော်လင့်ထားသော အကျိုးကျေးဇူးများ အမြဲတစေရရှိနေခြင်းပင်။

"ဆရာရီ...ကျွန်မတို့က ကူညီပေးမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ"

သူမ၏စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် လော့လန်ရွှယ်က ထပ်မံ၍ ဂရုတစိုက် မေးမြန်းလေသည်။

"အမ်...."

ရီဖုန်း၏မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။

"ဒါက ဒီလိုပါ...လော့လီရဲ့အဖေက ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းရဲ့ခေါင်းဆောင်လေ...ကျွန်မတို့ သူ့ကို အတူတူသွားရှာကြမလား"

လော့လန်ရွှယ်က ရှင်းပြလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဆရာရီသည် သေမျိုးလောကနှင့်ရောနှောနေသဖြင့် သူမသည် မည်သည့်စည်းမျဥ်းကိုမှမချိုးဖောက်ဘဲ သေမျိုးလောက၏ပတ်သတ်မှုများကို အသုံးပြုကာ ကူညီပေးရပေမည်။

"ဒါက ကောင်းသားပဲ"

ရီဖုန်း၏အုံ့မှိုင်းနေသောစိတ်ခံစားချက်သည် တမဟုတ်ချင်း ပျက်ပြယ်သွားလေပြီ။ ဤသည်က အမှောင်ထုကြီးအတွင်းသို့ အလင်းတန်းတစ်တန်း ကျရောက်လာသည့်အလားပင်။

Chapter 32

လော့လန်ရွှယ်သည် ထိုစကားကိုကြားချိန်၌ အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားသည်။

တစ်ချိန်တည်းမှာပင် မည်သည့်စာအုပ်မျိုးကို ရီဖုန်းရေးသားခဲ့သည်အား သူမ အလွန်သိချင်နေမိကာ ထိုစာအုပ်သည် ရောင်းအားအကောင်းဆုံးဖြစ်မည်ဟု သူမ သေချာပေါက် ခံစားမိသည်။

သူမ၏နားဘေးရှိ ယင်လော့လီ၏အပြုံးသည် နားရွက်သို့ တက်ချိတ်လုမတတ်ပင်။

သူမသည် အသက်ငယ်ရွယ်သော်လည်း တခြားသူများထက် လိမ္မာပါးနပ်သူဖြစ်သည်။ အကယ်၍ ဤထိပ်သီးဆရာသခင် ရေးသားသောစာအုပ်ကို သူမတို့မိသားစု၏ကုန်သည်အဖွဲ့အစည်းမှ ရောင်းချခွင့်ရရှိပါက သူမတို့အတွက် အလွန်ကြီးမားသောအခွင့်အရေးကြီးဖြစ်ပေမည်။

အချိန်တခဏကြာခန့် စကားစမြည်ပြောဆိုပြီးနောက် သူတို့သုံးယောက်သည် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းထံသို့ ဦးတည်၍ ထွက်ခွာခဲ့တော့သည်။

သူတို့သုံးရောက်ကို လက်ခံတွေ့ဆုံသူမှာ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းခေါင်းဆောင် ယင်ရှုံးပင်။ သူသည် အရပ်ရှည်ပြီး ထွားကျိုင်းသောခန္ဓာကိုယ် နီမြန်းသောအသားအရေရှိပြီး သူ ချစ်မြတ်နိုးထသော သမီးဖြစ်သူ ပြန်လာသည်ကို မြင်တွေ့ချိန်တွင် အလွန်ဝမ်းသာပျော်ရွှင်နေသည်။

အမှန်အားဖြင့် သူသည် လော့လန်ရွှယ်ကိုလည်း အလွန်ယဥ်ကျေးပျူငှာစွာ ဆက်ဆံနေသည်။

မည်သို့ပင်ဆိုစေကာမူ လော့လန်ရွှယ်သည် ယင်လော့လီ၏စီနီယာအမဖြစ်သည့်အပြင် ချင်ရှန်းဘိုးဘေး၏အနှစ်သက်ဆုံးတပည့်လည်းဖြစ်သည်။

"ဒါက ဘယ်သူလဲဆိုတာ ငါ မေးလို့ရမလား"

ယင်ရှုံးက ရီဖုန်းကိုကြည့်၍ ယဥ်ကျေးသိမ်မွေ့စွာ မေးမြန်းသည်။

"ဒါက ဆရာရီပါ"

လော့လန်ရွှယ်သည် အလျှင်အမြန် မိတ်ဆက်ပေးကာ ယင်ရှုံးစကားပြောဆိုမည်ကို မစောင့်ဆိုင်းဘဲ သူမက ရီဖုန်းကို အဓိကထိုင်ခုံပေါ်၌ ချက်ချင်းနေရာပေးလိုက်၏။

"ဆရာရီကို တွေ့ရတာ ဝမ်းသာပါတယ်"

ယင်ရှုံးသည် ရီဖုန်းကို အနည်းငယ်ဦးညွှတ်ကာ သူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး လော့လန်ရွှယ်ကို သူ၏နံဘေးသို့ ဆွဲခေါ်လိုက်သည်။

"တူမလေး...ဆရာရီက ဘယ်သူလဲ"

သူက လေသံတိုးတိုးဖြင့် လော့လန်ရွှယ်ကို မေးမြန်းသည်။ ကုန်သည်အဖွဲ့အစည်းခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာကြာအောင် တာဝန်ယူခဲ့သော ယင်ရှုံးသည် ဥာဏ်များသော မြေခွေးအိုကြီးတစ်ကောင်ပင်။

လော့လန်ရွှယ်သည် ရီဖုန်းကို ရိုသေလေးစားစွာ ဆက်ဆံနေသည်အား သူ ရှင်းရှင်းလင်းလင်း မြင်တွေ့ထားပြီးလေပြီ။

ထို့ထက်ပို၍ထူးဆန်းသည်မှာ သာမာန်အားဖြင့် လူစိမ်းများအပေါ် ရန်လိုတတ်သော သူ၏သမီးဖြစ်သူ ယင်လော့လီသည် ရီဖုန်း၏ရှေ့၌ ကောင်းမွန်သောအပြုအမူဖြင့် ရှိနေခြင်းပင်။ ဤသည်က သူ့အား ဤ 'ဆရာရီ' ဆိုသူ၏သရုပ်မှန်ကို စိတ်မဝင်စားဘဲ မနေနိုင်အောင် ဖြစ်စေခဲ့သည်။

လော့လန်ရွှယ်သည် ခွင့်ပြုချက်တောင်းခံရန်အတွက် လဖက်ရည်ကို အရသာခံ၍သောက်နေသော ရီဖုန်းကိုကြည့်လိုက်၏။

အချိန်အတော်ကြာသည့်တိုင် ရီဖုန်းထံမှမည်သည့်တုံ့ပြန်မှုမျိုးမျှ မရှိသည်ကိုကြည့်ပြီး နောက်ဆုံး၌ သူမ၏ခေါင်းကိုငုံကာ အထူးအလေးအနက်ထား၍ ပြောဆိုသည်။

"ဦးလေး...ကျွန်မက ဆရာရီရဲ့သရုပ်မှန်ကို အများကြီးထုတ်ဖော်ပြောဖို့ အဆင်မပြေဘူး...ဒါပေမယ့် ဦးလေးမှတ်ထားရမှာက ကျွန်မတို့ရဲ့ဆရာသခင်ကတောင် သူ့ကို ရိုရိုသေသေနဲ့ 'ဆရာရီ' လို့ ခေါ်ဆိုသုံးနှုန်းတယ်ဆိုတာပဲ...ဒီနေ့က ဦးလေးတို့ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းအတွက် အရမ်းကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခု ဖြစ်သွားနိုင်တယ်...ဦးလေးက ဒါကို အမိအရဆုပ်ကိုင်ထားပါ"

ထိုစကားကိုကြားချိန်တွင် ယင်ရှုံး၏ခန္ဓာကိုယ် တုန်ရီသွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် လေအေးတစ်ချက် ရှိုက်သွင်းလိုက်၏။

သူသည် လော့လန်ရွှယ်၏စကားများကို တစ်ကြိမ်တစ်ခါမျှ သံသယမဝင်သည့်အပြင် သူမ၏လေသံအတွင်းမှ လေးနက်မှုကိုလည်း သူ ခံစားမိသည်။ လော့လန်ရွှယ်သည် ချင်ရှန်းဘိုးဘေးပင် လေးစားရိုသေရသည့် ဤကဲ့သို့ဆရာသခင်တစ်ယောက်ကို ခေါ်ဆောင်လာမည်ဟု သူ မျှော်လင့်မထားမိချေ။ ဤသည်မှာ သူလို သေမျိုးစီးပွားရေးသမားတစ်ယောက်အနေဖြင့်......

