အခန်း (၄၁-၄၅)
Vol. 3 Ch. 41-45
Chapter 41
ထိုသို့ပြောဆိုပြီးနောက်...
ရီဖုန်းသည် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏ဘဏ္ဍာစိုးမှ သူ့အားပေးသွားသော ကဒ်ပြားကို ထုတ်ယူလိုက်သည်။
"ရိုးရိုးသားသား ဝန်ခံရရင်...အတိတ်မှာတုန်းက...ထမင်းလေးငါးနပ်စာအတွက် ငါ ဦးညွှတ်ခဲ့ရဖူးတယ်...ဒါပေမယ့် အခုချိန်မှာတော့.....ရွှေပြားတစ်သိန်းဆိုတာ တကယ့်ကိုပဲ ငါ့အတွက်များပြားတဲ့ပမာဏ မဟုတ်တော့ဘူး"
ထိုစကားကိုပြောဆိုနေစဥ်တွင် ရီဖုန်းသည် သူ၏ကဒ်ပြားကို မြောင်လင်း၏မျက်လုံးရှေ့၌ ဝှေ့ယမ်းပြရန်ကို မမေ့လျော့ခဲ့ချေ။
"ဟမ့်...."
မြောင်လင်းသည် အထင်အမြင်သေးစွာဖြင့် နှာတစ်ချက်မှုတ်လိုက်သော်လည်း နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏မျက်လုံးအကြည့်သည် ရီဖုန်း၏လက်မှဝှေ့ယမ်းနေသော ကဒ်ပြားထံသို့ ကျရောက်သွားပေ၏။
'ဒီလိုတမူထူးခြားတဲ့အရောင်နဲ့ပုံစံ....ဒါက....'
မြောင်လင်း၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ ပင်ကျင်းကုန်သည်အဖွဲ့အစည်း၏အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် မဟာပြိုင်ဘက်ကြီးဖြစ်သော ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏ ငွေအပ်နှံ့ကဒ်ပြားကို မည်သည်ကြောင့် မမှတ်မိဘဲနေမည်နည်း။
ဤငွေအပ်နှံ့ကဒ်ပြားများသည် သူတို့၏ပင်ကျင်းကုန်သည်အဖွဲ့အစည်းမှအရာများနှင့်တူညီကာ အဆင့်အမျိုးမျိုး ပိုင်းခြားထားသည်။
ထို့ပြင် ရီဖုန်း၏လက်အတွင်းရှိကဒ်ပြားကို သူ တစ်ချက်ကြည့်ရုံဖြင့်ပင် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏ အဆင့်မြင့်ငွေအပ်နှံ့ကဒ်ပြားဖြစ်ကြောင်း သူ သိရှိသည်။ ဤကဲ့သို့ကဒ်ပြားမျိုးကို ကိုင်ဆောင်ရန်အတွက် တစ်စုံတစ်ယောက်သည် အနည်းဆုံးရွှေပြားတစ်သိန်းကို အပ်နှံ့ထားရပေမည်။
ဤအရာ၏ဆိုလိုရင်းမှာ ရီဖုန်းထံတွင် အနည်းဆုံးအနေဖြင့် ရွှေပြားတစ်သိန်းရှိနေခြင်းပင်။
ထိုအကြောင်းကိုတွေးတောမိချိန်တွင် မြောင်လင်းသည် သူ၏လည်မြိုအတွင်း၌ ငါးရိုးစူးသည့်အလား ခံစားလိုက်ရကာ သူ စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။
"အဖွဲ့ခေါင်းဆောင်မြောင်...ဘယ်လိုထင်လဲ"
မြောင်လင်း၏စိတ်ပျက်လက်ပျက်အမူအယာကိုကြည့်ပြီး ရီဖုန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူက ရိုးသားဖြူစင်သောအပြုံးနှင့် မေးမြန်းလိုက်၏။
"မင်း...."
"မင်း....မင်း..."
"မင်း နိုင်တယ်...ဟမ့်..."
မြောင်လင်း၏မျက်နှာသည် ဒေါသကြောင့် အစိမ်းရောင်ပြောင်းသွားကာ သူသည် သွေးတစ်လုတ် အန်ထုတ်လိုက်လုနီးပါးဖြစ်သွားသဖြင့် ဒေါသတကြီး နှာတစ်ချက်မှုတ်ကာ အော်ဟစ်လိုက်သည်။
"သွားကြစို့"
မြောင်လင်း ဝမ်းနည်းပက်လက်ဖြင့် ထွက်ခွာသွားသည်ကိုကြည့်ပြီး ရီဖုန်းက မထီမဲ့မြင်အမူအယာဖြင့် သူ၏ငွေအပ်နှံ့ကဒ်ပြားကို ပြန်လည်သိမ်းဆည်းလိုက်၏။
လူများ၏မျက်နှာကို ငွေဖြင့်ဖြတ်ရိုက်ရခြင်းသည် အလွန်စိတ်ကျေနပ်ဖွယ်ရာပင်။
အမှန်အားဖြင့် ရီဖုန်းသည် ချမ်းသာသူတစ်ယောက်ကဲ့သို့ ဟန်မဆောင်လိုချေ။ အကယ်၍ ထိုနေ့တုန်းက မြောင်လင်းသည် သူ့အတွက် စာအုပ်ထုတ်မပေးလိုရုံသက်သက်ဆိုလျှင်ပင် သူ မည်သို့မျှသဘောထားမည်မဟုတ်ချေ။ မြောင်လင်း၏ရှုထောင့်မှကြည့်ပါက ကုန်သည်အဖွဲ့အစည်း၏အကျိုးအမြတ်ကို အရင်ဆုံးဦးစားပေးရမည်အား သူ နားလည်သဘောပေါက်သည်။
သို့ရာတွင် မြောင်လင်းသည် ရီဖုန်း၏အင်အားစိုက်ထုတ်ခဲ့မှုများကို မတရားသဖြင့်ချိုးနှိမ်ပြောဆိုကာ ရွှေပြားတစ်ရာပေး၍ သူ့အားအရှက်ခွဲခဲ့သည်။
လူတစ်ယောက်သည် ငွေကြေးဥစ္စာဆင်းရဲနိုင်သော်လည်း ရည်မှန်းချက်အရာ၌ မဆင်းရဲချေ။
ထို့ကြောင့် ဤတစ်ကြိမ် မြောင်လင်းရောက်လာချိန်တွင် ရီဖုန်းသည် သူ့အား အနည်းငယ်မျှပင် မျက်နှာသာမပေးခဲ့ချေ။
မြောင်လင်းသည် မှုန်ကုပ်ကုပ်မျက်နှာအမူအယာဖြင့် ကုန်သည်အဖွဲ့သို့ ပြန်ရောက်လာချိန်တွင် သူ့အား စောင့်ကြိုနေသည်မှာ ထိပ်တန်းအကြီးအကဲများအားလုံးပင်။ မြောင်လင်းသည် လက်ဗလာဖြင့် ပြန်လာခဲ့ရသည်ကို သူတို့အားလုံး ကြားသိချိန်တွင် သူ့ထံသို့ ဖိအားများစွာ ကျရောက်လာပေ၏။
"အဖွဲ့ခေါင်းဆောင်....မင်းက အဲ့ဒီစာရေးဆရာကို သေချာပေါက်ပြန်ဖိတ်ခေါ်နိုင်မယ်လို့ သေချာပြောသွားခဲ့တာ မဟုတ်လား"
"အမှန်ပဲ....လွန်ခဲ့တဲ့လမှာ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းရဲ့အမြတ်ငွေက ငါတို့ထက် နှစ်ဆယ်ရာခိုင်နှုန်းတောင် သာနေတယ်....တကယ်လို့ ခုလသာ ဒီအတိုင်းဆက်သွားမယ်ဆိုရင်....အဲ့ဒီစာအုပ်ကနေ ရသွားမယ့် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းရဲ့ အမြတ်ငွေတွေကို မေ့ထားမယ်ဆိုရင်တောင်....နာမည်ဂုဏ်သတင်းတစ်ခုတည်းရဲ့လွှမ်းမိုးမှုနဲ့ ငါတို့ပင်ကျင်းကုန်သည်အဖွဲ့အစည်းထက် အများကြီးသာလွန်သွားလိမ့်မယ်"
"တကယ်လို့ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းကသာ ကုန်သည်အစည်းအရုံးရဲ့အကဲဖြတ်မှုတွေအရ ထိပ်တန်းနေရာကို ရသွားခဲ့ရင်...မြောင်လင်း...မင်းက ငါတို့ ပင်ကျင်းကုန်သည်အဖွဲ့အစည်းရဲ့အပြစ်သား ဖြစ်သွားလိမ့်မယ်"
ပြစ်တင်ရှုံချသံများ တစ်သံပြီးတစ်သံ ရောက်ရှိလာသဖြင့် မြောင်လင်း အလွန်ထိတ်လန့်တုန်လှုပ်နေသည်။ သို့ရာတွင် သူတို့၏ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသည့်တိုင် သူတို့သည်ထိပ်တန်းအကြီးအကဲများဖြစ်နေသဖြင့် သူ သူတို့ကို လျစ်လျှူရှုထား၍မရချေ။ ထို့ကြောင့် သူ၏ယုံကြည်မှုကို ထောက်ကန်သည့်အနေဖြင့် ပြောဆိုလိုက်သည်။
"ဒါက တစ်ကြိမ်လေးပဲ ရှုံးနိမ့်တာပါ...ဘာမှ ရေးကြီးခွင်ကျယ် လုပ်နေစရာမလိုဘူး...ငါ့မှာ နည်းလမ်းတွေ ရှိနေသေးတယ်"
အစည်းအဝေးပြီးဆုံးချိန်၌ မြောင်လင်းသည် အိမ်သို့ပြန်သွားကာ သူ၏အခန်းခေါင်းရင်း၌ထိုင်၍ မျက်မှောင်ကြုတ်ကာ စဥ်းစားတွေးတောလိုက်၏။
နောက်ဆုံး၌ သူက အော်ဟစ်လိုက်သည်။
"လာကြစမ်း...ငါ့ရဲ့သမီးကို ငါ့ဆီလာတွေ့ဖို့ ခေါ်လာခဲ့ကြစမ်း"
မကြာမီမှာပင် မြောင်ယွင်အာက အခန်းအတွင်းသို့ ဝင်ရောက်လာသည်။ သူမ၏လှပပြေပြစ်သော ခန္ဓာကိုယ်ပေါ်တွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏နူးညံသွယ်လျသော ခြေဖဝါးလေးကို အထင်းသားမြင်နေရပြီး ညင်သာသောလေသံဖြင့် မေးမြန်းသည်။
"အဖေ...ကျွန်မကိုခေါ်တာ ဘာခိုင်းစရာရှိလို့လဲ"
"အဟွတ်....ယွင်အာ..."
