← Chapters

အခန်း (၅၁-၅၅)

Vol. 4 Ch. 51-55

အခန်း (၅၁-၅၅)

Vol. 4 Ch. 51-55

Chapter 51

"အဲ့ဒီရတနာနှစ်ခုက....."

နင်ရွှမ်းဝူ၏မေးခွန်းသည် ယောင်လင်းအာ၏မျက်နှာအမူအယာကို ပို၍ပင်ပျက်ယွင်းသွားစေသည်။ သူမက ဗလုံးဗထွေး ရေရွတ်လိုက်၏။

"အဲ့ဒီရတနာနှစ်ခု ဖြစ်သွားတာ....ဖြစ်သွားတာက...."

"အဲ့ဒါတွေ ဘာဖြစ်သွားတာလဲ"

နင်ရွှမ်းဝူ၏မျက်နှာအမူအယာ သုန်မှုန်သွားကာ သူက အက်ရှရှအသံဖြင့် မေးမြန်းသည်။

သူမ ဖုံးကွယ်ထား၍မရနိုင်သည်ကိုသိရှိသဖြင့် ယောင်လင်းအာသည် နင်ရွှမ်းဝူ မည်မျှထိ ဒေါသထွက်သွားမည်ကို ခန့်မှန်းမိပုံဖြင့် စောင်းငဲ့၍ကြည့်လိုက်သည်။ သူမက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဆရာ အရမ်းဒေါသထွက်မသွားဖို့ ကျွန်မ မျှော်လင့်မိတယ်...ဆရာ့ရဲ့ကောင်းကင်တုန်ဟီးကျောက်တုံးကို အဲ့ဒီလူရမ်းကားက လှေကားထစ်အနေနဲ့ အသုံးပြုထားတယ်"

"ဘာ....."

ထိုစကားကိုကြားချိန်တွင် မျှော်လင့်ထားသည့်အတိုင်း နင်ရွှမ်းဝူ၏ဒေါသများ ပေါက်ကွဲသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ သိပ်သည်းသောအရှိန်အဝါများ ဖြာထွက်လာကာ သူက မတ်တတ်ထရပ်၍ ယင်လော့လီကို စူးစိုက်ကြည့်ပြီး လုံးစေ့ပတ်စေ့ မေးမြန်းလိုက်၏။

"မင်း ပြောတာ....ငါ့ရဲ့ကောင်းကင်တုန်ဟီးကျောက်တုံး ငါတို့ရွှမ်းဝူဂိုဏ်းရဲ့ထိပ်တန်းရတနာကို သူက လှေကားထစ်ဆောက်တဲ့နေရာမှာ သုံးထားတာလား"

သူမဆရာသခင်၏ဒေါသတကြီးအသွင်အပြင်ကို မြင်တွေ့ချိန်တွင် ယောင်လင်းအာသည် စိတ်အတွင်း၌မသက်မသာ ခံစားနေရသော်လည်း အဖြစ်မှန်မှာ ထိုအတိုင်းသာဖြစ်သည်။ သူမသည် မဝံ့မရဲဖြင့် ခေါင်းညိတ်ပြကာ ပြောဆိုလေသည်။

"အမှန်ပါပဲ ဆရာသခင်...သူက ကောင်းကင်တုန်ဟီးကျောက်တုံးကို လှေကားထစ်အနေနဲ့ သုံးရုံတင်မကဘူး....ပျံလွှားဝတ်ရုံကိုလည်း......"

ထိုအချက်ကို ပြောချိန်တွင် လက်ရှိနေရာတွင်ရှိနေသူတိုင်းသည် သူတို့၏ကျောရိုးများကို ဆောင့်ကန်ခံရသကဲ့သို့ ခံစားမိလေ၏။

လူအားလုံး၏မျက်လုံးအကြည့်များက ယောင်လင်းအာထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။

နင်ရွှမ်းဝူပင်လျှင် တုန်ရီသွားကာ သူ၏မျက်လုံးပေါက်ရာသာ မြင်ရတော့သည်အထိ မျက်မှောင်ကြုတ်ထားသည်။

"သူ ယူထားတဲ့ ပျံလွှားဝတ်ရုံကိုလည်း ဖုန်သုတ်ဖို့ အဝတ်စုတ်အနေနဲ့ အသုံးပြုနေတယ်...."

ယောင်လင်းအာသည် စကားပြောဆိုနေရင်း သူမ၏ခေါင်းကို ငုံထားကာ နောက်ဆုံး၌ သူမ၏အသံတိုးညှင်းသွားသည်မှာ ကြားရသည်ဆိုရုံမျှအထိပင်။

ယောင်လင်းအာ၏စကားလုံးများကို ကြားလိုက်ရချိန်တွင် နင်ရွှမ်းဝူသည် နေရာမှာပင် အေးစက်တောင့်တင်းသွားလေ၏။

သူ၏ဒေါသမျက်နှာပေါ်ရှိ ကြွက်သားများ အထိန်းအကွပ်မဲ့စွာ တဆတ်ဆတ်တုန်ခါနေသည်။

"တရားလွန်သွားပြီ...ဒါက အရမ်း တရားလွန်သွားပြီ...."

ဤအချိန်အခိုက်အတန့်တွင် နဥ်ရွှမ်းဝူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများ ပြင်းပြင်းထန်ထန် ပွင့်အံ့ထွက်လာသည်။

ဘုန်း....

ဘုန်း...

ဘုန်း...

သူ၏နံဘေးပတ်ဝန်းကျင်တွင် ကျယ်လောင်သောပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ ပစ္စည်းအမြောက်အများသည် အမှုန်အမွှားများအဖြစ်သို့ ကြေမွှပျက်စီးသွားလေ၏။

"တပည့်တစ်ယောက်က အစအနမကျန်အောင် အသတ်ခံရတယ်...."

"တပည့်တစ်ယောက်ရဲ့အရိုးက အိမ်မွေးတိရစ္ဆာန်အစာအနေနဲ့ အသုံးပြုခံရတယ်...."

"ကောင်းကင်တုန်ဟီးကျောက်တုံးက လှေကားထစ်အနေနဲ့ သုံးခံရပြီးတော့....ပျံလွှားဝတ်ရုံက အဝတ်စုတ်အနေနဲ့ သုံးခံရတယ်....."

"ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်..."

"အရမ်း ရက်စက်လွန်းတယ်"

ဤအချိန်တွင် ရွှမ်းဝူဘိုးဘေးသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့်ပင် သူ၏ဒေါသများကို မထိန်းချုပ်နိုင်တော့ချေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ အက်ရှရှအသံဖြင့် နာကျည်းမုန်းတီးစွာ ထိုလူ၏ပြစ်မှုများအားလုံးကို ပြန်ပြောလိုက်သည်။

"တကယ်လို့ ငါ့ရဲ့တပည့်တွေက မင်းကို တစ်နည်းနည်းနဲ့ အပြစ်ပြုမိမယ်ဆိုရင်တောင်...မင်းက သူတို့ကို မသန်မစွမ်းဖြစ်အောင် လုပ်လိုက်မယ် ဒါမှမဟုတ် သူတို့ကိုသတ်လိုက်မယ်ဆိုရင် ငါ ခွင့်လွှတ်ပေးနိုင်တယ်....ဒါပေမယ့် သူတို့ရဲ့အရိုးကိုတောင် မချန်ဘဲ မင်းက ဘာလို့ သူတို့ကို ခုလိုမျိုး အရှက်ခွဲနေတာလဲ"

"ငါ့ရဲ့ရွှမ်းဝူဂိုဏ်းက ထိပ်သီးရတနာနှစ်ခုကို သူက ဒီလိုနည်းလမ်းနဲ့ မတော်တလျော်အသုံးပြုတာက....ငါတို့ရွှမ်းဝူဂိုဏ်းရဲ့နာမည်ကို ရွှံထဲဆွဲချလိုက်တာနဲ့ အတူတူပဲ"

"သည်းခံတဲ့နေရာမှာ အကန့်အသတ်တွေရှိတယ်"

သူ၏စကားလုံးများ ထွက်ပေါ်လာချိန်တွင် ရွှမ်းဝူဂိုဏ်းဝင်များအားလုံး၏မျက်နှာများပေါ်၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။ သူတို့သည် ထိုလူကိုဆုတ်ဖြဲရန်အတွက် ယခုချက်ချင်း တောင်ပေါ်မှပြေးဆင်းသွားလုနီးပါးပင်။

"ဆရာသခင်...အဲ့ဒီလူရဲ့ယုတ်မာမှုတွေက အဲ့ဒီနေရာမှာတင် အဆုံးမသတ်သေးဘူး"

ယောင်လင်းအာက ဒေါသတကြီးဖြင့် ဖြည့်စွက်ပြောဆိုသည်။

"ကျွန်မက ဥာဏ်အမြော်အမြင်တချို့ ရှိနေလို့...အဲ့ဒီနေရာကို မသွားခင် ကျွန်မကိုယ်ကျွန်မ တခြားသူယောင်ဆောင်ထားတာကြောင့် သူက ကျွန်မကို ရွှမ်းဝူဂိုဏ်းကဆိုတာ သိမသွားခဲ့ဘူး...မဟုတ်ရင် ကျွန်မလည်းပဲ သူ့ရဲ့အဆိပ်ပြင်းတဲ့လက်ထဲကို ကျရောက်သွားလောက်ပြီ"

"ဘာ...."

