အခန်း (၅၆-၆၀)
Vol. 4 Ch. 56-60
Chapter 56
ခြံဝန်းတစ်ခုအတွင်း၌....
ဤနေရာသည် ပင်ကျင်းမြို့သို့ရောက်လာပြီးနောက် နင်ရွှမ်းဝူ၏ယာယီအခြေစိုက်စခန်းပင်။
ခန်းမအတွင်း၌ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေသည်။
နင်ရွှမ်းဝူသည် အဓိကထိုင်ခုံပေါ်၌ သုန်မှုန်နေသော မျက်နှာအမူအယာဖြင့်ထိုင်နေကာ ယောင်လင်းအာနှင့်တခြားသူများသည်လည်း တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကြပြီး အသေခံတပ်သားထံမှသတင်းကို စောင့်ဆိုင်းနေကြ၏။
"ဆရာသခင်...သူ အောင်အောင်မြင်မြင် ပြန်လာနိုင်မယ်လို့ ထင်လား"
နောက်ဆုံး၌ ယောင်လင်းအာသည် ဆက်လက်၍စောင့်ကြည့်မနေနိုင်တော့ချေ။ သူမ၏လှပသောမျက်ခုံးတစ်စုံကိုကျုံ၍ မတ်တတ်ထရပ်ကာ မေးမြန်းလိုက်သည်။
နင်ရွှမ်းဝူသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်း၌ တူညီသော မသေချာမရေရာမှုများရှိနေသည်။
ထိုအသေခံတပ်သား သတင်းအချက်အလက်များ သွားရောက်စုဆောင်းနေသည့် အချိန်အတောအတွင်းတွင် သူ၏စိတ်တည်ငြိမ်စေရန် အလွန်ထိန်းသိမ်းထားရကာ များစွာစဥ်းစားခဲ့ရသည်။
သူသည် ဘိုးဘေးတစ်ယောက်ဖြစ်သော်လည်း သူ၏တပည့်နှစ်ယောက်ဖြစ်သော ကျင်းဝူချန်နှင့်ကျင်းဝူရှင်းတို့၏ ပါရမီအရည်အချင်းသည် သူ့ထက်ပို၍ မြင့်မားကြောင်း သူ နက်ရှိုင်းစွာသိရှိထားသည်။ သူတို့သည် သူ ငယ်ရွယ်စဥ်ကထက်သာလွန်ကာ ယခုချိန်တွင် သူတို့သည် သိုင်းဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။
သိုင်းဝိညာဥ်နယ်ပယ်....
နန်ရှားနယ်မြေတခွင်လုံးတွင် သူတို့သည် နက်နဲသိမ်မွေ့သော တည်ရှိမှုကြီးများဖြစ်သည်။
ထို့ပြင် သူတို့၏လက်အတွင်း၌ ကောင်းကင်ဝါးမျိုကျောက်တုံးနှင့်ပျံလွှားဝတ်ရုံတို့ရှိနေသဖြင့် သိုင်းဘုရင်နယ်ပယ်သို့ ခြေချပြီးသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေသူနှင့် ရင်မဆိုင်ရသရွေ့ သူတို့ထံတွင် ထွက်ပြေးလွတ်မြောက်နိုင်သော အခွင့်အရေးတစ်ခုရှိသည်။
တစ်နည်းဆိုရလျှင် အကယ်၍ သူကိုယ်တိုင်လှုပ်ရှားလျှင်ပင် ကျင်းဝူချန်နှင့်ကျင်းဝူရှင်းတို့ကို လွယ်လင့်တကူသတ်ဖြတ်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် သူတို့နှစ်ယောက်လုံးသည် ထိုလူ၏လက်အတွင်း၌ အရိပ်အယောင်ပင်မကျန်ရှိဘဲ သေဆုံးသွားခဲ့ရသည်။
ထို့ပြင်...
ကောင်းကင်တုန်ဟီးကျောက်တုံးနှင့်ပျံလွှားဝတ်ရုံတို့သည် ဧကရာဇ်အဆင့်ရတနာများပင်။ သိုင်းဘုရင်များမဆိုထားနှင့် သိုင်းဧကရာဇ်များပင်လျှင် ဤအရာများကို အဖိုးမဖြတ်နိုင်သောရတနာများအဖြစ် သဘောထားကြပေမည်။ မည်သည်ကြောင့် ထိုလူသည် ဤရတနာများကို အနည်းငယ်မျှပင် အလေးမထားသနည်း။
ထိုလူသည် ရွှမ်းဝူဂိုဏ်းကို အရှက်ခွဲလိုရုံသက်သက်မှာလည်း မဖြစ်နိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဧကရာဇ်အဆင့်ရတနာနှစ်ပါးပင်။
ဖြစ်နိုင်ချေအများဆုံးအချက်မှာ ထိုလူသည် ကောင်းကင်တုန်ဟီးကျောက်တုံးနှင့် ပျံလွှားဝတ်ရုံတို့ကို အမှန်တကယ်ကို ဂရုမစိုက်ခြင်းပင်။
ထိုအချက်နှစ်ချက်ကို တွေးတောကြည့်ပါက ထိုလူ၏ကျင့်ကြံဆင့်သည် အနိမ့်ဆုံးအနေဖြင့် သိုင်းဘုရင်နယ်ပယ်သို့ နှစ်ပေါင်းများစွာကြာအောင် ချိုးဖျက်ဝင်ရောက်ပြီးသောအဆင့်၌ ရှိနေပေမည်။ ထို့ထက်ဖြစ်နိုင်ချေများသည်မှာ သူသည် သိုင်းဧကရာဇ် သို့မဟုတ် ထိုထက်ပို၍အဆင့်မြင့်သော သိုင်းဘိုးဘေး သိုင်းသူတော်စင်နယ်ပယ်၌ပင် ရှိနေနိုင်သည်။
သို့ရာတွင် မည်သည့်အဆင့်မျိုး၌ရှိနေပါစေ နင်ရွှမ်းဝူသည် ထိုလူနှင့်ရင်ဆိုင်ရန်အတွက် အခိုင်အမာယုံကြည်ချက်မရှိချေ။
ထိုအကြောင်းကိုတွေးတောရင်း သူ၏မျက်နှာအမူအယာ ပို၍သုန်မှုန်လာသည်။
တစ်ချိန်တည်းမှာပင် ထိုအသေခံတပ်သားသည် ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်မည်ဟု သူ ယုံကြည်ချက်မရှိတော့ချေ။
နင်ရွှမ်းဝူ၏မျက်နှာအမူအယာကိုကြည့်ပြီး ခန်းမအတွင်း၌ တဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်း၏မျက်နှာများသည်လည်း တည်ကြည်လေးနက်သွားပေ၏။
နင်ရွှမ်းဝူသည်လည်း သူတို့နှင့်တူညီစွာပင် ထိုပြဿနာကို စဥ်းစားတွေးတောနေသည်မှာ သိသာထင်ရှားသည်။
ထိုအသေခံတပ်သား ပြန်လာနိုင်ရန်မှာ မသေချာချေ။
သို့ရာတွင် လူတိုင်း စိတ်ဓာတ်ကျနေစဥ်မှာပင် အစေခံတစ်ယောက်က ပြေးဝင်လာပြီး သတင်းပို့သည်။
"ဆရာသခင် ရှုခွန်း ပြန်လာပြီ"
ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် ကြက်သေသေသွားကာ မသိစိတ်မှနေ၍ ပြင်ပသို့ပြေးထွက်ပြီး ကြည့်လိုက်ကြသည်။