မြောင်ယွင်အာ ရောက်ရှိလာသည်ကိုကြည့်ပြီး မြောင်လင်းသည် သူ၏သုန်မှုန်နေသောအမူအယာကို ဖယ်ရှားကာ အပြုံးမျက်နှာနှင့် ပြောဆိုသည်။
"ငါ့မှာ မင်းအတွက် သတင်းကောင်းရှိတယ်....ခန်းဆောင်နီအိမ်မက်ရေးတဲ့ စာရေးဆရာကို ရှာတွေ့ပြီ...ပြီးတော့ မင်းကို ကိစ္စတစ်ခု ပြောရအုံးမယ်...သူက အကြီးမြတ်ဆုံးရတနာစာအုပ်ကိုရေးတဲ့ စာရေးဆရာလည်းဖြစ်တယ်"
"တကယ်လား"
မြောင်လင်း၏လှပသောမျက်နှာလေး နီမြန်းသွားကာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။
"ဒါက အမှန်ပဲ"
မြောင်လင်းက ခေါင်းညိတ်ပြကာ မေးမြန်းလိုက်သည်။
"ယွင်အာ....ငါ မင်းကို မေးပါရစေ...မင်း အဲ့ဒီစာရေးဆရာကို သဘောကျနေတာလား"
ထိုစကားကြောင့် မြောင်ယွင်အာ၏လှပသောမျက်နှာလေး ရှက်သွေးဖြာသွားကာ သူမက ခေါင်းငုံ၍ပြောဆိုသည်။
"အဖေ....ကျွန်မက သူ့ကို ဘယ်တုန်းကမှ မတွေ့ဖူးပေမယ့် သူ့ရဲ့စာပေပါရမီက အရမ်းထူးချွန်တယ်....ပြီးတော့ သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ စာပေလက်ရာကောင်းတွေရှိတယ်....ကျွန်မအထင်တော့ သူက ကြင်နာတက်ပြီးတော့ ခန့်ညာပြီး နူးညံသိမ်မွေ့တဲ့ ကျောင်းတော်သားတစ်ယောက်ပဲဖြစ်မယ်"
မြောင်ယွင်အာသည် ရီဖုန်းကို အလွန်ချီးမွမ်းခန်းဖွင့်နေသည်ကိုကြည့်ပြီး မြောင်လင်း၏မျက်နှာပေါ်တွင် သုန်မှုန်မှုနှင့်ဝေခွဲရခက်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။ သို့ရာတွင် မကြာမီမှာပင် သူသည် ထိုအမူအယာများကို ဖယ်ရှားကာ ညင်သာစွာ ပြောဆိုသည်။
"ယွင်အာ မင်း ဘယ့်သူကိုပဲ သဘောကျကျ....အဖေက မင်းကို ပံ့ပိုးပေးမယ်...ပြီးတော့ အဲ့ဒီစာပေပညာရှင်က အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ...ဒါကြောင့် တကယ်လို့ မင်း သူ့အပေါ်မှာ ခံစားချက်ရှိနေတယ်ဆိုရင် ရဲရဲတင်းတင်းဖွင့်ပြောလိုက်ပါ"
"အဖေ့ကို ကျေးဇူးတင်ပါတယ်"
မြောင်ယွင်အာသည် သူမ နေ့နေ့ညည စိတ်ကူးယဥ်နေခဲ့ရသည့် စာရေးဆရာကို မကြာခင်တွေ့နိုင်တော့မည်ဟု တွေးတောနေချိန်တွင် သူမ အလွန်စိတ်လှုပ်ရှားသွားသည်။ သူမ၏လှပသောမျက်နှာလေးသည် အမှုမဲ့အမှတ်မဲ့ဖြင့် ရှက်သွေးဖြာကာ နီမြန်းနေလေ၏။
"ကောင်းပြီလေ...မင်းသွားတော့...ငါက နောက်ကျရင် တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ သူ့ရဲ့အချက်အလက်တွေနဲ့လိပ်စာကို မင်းဆီ ပို့ခိုင်းလိုက်မယ်....မင်း အချိန်ခဏပေးပြီးတော့ သူ့ဆီ သွားလည်လိုက်အုံး"
မြောင်လင်းက ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ အဖေ....ယွင်အာကို သွားခွင့်ပြုပါအုံး"
မြောင်မြောင်က နူးညံသိမ်မွေ့စွာ ပြောဆိုသည်။
"ခဏနေဦး"
မြောင်ယွင်အာ ထွက်ခွာခါနီးအချိန်တွင် မြောင်လင်းက အော်ဟစ်လိုက်၏။
"ဟုတ်ကဲ့"
မြောင်ယွင်အာက နောက်သို့ပြန်လှည့်ကြည့်သည်။
"ကောင်းကောင်းမွန်မွန် ဝတ်စားသွားဖို့မမေ့နဲ့...မင်းရဲ့ဒီဝတ်စုံက နည်းနည်းရှည်လွန်းနေတယ်...လူအများစုက ဒီလိုပုံစံမျိုးကို သဘောမကျကြဘူး"
Chapter 42
ထူးဆန်းပြီး မှိန်ဖျော့ဖျော့အလင်းရောင် တောက်ပနေသော ခန်းမကြီးတစ်ခုအတွင်း၌....
အရှိန်အဝါခံ့ညားပြီး ကြံခိုင်သန်မာပုံရသော ကျင့်ကြံသူများက အတန်းနှစ်တန်းတန်း၍ ခန်းမကြီးအတွင်း၌ မတ်တတ်ရပ်နေသည်။
အချိန်တခဏကြာပြီးနောက် ဆံပင်ဖြူများရှိသည့်လူလတ်ပိုင်းကြီးတစ်ယောက်သည် ပြင်းထန်သောအရှိန်အဝါကို ထုတ်လွှတ်ထားကာ ခြေလှမ်းကျဲကြီးများဖြင့် ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။ သူ ရောက်ရှိလာသော အချိန်အခိုက်အတန့်တွင် ခန်းမအတွင်းရှိကျင့်ကြံသူများအားလုံး ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
"ဘိုးဘေးကို အရိုအသေပြုပါတယ်"
"ဆရာသခင်ကို ကြိုဆိုပါတယ်"
ဆံဖြူလူလတ်ပိုင်းကြီးသည် အမူအယာကင်းမဲ့စွာဖြင့် ခန်းမအတွင်းရှိ အဓိကထိုင်ခုံနေရာ၌ ထိုင်လိုက်သည်။
မည်သူမျှ အသက်ပြင်းပြင်းမရှုဝံ့ဘဲ သူတို့၏ခေါင်းများကို ပို၍ပင်အောက်သို့ ငုံလိုက်ကြသည်။
အချိန်အတော်ကြာပြီးနောက် ထိုလူလတ်ပိုင်းကြီးသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ တခြားသူများသည် သူတို့ထမ်းမထားရသော လေးလံသည့်ဝန်ထုပ်ဝန်ပိုးကြီးများ ကျသွားသည့်အလား သူတို့၏ခေါင်းများကို မော့လိုက်ကြ၏။ သူသည် ဤနေရာ၌ အကြွင်းမဲ့အခွင့်အာဏာရှိသူဖြစ်သည်မှာ သိသာထင်ရှားသည်။
သို့ရာတွင် သူ၏လက်ယာဘက်အင်္ကျီလက်သည် သိသာထင်ရှားစွာပင် ဟာလာဟင်းလင်းဖြစ်နေသည်။
သူသည် ချင်ရှန်းဘိုးဘေးနှင့် တိုက်ခိုက်ခဲ့သော ရွှမ်းဝူဘိုးဘေး နင်ရွှမ်းဝူမှတပါး တခြားသူမဟုတ်ချေ။ ခန်းမအတွင်းရှိလူများသည် ရွှမ်းဝူဂိုဏ်း၏ထိပ်သီးအဖွဲ့ဝင်များ ဖြစ်သည့်အပြင် နင်ရွှမ်းဝူ၏တပည့်ရင်းများလည်းဖြစ်သည်။
နင်ရွှမ်းဝူ၏အရှုံးကြောင့် ရွှမ်းဝူဂိုဏ်း၏စိတ်ဓာတ်အင်အား နိမ့်ပါးသွားခဲ့သည်။ ယခုချိန်၌ သူ့ကို ထပ်မံ၍မြင်တွေ့ရချိန်တွင် သူတို့အားလုံး စကားတစ်ခွန်းမျှမဆိုဝံ့ချေ။
သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှုက ခန်းမအတွင်း၌ ကြီးစိုးနေသည်။
"မင်းတို့ ဘာတွေရှာတွေ့ထားလဲ"
နောက်ဆုံး၌ နင်ရွှမ်းဝူ၏ ခက်ထန်တင်းမာသောအကြည့်သည် သူတို့ပေါ်သို့ ဝေ့ဝိုက်လာကာအက်ရှရှအသံဖြင့် မေးမြန်းလေသည်။
ထိုမေးခွန်းကိုကြားသော်လည်း လူတိုင်း နှုတ်ဆိတ်နေဆဲပင်။