"သူက ငါတို့ရဲ့ဂိုဏ်းသားတိုင်းကို သတ်ဖြတ်ဖို့ ကြံစည်နေတာလား"

နင်ရွှမ်းဝူထံမှ တဟုန်းဟုန်းတောက်လောက်နေသော ဒေါသမီးတောက်များ ပို၍ကြီးမားသွားလေပြီ။

"အမိန့်ထုတ်ပြန်လိုက်စမ်း...ရွှမ်းဝူဂိုဏ်းရဲ့အစွမ်းထက်ကျင့်ကြံသူတွေအားလုံး ငါနဲ့အတူ တောင်အောက်ကို ဆင်းရမယ်....ဝူရှင်းနဲ့ဝူချန်တို့အတွက် လက်စားချေတဲ့အနေနဲ့ အဲ့ဒီလူရမ်းကားကို ငါကိုယ်တိုင်သုတ်သင်ပြီးတော့ ငါတို့ရွှမ်းဝူဂိုဏ်းရဲ့ထိပ်သီးရတနာနှစ်ခုကို ပြန်ယူလာရမယ်"

နင်ရွှမ်းဝူက သူ၏လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့"

သဘောတူလိုက်သောအသံများက မဟာခန်းမအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ရွှမ်းဝူဂိုဏ်း၏ထိပ်သီးပိုင်းမှ အောက်ခြေထိ လက်စားခြေလိုမှုမီးလျှံများဖြင့် လောင်ကျွမ်းနေလေပြီ။ နင်ရွှမ်းဝူ၏စကားများကိုကြားချိန်တွင် သူတို့၏လက်စားချေလိုသောစိတ်ဆန္ဒများ ပို၍ဆူပွက်သွားခဲ့သည်။

Chapter 52

နင်ရွှမ်းဝူ၏အမိန့်ပေးသံနှင့်အတူ ရွှမ်းဝူဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူများအားလုံး တောင်အောက်သို့ပြေးဆင်းခဲ့ကြသည်။

"ဆရာသခင်...ကျွန်မတို့ ခုလိုမျိုး မဆင်မခြင်တိုက်ခိုက်တာက ဥာဏ်ရှိတဲ့လုပ်ရပ်ဖြစ်မယ်လို့ ကျွန်မ မထင်ဘူး"

ပင်ကျင်းမြို့သို့ ရောက်ရှိပြီးနောက် ယောင်လင်းအာက ပြောဆိုသည်။

"ဘာဥာဏ်မမရှိတဲ့ လုပ်ရပ်လဲ...ဒီကိစ္စကြီးအတွက် ငါတို့က လက်စားမချေရတော့ဘူးလား"

နင်ရွှမ်းဝူက ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ပြောဆိုသည်။

"ပြီးတော့ ငါ့ရဲ့ထိပ်သီးရတနာနှစ်ခုက အဲ့ဒီလူရဲ့လက်ထဲမှာပဲရှိသေးတယ်...ဘယ်လိုလုပ်ပြီးတော့ ငါက အလွတ်ပေးနိုင်မှာလဲ"

"ကျွန်မ ဆိုလိုတာက အဲ့ဒီလိုမျိုးမဟုတ်ဘူး...ဆရာသခင် နားလည်မှုလွဲနေပြီ"

ယောင်လင်းအာက အလျင်စလို ရှင်းပြလေ၏။

"လက်စားချေရမှာဖြစ်သလို ထိပ်သီးရတနာနှစ်ခုကိုလည်း သေချာပေါက် ပြန်ယူရမယ်...ဒါပေမယ့် ကျွန်မတို့က ခုလိုမျိုးမဆင်မခြင်တိုးဝင်သွားမယ်ဆိုရင် တစ်ဖက်လူက ပြင်ဆင်ထားနိုင်တယ်မဟုတ်လား"

"ဝူချန်နဲ့ဝူရှင်းတို့ရဲ့အတွေ့အကြုံတွေက သင်ခန်းစာတစ်ခုပဲ"

"ဒီကိစ္စကို ဂရုတစိုက် အစီအစဥ်ဆွဲတာ ပိုပြီးကောင်းမယ်လို့ ကျွန်မထင်တယ်"

ထိုစကားကိုကြားချိန်တွင် နင်ရွှမ်းဝူက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ယခင်က မုန်းတီးမှုများကြောင့် မျက်လုံးကန်းသကဲ့သို့ ဖြစ်သွားခဲ့သော်လည်း ယခုချိန်တွင် ယောင်လင်းအာ၏သတိပေးချက်များသည် အမှန်ပင်။

"မင်း ပြောတာမှန်တယ်...မင်း အရင်က သူနဲ့ တွေ့ဖူးတယ်မဟုတ်လား"

နင်ရွှမ်းဝူက တည်ကြည်လေးနက်စွာ မေးမြန်းသည်။

"ဒါဆိုရင် သူ့ရဲ့အစစ်အမှန်ခွန်အားက ဘယ်လိုအခြေအနေရှိလဲ"

ထိုစကားကိုကြားချိန်တွင် ယောင်လင်းအာက သူမ၏မျက်ခုံးကို တင်းတင်းကြပ်ကြပ်စုကျုံထားလေ၏။

သူမ၏မျက်လုံးများသည် လေးနက်မှုများဖြင့် တဖျတ်ဖျတ်တောက်ပနေကာ သူမက နင်ရွှမ်းဝူကိုကြည့်၍ ပြောဆိုသည်။

"ဆရာသခင်...ဒါက ဆရာ့ကို ကျွန်မ ဂရုတစိုက်စီစဥ်ဖို့ အကြံပေးရတဲ့ အကြောင်းအရင်းပဲ"

"သူ့ရဲ့ခွန်အားက....."

ထိုသို့ပြောဆိုပြီးနောက် ယောင်လင်းအာသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အလေးအနက်ထား၍ ပြောဆိုသည်။

ကျွန်မ အဲတာကို ထွင်းဖောက်မမြင်နိင်ဘူး…

"ထွင်းဖောက်မမြင်နိုင်ဘူးလား"

နင်ရွှမ်းဝူက ကူကယ်ရာမဲ့စွာ မျက်မှောင်ကြုတ်လိုက်၏။

"ဒါက အမှန်ပဲ...ပြီးတော့ ဒါက ရိုးရိုးရှင်းရှင်း ထွင်းဖောက်မမြင်နိုင်ရုံတင်မကဘူး....သူရဲ့အရှိန်အဝါကို တစိုးတစိတောင် ကျွန်မ အာရုံခံလို့မရတာပဲ"

ယောင်လင်းအာသည် ယခင်ကဖြစ်ရပ်များကို ပြန်စဥ်းစားနေပုံဖြင့် မျက်မှောင်ကြုတ်ကာ ပြောဆိုသည်။

"တကယ်လို့ ကျွန်မက သူ ပျံလွှားဝတ်ရုံကို အဝတ်စုတ်အနေနဲ့သုံးပြီးတော့ စီနီယာအကိုနှစ်ယောက်ကို သူ သတ်ခဲ့တယ်ဆိုတာ ကျွန်မကိုယ်တိုင် မမြင်ခဲ့ရဘူးဆိုရင်...သူ့ကို သာမာန်သေမျိုးတစ်ယောက်လို့ ကျွန်မက ထင်မိမှာပဲ"

ယောင်လင်းအာ၏စကားများသည် နင်ရွှမ်းဝူ၏မျက်မှောင်ကြုတ်မှုကို ပို၍တင်းကြပ်သွားစေသည်။

ယခုချိန်၌ သူ ပြန်လည်တွေးတောကြည့်ချိန်တွင် ပြဿနာကြီးတစ်ရပ်ကို သတိမမူခဲ့မိကြောင်း သူ သိနားလည်သွားသည်။

ဝူချန်နှင့်ဝူရှင်းတို့သည် လွယ်လင့်တကူ အမှုန့်ခြေခံလိုက်ရသောကြောင့် ထိုနေ့က ယုဝမ်ကျီး၏ပြောစကားများသည် အလိမ်အညာများမဟုတ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဤသည်က ချင်ရှန်းဂိုဏ်းမှဖန်တီးထားသော ခြောက်လုံးလှန့်လုံး ဟုတ်ပုံမရချေ။

ဤသည်မှာ ချင်ရှန်းဘိုးဘေး၏လက်အတွင်းရှိ တုန်လှုပ်ချောက်ချားဖွယ်ဓားကို ဤလူမှ အမှန်တကယ်သွန်းလုပ်ထားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပင်။

အကယ်၍ ဤကိစ္စသာအမှန်ဖြစ်ပါက သူ၏ရွှမ်းဝူဂိုဏ်းသည် အတင်းအကြပ်ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် အောင်မြင်မှုတစ်စုံတစ်ရာ ရနိုင်မည်လော...

သူ နင်ရွှမ်းဝူသည် ထိုလူ၏ပြိုင်ဘက် ဖြစ်နိုင်ပါသလော....

အဖြေသည် သိသာထင်ရှားလှ၏။ ထိုလူ သွန်းလုပ်ထားသော ဓားပင်လျှင် ချင်ရှန်းဘိုးဘေးကိုင်ဆောင်ချိန်၌ သူ့အား လီသုံးထောင်ခန့်အထိ လက်လွတ်စပယ် လိုက်လံသတ်ဖြတ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ဤလူ၏အစစ်အမှန်ခွန်အားသည် မိုးကောင်းကင်ကိုပင် ဖီဆန်နိုင်ပေမည်။

ဤအချိန်အခိုက်အတန့်တွင် နင်ရွှမ်းဝူသည် စိတ်နှလုံးသားအတွင်း၌ မသေချာမရေရာမှုကို ခံစားနေရကာ သူ၏ခြေဖဝါးများ အေးစက်စပြုလာသည်။

သို့ရာတွင် သူ၏တပည့်နှစ်ယောက်အနက် တစ်ယောက်သည် အစအနမကျန်ခဲ့ဘဲ တစ်ယောက်၏အရိုးသည်ခွေးစာဖြစ်သွားသည်ကို တွေးတောမိချိန်တွင် သူ၏ဒေါသများကို မျိုသိပ်မထားနိုင်တော့ချေ။

"ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း...စုံစမ်းဖို့အတွက် ကင်းထောက်တစ်ယောက်ကို အရင်ဆုံးစေလွှတ်မယ်"

နင်ရွှမ်းဝူသည် လုံးလုံးလျားလျား ဦးနှောက်မရှိသူတစ်ယောက်မဟုတ်ကြောင်း သိသာထင်ရှားလှ၏။

သူသည် ဂရုတစိုက် စဥ်းစားချင့်ချိန်ပြီးမှသာ ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်းပင်။

...

