အခန်း (၃၆-၄၀)
Vol. 3 Ch. 36-40
Chapter 36
"ဒါက အမှန်ပဲ...တကယ်လို့ သခင်မလေးက တစ်ယောက်ယောက်ကို သဘောကျနေတယ်ဆိုရင်တောင် 'ခန်းဆောင်နီအိမ်မက်'နဲ့ 'အကြီးမြတ်ဆုံးရတနာနှင့်ခရမ်းတိမ်တိုက်အင်မော်တယ်' စာအုပ်တွေရဲ့ စာရေးသူပဲဖြစ်သင့်တယ်...ဒီလို သာမာန်သေမျိုးတစ်ယောက် မဖြစ်နိုင်ဘူး"
မြောင်မြောင်က အဓိပ္ပါယ်တချို့ပါရှိသော ရွှတ်နောက်နောက်အကြည့်ဖြင့်ကြည့်ကာ ပြောဆိုသည်။
"တိတ်တိတ်နေစမ်း"
အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက မြောင်မြောင်၏ခေါင်းကိုခေါက်ကာ စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုလေ၏။
"ဒါပေမယ့် သူလည်းပဲ သာမာန်သေမျိုးတစ်ယောက် ဖြစ်နေမယ်လို့ နင် ထင်လား"
"ဟွန့်...."
မြောင်မြောင်က ခေါင်းငုံကာ အနည်းငယ်စဥ်းစားတွေးတောပြီးနောက်
"ကျွန်မတော့ အဲ့ဒီလိုမထင်ဘူး...အကြီးမြတ်ဆုံးရတနာစာအုပ်ထဲက ကျင့်ကြံနည်းစနစ်တွေက ကျွန်မတို့နဲ့ မတူညီပေမယ့် ဇာတ်ကောင်တွေက အရမ်းကြီးကျယ်ခမ်းနားတယ်မဟုတ်လား...ဒီလိုအရာမျိုးတွေကို ဖွဲ့နွဲ့ရေးသားဖို့ဆိုရင် စာရေးဆရာမှာ အနည်းဆုံးတော့ ကျင့်ကြံခြင်းနဲ့ပတ်သတ်တဲ့ နားလည်သဘောပေါက်မှုတချို့ ရှိနေရမယ်လေ...ဟုတ်တယ်မလား"
ဟု ပြောဆိုသည်။
"နင်ပြောတာ မှန်တယ်"
မိန်းကလေးက မြောင်မြောင်၏စကားကို သဘောတူဟန်ဖြင့် ကြည့်လိုက်သည်။ သူမသည်လည်း ထိုသို့ဖြစ်မည်ဟု ယုံကြည်ထားလေ၏။ ရိုးရှင်းသောအချစ်ဇာတ်လမ်းတစ်ပုဒ်ကို သာမာန်သေမျိုးတစ်ယောက် ရေးသည်မှာ ဖြစ်နိုင်သော်လည်း အကြီးမြတ်ဆုံးရတနာစာအုပ်တွင် ကျင့်ကြံခြင်းလောကအကြောင်းကို သရုပ်ဖော်ရေးဖွဲ့ထားသည်။ အင်အားမစိုက်ထုတ်ဘဲ တစ်ရက်လျှင် မိုင်ထောင်သောင်းချီ၍သွားနိုင်သော ဇာတ်ကောင်များ နှင့် လအလင်းသေတ္တာကဲ့သို့ ထိပ်တန်းအဆင့်မှော်ရတနာများ အစရှိသည်တို့ကို သာမာန်လောကီအမြင်သာရှိသော သေမျိုးတစ်ယောက်သည် မည်သည့်နည်းဖြင့် သရုပ်ဖော်ရေးသားနိုင်မည်နည်း။
"ဒါဆိုရင် မြောင်မြောင်...ဒီနေ့ကနေစပြီးတော့ အဲ့ဒီလူကြီးမင်းကိုရှာဖို့ ငါ့ကို မင်း အစွမ်းကုန်ကူညီပေးရမယ်...ငါ သူနဲ့ အမြန်ဆုံးတွေ့ချင်နေပြီ"
အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက နူးညံညင်သာသောအသံဖြင့် ညွှန်ကြားလိုက်၏။
"ကောင်းပြီ....ကောင်းပါပြီ...သခင်မလေး ဘာကိုတွေးနေတာလဲဆိုတာ ကျွန်မ သိပါတယ်...ကျွန်မ သူ့ကိုရှာဖို့အတွက် အခုချက်ချင်း အမှာစကားပို့လိုက်မယ်"
မြောင်မြောင်သည် သူမ၏ရွှတ်နောက်နောက်အမူအယာကို ပြန်ရုတ်သိမ်းကာ ပြောဆိုသည်။
အခန်းအတွင်း၌ ရီဖုန်းသည် အဝတ်အစားအသစ်တစ်စုံကို လဲလှယ်ဝတ်ဆင်ကာ သူ့ကိုယ်သူ သန့်ရှင်းအောင် ဆေးကြောသန့်စင်ပြီးနောက် သူ နေရာသည်မှာ များစွာပို၍သက်တောင့်သက်သာဖြစ်သွားသကဲ့သို့ ခံစားမိသည်။
ထို့နောက် သူသည် ဝါးခြင်းတောင်းအတွင်းရှိ တောယုန်တစ်ကောင်ကိုထုတ်ယူကာ အိမ်ရှေ့ရှိမြေကွက်လပ်ထံသို့ သွားလိုက်၏။ တစ်နေကုန် မစားမသောက်ဘဲ တောတောင်အတွင်း၌ လှည့်လည်သွားလာပြီးနောက် ယခုချိန်၌ သူ အခြေကျသွားပြီဖြစ်သဖြင့် ဟင်းလျာကောင်းတစ်နပ်ချက်၍ သူ့ကိုယ်သူ ဂရုစိုက်နိုင်တော့ပေမည်။
သူသည် သားငါးကင်ရန်အတွက် မီးဖိုစင်တစ်ခုကို တည်ဆောက်လိုက်သည်။
မကြာမီမှာပင် သွားရည်ယိုလောက်သော အသားကင်ရနံ့က မက်မောဖွယ်ယုန်သားကင်ထံမှ ပျံ့လွင့်လာသည်။ ယုန်သားကင်သည် အဆီများသော်လည်း ချောကျိကျိဖြစ်မနေချေ။ ရီဖုန်းသည် ထိုအရာပေါ်၌ ဟင်းခတ်အမွှေးအကြိုင်တချို့ကို ဖြူးထားသဖြင့် ရနံ့သည် ပို၍စွဲမက်ဖွယ်ကောင်းနေသည်။
"အင်း....အနံ့ကောင်းသားပဲ"
ရီဖုန်းသည် ထိုယုန်သားကင်ကို အလျင်စလိုစားသုံးခြင်းမပြုချေ။ မည်သို့ပင်ဆိုစေကာမူ လတ်လတ်ဆတ်ဆတ်ကင်ထားသော သားငါးများကို စားသုံးခြင်းသည် ခန္ဓာကိုယ်တွင်းမီးတောက်များကို ဖြစ်ပွားစေသဖြင့် ရောဂါဘယများဖြစ်လွယ်သည်။ ထိုအစား သူသည် မြေပြင်ပေါ်၌ ကျင်းငယ်တစ်ခုကိုတူးကာ ကြာရွက်ဖြင့်ထုပ်ပိုးထားသော တောကြက်တစ်ကောင်ကို ဝါးခြင်းတောင်းအတွင်းမှထုတ်ယူကာ ထိုကျင်းအတွင်း၌ မြှုပ်လိုက်၏။
ထို့နောက် သူသည် ငါးကိုတံစို့ထိုး၍ ကင်လိုက်သည်။
မကြာမီမှာပင် ငါးတစ်ကောင်လုံး ကျက်သွားကာ ကြွပ်ရွနေသောငါးအရေခွံသည် အစာစားချင်စိတ်ကို လှုံဆော်ပေးနိုင်သည်။
မြေပြင်အတွင်း၌ မြှုပ်ထားသောတောကြက်ကို ပြန်ထုတ်လိုက်ချိန်တွင် မွှေးရနံ့များ မျောလွင့်လာပေ၏။
သာမာန်သေမျိုးတစ်ယောက်ဖြစ်သော်လည်း ရီဖုန်းသည် အရာအားလုံးကို စွမ်းဆောင်နိုင်ခြင်းမရှိသည့်တိုင် သူ၏ဘဝကို ပျော်ရွှင်စွာနေရမည်အား ဘယ်သောအခါမျှ တွန့်တိုနေခြင်းမရှိချေ။ သူ အစားစားရာတွင် နှလုံးသား၏ဆန္ဒအတိုင်း စားသောက်လေ၏။
"ဝိုင်ကောင်းတစ်ခွက်နဲ့ဆိုရင်...ဒါက ပြီးပြည့်စုံတဲ့ ချမ်းသာသုခပဲ"
ရီဖုန်းသည် သူ၏ဝိုင်အရက်ထည့်ထားသော ဘူးသီးခြောက်ကို ထုတ်ယူလိုက်၏။ အရာအားလုံးကို ပြင်ဆင်ပြီးနောက် သူက စိတ်ကျေနပ်စွာဖြင့် လက်ခုပ်တီးလိုက်သည်။
ကြက်ခြေထောက်တစ်ချောင်းနှင့်ဝိုင်တစ်ခွက်က သူ၏လိုလားတောင့်တမှုများကို ပြေပျောက်စေသည်။
ဆောင်းဦးနှောင်းပိုင်းသို့ ရောက်နေသည့်တိုင် တောတောင်များအတွင်း၌ သတ္တဝါငယ်လေးများ ရှိနေဆဲပင်။ ပုစဥ်းရင်ကွဲများ၏အော်မြည်သံများနှင့်အတူ ပိုးဖလံငယ်လေးများက မီးပုံအတွင်းသို့ တိုးဝင်နေကြ၏။
ရီဖုန်းက မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
တောက်ပသောလသည် မိုးကောင်းကင်ယံရှိ မြင့်မားသောနေရာ၌ ထိန်ထိန်သာနေသည်။ ကျယ်ပြန့်သောမိုးကောင်းကင်ယံသည် ကြည်လင်ပြီး လင်းထိန်နေပေ၏။ ဝိုင်အနည်းငယ်ခန့်သောက်ပြီးနောက် ရီဖုန်းသည် မူးယစ်ခြင်းမရှိသော်လည်း အနည်းငယ်ထွေတေတေဖြစ်နေလေပြီ။
သူ၏စိတ်နှလုံးသားအတွင်း၌ အတိတ်ဘဝမှ သူ၏ဇာတိမြို့ကို ပြန်လည်သတိရနေမိသည်။
သူ မမြင်ရသည်မှာ ကြာမြင့်နေပြီဖြစ်သည့် မိုးမျှော်တိုက်ကြီးများ...မြို့၏ပျားပန်းခပ်အောင်စည်စည်ကားကား လှုပ်ရှားနေမှုများ...သူ နေ့ရောညပါ မအိပ်မနေဆော့ကစားခဲ့ရသည့် အွန်လိုင်းဂိမ်းများနှင့် သူ၏အတိတ်ဘဝရှိမိသားစုနှင့်မိတ်ဆွေအပေါင်းအသင်းများ....