ထိုမြင်ကွင်းကိုကြည့်ပြီး နင်ရွှမ်းဝူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းတို့ ဘာရှာတွေ့ထားလဲလို့ ငါ မေးနေတာလဲ...ချင်ရှန်းရဲ့လက်ထဲက မီးဖိုချောင်သုံးဓားက ဘယ်နေရာကရောက်လာတာလဲဆိုတာ ငါ့ကို ဘယ်သူပြောနိုင်လဲ"
"ဆရာသခင်....ကျွန်တော်က ချင်ရှန်းဂိုဏ်းရဲ့လက်ရင်းတပည့်တစ်ယောက်ကို ဖမ်းဆီးထားတယ်...ကျွန်တော်တို့ သူ့ဆီကနေ သဲလွန်စတစ်ခု ရနိုင်လောက်တယ်"
မလုံမခြုံအဝတ်အစားများကို ဝတ်ဆင်ထားကာ ဓားအမြွှာကိုကိုင်ဆောင်ထားသည့် ခန္ဓာကိုယ်အချိုးအစားပြေပြစ်သော အမျိုးသမီးတစ်ယောက်က ရှေ့သို့ထွက်လာကာ ရိုသေလေးစားစွာ ပြောဆိုသည်။
သူမသည် နင်ရွှမ်းဝူ၏လက်ရင်းတပည့် ယောင်လင်းအာပင်။ သာလွန်ထူးကဲသောပါရမီနှင့် ကြောက်မက်ဖွယ်တိုက်ခိုက်ရေးစွမ်းရည်အပြင် သူမ၏အန္တရာယ်အများဆုံးလက်နက်မှာ သူမ၏ညှို့ငင်ဖမ်းစားနိုင်သောခန္ဓာကိုယ်နှင့်လှပချောမောမှုပင်။ သူမနှင့် ရင်ဆိုင်ရသောရန်သူအမြောက်အများသည် သူမ၏အလှတရားများကြောင့် ညှို့ငင်ဖမ်းစားခြင်းကို ခံရလေ၏။ သူတို့၏သတိများ လျော့ပါးသွားသောအချိန်တွင် ယောင်လင်းအာ၏ဓားအမြွှာဖြင့် အဆုံးသတ်ခြင်းကို ခံရတော့သည်။
"သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့စမ်း"
နင်ရွှမ်းဝူက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့"
လျှပ်ပြက်သည့်အလား ယောင်လင်းအာက ခန်းမအတွင်းမှ ပြေးထွက်သွားသည်။ သူမ ပြန်ရောက်လာစဥ်တွင် သူမသည် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်ကို ဆွဲခေါ်လာလေ၏။
"ငါ့ကိုလွှတ်ပေး...ငါ့ကိုလွှက်ပေးကြစမ်း"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က မောက်မာဝံ့ကြွားစွာ အော်ဟစ်နေသည်။
"ငါ ဘယ်သူလဲဆိုတာ မင်းတို့ သိကြလား...ဘယ်လိုသတ္တိမျိုးနဲ့ မင်းတို့က ငါ့ကို ဖမ်းဝံ့တာလဲ...ငါက ချင်ရှန်းဂိုဏ်းရဲ့လက်ရင်းတပည့်တစ်ယောက်ဖြစ်တဲ့ ယုဝမ်ကျီးပဲ...တကယ်လို့ မင်းတို့ ငါ့ကိုလွှတ်မပေးဘူးဆိုရင်...ချင်ရှန်းဂိုဏ်းက မင်းတို့အားလုံးကို တစစီခြေမွှဖျက်ဆီးလိမ့်မယ်"
ဖြောင်း....
ယောင်လင်းအာက ယုဝမ်ကျီး၏ပါးကို ဖြတ်ရိုက်လိုက်သည်။
"မင်း....မင်းက ငါ့ကို ရိုက်ရဲတာလား"
ယုဝမ်ကျီးသည် ချက်ချင်းဆိုသလိုပင် ဒေါသူပုန်ထသွားသည်။ သူ၏ဘဝတွင် ယခင်က မည်သူကမျှ သူ့အား မရိုက်နှက်ခဲ့ဖူးချေ။ ဤသည်မှာ အလွန်ကြီးမားသော အရှက်ခွဲခံရမှုကြီးပင်။
သို့ရာတွင် သူ ဆုံတွေ့လိုက်ရသည်မှာ ယောင်လင်းအာထံမှ နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက်ဖြစ်ပြီး သူ့အားမြေပြင်ပေါ်သို့ ပက်လက်လန်လဲကျသွားစေသည်။
ယုဝမ်ကျီးသည် ထပ်မံ၍အရှက်ခွဲခံရသဖြင့် တွားသွား၍ မတ်တတ်ထရပ်ကာ လက်တုံ့ပြန်ရန် ကြံရွယ်လိုက်စဥ်မှာပင် ဆံဖြူလူလတ်ပိုင်းကြီးတစ်ယောက်က သူ့အား အေးစက်စက်အကြည့်ဖြင့်စူးစိုက်ကြည့်နေသည်ကို သူ တွေ့မြင်မိသည်။
"မင်းက ဘယ်သူလဲ"
ယုဝမ်ကျီးက အော်ဟစ်လိုက်သည်။
"နင်ရွှမ်းဝူ..."
"ဘာ......."
ယုဝမ်ကျီးသည် တုန်လှုပ်ချောက်ချားသွားပေ၏။ သူ့ရှေ့ရှိ ဆံဖြူလူလတ်ပိုင်းကြီးသည် ရွှမ်းဝူဘိုးဘေးဖြစ်နေမည်ဟု သူ တွေးတောကြည့်မိဖူးခြင်းပင်မရှိချေ။ ထိုသို့ဆိုပါက သူသည် ရွှမ်းဝူဂိုဏ်း၏ဖမ်းဆီးခြင်းကို ခံလိုက်ရသလော။
"ငါ မင်းကို မေးမယ်....ချင်ရှန်းဘိုးဘေးရဲ့ဓားက ဘယ်နေရာက ရလာတာလဲ"
ရွှမ်းဝူဘိုးဘေးက အောက်သို့ငုံကြည့်ကာ အက်ရှရှလေသံဖြင့် မေးမြန်းသည်။
"ကျုပ်က ဘာလို့ ခင်ဗျားကို ပြောရမှာလဲ"
သူ့အားမေးမြန်းသူမှာ ရွှမ်းဝူဘိုးဘေးဟု သိနေသည့်တိုင် ယုဝမ်ကျီးက မထီမဲ့မြင်အမူအယာဖြင့် အော်ဟစ်လိုက်၏။
နင်ရွှမ်းဝူ၏အကြည့်သည် တင်းမာခက်ထန်နေကာ သူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ကျုပ်က ခင်ဗျားကို ဘာလို့ကြောက်ရမှာလဲ....ခင်ဗျားတို့ ကျုပ်ကို မြန်မြန်လွှတ်ပေးဖို့ အကြံပေးချင်တယ်...မဟုတ်ရင် ကျုပ်တို့ဘိုးဘေးက နတ်ဘုရားဓားကိုကိုင်ပြီးတော့ ရောက်လာတာနဲ့ ခင်ဗျားတို့အားလုံး သေကြေပျက်စီးရလိမ့်မယ်"
ယုဝမ်ကျီးက ခြိမ်းခြောက်လေသည်။
"အရမ်းကောင်းတယ်"
ရွှမ်းဝူဘိုးဘေးက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ကြီးကျယ်ခမ်းနားသောအလင်းတန်းတစ်တန်းက သူ့ထံမှ ထွက်ပေါ်လာသည်။ အောက်ရှိ ယုဝမ်ကျီးသည် ရုတ်တရက် လေထုအတွင်းသို့ မြောက်တက်သွားလေ၏။
"ငါ မင်းကို နောက်တစ်ခါထပ်မေးမယ်...မင်း ပြောမလား မပြောဘူးလား"
ရွှမ်းဝူဘိုးဘေးက အာခေါင်ခြစ်သံဖြင့် အော်ဟစ်လိုက်သည်။
"ကျုပ် မပြောဘူး"
ယုဝမ်ကျီးသည် လိုက်လျောရန် ငြင်းဆန်နေဆဲပင်။
ရွှမ်းဝူဘိုးဘေး၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူ၏လက်ကိုဆန့်တန်းပြီး ယုဝမ်ကျီး၏လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။ ကြီးမားသောခွန်အားကြောင့် ယုဝမ်ကျီး၏သွေးကြောများ ဖောင်းကားလာသည်။ တစ်ချိန်တည်းမှာပင် ကြီးမားသောဖိအားသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖိစီးလာပေ၏။
"အား....ကျုပ် မှားသွားတယ်...ကျုပ် မှားသွားပါတယ်...ကျုပ် ပြောမယ်...."
အစစ်အမှန်သေခြင်းတရား၏ရှေ့ပြေးကို ခံစားမိချိန်တွင် ယုဝမ်ကျီးသည် အချိန်တခဏမျှပင် တောင့်မခံနိုင်တော့ဘဲ အသနားခံတောင်းပန်လေသည်။
ဘုန်း...