"အင်း....ဒီနေ့ရာသီဥတုက အရမ်းကောင်းတာပဲ"

ခြံဝန်းအတွင်းတွင် ရီဖုန်းသည် ပျင်းရိငြီးငွေ့စွာဖြင့် နောက်မှီကုလားထိုင်ပေါ်တွင် လဲလျောင်းကာ နေပူဆာလှုံနေသည်။

"ဆရာသခင်....ကျွန်တော်က ခန်းမတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပြီးသွားပြီ...ဆရာ့မှာ တခြားညွှန်ကြားစရာတွေ ရှိသေးလား"

ဤသည်မှာ သိုင်းပညာခန်းမအတွက် ပထမဆုံးအကြိမ် ကြီးကြီးမားမား သန့်ရှင်းရေးလုပ်ခြင်းဖြစ်သည်။ ကျုံးချင်သည် ထိုအရာကို သန့်ရှင်းရေးလုပ်ရန်အတွက် နှစ်ရက်ကြာအချိန်ယူခဲ့ရသည်။

ရီဖုန်းသည် အသိအမှတ်ပြူဟန်ဖြင့် ကျုံးချင်ကို ကြည့်လိုက်၏။

ဤကလေးသည် အလွန်နာခံရို့ကျိုးသည်။

"ဒီအဝတ်စုတ်က တော်တော်လေးကောင်းသေးတယ်....လွှင့်မပစ်နဲ့အုံး....အပြင်တံခါးနားမှာ ချိတ်ဆွဲပြီးတော့ အခြောက်ခံထားလိုက်...ဒါကို နောင်တစ်ချိန်မှာ ထပ်ပြီးအသုံးပြုလို့ရတယ်"

ရီဖုန်းက ညင်သာသောလေသံဖြင့် ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာသခင်"

"အော် ဒါနဲ့...အခုလတ်တလောမှာ ရာသီဥတုက တော်တော်လေး စိုစွတ်နေတယ်...အရှေ့ခန်းမက စာလိပ်ဆယ့်ရှစ်ခုကိုလည်း အခြောက်ခံထားလိုက်အုံး...ဒါပေမယ့် အဲ့ဒီစာလိပ်တွေ လေထဲလွင့်ပါမသွားအောင် ခြံဝန်းထဲမှာပဲ ချိတ်ဆွဲထားရမယ်"

ရီဖုန်းက ဖြည့်စွက်ပြောဆိုသည်။ ထိုစာလိပ်များကိုကြည့်ရသည်မှာ အသုံးမဝင်ပုံရကာ ငွေကြေးအမြောက်အများဖြင့်လည်း ရောင်းချ၍မရချေ။ ထိုအရာများသည် အလှဆင်ပစ္စည်းများအနေဖြင့် ခန်းမအတွင်း၌ ချိတ်ဆွဲထားခြင်းဖြင့် သူ၏သိုင်းပညာခန်းမကို အနည်းငယ်ကြည့်ပျော်ရှုပျော် ဖြစ်သွားစေသည်။

ကျုံးချင်သည် ထိုညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်လိုက်၏။

သူသည် အရင်ဆုံး ထိုစာလိပ်တစ်ဆယ့်ရှစ်လိပ်ကို အခြောက်ခံရန်အတွက် ခြံဝန်းအတွင်း၌ ချိတ်ဆွဲလိုက်သည်။ ထို့နောက် ယခင်က စာလိပ်များချိတ်ဆွဲထားသော နံရံများကိုသုတ်ရန်အတွက် သိုင်းပညာခန်းမ၏အဝင်ဝတွင်လှမ်းထားသော အဝတ်စုတ်ကို ယူလေသည်။

ဝှစ်....

ဝှစ်...

ထိုအချိန်မှာပင် အရိပ်အမြောက်အများ ဖြတ်ပြေးသွားကာ လူတချို့က မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

ထိုလူများသည် နင်ရွှမ်းဝူ ယောင်လင်းအာနှင့် ရွှမ်းဝူဂိုဏ်းဝင်များဖြစ်ကာ သူတို့၏နံဘေးတွင် ဖြူဖျော့ဖျော့မျက်နှာနှင့် လူငယ်တစ်ယောက်ရှိနေသည်။

ဤလူငယ်သည် သိုင်းပညာခန်းမအတွင်းသို့ ကင်းထောက်အဖြစ်သွားရန်အတွက် ရွေးချယ်ခံထားရသူဖြစ်သည်မှာ သိသာထင်ရှားလှ၏။

"ဘာမှမစိုးရိမ်နဲ့...တကယ်လို့ မင်း ပြန်မလာနိုင်ရင်....မင်းရဲ့မိသားစုဝင်တွေနဲ့မိတ်ဆွေတွေကို ငါက အကောင်းဆုံး စောင့်ရှောက်ပေးမယ်...ဒါပေမယ့် တကယ်လို့ မင်းပြန်လာနိုင်ရင်...မင်းက ငါ့ရဲ့တပည့်ရင်းအဖြစ် ချက်ချင်းအဆင့်တိုးမြှင့်ခံရမယ်...မင်းက ဘယ်အကြီးအကဲကိုမဆို ရွေးချယ်ပြီးတော့ သူ့ရဲ့လက်အောက်မှာ ကျင့်ကြံနိုင်စေရမယ်"

နင်ရွှမ်းဝူက ထိုလူငယ်၏ပခုံးကိုပုတ်ကာ မှာကြားလိုက်သည်။

"ဆရာသခင်...ကြည့်ပါအုံး"

သို့ရာတွင် သူ၏အမှာစကား အဆုံးသတ်သွားချိန်မှာပင် ယောင်လင်းအာ၏ထိတ်လန့်တကြားအော်ဟစ်သံက နံဘေးမှထွက်ပေါ်လာသည်။

ယောင်လင်းအာ လက်ညှိုးညွှန်ရာနောက်သို့ ကြည့်လိုက်စဥ်တွင် နင်ရွှမ်းဝူ၏အကြည့်သည် သိုင်းပညာခန်းမ၏တံခါးဝထံသို့ စူးစိုက်၍ကျရောက်သွားကာ သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

ထိုနေရာတွင်...

အဝတ်စုတ်တစ်ခုကို တွဲလွဲဆွဲထားသည်။

ညစ်ပတ်ပြီးတွန့်လိမ်နေပေ၏။

"ဒါက..."

"ပျံလွှားဝတ်ရုံ...."

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် နင်ရွှမ်းဝူ၏ဒေါသများ ချက်ချင်းပေါက်ကွဲသွားသည်။ သူသည် ဤကိစ္စကို ယောင်လင်းအာ၏စကားများမှတဆင့် သိရှိပြီးဖြစ်သော်လည်း သူအမြတ်နိုးဆုံးရတနာကို အဝတ်စုတ်တစ်ခုကဲ့သို့ တွဲလွဲဆွဲထားသည်အား သူ၏မျက်လုံးဖြင့်ကိုယ်တိုင်မြင်တွေ့ရချိန်တွင် သူ၏ဒေါသများ အုံကြွလာသည်။

ရန်စစော်ကားခြင်း....

ဗြောင်ကျကျ ရန်စစော်ကားခြင်း....

ဤသည်က သူ့အား အလွန်အထင်အမြင်သေးခြင်းနှင့် တူညီပေ၏။

"ခွေးမသား...ငါ မင်းကို မသတ်ရမချင်း အနားမယူဘူး"

ရုတ်ချည်းဆိုသလိုပင် နင်ရွှမ်းဝူထံမှနေ၍ ကြီးမားသောအရှိန်အဝါများ ပွင့်အံ့ထွက်လာသည်။ သူသည် မြေပြင်ပေါ်သို့ ခြေထောက်ချကာ သိုင်းပညာခန်းမထံသို့ဦးတည်၍ လျှောက်လှမ်းလိုက်သည်။

Chapter 53

"စိတ်လျှော့ပါ...."

"ဆရာသခင်...စိတ်လျှော့ပါအုံး..."

ယောင်လင်းအာ၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားကာ သူမက နင်ရွှမ်းဝူကို အလျင်စလိုဟန့်တားလိုက်သည်။

"မင်း ငါ့ကို ဘာလို့တားတာလဲ...အဲ့ဒီလူက အရမ်းမောက်မာတယ်...သူက ငါ့ရဲ့ရွှမ်းဝူဂိုဏ်းကို နည်းနည်းလေးတောင် လေးစားမှုမရှိဘူး...ငါ့ကို လွှတ်ပေးစမ်း....ငါ အဲ့ဒီနေရာကို ပြေးသွားပြီးတော့ အဲ့ဒီသိုင်းပညာခန်းမကို တစစီဖျက်ဆီးပစ်ချင်တယ်"

နင်ရွှမ်းဝူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ရှေ့သို့အပြေးသွားကာ ထိုသိုင်းပညာခန်းမကို တစစီခြေမွှဖျက်ဆီးလိုသည်။

"ဆရာသခင်...စိတ်အေးအေးထားပါ...လှည့်ကွက်တွေကို သတိထားရမယ်"

ယောင်လင်းအာက အလေးအနက်ထား၍ ပြောဆိုသည်။

"သူက ကျွန်မတို့ဆီက တုံ့ပြန်မှုကိုလိုချင်တာကြောင့် ထောင်ချောက်အနေနဲ့ အဲ့ဒီနေရာမှာ ပျံလွှားဝတ်ရုံကို တမင်သက်သက် ချိတ်ဆွဲထားတာလည်းဖြစ်နိုင်တယ်...တကယ်လို့ ဆရာသာ အဲ့ဒီနေရာကို သွားရင်....."

"အင်း...."