သူ ဆက်လက်၍ မတွေးတောဝံ့တော့ချေ။

သို့ရာတွင် အနည်းဆုံးအနေဖြင့် သူ ယခုချိန်မှစ၍ မည်ကဲ့သို့ပြုမူဆက်ဆံရမည်ကို သူ ကောင်းစွာသိရှိထားသည်။

"လာကြစမ်း...ကုန်သည်အဖွဲ့မှာရှိတဲ့ အကောင်းဆုံး စားကောင်းသောက်ဖွယ်တွေ ဒီနေရာကို ယူလာကြစမ်း"

ယင်ရှုံးက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ မကြာမီမှာပင် ညှို့အားကောင်းပြီး လှပချောမောသော အစေခံမလေးများသည် စားကောင်းသောက်ဖွယ်များထည့်ထားသော လင်ပန်းများကို သယ်ဆောင်လာကြသည်။ သူမတို့သည် ထိုအရာများကို ရီဖုန်း၏ရှေ့၌ ချပေးကာ အနည်းငယ်မျှပင် ပေါ့ပေါ့ဆဆ မလုပ်ဝံ့ချေ။

အချိန်တခဏကြာ စကားစမြည်ပြောဆိုပြီးနောက် ရီဖုန်းက သူ၏လာရင်းရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုသည်။

"စာအုပ်တစ်အုပ် ထုတ်ချင်တာလား"

ယင်ရှုံးသည် ထိုစကားကိုကြားချိန်တွင် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဘဏ္ဍာစိုးကို ခေါ်လိုက်သည်။

"သခင်ကြီး...ဘာအမိန့်ပေးစရာ ရှိလို့လဲ"

ဘဏ္ဍာစိုးက ရိုသေလေးစားစွာ မေးမြန်းသည်။

"ဒီနေ့ကနေစပြီးတော့...ငါတို့ရဲ့ကုန်သည်အဖွဲ့အစည်းက ဆရာရီရဲ့စာအုပ်ထုတ်ဝေနိုင်ဖို့ကို အားသွန်ခွန်စိုက် ကြိုးစားရမယ်...စာစီတာလက်ရေးလှရေးတာတွေနဲ့ ပုံနှိပ်တဲ့နေရာတွေမှာ အမြင့်ဆုံးအရည်အသွေးနဲ့လုပ်ရမယ်....တကယ်လို့ အဲ့ဒီနေရာတွေမှာ နည်းနည်းလေးအမှားအယွင်းဖြစ်တာနဲ့ မင်း တာဝန်ယူရမယ်"

ယင်ရှုံးက အမိန့်ပေးသည်။

"သခင်ကြီး...ကျွန်တော်တို့ကုန်သည်အဖွဲ့အစည်းရဲ့ အဓိကလုပ်ငန်းတွေက ကျောက်မျက်ရတနာတွေ ငွေနဲ့ကျင့်ကြံခြင်းအထောက်အပံပစ္စည်းတွေလေ...တကယ်လို့ ကျွန်တော်တို့က အဲ့ဒီကိစ္စတွေမှာ အာရုံစိုက်တာကို လျှော့လိုက်မယ်ဆိုရင် ပင်ကျင်းကုန်သည်အဖွဲ့အစည်းက ကျွန်တော်တို့ရဲ့စျေးကွက်ဝေစုကို ထိပါးသွားလိမ့်မယ်...သခင်ကြီး မတွေးမိဘူးလား......"

ဘဏ္ဍာစိုးက စိုးရိမ်ပူပန်သောအမူအယာဖြင့် ခေါင်းမော့ကြည့်ကာ ပြောဆိုသည်။

"ငါ ဒါတွေ ဘာတစ်ခုမှ မသိချင်ဘူး...မင်းကို ဘယ်သူက ဒီလောက်ထိ စကားအများကြီးပြောဖို့ ခွင့်ပြုထားလို့လဲ"

ယင်ရှုံးသည် ရုတ်တရက် အလွန်ဒေါသထွက်သွားကာ ဘဏ္ဍာစိုးကို ပါးတစ်ချက်ဖြတ်ရိုက်ပြီး အော်ငေါက်လိုက်၏။

"ကုန်သည်အဖွဲ့က ဆရာရီရဲ့စာအုပ်ထုတ်ဖို့ကိုပဲ အာရုံစိုက်ဖို့ ငါ မင်းကို ပြောပြီးပြီ....ငါ ပြောသလိုလုပ်...မင်း ဘာမှ ထပ်ပြောစရာမလိုဘူး"

"ဟုတ်ကဲ့ပါ သခင်ကြီး"

ဘဏ္ဍာစိုး၏မျက်နှာသည် ထိတ်လန့်ကြောက်ရွံမှုကြောင့်အရောင်ပြောင်းသွားကာ သူသည် မည်သည့်စကားကိုမျှ ထပ်မဆိုဝံ့တော့ချေ။ သူသည် သူ၏ဖူးယောင်နေသောပါးကို လက်ဖြင့်အုပ်ကာ အလျှင်အမြန် ပြန်ထွက်သွားတော့သည်။

"ခေါင်းဆောင်ယင်....ဒီလောက်ထိ လုပ်စရာမလိုပါဘူး...မင်းတို့ကုန်သည်အဖွဲ့ရဲ့အရင်စီးပွားရေးလုပ်ငန်းတွေကိုပဲ အာရုံစိုက်ပါ"

ရီဖုန်းက ငွေအနည်းငယ်ရှာဖွေလိုသဖြင့်သာ စာအုပ်တချို့ ထုတ်ဝေလိုခြင်းဖြစ်သဖြင့် ယင်ရှုံး၏စကားကိုကြားချိန်တွင် အနည်းငယ်အံ့အားသင့်သွားသည်။ သူ၏စာအုပ်ကိုထုတ်ဝေရန် ကုန်သည်အဖွဲ့တစ်ဖွဲ့လုံး အားသွန်ခွန်စိုက်ကြိုးစားကြမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။

"ဒါက ဘာလို့လဲဆိုတော့....ရိုးရိုးသားသား ဝန်ခံရရင် ငါကိုယ်တိုင်ကကို စာအုပ်တွေဖတ်ရတာ အရမ်းကြိုက်တယ်....ပြီးတော့ ငါတို့ကုန်သည်အဖွဲ့က စာအုပ်ထုတ်ဝေတဲ့လုပ်ငန်းကိုချဲ့ထွင်ဖို့ စီစဥ်ထားတာ အချိန်အတော်ကြာနေပြီ"

ယင်ရှုံးက အားရပါးရပြုံးကာ ဟာကွက်မရှိချောမွေ့စွာ ပြောဆိုသည်။

ဤအချိန်တွင် နံဘေးဘက်တွင်ထိုင်နေသော ယင်လော့လီနှင့်လော့လန်ရွှယ်တို့သည် ပြောစရာစကားမဲ့သွားကာ ကြက်သေသေသွားလေ၏။

အထူးသဖြင့် ယင်လော့လီသည် ကူကယ်ရာမဲ့စွာ ပြန်လည်တွေးတောမိသွားသည်။

'ငါတို့ရဲ့ ကုန်သည်အဖွဲ့က စာပေလုပ်ငန်းကို ချဲ့ထွင်ချင်နေတယ်ဆိုတာ ငါ ဘာလို့ မသိခဲ့ရတာလဲ'

Chapter 33

ရီဖုန်းသည် မူလက ငြင်းဆန်လိုသော်လည်း ယင်ရှုံး၏ရိုးသားပုံရသော မျက်နှာအမူအယာကြောင့် သူက ယဥ်ကျေးသိမ်မွေ့စွာ လက်ခံလိုက်သည်။ ကြည့်ရသည်မှာ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းသည် စာပေထုတ်ဝေရေးကို ချဲ့ထွင်ရန် အမှန်တကယ် ရည်ရွယ်ထားသည့်ပုံပင်။

ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းမှ ထွက်ခွာခဲ့ပြီးနောက် ရီဖုန်းသည် နောက်ဆုံး၌ သိုင်းပညာခန်းမထံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားမိလေ၏။

ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏ အပြည့်အဝ ထောက်ပံ့ပေးမှုကြောင့် သူသည် ငွေကြေးတချို့ရှာဖွေနိုင်ကာ ထိုအကြောင်းကို ထပ်မံ၍စိုးရိမ်ပူပန်ရတော့မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။

တစ်ချိန်တည်းမှာပင် လော့လန်ရွှယ်နှင့်ယင်လော့လီတို့သည်လည်း ချင်ရှန်းဂိုဏ်းသို့ ပြန်ရောက်သွားကာ ထိုကိစ္စကို ချင်ရှန်းဘိုးဘေးထံ ချက်ချင်းသတင်းပို့လိုက်သည်။

"မဆိုးဘူး....မင်းတို့လုပ်ခဲ့တာ ကောင်းတယ်"

ချင်ရှန်းဘိုးဘေး၏မျက်နှာပေါ်၌ စိတ်ကျေနပ်သွားသောအမူအယာမျိုးရှိနေကာ သူက အပြုံးနှင့်ပြောဆိုသည်။

"အခုကြည့်ရသလောက်တော့ ငါတို့နဲ့စီနီယာအကြားမှာရှိတဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ပိုကောင်းလာပြီ...နှမြောဖို့ကောင်းတာတစ်ခုကတော့ စီနီယာက ငါ့ကို နတ်ဘုရားဓားငှားခဲ့ပေမယ့် ငါက ရွှမ်းဝူဘိုးဘေးကို မသတ်နိုင်ခဲ့ဘူး"

"ဒါက အမှန်ပဲ"

လော့လန်ရွှယ်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ ဝေခွဲရခက်နေဟန်ဖြင့် မေးမြန်းလေ၏။

"ဆရာသခင်....ဆရာက နတ်ဘုရားဓားကို ဝှေ့ယမ်းပြီးတော့ ရွှမ်းဝူဘိုးဘေးရဲ့နောက်ကို လိုက်သွားခဲ့တယ်...ဘယ်လိုပဲဖြစ်နေနေ သူက ဆရာသတ်တာကို ခံရတော့မယ့်ပုံရှိတယ်....ဘယ်လိုဖြစ်ပြီး သူက....."