"ငါက ခေါင်းမော့ပြီးတော့ တောက်ပတဲ့လကိုမော့ကြည့်ပြီးတဲ့အချိန်မှာ ခေါင်းငုံပြီးတော့ ငါ့ရဲ့အိမ်အကြောင်းကို ပြန်စဥ်းစားနေမိတယ်"
ရီဖုန်းသည် လမင်းကြီးကိုမော့ကြည့်ရင်း ရေရွတ်လိုက်ကာ အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏မျက်လုံးကို မျက်ရည်စများရိုက်ခတ်ကာဝေဝါးသွားသည်။
"အဲ့ဒီလူကြီးမင်းက ကဗျာရေးစပ်တာမှာ ကျွမ်းကျင်ရုံတင်မကဘူး...သူ့မှာ ဇာတ်လမ်းဟောင်းလေးတွေအများကြီး ရှိခဲ့ပုံရတယ်"
ပြေပြစ်လှပသောပုံရိပ်လေးနှစ်ခုသည် ခြံဝန်း၏ပြင်ပ၌ ထွက်ပေါ်လာကာ သူမတို့အချင်းချင်း စကားပြောဆိုနေကြသည်။ သူမတို့၏အသံ လွင့်ပြယ်သွားချိန်တွင် မိန်းကလေး၏မျက်လုံးအတွင်း၌ ပုန်းအောင်းနေသော အေးစက်စက်အရိပ်အယောင်များသည်လည်း တိတ်တဆိတ် ပျောက်ကွယ်သွားလေ၏။
အမှန်အားဖြင့် သူမတို့သည် ရီဖုန်းအား စောင့်ကြည်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဟောင်တောင်သည် သူမတို့အတွက် အလွန်အရေးကြီးသော နေရာတစ်ခုပင်။
အပြင်ပန်းတွင် ဤနေရာသည် အလွန်တည်ငြိမ်အေးချမ်းကာ သဘာဝရေအိုင်ဖြင့် ပျော်မြူးနေသော မိန်းမပျိူလေးနှစ်ယောက်သာ ရှိပုံရသည်။ သို့ရာတွင် အမှန်အားဖြင့် သူမတို့သည် မည်သည့်မတော်တဆ ထိခိုက်ပျက်စီးမှုမျိုးမှမဆို ကာကွယ်ဟန့်တားနိုင်ရန်အတွက် ဤနေရာကို တိတ်တဆိတ် စောင့်ကြပ်နေခြင်းပင်။
နှစ်နှစ်အတွင်းတွင် ဤနေရာသို့ မည်သည့်လူစိမ်းမျှ ရောက်မလာခဲ့ချေ။ ရီဖုန်းသည် သာမာန်သေမျိုးတစ်ယောက်ဖြစ်သော်လည်း မည်သည့် ကြီးကြီးမားမားပြဿနာမျိုးမျှဖြစ်မလာစေရန်အတွက် မိန်းကလေးနှစ်ယောက်သည် သူ့အား သတိကြီးစွာထား၍ စောင့်ကြည့်နေခဲ့လေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူမတို့၏စိုးရိမ်ပူပန်မှုများသည် လိုအပ်တော့ပုံမရချေ။
"မိန်းကလေးတို့နှစ်ယောက်ကို အနှောက်အယှက်ပြုမိတဲ့အတွက် ငါက တောင်းပန်ပါတယ်...ကျေးဇူးပြုပြီးတော့ ငါနဲ့အတူ မီးပုံဘေးမှာ လာထိုင်ကြပါလား...ငါက အစားအစာတွေပြင်ဆင်ပြီးတော့ မင်းတို့ကို လက်ဆောင်ပေးဖို့ စီစဥ်ထားတယ်....ဒါပေမယ့် မင်းတို့ ရောက်လာပြီဆိုမှတော့ ငါတို့ အတူတူစားကြတာ ပိုမကောင်းဘူးလား"
ရီဖုန်းသည် အလျှင်အမြန် ဆီးကြိုနှုတ်ဆက်ကာ သူမတို့ကို မီးပုံနံဘေးသို့လာရန် ဖိတ်ခေါ်လိုက်သည်။
အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် ရီဖုန်းကို ကြည့်လိုက်၏။
အကြောင်းအရင်းတချို့ကြောင့် ဤသာမာန်သေမျိုးလူငယ်သည် တခြားလူများနှင့်ကွဲပြားခြားနားနေသည်ဟု သူမ ခံစားမိသည်။ သူမသည် သာမာန်အားဖြင့် ဤကဲ့သို့သေမျိုးလောက၏ကိစ္စများကို စိတ်မဝင်စားသော်လည်း မီးဖိုနံဘေး၌ ထိုင်လိုက်မိသည့်အတွက် သူမကိုယ်သူမ နားလည်ရခက်နေသည်။
Chapter 37
"ငါက ရီဖုန်းပါ...မိန်းကလေးတို့နှစ်ယောက်ရဲ့နာမည်ကို ငါ သိခွင့်ရနိုင်မလား"
ရီဖုန်းက ယဥ်ကျေးသိမ်မွေ့စွာ မေးမြန်းသည်။
"ပိုင်ဖျောင်ဖျောင်"
အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက နူးညံညင်သာစွာ တုံ့ပြန်ပြောဆိုသည်။
"ဒါက ငါရဲ့ညီမလေး မြောင်မြောင်"
"တွေ့ရတာ ဝမ်းသာပါတယ် မိန်းကလေးပိုင်...မိန်းကလေးမြောင်မြောင်"
ရီဖုန်းက ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။
"လာကြပါ...တစ်ခုခု စားကြပါဦး"
ရီဖုန်းက ထပ်မံ၍ခေါင်းညိတ်ပြကာ ကြာရွက်နှင့်အသားတချို့ကိုထုပ်ပြီး နှစ်ခြမ်းခြမ်းကာ ပိုင်ဖျောင်ဖျောင်နှင့်မြောင်မြောင်ထံ လက်ကမ်းပေးလေသည်။
"ဟိတ်...နင်ပေးတဲ့ အဆီတရွှဲရွှဲအသားတွေကို ကြည့်ရတာ အရမ်းညစ်ပတ်တယ်...ငါ့ရဲ့သခင်မလေးက ဒီလိုဟာမျိုးတွေကို ဘယ်တုန်းကမှ မစားဘူး"
မြောင်မြောင်က မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"မြောင်မြောင်....မရိုင်းပျစမ်းနဲ့"
ပိုင်ဖျောင်ဖျောင်က ညင်သာသောလေသံဖြင့် သတိပေးပြီးနောက် တောင်းပန်လိုသောအကြည့်ဖြင့် ရီဖုန်းကို ကြည့်လေ၏။
"သခင်လေးရီ ကိုယ်တိုင်ကိုယ်ကျ ဒါတွေကို ပြင်ဆင်ထားတယ်ဆိုမှတော့ ဖျောင်ဖျောင်က ကျေးဇူးတင်မိပါတယ်"
ထိုသို့ပြောဆိုပြီးနောက် သူမ၏နူးညံဖြူဖွေးသော လက်လေးကိုဆန့်တန်းကာ ရီဖုန်းလက်ကမ်းပေးသောကြက်သားကို ယူလိုက်သည်။ သို့ရာတွင် သူမသည် အသားစသေးသေးလေးကိုသာဖဲ့ကာ သူမ၏ချယ်ရီသီးနှင့်တူညီသော ပါးစပ်အတွင်းသို့ ထည့်လေသည်။
သူမသည် ရီဖုန်း၏အစားအစာအပေါ် များစွာစိတ်ဝင်စားခြင်းမရှိဘဲ ယဥ်ကျေးမှုအရသာ အနည်းငယ်ဖဲ့၍ စားသောက်လိုက်သည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် ကြက်သား၏အရသာသည် သူမ၏ပါးစပ်အတွင်းသို့ ဝင်ရောက်သွားစဥ်တွင် တည်ငြိမ်အေးချမ်းသောမျက်နှာပိုင်ရှင် ပိုင်ဖျောင်ဖျောင်၏လှပသောမျက်လုံးလေးများ အဝိုင်းသားဖြစ်သွားသည်။
"သခင်လေး...ဒါက အရမ်းအရသာရှိတာပဲ"
သူမက ဖွင့်ဟမချီးမွမ်းဘဲ မနေနိုင်တော့ချေ။
