အခန်း (၄၆-၅၀)
Vol. 4 Ch. 46-50
Chapter 46
"ဘာဖြစ်တာလဲ.."
ယုဝမ်ကျီး၏လှုပ်ရှားမှုသည် လူတိုင်းကိုထိတ်လန့်တုန်လှုပ်သွားစေရန် လှုံဆော်ပေးနိုင်သည်ဟု ဆိုနိုင်ပေ၏။
အထူးသဖြင့် လော့လန်ရွှယ်နှင့်ယင်လော့လီတို့သည် သူမတို့၏နှလုံးသားများ လည်ပင်းမှခုန်ထွက်သွားလုမတက်ပင်။ ယုဝမ်ကျီးထံတွင် အရည်အချင်းရှိနေသည့်တိုင် ရီဖုန်း မတော်တဆတစ်ခုခု ဖြစ်သွားမည်ကို သူမတို့ စိုးရိမ်ပူပန်ခြင်းမရှိချေ။
သူမတို့ စိုးရိမ်ပူပန်နေသည်မှာ ယုဝမ်ကျီးသည် ယခုကဲ့သို့ ရီဖုန်းကို ရန်စစော်ကားလိုက်ပါက သူ၏အမျက်ဒေါသသည် ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံးပေါ်သို့ကျရောက်လာမည်ကိုသာဖြစ်သည်။
ချင်ရှန်းဘိုးဘေးသည် မတော်တဆကိစ္စတစ်ခုခု ဖြစ်ပွားမည်ကို ကြောက်ရွံသဖြင့် ရီဖုန်းနှင့်ဆက်ဆံရေးကို ဂရုတစိုက်ထိန်းသိမ်းထားသည်ကို သူမတို့ သိရှိထားပြီးလေပြီ။ အကယ်၍ ယုဝမ်ကျီးသာ ဤဓားချက်ကို အမှန်တကယ်ခုတ်ပိုင်းလိုက်ပါက သူမတို့၏ယခင် ကြိုးစားအားထုတ်ထားမှုများအားလုံး အလဟဿဖြစ်သွားပေမည်။
ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်သုဥ်းသွားနိုင်သော ဘေးကပ်ဆိုးကြီးနှင့်ပင် ရင်ဆိုင်ရကိန်းရှိသည်။
"ရပ်လိုက်စမ်း..."
တစ်ချိန်တည်းဆိုသလိုနီးပါးပင် ယင်လော့လီနှင့်လော့လန်ရွှယ်တို့သည် လှုပ်ရှားလိုက်ကြ၏။ မိန်းကလေးနှစ်ယောက်၏ ရှေ့ဆင့်နောက်ဆစ် ရိုက်ထုတ်လိုက်သည့် ပြင်းထန်သောလက်ဝါးရိုက်ချက်နှစ်ချက်က ယုဝမ်ကျီးထံ တိုးဝင်လာသည်။
"စီနီယာ...."
ထိုမိန်းကလေးနှစ်ယောက်ကို မြင်တွေ့ချိန်တွင် ယုဝမ်ကျီး၏မျက်နှာအမူအယာသည် ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ မည်သို့ပင်ဆိုစေကာမူ ဝါစဥ်အရကြည့်ပါက ထိုမိန်းကလေးနှစ်ယောက်သည် သူ့ထက် များစွာပို၍ အဆင့်မြင့်သည်။ သို့ရာတွင် သူသည် သူမတို့အား မနှုတ်ဆက်ရသေးမီမှာပင် ထိုမိန်းကလေးနှစ်ယောက်၏တိုက်ခိုက်မှုများက သူ့ကို ဆီးကြိုနှုတ်ဆက်သွားလေ၏။
ဘန်း...ဘန်း....
လက်ဝါးရိုက်ချက်နှစ်ချက်သည် ယုဝမ်ကျီးအား လွင့်ထွက်သွားစေကာ သူ မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိတော့သည်။
"စီနီယာ....."
ယုဝမ်ကျီးသည် ကုန်းရုန်းထ၍ စကားပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် သူသည် ထိုမိန်းကလေးနှစ်ယောက်၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုနှင့် တဖန်ထပ်၍ မိတ်ဆက်ရပြန်လေသည်။
ဤအချိန်အခိုက်အတန့်တွင် သူမတို့၏စိတ်နှလုံးသားများအတွင်းရှိ ဒေါသအတိုင်းအတာကို တိုင်းဆကြည့်ရန် လွန်စွာခက်ခဲသည်။ သူမတို့သည် ဤကိစ္စ၏နောက်ဆက်တွဲအကျိုးဆက်များကိုလည်း တွေးတောကြည့်ရန်ပင် ကြောက်ရွံနေသည်။ တခြားမည်သည့်အရာကိုမျှ ထည့်မတွက်လျှင်ပင် အကယ်၍ ဤကိစ္စကို ချင်ရှန်းဘိုးဘေးသာ သိရှိသွားပါက ချင်ရှန်းဂိုဏ်းအတွင်း၌ အကြီးစားလှုပ်ခတ်မှုကြီး ဖြစ်သွားနိုင်သည်။
သူ ထထိုင်လိုက်စဥ်မှာပင် ယုဝမ်ကျီးသည် ရိုက်နှက်ခံရမှုကြောင့် လွင့်ထွက်သွားကာ သူ၏ပါးစပ်မှ သွေးများပန်းထွက်လာသည်။
"မင်းတို့ ဘာလို့ ငါ့ကိုတိုက်ခိုက်တာလဲ"
သူသည် ထိုမိန်းကလေးနှစ်ယောက်ကို လုံးလုံးလျားလျား နားမလည်နိုင်တော့ပုံဖြင့် ကြည့်လိုက်၏။
သို့ရာတွင် သူ၏စကား မဆုံးသေးမီမှာပင် လော့လန်ရွှယ်သည် သူမ၏လက်ကိုဆန့်တန်းကာ မြွေတစ်ကောင်နှင့်တူညီသော သူမ၏အပြာရောင်အင်္ကျီလက်သည် လူးလွန့်လာပြီး ယုဝမ်ကျီး၏လည်ပင်းကိုရစ်ပတ်ကာ သူ့အားလေထုအတွင်းသို့ မတင်ထားသည်။
"ချင်ရှန်း လက်ဝါး"
သူ လေထုအတွင်း၌ တွဲလောင်းဖြစ်နေစဥ်တွင် ယင်လော့လီသည်၏လက်ဝါးသည် ထူထပ်သိပ်သည်းသောလက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ယုဝမ်ကျီး၏ရင်ဘတ်ကို ရိုက်နှက်လိုက်သည်။
"အား......."