"ဟူး....ရွှမ်းဝူဘိုးဘေးအကြောင်း ငါတို့ရထားတဲ့သတင်းတွေက အစကတည်းကမှားနေခဲ့တာပဲ"

ချင်ရှန်းဘိုးဘေးက သက်ပြင်းတစ်ချက်ရှိုက်ကာ

"ငါတို့ တကယ်တိုက်ခိုက်တဲ့အချိန်ကျမှ သူက သိုင်းဘုရင်နယ်ပယ်ထဲကို ခြေချနိုင်ခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်နေပြီဆိုတာ ငါ နားလည်သွားတယ်....ငါ့ရဲ့ခွန်အား မလုံလောက်တာကြောင့် နတ်ဘုရားဓားကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဘူး...ဒါကြောင့် သူက ကျဥ်းထဲကျပ်ထဲအခြေအနေတစ်ခုကနေ ထွက်ပြေးသွားနိုင်ခဲ့တယ်"

"ကျွန်မ သိပြီ....."

လော့လန်ရွှယ်က နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်ပြကာ သူမ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။ အကယ်၍ ဆရာရီ၏နတ်ဘုရားဓားကြောင့်သာမဟုတ်ပါက ထိုနေ့က မိုးလေစင်မြင့်ပေါ်တွင် သူမ၏ဆရာသခင်သည် ရှုံးနိမ့်ပြီးဖြစ်ပေမည်။

"ဒါနဲ့ ရွှယ်အာ...စိတ်ဝိညာဥ်သစ်သီးတွေကို စီနီယာဆီ မင်းကိုယ်တိုင် သေချာပေးလိုက်တယ်မလား"

တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ချင်ရှန်းဘိုးဘေးက အလျင်စလိုမေးမြန်းသည်။

"အဲ့ဒီသစ်သီးရှစ်လုံးကို စီနီယာဆီ ကျွန်မကိုယ်တိုင် ပေးခဲ့ပါတယ်"

လော့လန်ရွှယ်က ရိုသေလေးစားစွာ တုံ့ပြန်ပြောဆိုသည်။

"ကောင်းတယ်....ကောင်းတယ်"

ချင်ရှန်းဘိုးဘေးက ခေါင်းညိတ်ပြကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။ ထို့နောက် သူ၏လက်အတွင်း၌ ကျောက်စိမ်းသေတ္တာတစ်လုံး ထွက်ပေါ်လာကာ ဆက်လက်၍ပြောဆိုသည်။

"ရွှယ်အာ....ဒီမှာ စိတ်ဝိညာဥ်သစ်သီးတစ်လုံး ကျန်သေးတယ်....မင်းနဲ့လော့လီတို့ ဝေမျှပြီး သုံးလိုက်တော့"

"အမ်...ဆရာသခင်...ကျွန်မ ဘယ်လိုလုပ် သုံးနိုင်မှာလဲ...စိတ်ဝိညာဥ်သစ်သီးတွေက ထောင်စုနှစ်တိုင်းမှာတစ်ကြိမ်ကို ကိုးလုံးပဲသီးတာ...ဒါတွေက အရမ်းအဖိုးတန်ရှားပါးတယ်...ဆရာပဲအသုံးပြုသင့်တယ်"

လော့လန်ရွှယ်က အလျှင်အမြန် ငြင်းဆန်သည်။

"ဒါက အဆင်ပြေပါတယ်...ငါက ကံကြမ္မာကောင်းကြီးတချို့ ကြုံခဲ့ရပြီးတော့ မင်းရဲ့ဆရာအဖိုးတဲ့အတူ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က တစ်စိတ်မြည်းစမ်းကြည့်ပြီးပြီ...ငါ အရင်တုန်းကတော့ သစ်သီးကိုးလုံးလုံးကို စီနီယာရီကိုပေးဖို့ ရည်ရွယ်ထားတာ...ဒါပေမယ့် ငါက မင်းတို့နှစ်ယောက်အတွက် စဥ်းစားမိလို့ တစ်လုံးချန်ထားလိုက်တာပဲ"

ချင်ရှန်းဘိုးဘေးက အပြုံးနှင့်ပြောဆိုသည်။

"ဆရာသခင်....."

လော့လန်ရွှယ်၏မျက်လုံးအတွင်း၌ မျက်ရည်စများရှိနေသည်။

"သွားကြတော့...ငါက တံခါးပိတ်ကျင့်ကြံဖို့ လိုနေတုန်းပဲ...ငါ ပြန်ထွက်လာတဲ့အချိန်ကျရင် ငါတို့စီနီယာဆီ ထပ်ပြီးသွားလည်ကြမယ်"

ထိုသို့ပြောဆိုပြီးနောက် ချင်ရှန်းဘိုးဘေးက သူ၏မျက်လုံးကို စုံမှိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ...တပည့်တို့ သွားပါတော့မယ်"

လော့လန်ရွှယ်သည် ကျောက်စိမ်းသေတ္တာကို သူမ၏လက်နှစ်ဖက်ဖြင့် တရိုတသေကိုင်၍ နောက်သို့ဆုတ်လိုက်၏။

အချိန်များက တိတ်တဆိတ် ကုန်ဆုံးသွားလေပြီ။

ဆောင်းဦးရာသီး၏နှောင်းပိုင်းသို့ ရောက်ရှိလာခဲ့သည်။

ပေါင်ဖုန်းကုန်သည့်အဖွဲ့အစည်း၏ အပြည့်အဝထောက်ပံ့ပေးမှုအောက်တွင် ရီဖုန်းရေးသားထားသောစာအုပ်ကို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့လေ၏။

သိုင်းပညာခန်းမ၌....

ရီဖုန်းသည် ကုတင်အစွန်း၌ထိုင်ကာ သူ၏လက်ဖဝါးကို ကျုံးချင်၏နဖူးပေါ်သို့တင်လိုက်သည်။

"ဆရာသခင်...ကျွန်တော် နေကောင်းပါတယ်"

ကျုံးချင်က မျက်လုံးဖွင့်ကြည့်ကာ ပြောဆိုသည်။

"ဆရာ အနားသွားယူလိုက်ပါ...ကျွန်တော် နည်းနည်းလောက်လှဲနေပြီးတော့ သက်သာတာနဲ့ ထမင်းထချက်လိုက်မယ်"

"မင်းက ခုထိနေကောင်းတယ်လို့ ပြောနေတုန်းပဲလား"

ရီဖုန်း၏မျက်နှာ သုန်မှုန်သွားကာ သူက ညင်သာသောလေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။

"မင်း အဖျားအရမ်းတက်နေတဲ့ အခြေအနေကိုလည်း ကြည့်အုံး...မင်းရဲ့ခြေလက်တွေ ယောင်နေပြီဆိုတာ မင်းမြင်လား...အိပ်ယာထဲမှာပဲနေ...တခြား ဘယ်နေရာကိုမှ လျှောက်သွားမနေနဲ့"

ရီဖုန်းသည် စိတ်ဆိုးခဲသူဖြစ်သဖြင့် ကျုံးချင်သည် သူ၏ပါးစပ်ကို တိတ်တဆိတ် ပြန်ပိတ်လိုက်၏။

ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းက ညင်သာစွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သူသည် ကျုံးချင်ကို လုံလောက်စွာဂရုမစိုက်ခဲ့မိသဖြင့် သူ့ကိုယ်သူ အပြစ်တင်ရုံသာ တက်နိုင်တော့သည်။ ထိုကောင်လေးသည် လက်သီးနည်းစနစ်ကို တနေကုန်လေ့ကျင့်နေသဖြင့် သူ၏ကြွက်သားများ တင်းမာသွားသည်။ သူ၏ခြေလက်များ ဆိုးဆိုးရွားရွား ယောင်လာခြင်းနှင့်အတူ အအေးဒဏ်ကို ခံရသဖြင့် လူရုပ်မပေါ်သည်အထိ သူ၏မျက်ကွင်းများချောင်ကျနေသည်။