သူ၏လက်ဝါးကို လှုပ်ခတ်လိုက်မှုနှင့်အတူ ရွှမ်းဝူဘိုးဘေးက ယုဝမ်ကျီးကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်းထံတွင် အထင်အမြင်သေးသောအကြည့်မျိုး ထင်ဟပ်လာသည်။ ယုဝမ်ကျီးသည် ခေါင်းမာနေမည်ဟု သူတို့ တွေးထင်ခဲ့ကြသော်လည်း သူသည် သကြားလုံးပျော့တစ်လုံးထက်ပင် ပို၍ပျော့ပျောင်းနေခဲ့သည်။
"အဟွတ်...အဟွတ်"
ယုဝမ်ကျီးက ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်၏။ ရွှမ်းဝူဘိုးဘေး၏ စိတ်မရှည်သောမျက်နှာအမူအယာကိုကြည့်ပြီး သူက အလျှင်အမြန်ပြောဆိုသည်။
"ကျုပ် ပြောမယ့်စကားက အမှန်ဟုတ်မဟုတ်ဆိုတာကို ကျုပ်ကိုယ်တိုင်လည်းမသိဘူး...ဒါပေမယ့် ကျုပ်ရဲ့ဆရာသခင်ဆီကနေ ကြားထားတာတော့ အဲ့ဒီဓားကို ပင်ကျင်းမြို့ထဲက ဆရာကြီးတစ်ယောက်ဆီကနေ ရခဲ့တာပဲ"
"ပင်ကျင်းမြို့ထဲက ဆရာကြီးတစ်ယောက်လား"
ရွှမ်းဝူဘိုးဘေး၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။ သူသည် ယုဝမ်ကျီး၏ရင်ဘတ်ပေါ်သို့ ခြေထောက်တင်ကာ ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။
"ပင်ကျင်းမြို့ထဲမှာ ဘာဆရာကြီးမှမရှိဘူး"
"ကျုပ် တကယ်ပြောနေတာ....ခင်ဗျားကို ကျုပ် လိမ်ပြောနေတာမဟုတ်ဘူးလို့ ကျိန်ဆိုရဲတယ်....ကျုပ်ဆရာရဲ့စကားအရဆိုရင် အဲ့ဒီဆရာကြီးက ပင်ကျင်းမြို့ထဲမှာ သိုင်းပညာခန်းမတစ်ခုကို ဖွင့်ထားတယ်...ဒါက ကျုပ် အမှန်အတိုင်း ပြောပြတာပဲ"
ယုဝမ်ကျီးက ထိတ်လန့်တကြား ပြောဆိုလေ၏။
"သိုင်းပညာခန်းမလား"
ယုဝမ်ကျီး လိမ်ပြောနေပုံမရသည်ကိုကြည့်ပြီး ရွှမ်းဝူဘိုးဘေးက သူ့အား လွှတ်ပေးလိုက်သည်။ ထို့နောက် သူ၏အဓိကထိုင်ခုံနေရာသို့ ပြန်သွားကာ မျက်မှောင်ကြုတ်၍ စဥ်းစားတွေးတောနေလေသည်။
အချိန်တခဏကြာပြီးနောက် သူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဝူချန်....ပင်ကျင်းမြို့ထဲကို သွားပြီးစုံစမ်းလိုက်စမ်း"
"ဟုတ်ကဲ့ပါ ဆရာသခင်"
ပိန်လှီသောခန္ဓာကိုယ်ရှိသည့် လူမမာပုံပေါက်သော လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ် ဖျတ်ခနဲလှုပ်ရှားလိုက်မှုနှင့်အတူ တောင်ပေါ်မှ ထွက်ခွာသွားတော့သည်။
Chapter 43
"မင်း...ချင်ရှန်းဂိုဏ်းကို ပြန်သွားတော့...တကယ်လို့ သတင်းတစ်ခုခုရရင် ချက်ချင်း ပြန်လာပြီး သတင်းပို့စမ်း"
ရွှမ်းဝူဘိုးဘေးက ယုဝမ်ကျီး၏ရင်ဘတ်ကို သူ၏လက်ဝါးတစ်ဖက်ဖြင့် ပုတ်လိုက်သည်။ ယုဝမ်ကျီး၏ပါးစပ် နာကျင်မှုကြောင့် ပွင့်ဟသွားကာ ရေခဲပုစဥ်းတစ်ကောင်က သူထွေးမထုတ်နိုင်မီမှာပင် သူ၏ပါးစပ်အတွင်းသို့ ဝင်ရောက်သွားသည်။
"ဆရာသခင်...ဂျူနီယာမောင်လေးဝမ်ချန်တစ်ယောက်တည်းကို လွှတ်လိုက်တာ အဆင်ပြေပါ့မလား"
ယောင်လင်းအာသည် မျက်မှောင်ကြုတ်ထားကာ စိုးရိမ်ပူပန်နေသောလေသံဖြင့် ရွှမ်းဝူဘိုးဘေးကို မေးမြန်းလိုက်သည်။
"ပြဿနာမရှိဘူး"
ရွှမ်းဝူဘိုးဘေးက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ဂျူနီယာမောင်လေးဝူချန် အန္တရာယ်တစ်ခုခုနဲ့တွေ့မှာကို ဆရာက မစိုးရိမ်ဘူးလား"
ယောင်လင်းအာက မျက်မှောင်ကြုတ်၍ မေးမြန်းသည်။
"ဂျူနီယာညီမလေး...ဘာမှမစိုးရိမ်ပါနဲ့"
ထိုအချိန်မှာပင် ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားသော လူတစ်ယောက်က လျှောက်လှမ်းလာကာ ပြောဆိုသည်။
"ငါ့အထင်တော့ ပင်ကျင်းမြို့ထဲက ဆရာကြီးလို့ခေါ်တဲ့ အစွမ်းထက်ကျင့်ကြံသူက ချင်ရှန်းဂိုဏ်းက သုံးထားတဲ့ပရိယာယ်တစ်ခုပဲဖြစ်မယ်....ဂျူနီယာညီလေးဝူချန်ကို အဲ့ဒီကိစ္စ ဂရုစိုက်ခိုင်းလိုက်တာက အကောင်းဆုံးပဲ"
"ဒါပေမယ့်....."
ယောင်လင်းအာသည် စိုးရိမ်ပူပန်နေဆဲ ဖြစ်ပုံရကာ သူမက ရွှမ်းဝူဘိုးဘေးကို ကြည့်လိုက်၏။
"အရမ်းကြီး စိုးရိမ်ပူပန်နေစရာမလိုပါဘူး"
ရွှမ်းဝူဘိုးဘေးက ပြောဆိုသည်။
"ဝူချန်ဆီမှာ ငါ့ရဲ့ကောင်းကင်တုန်ဟီးကျောက်တုံးရှိနေတယ်...တကယ်လို့ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခုရှိနေရင်တောင် ကောင်းကင်တုန်ဟီးကျောက်တုံးက သူ့ကို ဘာစိုးရိမ်ပူပန်စရာမှမလိုအောင် ကာကွယ်ပေးလိမ့်မယ်...ဒါကြောင့် ငါတို့က ဂိုဏ်းထဲမှာပဲ ငြိမ်ငြိမ်လေးနေပြီး ဝူချန်ဆီကသတင်းကို စောင့်ဖို့လိုတယ်"
ထိုစကားကိုကြားမှသာ ယောင်လင်းအာက စိတ်သက်သာရာရသွားကာ ပင့်သက်ရှိုက်လိုက်သည်။
ဝူချန်၏လက်အတွင်း၌ ကောင်းကင်တုန်ဟီးကျောက်တုံးရှိနေပါက သူမ စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။ ဤသည်က ရွှမ်းဝူဘိုးဘေး၏ ရတနာပစ္စည်းအနည်းစုအနက်မှတစ်ခုပင်။
...
နေ့တစ်ဝက်မပြည့်မီမှာပင် ကျင်းဝူချန်သည် ပင်ကျင်းမြို့သို့ ရောက်ရှိခဲ့လေ၏။
ပင်ကျင်းမြို့သည် ရွှမ်းဝူဂိုဏ်းနှင့်နီးကပ်စွာ တည်ရှိသော်လည်း ဤနေရာရှိ လူအများစုသည် သေမျိုးများဖြစ်သဖြင့် မြို့အတွင်း၌ သိုင်းသင်တန်းကျောင်းအရွယ်အစားမျိုးစုံရှိသည်။
သို့ရာတွင် ဤသည်က ကျင်းဝူချန်အတွက် ပြဿနာတစ်ရပ်မဟုတ်ချေ။ သူ၏ဖြေရှင်းနည်းသည် အလွန်ရိုးရှင်းပြီး ရက်စက်ကြမ်းတမ်းကာ တိုက်ရိုက်သတ်ဖြတ်ခြင်းပင်။
သူ၏လူမမာမျက်နှာပေါ်တွင် မဲ့ရွဲ့နေသောအပြုံးမျိုးရှိနေကာ ဆိုးညစ်ပြီးသွေးအေးသောအမူအယာဖြင့် သိုင်းသင်တန်းကျောင်းတစ်ခုထံသို့ လျှောက်လှမ်းသွားခဲ့သည်။ ထို့နောက် သူသည် ထိုသိုင်းသင်တန်းကျောင်းအတွင်းရှိ လူများအားလုံးကို သတ်ဖြတ်လိုက်၏။
သူသည် နောက်ထပ်သိုင်းသင်တန်းကျောင်းတစ်ခုထံသို့ ထပ်မံ၍သွားလိုက်သည်။
ထိုသိုင်းသင်တန်းကျောင်းအတွင်းရှိ ယောက်ျား မိန်းမ လူကြီး လူငယ်မှန်သမျှကို သတ်ဖြတ်ပြီးနောက် သူသည် ထိုသိုင်းသင်တန်းကျောင်းခေါင်းဆောင်၏ခေါင်းကို ခြေထောက်ဖြင့်နင်းကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါ့ကိုပြောစမ်း...ချင်ရှန်းဂိုဏ်းနဲ့မင်းတို့အကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိနေလဲ"
"ငါ...ငါ...ငါနဲ့ချင်ရှန်းဂိုဏ်းကြားမှာ ဘာဆက်ဆံရေးမှမရှိပါဘူး....ကျေးဇူးပြုပြီးတော့ ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ...."