ယုဝမ်ကျီး၏ရင်ဘတ်သည် ရုတ်တရက် အတွင်းသို့ကျွံဝင်သွားသဖြင့် သူက စူးရှနာကျင်စွာအော်ဟစ်ကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတော့သည်။
နံဘေးတွင်ရှိနေသော ဖန်းယင်၏မျက်နှာငယ်လေးသည် ကြောက်ရွံမှုကြောင့် ဖြူရော်သွားကာ သူမ၏အနီရောင်နှုတ်ခမ်းလွှာများကို သူမလက်ဖြင့်ဖုံးအုပ်ထားသည်။ သူမသည် ယခုဖြစ်ပျက်နေသော ကိစ္စများကို မည်သို့မျှနားမလည်နိုင်သဖြင့် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
သို့ရာတွင် ရီဖုန်း၏မျက်လုံးအတွင်း၌ အလင်းတန်းများ တဖျတ်ဖျတ်တောက်ပသွားသည်။
ဤသည်မှာ ယခုကဲ့သို့အကွာအဝေးမျိုးတွင် ကျင့်ကြံသူများတိုက်ခိုက်သည်ကို သူ ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းပင်။ သူတို့သည် အမှန်တကယ်ကို အလွန်အစွမ်းထက်ပေ၏။
အထူးသဖြင့် လော့လန်ရွှယ်သည် အလွန်အထင်ကြီးရလောက်အောင် ထူးချွန်သည်။ အဖိုးအိုချင်ရှန်းသည် အငတ်ခံ၍ သူမအား ကျင့်ကြံရန်စေလွှတ်ခဲ့သည်မှာ အလဟဿမဖြစ်တော့ပေ။
ပြောရမည်ဆိုလျှင် ဤမိန်းကလေးလေးနှစ်ယောက်သည် သူ့အတွက် ရပ်တည်ပေးခဲ့သည်မှာ အလွန်ကြည်နူးဖွယ်ကောင်းသည်။
"ဒူးထောက်စမ်း"
ရေခဲတမျှအေးစက်စက်အသံနှစ်သံသည် မိန်းကလေးနှစ်ယောက်၏ပါးစပ်မှ ထွက်ပေါ်လာသည်။ ဤအချိန်အခိုက်အတန့်တွင် သူမတို့သည် ယုဝမ်ကျီး၏အသက်ကို နုတ်ယူလိုနေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"ငါ ဘာအမှား လုပ်မိလို့လဲ"
ယုဝမ်ကျီး၏ပါးစပ်မှ သွေးများယိုစီးကျနေကာ သူသည် ထိုမိန်းကလေးနှစ်ယောက်ကို မယုံကြည်နိုင်စွာကြည့်ရင်း သူ၏အရှိန်အဝါသည် အားပျော့သွားကာ မလိုလားသောလေသံဖြင့် မေးမြန်းလိုက်သည်။
"မင်းတို့နှစ်ယောက်က ငါ့ထက် စီနီယာကျတယ်ဆိုပေမယ့်....မင်းတို့ လူတွေကို ဒီလိုမျိုး အနိုင်ကျင့်လို့မရဘူးလေ...ဟုတ်တယ်မလား"
"နင်က ဘာမှမသိသလိုမျိုး ဟန်ဆောင်ဝံ့သေးတာလား"
ထိုစကားကိုကြားချိန်တွင် မိန်းကလေးနှစ်ယောက်လုံး ပို၍ပင်ဒေါသူပုန်ထသွားသည်။
သူ မည်သည့်အမှားကို လုပ်မိသနည်း....သူ၏ဓားချက်သည် ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ်လုနီးပါးဖြစ်ခဲ့သည့်တိုင် ဤကြီးမားသောအမှားအတွက် သူသည် နောင်တရခြင်းမရှိပေ။ မိန်းကလေးနှစ်ယောက်သည် ယုဝမ်ကျီးကို ပါးဖြတ်ရိုက်ကြကာ သူ့အား အနည်းငယ်မျှ မျက်နှာသာမပေးချေ။
ဤအချိန်တွင် ယုဝမ်ကျီးသည် ဝက်ခေါင်းဖြစ်သည်အထိ မိန်းကလေးနှစ်ယောက်၏ရိုက်နှက်ခြင်းကိုခံရကာ သေလုမျောပါးအခြေအနေဖြင့် မြေပြင်ပေါ်၌ လဲလျောင်းနေရသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် နောက်ဆုံး၌ မိန်းကလေးနှစ်ယောက်သည် ရီဖုန်း၏နံဘေးသို့ အလျင်စလိုပြန်သွားကာ တောင်းပန်လိုသောမျက်နှာအမူအယာများဖြင့် ပြောဆိုသည်။
"ဆရာရီ...ဆရာကို အလန့်တကြားဖြစ်သွားစေတဲ့အတွက် ကျွန်မတို့ တောင်းပန်ပါတယ်"
ထိုသို့ပြောဆိုပြီးနောက် မိန်းကလေးနှစ်ယောက်သည် သူမတို့၏ခေါင်းများကို ငုံလိုက်ကြ၏။
တခြားတစ်ဖက်တွင် ယင်ရှုံးတို့လူစုသည် စကားတစ်ခွန်းပင်မဟဝံ့ချေ။ ဤကဲ့သို့ မတော်တဆကိစ္စမျိုး ဖြစ်ပွားလာမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ မျှော်လင့်ထားမိခြင်းမရှိပေ။
သို့ရာတွင်....
တစ်ဖက်ရှိ ဖန်းယင်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။
Chapter 47
"ဘာလို့လဲ"
သူမ၏စိတ်အတွင်း၌ ထောင်သောင်းချီသော သံသယအတွေးစများနှင့် ပြည့်နှက်နေသည်။
လော့လန်ရွှယ်နှင့်ယင်လော့လီတို့၏ အဆင့်အတန်းများကို ချင်ရှန်းဂိုဏ်းအတွင်းရှိလူတိုင်း သိရှိထားကြ၏။ ထိုမိန်းကလေးနှစ်ယောက်၏ရှေ့တွင် သူမကဲ့သို့တစ်စုံတစ်ယောက်သည် ယင်ကောင်ငယ်တစ်ကောင်ထက်မပိုချေ။
သို့ရာတွင် ယခုချိန်၌ သူမတို့သည် ရီဖုန်းကဲ့သို့ သာမာန်သေမျိုးတစ်ယောက်ကို ရိုသေလေးစားစွာ ဆက်ဆံနေသလော...
ယုဝမ်ကျီးကို ထိုမိန်းကလေးနှစ်ယောက် တိုက်ခိုက်ခဲ့ခြင်းမှာ သူမ စွန့်ပစ်ခဲ့သော ဤလူကြောင့် ဖြစ်နေသလော....
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
ဖန်းယင်၏စိတ် လုံးလုံးလျားလျား ကမောက်ကမဖြစ်နေကာ ဤကိစ္စကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်စေရန် သူမ၏မျက်လုံးရှေ့တွင် မြူခိုးများကာဆီးနေသကဲ့သို့ ခံစားမိသည်။
"ဆရာရီက ဒီကိစ္စကို စိတ်ထဲမထားဖို့ ငါ မျှော်လင့်မိတယ်...ငါက ဒီကိစ္စကို ဂိုဏ်းဆီသတင်းပို့ပြီးတာနဲ့ ဆရာရီအတွက် ဖြေရှင်းချက်တစ်ခု ပြန်ပေးပါ့မယ်"
လော့လန်ရွှယ်က သူမ၏ခေါင်းကိုငုံ၍ ရိုသေလေးစားစွာ ပြောဆိုသည်။
"ကောင်းတယ်...ဒါက ကောင်းသားပဲ"
ရီဖုန်းသည် ရယ်ပြုံးကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ သူသည် ယုဝမ်ကျီးကို အလွန်ဒေါသထွက်နေခဲ့သည်။ သို့ရာတွင် ယုဝမ်ကျီးသည် ယခုချိန်၌ အလွန်ဆိုးဆိုးရွားရွား အခြေအနေမျိုးသို့ ရောက်ရှိနေသည်ကိုမြင်တွေ့ချိန်တွင် သူ၏ဒေါသများ ပြေပျောက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားအတွင်း၌ ချင်ရှန်းဂိုဏ်းအပေါ် ချီးမွမ်းလိုစိတ်များနှင့် ပြည့်နှက်နေသည်။
ထိုဂိုဏ်း၏ပြုမူနေထိုင်ပုံသည် အမှန်တကယ်ကို ကောင်းမွန်ပေ၏။ ချင်ရှန်းဂိုဏ်းတွင် သာမာန်လူများကို လက်လွတ်စပါယ်မတိုက်ခိုက်ရန် တားမြစ်စည်းကမ်းတစ်ခုရှိသည်ဟု သူ ယခင်က ကြားခဲ့ဖူးသော်လည်း အပြည့်အဝမယုံကြည်ခဲ့ချေ။ သို့ရာတွင် ယခုလက်ရှိချိန်၌ ဤကိစ္စသည် အမှန်ဖြစ်ပုံပင်။
လူအုပ်ကြီး၏သတိထားစောင့်ကြည့်နေမှုအောက်တွင် ရီဖုန်းကို အတွင်းခန်းသို့ ဝင်ထိုင်ရန် ယင်ရှုံးက ဖိတ်ခေါ်လိုက်သည်။
သို့ရာတွင် ယင်လော့လီနှင့်လော့လန်ရွှယ်တို့ထံတွင် အရေးတကြီးလုပ်ဆောင်ရန် ကိစ္စများရှိနေသဖြင့် ရီဖုန်းအား လက်ခံတွေ့ဆုံသည့်ကိစ္စကို ယင်ရှုံးနှင့်သာ လွှဲထားခဲ့သည်။
မိန်းကလေးနှစ်ယောက်သည် အေးစက်စက်မျက်နှာအမူအယာများဖြင့် ပြင်ပသို့ထွက်သွားကာ မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်အလား လဲလျောင်းနေသော ရီဖုန်းကိုကြည့်ပြီး သူတို့၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
"စီနီယာအမ...ကျွန်မတို့ ဘာလုပ်သင့်လဲ"
ယင်လော့လီက မေးမြန်းသည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူက တတိယအကြီးအကဲရဲ့တပည့်ဖြစ်နေတယ်....ငါတို့က အခွင့်အာဏာမရှိဘဲနဲ့ လှုပ်ရှားလို့မရဘူး...ငါတို့ ဂိုဏ်းကိုပြန်ရောက်တာနဲ့ ဒီကိစ္စကို ဆရာသခင်ဆီ သတင်းပို့ပြီး ဆုံးဖြတ်ခိုင်းရမယ်"
လော့လန်ရွှယ်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ယင်လော့လီက ခေါင်းညိတ်လိုက်၏။ သူမ၏အကြည့်က ဖန်းယင်ထံသို့ ကျရောက်သွားသည်။
"သူ့ကိုရော...."