ဤသတင်းသည် သူတို့အတွက် အလွန်ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာပင်။
သူတို့အားလုံး တံခါးဝသို့ ရောက်ရှိချိန်တွင် အသေခံတပ်သားအဖြစ် စေလွှက်လိုက်သော ရှုခွန်းရှိနေသည်ကို မြင်တွေ့မိလေ၏။ ဤအချိန်အခိုက်အတန့်တွင် ရှုခွန်း၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေကာ အလွန်စိတ်အားတက်ကြွနေပုံရသည်။
ဤခရီးကို သူ ချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
သူသည် မည်သည့်အန္တရာယ်မျှ မတွေ့ခဲ့ရုံသာမက သာမာန်တပည့်တစ်ယောက်အဖြစ်မှ တပည့်ရင်းအဖြစ်သို့လည်း အဆင့်တက်နိုင်ပေမည်။
"ဘယ်လိုလဲ"
နင်ရွှမ်းဝူနှင့်တခြားသူများသည် စိုးရိမ်ပူပန်တကြီး ရှေ့သို့တိုးကာ အလျင်စလို မေးမြန်းလိုက်ကြသည်။
"ဘိုးဘေးကို သတင်းပို့ပါတယ်...အကြီးအကဲတွေအားလုံးကိုလည်း သတင်းပို့ပါတယ်...ကျွန်တော် ဘေးကင်းစွာနဲ့ ပြန်လာနိုင်ခဲ့ပါပြီ"
ရှုခွန်းက အပြုံးနှင့်ပြောဆိုသည်။
"ကျွန်တော် အဲ့ဒီကိစ္စကို သေချာစုံစမ်းခဲ့တယ်....အဲ့ဒီလူက ဘာစွမ်းအားမှမရှိတဲ့ သာမာန်သေမျိုးတစ်ယောက်ပဲ"
"အို...."
ထိုစကားကိုကြားချိန်တွင် လူတိုင်း မယုံကြည်နိုင်တော့ချေ။ ရှုခွန်း သတင်းပြန်ပို့သော အချက်အလက်များသည် သူတို့၏ခန့်မှန်းချက်များနှင့် လွန်စွာကွာဟနေသည်။
"မင်း လိမ်နေတာလား"
နင်ရွှမ်းဝူက မျက်မှောင်ကြုတ်လိုက်ကာ သူသည် ရှုခွန်းထံဦးတည်၍ ဖိအားအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။
.
"ဒီတပည့်ပြောတာ နည်းနည်းလေးတောင် မုသားမပါဘူးဆိုတာ တပည့်ရဲ့အသက်နဲ့ ကျိန်ပြောဝံ့ပါတယ်....စီနီယာအကို ကျင်းဝူချန်နဲ့ကျင်းဝူရှင်းတို့ရဲ့သေဆုံးမှုတွေမှာ နားလည်မှုလွဲမှားတာတချို့ ရှိနေနိုင်တယ်... သူတို့ မသေသေးဘူးလို့တောင် ကျွန်တော် သံသယဝင်မိတယ်"
နင်ရွှမ်းဝူ၏ဖိအားအရှိန်အဝါအောက်တွင် ရှုခွန်းသည် သူ၏လက်ဝါးတစ်ဖက်ကို အလျှင်အမြန်မြှောက်၍ သိုင်းပညာခန်းမအတွင်း၌ ဖြစ်ပျက်ခဲ့သမျှကို ခရေစေ့တွင်းကျ ပြန်ပြောပြလေ၏။
ထိုစကားကိုကြားချိန်တွင် လူတိုင်း တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
ကြည့်ရသည်မှာ ဤကိစ္စသည် ရှုခွန်းပြောဆိုသည့်အတိုင်း ဖြစ်ပုံပင်။
နင်ရွှမ်းဝူသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူ၏ခန္ဓာကိုယ်မှနေ၍ ဒေါသစွမ်းအားများ ပွင့်အံ့ထွက်လာသည်။
သူတို့သည် အပြန်ပြန်အလှန်လှန် စဥ်းစားတွေးတောခဲ့ကြသူလည်း တစ်ဖက်လူသည် သာမာန်သေမျိုးတစ်ယောက်သာ ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။ သူ့အတွက် ဤသည်မှာ အရှက်ရစရာကိစ္စတစ်ခုပင်။
"ဒီလိုဆိုမှတော့ ငါကိုယ်တိုင်သွားပြီး အဲ့ဒီလူကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်မယ်...သူက ချင်ရှန်းဂိုဏ်းကနေဖန်တီးထားတဲ့ ခြောက်လုံးတစ်ခုဖြစ်နေရင်တောင် ငါ သူ့ကို တစစီခြေမွှဖျက်ဆီးပစ်မယ်"
အေးစက်စက်ရယ်မောသံနှင့်အတူ နင်ရွှမ်းဝူသည် ဒေါသတကြီးဖြင့် သိုင်းပညာခန်းမထံသို့ တဟုန်ထိုး ပြေးထွက်ခဲ့တော့သည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် တခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် အပြေးထွက်ခဲ့ကြလေ၏။
Chapter 57
အလွန်လျှင်မြန်စွာဖြင့်....
နင်ရွှမ်းဝူဦးဆောင်သော လူတစ်စုသည် မကြာမီမှာပင် သေးငယ်သောသိုင်းပညာခန်းမ၏တံခါးရှေ့နှင့် မလှမ်းမကမ်းနေရာရှိ လျှို့ဝှက်နေရာတစ်ခုသို့ ရောက်ရှိခဲ့ကြသည်။
"ဟမ့်..."
"သေမျိုးတစ်ယောက်ကများ...ငါ့လိုမြင့်မြတ်တဲ့သူတစ်ယောက်ရဲ့ အချိန်တွေအများကြီးကို ဖြုန်းတီးခဲ့တယ်...စောင့်ကြည့်နေကြစမ်း...ငါ သူ့ကို အသားပြားဖြစ်အောင် ပြောင်းပစ်မယ်"
နင်ရွှမ်းဝူက ဒေါသတကြီးပြောဆိုသည်။
"ဆရာသခင်...ကျွန်မတို့ ပိုပြီးဂရုစိုက်သင့်တယ်လို့ ကျွန်မထင်တယ်...ဘာမှမလှုပ်ရှားခင် ရှုခွန်း ပြန်ပို့တဲ့သတင်းတွေ တိကျမှုရှိမရှိကို အရင်ဆုံးအတည်ပြုတာက ပိုကောင်းလိမ့်မယ်"
ယောင်လင်းအာက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားကာ သူမ၏မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
"ဟမ့်....သေမျိုးတစ်ယောက်ကိုများ....မင်းက ခုထိ ငါ့ကိုသတိထားဖို့ ပြောနေတုန်းပဲလား"
နင်ရွှမ်းဝူ၏ဒေါသသည် သူ၏စဥ်းစားချင့်ချိန်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ။
"ဆရာသခင်...ကျွန်မ တစ်ခုခုတော့ မဟုတ်သေးဘူးလို့ ခံစားမိတယ်....ပြီးတော့...ကြည့်လိုက်အုံး....."