သူမ၏ကျင့်ကြံဆင့်နယ်ပယ်ကြောင့် သာမာန်အားဖြင့် သူမသည် သေမျိုးအစားအစာများပေါ်တွင် စိတ်ဝင်စားခြင်းမရှိတော့ချေ။ ကြွပ်ရွပြီးနူးညံသော ကြက်သား၏အရသာနှင့် သူမ၏လျှာပေါ်တွင်ထိတွေ့ခံစားရသော အနေအထားသည် သူမ၏အစာစားချင်စိတ်ကို မြင့်တက်စေသဖြင့် သူမက နောက်ထပ်အသားစနည်းနည်းကို ဖဲ့စားလိုက်သည်။
"သခင်မလေး...ဒါက တကယ် အရသာရှိတာလား"
မြောင်မြောင်က အနည်းငယ် သံသယဝင်နေသည်။
အကြောင်းအရင်းမှာ ပိုင်ဖျောင်ဖျောင်၏အကြောင်းကို သူမထက် မည်သူမျှ ပိုမသိနိုင်သောကြောင့်ပင်။ သူမသည် အစားအစာကို တစ်ကြိမ်တစ်ခါမျှ အရသာခံ၍ မစားဘူးလေရာ ယခုချိန်တွင် သူမသည် ဤကဲ့သို့ဖွင့်ဟချီးကျူးလိုက်သဖြင့် မြောင်မြောင်ကို အံ့အားသင့်တုန်လှုပ်သွားစေသည်။
ထို့ကြောင့် မြောင်မြောင်သည် စမ်းသပ်ကြည့်ရန်အတွက် အသားစတစ်စကိုဖဲ့၍ စားလိုက်၏။
"အိုး....ဒါက တကယ်အရသာရှိတယ်"
မြောင်မြောင်သည် ပွင့်လင်းသောမိန်းကလေးတစ်ယောက်ပင်။ သူမ၏လျှာပေါ်သို့ အရသာထိတွေ့သည့် အချိန်အခိုက်အတန့်တွင် သူမ၏မျက်လုံးဝိုင်းကြီးများ တောက်ပသွားသည်။
"ကျေးဇူးပြုပြီးတော့ ငါ့ကို စိတ်ထဲမထားကြပါနဲ့"
ရီဖုန်းက ခေါင်းတစ်ချက်ဆတ်ပြကာ လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
ဤမိန်းကလေးနှစ်ယောက်၏တုံ့ပြန်မှုသည် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသော်လည်း သူ ကြိုတင်မျှော်မှန်းထားသောအတိုင်းအတာအတွင်း၌ရှိနေသည်။
ဤလောကအတွင်းရှိ လူအများစုသည် ကျင့်ကြံရန်နှင့်အသက်ရှင်သန်နိုင်ရန်အတွက်သာ အလုပ်ရှုပ်နေကြသည်။ သာမာန်ဟင်းခတ်အမွှေးအကြိုင်များမှလွှဲ၍ ဆားနှင့်အရသာမှုန့်ပင်လျှင် သူတို့၏အစားအစာများအတွင်း၌ ကင်းမဲ့နေသည်။ သူ၏မွေးရပ်မြေမှအရသာကို ပထမဆုံးအကြိမ်မြည်းစမ်းကြည့်ပြီးနောက် သူမတို့ ဤကဲ့သို့တုံ့ပြန်သည်မှာပုံမှန်ပင်။
ရီဖုန်း၏အေးဆေးတည်ငြိမ်မှုကြောင့် ပိုင်ဖျောင်ဖျောင်သည် သူ့အား အနည်းငယ်လေးစားသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူမသည် တခြားသူများနှင့် ရင်းရင်းနှီးနှီးနေသည်မှာ လွန်စွာရှားပါးပေ၏။ ယခင်က သူမ၏ဂိုဏ်းအတွင်း၌ ထူးချွန်သောတပည့်အမြောက်အများရှိနေကာ အကယ်၍ သူမသည် သူတို့အား အနည်းငယ်ပို၍စူးစိုက်ကြည့်မိလျှင်ပင် သူတို့အားလုံး ဝမ်းသာပီတိဖြစ်နေကြသည်။
သို့ရာတွင် သာမာန်သေမျိုးလူငယ်တစ်ယောက်ကမူ အနည်းငယ်မျှပင် ဝမ်းသာပီတိဖြစ်နေပုံမရချေ။
သူ ဟန်ဆောင်နေသလော....
သူမ သူ့ကို ဂရုတစိုက် စူးစမ်းလေ့လာလိုက်သည်။
သူ၏မျက်နှာအမူအယာသည် ရိုးသားပြီး သူ၏အစားအသောက်ထံတွင်သာ သူ၏စိတ်ခံစားချက်များအားလုံးကို နှစ်မြှုပ်ထားသကဲ့သို့ပင်...
သူ ဟန်ဆောင်နေခြင်း မဟုတ်ချေ။
ထို့ထက်ပို၍ သူ၏လှုပ်ရှားမှုများတွင် ဟန်ဆောင်မှုတစ်ခုတစ်လေမျှ ရှိမနေပေ။
ထို့ပြင် သူ၏အကြည့်သည် သန့်စင်ကာ သူ၏စကားများသည် အနည်းငယ်မျှပင် ပေါ့ပြက်ပြက်ဖြစ်မနေချေ။ သူသည် သူမ၏အလှအပေါ် ပုံမှန်ထက်ပို၍ပင် စောင်းငဲ့မကြည့်ပေ။
ဤသာမာန်သေမျိုးသည် အမှန်တကယ်ကို စိတ်ဝင်စားဖွယ်ကောင်းပေ၏။
ပိုင်ဖျောင်ဖျောင်သည် ရီဖုန်းကို စူးစိုက်ကြည့်ရင်း သူမ၏နီမြန်းသောနုတ်ခမ်းလေးများ မရည်ရွယ်ဘဲ အထက်သို့တွန့်ကွေးသွားသည်။ သူမက ရုတ်တရက် မေးမြန်းလိုက်၏။
"နင် ငါ့ကို ဘယ်လိုထင်လဲ"
"နူးညံသိမ်မွေ့ပြီးတော့ အမူအကျင့်ကောင်းတွေရှိတယ်"
ရီဖုန်းက ပြုံးလိုက်သည်။
ပိုင်ဖျောင်ဖျောင်က မျက်ခုံးပင့်ကာ ပြောဆိုသည်။
"ဒါက ငါမေးချင်တဲ့ဟာမဟုတ်ဘူးဆိုတာ နင်သိပါတယ်...."
ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"ကောင်းကင်ဘုံက နတ်သမီးလေးတစ်ပါးလို လှပပြီးတော့...တိုင်းပြည်တစ်ပြည်လုံးကို ဖမ်းစားနိုင်တဲ့အထိ ဆွဲဆောင်မှုအားကောင်းတယ်"
ပိုင်ဖျောင်ဖျောင်က ရယ်မောလိုက်သည်။
"ဒါက နင် ငါ့ကိုကြိုက်နေတယ်လို့ ဆိုလိုတာလား"
သူမက မေးမြန်းပြီးနောက် သူမ၏မျက်စိသူငယ်အိမ်များကို ကျုံထားကာ ရီဖုန်းကို စူးစမ်းလေ့လာနေသည်။
"ငါ ကြိုက်တယ်"
ရီဖုန်းက ရိုးသားစွာ ခေါင်းညိတ်လိုက်၏။
ရီဖုန်း၏ ပြောင်ပြောင်တင်းတင်း ဝန်ခံမှုသည် ပိုင်ဖျောင်ဖျောင်ကို အံ့အားသင့်သွားစေသည်။ သူ၏ကွယ်ဝှက်ထားမှုကင်းမဲ့ခြင်းသည် သူမ မမျှော်လင့်ထားသောကိစ္စပင်။ ဤသည်က သူမကို ထပ်မံ၍ မေးခွန်းထုတ်မိစေသည်။
"ဘာလို့လဲ"
"မိန်းမလှလေးတစ်ယောက်က ယောက်ျားကောင်းတစ်ယောက်ရဲ့ သာယာကြည်နူးစရာပဲ"
ရီဖုန်းက ဝိုင်တစ်ငုံသောက်ကာ ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။
" 'မိန်းမလှလေးတစ်ယောက်က ယောက်ျားကောင်းတစ်ယောက်ရဲ့ သာယာကြည်နူးစရာပဲ'...ဒါက အရမ်းကောင်းတဲ့စာသားပဲ"
ပိုင်ဖျောင်ဖျောင်သည် ကြည်ညိုလေးစားစွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။ သူမ၏စိတ်နှလုံးသားအတွင်း၌ ဤသေမျိုးသာမာန်လူငယ်ကို အမြင်သစ်နှင့် ကြည့်လိုက်မိသည်။
သူမက ထပ်မံ၍ မေးမြန်းသည်။
"ဒါပေမယ့် ငါ ခုထိ နားမလည်နိုင်တာ တစ်ခုရှိသေးတယ်....."