လော့လန်ရွှယ်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။ သူမသည် ဖန်းယင်ကို စူးစိုက်ကြည့်ကာ အနီးသို့လျှောက်လှမ်းသွားလေသည်။
လော့လန်ရွှယ်၏ခန့်ညားထည်ဝါသောအရှိန်အဝါကြောင့် ဖန်းယင်သည် သူမ၏ရင်ဘတ်ပေါ်သို့ ကြီးမားသောဖိအားအရှိန်အဝါတစ်ရပ် ကျရောက်လာသည်ကို ခံစားမိလေ၏။ သူမ၏မျက်နှာသည် သေလုမတတ်ဖြူရော်သွားကာ သူမက နောက်သို့ဆုတ်လိုက်သည်။
"မင်းရဲ့နာမည်..."
လော့လန်ရွှယ်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"စီနီယာအမလော့လန်ကို သတင်း...သတင်းပို့ပါတယ်...ဒီဂျူနီယာလေးရဲ့နာမည်က ဖန်းယင်ပါ"
ဖန်းယင်သည် အလွန်စိတ်လှုပ်ရှားနေကာ သူမ၏လျှာ အာစေးမိနေသကဲ့သို့ ခံစားမိသည်။ လော့လန်ရွှယ်ထံမှ ခန့်ညားထည်ဝါသောအရှိန်အဝါမျိုးကို ယခင်က သူမ တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသဖြင့် သူမက အလျင်စလို ဦးညွှတ်လိုက်၏။
"ငါ့ရှေ့မှာ...နင့်လို နိမ့်ကျတဲ့ဂျူနီယာတပည့်က ဘာလို့ ဒူးမထောက်တာလဲ"
လော့လန်ရွှယ်က အေးစက်စက်အကြည့်ဖြင့် ဖန်းယင်ကို ကြည့်လိုက်သည်။
ဖန်းယင်၏ခန္ဓာကိုယ်တုန်ရီသွားကာ စောဒကမတက်ဝံ့ဘဲ သူမသည် ခေါင်းငုံ၍ဒူးထောက်လိုက်ကာ သူမ၏ကျောပြင်မှနေ၍ အေးစက်စက်ချွေးများ ယိုစီးကျနေသည်။ သူမ၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်သောကများနှင့် ပြည့်နှက်နေပေ၏။
"နင့်ရဲ့တခြားအချက်အလက်တွေကို သတင်းပို့စမ်း"
လော့လန်ရွှယ်သည် သူမ၏အလှမျက်နှာလေးကို မော့ထားကာ အေးစက်စက်လေသံဖြင့် ထပ်မံပြောဆိုသည်။
"ဒီဂျူနီယာက နက်နဲသိမ်မွေ့ခန်းမရဲ့ အပြင်စည်းတပည့် ဖန်းယင်ပါ...ကျွန်မက တတိယအကြီးအကဲရဲ့အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်....လွန်ခဲ့တဲ့တစ်လလောက်ကမှ ကျွန်မက ချင်ရှန်းဂိုဏ်းကို ဝင်ခဲ့တာပါ"
ထိုစကားကိုကြားချိန်တွင် လော့လန်ရွှယ်၏ရေခဲတမျှအေးစက်စက်မျက်လုံးတစ်စုံ အနည်းငယ်လှုပ်ခတ်သွားသည်။ သူမက အော်ဟစ်လိုက်၏။
"နင့်ရဲ့လက်ပေးစမ်း"
"အမ်...."
ဖန်းယင်သည် ကြက်သေသေသွားလေ၏။
လော့လန်ရွှယ်သည် ဖန်းယင်ကို အနည်းငယ်မျှပင် အရေးမစိုက်ချေ။ သူမသည် ဖန်းယင်၏လက်ကို တိုက်ရိုက်ဆွဲယူကာ သူမ၏စွမ်းအင်တချို့ ထည့်သွင်းလိုက်သည်။ သူမ၏မျက်နှာအမူအယာသည် ဆီးနှင်းများဖြင့်ရိုက်ခတ်ခံထားရသကဲ့သို့ အေးစက်တင်းမာနေပေ၏။
"နင့်ရဲ့မစို့မပို့အရည်အချင်းနဲ့ ငါတို့ချင်ရှန်းဂိုဏ်းကိုဝင်ဖို့ အရည်အချင်းမမီဘူး...အခွင့်အာဏာမရှိဘဲနဲ့ မင်းကို ငါတို့ရဲ့ချင်ရှန်းဂိုဏ်းထဲ ဝင်ခွင့်ပြုခဲ့တဲ့အထိ ဘယ်သူက ရဲတင်းခဲ့တာလဲ"
လော့လန်ရွှယ်က အေးစက်စက်လေသံဖြင့် မေးခွန်းထုတ်လေသည်။
ဖန်းယင်၏ခန္ဓာကိုယ်တုန်ရီသွားကာ သူမသည် လိပ်ပြာလွင့်လုမတက် ထိတ်လန့်ကြောက်ရွံနေလေပြီ။
"ဒီနေ့ကနေစပြီးတော့ နင့်ကို ချင်ရှန်းဂိုဏ်းကနေ ထုတ်ပယ်လိုက်ပြီ"
လော့လန်ရွှယ်၏အမူအယာအရ ဤကိစ္စသည် သံသယဖြစ်ဖွယ်မရှိချေ။ သူမ၏စကားလုံးများသည် တရားစီရင်မှုတစ်ခုနှင့်တူညီကာ လျှပ်စီးမိုးကြိုးလှိုင်းတစ်ခုအလား ဖန်းယင်၏စိတ်အတွင်းသို့ တိုးဝင်သွားသည်။
ဖန်းယင်၏အသားအရေသည် သွေးရောင်ကင်းမဲ့သွားကာ ချက်ချင်းဆိုသလိုပင် ဖြူဆုတ်သွားသည်။
သူမ၏စိတ်နှလုံးသားအတွင်း၌ မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။
သူမသည် ချင်ရှန်းဂိုဏ်းအတွင်းသို့ဝင်နိုင်ရန် များစွာပေးဆပ်ခဲ့ရသည်။ ယခုကဲ့သို့ စကားလုံးအနည်းငယ်ဖြင့် ထုတ်ပယ်ခံရခြင်းကို သူမ မည်သို့ လက်သင့်ခံနိုင်မည်နည်း။ သူမက သံကုန်အော်ဟစ်လိုက်သည်။
"ဘာလို့လဲ...ဒါက အဲ့ဒီသေမျိုးရီဖုန်းကြောင့်လား"
ဖြောင်း....
ဆရာရီအပေါ် ခေါ်ဆိုသုံးနှုန်းသော ဖန်းယင်၏ရိုင်းပျသောစကားကိုကြားချိန်တွင် လော့လန်ရွှယ်၏လက် လှုပ်ရှားသွားသည်။ ပြင်းထန်သောစွမ်းအားလှိုင်းများက ဖန်းယင်၏ပါးပြင်ကို ရိုက်ခတ်သွားလေ၏။
"ငါ နင့်ကို သတိပေးလိုက်မယ်...နင် မမေးသင့်တဲ့ကိစ္စကို မမေးရဘူး...တကယ်လို့ နင့်မှာ တစ်ခုခုကိုသိနိုင်ဖို့ အရည်အချင်းမရှိဘူးဆိုရင် နင် လေးလေးစားစားနေတာ အကောင်းဆုံးပဲ"
လော့လန်ရွှယ်ထံမှ ရေခဲတမျှအေးစက်စက် ပကြည့်တစ်ချက်က ဖန်းယင်ထံ လွင့်လာသည်။ ထို့နောက် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဖန်းယင်၏ခါးမှတံဆိပ်ပြားသည် ချက်ချင်းဆိုသလို အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးသွားသည်။ ဤအချိန်မှစ၍ သူမသည် ချင်ရှန်းဂိုဏ်း၏တပည့်တစ်ယောက် မဟုတ်တော့ချေ။
"အရည်အချင်းမမီဘူးတဲ့လား....."
လော့လန်ရွှယ်၏ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ပြီး ဖန်းယင်သည် ဖူးယောင်နေသော သူမ၏ပါးပြင်ကိုကိုင်ကာ မြေပြင်ပေါ်၌ မလှုပ်မယှက်ထိုင်နေသည်။ သူမ၏ခန္ဓာကိုယ် တုန်ရီနေကာ သူမ၏မျက်နှာပေါ်၌ မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။ သူမက အသက်ရှုမွန်းကြပ်လာကာ ဗလုံးဗထွေးရေရွတ်လိုက်သည်။
"မဟုတ်ဘူး...မဟုတ်သေးဘူး....ဒီနေရာမှာ ဘာတွေဖြစ်သွားတာလဲဆိုတာ ငါ သေချာသိအောင်လုပ်ရမယ်"
Chapter 48
"ဝု...ဝု...ဝု..."