ယောင်လင်းအာက သိုင်းပညာခန်းမထံသို့ စူးစိုက်၍ကြည့်ကာ အလေးအနက်ထား၍ ပြောဆိုသည်။
"အဲ့ဒီသိုင်းပညာခန်းမက ကျွန်မတို့ရဲ့စောင့်ကြည့်မှုအောက်မှာ တစ်ချိန်လုံးရှိနေတယ်...ဒါပေမယ့် အခုချိန်မှာ ရုတ်တရက်ကြီး တံခါးရှေ့မှာထိုင်နေတဲ့ လူအိုကြီးတချို့ ထွက်ပေါ်လာတယ်....ဆရာက နည်းနည်းလောက် သံသယမဝင်မိဘူးလား"
"ဟမ့်....ဒါက မင်းတို့စောင့်ကြည့်တာတွေ ပေါ့လျော့လို့ပဲ"
နင်ရွှမ်းဝူက အထင်အမြင်သေးစွာ ပြောဆိုသည်။
"ပြီးတော့....သေမျိုးတွေမှာ ဆွေမျိုးတွေအများကြီးရှိတတ်တယ်...အဲ့ဒီလူအိုကြီးတွေက သူ့ရဲ့ဦးလေးတွေ အဖိုးတွေဖြစ်မှာပေါ့"
နင်ရွှမ်းဝူက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။ ဤသိုင်းပညာခန်းမ၏တည်ရှိမှုသည် သူ့အား အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်စေသဖြင့် သူ၏ကြီးကျယ်ခမ်းနားသောအရှိန်အဝါကို ချက်ချင်းထုတ်ဖော်လိုက်သည်။ သူ၏ခန္ဓာကိုယ် မှုန်ဝါးသွားကာ လေထုအတွင်း၌ နောက်ချန်ပုံရိပ်တစ်ခုသာကျန်ခဲ့ပြီး ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် သိုင်းပညာခန်းမထံသို့ တဟုန်ထိုးအပြေးသွားလေသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် သိုင်းပညာခန်းမ၏အထက်သို့ ရောက်ရှိသွားသည်။
ဆိုင်းဘုတ်မှသိုင်းစိတ်ဆန္ဒများကို လေ့လာဆင်ခြင်နေသော အဖိုးအိုလေးယောက်သည် သူတို့၏အထက်မှလာသော စွမ်းအားလှုပ်ခတ်မှုများကို အာရုံခံမိသည်။ သူတို့သည် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ကြ၏။
စူးရှရှအကြည့်လေးခုက နင်ရွှမ်းဝူထံသို့ ပျံ့လွင့်လာသည်။
ဤသိုင်းပညာခန်းမကို တိုက်ခိုက်သည်အထိ မထီလေးစားနိုင်သူမှာ မည်သူဖြစ်သနည်း။ ထို့ထက်ပို၍ ခွင့်လွှတ်နိုင်ဖွယ်မကောင်းသည်မှာ သူတို့၏ သိုင်းစိတ်ဆန္ဒဆင်ခြင်နေမှုကို အနှောက်အယှက်ပြုခဲ့ခြင်းပင်။
သို့ရာတွင် ဒေါသထွက်နေသော နင်ရွှမ်းဝူသည် ထိုအကြည့်လေးခုကို လုံးလုံးလျားလျား လျစ်လျှူရှုလိုက်သည်။
သူတို့သည် သာမာန်သေမျိုးအဖိုးအိုလေးယောက်သာ ဖြစ်သဖြင့် ဤပြိုလဲရတော့မည့် သိုင်းပညာခန်းမနှင့်အတူ သေကြေပျက်စီးရပေမည်။
"ပုရွက်ဆိတ်တွေ...သွားသေကြစမ်း"
အေးစက်စက်ရယ်မောသံနှင့်အတူ သူ၏လက်ကို လေထုအတွင်း၌ လှုပ်ခတ်ပြီး မိုးကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလုမတတ် လက်ဝါးပုံရိပ်ယောင်ကြီးကို အောက်သို့ရိုက်ချလိုက်၏။
ဤလှုပ်ရှားမှုသည် ဝူယုံဟုန်နှင့်တခြားအဖိုးအိုသုံးယောက်တို့၏ဒေါသများကို ရန်စစော်ကားလိုက်သည့်အလားပင်။ သူတို့သည် ဝုန်းခနဲမတ်တတ်ထရပ်ကာ ကြီးမားကျယ်ပြန့်ပြီးနက်နဲသိမ်မွေ့သော သိုင်းဘိုးဘေးများ၏စွမ်းအားများက သူတို့၏ခန္ဓာကိုယ်များမှ ပွင့်အံ့ထွက်လာသည်။
ဤအရှိန်အဝါများ၏သက်ရောက်မှုသက်သက်ဖြင့်ပင် မိုးကောင်းကင်ယံ၌ လွှမ်းမိုးချုပ်ကိုင်နိုင်သောစွမ်းအားတစ်ရပ် ချက်ချင်းလွှမ်းခြုံသွားသည်။
"သိုင်း....သိုင်းဘိုးဘေးတွေလား...."
လေထုအလယ်ရှိ အစွမ်းထက်သောအရှိန်အဝါလေးခုကို မြင်တွေ့ချိန်တွင် နင်ရွှမ်းဝူ၏မျက်နှာ သိသိသာသာ ပျက်ယွင်းသွားကာ သူ စကားပြောဆိုရန်ပင် ဆွံ့အသွားသည်။ သူ၏မျက်လုံးအိမ်များ ကျွတ်ထွက်သွားလုမတတ်ပင်။
သိုင်းပညာခန်းမရှေ့၌ ထိုင်နေသော အဖိုးအိုလေးယောက်သည် သိုင်းဘိုးဘေးလေးယောက်အဖြစ် ပြောင်းလဲသွားပေ၏။
မပြောပလောက်သော သိုင်းဘုရင်တစ်ယောက်သာဖြစ်သည့် သူသည် သိုင်းဘိုးဘေးလေးယောက်၏ သာမာန်ကာလျှံကာတိုက်ခိုက်မှုကိုပင် ခုခံနိုင်မည်မဟုတ်ချေ။ မည်သည်ကြောင့် သူ ဤမျှထိ တုံးအမည်နည်း။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင်...
သူသည် တခြားတစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံရကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်စက်ချွေးများ ချက်ချင်းရွှဲနစ်သွားတော့သည်။
ဤပေသီးတွက်ခုံသည် စိတ်ဝိညာဥ်ရတနာတစ်ခုဖြစ်သော မိုးကောင်းကင်လည်ပတ်ခြင်းချပ်ပြားပင်။
ဤရတနာကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသောလူမှာ သေမင်းပေသီး လီမော့စီပင်....