"အဲ့ဒါက ဘာလဲ"
"နင်က ငါ့ကို ကြိုက်တယ်လို့ပြောတယ်...ဒါပေမယ့် နင် ငါ့ကို ဘာလို့ လိုတာထက်ပိုမကြည့်တာလဲ"
ပိုင်ဖျောင်ဖျောင်၏နုတ်ခမ်း တွန့်ကွေးသွားကာ
"ဖြစ်နိုင်တာတော့ နင် ငါ့ကို ခုဏက လိမ်နေတာမလား"
ရီဖုန်းက ကူကယ်ရာမဲ့စွာ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒါက ငါ မင်းကို ကြိုက်နေရုံသက်သက်ပဲ...မင်းက ငါ ပိုင်ဆိုင်နိုင်တဲ့လူမျိုး မဟုတ်ဘူး...ပြီးတော့ နောက်ထပ်ဆိုရိုးစကားတစ်ခုရှိသေးတယ်"
"အဲ့ဒါက ဘာလဲ"
"တကယ်လို့ မသင့်လျော်ဘူးဆိုရင်...အဲ့ဒီလူကို မရိုးမသားအကြည့်နဲ့ မကြည့်မိစေနဲ့"
"သခင်လေး...နင်က ငါ့ကို တကယ်ပဲ နင့်အပေါ် လေးစားမှုတွေ တိုးလာစေတယ်...ဒီလိုမျိုး ရွှေလိုအဖိုးတန်တဲ့စကားတွေကို နင့်ဆီကနေ အဆက်မပြတ် ငါ ကြားခဲ့ရတယ်"
ပိုင်ဖျောင်ဖျောင်သည် မတ်တတ်ထရပ်ကာ ရီဖုန်းထံဦးတည်၍ အနည်းငယ်ဦးညွှတ်လိုက်သည်။
"ငါ ပြောနိုင်တာတစ်ခုက...ငါ ဒီနေ့ နင်ဆီကနေ အများကြီး သင်ယူခဲ့ရတယ်"
Chapter 38
"မိန်းကလေးပိုင်...မင်းက အရမ်းကြင်နာတတ်တာပဲ"
ရီဖုန်းသည်လည်း မတ်တတ်ထရပ်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။
ထို့ပြင် လူတစ်ယောက်ပြီးတစ်ယောက်ထံမှလာသော ချီးမွမ်းစကားများကို ယခင်ကတည်းက သူ ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံခဲ့သည်။
နှစ်ငါးထောင်ကျော် ယဥ်ကျေးမှုအမွေအနှစ်များကို သိကျွမ်းနေသော သူ့အတွက် ဤသည်က ရေခဲတောင်ကြီး၏အစွန်အဖျားမျှသာပင်။ ဤစာသားများသည် သူ့ထံမှ မြစ်ဖျားခံလာခြင်းမဟုတ်သော်လည်း အချိန်ခရီးသွားတစ်ယောက်ဖြစ်သော သူ့အတွက် အထူးအခွင့်အရေးတစ်ရပ်ဟု ယူဆနိုင်သည်။
"သခင်လေးနဲ့စကားစမြည်ပြောရတာ အရမ်းစိတ်သက်တောင့်သက်သာရှိတာပဲ"
ပိုင်ဖျောင်ဖျောင်က ချီးမွမ်းသည်။
ရီဖုန်းသည် မည်သည့်စကားမျှ ပြောဆိုခြင်းမပြုဘဲ ပြုံးလိုက်သည်။ ဤစကားစမြည်ပြောဆိုနေချိန်အတွင်းတွင် ပိုင်ချောင်ချောင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် သူမ၏လက်အတွင်းရှိ ကြက်ခြေထောက်ကို ကုန်စင်အောင်စားပြီးလေပြီ။ ရီဖုန်းသည် သူမ၏ချီးမွမ်းစကားကို တုံ့ပြန်သည့်အနေဖြင့် သူမကို ငါးကင်တချို့ ထပ်ဖဲ့ပေးလိုက်၏။
တခြားတစ်ဖက်တွင် မြောင်မြောင်၏ပါးစပ်တွင် အဆီများဝေ့နေသော်လည်း ထိုလူနှစ်ယောက်ကြားရှိ စကားပြောဆိုနေမှုကို အလွန်စိတ်ပါဝင်စားစွာဖြင့် နားထောင်နေသည်။
ဤသည်မှာ သူမ၏သခင်မလေးသည် တစ်စုံတစ်ယောက်အပေါ် များစွာချီးမွမ်းနေသည်ကို သူမ မြင်တွေ့ရသော ပထမဆုံးအကြိမ်ပင်။
"ခုဏရွတ်ဆိုခဲ့တဲ့ကဗျာက....သခင်လေး ဒီနေရာရောက်မှ စပ်ခဲ့တာလား"
ပိုင်ဖျောင်ဖျောင်က ထပ်မံ၍မေးမြန်းသည်။
"အင်း...ဒါပေမယ့် မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်"
ထိုအကြောင်းကိုပြောရင်း ရီဖုန်းသည် သက်ပြင်းမရှိုက်ဘဲ မနေနိုင်တော့ချေ။ သူသည် တောက်ပသောလမင်းကြီးကို ငေးကြည့်ပြီး သူ၏ဇာတိမြို့အကြောင်းကို ထပ်မံ၍တွေးတောမိကာ သူ၏ခွက်အတွင်းမှ ဝိုင်အရက်တော်တော်များများကို သောက်လိုက်သည်။
"ငါ သိပြီ...သခင်လေးက ဇာတ်လမ်းဟောင်းလေးတွေရှိနေတဲ့သူတစ်ယောက်ပဲ"
ရီဖုန်း၏အထီးကျန်ဆန်နေသကဲ့သို့ ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်တွင် ပိုင်ဖျောင်ဖျောင်၏ ဤသာမာန်သေမျိုးလူငယ်အပေါ် စိတ်ဝင်စားမှုသည် မသိလိုက်မသိဘာသာဖြင့် မြင့်တက်သွားလေ၏။ သူမက နူးညံသိမ်မွေ့သောလေသံဖြင့် မေးမြန်းလိုက်သည်။
"သခင်လေးရဲ့ဇာတ်လမ်းလေးတွေ ဖျောင်ဖျောင်ကို ပြောပြချင်လား"
"ငါ မပြောချင်ဘူး"
ရီဖုန်းက ပွင့်ပွင့်လင်းလင်း ငြင်းဆန်လေသည်။
"အမ်...."
ပိုင်ဖျောင်ဖျောင်က နုတ်ခမ်းစူသွားသည်။ သူမသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ငြင်းဆန်ခြင်းမခံရဖူးချေ။ ရီဖုန်းသည် ဤမျှထိ အလွန်ပွင့်လင်းစွာ ပြတ်ပြတ်သားသားငြင်းဆန်မည်ဟု သူမ မျှော်လင့်မထားမိချေ။ ဤကဲ့သို့ငြင်းဆန်ခံရသောခံစားချက်မျိုးကို သူမ ခံစားရသည်မှာ အမှန်တကယ်ကိုပင် မကောင်းလှချေ။
ရီဖုန်းသည် မည်သည့်အရာကိုမျှ ရှင်းပြခြင်းမရှိဘဲ တောင်းပန်လိုဟန်ဖြင့် သူမကို ကြည့်လိုက်၏။
သူ၏ဇာတ်လမ်းဟောင်းများသည် အလွန့်အလွန် ဝေးကွာလှသည်။
ဤသည်က သီးခြားကမ္ဘာလောကတစ်ခု သီးခြားလူနေမှုဘဝတစ်ခုပင်....