အောင်းချင်သည် အရှေ့ခန်းမအတွင်း၌ လဲလျောင်းနေသည်။ သူသည် ဝင်ပေါက်အနီးသို့ချဥ်းကပ်လာသော လူစိမ်းဟူသမျှကို သူ၏ကျောကိုကွေး၍ သူ့အစွယ်များကိုဖြဲပြလိုက်၏။
ယခုချိန်၌ သူသည် ဤပုံစံအတွင်း၌ လုံးလုံးလျားလျား ပျော်ဝင်သွားလေပြီ။
တစ်ခါတစ်ရံတွင် သူ့ကိုယ်သူ ကောင်းကင်ဝါးမြိုတစ်ကောင်ဖြစ်သည်ဟူသောအချက်ကိုပင် မေ့လျော့နေပြီး သူ၏တာဝန်များကို အကြွင်းမဲ့ကျေပွန်အောင် ထမ်းဆောင်နေသည်။
ရီဖုန်းနှင့် အချိန်အတော်ကြာရှိနေပြီးနောက် အရှေ့ခန်းမအတွင်းရှိ ပန်းချီကားတစ်ဆယ့်ရှစ်ချပ်သည် သူ့အား မည်သည့်ခြိမ်းခြောက်မှုမျိုးမျှ မပြသတော့ချေ။
ဤကိစ္စအတွက် သူ အလွန်ဝမ်းသာဂုဏ်ယူနေမိသည်။
ဤသည်က သူသည် စီနီယာ၏အသိအမှတ်ပြုမှုကိုရရှိသွားပြီဟူသော သင်္ကေတပင်။
ထိုအချိန်မှာပင် လေပြင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်လာခြင်းနှင့်အတူ အောင်းချင်သည် ခေါင်းမော့ကြည့်လိုက်ရာ သိုင်းပညာခန်းမ၏ဝင်ပေါက်ရှေ့တွင် ဝတ်ရုံဝတ်လူတစ်ယောက် ထွက်ပေါ်လာသည်ကို တွေ့မြင်မိသည်။
အောင်းချင်၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူက ဖြောင့်တန်းစွာ ထထိုင်လိုက်၏။
သူသည် ဤလူထံမှ ရန်လိုစိတ်နှင့်ဖိအားအရှိန်အဝါကို ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။
စူးရှရှအကြည့်ဖြင့် ကျင်းဝူရှင်းသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်၏။ သူ၏လက်ဝါးကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ စွမ်းအားလှိုင်းတစ်လှိုင်း လွင့်ပြယ်သွားကာ သူက ချက်ချင်းဆိုသလိုပင် မျက်ခုံးပင့်လိုက်သည်။
"ဂျူနီယာညီလေးဝူချန်ရဲ့အငွေ့အသက်ကို ငါ ဒီနေရာမှာ ဘာလို့အာရုံခံမိနေတာလဲ...ဒီနေရာမှာ သူရှိနေတဲ့အရိပ်အယောင်လည်း မရှိဘူး...ပြီးတော့ ဒီသိုင်းပညာခန်းမက သတ်ဖြတ်သုတ်သင်ခံထားရတဲ့ ပုံစံမျိုးလည်းမပေါက်ဘူး...."
"ငါ့ရဲ့ဂျူနီယာညီလေးက ဒီနေရာမှာရှိနေတာဖြစ်ဖို့များတယ်...."
သူ့ရှေ့ရှိ တံခါးပိတ်ထားသော သိုင်းပညာခန်းမလေးကိုကြည့်ပြီး သူ၏မျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းသွားသည်။
"ဘေးဖယ်စမ်း...လမ်းပိတ်မထားနဲ့"
ထိုအချိန်မှာပင် လှည်းတစ်စီးကို တွန်းနေသောစျေးသည်တစ်ယောက်သည် နံဘေးမှဖြတ်သွားလေ၏။ ကျင်းဝူရှင်းသည် လမ်းလယ်ခေါင်၌ မတ်တတ်ရပ်နေသည်ကို မြင်တွေ့ချိန်တွင် ထိုစျေးသည်က လမ်းဖယ်ပေးရန် အော်ဟစ်လိုက်သည်။
ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များက ကျင်းဝူရှင်း၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။ သူ၏နောက်ရှိဝတ်ရုံ လှုပ်ခတ်သွားခြင်းနှင့်အတူ ထိုစျေးသည်ထံမှ စိတ်မချမ်းမြေ့ဖွယ် စီခနဲအော်သံကြီးထွက်ပေါ်လာပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားကာ မြေပြင်ပေါ်၌ ကျွမ်းထိုးမှောက်ခုံဖြစ်နေသောလှည်းသာ ကျန်ခဲ့တော့သည်။
"ရှူး...."
အောင်းချင်သည် ဆိုးဆိုးရွားရွား ထိတ်လန့်တုန်လှုပ်သွားကာ သူသည် ထိုလူ၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို သိရှိသဖြင့် အလျှင်အမြန် ပုန်းအောင်းလိုက်၏။
"မျက်လုံးကန်းနေတဲ့ သေမျိုးတစ်ယောက်ပဲ"
ကျင်းဝူရှင်းသည် သရော်တော်တော် ရေရွတ်ကာ သိုင်းပညာခန်းမထံသို့ဦးတည်၍ လျှောက်လှမ်းသွားလေသည်။ သူသည် ကောင်းကင်တုန်ဟီးကျောက်တုံးပေါ်သို့ နင်းမိသည်ကို သတိမပြုမိဘဲ သိုင်းပညာခန်းမအတွင်းသို့ ဝင်သွားခဲ့သည်။
အမ်...
"မူမမှန်တာတစ်ခုခု ရှိနေတာလား"
သူသည် အတွင်းသို့ခြေချပြီးနောက် အရှေ့ခန်းမနှင့်ပတ်သက်၍ တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသော်လည်း သူ၏မျက်နှာအမူအယာသည် မပြောင်းမလဲ တည်ငြိမ်နေဆဲပင်။ သူ၏ဝတ်ရုံကိုလှုပ်ခတ်၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ကာ အော်ငေါက်လိုက်၏။
"ဒါက အမြင်အာရုံကိုလှည့်စားတာလေး သက်သက်ပဲ...ဘာမှမဟုတ်ဘူး"
သို့ရာတွင် သူ၏အသံ ပျက်ပြယ်မသွားမီမှာပင် လက်နက်ပန်းချီကား တစ်ဆယ့်ရှစ်ချပ်မှနေ၍ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ကြီးမားသောဖျက်ဆီးခြင်းစွမ်းအားများက သူ့ထံတိုးဝင်လာသဖြင့် သူ၏မျက်နှာ သိသိသာသာ ဖြူရော်သွားသည်။
"ဘာလဲဟ...."
ထိုဖျက်ဆီးခြင်းအရှိန်အဝါကို အာရုံခံမိချိန်တွင် သူ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားလေ၏။ သူ၏ဝတ်ရုံ လူးလွန့်သွားကာ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းပြီး တံခါးဆီသို့ တဟုန်ထိုးပြေးသွားလိုက်သည်။
သူ၏အရှိန်နှုန်းသည် မြင့်မားစေကာမူ သူသည် ဘေးကပ်ဆိုးမှ ရှောင်လွှဲနိုင်ခြင်းမရှိချေ။ ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ် ပျက်သုဥ်းသွားပြီး လေထုအတွင်း၌လူးလွန့်နေသော ဝတ်ရုံတစ်ထည်နှင့် မြေပြင်ပေါ်၌ပြုတ်ကျနေသော အရိုးတစ်ချောင်းသာ ကျန်ခဲ့တော့သည်။
ဤအရိုး ကြွင်းကျန်နေခဲ့ခြင်းမှာ ကျင်းဝူရှင်း လေ့ကျင့်သော ကျင့်ကြံနည်းစနစ်၏ထူးခြားချက်တချို့ကြောင့်ပင်။ ထိုသို့မဟုတ်ပါက မည်သည့်အရာမျှ ကြွင်းကျန်ခဲ့မည်မဟုတ်ချေ။
"ဟောဟဲ...ဟောဟဲ...ဟောဟဲ...."