ထို့ပြင် ထူးခြားသောအရိုးဝတ်စုံကိုခြုံလွှမ်းထားသူမှာ....
နင်ရွှမ်းဝူသည် တစ်စုံတစ်ယောက်ကို ဖျတ်ခနဲ အမှတ်ရသွားသည်။ ဂိုဏ်းကိုသစ္စာဖောက်ကာ ဂိုဏ်းဝင်များအားလုံးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ထိုဂိုဏ်းမှထိပ်သီးအကြီးအကဲများ၏အရိုးများကို အဆင်တန်ဆာများပြုလုပ်၍ သူ၏ခန္ဓာကိုယ်တွင်ဆွဲထားသည့် ပြိုင်ဘက်ကင်းအရူး ချူးရှစ်ခွမ်း....
ထို့ပြင် ပိန်လှီလှီအဖိုးအိုသည် ဒဏ္ဍာရီလာ စွန်းကျူးကဲဖြစ်ကာ ကလေးဘဝတွင် မရီဒါန်းများပိတ်ဆို့မှုကို ပြင်းထန်စွာခံစားခဲ့ရကာ နောက်ပိုင်းတွင် လမ်းလွဲနည်းစနစ်တစ်ခုကို ကျင့်ကြံရာမှတဆင့် မိုးကောင်းကင်ကိုဖီဆန်ပြီး သူ၏ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့သည်။
နောက်ဆုံးတစ်ယောက်ဖြစ်သော လယ်သမားတစ်ယောက်ကဲ့သို့ ထွန်ခြစ်တစ်ချောင်းကို ကိုင်ဆောင်ထားသော မြို့တစ်မြို့လုံးကို လိမ်လည်လှည့်စား၍ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကာ နောက်ဆုံး၌ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည့် ဝူယုံဟုန်နှင့် တူညီနေသည်။
သူတို့၏သရုပ်မှန်များကို သိရှိသွားချိန်တွင် နင်ရွှမ်းဝူသည် ငိုချလိုက်လုမတတ်ပင်။
ဖရိုဖရဲခေတ်ကာလအတွင်းတွင် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော ဤအရူးလေးယောက်သည် မည်သည်ကြောင့် ဤသိုင်းပညာခန်းမရှေ့၌ တစ်ချိန်တည်း လာရောက်စုဝေးနေသနည်း။ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
သောက်ချေးပဲ....
ဤလူလေးယောက်ရှေ့တွင် သူ့ကဲ့သို့နိမ့်ကျသော သိုင်းဘုရင်တစ်ယောက်သည် ဂျူနီယာညီလေးတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။ သူတို့ နာမည်ကျော်ကြားနေချိန်တွင် သူ နင်ရွှမ်းဝူသည် ဘောင်းဘီခွပြဲကိုဝတ်ဆင်သည့် ကလေးတစ်ယောက်အဖြစ်သာ ရှိနေသေးသည်။
ရုတ်ချည်းဆိုသလိုပင် သူ၏မူလက ကြီးကျယ်ခမ်းနားသောအရှိန်အဝါသည် ဖင်ရှုံသွားသော ခရမ်းသီးတစ်လုံးအလား လုံးလုံးလျားလျား ပျက်ပြယ်သွားသည်။
တန်ပြန်ရိုက်ခတ်မှုကို လျစ်လျှူရှုပြီး သူ၏တိုက်ခိုက်မှုကို အတင်းအကြပ် ပြန်ရုတ်သိမ်းလိုက်၏။ ထိုလူလေးယောက်ကို တစ်ချက်ပင်ထပ်မကြည့်ဝံ့ဘဲ သူသည် လေထုအတွင်းမှနေ၍ ချာခနဲနောက်လှည့်ကာ ထွက်ပြေးခဲ့တော့သည်။
ပြောရမယ်ဆိုလျှင် နင်ရွှမ်းဝူ၏ဆက်တိုက်လှုပ်ရှားမှုများသည် အလွန်အမင်းချောမွေ့နေကာ အပြစ်အနာအဆာမရှိချေ။ ချွေးများရွှဲနစ်နေသော ခန္ဓာကိုယ်ဖြင့် သူသည် လေထုကို ခြေဖြင့်နင်းကာ ထိုလူလုံးယောက်၏အမြင်အာရုံအောက်မှ တက်နိုင်သမျှ အမြန်ဆုံးထွက်ပြေးလိုခဲ့သည်။
သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....
သူ၏မျက်နှာအမူအယာ အကြီးအကျယ်ပျက်ယွင်းသွားကာ သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်လာသည်ကို ခံစားမိလေ၏။
သူ ခုခံနိုင်စွမ်းမရှိသော အရှိန်အဝါတစ်ရပ်က သူ့အားလွှမ်းခြုံသွားကာ လေထုကိုဖြတ်သန်း၍ သူ့ကိုနောက်ပြန်ဆွဲထားပြီး သူ ယခင်ကရှိနေခဲ့သောနေရာတွင် ပိတ်လှောင်ထားသည်။
Chapter 58
ရုတ်ချည်းဆိုသလိုနီးပါးပင်...