သူ၏စကား အဆုံးမသတ်သေးမီမှာပင် အေးစက်စက်အလင်းတန်းတစ်တန်းက သူ၏လည်ပင်းကို ဖြတ်သန်းသွားလေ၏။
"ပျင်းဖို့ကောင်းလိုက်တာ"
နတ်ဆိုးဆန်သောမျက်နှာပေါ်တွင် စိတ်မရှည်သောအရိပ်အယောင်များ ထင်ဟပ်သွားသည်။ သူ၏ဓားမြှောင်ပေါ်ရှိ သွေးများကို လျှာဖြင့်လျက်လိုက်ကာ ထိုသိုင်းသင်တန်းကျောင်းခေါင်းဆောင်၏ဦးနှောက်များကို ဖြတ်တောက်ပြီး နောက်ထပ်သိုင်းသင်တန်းကျောင်းတစ်ခုထံသို့ ဆက်သွားလိုက်သည်။
ထို့နောက် ပင်ကျင်းမြို့၏မြေပုံအတိုင်း ကျင်းဝူချန်သည် သိုင်းသင်တန်းကျောင်းတစ်ခုပြီးတစ်ခုထံတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ယောက်ျားမိန်းမ လူကြီးလူငယ်မရွေးဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသက်ရှင်ရက် ချန်မထားခဲ့ချေ။
"ငါ့ရဲ့တပည့်လေး...မင်း ဆေးသောက်ပြီးရင်စားဖို့ ငါ သကြားလုံးတွေဝယ်လာတယ်"
ရီဖုန်းသည် အိတ်ကြီးအိတ်ငယ်တချို့ကိုကိုင်ဆောင်၍ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်လာခဲ့သည်။ သူသည် ဤတပည့်အပေါ် သေသေချာချာ ဂရုစိုက်၍ စောင့်ရှောက်ရပေမည်။
"ဆရာသခင်ရဲ့စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ကျုံးချင်၏မျက်နှာပေါ်တွင် ကျေးဇူးတင်သောအရိပ်အယောင်များနှင့် ပြည့်နှက်နေကာ သူ၏မျက်လုံးများသည် ရီဝေမှုန်မှိုင်းနေပေ၏။ သူ သိတတ်စဥ်ကတည်းက သူ၏မိဘများမှလွဲ၍ ရီဖုန်းတစ်ယောက်တည်းကသာ သူ့ကို စစ်မှန်သောကြင်နာမှုဖြင့် ဂရုစိုက်ခဲ့သည်။ သူ ဤကြင်နာမှုကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တိတ်တဆိတ်မှတ်သားထားလိုက်သည်။
"အမလေး ..."
သို့ရာတွင် ရီဖုန်း ဝင်လာလာခြင်းမှာပင် လှေကားထစ်ပေါ်မှချော်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလုနီးပါးပင်။
"ဆရာသခင်...အဆင်ပြေရဲ့လား"
ကျုံးချင်က ရီဖုန်းကို တွဲထူပေးရန်အတွက် ပျာပျာသလဲပြေးလာသည်။
"ဒီသောက်လှေကားထစ်တွေကတော့...."
ရီဖုန်းက ထိုလှေကားထစ်များကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။ ဤသည်မှာ ထိုအရာများပေါ်မှ သူ ချော်ကျသော ပထမဆုံးအကြိမ်မဟုတ်ချေ။ ဤလှေကားထစ်များကို တည်ဆောက်ထားသောပုံစံသည် လူမဆန်လှချေ။
အကယ်၍ သူသည် ဤလှေကားထစ်များကို တစ်ထစ်ပြီးတစ်ထစ်တက်ပါက ထိုအရာများသည် အလွန်တိုသဖြင့် မိန်းကလေးတစ်ယောက်အလား ခြေများထောက်၍ သွားရပေမည်။
အကယ်၍ သူ သည် လှေကားထစ်ကို နှစ်ဆင့်ကျော်၍ တက်လိုက်ပါက သူ၏တင်ပါးများ တင်းမာလာကာ ပို၍ပင်သက်တောင့်သက်သာမရှိတော့ချေ။
"ဆရာ...မနက်ဖြန်ကျရင် ကျွန်တော် အဲ့ဒီလှေကားထစ်တွေကို ပြန်ပြင်ပေးမယ်"
ကျုံးချင်သည် ရီဖုန်းအတွက် အကောင်းဆုံးဖြစ်စေလိုသဖြင့် သူ၏စိတ်ရင်းမှန်ဖြင့် ပြောဆိုလိုက်သည်။ သူသည် ရီဖုန်းအတွက် ကိစ္စများပြုလုပ်ပေးရန်နှင့် ပတ်သတ်ပါက အလွန်စိတ်အားထက်သန်သည်။
"တော်လိုက်တဲ့ကောင်လေး...."
ရီဖုန်းက ကျုံးချင်၏ခေါင်းကိုပွတ်သပ်ကာ ပြောဆိုလေ၏။
"မင်းက အခုမှ နေပြန်ကောင်းလာခါစရှိသေးတယ်...မင်း သေချာပြန်ကောင်းပြီဆိုမှ ဒီကိစ္စတွေကို ပြောကြတာပေါ့...ဒီနေရာကိုလာခဲ့...မင်း ဆေးအရင်သောက်လိုက်အုံး"
ထို့နောက် ဆရာတပည့်နှစ်ယောက်သည် အတွင်းခန်းအတွင်းသို့ ဝင်လိုက်ကြသည်။ ကျုံးချင် ဆေးသောက်သည်ကိုကြည့်ပြီးနောက် ရီဖုန်းသည် စိတ်အေးလက်အေးဖြင့် နောက်မှီကုလားထိုင်ပေါ်တွင်လဲလျောင်းကာ နေပူဆာလှုံနေခဲ့သည်။
ယခုလတ်တလောအချိန်တွင် သူ၏စိတ်အခြေအနေ အလွန်ကောင်းမွန်နေသည်။
ကျုံးချင်သည် ဖျားနာနေရာမှ ပြန်လည်ကောင်းမွန်လာလေပြီ။
ယခုချိန်တွင် သူ့ထံ၌ ငွေများလည်းရှိနေသည်။
သူ အနည်းငယ်ပျင်းရိလာသကဲ့သို့ ခံစားမိလေ၏။ ကြည့်ရသည်မှာ သူသည် လူပျင်းတစ်ယောက် ဖြစ်လာပုံပင်။
"ခွေးလေး...ဒီနေရာကိုလာအုံး"
ရီဖုန်းက အောင်းချင်ကို လက်ယပ်ခေါ်လိုက်သည်။ ခွေးသည် အမြှီးကိုဝှေ့ယမ်းကာ ပြေးလာပြီး သူ၏ဗိုက်ကိုပွတ်သပ်ခံရန်အတွက် ရီဖုန်း၏ခြေထောက်အောက်တွင် ရို့ရို့ကျိုးကျိုး လဲလျောင်းလိုက်၏။
လမ်းပေါ်တွင်....