ဤဖြစ်ရပ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သော အောင်းချင်၏မျက်လုံးများ ပြူးကျယ်နေကာ သူ၏နှလုံးသည် သူ၏ရင်ဘတ်အတွင်းမှ ခုန်ထွက်သွားလုမတတ်ပင်။
ဤနေရာသည် ကောလဟာလများအတိုင်း အလွန်အမင်းကြောက်မက်ဖွယ်ကောင်းပေ၏။
ထိုအချိန်တွင် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၌ ရီဖုန်းသည် ယင်ရှုံးနှင့်အတူ သောက်စားကာ တခြားသူများနှင့် စိတ်အားထက်သန်စွာ စကားပြောနေသည်။
ယနေ့တွင် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းသည် သူ့အား ရွှေပြားတစ်သိန်းထပ်ပေးမည်ဟု သူ မျှော်လင့်မထားမိချေ။
ဖန်းယင်နှင့်ယုဝမ်ကျီးတို့ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ယင်လော့လီနှင့်လော့လန်ရွှယ်တို့မိန်းကလေးနှစ်ယောက်သည် ရီဖုန်း၏နံဘေး၌ တစ်ချိန်လုံး ရှိနေကြသည်။ ရီဖုန်းသည် ယုဝမ်ကျီး၏လုပ်ရပ်များအပေါ် အတေးအမှတ်မထားပုံရသည်ကို မြင်တွေ့ချိန်၌ သူမတို့နှစ်ယောက်လုံး စိတ်သက်သာရသွားသည်။ ဤစီနီယာသည် အမှန်တကယ်ကို သဘောထားကြီးသဖြင့် သူမတို့၏ပခုံးများပေါ်တွင် ထမ်းပိုးထားသော ဝန်ထုပ်ဝန်ပိုးများ ပြုတ်ကျသွားသကဲ့သို့ ခံစားမိလေ၏။
နောက်ဆုံး၌ ရီဖုန်းသည် ဗိုက်ပြည့်တင်းအောင် စားသောက်ပြီးနောက် သူ၏တပည့်ကျုံးချင်ကိုခေါ်ဆောင်ကာ အိမ်သို့ပြန်ခဲ့တော့သည်။
သူသည် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းမှလူများကို ပြန်လည်ပို့ဆောင်ခိုင်းခြင်းမပြုဘဲ ကျုံးချင်ကိုခေါ်၍ လူစည်ကားသောစျေးထံ သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ငွေကြေးသည် အသုံးပြုရန်အတွက်ဖြစ်ရာ မည်သည်ကြောင့် သူ အနည်းအကျဥ်း မဖြုန်းပစ်ဘဲနေရမည်နည်း။
"တူမလေး...ဒီနေ့ကိစ္စတွေမှာ ဘာပြဿနာမှ မရှိနိုင်ဘူးမလား"
ရီဖုန်း ထွက်ခွာသွားပြီးနောက် ယင်ရှုံးက စိုးရိမ်ပူပန်စွာဖြင့် လော့လန်ရွှယ်ကို မေးမြန်းသည်။
"ငါတို့ရဲ့စီနီယာက အရမ်းသဘောထားကြီးတယ်...ဘာမှ မစိုးရိမ်ပါနဲ့...တကယ်လို့ တစ်ခုခုဖြစ်လာခဲ့ရင် ငါတို့ချင်ရှန်းဂိုဏ်းက ဖြေရှင်းပေးမှာပါ"
လော့လန်ရွှယ်က အာမခံချက်ပေးလေသည်။
ထိုအချိန်ကျမှသာ ယင်ရှုံးသည် စိတ်သက်သာရာရသွားပုံဖြင့် ခေါင်းညိတ်လိုက်၏။ အတွေးတစ်ခုက သူ၏စိတ်အတွင်း၌ ရုတ်တရက်ထွက်ပေါ်လာသဖြင့် သူက မေးမြန်းလိုက်သည်။
"အော် ဒါနဲ့...အခုလတ်တလောအချိန်မှာ ဆရာရီရဲ့အကြောင်းကို တိတ်တဆိတ်စုံစမ်းနေတဲ့လူတွေ အများကြီးရှိနေတယ်...တူမလေး ဘယ်လိုထင်လဲ"
လော့လန်ရွှယ်၏မျက်စိသူငယ်အိမ် အနည်းငယ် ကျဥ်းမြောင်းသွားသည်။
အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် သူမက တုံ့ပြန်ပြောဆိုသည်။
"စီနီယာ စာရေးတယ်ဆိုတာက ဘဝရဲ့အတွေ့အကြုံအတွက်ပဲ...ကျော်ကြားမှု ချမ်းသာကြွယ်ဝမှုတို့ကိုလိုချင်လို့ မဟုတ်ဘူး....ဒါ့ပြင် စီနီယာက ငြိမ်းချမ်းမှုနဲ့တိတ်ဆိတ်ငြိမ်သက်မှုတို့ကို သဘောကျတယ်...ဒါကြောင့် စီနီယာကို အနှောက်အယှက်မဖြစ်အောင် သူ့ရဲ့အချက်အလက်တွေ ပေါက်ကြားလို့မဖြစ်ဘူး...တကယ်လို့ အဲ့ဒီကိစ္စမျိုးတွေဖြစ်လာရင် ငါတို့က ခွင့်လွှတ်မှာမဟုတ်ဘူး"
ယင်ရှုံးသည် လေအေးတစ်ချက်ရှိုက်သွင်းကာ အနည်းငယ် ထိတ်လန့်သွားသည်။
အမှန်အားဖြင့် ရီဖုန်း၏နာမည်ဂုဏ်သတင်းကို လေးစားကြသောကြောင့် သူ၏အကြောင်းကိုမေးမြန်းနေသော လူအမြောက်အများရှိနေသည်။ အစပထမတွင် ဤကိစ္စသည် အန္တရာယ်မရှိဟု သူ တွေးထင်ခဲ့သော်လည်း လော့လန်ရွှယ်၏အမြင်ကိုကြားပြီးနောက် သူ နားလည်သဘောပေါက်သွားသည်။
ကံကောင်းထောက်မစွာဖြင့် ဆရာရီ၏သတင်းအချက်အလက်များသည် ပေါက်ကြားသွားခြင်းမရှိသေးချေ။
Chapter 49
နင်ရွှမ်းဝူ....
ယောင်လင်းအာသည် ကျင့်ကြံရန်အတွက် သူမ၏မျက်လုံးကိုစုံမှိတ်လိုက်သော်လည်း သူမ၏စိတ်သည် အစဥ်အမြဲ မငြိမ်မသက်ဖြစ်နေသည်။ တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟူသော ခံစားချက်မျိုး သူမ အဆက်မပြတ်ရရှိနေသည်။
ထိုအကြောင်းကိုတွေးတောရင်း သူမသည် နင်ရွှမ်းဝူ၏ရှေ့သို့သွားကာ ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"ဆရာသခင်...ဒီတစ်ကြိမ်တော့ ကျွန်မတို့နည်းနည်း မဆင်မခြင်လုပ်မိသွားပြီလို့ ကျွန်မ ခံစားမိနေတယ်"
မျက်လုံးစုံမှိတ်၍ ကျင့်ကြံနေသော နင်ရွှမ်းဝူသည် သူ၏မျက်လုံးကိုဖွင့်ကာ ယောင်လင်းအာကိုကြည့်လိုက်၏။
"မင်းရဲ့စိတ်ထဲရှိတာကို ပြောစမ်း"
"ဟုတ်ကဲ့ပါ ဆရာသခင်"
ယောင်လင်းအာက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"အရင်ကတော့...ပင်ကျင်းမြို့မှာရှိတဲ့ အစွမ်းထက်ကျင့်ကြံသူဆိုတာ ချင်ရှန်းဂိုဏ်းက ဖန်တီးထားတဲ့ အတုအယောင်တစ်ယောက်ဖြစ်မယ်လို့ ကျွန်မတို့ ယူဆခဲ့ကြတယ်....ဒါကြောင့် ကျွန်မတို့က စုံစမ်းစစ်ဆေးဖို့အတွက် ကျင်းဝူချန်နဲ့ကျင်းဝူရှင်းတို့ကို တိုက်ရိုက်စေလွှတ်ခဲ့တယ်"
"ဒါပေမယ့် သူတို့နှစ်ယောက်လုံးက အမြဲတမ်း ရိုးရိုးစင်းစင်းပဲတွေးတတ်တယ်...သူတို့ရဲ့စိတ်နေစိတ်ထားနဲ့ဆိုရင် အဲ့ဒီအစွမ်းထက်ကျင့်ကြံသူနဲ့တွေ့တာနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပဲ"
"တကယ်လို့ အဲ့ဒီအစွမ်းထက်ကျင့်ကြံသူက ကျွန်မတို့ ယူဆထားသလိုမျိုး အတုအယောင်တစ်ယောက်ဖြစ်နေရင် ဘာပြဿနာမှမရှိဘူး..ဒါပေမယ့် တကယ်လို့....."
ထိုအချက်သို့အရောက်တွင် ယောင်လင်းအာ၏အကြည့်သည် နင်ရွှမ်းဝူထံသို့ ကျရောက်သွားသည်။
မျှော်လင့်ထားသကဲ့သို့ပင်....