ထို့ပြင် သူ၏စိတ်နှလုံးသားအတွင်းရှိ အသုံးမဝင်သောစနစ်မှလွဲ၍ ထိုအရာသည် သူ၏အကြီးမားဆုံးလျှို့ဝှက်ချက်လည်းဖြစ်သည်။
"ဖျောင်ဖျောင်က အရမ်းမဆင်မခြင် မေးမိသွားတယ်...ကျေးဇူးပြုပြီးတော့ သွားခွင့်ပြုပါအုံး...ငါ နင့်ကို ထပ်ပြီးမနှောက်ယှက်တော့ဘူး"
ပိုင်ဖျောင်ဖျောင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။ ထိုနောက် သူမက မြောင်မြောင်ကိုခေါ်ကာ ထွက်ခွာသွားတော့သည်။
သို့ရာတွင် သူမ ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးစအချိန်မှာပင် ရုတ်တရက် သူမက ရပ်တန့်လိုက်၏။
သူမက နောက်သို့ပြန်လှည့်ကြည့်ကာ မေးမြန်းလေသည်။
"စကားမစပ်...သခင်လေးက စာအုပ်တွေဖတ်လား"
"စာဖတ်တာလား....ငါ မဖတ်ဘူး"
ရီဖုန်းက တောင်းပန်လိုဟန်ဖြင့်ကြည့်ကာ သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"အော်...ကောင်းပြီလေ"
ပိုင်ဖျောင်ဖျောင်က ခေါင်းညိတ်ပြလေ၏။ ရီဖုန်းကို ကြည့်သော သူမ၏မျက်လုံးများ ပထမဆုံးအကြိမ် မှိန်ဖျော့ကာ စိတ်ပျက်သွားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
ရီဖုန်းသည် သာမာန်သေမျိုးတစ်ယောက်ဖြစ်သော်လည်း သူမသည် သူ့ကဲ့သို့လူစားမျိုးနှင့် ရှားရှားပါးပါး တွေ့ဆုံရခြင်းဖြစ်သည်။ သူမသည် သူနှင့် မိတ်ဆွေကောင်းများဖြစ်လိုသည့်စိတ်ကို ထိန်းချုပ်၍မရချေ။
ရီဖုန်းသည် ထိုစာအုပ်နှစ်အုပ်ကို ဖတ်ဖူးမည်ဟု သူမ မူလက တွေးထင်မိသည်။
မည်မျှထိ စိတ်ပျက်ဖွယ် ကောင်းသနည်း.....
ရီဖုန်းသည် ဗိုက်ပြည့်သည်အထိ စားသောက်ကာ ဝိုင်သုံးခွက်ခန့်သောက်ပြီးနောက် သူက တိုင်တစ်တိုင်ကိုမှီ၍ အချိန်အတော်ကြာသည်အထိ သတိလက်လွတ်ငေးငိုင်နေခဲ့သည်။
နောက်ဆုံး၌ ရီဖုန်း အခန်းအတွင်းသို့ပြန်ရောက်စဥ်တွင် ညသန်းခေါင်ရောက်နေလေပြီ။ သူသည် အထူးသီးသန့်ယူဆောင်လာသော ခန်းဆောင်နီအိမ်မက်စာအုပ်ကို သူ၏ဝါးခြင်းတောင်းအတွင်းမှထုတ်ကာ မာကျောသောအိပ်ယာအောက်တွင် ထိုအရာကိုခေါင်းအုံးခုပြီးနောက် သူ တဖြည်းဖြည်း အိပ်မောကျသွားတော့သည်။
နောက်တစ်နေ့၌...
ရီဖုန်းသည် မနက်စောစောထကာ ပိုင်ဖျောင်ဖျောင်နှင့်မြောင်မြောင်တို့ကိုရှာ၍နှုတ်ဆက်ပြီး ထွက်ခွာခဲ့သည်။
"တကယ်လို့ သခင်လေးက နောင်တစ်ချိန်မှာ ဒီတောင်ပေါ်ကို ထပ်ရောက်လာပြီးတော့ တည်းခိုစရာနေရာ လိုအပ်နေတယ်ဆိုရင်...ဒီနေရာကို ထပ်ပြီးလာလို့ရပါတယ်"
နှုတ်ဆက်ခွဲခွာချိန်၌ ပိုင်ဖျောင်ဖျောင်သည် ဂရုတစိုက် စဥ်းစား၍ ထိုစကားများကို ပြောဆိုလိုက်၏။
"မိန်းကလေးပိုင်ကို ကျေးဇူးတင်ပါတယ်"
ရီဖုန်းသည် မိန်းကလေးနှစ်ယောက်ကို ခေါင်းညိတ်ပြကာ သူ၏ဝါးခြင်းတောင်းကို နောက်ကျော၌လွယ်ပြီး နောက်သို့လှည့်ကာ တောင်အောက်ဆင်းသည့်လမ်းအတိုင်း လျှောက်လှမ်းခဲ့တော့သည်။
"သခင်မလေး...ဘာလို့ သူ့ကို ထပ်ပြီးဖိတ်ခေါ်လိုက်တာလဲ"
မြောင်မြောင်က ဝေခွဲရခက်စွာ မေးမြန်းသည်။
ပိုင်ဖျောင်ဖျောင်က ပြုံးရုံသာပြုံးပြလေ၏။
မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည် သာမာန်သေမျိုးတစ်ယောက်ပင်။ သူမတို့၏အစီအစဥ်များအပေါ် ထိခိုက်မှု သို့မဟုတ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်မဟုတ်ချေ။
ထို့ပြင် သူ၏အပြုအမူနှင့်အသိပညာဗဟုသုတများသည် ပိုင်ဖျောင်ဖျောင်ကို စိတ်ရင်းမှန်ဖြင့် သူ့အား လေးစားမိစေသည်။ သာမာန်သေမျိုးတစ်ယောက်ကို သူမ လေးစားမိခြင်းသည် အလွန်အိမ်မက်ဆန်သောကိစ္စဖြစ်သော်လည်း အဖြစ်အပျက်များသည် ထိုအတိုင်းဖြစ်သွားခဲ့သည်။
ထို့ကြောင့် သူမသည် ဤသာမာန်သေမျိုး၏အလည်အပတ်လာမှုကို ငြင်းဆန်မည်မဟုတ်ချေ။
သူ စာအုပ်များမဖတ်သည်မှာ စိတ်ပျက်ဖွယ်ရာတစ်ခုပင်။
ထိုသို့မဟုတ်ပါက သူမတို့အကြားတွင် ဆွေးနွေးရန် တူညီသောအကြောင်းအရာများ ဖြစ်လာနိုင်သည်။
"ဒါလည်း ကောင်းတာပဲ...သူ ထပ်လာရင်လည်း အဆင်ပြေတယ်....မနေ့ညက ငါးကင်က အရမ်းအရသာရှိတယ်"
မြောင်မြောင်သည် ထိုအရာရှိသောအစားအစာများကို ပြန်လည်တွေးတောကာ သူမ၏နုတ်ခမ်းကိုအသံမြည်အောင် စုပ်လိုက်၏။
"အင်း....သူ နေသွားတဲ့အခန်းကို သန့်ရှင်းရေးမြန်မြန်လုပ်လိုက်အုံး"
ပိုင်ဖျောင်ဖျောင်က စိတ်မရှည်စွာ ပြောဆိုသည်။
မြောင်မြောင်သည် လျှာတစ်ချက်ထုတ်၍ ပြောင်ပြပြီးနောက် သူမက အမိန့်ကိုနာခံကာ အခန်းကို သန့်ရှင်းရေး သွားလုပ်ခဲ့တော့သည်။
သို့ရာတွင် အချိန်တခဏကြာပြီးနောက် သူမသည် အသံကုန်အော်ဟစ်၍ အပြေးပြန်လာသည်။
"သခင်မလေး...သခင်မလေး...မြန်မြန်ကြည့်ပါအုံး"
Chapter 39
"ဘာတွေဖြစ်နေတာလဲ"
ပိုင်ဖျောင်ဖျောင်က မျက်မှောင်ကြုတ်၍ မတ်တတ်ထရပ်လိုက်သည်။
"သခင်မလေး...မြန်မြန်လာကြည့်ပါအုံး...အဲ့ဒီသေသင့်တဲ့သေမျိုးက သခင်မလေးရဲ့စာအုပ်ကို ခိုးထားတယ်"
မြောင်မြောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဘာ...."
ပိုင်ဖျောင်ဖျောင်၏မျက်နှာအမူအယာ ချက်ချင်းအေးစက်တင်းမာသွားကာ သူမ၏ခန္ဓာကိုယ်မှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။ သူမ၏ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်သည် ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချက်ချင်းဆိုသလိုပင် အခန်း၏ရှေ့သို့ ရောက်ရှိသွားသည်။
အခန်းတံခါးကိုဖွင့်၍ သူမတို့နှစယောက်လုံး အတွင်းသို့ဝင်လိုက်သည်။
အမှန်တကယ်ကိုပင် ကုတင်ဘေးရှိစားပွဲပေါ်၌ ခန်းဆောင်နီအိမ်မက် စာအုပ်တစ်အုပ်ရှိနေလေ၏။
ထိုအရာကိုမြင်တွေ့ချိန်တွင် ပိုင်ဖျောင်ဖျောင်၏လှပသောမျက်နှာပေါ်ရှိ အေးစက်တင်းမာမှုများ ပို၍ပြင်းထန်သွားသည်။ ထို့နောက် သူမ ချစ်မြတ်နိုးရသော ရတနာတစ်ခုကို မလေးမစားပြုလုပ်လိုက်သည့်အလား သူမ၏အရှိန်အဝါတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်လာသည်။
"မဟုတ်သေးဘူး"
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူမ သိနားလည်သွားလေ၏။ သူမ၏အိပ်ခန်းအတွင်းသို့ ဖျတ်ခနဲပြန်ပြေးသွားကာ သူမ ပြန်ရောက်လာစဥ်တွင် သူမ၏လက်အတွင်း၌ တခြားခန်းဆောင်နီအိမ်မက်စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသည်။
"သခင်မလေး...ခန်းဆောင်နီအိမ်မက်စာအုပ်က နှစ်အုပ်တောင် ဖြစ်နေပါလား...ဒါက ဘယ်လိုဖြစ်တာပါလိမ့်"
မြောင်မြောင်သည် ပိုင်ဖျောင်ဖျောင်၏လက်အတွင်းရှိ ခန်းဆောင်နီအိမ်မက်စာအုပ်နောက်တစ်အုပ်ကိုကြည့်ကာ သူမ၏ပါးစပ်ငယ်လေး အနည်းငယ်ပွင့်ဟသွားသည်။
"ငါတို့က သခင်လေးရီကို နားလည်မှုလွဲသွားခဲ့တယ်"
ပိုင်ဖျောင်ဖျောင်၏မျက်နှာပေါ်ရှိ အေးစက်တင်းမာမှုများ လွင့်ပြယ်သွားလေပြီ။ သူမ၏လက်အတွင်း၌ ခန်းဆောင်နီအိမ်မက်စာအုပ်နှစ်နှစ်အုပ်ကို နှိုင်းယှဥ်ကြည့်ကာ ထိုစာအုပ်နှစ်အုပ်ပေါ်ရှိအဖုံးများ မတူညီသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားလေ၏။
"ကြည့်ရတာတော့ ဒီခန်းဆောင်နီအိမ်မက်စာအုပ်က သခင်လေးရီ ကျန်ခဲ့တာပဲဖြစ်မယ်"
ပိုင်ဖျောင်ဖျောင်၏လေသံအတွင်း၌ ကြည်နူးပီတိဖြစ်နေသော အရိပ်အယောင်များ ရောယှက်နေသည်။
"သခင်လေးရီကလည်း ဒီလိုစာအုပ်မျိုးတွေဖတ်မယ်လို့ ငါ ထင်မထားမိဘူး"
"ဒါပေမယ့် မနေ့ညကတော့ သူ စာအုပ်တွေမဖတ်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား"
မြောင်မြောင်က ဇဝေဇဝါဖြစ်နေဟန်ဖြင့် မေးမြန်းသည်။
ပိုင်ဖျောင်ဖျောင်က ခေါင်းညိတ်လိုက်၏။ ဤသည်မှာ သူမအတွက်လည်း ဝေခွဲရခက်စေသောကိစ္စပင်။ သူမက တီးတိုးရေရွတ်လိုက်သည်။
"ဖြစ်နိုင်တာတော့ သခင်လေးရီမှာ ဖွင့်မပြောနိုင်တဲ့ အခက်အခဲတချို့ ရှိနေပုံပဲ"
"အင်း..."