နင်ရွှမ်းဝူက သူမကို ကြည့်လိုက်သည်။

"တကယ်လို့ ဆရာသာ အဲ့ဒီနေရာကိုသွားရင် လူရမ်းကားရဲ့ထောင်ချောက်ထဲကို ကျသွားလိမ့်မယ်....စီနီယာအကိုနှစ်ယောက်က အဲ့ဒီနေ့တုန်းက ခုလိုမျိုးကြုံရပြီးတော့ သေသွားတာဖြစ်နိုင်တယ်"

နင်ရွှမ်းဝူ တွေဝေတုံ့ဆိုင်းနေသည်ကိုကြည့်ပြီး ယောင်လင်းအာက အားတက်သရော ဆက်လက်ပြောဆိုသည်။

"ဆရာက သတိကြီးကြီး ထားရမယ်"

ထိုစကားကိုကြားချိန်တွင် နင်ရွှမ်းဝူက အသိဝင်လာသည်။

ဤရန်စစော်ကားမှုသည် ရည်ရွယ်ချက်ရှိရှိလုပ်ခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။

သူသည် ပြန်လည်၍စဥ်းစားချင့်ချိန်ကြည့်ရာတွင် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်ကြောက်ရွံမှုကို ခံစားရသည်။

"ငါ အဆင်အခြင်မဲ့သွားတယ်"

သူက သက်ပြင်းတစ်ချက်ချကာ သူ၏ဒေါသများကိုထိန်းချုပ်ပြီး အသေခံတပ်သားကို ကြည့်လိုက်သည်။

"စိတ်အေးအေးထား....ငါက ကတိတည်တဲ့သူပဲ...မင်း ဘာမှမစိုးရိမ်ဘဲ ဖြောင့်ဖြောင့်တန်းတန်းသွားပါ"

နင်ရွှမ်းဝူက ပြောဆိုသည်။

"ငါက ဒီသိုင်းပညာခန်းမကို စုံစမ်းရမယ့် အန္တရာယ်များပြီးခက်ခဲတဲ့တာဝန်ကို.....မင်းဆီကို လွှဲလိုက်တော့မယ်"

ထိုအစေခံတပ်သားလူငယ်က အံ့တင်းတင်းကြိတ်လိုက်၏။

"ဘိုးဘေးက ကျေးဇူးပြုပြီးတော့ စိတ်အေးအေးတာပါ...ကျွန်တော်က ဒီတာဝန်ကိုပြီးမြောက်အောင်ထမ်းဆောင်ပါ့မယ်"

"မှတ်ထားပါ...သူ့ရဲ့အာရုံကို ဘယ်လိုနည်းနဲ့မှ မဆွဲဆောင်မိစေနဲ့...ပြီးတော့ ဘာရန်လိုစိတ်ကိုမှလည်း ထုတ်ဖော်မထားနဲ့....သတင်းအချက်အလက်တွေကို စုစည်းတဲ့အပေါ်မှာပဲ အာရုံစိုက်ပါ....နင် သေချာဂရုစိုက်ရမယ်"

ယောင်လင်းအာက အလွန်အလေးအနက်ထားကာ ထပ်မံ၍သတိပေးလေသည်။

အသေခံတပ်သားသည် ခေါင်းညိတ်ပြကာ နင်ရွှမ်းဝူနှင့်တခြားသူများ၏အကြည့်များအောက်တွင် သိုင်းပညာခန်းမထံသို့ လျှောက်လှမ်းသွားသည်။

တံခါးဝနှင့်နီးကပ်လာချိန်တွင် သူ အချိန်တခဏခန့် ရပ်တန့်သွားပေ၏။

သူ၏နံဘေး၌ ပျံလွှားဝတ်ရုံကို အဝတ်စုတ်တစ်ခုကဲ့သို့ တွဲလွဲဆွဲထားသည်။

ကောင်းကင်တုန်ဟီးကျောက်တုံးသည် သူ ခြေထောက်ချမည့်နေရာ၌ ရှိနေသည်။

သူ၏စိတ်လှုပ်ရှားမှုကို ချိုးနှိမ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ကောင်းကင်တုန်ဟီးကျောက်တုံးပေါ်သို့ ခြေချလိုက်၏။

သူ အနည်းငယ် အတွေးခေါင်သွားသည်။

ရုတ်တရက် ဤလူသည် ကောင်းကင်တုန်ဟီးကျောက်တုံးကို ဤနေရာတွင် မည်သည်ကြောင့် လှေကားထစ်အဖြစ် အသုံးပြုထားသည်ကို သူ အနည်းငယ် နားလည်သဘောပေါက်သွားခဲ့သည်။

နောက်ထပ်လှေကားတစ်ထစ်တက်ပြီးနောက်...

သူ အရှေ့ခန်းမအတွင်းသို့ ဝင်ရောက်ခဲ့သည်။

ခန်းမအတွင်း၌ သာမာန်ဆန်ပြီး မည်သည့်ထူးခြားချက်မျိုးမျှမရှိကာ တခြားပုံမှန်သိုင်းသင်တန်းကျောင်းများနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။ အမှန်အားဖြင့် ဤနေရာသည် ထိုသိုင်းသင်တန်းကျောင်းများထက်ပင် ပို၍နိမ့်ပါးပေ၏။

ကြည့်ရသည်မှာ ဤနေရာ၌ မည်သည့်အန္တရာယ်မျိုးမျှ ရှိပုံမရပေ။

"တပည့်....ဆိုင်းဘုတ်ကိုဖြုတ်ချပြီး သုတ်လိုက်သေးလား"

ခြံဝန်းအတွင်း၌ ရီဖုန်းသည် ခွေးကိုပွတ်သပ်နေရင်း ကျုံးချင်ကို မေးမြန်းလိုက်သည်။

"ဆရာသခင်...အဲ့ဒီဆိုင်းဘုတ်မှာ ဖုန်တွေအများကြီးတင်နေတာ ကျွန်တော် တွေ့တယ်...ဒါကြောင့် ဖုန်တွေပြောင်အောင်သုတ်ဖို့ အဲ့ဒီဆိုင်းဘုတ် အောက်ကိုဖြုတ်ချလိုက်တယ်...ဒါပေမယ့် ရေစိုနေသေးလို့ ဒီနေရာမှာပဲ ခဏလောက်အခြောက်ခံထားတယ်...ဒီဆိုင်းဘုတ် ခြောက်သွားတာနဲ့ ကျွန်တော် ပြန်တပ်လိုက်မယ်"

ကျုံးချင်က ညင်သာစွာ တုံ့ပြန်ပြောဆိုသည်။

"အင်း...မင်း ကောင်းကောင်းလုပ်နိုင်သားပဲ"

ရီဖုန်းက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ကျုံးချင်သည် သူ့ထက်ပို၍ စေ့စပ်သေချာကာ အရာအားလုံးကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။

"အထဲမှာ တစ်ယောက်ယောက်ရှိလား"

ထိုအချိန်မှာပင် အရှေ့ခန်းမမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။

"အမ်...ဧည့်သည်တစ်ယောက်လား"

မရင်းနှီးသောအသံကြောင့် ရီဖုန်း အံ့အားသင့်သွားသည်။

ဤနေရာသို့ တစ်စုံတစ်ယောက် ရောက်မလာသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူက မတ်တတ်ထရပ်၍ ထွက်ကြည့်လိုက်ရာ သူနှင့်သက်တူရွယ်တူခန့်ရှိသော လူငယ်တစ်ယောက်ကို တွေ့မြင်မိသည်။

"မင်္ဂလာပါ....ငါ မင်းကို ဘာများကူညီပေးရမလဲ"

ရီဖုန်းက မေးမြန်းလိုက်သည်။

အသေခံတပ်သားသည် ရီဖုန်းကိုမြင်တွေ့ချိန်တွင် သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။ စီနီယာအမ ယောင်လင်းအောင် ညွှန်းဆိုသည်မှာ ဤလူဖြစ်ပေမည်။

ချွေးများက သူ၏နောက်ကျောတပြင်လုံး ရွှဲနစ်နေစေသည်။

သို့ရာတွင် သူသည် အပေါ်ယံ၌ သူ၏တည်ငြိမ်မှုကိုထိန်းသိမ်းထားကာ မေးမြန်းလိုက်၏။

"မင်္ဂလာပါ...ရွှမ်းဝူဂိုဏ်းကို ဘယ်လမ်းကသွားရတာလဲ"

သူ အလွန်အမင်း သတိထားခဲ့သည့်တိုင် အမှားလုပ်မိနေဆဲပင်။ ရွှမ်းဝူဂိုဏ်းဟူသော စကားက သူ၏နှုတ်မှ လွှတ်ခနဲထွက်သွားသည်။

'ငါတော့ သွားပြီ'

သူ စဥ်းစားတွေးတောပြီးနောက် သူ၏မျက်နှာ ဖြူရော်သွားသည်။ ဤသည်က သူ၏သရုပ်မှန်ကို ထွက်ပေါ်သွားစေခဲ့သလော။

ဤအချိန်အခိုက်အတန့်တွင် သူ၏မျက်လုံးကို အပေါက်ရာလေးသာကျန်သည်အထိ ကျုံထားကာ စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်းကို စောင့်ကြည့်နေမိသည်။ သူအား သေသည်အထိ ရီဖုန်းက ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်ဟုပင် သူ မြင်ယောင်နေသည်။

ရီဖုန်းသည် မည်သည့်အရာကိုမျှ ပြုလုပ်ခြင်းမရှိဘဲ အနည်းငယ်စိတ်ဓာတ်ကျသွားသကဲ့သို့ ခံစားနေရသည်။

ဤလူငယ်သည် လမ်းလာမေးခြင်းပင်။ ထိုလူငယ် ဤနေရာသို့ရောက်လာခြင်းမှာ တစ်ခုခုဝယ်ရန် သို့မဟုတ် သူ့ရဲ့တပည့်ဖြစ်ခွင့်ရရန်တောင်းဆိုမည်ဟု သူ တွေးထင်ခဲ့သည်။ သူ၏သိုင်းပညာခန်းမသည် အရှုံးနှင့်ရင်ဆိုင်နေရပေ၏။ သို့ရာတွင် ကူညီလိုစိတ်ရှိသော ရီဖုန်း၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျိုးမျှ ရှိမနေချေ။ သူသည် ယဥ်ကျေးသိမ်မွေ့စွာဖြင့် အသင့်တော်ဆုံးလမ်းကြောင်းကို ပြောပြလိုက်၏။

ရီဖုန်း၏အပြုအမူသည် အသေခံတပ်သား မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

မည်သည့်တုံ့ပြန်မှုမျှ မရှိသလော....

သူသည် ကြီးမားသောဟာကွက်တစ်ခုကို ထုတ်ပြခဲ့သည့်တိုင် မည်သည်ကြောင့် တုံ့ပြန်မှုမရှိသနည်း....