ကျုံးချင်ကို စောင်ခြုံပေးပြီးနောက် ရီဖုန်းသည် စိုးရိမ်ပူပန်စွာဖြင့် အရှေ့ခန်းမထံသို့ လျှောက်လှမ်းသွားလေ၏။ သူသည် ကျုံးချင်အတွက် ဆေးပင်တချို့ရှာဖွေရန်ရည်ရွယ်၍ ပင်ကျင်းမြို့၏အနောက်ဘက်တောင်သို့သွားရန် ဝါးခြင်းတောင်းတစ်လုံးကိုလွယ်လိုက်သည်။

သူတို့အချင်းချင်း သိကျွမ်းသည်မှာ မကြာသေးသည့်အပြင် ကျုံးချင်သည် သူ့အတွက် ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးကိုပင် ပို၍ကြီးမားစေခဲ့သည်။ သို့ရာတွင် ထိုကောင်လေးသည် ဤနေရာသို့ရောက်ရှိချိန်မှစ၍ အိမ်မှုကိစ္စ ကြီးကြီးငယ်ငယ်ဟူသမျှကို ဂရုတစိုက်လုပ်ကိုင်ခဲ့လေ၏။

ရီဖုန်း၏စိတ်နှလုံးသားအတွင်း၌ ထိုကောင်လေးကို သူ၏မိသားစု တစ်စိတ်တစ်ပိုင်းဟု ယူဆထားပြီးလေပြီ။

ရီဖုန်းသည် ထွက်မသွားမီ ကျုံးချင်ကို စောင့်ရှောက်ပေးရန်အတွက် လမ်းတစ်ဖက်ရှိ အမဲသားခေါက်ဆွဲဆိုင်ကို မှာထားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ ဆေးပင်ခူးသွားသည်မှာ ရက်ပေါင်းမည်မျှကြာမြင့်မည်ကို သူ မသိရှိချေ။ ထို့နောက် သူသည် တံစဥ်ကိုကောက်ယူကာ အနောက်ဘက်တောင်ထံသို့ ထွက်ခွာခဲ့တော့သည်။

ဆိုရိုးစကားအရပြောရလျှင် ထိုတောင်ကိုကြည့်လျှင်ပင် မြင်းများအမောဆို့၍ သေဆုံးသွားနိုင်သည်။ သုံးရက်တာကုန်ဆုံးပြီးမှသာ ရီဖုန်းသည် တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဤတောတောင်အတွင်းတွင် ရက်စက်ကြမ်းကြုတ်သောသားရဲများ အမြောက်အများရှိမနေချေ။ သူသည် တောရိုင်းသစ်သီးများနှင့် ယုန်များကိုဖမ်းဆီးစားသောက်ခြင်းဖြင့် သူ၏အစာအိမ်ကို ပြည့်တင်းသွားစေသည်။ တောင်ကျစမ်းရေများက သူ့ကို ရေငတ်ပြေစေ၏။ ဆေးပင်များစုဆောင်းရင်း သူ မောပန်းလာချိန်တွင် တောတောင်များ၏ထူးခြားဆန်းကြယ်ပြီး အံ့အားသင့်ဖွယ် ရှုခင်းများကို ကြည့်ရသည်မှာ တန်ဖိုးမဖြတ်နိုင်သော သဘာဝအလှမြင်ကွင်းများပင်။

ရီဖုန်း တောတောင်များအကြား၌ အချိန်ကုန်ဆုံးနေသော ရက်များအတွင်းတွင် ပင်ကျင်းမြို့၌ လူအများသည် သူ၏စာအုပ်ကို အရူးအမူး လိုက်လံရှာဖွေ၍ ဝယ်ယူနေကြ၏။

'အကြီးမြတ်ဆုံးရတနာနှင့် ခရမ်းတိမ်တိုက်အင်မော်တယ်'

အမည်ရသောစာအုပ်သည် ပါးလွှာသောလေထုအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။

အဓိကဇာတ်ကောင်များအကြားရှိ အချစ် အမုန်း ကံကြမ္မာလှည်ကွက်များသည် မရေမတွက်နိုင်သောလူများ၏ စိတ်အာရုံကိုဆွဲဆောင်နိုင်သည့်အထိ ရသမြောက်သောကြောင့် ပထမဆုံးပုံနှိပ်ထုတ်ဝေသော စာအုပ်များအားလုံး ချက်ချင်းရောင်းထွက်သွားလေ၏။

ဤသည်က သာမာန်လူများသာမကဘဲ ချင်ရှန်းဂိုဏ်း၏အမျိုးသမီးတပည့်အများစုထံတွင် ထိုစာအုပ်များ ရှိနေသည်။

"ဆရာရီရဲ့စာအုပ်က တကယ့်ကို ကောင်းကောင်းရေးသားထားတာပဲ....သူ့လိုလူတစ်ယောက်ကပဲ ဒီလိုစာအုပ်မျိုးတွေကို ရေးနိုင်လိမ့်မယ်"

လော့လန်ရွှယ်သည် ချင်ရှန်းဂိုဏ်း၏အထက်ရှိ လေထုအတွင်း၌ ပလ္လင်ခွေထိုင်နေကာ တိမ်တိုက်များက သူမ၏နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံနေသည်။ အဝေးမှကြည့်ပါက သူမ၏လှပသောပုံရိပ်လေးသည် ထွက်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်ဖြစ်နေကာ ချစ်စဖွယ်ကောင်းသော ကောင်းကင်နတ်သမီးလေးအလားပင်။

ဤနှစ်ရက်အတွင်းတွင် လော့လန်ရွှယ်သည် စာအုပ်ကို တစ်ကြိမ်ဖတ်ပြီးသွားလေပြီ။ သူမ စာအုပ်ကို ပိတ်လိုက်ချိန်တွင် ဇာတ်လမ်း သို့မဟုတ် ဇာတ်ကောင်များနှင့် ခွဲခွာရခြင်းကြောင့် ဟုတ်မဟုတ်ကို သူမ မသိရှိသော်လည်း သူမ၏လှပသောမျက်လုံးများအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

"ရွှယ်အာ..."

ထိုအချိန်မှာပင် လူတစ်ယောက်က လော့လန်ရွှယ်၏နံဘေးသို့ ဆင်းသက်လာသည်။ သူ့ထံမှနေ၍ ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုးဖြာထွက်နေကာ သူက လက်နောက်ပစ်ရက်အနေအထားဖြင့် မတ်တတ်ရပ်ပြီး လော့လန်ရွှယ်ကို ကြည့်နေလေ၏။

"စီနီယာအကိုကြီးကို နှုတ်ဆက်ပါတယ်"

ဤလူသည် ချင်ရှန်းဂိုဏ်း၏ဂိုဏ်းချုပ် ကျူးယွမ်ပင်။ လော့လန်ရွှယ်က မတ်တတ်ထရပ်ကာ အရိုအသေပြုလိုက်သည်။

"ရွှယ်အာ...ဂိုဏ်းထဲမှာ ဘာလို့ ခုလတ်တလောအချိန်မှာ ပေါ့လျော့နေကြတာလဲ...လေ့ကျင့်ရေးကွင်းပြင်တွေထဲမှာ တပည့်တစ်ယောက်တစ်လေမှ လေ့ကျင့်နေတာကို ငါ မမြင်မိဘူး"

ကျူးယွမ်သည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ချင်ရှန်းဂိုဏ်းသည် တစ်မူထူးခြားစွာ တိတ်ဆိတ်ငြိမ်သက်နေကာ သာမာန်တက်ကြွသောမြင်ကွင်းမျိုးကိုပင် သူ မမြင်တွေ့မိချေ။ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် ဤကဲ့သို့ မြင်ကွင်းမျိုးကို မလိုလားလေရာ သူက ဒေါသတကြီး ပြောဆိုလိုက်၏။

ထိုစကားကိုကြားချိန်တွင် လော့လန်ရွှယ်က ရယ်သွမ်းသွေး၍ တုံ့ပြန်ပြောဆိုသည်။

"ဒါက ဆရာရီရဲ့စာအုပ်နဲ့ ဆက်စပ်နေမှာကို ကျွန်မ စိုးရိမ်မိတယ်"

"ဆရာရီရဲ့စာအုပ်လား"

ကျုးယွမ်က အံ့အားသင့်တုန်လှုပ်သွားကာ သူ၏လက်ကို ဆန့်တန်းလိုက်သည်။

"မင်းမှာ အဲ့ဒီစာအုပ်ရှိလား"

လော့လန်ရွှယ်က စာအုပ်ကို လက်ကမ်းပေးလိုက်၏။

ကျူးယွမ်သည် ထိုစာအုပ်ကိုယူပြီးနောက် သူ၏လက်အတွင်း၌ ကိုင်ထားကာ တည်ကြည်လေးနက်သောလေသံဖြင့် မေးမြန်းသည်။

"ဒါက ဆရာရီကိုယ်တိုင် တကယ်ရေးထားတာလား"

လော့လန်ရွှယ်က အလေးအနက်ထားသောအမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။

ကျူးယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် လေအေးတစ်ချက်ရှိုက်သွင်းကာ သူ၏ခြေထောက်သည် လေထုကိုဖြတ်သန်းသွားပြီး ကောင်းကင်ယံအတွင်း၌ ပျံသန်းသွားတော့သည်။

"စီနီယာအကိုကြီး....ရှင်....."