လေပြေလေညှင်းတစ်ချက် တိုက်ခတ်လာမှုနှင့်အတူ သစ်ပင်များမှကြွေကျသောသစ်ရွက်များဖြင့် ရှုပ်ပွသွားသည်။
ပုံရိပ်တစ်ခုက သိုင်းပညာခန်းမတစ်ခုရှေ့သို့ ဆင်းသက်လာသည်။ ထိုလူသည် သူ၏ပိန်လှီလှီလက်များဖြင့် မြေပုံကိုကြည့်ကာ သူ၏မျက်လုံးကိုစောင်း၍ သိုင်းပညာခန်းမကို ကြည့်လိုက်၏။
"ဒါက နောက်ဆုံးသိုင်းသင်တန်းကျောင်းပဲ....ပိုပိုပြီးတော့ သေးငယ်ပြီးစုတ်ပြတ်လာတယ်...တကယ့်ကို စိတ်ပျက်စရာပဲ"
သူ၏နုတ်ခမ်းကိုလျှာဖြင့်သပ်ကာ ရှေ့ရှိသိုင်းသင်တန်းကျောင်းထံသို့ လျှောက်လှမ်းသွားလိုက်သည်။
Chapter 44
"ဒီကျိုးပဲ့နေတဲ့ သိုင်းပညာခန်းမက နာမည်တစ်ခုတောင်မရှိဘူး...ငါ မျှော်လင့်ထားသလိုပဲ...ဒီနေရာက အမှိုက်တစ်စပဲဖြစ်မယ်"
ကျင်းဝူချန်သည် လမ်းလျှောက်နေရင်းနှင့် သိုင်းပညာခန်းမကို စုန်ချည်ဆန်ချည်ကြည့်ကာ ညည်းတွားလိုက်၏။
ရုတ်တရက် သူ၏ခြေလှမ်းများ ရပ်တန့်သွားသည်။
သူ၏အကြည့်သည် ဆိုင်းဘုတ်ပေါ်ရှိ တစ်ခုတည်းသော 'ဝူ' အက္ခရာစာလုံးပေါ်သို့ ကျရောက်သွားသည်။
"ဝူ လား"
သူသည် ထိုဆိုင်းဘုတ်ထံ၌ တစ်စုံတစ်ခု ပုန်းအောင်းနေသည်ဟု ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်၏။ သို့ရာတွင် သူ အချိန်အတော်ကြာ လေ့လာဆန်းစစ်ပြီးသည့်တိုင် မည်သည့်မူမမှန်မှုမျိုးကိုမျှ သူ ရှာမတွေ့ချေ။
သူ စိတ်မထိန်းနိုင်တော့သဖြင့် ရမ်းတုတ်သည့်အနေဖြင့် သူ၏လက်ကို သာမာန်ကာလျှံကာဝှေ့ယမ်းကာ ချီလှိုင်းတစ်လှိုင်းပစ်လွှက်၍ ဆိုင်းဘုတ်ပေါ်ရှိ 'ဝူ'အက္ခရာစာလုံးကို တိုက်ခိုက်လိုက်သည်။
သူ၏လက်ဝါးကို ပြန်ရုတ်သိမ်းပြီးနောက် သူသည် တစ်ချက်ထပ်မံကြည့်ခြင်းပင်မပြုဘဲ သိုင်းပညာခန်းမအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်ခဲ့သည်။ အကြောင်းအရင်းမှာ ဤကဲ့သို့ကျိုးပဲ့နေသော ဆိုင်းဘုတ်သည် သူ၏စွမ်းအားများအောက်တွင် တစစီကြေမွှပျက်စီးသွားသည်မှတပါး တခြားရလဒ်ထွက်ပေါ်လာမည် မဟုတ်ခြင်းကြောင့်ပင်။
သို့ရာတွင် သူ မသိခဲ့သည်မှာ သူ၏ချီစွမ်းအားများဖြင့်တိုက်ခိုက်မှုသည် 'ဝူ'အက္ခရာဆိုင်းဘုတ်ကို ပျက်စီးမသွားစေရုံသာမက ခြစ်ရာတစ်ရာလေးပင် ထင်ကျန်ရစ်ခဲ့ခြင်းမရှိကြောင်းပင်။
အရှေ့ခန်းမအတွင်းသို့ ဝင်ရောက်ပြီးနောက် ကျင်းဝူချန်သည် ဤခန်းမအတွင်းရှိအရာအားလုံးကို အရင်ဆုံးဖျက်ဆီးရန်ရည်ရွယ်၍ သူ၏လက်ဝါးကို အောက်သို့ရိုက်ချလိုက်သည်။
သို့ရာတွင် သူ၏လက်ဝါးရိုက်ချက်၌ ပြင်းထန်သောမူလဘူတချီများ ပါဝင်နေသော်လည်း ခန်းမသည် အနည်းငယ်မျှပင် လှုပ်ခတ်မသွားချေ။ ဆန့်ကျင်ဘက်အနေဖြင့် နံရံနှစ်ဘက်စလုံးတွင် ချိတ်ဆွဲထားသော စာလိပ်ဆယ့်ရှစ်လိပ်ထံမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။
ထို့နောက် အချိန်ခြားခြင်းမရှိဘဲ ဓားမြှောင်များ လှံများ ဓားရှည်များ လှံစွပ်များ စသဖြင့် ထက်ရှသောလက်နက် တစ်ဆယ့်ရှစ်မျိုး၏ပုံသဏ္ဍာန်များ သူ၏ခေါင်းထက်၌ ထွက်ပေါ်လာကာ ဖျက်ဆီးခြင်းစွမ်းအားများက သူ့ကိုလွှမ်းခြုံသွားသည်။
ကျင်းဝူချန်၏ ယခင်ကတည်းက လူမမာရုပ်ပေါက်နေသောမျက်နှာ သိသိသာသာ ပျက်ယွင်းသွားသည်။ ဤကဲ့သို့ ဖိနှိပ်ချုပ်ကိုင်သောအရှိန်အဝါမျိုးအောက်တွင် သူ၏မျက်နှာသည် စက္ကူတစ်ချပ်ကဲ့သို့ ဖြူရော်သွားလေ၏။
သူသည် သေရေးရှင်ရေးအခြေအနေမျိုးဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
သူ၏ယခင်ပေါ့ပျက်ပျက်သဘောထားသည် ပျောက်ကွယ်သွားကာ အနည်းငယ်မျှပင် သတိလက်လွတ်မနေဝံ့တော့ဘဲ သူအား ရွှမ်းဝူဘိုးဘေးမှ လက်ဆောင်ပေးထားသည့် ကောင်းကင်တုန်ဟီးကျောက်တုံးကို ထုတ်ယူလိုက်သည်။
ကောင်းကင်တုန်ဟီးကျောက်တုံးကြီး ထွက်ပေါ်လာသည်နှင့် ထိုအရာမှနေ၍ မျက်စိကျိမ်းမတတ်အလင်းတန်းများ ဖြာထွက်လာသည်။
သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် လက်နက်တစ်ဆယ့်ရှစ်မျိုး၏ ဖိနှိပ်ချုပ်ကိုင်မှုအရှိန်အဝါအောက်တွင် ထိုကျောက်တုံးသည် မှေးမှိန်သွားကာ တောက်ပမှုများ ပျောက်ကွယ်သွားလေ၏။
"ဘာလဲဟ...."
ကျင်းဝူချန် အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏ခုခံကာကွယ်မှု နည်းလမ်းများအားလုံး ဆုံးရှုံးသွားသဖြင့် သူ၏ခေါင်းထက်သို့ ဆင်းသက်လာကာ တဖြည်းဖြည်းနီးကပ်လာသော လက်နက်တစ်ဆယ့်ရှစ်မျိုးကို ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လက်နက်တစ်ဆယ့်ရှစ်မျိုးသည် ကျင်းဝူချန်၏ခန္ဓာကိုယ်ကို ရှုပ်ယှက်ခတ်ဖြတ်သန်းသွားသည်။ ကျင်းဝူချန်သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ အမှုန်အမွှားများအဖြစ်ပြောင်းလဲကာ လေထုအတွင်းသို့ မျောလွင့်သွားတော့သည်။ ကောင်းကင်တုန်ဟီးကျောက်တုံးကြီးသည် 'ဒေါက်'ဟူသော အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
"ဒါက ဘာအသံလဲ"
အိပ်ပျော်ခါစဖြစ်သော ရီဖုန်းသည် ထိုဆူညံသံကြောင့် လန့်နိုးလာကာ ဆတ်ခနဲထထိုင်လိုက်သည်။
ထို့နောက် သူသည် ကျုံးချင်နှင့်အတူ အရှေ့ခန်းမအတွင်းသို့ လျှောက်လှမ်းသွားလိုက်ရာ ကြမ်းခင်းကြွေပြားများပေါ်တွင်ကျနေသော ကျောက်တုံးကြီးတစ်တုံးမှတပါး ခန်းမတစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေသည်ကို ရှာဖွေတွေ့ရှိသွားသည်။
"သောက်ချေးပဲ"
"ဘယ်သူတောင်းစားက ငါ့ရဲ့အခန်းကို ကျောက်တုံးနဲ့ ပစ်ပေါက်တာလဲ"
ရီဖုန်းက ကျယ်လောင်စွာ ဆဲဆိုလိုက်၏။ အနီးကပ်သွားကြည့်ချိန်တွင် ကျောက်တုံးကြီးကျသွားသော ကြမ်းခင်းကျွံဝင်သွားသည်ကို တွေ့မြင်မိသဖြင့် သူ အလွန်စိတ်ဓာတ်ကျသွားသည်။ သူသည် ပြင်ပသို့ထွက်၍ စစ်ဆေးကြည့်လိုက်သော်လည်း လက်သည်တရားခံ၏အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ချေ။
"လက်ကမြင်းတဲ့ သူတောင်းစား....မင်း သားယောက်ျားလေးမွေးရင် ဥပါမလာပါစေနဲ့လို့ ငါ ကျိန်ဆိုတယ်"
လက်သည်တရားခံကို ရှာမတွေ့သဖြင့် ရီဖုန်းသည် ကျိန်ဆဲခြင်းမှတဆင့် သူ၏ဒေါသများကို ဖွင့်ထုတ်လိုက်သည်။ သူသည် အားရပါးရကျိန်ဆဲပြီးနောက် ကျုံးချင်အား ကျိန်ဆဲလေ၏။
"တပည့်...ဒီကျောက်တုံးအစုတ်အပြတ်ကို အပြင်ထုတ်သွားစမ်း"
"ဟုတ်ကဲ့ ဆရာသခင်"
ကျုံးချင်သည် လေးလံသောကျောက်တုံးကြီးကို ပြင်ပသို့ထုတ်ရန် အားကုန်ရုန်းကန်နေရသည်။ ခြေလှမ်းနှစ်လှမ်းခန့်လှမ်းပြီးနောက် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ပြောဆိုသည်။
"ဆရာသခင်....ကျွန်တော်အထင်တော့ ဒီကျောက်တုံးကြီးက ဝင်ပေါက်မှာရှိတဲ့လှေကားထစ်တွေဘေးမှာဖြည့်ဖို့ အနေတော်လောက်ပဲ...ကျွန်တော် အဲ့ဒီနေရာကို သယ်သွားလိုက်ရမလား"
ကျုံးချင်၏အကြံပြုချက်ကိုကြားချိန်တွင် ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။ ကျုံးချင်ပြောသည်မှာ အမှန်ပင်။ ထိုသို့တွေးတောပြီးနောက် ရီဖုန်းက ခေါင်းညိတ်ပြကာ ညွှန်ကြားလိုက်၏။
"ကောင်းပြီလေ...ဒါကို ဝင်ပေါက်မှာထားရင်လည်း အဆင်ပြေသားပဲ...အဲ့ဒီလက်ကမြင်းတဲ့သူတောင်းစားရဲ့ အဆင်အခြင်မဲ့တဲ့လုပ်ရပ်က အဆုံးသတ်ကျတော့ ငါတို့အတွက် မရည်ရွယ်ဘဲ အလုပ်ဖြစ်သွားခဲ့တယ်"
သို့ရာတွင် ဤမတော်တဆဖြစ်ရပ်သည် ရီဖုန်း၏စိတ်အတွင်း၌ ဆူးတစ်ချောင်းအဖြစ် ကျန်ရစ်ခဲ့သည်။
သူသည် အမြဲတစေ ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူဖြစ်သဖြင့် တခြားသူများနှင့် ရန်ငြိုးမရှိချေ။ မည်သည်ကြောင့် တစ်စုံတစ်ယောက်သည် သူ၏သိုင်းပညာခန်းမအတွင်းသို့ ဤကဲ့သို့ကြီးမားသောကျောက်တုံးကြီးနှင့် ပစ်ပေါက်ရသနည်း။
သူ ထိုကိစ္စကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
ကျုံးချင် အပြည့်အဝနေပြန်ကောင်းလာချိန်တွင် ရီဖုန်းသည် ရက်အနည်းငယ်ခန့်အချိန်ယူ၍ သူ့အား လက်သီးနည်းစနစ်အသစ်တစ်ခုကို သင်ကြားပေးကာ ပြင်ပသို့ များစွာထွက်ခြင်းမရှိတော့ပေ။
ရွှမ်းဝူဂိုဏ်း....