နင်ရွှမ်းဝူ၏မျက်လုံးများ ရုတ်တရက် တဖျတ်ဖျတ်တောက်ပသွားသည်။
သူသည် ချက်ချင်းဆိုသလိုပင် ဤအခြေအနေ၏အတိမ်အနက်ကို နားလည်သွားပေ၏။ အကယ်၍ ယုဝမ်ကျီး၏စကားများသာ အမှန်ဖြစ်နေပြီး ထိုအစွမ်းထက်ကျင့်ကြံသူသည် ချင်ရှန်းဂိုဏ်းမှဖန်တီးထားသော အတုအယောင်မဟုတ်ပါက ကျင်းဝူချန်နှင့်ကျင်းဝူရှင်းတို့သည် ထိုလူနှင့် ထိပ်တိုက်ရင်ဆိုင်ရပေမည်။
ထိုအကြောင်းကို တွေးတောကြည့်ကြပါစို့။ ဤကဲ့သို့နတ်ဘုရားလက်နက်များကို ထုလုပ်နိုင်သူသည် သာမာန်လူတစ်ယောက်မဟုတ်မည်မှာ သေချာပေါက်ပင်။ ကျင်းဝူချန်နှင့်ကျင်းဝူရှင်းတို့သည် မည်သည့်နည်းဖြင့် ထိုလူ၏ပြိုင်ဘက် ဖြစ်နိုင်မည်နည်း။
"ဒါကြောင့် ဆရာသခင်...တပည့်ကို စုံစမ်းစစ်ဆေးဖို့အတွက် တောင်အောက်ကိုဆင်းခွင့်ပြုတာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်မ ထင်တယ်"
ယောင်လင်းအာက နူးညံညင်သာစွာ ပြောဆိုသည်။
"သွားတော့..."
နင်ရွှမ်းဝူက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ယောင်လင်းအာ ထွက်ခွာသွားပြီးနောက် သူသည် ဆက်လက်၍ တံခါးပိတ်ကျင့်ကြံလိုခဲ့သည်။ သို့ရာတွင် ယောင်လင်းအာ၏စကားများကို ပြန်လည်တွေးတောကြချိန်တွင် သူ၏စိတ်တည်ငြိမ်နေရန် ခက်ခဲနေကြောင်း သူ တွေ့ရှိလိုက်သည်။
ညအမှောင်၏လွှမ်းခြုံမှုအောက် နေဝင်ရီတရောအချိန်တွင် ယောင်လင်းအာသည် ပင်ကျင်းမြို့ထံသို့ ရောက်ရှိလာခဲ့လေ၏။
ကျင်းဝူချင်း၏နည်းလမ်းနှင့်မတူညီဘဲ သူမသည် စားသောက်ဆိုင်တစ်ဆိုင်သို့သွားကာ တစ်စုံတစ်ယောက်ကိုဆွဲခေါ်၍ သတင်းများ စုံစမ်းခဲ့သည်။
လတ်တလောရက်များအတွင်းတွင် ပင်ကျင်းမြို့အတွင်း၌ သေးငယ်သောသိုင်းသင်တန်းကျောင်းတချို့မှလွဲ၍ တခြားသိုင်းသင်တန်းကျောင်းများအားလုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းခံခဲ့ရသည်။
ယောင်လင်းအာသည် အနည်းငယ်တွေးတောပြီးနောက် ထိုသိုင်းသင်တန်းကျောင်းငယ်လေးများထံတွင် ပြဿနာရှိနေနိုင်ကြောင်း သူမ သိရှိသွားသည်။ သူမ၏အရည်အချင်းဖြင့် ဤကိစ္စများကို စုံစမ်းရန်မှာ အလွန်အမင်းလွယ်ကူသည်။
ထိုအချိန်တွင် ရီဖုန်းသည် မြို့အတွင်း၌ ကျုံးချင်နှင့်အတူ တညလုံး စိတ်အေးလက်အေး လည်ပတ်နေခဲ့သည်။ နေမြင့်ချိန်ရောက်မှသာ သူတို့နှစ်ယောက်သည် ပျင်းရိငြီးငွေ့စွာဖြင့် သိုင်းပညာခန်းမထံသို့ ပြန်လာခဲ့ကြ၏။
"ဝမ်ချိုင်...ဝမ်ချိုင်...ငါ မင်းအတွက် စားကောင်းတာလေးတချို့ ယူလာတယ်"
ရီဖုန်းသည် အထုပ်တစ်ထုပ်ကိုထုတ်ယူကာ အောင်းချင်ထံ ပစ်ပေးလိုက်သည်။ အောင်းချင်သည် အပြေးရောက်လာသော်လည်း သူသည် အစားစားရန်အတွက် တွေးတောမထားချေ။ ထိုအစား သူသည် ယမန်နေ့ကဖြစ်ရပ်ကို ရီဖုန်းထံသတင်းပို့ရမည့်နည်းလမ်းကိုသာ တွေးတောနေလေသည်။
အောင်းချင်သည် အစားစားလိုစိတ်မရှိသည်ကိုကြည့်ပြီး ရီဖုန်းသည် အစပထမ၌ ဇဝေဇဝါဖြစ်သွားသည်။ သို့ရာတွင် သူသည် အဖြေကို အလျှင်အမြန်ရှာတွေ့သွားလေ၏။
တံခါးဝ၌ အဖြူရောင်အရိုးတစ်ချောင်း ရှိနေသည်။
ဤသည်မှာ ဝမ်ချိုင် တစ်နေရာရာမှ ခိုးယူလာသောအရာ ဖြစ်ပေမည်။ အသားများကို ပြောင်စင်အောင် ကိုက်စားထားသည်ကို အခြေခံ၍ ထိုသို့ဖြစ်မည်မှာ သိသာထင်ရှားသည်။
ထိုအရိုးအပြင် ရီဖုန်းသည် အရှေ့ခန်းမ၏ကြမ်းပြင်ပေါ်၌ အဝတ်စုတ်တစ်ခုရှိနေသည်ကို တွေ့မြင်မိလေ၏။ ဝမ်ချိုင်သည် အမှိုက်ပုံတစ်ပုံမှနေ၍ ဤအရာများကို ဆွဲယူလာခဲ့ခြင်းဖြစ်နိုင်သည်။
ဟူး....
ရီဖုန်းသည် ဝမ်ချိုင်ကို အပြစ်မတင်ချေ။ ခွေးသည် အတိတ်တွင် ကောင်းမွန်စွာမွေးမြူထားခြင်းမခံရသဖြင့် မည်သည့်အရာကိုမျှ သိရှိမည်မဟုတ်ပေ။ ဤဝမ်ချိုင်သည် သူ၏အိမ်ကို ဖျက်ဆီးမပစ်သည်ကပင် အလွန်လိမ္မာသည်ဟု ဆိုနိုင်ပေ၏။
"ကောင်းပြီလေ...ဒီအရိုးကို ချီသွားစမ်း"
ရီဖုန်းသည် အောင်းချင်ကို လက်ဝှေ့ယမ်းပြကာ အမိန့်ပေးလိုက်သည်။
အောင်းချင် ကြက်သေသေသွားသည်။
ရီဖုန်း၏အပြုအမူများအရ ဤအရိုးကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။
ဤှသည်က မဟုတ်သေးချေ...
အနည်းဆုံးအနေဖြင့် အိမ်အတွင်းသို့ဝင်ရောက်၍ တိုက်ခိုက်မှုအပေါ် သူ့ထံတွင် တုံ့ပြန်မှုတစ်စုံတစ်ခု ရှိသင့်သည်မဟုတ်လော.....
ဖြစ်နိုင်သည်မှာ သူသည် မနေ့ကဖြစ်ရပ်နှင့်ပတ်သတ်၍ သိရှိပြီးဖြစ်သလော....