နင်ရွှမ်းဝူသည် နောက်သို့ပြန်ဆွဲခံရပြီးနောက် သူ့အား တန်းတန်းမတ်မတ်စူးစိုက်ကြည့်နေသော အဓိပ္ပါယ်ပါသောအကြည့်လေးခုကို တွေ့မြင်မိသည်။
နင်ရွှမ်းဝူသည် အလွန့်အလွန် တုန်လှုပ်ချောက်ချားသွားသည်။
ချွေးများက သူ၏နဖူးမှ ယိုစီးကျနေပြီး သူ၏နှလုံးသည် သူ့ရင်ဘတ်အတွင်းမှ ထွက်ကျလုမတတ် ကဆုန်စိုင်းခုန်ပေါက်နေသည်။
ဤကဲ့သို့ ထိတ်လန့်ကြောက်ရွံမှုမျိုးကို သူ မခံစားရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေလေပြီ။ သူ၏ရတနာများဖြစ်သော ကောင်းကင်တုန်ဟီးကျောက်တုံးသည် သူ့ခြေထောက်အောက်တွင်ရှိနေကာ ပျံလွှားဝတ်ရုံသည် သူ လွယ်လင့်တကူလက်လှမ်းမီနိုင်သော အကွာအဝေးတွင် တွဲလောင်းကျနေသော်လည်း ထိုအရာများကို သူ တစ်ချက်ပင်ထပ်မကြည့်ဝံ့ချေ။
"ဟား ဟား ဟား...စီနီယာလေးယောက်ကို နှုတ်ဆက်ပါတယ်...စီနီယာတို့က ကျွန်တော်ကို ဘာကိစ္စရှိလို့ ခေါ်ထားတာလဲဆိုတာ မေးလို့ရမလား"
လူလေးယောက်၏အကြည့်များအောက်တွင် နင်ရွှမ်းဝူ၏ဦးရေပြား တင်းကြပ်နေကာ သူသည် ငိုသည်ထက်ပင် ပို၍ရုပ်ဆိုးသော အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးကာ ပြောဆိုလိုက်သည်။
"ငါတို့က မင်းနဲ့ ဘာကိစ္စမှမရှိဘူး...ဒါပေမယ့် မင်းကတော့ ငါတို့ကို သေအောင်ရိုက်သတ်မယ်လို့ ခုဏက ပြောနေခဲ့သလိုပဲ"
ဝူယုံဟုန်က သုန်မှုန်နေသောအကြည့်ဖြင့် နင်ရွှမ်းဝူကိုကြည့်ကာ ဖြည်းညှင်းစွာ မေးမြန်းလေသည်။
ဤသရော်တော်တော်စကားများသည် နင်ရွှမ်းဝူကို နှလုံးခုန်တစ်ချက်လွတ်သွားစေကာ သူက ပျာပျာသလဲ ရှင်းပြလေ၏။
"မဟုတ်ဘူး...မဟုတ်ပါဘူး...စီနီယာတို့...ကျေးဇူးပြုပြီးတော့ ဒေါသတွေ လျှော့ကြပါအုံး...ဘယ်လိုသတ္တိမျိုးနဲ့ ကျွန်တော်က ဆန့်ကျင်တိုက်ခိုက်ဝံ့မှာလဲ...ကျွန်တော်က ဒီသိုင်းပညာခန်းမလေးကို ဖျက်ဆီးချင်ရုံသက်သက်ပါ...ဒီနေရာမှာ စီနီယာတို့လေးယောက် ကျင့်ကြံနေမယ်လို့ ကျွန်တော် မျှော်လင့်မထားမိဘူး...ဒါကြောင့် စီနီယာတို့က သဘောထားကြီးပြီး ခွင့်လွှတ်ပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"
ထိုသို့ရှင်းပြပြီးနောက် နင်ရွှမ်းဝူသည် အနည်းငယ်စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိသည်။
ထိုလူလေးယောက်သည် ထူးဆန်းသောစိတ်နေစိတ်ထားမျိုးရှိသော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည်လည်း သိုင်းဘုရင်တစ်ယောက်ဖြစ်ကာ အချိန်မီရပ်တန့်နိုင်ခဲ့ပြီး ကိစ္စများကို ပြေပြေလည်လည် ရှင်းပြခဲ့သည်။ သူတို့သည် သူ အခက်တွေ့အောင် လုပ်မည်မဟုတ်ချေ။
သို့ရာတွင် မမျှော်လင့်ဘဲ သူ၏အသံပျက်ပြယ်သွားသည်နှင့် တပြိုင်နက်တည်းဆိုသလိုပင် ထိုလူလေးယောက်သည် မတ်တတ်ထရပ်လိုက်ကြကာ သူတို့၏အစွမ်းထက်သောဖိအားအရှိန်အဝါများက သူ့အားလွှမ်းခြုံသွားသည်။
ထို့ပြင် ထိုအရှိန်အဝါများအကြား၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒလည်း ရောယှက်နေပေ၏။
နင်ရွှမ်းဝူ တုန်လှုပ်ချောက်ချားသွားသည်။ သူ၏မျက်နှာပေါ်တွင် ဝေခွဲရခက်မှုများနှင့် ပြည့်နှက်နေသည်။ မည်သို့ ဖြစ်ပျက်သွားသနည်း။
'ငါ သေချာရှင်းရှင်းလင်းလင်း ရှင်းပြပြီးပြီလေ...ဘာလို့ ခုထိ ငါ့ကို အလွတ်မပေးသေးတာလဲ...မင်းတို့က ပိုပြီးပြင်းထန်တဲ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေကိုတောင် ဘာလို့ ထုတ်လွှတ်လိုက်ကြတာလဲ'
"မင်းက ဒီသိုင်းပညာခန်းမကို ဖျက်ဆီးချင်နေတယ်လို့ ပြောလိုက်တာလား"
လီမော့စီသည် သူ၏မျက်လုံးကိုမှေးကာ အက်ရှရှလေသံဖြင့် လုံးစေ့ပတ်စေ့ မေးမြန်းလေသည်။
သူ ထိုစကားကိုပြောဆိုနေစဥ်တွင် သူ၏လက်အတွင်း၌ စွမ်းအားများကိုသိပ်သည်းပြီးဖြစ်ကာ နင်ရွှမ်းဝူကို အချိန်မရွေး တိုက်ခိုက်တော့မည့်ဆဲဆဲ အခြေအနေမျိုးသို့ ရောက်ရှိနေသည်။
ဤသည်က ပြီးဆုံးသွားလေပြီ။
သူ စကားမှားသွားခဲ့ပုံပင်။
နင်ရွှမ်းဝူသည် ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။ တိုက်ခိုက်ရန် အဆင်သင့်ပြင်ဆင်ပြီးဖြစ်သော လီမော့စီကိုကြည့်ပြီး ရွှမ်းဝူဂိုဏ်းချုပ်သည် သူ၏အဆင့်အတန်းကို ထပ်မံ၍ထည့်မတွက်တော့ဘဲ ဒုန်းခနဲအသံနှင့်အတူ ဒူးထောက်လိုက်၏။
သူ၏နဖူးပေါ်တွင် ချွေးများရွှဲနစ်နေကာ သူက အသနားခံတောင်းပန်လေသည်။
"နားလည်မှုလွဲတာပါ...စီနီယာတို့....ကျေးဇူးပြုပြီးတော့ နားလည်မှုမလွဲကြပါနဲ့...ခုဏက ကျွန်တော်က ရယ်စရာပြောလိုက်တာပါ...ကျွန်တော်က ဒီနေရာကနေ ဖြတ်သွားရုံသက်သက်ပဲ"
"ဖြတ်သွားတာလား"
"နားလည်မှုလွဲတာလား"
"ဒါပေမယ့် မင်း ခုဏကပြောခဲ့တာ ဒီသိုင်းပညာခန်းမကို ဖျက်ဆီးချင်တယ်လို့မဟုတ်လား"
အဖိုးအိုလေးယောက်သည် အထက်စီးမှနေ၍ နင်ရွှမ်းဝူကို ငုံကြည့်နေကာ သူတို့စကားပြောဆိုနေသောလေသံများ အေးစက်တင်းမာနေသည်။ အကယ်၍ သူတို့ဆရာသခင်၏နေရာကို ရန်စဝံ့သည်မှာ အမှန်ဖြစ်ပါက သူတို့လေးယောက်သည် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူ၏ငယ်ထိပ်ကို ရိုက်ချမိပေမည်။
"စီနီယာတို့ နားကြားမှားတာပါ....တကယ် နားကြားမှားတာပါ"
နင်ရွှမ်းဝူသည် သူ၏ချွေးများရွှဲနစ်နေသောခေါင်းကို အောက်သို့ငုံကာ တောင်းပန်လိုက်၏။
"ကျွန်တော် ဆိုလိုချင်တာက....ဒီသိုင်းပညာခန်းမကို ဖျက်ဆီးချင်တာ မဟုတ်ပါဘူး...ဒါပေမယ့် ဒီသိုင်းပညာခန်းမထဲက ခြင်တွေကို ဖြတ်ရိုက်ချင်တာပါ"
သူသည် ထိုစကားကိုပြောဆိုရင်း သူ၏လက်နှစ်ဖက်ကို တဖြောင်းဖြောင်းမြည်အောင် ပူး၍ရိုက်လိုက်သည်။
သူသည် အမှန်တကယ်ကိုပင် ခြင်တစ်ကောင်သေသွားအောင် ပြီးပြည့်စုံစွာ ဖြတ်ရိုက်နိုင်ခဲ့သည်။ သူ၏လက်အတွင်းရှိခြင်သေကို ကယ်တင်ရှင်တစ်ယောက်အလားကြည့်ကာ ထိုလူလေးယောက် သူ့အား ယုံသည်မယုံသည်ကိုလျစ်လျှူရှု၍ ခြင်သေကိုကိုင်မြှောက်ပြကာ အော်ဟစ်လိုက်သည်။
"စီနီယာတို့ ကြည့်ပါအုံး ကြည့်ကြပါအုံး..ဒီမှာ တကယ့်ကို ခြင်တစ်ကောင်ရှိနေတယ်"
ထိုလူလေးယောက်သည် အကြည့်ခြင်းဖလှယ်ကာ အေးစက်စက်ရယ်မောလိုက်ကြ၏။
သူတို့သည် အရူးများမဟုတ်ချေ။
ဤကဲ့သို့ အဆင့်နိမ့်လိမ်ညာမှုမျိုးသည် မည်သည့်နည်းဖြင့် သူတို့ကို လှည့်စားနိုင်မည်နည်း......