သူ ကြက်သေသေသွားသည်။

ရီဖုန်းကို စူးစမ်းလေ့လာကြည့်ချိန်တွင် သာမာန်ဆန်ပြီး ထူးခြားချက်မရှိသော သေမျိုးတစ်ယောက်ပင်။ ဤသည်က ဆရာကြီးတစ်ယောက် အမှန်တကယ် ဖြစ်နိုင်ပါသလော။

ကြည့်ရသည်မှာ ဘိုးဘေးနှင့်တခြားသူများ၏ထင်မြင်ချက်များ မှားယွင်းပုံပင်။ ဤသည်က ဆရာကြီးတစ်ယောက်မဟုတ်ဘဲ ထူးခြားချက်မရှိသော သာမာန်သေမျိုးတစ်ယောက်သာဖြစ်သည်။

ထိုအကြောင်းကိုတွေးတောပြီး သူက ပို၍အရဲကိုးကာ မေးမြန်းလိုက်၏။

"ဒီနေရာမှာ စီးပွားရေးလုပ်ရတာ ကောင်းပုံမရဘူး...မင်းဆီမှာ တပည့်တွေအများကြီးမရှိဘူးလို့ ငါ လောင်းရဲတယ်...ဟုတ်တယ်မလား"

ထိုစကားကိုပြောဆိုပြီးနောက် သူ၏ကျဥ်းမြောင်းသောမျက်လုံးတစ်စုံဖြင့် ရီဖုန်းကို စောင့်ကြည့်လိုက်သည်။

ဝန်ခံရလျှင် ဤနေရာကိုစုံစမ်းထောက်လှမ်းရန်အတွက် သူ့အား ရွေးချယ်ခံရခြင်းမှာ လုံလောက်စွာသတ္တိကောင်းသူတစ်ယောက်ဖြစ်ပြီး လိမ္မာပါးနပ်သောကြောင့်ပင်။ သူသည် အစောပိုင်းက ဟာကွက်တစ်ခုကို လှစ်ဟမိသော်လည်း သူ၏လျှို့ဝှက်အကြံအစည်ကို သက်ရောက်စေခြင်းမရှိချေ။

သူ၏မေးခွန်းကို ပြီးပြည့်စုံစွာ ရည်ရွယ်၍မေးမြန်းခဲ့ခြင်းဖြစ်သည်။

အပေါ်ယံ၌ ဤမေးခွန်းတွင် လှောင်ပြောင်သရော်မှုများ ပါဝင်နေသည်။ အကယ်၍ သူ အကဲဖြတ်မှားကာ ဤလူသည် အစစ်အမှန်ဆရာကြီးတစ်ယောက်ဖြစ်နေပါက ဒေါသ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါ စသဖြင့် တစ်မျိုးမျိုးဖြင့် တုံ့ပြန်လာမည်မှာ တိကျသေချာသည်။

အလားတူစွာ သူသည် ပြင်ပသို့ပြေးရန် ခြေလှမ်းပြင်ထားသည်။ အကြောင်းအရင်းမှာ သူ၏မေးခွန်းသည် တစ်စုံတစ်ယောက်၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ပြင်းထန်စွာလှုံဆော်ပေးရန် လုံလောက်ခြင်းကြောင့်ပင်။

ထိုမေးခွန်းကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာအမူအယာ အနည်းငယ်ရှက်ကို့ရှက်ကန်းဖြစ်သွားသည်။

သို့ရာတွင် ဤလူပြောသည်မှာ အမှန်ပင်။ ဤနေရာ၌ သူ၏စီးပွားရေးသည် အားရဖွယ်မရှိသဖြင့် သူ ငြင်းဆန်စရာမရှိချေ။

"ငါ မျှော်လင့်ထားသလိုပဲ"

ရီဖုန်း၏တုံ့ပြန်မှုကို မြင်တွေ့ချိန်တွင် အသေခံတပ်သားသည် သူ၏စိတ်အတွင်းမှကျိတ်၍ လှောင်ရယ်လိုက်၏။ ဤလူထံတွင် မည်သည့်တုံ့ပြန်မှုမျှမရှိသည့်အပြင် ဆရာကြီးတစ်ယောက်၏ဟန်ပန်အမူအယာမျိုးလည်း တစ်ခုတစ်လေမျှ ရှိမနေချေ။ သူ စဥ်းစားချင့်ချိန်၍ အကဲခတ်ပြီးလေပြီ။

ယောင်လင်းအာနှင့်နင်ရွှမ်းဝူတို့သည် မှားယွင်း၍ အကဲခတ်မိခြင်းသာ ဖြစ်ပေမည်။ ဤသညမှာ မည်သည့်အရည်အချင်းမျှမရှိသော သာမာန်သေမျိုးတစ်ယောက်ပင်။

စီနီယာအကိုများဖြစ်သော ဝူချန်နှင့်ဝူရှင်းတို့ သေဆုံးသွားမှုတွင် နားလည်မှုလွဲမှားခြင်းတချို့ ရှိနေနိုင်သည်။

သူသည် နောက်ထပ်စကားအနည်းငယ်ကို သာမာန်ကာလျှံကာ စကားစမြည်ပြောဆိုပြီးနောက် သူ၏ရင်ဘတ်ကိုကော့၍ အတားအဆီးမရှိ ပြန်ထွက်လာနိုင်ခဲ့သည်။ သူသည် မည်သည့်အန္တရာယ်ကိုမျှ ရင်ဆိုင်ကြုံတွေ့ရခြင်းမရှိသည့်အပြင် သူ၏အတွေးများကိုလည်း အတည်ပြုနိုင်ခဲ့လေ၏။

ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့မှုအတွက် သူ အလွန်ဂုဏ်ယူဝင့်ကြွားမိသည်။

Chapter 54

ထိုလူငယ် ထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် ရီဖုန်းသည် ခြံဝန်းအတွင်းရှိနောက်မှီကုလားထိုင်ထံပြန်သွားပြီး ထိုင်ချလိုက်စဥ်မှာပင် တံခါးပြင်ပမှနေ၍ အသံများ ထပ်မံ၍ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသည်။

ရီဖုန်း မပြုံးဘဲမနေနိုင်တော့ချေ။ ထိုအသံကို နားထောင်ပြီးနောက် မည်သူဖြစ်သည်ကို သူ သိရှိပြီးလေပြီ။ သူက တံခါးထံသို့လျှောက်လှမ်းသွားကာ တစ်ချက်ကြည့်လိုက်၏။

တိကျသေချာစွာပင်...

ဤသည်မှာ စစ်တုရင်ကစားနည်းကို ချစ်မြတ်နိုးသော်လည်း လက်ရည်ညံဖျင်းသည့် အဖိုးအိုဝူယုံဟုန်ဖြစ်နေသည်။

ဤတစ်ကြိမ်တွင် ရီဖုန်းအံ့အားသင့်သွားရသည်မှာ ဝူယုံဟုန်သည် တစ်ယောက်တည်းယောက်လာခြင်းမဟုတ်ဘဲ သူနှင့်အသက်ရွယ်တူခန့်ရှိသော တခြားအဖိုးအိုသုံးယောက်လည်း ပါဝင်နေခြင်းပင်။

အကြည့်တစ်ချက်ဖြင့်ပင် ထိုအဖိုးအိုသုံးယောက်သည် ရီဖုန်းအား မသိစိတ်မှနေ၍ သူ၏နုတ်ခမ်းကို တွန့်ကွေးသွားစေသည်။

သူတို့ကို ကြည့်ရသည်မှာ အလွန်အနုပ်စုတ်ကုပ်စုတ်နိုင်သည်။

အဖိုးအိုတစ်ယောက်၏အသားအရေသည် နက်မှောင်နေပြီး အရိုးများမြင်ရသည်အထိ ပိန်လှီနေပေ၏။ ရီဖုန်းက ထိုအဖိုးအိုသည် ကလေးဘဝကတည်းက အာဟာရချို့တဲ့ခြင်း သို့မဟုတ် တခြားကိစ္စတစ်ခုခုကြောင့်ဟု တွေးတောမိသည်။ ထိုအဖိုးအို၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကက်တီခြောက်ဆယ်(66.138ပေါင်)ခန့်ပင် အလေးချိန်မရှိနိုင်ချေ။ သူ့ကိုကြည့်ရသည်မှာ ရီဖုန်း သူ့အားထိတွေ့မည်ကို ကြောက်ရွံနေပုံပင်။ ညင်သာစွာတွန်းမိရုံဖြင့် ထိုအဖိုး၏အရိုးများကျိုးသွားနိုင်ပေရာ ဤသည်မှာ အလွန်ဒုက္ခများသောကိစ္စဖြစ်သည်။

တခြားတစ်ယောက်ကို ကြည့်ရသည်မှာ အနည်းငယ်ပို၍ကောင်းမွန်သော်လည်း သူ၏ဝတ်စုံသည် အမှန်တကယ်ကို မအပ်စပ်လှချေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်အရိုးများ သို့မဟုတ် ထိုအရာနှင့်ဆင်တူသောအရာများဖြင့် လွှမ်းခြုံထားသည်။ ထို့ထက်ပို၍ မျက်စိစူးစေသောအချက်မှာ ဦးခေါင်းခွံပုံသဏ္ဍာန် လက်မဝတ်လက်စွပ်ကြီးဖြစ်ပြီး သူ့အား တခြားကမ္ဘာလောကမှ တစ်စုံတစ်ယောက်နှင့် တူညီစေသည်။

နောက်ဆုံးတစ်ယောက်ကမူ ဆင်းရဲပုံမရချေ။ သူ၏ပါးစပ်၌ ရွှေပြားများအပြည့််ရှိနေကာ ကြီးမားသောပေသီးတွက်ခုံတစ်ခုကို သူ၏နောက်ကျော၌ လွယ်ထားပြီး ကွဲနေသောဥတစ်လုံးကို သူ၏လက်ဖြင့် အဆက်မပြတ်ပွတ်သပ်နေသည်။ သူ့ထံတွင် နားလည်ရခက်သောအမူအယာမျိုးရှိနေကာ သူ၏ခေါင်းကို မြင့်မားစွာမော့ထားသည်။ သူ၏အဝတ်အစားများသည် ယုတ္တိတန်သော်လည်း စိတ်နေသဘောထား အနည်းငယ်ကျဥ်းမြောင်းပုံရသည်။

အမှန်အားဖြင့် ဧည့်သည်များကို သူ ကောင်းကောင်းမွန်မွန် ဆက်ဆံရပေမည်။

ဤအဖိုးအိုသုံးယောက်ကို ကြည့်ရသည်မှာ အနည်းငယ်အနုတ်စုတ်ကုပ်နိုင်သော်လည်း ရီဖုန်းသည် သူတို့၏ပုံပန်းသွင်ပြင်များကိုသာကြည့်၍ အကဲဖြတ်မည်မဟုတ်ချေ။

ရီဖုန်း အနည်းငယ်ဇဝေဇဝါဖြစ်နေသည်မှာ ဤကဲ့သို့ ဆန်းကြယ်စွာဝတ်ဆင်ထားသော အဖိုးအိုများသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူလှုပ်ရှားနေကြခြင်းပင်။ သူ အစောပိုင်းက လမ်းလာမေးသောလူငယ်ကို ပြန်ပို့ချိန်တွင် သူတို့ကိုမမြင်မိဘဲ ယခုချိန်ကျမှ သူတို့အားလုံး ဗြုန်းစားကြီး ပေါ်ထွက်လာသည်မှာ အလွန်ထူးဆန်းသည်။

"ဆရာရီ..."