လော့လန်ရွှယ်က အော်ဟစ်၍ ခေါ်ဆိုလိုက်၏။

"ငါ နှစ်ရက်လောက် တံခါးပိတ်ကျင့်ကြံအုံးမယ်...ငါ့ကိုကူညီပြီးတော့ ဂိုဏ်းရဲ့ကိစ္စတွေကို မင်း ကိုင်တွယ်ဖြေရှင်းထားအုံး...ကျန်တာကို နောက်မှ ငါတို့ဆွေးနွေးကြမယ်"

ကျူးယွမ်၏အသံက မိုးကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသည်။

လော့လန်ရွှယ် ဆွံ့အသွားသည်။

"စီနီယာအကိုကြီး...ရှင် ခုဏကမှ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာမဟုတ်ဘူးလား"

သို့ရာတွင် မိုးကောင်းကင်ယံအတွင်း၌....

မည်သည့်အသံမှ တုံ့ပြန်ထွက်ပေါ်လာခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

Chapter 34

ပင်ကျင်းကုန်သည်အဖွဲ့အစည်း၌....

ကုန်သည်အဖွဲ့အစည်း၏ထိပ်တန်းအကြီးအကဲများ၏ရှေ့ရှိ အဓိကခေါင်းဆောင်နေရာတွင် မြောင်လင်းက အလွန်အမင်းသုန်မှုန်နေသော မျက်နှာအမူအယာဖြင့် ထိုင်နေသည်။

"အဖွဲ့ခေါင်းဆောင်...မြန်မြန်လေး တစ်ခုခုကို စဥ်းစားပါအုံး"

ထိုအချိန်မှာပင် ထိပ်တန်းအကြီးအကဲတစ်ယောက်သည် နောက်ဆုံး၌ ထိုင်မနေနိုင်တော့ပုံဖြင့် မတ်တတ်ထရပ်ကာ ပြောဆိုသည်။

"ငါတို့အားလုံး သိထားကြတဲ့အတိုင်းပဲ...မြို့တစ်မြို့မှာ ပထမတန်းစားကုန်သည်အဖွဲ့အစည်းဆိုလို့ တစ်ဖွဲ့ပဲရှိရမယ်....အခုချိန်မှာ ငါတို့ကုန်သည်အဖွဲ့အစည်းရဲ့ အဆင့်အတန်းကို ပြန်သတ်မှတ်ခံရတော့မယ့် အရေးကြီးအချိန်အခိုက်အတန့်မျိုးကို ရောက်နေပြီ"

"ဒါက အမှန်ပဲ အဖွဲ့ခေါင်းဆောင်"

တခြားအကြီးအကဲတစ်ယောက်ကလည်း ရှေ့သို့ထွက်ကာ ပြောဆိုလေ၏။

"ငါတို့နဲ့ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း ယှဥ်ပြိုင်တဲ့နေရာမှာ ရွှေ ငွေ ကျင့်ကြံခြင်းအထောက်အပံ့ပစ္စည်းတွေစတဲ့ လုပ်ငန်းတွေမှာ....ငါတို့က သူတို့နဲ့ တန်းတူရပ်တည်နိုင်တယ်...တချို့နေရာတွေမှာ ငါတို့ကတောင် သာသေးတယ်....ဒါပေမယ့် အခုကျ စာအုပ်တစ်အုပ်ကို မှီခိုပြီးတော့ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းရဲ့ခုလဝင်ငွေက ငါတို့ပင်ကျင်းကုန်သည်အဖွဲ့အစည်းထက် နှစ်ဆယ်ရာခိုင်နှုန်းလောက် ကျော်လွန်သွားပြီ....တကယ်လို့ နောက်လမှာ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ငါတို့ရဲ့ ပထမတန်းစားကုန်သည်အဖွဲ့အစည်းဆိုတဲ့ အဆင့်အတန်းကို သူတို့ဆီ လွှဲပြောင်းပေးရလိမ့်မယ်"

"အမှန်ပဲ...နောင်အနာဂတ်မှာ ငါတို့က ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်မှုနောက်ကို လိုက်ရုံပဲရှိတော့တယ်...ကုန်ပစ္စည်းတွေရဲ့စျေးနှုန်းနဲ့ စျေးကွက်ရွေးချယ်မှုတွေမှာတောင် ငါတို့က သူတို့ကို ဦးစားပေးရလိမ့်မယ်"

တစ်စုံတစ်ယောက်က ထပ်မံ၍ ဖြည့်စွက်ပြောဆိုသည်။

ဤအချိန်တွင် စည်းဝေးခန်းမအတွင်းရှိလူများအားလုံး စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။

ဤသည်မှာ အဓိကထိုင်ခုံနေရာ၌ ထိုင်နေသော မြောင်လင်း၏မျက်နှာကို ပို၍သုန်မှုန်သွားစေပြီး သူ၏လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ထားရာမှ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ထွက်ပေါ်နေလေ၏။

ရီဖုန်း၏ချာတူးလံစာအုပ်သည် သူ၏အကူအညီကို လုံးလုံးလျားလျားမှီခိုလျှင်ပင် အများဆုံးအနေဖြင့် မိတ္ထူနှစ်စုံခန့်သာရောင်းရမည်ဟု သူ မူလက တွေးထင်ထားခဲ့သည်။ သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုစာအုပ်သည် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏လက်အတွင်းသို့ ရောက်ရှိသွားကာ သူတို့အတွက် ကြီးမားသောထိုးနှက်မှုကြီးဖြစ်လာမည်ဟု မည်သူက တွေးထင်မိမည်နည်း။

ထိုမျှသာမက ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းသည် ထိုစာအုပ်ကိုအသုံးပြု၍ သူတို့၏အမြတ်အစွန်းသည် သူ၏ပင်ကျင်းကုန်သည်အဖွဲ့အစည်းထက် နှစ်ဆယ်ရာခိုင်နှုန်းခန့် သာလွန်သွားခဲ့သည်။

"အဖွဲ့ခေါင်းဆောင်...အဲ့ဒီစာအုပ်ရဲ့မူရင်းစာရေးဆရာက မင်းကို အရင်ဆုံးလာရှာခဲ့တာလို့ ငါ ကြားထားတာက အမှန်ပဲလား"

ထိုအချိန်မှာပင် ထိပ်သီးအကြီးအကဲတစ်ယောက်က မြောင်လင်းကို မေးမြန်းလေသည်။

မြောင်လင်း၏မျက်ခုံး မြင့်တက်သွားသည်။

ဤကိစ္စကို ထုတ်ဖော်မပြောပါက သူ အဆင်ပြေသေးသည်။ သို့ရာတွင် ဤကိစ္စကို တစ်ကြိမ်ထုတ်ဖော်ပြောဆိုသူနှင့် သူ၏နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့သွားလုမတတ်ပင်။

ရီဖုန်းသည် သူ့ကိုအရင်ဆုံးလာရှာခဲ့သည်မှာ အမှန်ဖြစ်သော်လည်း သူသည် ငွေရှာနိုင်သောအခွင့်အရေးကြီးကို တခြားသူထံ လွှဲပေးခဲ့လေ၏။ ဤသည်က သူ၏မိန်းမကို ဆုံးရှုံးရသည်ထက်ပင် ပို၍စိတ်ဓာတ်ကျဖွယ်ကောင်းသည်။

ရုတ်ချည်းဆိုသလိုပင် သူ၏မျက်နှာသည် ယခင်နှင့်နှိုင်းယှဥ်ပါက ရှက်ကိုးရှက်ကန်းအမူအယာမျိုးရှိနေသည်။ သူက ချောင်းနှစ်ချက်ဟန့်၍ သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။

"အားလုံးပဲ....ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားကြပါ...ငါတို့ရဲ့ပင်ကျင်းကုန်သည်အဖွဲ့အစည်း မကိုင်တွယ်မဖြေရှင်းနိုင်တဲ့ ကိစ္စဆိုလို့ အရင်က ကြုံဖူးလို့လား"

"အဖွဲ့ခေါင်းဆောင်မှာ ဒါကိုဖြေရှင်းဖို့ ဘယ်လိုအစီအစဥ်မျိုးတွေ ရှိနေလဲဆိုတာ ငါ မေးလို့ရမလား"