ထိုသို့တွေးတောရင်း အောင်းချင်သည် အဓိပ္ပါယ်ပါသောအကြည့်တစ်ချက်ဖြင့် ရီဖုန်းကို ကြည့်လိုက်၏။ သူသည် ဤလူနှင့် ပို၍ရင်းရင်းနှီးနှီးဆက်ဆံမိလေလေ ပို၍နက်နဲသိမ်မွေ့လာသည်ဟုခံစားရလေလေပင်။
တစ်ချိန်တည်းမှာပင် ယမန်နေ့ကဖြစ်ရပ်ကို ကြိုသိနေခဲ့သဖြင့် စီနီယာသည် အစီအစဥ်များ ကြိုတင်ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သူ တွေးတောမိသည်။
သူသည် ရီဖုန်းမထွက်ခွာမီ တိကျစွာမှာကြားခဲ့မှုများကို မမေ့လျော့ခဲ့ချေ။
ထိုအကြောင်းကို ပြန်ပြောင်းတွေးမိချိန်တွင် အောင်းချင်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။ အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်ပါက စီနီယာသည် သူ့အား သတိပေးနေခြင်းပင်။
အကယ်၍ သူ အမိန့်ကို မနာခံပါက သူ၏ကံကြမ္မာသည် ထိုလူနှင့်တူညီသွားပေမည်။
ထိုအကြောင်းကို တွေးတောရင်း သူသည် အရိုးကို သူ၏ပါးစပ်နှင့် ကောက်ချီလိုက်၏။
အမိန့်နာခံသောခွေးကိုကြည့်ပြီး ရီဖုန်းသည် စိတ်ကျေနပ်မှုရသွားကာ ခေါင်းညိတ်လိုက်သည်။ သူသည် ကြမ်းပြင်ပေါ်ရှိအဝတ်စုတ်ကို သာမာန်ကာလျှံကာကောက်ယူကာ ကျုံးချင်ကို အော်ခေါ်လိုက်သည်။
"ငါ့ရဲ့တပည့်လေး....ငါတို့ အိမ်ကိုသန့်ရှင်းရေးမလုပ်တာ အချိန်အတော်ကြာနေပြီ....ဒီအဝတ်စုတ်ကိုသုံးပြီးတော့ အိမ်တွင်းအိမ်ပြင်နေရာအနှံ့ကို ပွတ်တိုက်လိုက်အုံး...တံခါးက တိုင်တွေနဲ့ဆိုင်းဘုတ်ကိုသုတ်ဖို့လည်း မမေ့နဲ့"
"ဟုတ်ကဲ့ပါ ဆရာသခင်"
ကျုံးချင်က ရိုသေလေးစားစွာ နာခံလိုက်သည်။
တစ်ချိန်တည်းမှာပင် ဆွဲဆောင်မှုရှိသော ပုံရိပ်လေးတစ်ခုသည် သိုင်းပညာခန်းမ၏တံခါးရှေ့သို့ ဆင်းသက်လာကာ အတွင်းရှိအရာအားလုံးကို တွေ့မြင်သွားလေပြီ။
Chapter 50
ထိုအခြင်းအရာများအားလုံးကို မြင်တွေ့ပြီးနောက် ယောင်လင်းအာသည် ဤအချိန်အခိုက်အတန့်တွင် သူမ၏စိတ်ဝိညာဥ် ပျောက်ကွယ်သွားသည့်အလားပင်။
သူမ၏မျက်လုံးများ အပြည့်အဝ နီမြန်းနေသည်။
သူမ၏ခြေလှမ်းများ အလွန်လေးလံနေကာ သူမ၏ခြေထောက်ကိုပင် မမြှောက်နိုင်တော့ချေ။ တစ်ချိန်တည်းမှာပင် သူမသည် ပြင်းထန်သောထိတ်လန့်ကြောက်ရွံမှုကိုလည်း ခံစားနေရလေ၏။
သူမ၏ဂိုဏ်းတူညီအကိုနှစ်ယောက်သည် သေဆုံးသွားကာ သူတို့၏အလောင်းများကိုပင် ပြန်မရနိုင်တော့ကြောင်း သူမ အခိုင်အမာ သိရှိသွားလေပြီ။
သူမရှေ့ရှိ ဤသိုင်းပညာခန်းမကို ကြည့်ရသည်မှာ သာမာန်ဆန်သော်လည်း အမှန်အားဖြင့် သေမင်းထောင်ချောက်များဖြင့် ပြည့်နှက်နေကာ လူအများကို အရိုးပါမချန် ဝါးမျိုနိုင်သော နေရာတစ်နေရာဖြစ်နေသည်။
"ဖူး...."
နောက်ဆုံး၌ သူမ၏စိတ်ခံစားချက်များ ပို၍ပြင်းထန်လာသဖြင့် သူမက သွေးစိမ်းတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူမ၏သွယ်လျလျလက်လေးဖြင့် နံဘေးရှိနံရံတစ်ခုကိုထောက်၍ မှီနေရကာ သူမ၏ညှို့အားပြင်းသောမျက်နှာလေးသည် သေလုမတတ် ဖြူရော်နေပေ၏။
အမ်...
ကျုံးချင်ကို သန့်ရှင်းရေးလုပ်ရန် ညွှန်ကြားနေသော ရီဖုန်းသည် ထိုမြင်ကွင်းကို မြင်တွေ့မိသည်။ အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းပြီးနောက် သူက ယောင်လင်းအာထံသို့ လျှောက်လှမ်းသွားသည်။
"မိန်းကလေး...မင်း အဆင်ပြေရဲ့လား"
ရီဖုန်းက နူးညံစွာပြုံးကာ ညင်သာသောလေသံဖြင့် မေးမြန်းလိုက်၏။ သူမသည် လမ်းအတွင်းရှိမိသားစုတစ်စုမှ မိန်းကလေးတစ်ယောက်ဖြစ်ကာ နေမကောင်းသဖြင့် မူးမော်နေခြင်းဖြစ်မည်ဟု သူ တွေးထင်မိသည်။ အိမ်နီးနားချင်းများကို သူ တတ်နိုင်သရွေ့ ကူညီရပေမည်။
ယောင်လင်းအာသည် သူမ၏ပါးစပ်ထောင့်မှစီးကျနေသော သွေးများကိုသုတ်ကာ ရုတ်တရက် သူမ မော့ကြည့်လိုက်စဥ်တွင် ရီဖုန်း၏မျက်နှာကို တွေ့မြင်မိသည်။
သူမ၏မျက်နှာ ချက်ချင်းအရောင်ပြောင်းသွားပြီး အလွန်အမင်းဖြူရော်သွားကာ သူမသည် ထိတ်လန့်တကြားဖြင့် နောက်သို့ခြေလှမ်းနှစ်လှမ်းခန့် ဒယီးဒယိုင်ဆုတ်လိုက်သည်။
ဤမျက်နှာကိုကြည့်ရသည်မှာ အပေါ်ယံတွင် သာမာန်ဆန်ကာ နူးညံသောအပြုံးတစ်ခုပင် ရှိနေသော်လည်း သူမ၏မျက်လုံးအတွင်း၌ ဤအပြုံး၏နောက်ကွယ်တွင် တခြားတုန်လှုပ်ချောက်ချားဖွယ်မျက်နှာတစ်ခုရှိနေသည်။
ဤလူသည် ပျံလွှားဝတ်ရုံကိုအသုံးပြု၍ ဖုန်သုတ်ရန် ကောင်လေးတစ်ယောက်ကို ညွှန်ကြားနေသူဖြစ်ကြောင်း သူမ မမေ့လျော့နိုင်ချေ။ ထို့ပြင် ဤလူသည် သူမစီနီယာအကို၏အလောင်းကို ခွေးစာအဖြစ်ကျွေးခဲ့ကာ တံခါးဝတွင် လှေကားထစ်များနေရာ၌ ခင်းထားသော ကောင်းကင်တုန်ဟီးကျောက်တုံးမှာလည်း သူ၏လက်ချက်သာဖြစ်ပေမည်။
နတ်ဆိုးတစ်ကောင်....