ဝူယုံဟုန်က ရီဖုန်းကို နှုတ်ဆက်ချိန်၌ ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။ နောက်ဆုံးတစ်ကြိမ် ခွဲခွာခဲ့ပြီးနောက် သူ ရီဖုန်းအပေါ် ခေါ်ဆိုသုံးနှုန်းမှုများ ပြောင်းလဲသွားခဲ့သည်။

"မတွေ့တာကြာပြီ...ကျေးဇူးပြုပြီးတော့ အထဲဝင်ပြီး ထိုင်ကြံပါအုံး"

ရီဖုန်းက အပြုံးနှင့် အတွင်းသို့ဝင်ရန် သူတို့ကို ဖိတ်ခေါ်လိုက်၏။

"ဟုတ်ကဲ့"

ဝူယုံဟုန်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် အစပထမ၌ အလွန်စိုးရိမ်ကြောင့်ကြနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် မည်သည့်ကြိုတင်အသိပေးမှုမျှမရှိဘဲ လူစိမ်းသုံးယောက်ကို ခေါ်ဆောင်လာခဲ့မိသည်။ ဤသည်ကြောင့် ရီဖုန်း စိတ်မကြည်မသာဖြစ်သွားမည်ကို သူ ထိတ်လန့်ကြောက်ရွံနေခဲ့သည်။ ယခုချိန်၌ ရီဖုန်းသည် သူ တွေးတောထားသည်ထက် ပို၍သဘောထားကြီးပုံရပေ၏။

"ဝင်ကြစို့....ဝင်ကြစို့...ဆရာရီက ငါတို့ကို အထဲဝင်ဖို့ ဖိတ်ခေါ်နေပြီ"

ထိုအကြောင်းကို တွေးတောရင်း ဝူယုံဟုန်သည် တခြားလူသုံးယောက်ကို အလျင်စလို တိုက်တွန်းနှိုးဆော်လိုက်သည်။

သို့ရာတွင် ထိုလူသုံးယောက်သည် ရှေ့သို့ရွေ့လျားခြင်းမပြုချေ။ ထိုအစား သူတို့က သံသယအပြည့််ဖြင့် ဝူယုံဟုန်ကို ကြည့်နေကြသည်။

ဤနေရာသို့အလာလမ်းတွင် ရီဖုန်းသည် သူတော်စင်အဆင့်နတ်ဘုရားထွန်ခြစ်ကိုပင် လွယ်လင့်တကူ ထုတ်ပေးနိုင်သည်အထိ အစွမ်းထက်သူဖြစ်ကြောင်း ဝူယုံဟုန်၏ကြွားဝါမှုများကို သူတို့ နားထောင်ခဲ့ရသည်။ ထို့ကြောင့် သူတို့သည် ဝူယုံဟုန်၏စကားကို အတိုင်းအတာတစ်ခုထိ ယုံကြည့်ခဲ့ကြကာ ရီဖုန်းအပေါ် လေးစားမှုပြသရန်အတွက် သူတို့အားလုံး ရောက်ရှိလာခြင်းဖြစ်သည်။

သို့ရာတွင် ယခုချိန်၌ ဤနေရာ၏အခြေအနေကိုကြည့်ပြီးနောက် သူ ပြောဆိုခဲ့သည့်အတိုင်း မဟုတ်သည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့မိလေ၏။

သူတို့၏မျက်လုံးရှေ့ရှိလူငယ်ကို သူတို့သည် မည်သို့ပင်ကြည့်စေကာမူ သာမာန်သေမျိုးတစ်ယောက်ပင်။

"ငါ မင်းတို့ကို ဘယ်လိုလုပ်ပြီးတော့ ရှင်းပြနိုင်မှာလဲ"

ဝူယုံဟုန်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"မင်းတို့ကောင်တွေ သူ့ရဲ့ကျင့်ကြံဆင့်ကို ထွင်းဖောက်မမြင်နိုင်တာကို မပြောနဲ့....ငါတောင်မှ မမြင်နိုင်ဘူး"

"ကောင်းပြီလေ...တကယ်လို့ မင်းရဲ့စကားအရဆိုရင် သူ့ဆီမှာ သိုင်းစိတ်ဆန္ဒတွေပါဝင်နေတဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်လို့ မင်း ပြောခဲ့တယ်မဟုတ်လား....အဲ့ဒီဆိုင်းဘုတ်က ဘယ်နေရာမှာလဲ"

ပိန်လှီလှီအဖိုးအိုက မေးမြန်းသည်။

"ဒါက...."

ဝူယုံဟုန်၏မျက်နှာအမူအယာ ကိုးရို့ကားရားဖြစ်သွားကာ သူက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။ အမှန်တကယ်ကိုပင် တံခါးဝ၌ ဗလာဟင်းလင်းဖြစ်နေသည်။

"ဒါ...ဒါက...အဲ့ဒီဟာကို ဆရာရီက ယာယီဖြုတ်ထားတာဖြစ်မယ်....ဒါကို တွေးမနေကြနဲ့တော့....ဆရာရီက ငါတို့ကို အထဲဝင်ဖို့ ဖိတ်ခေါ်ထားမှတော့ ငါတို့ မြန်မြန်ဝင်သင့်တယ်"

ဝူယုံဟုန်က စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

တခြားအဖိုးအိုသုံးယောက်သည် ရှေ့သို့တိုးရန် တွေဝေတုံ့ဆိုင်းနေဆဲပင်။

သူတို့သည် အရေးပါသော တည်ရှိမှုကြီးများဖြစ်သည်။ အကယ်၍ ဤနေရာတွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် အမှန်တကယ်ရှိနေပါက အဆင်ပြေပေလိမ့်မည်။ သို့ရာတွင် အကယ်၍ သာမာန်လူတစ်ယောက်သာ ဖြစ်နေပါက သူတို့ကို ဝင်ထိုင်ခိုင်းရန် သူ့ထံ၌ မည်သည့်အခွင့်အရေးမျှမရှိချေ။

"မင်းတို့....မင်းတို့ကတော့ တကယ်ပဲ....."

ဝူယုံဟုန်က ဒေါသတကြီးဖြင့် ထိုအဖိုးအိုသုံးယောက်ကို ပြောဆိုလိုက်၏။

"နှစ်တွေအများကြီးကြာခဲ့တာတောင် ငါ မင်းတို့ကို လိမ်ခဲ့ဖူးလို့လား...တကယ်လို့ မင်းတို့ ငါ့ကို မယုံဘူးဆိုရင်....အထဲကိုအတူတူဝင်ပြီးတာနဲ့ မင်းတို့ကိုယ်တိုင် ကြည့်ကြစမ်း"

ထိုစကားကိုကြားချိန်တွင် အဖိုးအိုသုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ဝူယုံဟုန်သည် လိမ်လည်နေပုံမရသည့်အပြင် သူ ကိုင်ဆောင်ထားသော သူတော်စင်အဆင့်နတ်ဘုရားထွန်ခြစ်သည်လည်း အစစ်အမှန်ပင်။

သူတို့သည် ဤနေရာသို့ရောက်ရှိပြီးဖြစ်လေရာ အတွင်းသို့ဝင်ပြီး တစ်ချက်ကြည့်ရုံမျှဖြင့် မည်ူည့်ထိခိုက်နစ်နာမှုမျိုးမျှ ရှိမည်မဟုတ်ချေ။

သူတို့လေးယောက်သည် နောက်ဆုံး၌ သိုင်းပညာခန်းမထံသို့ဦးတည်၍ လျှောက်လှမ်းခဲ့ကြတော့သည်။

Chapter 55

ဝူယုံဟုန်သည် သူ၏စိတ်အတွင်းမှနေ၍ အနည်းငယ်စိတ်လှုပ်ရှားသကဲ့သို့ ခံစားမိသည်။

သူ့ထံတွင် တခြားမျှော်လင့်ချက်တချို့လည်း ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရီဖုန်း၏သိုင်းပညာခန်းမအတွင်းသို့ သူ ဝင်ရောက်သည့် ပထမဆုံးအကြိမ်ဖြစ်သဖြင့် အတွင်း၌ မည်သို့ရှိသည်ကို သူ အလွန်သိချင်စိတ်ပြင်းပြနေပေ၏။

သို့ရာတွင် သူ တံခါးဝသို့ရောက်ရှိစဥ်တွင် တစ်စုံတစ်ခုပေါ်သို့ နင်းဖြတ်မိပုံရကာ သူ၏ခန္ဓာကိုယ်တုန်ရီသွားသည်။

ထို့နောက် သူ အောက်သို့ငုံကြည့်လိုက်သည်။

ရုတ်တရက် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

ထိုအခြင်းအရာကို မြင်တွေ့ချိန်တွင် သူနှင့်အတူအဖော်ပါလာသော အဖိုးအိုများက လှမ်းကြည့်ပြီးနောက် အလေးမစိုက်ကြချေ။ ဤသည်က ကျိုးပဲ့နေသော ကျောက်တုံးတစ်တုံးပင်။ ထိုအရာကို မြင်တွေ့ရသည်အား မည်သည်ကြောင့် အံ့အားသင့်သွားသနည်း.....

အမ်...

သူတို့သည် ထိုကျောက်တုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့မိချိန်တွင် သူတို့အားလုံး၏ခန္ဓာကိုယ်များ တောင့်တင်းသွားသည်။

သူတို့၏ပါးစပ်များ ကျယ်လောင်စွာပွင့်ဟသွားကာ သူတို့၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။

ဝူယုံဟုန်၏ခြေထောက်အောက်ရှိ ကျောက်တုံးသည် ကောင်းကင်တုန်ဟီးကျောက်တုံး ဖြစ်ပုံရသည်။

ထို့ပြင် ဤနေရာတွင် နေရာချထားသည်မှာ ထိုကျောက်တုံးကို လှေကားထစ်နေရာ၌ဖြည့်ရန် အသုံးပြုထားပုံပင်။

သူတို့လေးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချက်ချင်းဆိုသလိုပင် လေအေးတစ်ချက်စီ ရှိုက်သွင်းလိုက်ကြသည်။ ကောင်းကင်တုန်ဟီးကျောက်တုံးကို လှေကားထစ်များနေရာတွင်ဖြည့်ရန် အသုံးပြုခြင်းသည် မည်မျှထိကြီးမားသောအရှိန်အဟုန်ဖြစ်သနည်း....