မြောင်မြောင်က ခေါင်းညိတ်လိုက်သည်။
"သခင်လေးရီက သာမာန်သေမျိုးတစ်ယောက်ဖြစ်ပေမယ့် မမျှော်လင့်ဘဲ သူ့မှာ ငါနဲ့တူညီတဲ့အချက်တွေ အများကြီးရှိနေတယ်"
သူမသည် စာအုပ်နှစ်အုပ်ကို ညင်သာစွာပွတ်သပ် ယမန်နေ့ညက လရောင်အောက်တွင် သူမနှင့်အတူ ဝိုင်အတူသောက်ခဲ့သော သေမျိုးလူငယ်ကို ပြန်အမှတ်ရမိသည်။ သူမက နူးညံညင်သာသောလေသံဖြင့် ညွှန်ကြားလိုက်၏။
"မြောင်မြောင်...သခင်လေးရီရဲ့ ခန်းဆောင်နီအိမ်မက်စာအုပ်ကို သေချာသိမ်းထားလိုက်ပါ...နောက်တစ်ကြိမ် သူ လာတဲ့အခါကျရင် သူ့ကို ပြန်ပေးရမယ်"
"ဟုတ်ကဲ့"
မြောင်မြောင်သည် ခန်းဆောင်နီအိမ်မက်စာအုပ်ကို ချက်ချင်းယူဆောင်လိုက်ကာ သူမက ပိုင်ဖျောင်ဖျောင်ကို ကြည့်လိုက်သည်။
"သခင်မလေးကို ကြည့်ရတာတော့....မနေ့ညက တွေ့ခဲ့ရတဲ့ သေမျိုးလူငယ်အပေါ်မှာ သခင်မလေးရဲ့ခံစားချက်တွေ ရှိနေတာများလား"
ပိုင်ဖျောင်ဖျောင်က ခေါင်းခါပြကာ ခါးသည်းစွာပြုံးလေသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...သူက ပါရမီရှိတယ်ဆိုပေမယ့်....ဘယ်လိုပဲဖြစ်ဖြစ် ခန်းဆောင်နီအိမ်မက်နဲ့အကြီးမြတ်ဆုံးရတနာကို ရေးခဲ့တဲ့ စာရေးဆရာကို သူက ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး...သူနဲ့ငါက တူညီတဲ့အချက်တွေ အများကြီးရှိနေတယ်ဆိုပေမယ့် သူက သေမျိုးတစ်ယောက်လေ"
"အင်း...ကောင်းပါပြီ"
မြောင်မြောင်က ခေါင်းညိတ်လိုက်သည်။ သူမသည် သူမသခင်မလေး၏အတွေးများကို မဖော်ထုတ်နိုင်တော့သဖြင့် အလျင်စလို ပြောဆိုလေ၏။
"ဒါဆိုရင် ကျွန်မက သခင်မလေးပြောတဲ့ စာရေးဆရာကိုအမြန်ဆုံးရှာဖို့ စာပို့လိုက်တော့မယ်....."
...
တောင်ပေါ်လမ်းသည် အလွန်ခက်ခဲကြမ်းတမ်းလှ၏။
နောက်ထပ်နှစ်ရက်ခန့် တောတောင်များအကြားတွင် ခက်ခဲကြမ်းတမ်းစွာ သွားလာပြီးချိန်တွင် နောက်ဆုံး၌ ရီဖုန်းသည် သူ လိုအပ်သောဆေးပင်များအားလုံးကို စုဆောင်းပြီးလေပြီ။
အမှန်အားဖြင့် ကျုံးချင်အတွက် လိုအပ်သောအရာများအပြင် ရီဖုန်းသည် တခြားဆေးပင်တချို့ကိုလည်း ရှာဖွေစုဆောင်းခဲ့လေ၏။ ခြုံငုံ၍ပြောရလျှင် သူ ဆေးပင်အမြောက်အများကို ရိတ်သိမ်းနိုင်ခဲ့သည်။
ရက်အနည်းငယ်ခန့် တောင်ပေါ်တွင် ထပ်မံ၍သွားလာခဲ့ပြီးနောက် ရီဖုန်းသည် သိုင်းပညာခန်းမသို့ ပြန်လည်ရောက်ရှိလာတော့သည်။
ကျုံးချင်၏အဖျားရောဂါသည် သက်သာခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင်ပြင်းထန်စပြုလာသည်။ ရီဖုန်းသည် အနားယူခြင်းမရှိဘဲ ချက်ချင်းဆိုသလိုပင် ကျုံးချင်အတွက် ဆေးတစ်ဖုံကို ကျိုချက်လိုက်၏။
ထိုဆေးကိုသောက်ပြီးနောက် ကျုံးချင် အနည်းငယ်ကိုယ်ပူကျသွားမှသာ ရီဖုန်းသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"သခင်လေးရီ ရှိနေလား..."
သူ ထိုင်ချလိုက်စဥ်မှာပင် ရုတ်တရက် သူ့အားခေါ်လိုက်သံက တံခါး၏ပြင်ပမှ ထွက်ပေါ်လာသည်။
ရီဖုန်းက ထကြည့်လိုက်ရာ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းမှ ဘဏ္ဍာစိုးဖြစ်နေသည်ကို တွေ့မြင်မိလေ၏။ ထိုဘဏ္ဍာစိုးက ရီဖုန်းကို အလွန်အမင်းရိုသေလေးစားနေသည်။ အဖွဲ့အစည်းခေါင်းဆောင်ယင်ရှုံး လော့လန်ရွှယ်နှင့်တခြားသူများသည် ရီဖုန်းအား မည်မျှထိများပြားစွာ ရိုသေလေးစားနေသည်ကို မဖော်ပြလျှင်ပင် သူ၏စာအုပ်မှယူဆောင်လာသော အမြတ်ငွေတစ်ခုတည်းဖြင့် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏လေးစားမှုကိုရရှိရန် ထိုက်တန်သည်။
"အော် မင်းတို့တွေလား....ဘာကိစ္စရှိလို့လဲ"
ရီဖုန်းက မေးမြန်းလိုက်ကာ သူ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းလျသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"သခင်လေးရီ...ငါတို့က မင်းရဲ့စာအုပ်ရောင်းလို့ရတဲ့ အမြတ်ငွေရဲ့ဝေစုကို လာပို့တာပါ"
ဘဏ္ဍာစိုးက ရိုသေလေးစားစွာ ပြောဆိုသည်။ ထို့နောက် သူသည် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏ အထူးဧည့်သည်တော်ကဒ်ပြားကို ရီဖုန်းထံ လက်ကမ်းပေးလေ၏။
"သခင်လေး...အဲ့ဒီကဒ်ထဲမှာ ရွှေပြားတစ်သိန်းရှိပါတယ်...ဒါက အရင်လအတွက် မင်းရဲ့အမြတ်ငွေဝေစုပါ...ငွေတွေအများကြီးလက်ထဲမှာ သိမ်းထားရင် မင်း အဆင်မပြေမှာကို စိုးရိမ်မိတာကြောင့် ငါတို့ကုန်သည်အဖွဲ့ရဲ့ငွေအပ်နှံ့ဌာနမှာ ထိန်းသိမ်းပေးထားတယ်...မင်းက အထူးဧည့်သည်တော်ကဒ်ပြားကိုသုံးပြီးတော့ ဒီငွေတွေကို ငါတို့ကုန်သည်အဖွဲ့ကနေ အချိန်မရွေး ပြန်ထုတ်ယူလို့ရတယ်...လတိုင်း ဒီနေ့လိုရက်မှာ ငါတို့က မင်းရဲ့လစဥ်အမြတ်ငွေဝေစုကို တွက်ချက်ပြီးတော့ မင်းရဲ့စာရင်းထဲကို ဖြည့်ထားပေးမယ်"
ထိုလူများ ဤနေရာသို့ ရောက်လာသည်မှာ စာအုပ်အကြောင်း ပြောဆိုရန်ကို သူ သိရှိထားသော်လည်း ငွေပမာဏကိုကြားချိန်တွင် ရီဖုန်းသည် အံ့အားမသင့်ဘဲမနေနိုင်တော့ချေ။
"မင်း ရွှေပြားတစ်သိန်းလို့ ပြောလိုက်တာလား"
ရီဖုန်း၏စကားကိုကြားချိန်တွင် ဘဏ္ဍာစိုးသည် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏နှလုံးခုန်နှုန်း တစ်ချက်လွတ်သွားသည်။
ဖြစ်နိုင်သည်မှာ သခင်လေးရီသည် ဤငွေပမာဏကို နည်းသည်ဟု တွေးတောနေသလော.....