တစ်စုံတစ်ယောက်က မေးမြန်းသည်။

မြောင်လင်းသည် ကုန်သည်အဖွဲ့အစည်း၏ခေါင်းဆောင်ဖြစ်သော်လည်း ကုန်သည်အဖွဲ့သည် သူ တစ်ယောက်တည်း၏ပိုင်ဆိုင်မှုမဟုတ်ချေ။ ဤကိစ္စအတွက် လူတိုင်းထံမှ မေးခွန်းများ ထွက်ပေါ်လာနိုင်သည်ကို သူ သိရှိထားပြီးလေပြီ။

"ငါနဲ့ အဲ့ဒီစာရေးဆရာက အသိအကျွမ်းတွေပဲ...အဆိုးဆုံးအနေနဲ့ ငါက ဒီကိစ္စကို ထပ်ပြီးတိုင်ပင်ဆွေးနွေးဖို့ သူ့ကို သွားရှာပြီးတော့...ငါ့ရဲ့ကုန်သည်အဖွဲ့နဲ့ နောက်ထပ်စာအုပ်တစ်အုပ် ထုတ်ဝေဖို့ သူ့ကို တောင်းဆိုရုံပဲရှိတယ်"

မြောင်လင်းက ပျက်ယွင်းနေသောမျက်နှာအမူအယာနှင့် ပြောဆိုသည်။

"အဖွဲ့ခေါင်းဆောင်...အဲ့ဒီစာရေးဆရာက အရင်ကတော့ ငါတို့နဲ့အတူပူးပေါင်းဖို့လာခဲ့တာ...ဒါပေမယ့် ငါတို့က အဲ့ဒီအချိန်တုန်းက သူ့ကိုမလိုလားခဲ့ဘူး....အခုမှ သူ့ကို ပြန်ခေါ်မယ်ဆိုရင် လွယ်ပါ့မလား"

တစ်စုံတစ်ယောက်က မေးမြန်းလေ၏။

ထိုစကားကိုကြားချိန်တွင် တခြားသူများ၏မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

မြောင်လင်း၏မျက်နှာအမူအယာသည်လည်း မကောင်းလှချေ။ သို့ရာတွင် ကိစ္စများသည် ဤအဆင့်ထိရောက်လာပြီဖြစ်သောကြောင့် အကယ်၍ မလွယ်ကူသည့်တိုင် သူသည် ရီဖုန်းကို ပြန်ခေါ်နိုင်မည့်နည်းလမ်းကို ရှာဖွေရပေမည်။ ထိုသို့မဟုတ်ပါက သူသည် ကုန်သည်အဖွဲ့အစည်းမှ ထိပ်တန်းအကြီးအကဲများ၏သံသယများကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

ထိုအကြောင်းကိုတွေးတောရင်း သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။

"မင်းတို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမလိုဘူး....ငါ ပြောထားခဲ့သလိုပဲ ငါက အဲ့ဒီစာရေးဆရာနဲ့ရင်းနှီးတယ်...ငါ သူ့ကို ပြန်ခေါ်နိုင်မှာ သေချာတယ်....ဒါကြောင့် မင်းတို့ စိတ်အေးအေးထားကြပါ"

"ငါတို့လည်း အဲ့ဒီလိုဖြစ်ဖို့ မျှော်လင့်တယ်"

မြောင်လင်းသည် ထိုသို့ပြောဆိုလာသဖြင့် ကုန်သည်အဖွဲ့အစည်း၏ထိပ်တန်းအကြီးအကဲများသည် သူ့အား အချိန်အတိုင်းအတာတစ်ခုထိ ယုံကြည်ပေးရန်ကို ရွေးချယ်လိုက်ကြကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်တော့သည်။

ပင်ကျင်းမြို့၏ ဟောင်တောင်ပေါ်ရှိ အိမ်တော်တစ်လုံး၏နောက်တွင်.....

အစွန်ဆုံးတောင်ထိပ်ပေါ်၌ ခြံဝန်းတစ်ခုရှိနေသည်။ ထိုခြံဝန်း၏နံဘေးတွင် ပေတစ်ရာခန့်မြင့်သော ရေတံခွန်တစ်ခုရှိကာ စီးကျလာသောရေများသည် အောက်ခြေ၌စုစည်းသွားပြီး ကြည်လင်သောရေအိုင်တစ်အိုင်အဖြစ် ပြောင်းလဲသွားလေ၏။ ထိုရေအိုင်၏နံဘေးတွင် ကျဲပါးသောမြူခိုးမြူငွေ့များ ရစ်သိုင်းလွှမ်းခြုံနေသည့် ဥယျာဥ်တစ်ခုလည်းရှိနေသည်။

အစိမ်းရောင်ကျောက်တုံးကြီးတစ်တုံးပေါ်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ထိုင်နေပြီး ဇီသာကို ညင်သာစွာ တီးခတ်နေသည်။ သူမ၏ပတ်ဝန်းကျင်၌ သာယာနာပျော်ဖွယ် ဂီတသံ၏ဆွဲဆောင်မှုကြောင့် တေးဆိုငှက်လေးများ မွှေးကြိုင်သောပန်းပွင့်လေးများရှိနေလေရာ သုခဘုံတစ်ခုအလားပင်။

"သခင်မလေး....သခင်မလေး...သတင်းကောင်းပဲ"

ထိုအချိန်မှာပင် အစေခံတစ်ယောက်က အော်ဟစ်၍ ပြေးဝင်လာသည်။

"မြောင်မြောင်....နင် အလုပ်လုပ်တဲ့နေရာမှာ အရမ်းစိတ်မလောဖို့ ငါ နင့်ကို ပြောထားတယ်လေ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် သူမအနီးသို့ရောက်ရှိလာသော အစေခံကို စိတ်မရှည်စွာကြည့်၍ နူးညံညင်သာသောလေသံဖြင့် သတိပေးလေ၏။

"သခင်မလေး...သူ့ရဲ့ စာအုပ်အသစ်တစ်အုပ် ထွက်လာပြီ"

မြောင်မြောင်သည် စာအုပ်တစ်အုပ်ကိုကိုင်၍ သူ၏လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။

"သူဆိုတာက..."

"ခန်းဆောင်နီအိမ်မက်ရဲ့ စာရေးဆရာလေ"

ထိုစကားကိုကြားချိန်တွင် အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် အလျင်စလို မတ်တတ်ထရပ်ကာ မြောင်မြောင်ကို ဆီးကြိုလေသည်။

"မြောင်မြောင် မြန်မြန်လေး...ငါ ကြည့်ပါရစေ"

"ဟွန့်...သခင်မလေးက ကျွန်မကို အရမ်းစိတ်လောဖို့ပဲ ပြောနေတာ...အခု သခင်မလေး ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်အုံး...ကျွန်မထက်တောင် ပိုပြီးစိတ်လောနေတယ်"

မြောင်မြောင်က နုတ်ခမ်းစူကာ ညင်သာသောလေသံဖြင့် စောဒကတက်လိုက်၏။

"နင်က ငါ့ကိုတောင် ပြန်ပြောဝံ့နေပြီ...မြန်မြန်လေး ငါ့အတွက် ထိုင်ခုံတစ်ခုံနဲ့လဖက်ရည်ကို ပြင်ဆင်ပေးစမ်း..ပြီးတော့ တကယ်လို့ ဘာအထွေအထူးကိစ္စမှ မရှိဘူးဆိုရင် ငါ့ကို လာမနှောက်ယှက်ကြနဲ့"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက အစေခံမလေးမြောင်မြောင်ကို အလျှင်အမြန် အမိန့်ပေးလေသည်။

လဖက်ရည်တစ်ခွက်ကို နံဘေးချ၍ ထိုင်ခုံတစ်လုံးပေါ်၌ထိုင်ကာ ထိုအဖြုရောင်ဝတ်စုံဝတ်မိန်းကလေးသည် စာအုပ်ကို ကောက်ကိုင်ပြီးသည်နှင့် စတင်၍ဖတ်ရှုတော့သည်။ သူမသည် မနက်ပိုင်းမှစတင်၍ ညနေစောင်းထိတိုင် စာဖတ်ခဲ့လေ၏။

ဤအချိန်တွင် သူမသည် စာအုပ်ကို ဖတ်ပြီးသွားလေပြီ။

သို့ရာတွင် သူမသည် စာအုပ်ကိုအချိန်အတော်ကြာကိုင်ထားကာ တွေဝေမိန်းမောနေပြီး အကြီးမြတ်ဆုံးရတနာနှင့်ခရမ်းတိမ်တိုက်အင်မော်တယ်စာအုပ်၏ အချစ်ဇာတ်လမ်းအတွင်းမှ သူမ ရုန်းမထွက်နိုင်ဘဲ နစ်မြုပ်နေသည့်အလားပင်။

"တကယ်လို့ ငါ့ကို အရာအားလုံးပြန်စဖို့ အခွင့်အရေးတစ်ခုပေးမယ်ဆိုရင် ငါ မင်းကို ပြောမယ့်စကားက...ငါ မင်းကိုချစ်တယ်....ပြီးတော့ တကယ်လို့ ငါ့ရဲ့ကန့်သတ်ထားတဲ့အချိန်ကာလ ကုန်ဆုံးသွားရင်တောင် ဒီအချစ်က နှစ်ထောင်သောင်းချီပြီး တည်တံနေဖို့ ငါ မျှော်လင့်တယ်....."