သူတို့ထံတွင် ဤကဲ့သို့ရတနာများ ရှားပါးခြင်းမရှိသည့်တိုင် ကောင်းကင်တုန်ဟီးကျောက်တုံးများသည် ဧကရာဇ်အဆင့်ရတနာများအဖြစ် ရှိနေဆဲပင်။ သူတို့သည် ထိုအရာများကို ဂရုတစိုက်သိမ်းဆည်းထားကာ တစ်ခါတစ်ရံတွင် ဝှက်ဖဲတစ်ချပ်အနေဖြင့်ပင် ထုတ်ဖော်အသုံးပြုပေ၏။

သို့ရာတွင် ဤလူသည် ထိုကျောက်တုံးကို လှေကားထစ်နေရာတွင် အသုံးပြုထားခဲ့သည်။

သူတို့လေးယောက် ထိတ်လန့်တုန်လှုပ်နေစဥ်မှာပင် ပေသီးအဖိုးအိုသည် အမှုမဲ့အမှတ်မဲ့ဖြင့် တခြားတစ်စုံတစ်ခုကို တွေ့မြင်ပြီးနောက် သူ၏နှလုံးခုန်သံ တဒုတ်ဒုတ်လျှင်မြန်သွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး တခြားသူများသည်လည်း သူတို့၏မျက်လုံးအကြည့်များကို ထိုနေရာသို့ အလျှင်အမြန် ရွှေ့ပြောင်းလိုက်ကြသည်။

ဒါက...

သူတို့အားလုံး၏မျက်လုံးအိမ်များ ကျွတ်ထွက်လုမတတ်ပင်။

တခြားဧကရာဇ်အဆင့် ရတနာတစ်ခုဖြစ်နေသည်။

ပျံလွှားဝတ်ရုံ.....

မည်သည်ကြောင့် ပျံလွှားဝတ်ရုံသည် ညစ်ပေနေပြီး ဤနေရာတွင် တွဲလွဲဆွဲခြင်းခံထားရသနည်း....

ထိုအဖိုးအိုလေးယောက်သည် နှေးတိနှေးတုံ့ဖြင့် လမ်းလျှောက်နေသည်ကိုကြည့်ပြီး ရှေ့မှဦးဆောင်သွားနေသော ရီဖုန်းက နောက်သို့ပြန်လှည့်ကြည့်လိုက်သည်။ ထိုအဖိုးအိုများသည် အဝတ်စုတ်တစ်ခုကို အထူးအဆန်းလုပ်၍ ကြည့်နေကြသည်ကို သူ မြင်တွေ့မိလေ၏။

"လူအိုကြီးတွေ...အဲ့ဒါက အဝတ်စုတ်တစ်ခုလေ...ဘာကောင်းလို့ ကြည့်နေကြတာလဲ"

ရီဖုန်းက ဇဝေဇဝါဖြစ်သွားပြီး ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်သည်။

"အဝတ်စုတ်လား...."

"ဖုန်သုတ်တဲ့အဝတ်လား...."

ရီဖုန်း၏စကားများသည် ထိုအဖိုးအိုများ၏မေးများကို အောက်သို့ပြုတ်ကျသွားလုမတတ် ထိတ်လန့်တုန်လှုပ်သွားစေသည်။

ကောင်းကင်တုန်ဟီးကျောက်တုံးကို လှေကားထစ်အနေဖြင့်....

ပျံလွှားဝတ်ရုံကို ဖုန်သုတ်သည့်အဝတ်စုတ်အနေဖြင့်...

ကျွတ်...ကျွတ်...

ဤပုံစံသည်.....

ဧကရာဇ်အဆင့်ရတနာများကို အရေးမထားသည်မှာ သိုင်းသူတော်စင်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူ ဖြစ်နေနိုင်သည်။

သူတို့လေးယောက်၏စိတ်နှလုံးသားများအတွင်းတွင် ဤဆုံးဖြတ်ချက်ကို ချက်ချင်းချမှတ်ပြီးလေပြီ။

ရီဖုန်းသည် သိုင်းသူတော်စင်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု သိရှိပြီးနောက် ဝူယုံဟုန် ခေါ်ဆောင်လာသော အဖိုးအိုသုံးယောက်၏စိတ်သဘောထားများ တစ်ဆစ်ချိုးပြောင်းလဲသွားသည်။ သူတို့သည် အလွန်အမင်း ရိုသေလေးစားစပြုလာကာ ဝူယုံဟုန်ကို ဒေါသတကြီး စူးစိုက်၍ကြည့်လိုက်ကြ၏။

"ကောင်းသားပဲ လူအိုကြီးဝူ....မင်း ငါတို့ကို ဘာလို့ရှင်းရှင်းလင်းလင်း ကြိုမပြောတာလဲ"

"အမှန်ပဲ....ငါတို့ ခုဏက သိုင်းသူတော်စင်ဆရာကြီးကို အပြစ်ပြုမိလုနီးပါးပဲ"

"ဟမ့်....တကယ်လို့ ခုဏက ငါတို့ရဲ့အပြုအမူတွေကြောင့် သိုင်းသူတော်စင်ဆရာကြီး စိတ်ဆိုးသွားရင် မင်း ရှောင်ထွက်နိုင်မယ်မထင်နဲ့"

"မင်း....မင်းတို့ ပါးစပ်တွေက ရာသီလာနေကြတာလား"

ဝူယုံဟုန်သည် အလွန်ဒေါသထွက်သွားကာ သူ၏မျက်နှာ ပြာနှမ်းသွားသည်။ သူက ခါးသည်းသောလေသံဖြင့် ပြောဆိုသည်။

"ငါ ဒါကို ပြောခဲ့လား မပြောခဲ့ဘူးလား....လမ်းတလျှောက်လုံး ငါ ဒါကို ပြောခဲ့တယ်မဟုတ်လား...ငါ အကြိမ်ပေါင်းထောင်နဲ့ချီပြီး အမောဆို့တဲ့အထိ ပြောခဲ့တာတောင် မင်းတို့မယုံကြဘူးလေ"

"ဟမ့်..."

အဖိုးအိုသုံးယောက်သည် ဒေါသတကြီး နှာမှုတ်ပြီးနောက် သူတို့၏ခေါင်းများကိုငုံ၍ ရိုသေလေးစားစွာဖြင့် ရီဖုန်း၏နောက်သို့ လိုက်သွားတော့သည်။

"ဆရာသခင်ကို နှုတ်ဆက်ပါတယ်"

အရှေ့ခန်းမသို့ဝင်ရောက်ပြီးနောက် ကျုံးချင်သည် လှေကားတစ်စင်းပေါ်တက်၍ အစောပိုင်းကဖြုတ်ချထားသော လက်နက်ပန်းချီစာလိပ်တစ်ဆယ့်ရှစ်လိပ်အား ပြန်လည်ချိတ်ဆွဲနေသည့်မြင်ကွင်းကို သူတို့ မြင်တွေ့လိုက်ရသည်။ ဤအချိန်အခိုက်အတန့်တွင် သူသည် နောက်ဆုံးပန်းချီစာလိပ်ကို ချိတ်ဆွဲပြီးဖြစ်သဖြင့် လှေကားမှတဆင့် အောက်သို့ဆင်းလာသည်။

"ငါ့ရဲ့တပည့်လေးက အရမ်းအလုပ်ကြိုးစားတာပဲ...ငါတို့ဆီကို ဧည့်သည်တွေရောက်နေတယ်...ကျေးဇူးပြုပြီးတော့ သူတို့ထိုင်ဖို့ ခွေးခြေခုံလေးတွေ ယူလာပေးပါအုံး"

ရီဖုန်းက နူးညံညင်သာစွာ ပြောဆိုသည်။

"ဟုတ်ကဲ့ပါ ဆရာသခင်"

ကျုံးချင်သည် နာခံရို့ကျိုးစွာဖြင့် ခွေးခြေခုံတချို့ယူရန် အတွင်းခန်းသို့ ဝင်သွားလေ၏။

ရီဖုန်းက နောက်သို့လှည့်ကာ အပြုံးနှင့်ပြောဆိုသည်။

"အထဲမှာ ပစ္စည်းတချို့ကို အခြောက်ခံနေတာ...မင်းတို့ အနေအထိုင် နည်းနည်းကျဥ်းကြပ်သွားလိမ့်မယ်...ဒါကြောင့် အရှေ့ခန်းမထဲမှာပဲ ခဏလောက် ထိုင်ကြစို့"

"ဆရာကြီးက အရမ်းသဘောကောင်းတာပဲ"

ထိုအဖိုးအိုလေးယောက်သည် ခေါင်းညိတ်ပြကာ နောက်ဆုံး၌ အရှေ့ခန်းမအတွင်းသို့ ခြေချလိုက်ကြသည်။

လက်နက်ပန်းချီကားတစ်ဆယ့်ရှစ်လိပ်သည် သူတို့၏မျက်လုံးအတွင်း၌ ကြီးမားလာကာ အကန့်အသတ်မရှိသော သိုင်းစိတ်ဆန္ဒများနှင့်တာအိုစွမ်းအားများသည် တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါနှင့် တွဲဖက်၍ အရှေ့ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသည်။

"ဘာလဲဟ..."

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အဖိုးအိုလေးယောက်သည် တစ်ချိန်တည်းဆိုသလိုနီးပါး နေရာမှာပင် ကြက်သေသေသွားသည်။

ဤအချိန်အခိုက်အတန့်တွင် အကန့်အသတ်မရှိသော သိုင်းစိတ်ဆန္ဒများနှင့်တာအို၏စွမ်းအားများသည် သူတို့အား ကြီးမားသောအကျိုးကျေးဇူးများကို စုပ်ယူခွင့်ပြုပုံရသည်။ နှစ်ပေါင်းရာနှင့်ချီ၍ တစ်ဆို့နေသော သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များမှ အတားအဆီးများ အနည်းငယ်ပြေလျော့သွားသည်ကို သူတို့အားလုံး ရှာဖွေတွေ့ရှိမိလေ၏။

ဤလူသည် မည်သူဖြစ်သနည်း....