သို့ရာတွင် သူ ထပ်မံ၍ အပိုစကားများမပြောဝံ့သဖြင့် ဘဏ္ဍာစိုးသည် အလျင်စလိုနှုတ်ဆက်ကာ သတင်းပို့ရန်အတွက် ကုန်သည်အဖွဲ့သို့ ပြန်သွားတော့သည်။
ဘဏ္ဍာစိုး ထွက်ခွာသွားပြီးနောက် တခဏအကြာတွင် ရီဖုန်း အသိစိတ်ပြန်ဝင်လာကာ သူ၏လက်အတွင်းရှိကဒ်ပြားကို မယုံကြည်နိုင်စွာကြည့်လိုက်၏။
ဤအချိန်တွင် သူ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူသည် မိသားစုဝင်ငွေကို ဖြည့်တင်းလိုရုံသာဖြစ်ပြီး ရောင်းအားအကောင်းဆုံးစာရေးဆရာတစ်ယောက်ဖြစ်လာရန်ကို သူ တစ်ကြိမ်တစ်ခါမျှ အိမ်မက်ပင်မမက်ဖူးချေ။ ထို့ပြင် ယခုလက်ရှိချိန်၌ ဤရွှေပြားတစ်သိန်းသည် သူ နှစ်ပေါင်းများစွာကြာအောင် ထိုင်စားနေရန် လုံလောက်သည်။
ထို့ပြင် ထို့ထက်ပို၍ မယုံကြည်နိုင်ဖွယ်အချက်မှာ ဤသည်က လတစ်လတည်းအတွက်ပင်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ဤကိစ္စသည် အလွန်ဝမ်းမြောက်ပျော်ရွှင်ဖွယ်ကောင်းလှ၏။
သူသည် ဝမ်းမြောက်ပျော်ရွှင်သော မျက်နှာအမူအယာဖြင့် သိုင်းပညာခန်းမအတွင်းသို့ ပြန်ဝင်ရန် နောက်သို့လှည့်လိုက်စဥ်မှာပင် အသံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်။
"ဆရာရီ...."
သူ နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ ပင်ကျင်းကုန်သည်အဖွဲ့အစည်းမှ မြောင်လင်းသည် တခြားလူနှစ်ယောက်နှင့်အတူ လျှောက်လှမ်းလာသည်ကို တွေ့မြင်မိသည်။
"အဖွဲ့ခေါင်းဆောင် မြောင်..."
ရီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း သူ၏ယဥ်ကျေးသိမ်မွေ့မှုကို ထိန်းသိမ်းသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်မြောင်က ဘာကိစ္စရှိလို့ ငါ့ဆီရောက်လာတာလဲဆိုတာ ငါ မေးလို့ရမလား"
"အဟွတ်...အဟွတ်"
မြောင်လင်းသည် ရှက်ကို့ရှက်ကန်းအမူအယာဖြင့် ချောင်းနှစ်ချက်ဟန့်ပြီးနောက် သူက အပြုံးနှင့်ပြောဆိုသည်။
"ဆရာရီ...ရိုးရိုးသားသားဝန်ခံရရင် ငါ ဒီနေ့လာတာက ပြီးခဲ့တဲ့ကိစ္စအတွက် တောင်းပန်ချင်လို့ပဲ"
ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။
သူ၏နောက်ရှိလူနှစ်ယောက်သည် သေတ္တာများကိုဖွင့်ပြီး အတွင်းရှိပြောင်လက်နေသော ရွှေပြားများကို လှစ်ဟပြလေသည်။
"ဒါက ရွှေပြားတစ်ထောင်ပါ...ကျေးဇူးပြုပြီးတော့ ဆရာရီက ဒါကို ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါအုံး"
မြောင်လင်းက ရက်ရောသောအမူအယာဖြင့် ရယ်ပြုံးကာ ရီဖုန်းထံသို့ အဓိပ္ပါယ်ပါသောအကြည့်ဖြင့် တစ်ချက်ကြည့်လေသည်။ ရွှေပြားတစ်ထောင်သည် ရီဖုန်းကို လှုပ်ရှားအောင်မလုပ်နိုင်ဟု သူ မယုံကြည်ချေ။ ဤသည်မှာ သာမာန်လူတစ်ယောက်၏ တစ်နှစ်စာဝင်ငွေနှင့်ညီမျှသည်။
Chapter 40
ရီဖုန်းက မျက်ခုံးပင့်ကာ သူသည်လည်း မြောင်လင်းကို အဓိပ္ပါယ်ပါသောအကြည့်ဖြင့် တုံ့ပြန်ကြည့်လိုက်သည်။
"အို...ဆရာရီ...ကျေးဇူးပြုပြီးတော့ ဟန်တခွဲသားနဲ့ မတ်တတ်ရပ်မနေပါနဲ့"
ရီဖုန်း လန့်ဖျပ်နေပုံရသည်ကိုကြည့်ပြီး မြောင်လင်းက ရင်ကော့၍ခေါင်းမော့ကာ ပြောဆိုလိုက်သည်။
"ရွှေပြားတစ်ထောင်က တော်တော်လေးများတယ်ဆိုပေမယ့်....မင်း ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားစရာမလိုပါဘူး...ဒါက ငါ မင်းကို တောင်းပန်တဲ့အနေနဲ့ ပေးတာမလို့ မင်း လက်ခံလိုက်ရုံပဲ"
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာပေါ်ရှိ အဓိပ္ပါယ်ပါသောအကြည့် တစတစ ပို၍လေးနက်လာသည်။ သူသည် အဓိကအချက်ကို တဲ့တိုးဆန်စွာမေးမြန်းလိုက်၏။
"အဖွဲ့ခေါင်းဆောင်မြောင်...ကျေးဇူးပြုပြီးတော့ ဒါက ဘာသဘောလဲဆိုတာ ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပါလား"
"အဟွတ်...အဟွတ်...ဒါဆိုရင်လည်း ငါ ပွင့်ပွင့်လင်းလင်း ပြောမယ်"
ချောင်းထပ်မံ၍တစ်ကြိမ်ဆိုးပြီးနောက် မြောင်လင်းက ပြုံးရွှင်နေသောမျက်နှာအမူအယာနှင့်ပြောဆိုသည်။
"မင်း နောက်ဆုံးတစ်ကြိမ် ထွက်သွားကတည်းက ငါ ထပ်ခါတလဲလဲ ပြန်စဥ်းစားနေခဲ့မိတယ်....ငါတို့က အခုချိန်မှာ ယဥ်ကျေးမှုတွေကို ပြန်လည်ဆန်းသစ်တဲ့ခေတ်ထဲကို ရောက်နေတာကြောင့် ငါတို့ကုန်သည်အဖွဲ့အစည်း ဖွံဖြိုးတိုးတက်လာဖို့ ချိန်ညှိရတော့မယ်...ဒါကြောင့် ငါက ဆရာရီနဲ့ ဆက်ပြီးပူးပေါင်းအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ...ဆရာရီရဲ့စာအုပ်တွေ ထုတ်ဝေတဲ့နေရာမှာ ငါတို့ကုန်သည်အဖွဲ့က အားပြည့်အင်ပြည့် ကူညီပေးမယ်"
ရီဖုန်း၏မျက်လုံးအကြည့် အနည်းငယ်တောက်ပသွားသည်။
သူသည် ချက်ချင်းဆိုသလိုပင် မြောင်လင်း၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားပေ၏။ ရီဖုန်း၏ 'အကြီးမြတ်ဆုံးရတနာနှင့်ခရမ်းတိမ်တိုက်အင်မော်တယ်' သည် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းအတွက် အကျိုးအမြတ်များ ရရှိသွားစေသည်ကို မြောင်လင်း သတိပြုမိသွားခြင်းဖြစ်ပေမည်။ မျှော်လင့်ထားသကဲ့သို့ပင် ဤမြေခွေးအိုကြီးသည် မကောင်းသောရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းပင်။
ဒီမြေခွေးအိုကြီးကတော့....