"ဒီစကားလုံးတွေက...."

"ဘယ်လိုလူမျိုးက ဒီစာကိုရေးခဲ့တာလဲ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက နူးညံညင်သာစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

သူမ၏အခြေအနေကိုကြည့်ပြီး မြောင်မြောင်က နုတ်ခမ်းစူကာ ပြောဆိုသည်။

"သခင်မလေး...ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်အုံး...ဒါက သခင်မလေး ခန်းဆောင်နီအိမ်မက်ကို ဖတ်ခဲ့တုန်းက အခြေအနေနဲ့တူနေပြီ...သခင်မလေးက စားဖို့ အိပ်ဖို့ကိုတောင်မေ့နေတယ်....အခု သခင်မလေးရဲ့အကြည့်တွေကတောင် အသိစိတ်လွတ်နေသလိုပဲ"

"ကောင်မစုတ်လေး...နင်က ငါ့ကိုတောင် ပြန်ပြောရဲတာလား"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် နူးညံညင်သာစွာ ဆူပူကြိမ်းမောင်းကာ သူမ၏လက်အတွင်း၌ အကြီးမြတ်ဆုံးရတနာနှင့်ခရမ်းတိမ်တိုက်အင်မော်တယ်စာအုပ်ကို ဂရုတစိုက်ကိုင်တွယ်ပြီး သူမ၏အနီရောင်နုတ်ခမ်းကို ဖွင့်ဟကာ…

"ခန်းဆောင်နီအိမ်မက် အကြီးမြတ်ဆုံးရတနာနှင့်ခရမ်းတိမ်တိုက်အင်မော်တယ်....မြောင်မြောင် အဲ့ဒီစာရေးသူက ဘယ်လိုနူးညံသိမ်မွေ့တဲ့လူစားမျိုးဖြစ်မယ်လို့ နင် ထင်လဲ...သူက ဘယ်လိုပုံစံမျိုး ရှိနေနိုင်လဲ"

ထိုသို့ ပြောဆိုပြီးနောက် သူမသည် တစ်စုံတစ်ခုကို မျှော်လင့်နေသည့်အလား သူမ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။

"ကျွန်မလည်း မသိဘူးလေ"

မြောင်မြောင်က စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်၏။

"ဟူး..."

စိတ်ညှိုးငယ်ခြင်းများနှင့်ပြည့်နေသော သက်ပြင်းရှိုက်သံတစ်သံ ထွက်ပေါ်လာသည်။

ဒေါက်...ဒေါက်...ဒေါက်...

ထိုအချိန်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

"အမ်..."

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက မျက်မှောင်ကြုတ်လိုက်သည်။

မြောင်မြောင်သည်လည်း ဇဝေဇဝါ ဖြစ်နေလေ၏။ ယခင်က သူမတို့၏နေရာသို့ မည်သူတစ်ဦးတစ်ယောက်မျှ ရောက်လာဖူးခြင်းမရှိချေ။

Chapter 35

"မြောင်မြောင်...ဘယ်သူလဲ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက မေးမြန်းသည်။

"အမ်...လူငယ်တစ်ယောက်ပဲ...သာမာန်သေမျိုးတစ်ယောက်ပုံစံမျိုးရှိတယ်"

မြောင်မြောင်သည် တံခါးကိုအနည်းငယ်ဟ၍ ပြင်ပသို့တစ်ချက်ကြည့်ပြီး နောက်သို့ပြန်လှည့်ကာ တုံ့ပြန်ပြောဆိုသည်။

"သာမာန်သေမျိုးတစ်ယောက်လား"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေး၏ လှပသောမျက်ခုံးတစ်စုံ တွန့်ကွေးသွားကာ သူမ၏အနီရောင်နုတ်ခမ်းနှစ်လွှာကို ထပ်မံ၍ဖွင့်ဟကာ…

"သူ ဒီနေရာကို ဘာကိစ္စရောက်လာတာလဲလို့ မေးလိုက်စမ်း"

"သူက တညတာတည်းခိုဖို့ နေရာတစ်နေရာရှာနေတာလို့ ပြောတယ်...သခင်မလေး ဘယ်လိုသဘောရလဲ"

မြောင်မြောင်က အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးကိုကြည့်၍ ညွှန်ကြားချက်တောင်းခံလိုက်သည်။

"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ...သူ့အတွက် ခြံဝန်းတစ်ခုထဲမှာ ပြင်ဆင်ပေးလိုက်...ပြီးတော့ ညကျရင် လျှောက်ပြီးမသွားဖို့ သူ့ကိုသတိပေးလိုက်ပါ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် အမိန့်ပေးပြီးနောက် ထိုကိစ္စကို ထပ်မံ၍အာရုံမစိုက်တော့ဘဲ သူမ၏လက်အတွင်းရှိ စာအုပ်ထံတွင်သာ ပြန်၍အာရုံစိုက်လိုက်၏။

"ဟိတ်...အထဲကိုဝင်လာခဲ့"

မြောင်မြောင်သည် ခြံဝန်းတံခါးကိုဖွင့်လိုက်ရာ ဝါးခြင်းတောင်းတစ်လုံးကိုလွယ်ထားပြီး ပင်ပန်းနွမ်းနယ်နေပုံရသည့် လူငယ်တစ်ယောက်က အတွင်းသို့ဝင်လာသည်။

ထိုလူငယ်သည် ဆေးပင်များစုဆောင်းရန် တောင်ပေါ်သို့တက်လာသော ရီဖုန်းမှတပါး တခြားသူမဟုတ်ချေ။

သူသည် ယာယီတဲကို ယူဆောင်လာသော်လည်း ကံတရားသည် သူ့ဘက်တွင် ရှိမနေပေ။ မိုးကောင်းကင်မှ မိုးဖွဲလေးများ စတင်ကျလာပြီး တောင်ပေါ်မှအအေးဓာတ်နှင့် ပေါင်းစပ်မိချိန်တွင် ရီဖုန်းသည် ပြင်ပ၌ဆက်နေရန်အတွက် ခံနိုင်ရည်မရှိတော့ချေ။

ကံကောင်းထောက်မစွာဖြင့် ဤတောင်၏အနက်ပိုင်းတွင် အိမ်ကြီးအိမ်ကောင်းတစ်လုံးရှိနေသည်။

"ကျေးဇူးအများကြီးတင်ပါတယ်"

ရီဖုန်းသည် တံခါးကိုဖြတ်ကျော်၍ ဝင်ရောက်ပြီးနောက် ကျေးဇူးတင်ကြောင်း အလျှင်အမြန် ပြောဆိုလိုက်၏။

သူ ဝင်ရောက်ပြီးချိန်တွင် သူ့ရှေ့ရှိမြင်ကွင်း အထူးသဖြင့် ရေတံခွန်အောက်တွင်ထိုင်နေသော မိန်းကလေး၏ တခြားကမ္ဘာလောကနှင့်သက်ဆိုင်သည့်အလား သန့်စင်သည့်အလှက သူ၏အမြင်အာရုံကို ဖမ်းစားသွားသည်။

'တောင်တန်းတွေပေါ်မှာ မုန်တိုင်းတိုက်ခတ်ပြီးနောက် မိုးဖွဲလေးတွေ ကျန်ခဲ့တယ်....

ဆောင်းဦးရာသီရဲ့နှောင်းပိုင်းဖြစ်လို့ နေဝင်ရီတရောအချိန်ကျမှ အိမ်ပြန်ရောက်ခဲ့တယ်....

တိတ်ဆိတ်ငြိမ်သက်တဲ့ ခြံဝန်းထဲမှာ ပေသုံးထောင်လောက်မြင့်တဲ့ ငွေရောင်ပိတ်ကားတစ်ချပ် ရှိနေသလိုမျိုး....

ကျောက်ဆောင်တွေကို နောက်ခံထားပြီးတော့ မိန်းမလှလေးတစ်ယောက်က သူမရဲ့ဇီသာကို တီးခတ်နေတယ်....'