ဤအချိန်အခိုက်အတန့်တွင် ဝူယုံဟုန်ကိုယ်တိုင်ပင် မသေချာမရေရာမှုကို ခံစားနေရသည်။

ယခင်က သူသည် ရီဖုန်းကို သူ သိုင်းဘိုးဘေးနယ်ပယ် ကျင့်ကြံသူထက် နယ်ပယ်ကြီးတစ်ဆင့်မြင့်သော သိုင်းသူတော်စင်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ယခုချိန်၌ ကြည့်ရပုံမှာ မည်သည်ကြောင့် ရီဖုန်းသည် သိုင်းသူတော်စင်တစ်ယောက်သာ ဖြစ်နေနိုင်မည်နည်း....

ထိုသို့ဆိုပါက သိုင်းအင်ပါယာတစ်ယောက်ဖြစ်နေသလော...

မဟုတ်သေး...သိုင်းနတ်ဘုရား....

သို့ရာတွင် သိုင်းနတ်ဘုရားများပင်လျှင် ဤကဲ့သို့ ကြီးမားသောအရှိန်အဟုန်မျိုး ရှိပုံမရလေရာ အထက်ဘုံမှဆင်းသက်လာသော မြင့်မြတ်သည့်မသေမျိုးတစ်ယောက်ဖြစ်နေသလော....

အင်မော်တယ်...

ဟူး...

သူတို့အားလုံး လေအေးတစ်ချက်စီ ရှိုက်သွင်းလိုက်ကြသည်။

ဤစကားလုံးသည် သူတို့အတွက် လက်လှမ်းမမီနိုင်သောအရာပင်။

ရီဖုန်းသည် အထက်ဘုံမှ အင်မော်တယ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်သည်ဟု တွေးတောမိချိန်တွင် သူတို့အားလုံး၏သွေးများ ဆူပွက်လာသည်။

အံ့အားသင့်စရာ မရှိတော့ချေ။

သူသည် သာမာန်သေမျိုးတစ်ယောက်နှင့် တူညီနေသည်မှာ အံ့အားသင့်စရာမရှိတော့ပေ။

ဤအချိန်ကျမှသာ သူတို့လေးယောက်သည် နားလည်သဘောပေါက်သွားကာ နောက်ဆုံး၌ ရီဖုန်း၏ကျင့်ကြံဆင့်ကို သူတို့ထွင်းဖောက်မမြင်နိုင်ခဲ့သော အကြောင်းအရင်းကိုလည်း ရှာဖွေ့တွေ့ရှိသွားသည်။

"ကျေးဇူးပြုပြီးတော့ ထိုင်ကြပါအုံး"

ခွေးခြေခုံများကို ယူဆောင်လာပြီးနောက် ရီဖုန်းသည် အဖိုးအိုလေးယောက်ကို လက်ကမ်းပေးကာ ပြောဆိုလိုက်၏။

"ဒီနေရာမှာ ခဏနေကြအုံး...ငါ မင်းတို့သောက်ဖို့ ရေသွားယူလိုက်အုံးမယ်"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် အနောက်ဘက်ခြံဝန်းသို့ဦးတည်၍ ထွက်ခွာသွားတော့သည်။

ရီဖုန်း ထွက်ခွာသွားသော အချိန်အခိုက်အတန့်တွင် ထိုအဖိုးအိုလေးယောက်လုံး ချက်ချင်းလှုပ်လှုပ်ရွရွဖြစ်သွားသည်။

"သိုင်းစိတ်ဆန္ဒ...သိုင်းစိတ်ဆန္ဒ...ဒီလောက်ထိအစွမ်းထက်တဲ့ သိုင်းစိတ်ဆန္ဒမျိုး....ငါ ဒီလိုအစွမ်းထက်တဲ့သိုင်းစိတ်ဆန္ဒမျိုးကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး...နှစ်ရာနဲ့ချီပြီး တစ်ဆို့နေတဲ့ ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်အတားအဆီးတွေတောင် နည်းနည်းပြေလျော့သွားပြီ"

"အမှန်ပဲ....ငါလည်း ပြေလျော့သွားပြီ...ဒါပေမယ့် ကံဆိုးချင်တော့ ဒီလိုကြီးမားတဲ့ အခွင့်အရေးကြီးရတာတောင်...ငါ ဒါကို ခုထိမချေဖျက်နိုင်သေးဘူး"

"ငါ...ငါ အပြင်မှာ ပြန်သွားထိုင်တော့မယ်"

ဝူယုံဟုန်က ချွေးသီးချွေးပေါက်များပြည့်နေသောမျက်နှာဖြင့် ပြောဆိုသည်။

သူ၏အသံ ကျရောက်လာသောအချိန်မှာပင် ပိန်လှီလှီအဖိုးအိုသည် သူ၏ခွေးခြေခုံကိုသယ်၍ ပြင်ပသို့ပြေးထွက်သွားတော့သည်။

တခြားသူများသည် တွန့်ဆုတ်နေသော်လည်း ဤအရာကို သူတို့ မည်သို့မျှမချေဖျက်နိုင်သည်ကို သိရှိကြသဖြင့် သူတို့၏ခွေးခြေခုံများကိုသယ်ဆောင်ကာ တံခါး၏ပြင်ပ၌ ထိုင်လိုက်ကြ၏။

"အမ်... မင်းတို့အားလုံး ဘာလို့ အပြင်ကို ရောက်သွားကြတာလဲ"

ရေခရားတစ်လုံးကိုယူဆောင်လာသော ရီဖုန်းက ဇဝေဇဝါဖြစ်သွားကာ မေးမြန်းလိုက်သည်။

ထိုစကားကိုကြားချိန်တွင် သူတို့သည် ရီဖုန်းကို ကျေးဇူးတင်ရုံသာမက ရှက်ရွံမှုလည်းရောယှက်နေသော မျက်နှာအမူအယာများဖြင့် ကြည့်လိုက်ကြသည်။

ဤသည်မှာ ရီဖုန်းမှနေ၍ သူတို့အားပေးအပ်သော အခွင့်အရေးဟု သိရှိသော်လည်း ကံအကြောင်းမလှစွာဖြင့် သူတို့၏အရည်အချင်းသည် လုံလောက်ခြင်းမရှိချေ။ အချိန်တိုအတွင်းမှာပင် သူတို့သည် တောင့်ခံနိုင်စွမ်းမရှိတော့သဖြင့် ခါးသည်းသောမျက်နှာများဖြင့် ရှင်းပြရုံသာတတ်နိုင်သည်။

"အမ်...အင်း...ဒါက အပြင်ကရှုခင်းတွေက ကြည့်ကောင်းလို့ပါ.....အပြင်မှာ ရှုခင်းကောင်းတယ်လေ...."

"ဟား ဟား ဟား...ဟုတ်တယ်...အပြင်မှာ ရှုခင်းကောင်းတယ်"

တခြားသူများသည်လည်း ရောယောင်၍ ရယ်မောလိုက်ကြ၏။

"ဒါဆိုရင်လည်း ကောင်းပြီလေ"

ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ ထိုအဖိုးအိုများသည် မည်သို့ပင်ဆိုစေကာမူ အသက်ရနေပြီဖြစ်သဖြင့် နေပူဆာလှုံလိုခြင်းဖြစ်မည်ဟု သူ နားလည်သဘောပေါက်သွားသဖြင့် ရေခရားကို အောက်သို့ချကာ ပြောဆိုသည်။

"စစ်တုရင်နှစ်ပွဲလောက် ဆော့ကြရအောင်....ဒီမှာ ခဏစောင့်ကြအုံး...ငါ သွားယူလိုက်အုံးမယ်"

"ဟုတ်ကဲ့...ဟုတ်ကဲ့"

အဖိုးအိုလေးယောက်သည် အဆက်မပြတ် ခေါင်းညိတ်လိုက်ကြသည်။

ထိုအချိန်မှာပင် ကျုံးချင်သည် ခြောက်သွေ့သွားသော ဆိုင်းဘုတ်ကို သယ်ဆောင်လာကာ လှေကားကိုအသုံးပြု၍ ထိုအရာကို နဂိုနေရာ၌ ပြန်လည်ချိတ်ဆွဲလေ၏။

ရုတ်ချည်းဆိုသလိုပင် ထိုအဖိုးအိုလေးယောက်သည် ဆိုင်းဘုတ်မှလာသော အားကောင်းသည့် သိုင်းစိတ်ဆန္ဒကို ခံစားမိသည်။ ကံကောင်းထောက်မစွာဖြင့် ဆိုင်းဘုတ်မှလာသော သိုင်းစိတ်ဆန္ဒသည် အရှေ့ခန်းမလောက် ပြင်းထန်ခြင်းမရှိချေ။ ထိုအရာသည် သူတို့ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိပေ။

အဖိုးအိုလေးယောက်၏မျက်လုံးများ တောက်ပသွားသည်။

ကျေးဇူးတင်မှု အပြည့်နှင့်....

ကြည့်ရသည်မှာ စီနီယာသည် အရှေ့ခန်းမအတွင်းရှိ သိုင်းစိတ်ဆန္ဒများကို သူတို့ လေ့လာဆင်ခြင်ခြင်း မပြုနိုင်သည်အား နားလည်သဘောပေါက်ပုံရသည်။ ထို့ကြောင့် သူတို့ လေ့လာနိုင်ရန်အတွက် ဆိုင်းဘုတ်ကို ဤနေရာ၌ အထူးသီးသန့် ချိတ်ဆွဲစေခြင်းဖြစ်ပေမည်။

"ဒီလို ကြင်နာမှုမျိုး..."

"ဒီလို သဘောထားကြီးမှုမျိုး...."

"ငါက စီနီယာရဲ့ကြင်နာမှုမှာ မကျရှုံးဘဲ မနေနိုင်တော့ဘူး"

အဖိုးအိုလေးယောက်သည် မျက်ရည်များရစ်ဝိုင်းသည်အထိ စိတ်လှုပ်ရှားနေကြ၏။

သူတို့သည် ခွေးခြေခုံလေးများကိုရွှေ့၍ လိမ္မာရို့ကျိုးစွာဖြင့် အတန်းလိုက်ထိုင်ကာ ဆိုင်းဘုတ်မှသိုင်းစိတ်ဆန္ဒကို တိတ်တဆိတ် လေ့လာဆင်ခြင်လိုက်ကြသည်။

All Chapters