သို့ရာတွင် သူတို့သည် နင်ရွှမ်းဝူကို တိုက်ခိုက်ခြင်းမပြုချေ။ အကြောင်းအရင်းမှာ မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ဆရာကြီး၏ပိုင်နက်နယ်မြေဖြစ်နေသည်။ ထိုလူအား မည်ကဲ့သို့ဖြေရှင်းမည်ကို သူတို့၏ဆရာကြီးကသာ ဆုံးဖြတ်ပေမည်။
အဖိုးအိုလေးယောက်လုံး မလှုပ်ရှားသည်ကိုကြည့်ပြီး နင်ရွှမ်းဝူသည် အနည်းငယ်စိတ်သက်သာရာ ရသွားလေ၏။
သို့ရာတွင် ထိုအဖိုးအိုလေးယောက်ထံမှ ထုတ်လွှတ်ထားသော ဖိအားအရှိန်အဝါများ ကျန်ရှိနေဆဲပင်။ သူတို့သည် စကားမပြောတော့သောကြောင့် နင်ရွှမ်းဝူသည်လည်း စကားတစ်ခွန်းမျှမဆိုဝံ့ဘဲ သူ၏ခေါင်းကိုအောက်ငုံ၍ ဒူးထောက်နေရုံသာရှိတော့သည်။
ဆောင်းဦးလေ ဖြတ်သန်းတိုက်ခိုက်လာခြင်းနှင့်အတူ သူ၏ပုံရိပ်ကိုကြည့်ရသည်မှာ အထီးကျန်ဆန်နေသည်။
သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်းတွင်မူ အလွန်ဒေါသထွက်နေပေ၏။
'ရှုခွန်း....မင်းနဲ့မင်းရဲ့ဘိုးဘေး တစ်ဆယ့်ရှစ်ဆက်အထိ ယီးပဲ....ငါ ပြန်ရောက်တာနဲ့ မင်းရဲ့မိသားစုတစ်စုလုံးကို အမြစ်ပြတ်သုတ်သင်မယ်'
သို့ရာတွင် ယခုချိန်ထိ ဤသိုင်းပညာခန်းမ၏ပိုင်ရှင်သည် ထိုလူလေးယောက်ဆိုသည့်အချက်ကို သူ နားမလည်နိုင်ချေ။ ထိုသို့မဟုတ်ပါက သူ ဤသိုင်းပညာခန်းမကို ဖျက်ဆီးလိုသည်ဟူသောစကားကိုကြားချိန်တွင် မည်သည်ကြောင့် ထိုလူလေးယောက်သည် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ချက်ချင်းထုတ်ဖော်လိုက်ကြသနည်း...
ကျင်းဝူချန်နှင့်ကျင်းဝူရှင်းတို့သည် ဤလူလေးယောက်ကို တစ်နည်းနည်းဖြင့် အပြစ်ပြုမိခဲ့သဖြင့် အမြစ်ပြတ်သုတ်သင်ခံရခြင်းဖြစ်ပေမည်။
ကောင်းကင်တုန်ဟီးကျောက်တုံးနှင့် ပျံလွှားဝတ်ရုံတို့ကိုမူ ဤလူလေးယောက်သည် ခြေနင်းကျောက်တုံးနှင့်အဝတ်စုတ်အဖြစ်သုံးသည်မှာ အနည်းငယ်ဖြုန်းတီးရာကျသော်လည်း သူတို့ထံတွင် အကြောင်းပြချက်များ ရှိနေနိုင်သည်။
ဤသို့ဖြစ်လာရခြင်းမှာ သေသင့်သောရှုခွန်းကြောင့်ပင်။
အကယ်၍ ရှုခွန်းသည် သတင်းမှားများကို ပြန်သယ်မလာပါက သူသည် ဤကဲ့သို့အရှက်ရဖွယ်အခြေအနေမျိုးနှင့် မည်သည်ကြောင့် အဆုံးသတ်ရမည်နည်း။
အကယ်၍ ဤနေရာသည် ထိုလူလေးယောက်၏သိုင်းပညာခန်းမဟု သူ သိရှိခဲ့ပါက မည်သည့်ကိစ္စမျိုးရှိနေပါစေ သူ ဤနေရာသို့ လာဝံ့မည်မဟုတ်ချေ။ သူသည် ကောင်းကင်တုန်ဟီးကျောက်တုံးနှင့်ပျံလွှားဝတ်ရုံတို့ကို လက်လွှတ်ရလျှင်ပင် သူသည် အံ့တင်းတင်းကြိတ်၍ မျိုသိပ်ထားပေမည်။
လျှို့ဝှက်နေရာမှနေ၍ သိုင်းပညာခန်းမကို စူးစမ်းလေ့လာနေကြသော ယောင်လင်းအာနှင့်တခြားသူများသည် ပို၍ပင်ထိတ်လန့်တုန်လှုပ်နေကာ သူတို့၏နုတ်ခမ်းများကို သူတို့၏လက်များဖြင့် ဖုံးအုပ်ထားကြ၏။ သူတို့၏ဘိုးဘေးသည် နာခံရို့ကျိုးစွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်နေသည်ကို မြင်တွေ့ချိန်တွင် သူတို့အားလုံး စိတ်ရှုပ်ထွေးသွားသည်။
သို့ရာတွင် ကိစ္စများသည် ရိုးရှင်းခြင်းမရှိကြောင်း သူတို့သည်လည်း နားလည်သဘောပေါက်သည်။
နင်ရွှမ်းဝူသည် သူ၏စိတ်နှလုံးသားအတွင်း၌ အတွေးများနေသော်လည်း သူ၏မျက်နှာပေါ်၌ အရိပ်အယောင်တစွန်းတစကိုပင် မဖော်ထုတ်ဝံ့ချေ။ သူသည် ဆက်လက်၍ဒူးထောက်နေကာ ဝူယုံဟုန်နှင့်တခြားအဖိုးအိုလေးယောက်ကို မျှော်လင့်စောင့်စားသော အကြည့်မျိုးဖြင့် စူးစိုက်၍ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"မင်းက ရွှမ်းဝူဂိုဏ်းဘိုးဘေး နင်ရွှမ်းဝူ....ဟုတ်တယ်မလား"
နောက်ဆုံး၌ ချူးရှစ်ခွမ်းက နင်ရွှမ်းဝူကိုတစ်ချက်ကြည့်၍ မေးမြန်းသည်။
"ဟုတ်ကဲ့ပါ စီနီယာ"
နင်ရွှမ်းဝူသည် စိုးရိမ်ပူပန်စွာဖြင့် သူ၏ခေါင်းကိုငုံကာ ရိုသေလေးစားစွာ ပြောဆိုသည်။
"တကယ်လို့ မင်းတို့မိသားစုက နင်ကျိုးထျန်း မသေသေးရင်တောင် သူ ဒီနေရာကို ပြဿနာလာရှာဝံ့မှာမဟုတ်ဘူး...စဥ်းစားကြည့်ရင် သူ့ရဲ့နောက်မျိုးဆက်တွေက တကယ့်ကိုပဲ........"