ဤမျက်စိပသာဒဖြစ်ဖွယ်ဖြစ်ကွင်းကြောင့် ရီဖုန်းသည် သူ၏စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ သူ၏အတိတ်ဘဝမှ ရှေးဟောင်းကဗျာတစ်ပုဒ်ဖြင့် ချီးမွမ်းလိုက်မိသည်။

အမှန်အားဖြင့် သူ့ရှေ့ရှိမြင်ကွင်းနှင့် လိုက်လျောညီထွေရှိစေရန်အတွက် ရီဖုန်းသည် ထိုရှေးဟောင်းကဗျာကို အနည်းငယ်ပြင်ဆင်ပြီး စာသားများကိုညှိခဲ့ခြင်းဖြစ်သည်။

ထိုသို့မဟုတ်ပါကလည်း သူ၏ကဗျာစာသားများသည် အထားအသို မှားယွင်းနေပေမည်။

သို့ရာတွင် ရီဖုန်းသည် သူ၏လက်တန်းကဗျာကို ရွတ်ဆိုပြီးနောက် တစ်ချိန်လုံးဇီသာတီးခတ်နေပြီး သူ့အား မော့မကြည့်ခဲ့သော မိန်းကလေးသည် အံ့အားသင့်သောအကြည့်ဖြင့် သူ့ကို စူးစိုက်၍ ကြည့်နေလေ၏။

သူမက တောင်ပေါ်တွင် အမှတ်မထင်တွေ့ရသော သာမာန်သေမျိုးတစ်ယောက်သည် ဤကဲ့သို့ ကဗျာမျိုးကို ရေးဖွဲ့နိုင်မည်ဟု မျှော်လင့်ထားမိခြင်းမရှိချေ။

'တောင်တန်းတွေပေါ်မှာ မုန်တိုင်းတိုက်ခတ်ပြီးနောက် မိုးဖွဲလေးတွေ ကျန်ခဲ့တယ်....

ဆောင်းဦးရာသီရဲ့နှောင်းပိုင်းဖြစ်လို့ နေဝင်ရီတရောအချိန်ကျမှ အိမ်ပြန်ရောက်ခဲ့တယ်....

တိတ်ဆိတ်ငြိမ်သက်တဲ့ ခြံဝန်းထဲမှာ ပေသုံးထောင်လောက်မြင့်တဲ့ ငွေရောင်ပိတ်ကားတစ်ချပ် ရှိနေသလိုမျိုး....

ကျောက်ဆောင်တွေကို နောက်ခံထားပြီးတော့ မိန်းမလှလေးတစ်ယောက်က သူမရဲ့ဇီသာကို တီးခတ်နေတယ်....'

သူမသည် ကူကယ်ရာမဲ့စွာဖြင့် ထိုကဗျာစာပိုဒ်များကို နူးညံညင်သာစွာ ရွတ်ဆိုလိုက်သည်။

သူမ ရွတ်ဆိုကြည့်ပြီးနောက် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြကာ သူမသည် ရီဖုန်းကို ပထမဆုံးအကြိမ် အလေးအနက်ထား၍ ကြည့်လိုက်၏။

ထိုလူငယ်ထံတွင် အမှန်တကယ်ကိုပင် မည်သည့်ကျင့်ကြံမှုမျိုးမျှ ရှိမနေချေ။

သူသည် သာမာန်သေမျိုးတစ်ယောက်ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

မိုးဖွဲလေးများအကြားတွင် သူ၏အပြာဖျော့ရောင်ဝတ်စုံသည် အနည်းငယ်စိုစွတ်နေသော်လည်း သူ့ကိုကြည့်ရသည်မှာ ဖရိုဖရဲဖြစ်မနေချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့ထံမှနေ၍ အလွန်သန့်ရှင်းသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။ ပြောရမည်ဆိုလျှင် ဤသာမာန်သေမျိုးသည် သူမကို အလွန်စိတ်သက်တောင့်သက်သာရှိစေသော ခံစားချက်မျိုး ရရှိစေပေ၏။

ဤသည်က သာမာန်သေမျိုးများအပေါ်ထားသော သူမ၏ထုံးတမ်းစဥ်လာအမြင်သည် ပထမဆုံးအကြိမ် အနည်းငယ်ပြောင်းလဲသွားခြင်းပင်။

'သာမာန်သေမျိုးတစ်ယောက်ကို...ငါ ဒီလောက်ထိ တွေးနေစရာ မလိုဘူးလေ.....'

သူမက တွေးတောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏နူးညံသေးသွယ်သော လက်အတွင်းရှိစာအုပ်ကိုဖယ်ရှားကာ သူမ၏နီမြန်းသောနှုတ်ခမ်းနှစ်လွှာကိုဖွင့်ဟ၍ ပြောဆိုလေသည်။

"သခင်လေးရဲ့ကဗျာက အရမ်းကောင်းတာပဲ...ဒီမိန်းကလေးက ရှင့်ကို ကျေးဇူးတင်ပါတယ်"

"မိန်းကလေးက အရမ်းကြင်နာတတ်တာပဲ"

ရီဖုန်းသည် သူ၏လက်နှစ်ကိုပူးဆုပ်၍ ယဥ်ကျေးသိမ်မွေ့စွာဖြင့် ပြောဆိုကာ သူ၏အထုပ်အပိုးများကိုသယ်ဆောင်ပြီး မြောင်မြောင်နောက်သို့ လိုက်သွားခဲ့တော့သည်။

"သူ့ကို နေရာထိုင်ခင်း ပေးပြီးပြီလား"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက နူးညံညင်သာစွာ မေးမြန်းသည်။

"ဟုတ်ကဲ့ သခင်မလေး...သူ အဆင်ပြေသွားပါပြီ"

မြောင်မြောင် ပြန်ရောက်လာချိန်တွင် သူမ၏မျက်လုံးများပြူးကျယ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

"အမ် သခင်မလေး...ဒါက သူ ခုဏရွတ်သွားတဲ့ ကဗျာမဟုတ်လား"

"အင်း...."

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက ညင်သာစွာခေါင်းညိတ်ပြကာ သူမ၏နူးညံသေးသွယ်သောလက်ဖြင့် စုတ်တံကိုကိုင်ကာ ရီဖုန်း အစောပိုင်းက စပ်ဆိုခဲ့သောကဗျာကို ချရေးနေလေသည်။

"သခင်မလေး...သာမာန်သေမျိုးတစ်ယောက်ကို သဘောကျသွားပြီလိုတော့ ကျွန်မကို မပြောနဲ့နော်...သခင်မလေးက သူ့ရဲ့ကဗျာကိုတောင် ချရေးနေတယ်"

မြောင်မြောင်သည် နံဘေးတွင်မတ်တတ်ရပ်၍ သူမ၏ပါးစပ်ကို ဖုံးအုပ်ထားကာ အံ့အားတသင့် အော်ဟစ်လိုက်သည်။

"ပေါက်ကရတွေ..."

မိန်းကလေးသည် မြောင်မြောင်ကို စူးစူးဝါးဝါးတစ်ချက်ကြည့်ပြီးနောက် သူမ၏စုတ်တံကို နံဘေးသို့ချလိုက်၏။

"သူ့ရဲ့ကဗျာက ဒီနေရာရဲ့အနှစ်သာရကို တကယ်ကြီးဖမ်းစားစေနိုင်တယ်လို့ ငါ ခံစားမိရုံသက်သက်ပဲ...ငါ အရင်ကတည်းက ဒီနေရာမှာ တစ်ခုခုလိုနေတယ်လို့ ခံစားမိတယ်...ဒါပေမယ့် ဒီကဗျာနဲ့ဆိုရင် အခု အားလုံးပြီးပြည့်စုံသွားပြီ"

"ဒါကြောင့် မင်ခြောက်တာနဲ့ ဒါကိုဘောင်သွင်းပြီး ချိတ်ဆွဲထားလိုက်ပါ"

"ဟီး ဟီး....သခင်မလေး ပြောချင်တာက သာမာန်သေမျိုးကောင်လေးကို သဘောကျလို့မဟုတ်ဘူး...သူ့ရဲ့ကဗျာကို ဘောင်ခတ်ပြီး သိမ်းထားချင်ရုံလေးပဲ"

မြောင်မြောင်က ကျီစယ်သည့်သဘောဖြင့် တခစ်ခစ် ရယ်မောကာ ပြောဆိုသည်။

"နင်က အရမ်းဆိုးတဲ့ ကောင်မလေးပဲ...ပေါက်ကရစကားတွေ နင် ထပ်ပြောရဲရင်ပြောကြည့်စမ်း...ငါ နင်ကို တကယ်ရိုက်မရိုက် နင် သိစေရမယ်"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် မြောင်မြောင်ကို ရိုက်ပုတ်တော့မည့် အမူအယာမျိုးပြုလုပ်ကာ ပြောဆိုလေ၏။

"သာမာန်သေမျိုးတစ်ယောက်က ဘယ်လောက်ပဲ ထူးချွန်နေပါစေ သူက ငါတို့နဲ့ ကမ္ဘာလောကတွေ ကွာခြားနေတဲ့ သေမျိုးတစ်ယောက်ပဲဖြစ်နေမှာ....ငါက ကဗျာတစ်ပုဒ်လောက်နဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့ သဘောကျသွားနိုင်မှာလဲ"

"ပြီးတော့...."

သူမ၏သာယာနာပျော်ဖွယ်အသံသည် ရုတ်တရက် ရပ်တန့်သွားကာ ထပ်မံ၍ထွက်ပေါ်မလာတော့ချေ။ သူမသည် 'ခန်းဆောင်နီအိမ်မက်' နှင့် 'အကြီးမြတ်ဆုံးရတနာနှင့်ခရမ်းတိမ်တိုက်အင်မော်တယ်' စာအုပ်နှစ်အုပ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

All Chapters