ရီဖုန်း၏နှုတ်ခမ်းတွန့်ကွေးသွားကာ သူက ပျင်းတိပျင်းရွဲလေသံဖြင့် မေးမြန်းလိုက်သည်။
"အဖွဲ့ခေါင်းဆောင်မြောင်...မင်းရဲ့စကားတွေက မှားနေပြီ...ပြီးခဲ့တဲ့တစ်ခေါက်တုန်းက စာအုပ်တွေထုတ်တာက အကျိုးအမြတ်မရဘူးလို့ မင်း ငါ့ကို ရှင်းရှင်းလင်းလင်း ပြောခဲ့တာမဟုတ်လား...ဒါကြောင့် အဖွဲ့ခေါင်းဆောင်မြောင်က ကုန်သည်အဖွဲ့ရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေကိုပဲ ဦးစားပေးပြီးလုပ်သင့်တယ်လို့ ငါ ထင်တယ်"
ရီဖုန်း၏စကားကိုကြားချိန်တွင် မြောင်လင်း၏မျက်နှာပေါ်၌ ရှက်ကို့ရှက်ကန်းအမူအယာမျိုး ထင်ဟပ်လာသည်။ သူက အလျှင်အမြန် ရှင်းပြလေ၏။
"ကြည့်ပါအုံး...ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ တစ်ခုခုစကားမှားပြီး ပြောခဲ့မိတာလား...ငါ ပြောခဲ့မိလား...ဆရာရီက ငါ့ရဲ့မသိတတ်တဲ့စကားတွေကို စိတ်ထဲမှတ်မထားမှာ သေချာတယ်...ဆရာရီက အငြိုးအတေးထားတက်တဲ့လူမျိုးမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"
"မဟုတ်ဘူး...ငါက အဖွဲ့ခေါင်းဆောင်မြောင်ရဲ့စကားတွေကို စိတ်ထဲမှတ်ထားတယ်"
ရီဖုန်း၏မျက်လုံးများ စူးရှရှတောက်ပနေကာ သူက ပြောင်ပြောင်တင်းတင်း ပြောဆိုသည်။
"ပြီးတော့ ငါ ရီဖုန်းက အငြိုးအတေးထားတက်တဲ့လူမျိုးပဲ"
"မင်း...."
ရီဖုန်း၏စကားလုံးများသည် မြောင်လင်းကို ဒေါသူပုန်ထသွားစေကာ သူ၏ပြာနှမ်းနေသောမျက်နှာဖြင့် ပြောဆိုသည်။
"မင်း ဒါက ဘာကိုဆိုလိုတာလဲ...မင်းမရှိတာနဲ့ ငါတို့ကုန်သည်အဖွဲ့အစည်းက ဘာမှလုပ်လို့မရတော့ဘူးလို့ မင်း ထင်နေတာလား...ငါ မင်းကို ပြောမယ်...တကယ်လို့ မင်း ငါတို့ကုန်သည်အဖွဲ့နဲ့ မပူးပေါင်းဘူးဆိုရင် မင်းရဲ့စာအုပ်တွေ ဘယ်လောက်များများ ရောင်းရမယ်လို့ မင်းထင်လဲ"
"ဒါဆိုရင်လည်း မင်းတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့ ကုန်သည်အဖွဲ့အစည်းကြီးက ငါ့ကို မလိုအပ်ဘူးလို့ မင်းပြောချင်တာပေါ့...ဒါက ပိုတောင်ကောင်းသေးတယ်"
ရီဖုန်းက အေးစက်စက်ရယ်မောကာ သူ၏လက်ကိုဝှေ့ယမ်း၍ နောက်သို့ချာခနဲလှည့်လိုက်သည်။
"ဒါဆိုရင်လည်း မင်းတို့ ကောင်းကောင်းပြန်ကြပါ...နှုတ်ဆက်ခဲ့ပါတယ်"
"နေပါဦး...နေပါဦး...မသွားပါနဲ့ဦး"
ရီဖုန်း၏စကားလုံးများသည် သူ၏နှလုံးကို ဓားမြှောင်တစ်လက်ဖြင့် ထိုးစိုက်လိုက်သည့်အလားပင်။ သူသည် ရီဖုန်းကို ရန်စလိုခဲ့သော်လည်း ဤမျှထိပြင်းပြင်းထန်ထန် တုံ့ပြန်ခံရမည်ဟု သူ မျှော်လင့်မထားမိချေ။ မြောင်လင်းသည် ပြုံးရွှင်နေသောမျက်နှာအမူအယာသို့ ပြန်လည်ပြင်ဆင်လိုက်ပြီး ရီဖုန်းကို ဖမ်းဆွဲလိုက်၏။
"အဖွဲ့ခေါင်းဆောင်မြောင်....မင်း ငါကို ဘာလို့ ဆွဲလားရမ်းလားလုပ်နေတာလဲ...မင်းက ဒီလိုလူစားမျိုးလား"
ရီဖုန်းက သူ၏ခေါင်းကိုခါယမ်းကာ အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
မြောင်လင်း၏မျက်နှာ သုန်မှုန်သွားကာ သူက ရီဖုန်းကို လွှက်ပေးလိုက်သည်။ အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူက ပြောဆိုသည်။
"ဒီလိုဆိုရင်ရော...ငါတို့ပင်ကျင်းအဖွဲ့အစည်းနဲ့ ထပ်ပြီးပူးပေါင်းဖို့ မင်းလိုချင်တဲ့စျေးနှုန်းကို တိုက်ရိုက်တောင်းဆိုကြည့်ပါလား"
"စိတ်မဝင်စားဘူး"
ရီဖုန်းက ယတိပြတ်ငြင်းဆန်လေသည်။
"ရွှေပြားနှစ်ထောင်ဆိုရင်ရော...."
ရီဖုန်းက တိတ်ဆိတ်ငြိမ်သက်နေသည်။
"ရွှေပြားသုံးထောင်...."
ရီဖုန်းသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
"ရွှေပြားတစ်သောင်း...."
နောက်ဆုံး၌ မြောင်လင်းသည် အံ့တင်းတင်းကြိတ်ကာ ပမဏများပြားသောငွေကြေးဖြင့် ကမ်းလှမ်းလိုက်၏။
"အဖွဲ့ခေါင်းဆောင်မြောင်...ဒီလောကကြီးထဲမှာ နောင်တကိုကုစားဖို့အတွက် စားစရာဆေးမျိုး လုံလုံလောက်လောက်မရှိဘူး"
ရီဖုန်းသည် မြောင်လင်းနှင့် ဆက်လက်၍ကပ်တွက်ပြောဆိုရန် အလွန်ပျင်းရိငြီးငွေ့နေသည်။
"ပြီးတော့ ငါက အငြိုးအတေးထားတက်တဲ့ လူစားမျိုးပဲ...မင်း အဲ့ဒီနေ့က ငါ့ကို အရှက်ခွဲခဲ့တာကို ငါ မှတ်မိနေတုန်းပဲ...ဒါကြောင့် ကျေးဇူးပြုပြီးတော့ မင်း ပြန်ပါတော့"
"ဟုတ်ပါတယ်...ငါ အဲ့ဒီလိုမျိုး မလုပ်ခဲ့သင့်ဘူး....မင်း အငြိုးအတေးထားတာကို ငါ နားလည်ပါတယ်"
မြောင်လင်းသည် ရီဖုန်း ဤမျှထိအငြိုးထားမည်ဟု မျှော်လင့်မထားမိချေ။ သူ၏မျက်နှာ ပြာနှမ်းသွားကာ ပြောဆိုလိုက်၏။
"ဒါပေမယ့် မင်း ငွေတွေကိုငြင်းဆန်ချင်တာ သေချာလား...ဒါက ရွှေပြားတစ်သောင်းနော်....ရွှေပြားတစ်သောင်းဆိုတာက မင်း ဆယ်နှစ်လောက်ရှာရင်တောင် မရနိုင်တဲ့ငွေပမာဏပဲ...တကယ်လို့ ဒါက မလုံလောက်သေးဘူးဆိုရင်တော့ မင်းက တကယ့်ကို လောဘကြီးတာပဲ"
ထိုစကားဆုံးသည်နှင့် သူ၏မျက်လုံးကျဥ်းမြောင်းသွားကာ ဆက်လက်ပြောဆိုသည်။
"မင်းကိုယ်မင်း စားပို့နင့်သေအောင် လုပ်မိသလိုဖြစ်မှာကို မကြောက်ဘူးလား"
မြောင်လင်း၏စကားများသည် ရီဖုန်းကို ရယ်မောအောင် ပြုလုပ်နိုင်ခဲ့သည်။
သူ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာကာ တုံ့ပြန်၍ မေးမြန်းလိုက်သည်။
"ဒီရွှေပြားတစ်သောင်းက အရမ်းများနေလို့လား"
"ကောင်စုတ်လေး...ဘယ်လို့ဖြစ်လို့ မင်းက ဒီလောက်ထိ မောက်မာထောင်လွှားနေတာလဲ"
မြောင်လင်းက ဒေါသတကြီး ပြောဆိုသည်။
"ရွှေပြားတစ်သောင်းကို မပြောနဲ့....ရွှေပြားငါးရာကတောင် မင်း ထုတ်သုံးနိုင်တာထက် ပိုနေနိုင်တယ်"
"အော်...တကယ်လား"
ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားလေ၏။