ချုးရှစ်ခွမ်းက အေးစက်စက် ရယ်မောလိုက်၏။
"ဆရာထက်သာတဲ့တပည့်ဆိုတာ ဒီလိုကိစ္စမျိုးပဲဖြစ်မယ်"
ထိုသရော်တော်တော်စကားကြောင့် နင်ရွှမ်းဝူ၏မျက်နှာ ရှက်ရွံမှုကြောင့်နီမြန်းသွားသော်လည်း သူ ခွန်းတုံ့မပြန်ဝံ့ချေ။
"ငါ နေရာအနှံ့လိုက်ရှာပြီးမှပဲ စစ်တုရင်ခုံကို တွေ့တော့တယ်"
ထိုအချိန်မှာပင် ရီဖုန်းက အရှေ့ခန်းမမှထွက်လာကာ တောင်းပန်လိုသောအသံဖြင့် ပြောဆိုသည်။
"မင်းတို့ စောင့်ရအောင် လုပ်မိတဲ့အတွက် ငါ တောင်းပန်ပါတယ်"
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်နှင့်တခြားအဖိုးအိုသုံးယောက်သည် ချက်ချင်းမတ်တတ်ထရပ်ကာ ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။
"ဆရာကြီးကို နှုတ်ဆက်ပါတယ်"
ဆရာကြီး....
ဤလူလေးယောက်သည် အမှန်တကယ်ကိုပင် လူတစ်ယောက်အား ဆရာကြီးဟု ခေါ်ဆိုသုံးနှုန်းလိုက်သလော.....
မြေပြင်ပေါ်၌ ဒူးထောက်နေဆဲဖြစ်သော နင်ရွှမ်းဝူသည် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ပြင်ပသို့ထွက်လာသော ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်၏။
Chapter 59
မည်သည်ကြောင့်နည်း....
မဟာသိုင်းဂိုဏ်းလေးဂိုဏ်း၏ထိပ်သီးခေါင်းဆောင်များသည် မည်သည်ကြောင့် လူငယ်တစ်ယောက်ကို ရိုလေလေးစားစွာဖြင့် 'ဆရာကြီး'ဟု ခေါ်ဆိုသုံးနှုန်းနေကြသနည်း....
ဖြစ်နိုင်သည်မှာ....
ဤသိုင်းပညာခန်းမသည် ဝူယုံဟုန်နှင့်သူ၏မိတ်တွေသုံးယောက်တို့ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ သူတို့ရှေ့ရှိလူငယ်သည် ဤကိစ္စများအားလုံး၏နောက်ကွယ်ရှိ ဥာဏ်ကြီးရှင်ဖြစ်နေသလော.....
သူသည် ယောင်လင်းအာပြောခဲ့သောစကားများကို ပြန်မစဥ်းစားဘဲ မနေနိုင်တော့ချေ။ ပျံလွှားဝတ်ရုံကို အဝတ်စုတ်အဖြစ်သုံးရန် စေခိုင်းခဲ့သူမှာ ဤလူငယ်ဖြစ်ပြီး ကျင်းဝူရှင်း၏အရိုးကို ခွေးစာအဖြစ် ပေးခဲ့သူမှာလည်း ဤလူငယ်သာဖြစ်နေနိုင်သည်။
ထိုအကြောင်းကိုတွေးတောမိချိန်တွင် နင်ရွှမ်းဝူသည် အလွန်အမင်း မယုံကြည်နိုင်တော့သကဲ့သို့ ခံစားမိလေ၏။
သို့ရာတွင် အကယ်၍ သူ ထိုကိစ္စကို မယုံကြည်နိုင်လျှင်ပင် ဤအဖြေသည် မှန်ကန်လောက်သည်ဟု ခံစားမိသည်။
ရီဖုန်းအပေါ် သူတို့၏ဆက်ဆံမှုများကို ဘေးဖယ်ထားလျှင်ပင် သိုင်းဘုရင်တစ်ယောက်ဖြစ်သော သူ၏ခွန်အားဖြင့် သူ့ရှေ့ရှိလူငယ်၏ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်ချေ။
ထိုလူငယ်သည် သာမာန်သေမျိုးတစ်ယောက်အလားပင်။ သူ့ကိုကြည့်ရသည်မှာ ရိုးရှင်းပြီးမထင်ရှားသော်လည်း အလွန်အမင်းနက်နဲသိမ်မွေ့ပေ၏။
သူ ရှေ့သို့ဆက်၍ တွေးတောမိရင်း တံတွေးတစ်ချက် မျိုချလိုက်မိသည်။
"ဆရာကြီး...သူက ဒီနေရာကို......"