ယောင်လင်းအာသည် မဟာခန်းမအတွင်း၌ ရွှမ်းဝူဘိုးဘေး၏ရှေ့တွင် ရိုသေလေးစားစွာ မတ်တတ်ရပ်နေသည်။
"ဆရာသခင်...ဂျူနီယာမောင်လေးဝူချန်သွားတာ ရက်တော်တော်ကြာနေပြီ...ဘာသတင်းမှလည်း မရဘူး...တစ်ခုခုတော့ မှားနေပုံပဲ"
ယောင်လင်းအာက ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်၏။
ထိုစကားကိုကြားချိန်တွင် နင်ရွှမ်းဝူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ယေဘုယျကျကျပြောဆိုရလျှင် ရက်ပေါင်းများစွာကြာမြင့်ပြီးနောက် မည်သည့်အခြေအနေမျိုးသို့ ရောက်နေပါစေ ကျင်းဝူချန်သည် သတင်းတချို့ပြန်ပို့သင့်သည်။ သို့ရာတွင် သူ့ထံမှ မည်သည့်သတင်းမျှ ရောက်ရှိမလာလေရာ အမှန်တကယ်ကိုပင် ပုံမှန်မဟုတ်တော့ချေ။
"ဝူရှင်း...တောင်အောက်ကိုဆင်းပြီး ကျင်းဝူချန်ကိုသွားရှာအုံး...သူ့ကိုတွေ့တာနဲ့ ငါ့ကို ပြန်သတင်းပို့စမ်း"
ရွှမ်းဝူဘိုးဘေးသည် သူ၏နံဘေးရှိ ဝတ်ရုံခြုံလွှမ်းထားသော လူတစ်ယောက်ကိုကြည့်ကာ အလေးအနက်ထားသောလေသံဖြင့် ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာသခင်"
ကျင်းဝူရှင်းက ရိုသေလေးစားစွာ ခေါင်းညိတ်ပြပြီးနောက် သူ၏ဝတ်ရုံလူးလွန့်သွားကာ မဟာခန်းမအတွင်းမှ ပျောက်ကွယ်သွားတော့သည်။
Chapter 45
ကျင်းဝူရှင်းသည် ပင်ကျင်းမြို့အတွင်းသို့ လျှောက်လှမ်းခဲ့သည်။
ထို့နောက် သူသည် သိုင်းသင်တန်းကျောင်းမှ စတင်၍ စုံစမ်းလိုက်သည်။ သို့ရာတွင် သူ သွားခဲ့သော သိုင်းသင်တန်းကျောင်းများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံထားရကာ ဗလာဟင်းလင်းဖြစ်နေသည်။
"ဒါက ဂျူနီယာညီလေးဝူချန်ရဲ့ လက်ချက်ပဲ"
"ငါက ဒီသိုင်းသင်တန်းကျောင်းတွေရဲ့ခြေရာလက်ရာအတိုင်း တစ်ခုပြီးတစ်ခုလိုက်သွားရင်....ဂျူနီယာညီလေးဝူချန် ဘယ်နေရာမှာရောက်နေလဲဆိုတာ သိရမှာပဲ"
ကျင်းဝူရှင်း၏မျက်စိသူငယ်အိမ် အနည်းငယ်ကျုံသွားကာ သူ၏နောက်ရှိဝတ်ရုံ တဖျတ်ဖျတ်လူးလွန့်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေပြင်းတိုက်ခတ်သွားသည့်အလား နေရာမှပျောက်ကွယ်သွားသည်။
သူ၏အရှိန်သည် ကျင်းဝူချန်နှင့်နှိုင်းယှဥ်ပါက သာလွန်ခြင်းမရှိလျှင်ပင် တန်းတူအဆင့်မျိုးတွင်ရှိသည်။ ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင် အရှိန်နှုန်းအရာ၌ သူ့အားအမှီလိုက်နိုင်သူဟူ၍ လူနည်းစုသာရှိပေ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် သူရှိနေသည်ကို စုံစမ်းထောက်လှမ်းနိုင်လျှင်ပင် သူတို့သည် သူ၏ဝတ်ရုံဖြတ်သန်းသွားသည်ကိုသာ မြင်ရခြင်းဖြစ်ပြီး သူ၏အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ချေ။
ပျံလွှားဝတ်ရုံ...
ဤအရာသည်လည်း နင်ရွှမ်းဝူ၏လက်အတွင်းရှိ ရတနာများအနက်မှတစ်ခုဖြစ်ပြီး တစ်စုံတစ်ယောက်၏အရှိန်နှုန်းနှင့် တိုက်ခိုက်မှုအမြန်နှုန်းကို များစွာမြှင့်တင်ပေးနိုင်သည်။
ဤပျံလွှားဝတ်ရုံကိုမှီခို၍ ကျင်းဝူရှင်းသည် ဂျူနီယာတပည့်တစ်ယောက်သာ ဖြစ်သည့်တိုင် နန်ရှားနယ်မြေတခွင်လုံးတွင် သူ၏နာမည်ကျော်ကြားလာစေရန် ပြုလုပ်နိုင်ခဲ့သည်။
....
"ဆရာသခင်...ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းကလူတွေ ရောက်နေကြပြီ...နေ့လည်စာစားပြီးမှ သွားပါလား"
ကျုံးချင်က ရိုသေလေးစားစွာ ပြောဆိုသည်။
တံခါး၏ပြင်ပတွင် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏ဘဏ္ဍာစိုးသည် ဝေါယာဥ်တစ်ခုကိုပြင်ဆင်ထားပြီး ရီဖုန်းကို စောင့်နေလေ၏။
"ကောင်းလိုက်တဲ့ ဆက်ဆံမှုပဲ"
ရီဖုန်းသည် ဟန်တစ်ခွဲသားနှင့် မတ်တတ်ရပ်မနေတော့ဘဲ ဝေါယာဥ်ပေါ်သို့ တက်ထိုင်လိုက်သည်။ သူ ထွက်ခွာမသွားမီ တံခါးဝတွင်ရှိနေသော အောင်းချင်ကို လက်ယပ်ခေါ်ကာ အော်ဟစ်လိုက်၏။
"ဝမ်ချိုင် အိမ်ကိုကောင်းကောင်း စောင့်ရှောက်ထားအုံး....တကယ်လို့ မင်း ကျောက်တုံးကိုပစ်ပေါက်တဲ့ ကလေကချေသူတောင်းစားကိုတွေ့ရင် အသေသာကိုက်ပစ်စမ်း"
ထိုကဲ့သို့ညွှန်ကြားပြီးနောက် သူတို့အဖွဲ့သည် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းထံသို့ ဦးတည်၍ သွားခဲ့ကြသည်။
ထိုလူစုရောက်မလာမီ ယင်ရှုံးနှင့် ပေါင်ဖုန်းကုန်သည်အဖွဲ့မှထိပ်သီးအကြီးအကဲများသည် ဤနေရာ၌ ရိုသေလေးစားစွာဖြင့် စောင့်ဆိုင်းနေကြသည်။
အမှန်အားဖြင့် လော့လန်ရွှယ်နှင့်ယင်လော့လီတို့သည်လည်း သူတို့၏နံဘေးတွင် ရှိနေလေ၏။
"အဖွဲ့ခေါင်းဆောင်....ဆရာရီအတွက် အမြတ်ငွေခွဲဝေမှုအချိုးကို ပြင်ဆင်ဖို့လိုအပ်တယ်လို့ ငါ ထင်တယ်"
"ငါ လည်း သဘောတူတယ်...ဒီလိုလုပ်ဖို့လိုအပ်မယ်လို့ ငါလည်း ခံစားမိတယ်...ကုန်သည်အစည်းအရုံးက အခုလတ်တလောအချိန်မှာ အကဲဖြတ်ဖို့လုပ်နေတယ်...ဆရာရီက ငါတို့အတွက် အချိန်မီမိုးရွာချသလိုမျိုး ရောက်လာခဲ့တာပဲ....အမြတ်အစွန်းအကြောင်းကို ထည့်မပြောရင်တောင် သူ ယူဆောင်လာတဲ့ လွှမ်းမိုးမှုနဲ့နာမည်ဂုဏ်သတင်းကတင် ငါတို့ကုန်သည်အဖွဲ့အစည်းရဲ့ရမှတ်တွေကို အများကြီးမြင့်တက်သွားစေတယ်"
"အင်း..."