ဤသည်မှာ ရီဖုန်းကို သူမ၏စိတ်နှလုံးသားအတွင်း၌ သတ်မှတ်လိုက်သောအရာပင်။
"မင်း တကယ်အဆင်ပြေရဲ့လား...ခဏလောက် အထဲဝင်ထိုင်ပြီးတော့ နားလိုက်ပါလား"
ရီဖုန်းက စိုးရိမ်ပူပန်သောလေသံဖြင့် မေးမြန်းသည်။
"မဝင်ဘူး...မဝင်တော့ဘူး...မလိုဘူး"
ရီဖုန်းသည် သူမအား အတွင်းသို့ဝင်ရန် ဖိတ်ခေါ်သည်ကိုကြားချိန်တွင် ယောင်လင်းအာ၏လှပချောမောသောမျက်နှာလေး သိသိသာသာ ပျက်ယွင်းသွားကာ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်သွားသည်။ သူမ၏ဒေါသကြောင့်ဖြစ်လာသော ပြင်းထန်သည့်ဒဏ်ရာများကို လျစ်လျှူရှုကာ သူမ၏လေးလံသောခြေထောက်များကို တရွတ်တိုက်ဆွဲ၍ အဝေးသို့ အလျင်စလို ထွက်ပြေးခဲ့တော့သည်။
ယခုချိန်၌ သူမသည် ဤနေရာမှထွက်ပြေးကာ ဤလူသား၏အမြင်အာရုံအောက်မှ လွတ်မြောက်သွားပြီး ရွှမ်းဝူဂိုဏ်းသို့ အမြန်ဆုံးပြန်၍ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ရွှမ်းဝူဘိုးဘေးထံ သတင်းပို့ရပေမည်။
"ငါ့ပုံစံက အရမ်းကြောက်ဖို့ကောင်းနေလို့လား"
ယောင်လင်းအာ ထိတ်လန့်တကြား ပြေးထွက်သွားသည်ကိုကြည့်ပြီး ရီဖုန်းသည် သူ၏မျက်နှာကိုပွတ်သပ်ကာ ဇဝေဇဝါဖြစ်နေသည်။
ရီဖုန်း၏ရှေ့မှ ထွက်ခွာခဲ့ပြီးနောက် ယောင်လင်းအာသည် ရပ်နားခြင်းမရှိဘဲ ရွှမ်းဝူဂိုဏ်းထံသို့ အပြေးပြန်ခဲ့သည်။ ရွှမ်းဝူဂိုဏ်းသို့ သူမ ပြန်ရောက်ချိန်တွင် သူမ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့်ပင် ပြိုလဲကျလုနီးပါး ဖြစ်သွားခဲ့လေ၏။
ရွှမ်းဝူဂိုဏ်းတပည့်များသည် ယောင်လင်းအာ ဤကဲ့သို့ စိုးရိမ်ထိတ်လန့်ကာ ဖရိုဖရဲဖြစ်နေသောအခြေအနေကို မြင်တွေ့ချိန်တွင် အလွန်အမင်း အံ့အားသင့်သွားကြသည်။
သာမာန်အားဖြင့် သူတို့၏မျက်လုံးများအတွင်းတွင် နင်ရွှမ်းဝူ၏တပည့်ရင်းဖြစ်သော ယောင်လင်းအာသည် သီးသန့်နေထိုင်ပြီး ချဥ်းကပ်ရန်မလွယ်ကူကာ လှပချောမောပြီးဥာဏ်ရည်ထက်မြက်သူဖြစ်သည်။ သူတို့သည် ယခုကဲ့သို့ သူမ သွေးရူးသွေးတန်းနှင့်ဖရိုဖရဲဖြစ်နေသောပုံစံမျိုးကို ယခင်က မြင်တွေ့ဖူးခြင်းမရှိချေ။
ယောင်လင်းအာ ပြန်ရောက်လာသောသတင်းသည် ရွှမ်းဝူဂိုဏ်း၏ထိပ်သီးအကြီးအကဲများ နားအတွင်းသို့ ရောက်ရှိသွားသည်။ ထို့ကြောင့် ယောင်လင်းအာ ပင်မခန်းမထံသို့ ရောက်ရှိသွားချိန်တွင် နင်ရွှမ်းဝူအပါအဝင် ဂိုဏ်း၏ထိပ်သီးအကြီးအကဲများအားလုံး ထိုင်၍စောင့်ဆိုင်းနေကြသည်ကို သူမ တွေ့မြင်မိလေ၏။
"ဘာတွေ ဖြစ်ခဲ့တာလဲ"
နင်ရွှမ်းဝူ၏မျက်ခုံးသည် တင်းတင်းကျပ်ကျပ်စုကျုံနေကာ သူ၏အကြည့်သည် ယောင်လင်းအာထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။ သူမ၏အခြေအနေကိုကြည့်ပြီး သူ့ထံတွင် ဆိုးရွားသောအတိတ်နိမိတ်မျိုး ရရှိနေလေ၏။
"ဆရာသခင်..."
"စီနီယာအကို ကျင်းဝူရှင်းနဲ့ ကျင်းဝူချန်...သူတို့က...."
ယောင်လင်းအာ၏မျက်လုံးများ နီမြန်းနေကာ သူမ၏ခန္ဓာကိုယ်တုန်ရီနေပြီး သူမ၏မျက်လုံးအတွင်းရှိ ထိတ်လန့်ကြောက်ရွံမှုများသည် လျော့ပါးသွားခြင်းမရှိသေးချေ။
"သူတို့ ဘာဖြစ်သွားတာလဲ"
နင်ရွှမ်းဝူ၏မျက်စိသူငယ်အိမ် ကျဥ်းမြောင်းသွားကာ သူက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
"စီနီယာနှစ်ယောက်လုံးက အဲ့ဒီသိုင်းပညာခန်းမလူသတ်တာကို ခံလိုက်ရပြီ"
ယောင်လင်းအာ၏အသံတုန်ရီနေကာ ကြေကွဲဝမ်းနည်းမှုများ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။
"ဘာ....."
ထိုစကားကိုကြားချိန်တွင် နင်ရွှမ်းဝူအပါအဝင် ရွှမ်းဝူဂိုဏ်းအတွင်းရှိလူတိုင်း၏မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားသည်။
"သူတို့ ဘယ်လိုသေသွားတာလဲ...အတိအကျပြောစမ်း"
နင်ရွှမ်းဝူသည် သူ၏ဒေါသများကို ချိုးနှိမ်ကာ အက်ရှရှလေသံဖြင့် လုံးစေ့ပတ်စေ့ မေးမြန်းလိုက်၏။
"မင်း သိထားသမျှ အရာရာတိုင်း ငါ့ကိုပြောပြစမ်း"
"ကျွန်မ မသိဘူး"
ယောင်လင်းအာက ကြေကွဲဝမ်းနည်းမှုအပြည့်ဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒါပေမယ့် ကျွန်မသိတာတစ်ခုက....စီနီယာအကိုဝူချန်ရဲ့အလောင်းက ဘာမှမကျန်တော့ဘူး...စီနီယာအကိုဝူရှင်းကတော့ ဂိုဏ်းရဲ့လျှို့ဝှက်နည်းစနစ်တစ်ခုကို ကျင့်ကြံတာကြောင့် အရိုးတစ်ချောင်း ကျန်ခဲ့တယ်"
ယောင်လင်းအာ၏အသံ ကျရောက်သွားသည်နှင့်........
ပင်မခန်းမအတွင်း၌ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးသွားသည်။ တစ်ခုသိထားရမည်မှာ ရွှမ်းဝူဂိုဏ်းတစ်ဂိုဏ်းလုံးအတွင်း၌ ကျင်းဝူချန်နှင့်ကျင်းဝူရှင်းတို့သည် ဂိုဏ်း၏အနာဂတ်မျှော်လင့်ချက်များပင်။
သို့ရာတွင် ယခုချိန်၌ သူတို့နှစ်ယောက်လုံး ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားလေပြီ။
ဤသတင်းသာ အမှန်ဖြစ်ပါက ရွှမ်းဝူဂိုဏ်းအတွက် အလွန်ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။
"ဒီထက်ပိုပြီးတော့ စက်ဆုပ်ဖို့ကောင်းတာက စီနီယာအကိုဝူရှင်းက သေဆုံးပြီးသွားတာတောင် အရှက်ခွဲခံနေရတယ်...သူ ကြွင်းကျန်ခဲ့တဲ့ အရိုးတစ်ချောင်းကို အဲ့ဒီလူက အိမ်မွေးတိရစ္ဆာန်ရဲ့အစာအနေနဲ့ အသုံးပြုခဲ့တယ်"
ယောင်လင်းအာသည် အံ့တင်းတင်းကြိတ်၍ ပြောဆိုကာ သူမ၏အသံတွင် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ ခွေးသည် အရိုးကိုကိုက်ဝါးနေသော မြင်ကွင်းအား တွေးတောမိချိန်တွင် သူမ အသက်ရှုမွန်းကြပ်လာသည်။
ဤစီနီယာသည် သူမကို ငယ်စဥ်ကတည်းက ဂရုတစိုက် စောင့်ရှောက်ခဲ့သူပင်။
"ဘုန်း...."
ထိုသတင်းကိုကြားချိန်တွင် နင်ရွှမ်းဝူသည် တည်ငြိမ်မှုကို ဆက်လက်၍ထိန်းသိမ်းမထားနိုင်တော့ချေ။ သူ၏လက်ဝါးတစ်ချက် ရိုက်ချလိုက်ခြင်းနှင့်အတူ သူ၏နံဘေးရှိကျောက်တုံးစားပွဲ ချက်ချင်းဆိုသလိုပင် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားလေ၏။
အကန့်အသတ်မရှိသော ဒေါသများက သူ၏စိတ်နှလုံးသားအတွင်း၌ ပျံ့နှံ့နေသည်။
သူ၏တပည့်ရင်းနှစ်ယောက်သည် ဤကဲ့သို့မရှုမလှ သေဆုံးသွားရသည့်အပြင် သေဆုံးပြီးနောက်မှာပင် တိရစ္ဆာန်အစာအဖြစ်အသုံးပြု၍ အရှက်ခွဲခြင်းခံရသည်။ ဤသည်မှာ သူ နင်ရွှမ်းဝူအတွက် အလွန်ကြီးမားသော အရှက်ကွဲမှုကြီးပင်။
ထိုလက်ဝါးရိုက်ချက် ကျရောက်ပြီးနောက် ခန်းမအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ပင်ပြင်းပြင်းမရှုဝံ့တော့ချေ။
"ဒါဆိုရင် ငါ့ရဲ့ရတနာနှစ်ခုက ဘယ်ရောက်သွားလဲ"
နောက်ဆုံး၌ နင်ရွှမ်းဝူက အသံကုန်ဟစ်၍ မေးမြန်းလိုက်၏။ ဤအချိန်အခိုက်အတန့်တွင် ခန်းမအတွင်း၌ နင်ရွှမ်းဝူ၏အသံသာ ကြွင်းကျန်ရစ်တော့သည်။