အဓိကနေရာ၌ထိုင်နေသော ယင်ရှုံးက လဖက်ရည်တစ်ငုံသောက်ကာ ပြောဆိုသည်။
"ဆရာရီက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဝေစုရခဲ့တဲ့ ရွှေပြားတစ်သိန်းနဲ့ပတ်သတ်ပြီးတော့ သိပ်ပြီးစိတ်ကျေနပ်ပုံမရဘူးလို့ ဘဏ္ဍာစိုးက ငါ့ကို သတင်းပို့ထားတယ်....ဒါကြောင့် ငါက ဆရာရီရဲ့ ခွဲတမ်းဝေစုကို တိုးမြှင့်ပေးဖို့ စဥ်းစားထားတယ်"
"ကောင်းပြီလေ...ဒါဆိုရင် ငါက တခြားကုန်ကျစရိတ်တွေအတွက် ငါတို့ကုန်သည်အဖွဲ့အစည်းအတွက် ဆယ်ရာခိုင်နှုန်းပဲယူပြီးတော့ ကျန်တဲ့ခွဲတမ်းဝေစုကို ဆရာရီကိုအပြည့်ပေးသင့်တယ်လို့ အဆိုပြုချင်တယ်"
ထိပ်သီးအကြီးအကဲတစ်ယောက်က ပြောဆိုသည်။
"ငါလည်း ဒီအဆိုကို သဘောတူတယ်....ဒါကိုကြည့်ရတာ ငါတို့ရဲ့အမြတ်အစွန်းတွေကို စွန့်လွှတ်လိုက်ရသလိုပဲ...ဒါပေမယ့် ငါတို့ကုန်သည်အဖွဲ့အစည်းက နာမည်ကောင်းရသွားပြီ...ဘယ်လိုပဲဖြစ်ဖြစ် အကဲဖြတ်မှုက အမြတ်အစွန်းတစ်ခုတည်းကို ကြည့်တာမဟုတ်ဘူး...နာမည်ဂုဏ်သတင်းနဲ့လွှမ်းမိုးနိုင်မှုလည်းပါတယ်"
တခြားထိပ်သီးအကြီးအကဲတစ်ယောက်က ထောက်ခံလေ၏။
ထိုလူနှစ်ယောက် ပြောဆိုပြီးနောက် တခြားသူများ၏ တူညီစွာထောက်ခံပြောဆိုနေသံများက ပဲ့တင်ထပ်နေသည်။
ယင်ရှုံးသည် နံဘေးတွင်ရှိနေသော ယင်လော့လီနှင့်လော့လန်ရွှယ်တို့ကို ကြည့်လိုက်သည်။
သူသည် ခေါင်းဆောင်ဖြစ်သော်လည်း ဤကိစ္စကို ဆုံးဖြတ်နိုင်သောအခွင့်အာဏာသည် သူ့ထံ၌မရှိသည်ကို မည်သူက သိရှိနိုင်မည်နည်း။
ယင်လော့လီနှင့်လော့လန်ရွှယ်တို့၏ စကားများအရ ဆရာရီသည် သာမာန်လူတစ်ယောက်မဟုတ်သည်ကို သူ သိရှိထားပြီးလေပြီ။ သူသည် သေမျိုးလောကအတွင်းသို့ ဆင်းသက်လာကာ သေမျိုးတစ်ယောက်၏အသွင်ယူထားသော ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ဖြစ်ပေမည်။
သူကဲ့သို့ သာမာန်သေမျိုးတစ်ယောက်သည် ဤကဲ့သို့ကြီးကျယ်ခမ်းနားသောပုံရိပ်ကြီးတစ်ခု၏ နက်နဲသိမ်မွေ့သောစိတ်ကို မည်သည့်နည်းဖြင့် နားလည်နိုင်မည်နည်း။ ထို့ကြောင့် သူသည် ယင်လော့လီနှင့်လော့လန်ရွှယ်တို့ထံမှ ထင်မြင်ယူဆချက်များကို တောင်းခံနိုင်ရန်အတွက် ထိုမိန်းကလေးနှစ်ယောက်ကို ဖိတ်ကြားထားခြင်းဖြစ်သည်။
ထိုမိန်းကလေးနှစ်ယောက်သည် သူတို့ထံတွင် ကန့်ကွက်စရာမရှိကြောင်း ညွှန်ပြသည့်အနေဖြင့် ခေါင်းညိတ်ပြလေ၏။
"ကောင်းပြီလေ...ဒီလိုဆိုရင်လည်း ဒါကို အတည်ပြုလိုက်ပြီ"
မိန်းကလေးနှစ်ယောက်ထံမှ မည်သည့်ကန့်ကွက်မှုမျှ မရှိသည်ကိုကြည့်ပြီး ယင်ရှုံးက ထိုအဆိုပြုချက်ကို အတည်ပြုလိုက်သည်။
တံခါးဝသို့ ရီဖုန်း ရောက်ရှိလာလေပြီ။
"ဆရာရီ....ကျေးဇူးပြုပြီးတော့ အထဲကိုဝင်ပါ"
ဘဏ္ဍာစိုးက ရိုသေလေးစားစွာ ပြောဆိုသည်။
"မင်းရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ရီဖုန်းသည် သူ၏ဝတ်စုံကိုမကာ ဝေါယာဥ်ပေါ်မှဆင်းပြီး သူ၏တပည့်ကျုံးချင်နှင့်အတူ ဝေါယာဥ်ပေါ်မှဆင်းကာ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းထံဦးတည်၍ လျှောက်လှမ်းလိုက်၏။ ဘဏ္ဍာစိုးသည် အဖွဲ့ခေါင်းဆောင်ကို သတင်းပို့ရန်အတွက် ရှေ့မှကြို၍ အပြေးသွားလေသည်။
"ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းက တကယ့်ကို ကြီးကျယ်ခမ်းနားတာပဲ"
ရီဖုန်းသည် စိတ်ကျေနပ်စွာဖြင့် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်လိုက်သည်။ ဤအရှေ့ခန်းမတွင် ဝန်ဆောင်မှုပေးသောဝန်ထမ်း အမြောက်အများရှိနေကာ အမှာများပြုလုပ်နေသည့်ဧည့်သည်များကလည်း ဆက်တိုက်ဆိုသလို ရှိနေလေ၏။
နံဘေးတွင်ရှိနေသော ကျုံးချင်ကလည်း ပတ်ဝန်းကျင်ရှိ စကားပြောဆိုနေမှုများကို စူးစမ်းနေသည်။
"ရီဖုန်းလား"
ထိုအချိန်မှာပင် သူ့အားခေါ်လိုက်သော အသံတစ်သံက ရီဖုန်း၏စိတ်အာရုံကို ဖမ်းစားသွားသည်။
ထိုအသံထွက်ပေါ်လာရာသို့ ကြည့်ပြီးနောက် ရီဖုန်းက မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။
ဖန်းယင်...
"ဒီလိုနေရာမျိုးကို နင် ဘာလာလုပ်တာလဲ"
ရီဖုန်းကို ထပ်မံ၍မြင်တွေ့ရချိန်တွင် ဖန်းယင်ထံ၌ ရှုပ်ထွေးသောအမူအယာမျိုးရှိနေသည်။
"ဘာလို့ ငါက ဒီလိုနေရာမျိုးကို မလာရမှာလဲ"
ဖန်းယင်၏စကားများသည် အနည်းငယ်နားကလောဖွယ်ကောင်းနေသဖြင့် ရီဖုန်းသည် အပျင်းပြေပျော်စရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
"ငါ တခြားဘာသဘောနဲ့မှ ဆိုလိုတာမဟုတ်ဘူး"
ဖန်းယင်က ရှင်းပြသည်။
"ဒါက....ငါတို့ကြားမှာ ဘာမှပြောစရာမကျန်တော့ဘူးလို့ ငါ ထင်လို့ပဲ"
"ယင်အာ...အဲ့ဒီ အသုံးမကျတဲ့ ဆန်ကုန်မြေလေးကောင်နဲ့ ထပ်တွေ့နေပြန်ပြီလား"
ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ယုဝမ်ကျီးသည် ဓားတစ်လက်ကိုကိုင်၍ လျှောက်လှမ်းလာသည်။ ရီဖုန်းကို မြင်တွေ့သည်နှင့် သူ၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားသည်။ အထူးသဖြင့် ဖန်းယင်သည် ယခင်က ရီဖုန်းနှင့် မည်ကဲ့သို့အတူအိပ်ခဲ့သည်ကို တွေးတောမိချိန်တွင် သူ့ထံမှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။ သူက ဒေါသတကြီး မေးမြန်းလိုက်၏။
"မင်း ဒီအသုံးမကျတဲ့ ဆန်ကုန်မြေလေးကောင်နဲ့ အဆက်အသွယ်ဖြတ်ပြီးပြီလို့ ငါ့ကို ပြောခဲ့တယ်မဟုတ်လား"
"ဝူကျီးကိုကို...ကျွန်မ ရှင်းပြပါရစေအုံး"
ဖန်းယင်သည် ယုဝမ်ကျီး၏လက်ကို အလျှင်အမြန်ဆွဲကာ စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလေသည်။
"ကျွန်မ သူ့ကို ဒီနေရာမှာမတော်တဆတွေ့မိလို့ နှုတ်ဆက်လိုက်ရုံပါပဲ"
"ဘာမှရှင်းပြနေဖို့ မလိုတော့ဘူး...ငါ သူ့ကိုသတ်လိုက်ရင် ပြီးတာပဲ"
ယုဝမ်ကျီး၏မျက်နှာအမူအယာ အေးစက်သွားသည်။ သူ၏လက်အတွင်းမှဓားရှည်ကို ရုတ်တရက် ဓားအိမ်မှဆွဲချွတ်ကာ ရီဖုန်းထံဦးတည်၍ ခုတ်ပိုင်းလိုက်သည်။
ထိုအချိန်မှာပင် ရီဖုန်းအားကြိုဆိုရန် စိတ်အားထက်သန်စွာဖြင့် ပြေးထွက်လာကြသော ယင်ရှုံးတို့လူစုသည် ထိုမြင်ကွင်းကို မြင်တွေ့မိလေ၏။