ရီဖုန်းကို နှုတ်ဆက်ပြီးနောက် ဝူယုံဟုန်သည် နင်ရွှမ်းဝူ၏ကိစ္စကို သတင်းပို့လိုသဖြင့် ရိုသေလေးစားစွာပြောဆိုသည်။
"ဘာမှ ထပ်ပြောနေစရာမလိုတော့ဘူး...ငါ သိပြီးသွားပြီ"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ အပြုံးနှင့်ပြောဆိုလေ၏။
"ဆရာကြီးက တကယ့်ကို အထင်ကြီးစရာပဲ...ငါတို့က မလိုအပ်ဘဲနဲ့ အပိုစကားတွေပြောနေမိတယ်"
ဝူယုံဟုန်နှင့်တခြားအဖိုးအိုသုံးယောက်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရိုသေလေးစားစွာဖြင့် ခေါင်းငုံလိုက်ကြသည်။ ဗကြည့်ရသည်မှာ ဆရာကြီးသည် ဆရာကြီးတစ်ယောက်ဆိုသည့်အတိုင်း သူ ဤနေရာတွင်မရှိသည့်တိုင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို သိရှိပြီးလေပြီ။
"အပိုစကားပြောမိရုံလေးနဲ့ တောင်းပန်ဖို့မလိုပါဘူး"
ရီဖုန်းက ပြုံးလိုက်သည်။
သူ အစောပိုင်းက တံခါးမှနေ၍ ပြင်ပသို့ထွက်လိုက်စဥ်တွင် ချူးရှစ်ခွမ်းသည် မြေပြင်ပေါ်၌ဒူးထောက်နေသော အဖိုးအိုတစ်ယောက်ကို သင်ပြနေသည်အား သူ ကြားမိသည်။ သူတို့နှစ်ယောက်သည် စီနီယာ ဂျူနီယာများကဲ့သို့ ခေါ်ဆိုသုံးနှုန်းနေသည်အရ အကဲဖြတ်ကြည့်ပါက ချူးရှစ်ခွမ်းသည် သူ၏ဂျူနီယာကို ဆိုဆုံးမနေခြင်းဟု သူ ခန့်မှန်းမိလေ၏။
ဤလူအိုကြီးများအတွက်...
သူတို့သည် ဂျူနီယာတစ်ယောက်ကို ပက်ပင်းတွေ့ချိန်တွင် ဆုံးမသွန်သင်နေသည်အား သူ နားလည်သဘောပေါက်နိုင်သည်။ ဤအဖိုးအိုသည် မည်သည့်အမှားမျိုး ကျူးလွန်ခဲ့မိသည်ကို သူ မသိရှိချေ။
မြေပြင်ပေါ်၌ ဒူးထောက်နေသော နင်ရွှမ်းဝူသည် ပင့်သက်တစ်ချက်ရှိုက်ကာ တစ်ချိန်တည်းမှာပင် သူ နောင်တကြီးစွာရနေသည်။
သူ၏မျက်လုံးအတွင်း၌ နက်ရှိုင်းသောအကြောက်တရားများ ကြီးစိုးနေလေ၏။
သူ့ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သောလူငယ်သည် ပို၍ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားအိုကြီးဖြစ်ကြောင်း ယခုချိန်၌ သူ အတည်ပြုနိုင်လေပြီ။ သူသည် မျက်လုံးကန်း၍ သူတို့၏တံခါးကိုလာခေါက်ခဲ့မိရုံသာဖြစ်သော်လည်း သူတို့သည် အရာအားလုံးကို သိရှိပြီးဖြစ်သည်အား သူ သတိမပြုခဲ့မိချေ။
ဤကဲ့သို့တည်ရှိမှုကြီးတစ်ခုကို သူ ရန်စခဲ့မိသည်အား ပြန်လည်တွေးတောမိချိန်တွင် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားကာ သူ၏မျက်နှာ စက္ကူတစ်ချပ်ကဲ့သို့ ဖြူရော်သွားသည်။
ယနေ့တွင် ဤနေရာ၌ သူ၏အသက်နှင့် ပြန်ပေးဆပ်ရမည်ကို သူ ကြောက်ရွံနေမိသည်။
"ဒါက အဆင်ပြေပါတယ်...မင်းတို့တွေပဲ ဒီကိစ္စကို ကိုင်တွယ်လိုက်ပါ"
ရီဖုန်းက အမှုမထားသကဲ့သို့အမူအယာဖြင့် ပြောဆိုသည်။ ဤသည်မှာ သူ၏သိုင်းပညာခန်းမတံခါးရှေ့၌ဖြစ်သည့်တိုင် သူ့အတွက် မည်သည့်ထိခိုက်မှုမျိုးမျှ မရှိနိုင်ချေ။
"ငါတို့ ဒါကို ကိုင်တွယ်ရမှာလား"
ဝူယုံဟုန်တို့လေးယောက်သည် အနည်းငယ်အံ့အားသင့်သွားကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ ရီဖုန်းသည် နင်ရွှမ်းဝူကို သူတို့ထံ တိုက်ရိုက်လွှဲပြောင်းပေးမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
သို့ရာတွင် တဖန်ပြန်၍တွေးတောကြည့်ချိန်တွင် အရေးမပါသောသိုင်းဘုရင်တစ်ယောက်သည် ဆရာကြီးကိုယ်တိုင် လှုပ်ရှားရန်အတွက် အလွန်ပျင်းရိဖွယ်ကောင်းပြီး လုံလောက်စွာအရေးမပါလှချေ။
မေးခွန်းမှာ သူတို့သည် နင်ရွှမ်းဝူကို မည်ကဲ့သို့ ကိုင်တွယ်သင့်သနည်း...
သူတို့လေးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို ဝေခွဲရခက်နေသဖြင့် ရီဖုန်းထံ ကြည့်လိုက်ကြသည်။
"မင်းတို့က ငါကို ဘာလို့ကြည့်နေကြတာလဲ"
ရီဖုန်းက ပြောင်ပြောင်တင်းတင်း မေးမြန်းသည်။
"အင်း....ဆရာကြီး...မင်းရဲ့အမြင်အရ ငါတို့က သူ့ကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းသင့်လဲ"
ဝူယုံဟုန်က မဝံ့မရဲ ပြောဆိုလိုက်၏။
သူတို့၏နံဘေးတွင်ရှိနေသော ဖြူဖပ်ဖြူရော်မျက်နှာနှင့် နင်ရွှမ်းဝူကလည်း မော့ကြည့်လေသည်။
ရွှမ်းဝူဂိုဏ်းအတွင်း၌ အမြဲတစေ အလွန်ဂုဏ်သိက္ခာကြီးမားပြီး အခွင့်အာဏာမြင့်မားသော သူသည် ယခုချိန်၌ သနားစဖွယ်ကောင်းနေကာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ဘဝသည် ရီဖုန်း၏လက်အတွင်း၌ လုံးလုံးလျားလျားရှိနေကြောင်း သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။
"ငါ့ကို မေးတာလား"
ရီဖုန်းက သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။
သူ ဆွံ့အသွားသကဲ့သို့ ခံစားမိရုံမှတပါး သူတို့သည် သူတို့၏ဂျူနီယာတစ်ယောက်ကို ဆုံးမသွန်သင်နေကြသည်မဟုတ်လော။ မည်သည်ကြောင့် သူ့ကဲ့သို့ မဆီမဆိုင်လူတစ်ယောက်ကို မေးမြန်းရသနည်း။
အဖိုးအိုလေးယောက်သည် မျှော်လင့်စောင့်စားနေပုံဖြင့် သူ့အားကြည့်နေကြသည်ကိုမြင်ချိန်တွင် ရီဖုန်းသည် ဖြစ်လိုရာဖြစ်ဟူသောသဘောဖြင့် ပြောဆိုလိုက်၏။
"ငါ တကယ်တော့ ဘာတစ်ခုမှမပြောချင်ဘူး...ဒါပေမယ့် အကြောင်းအကျိုးတွေကြောင့် အမှားတွေကျူးလွန်မိတာလို့ ငါ ခံစားမိတယ်...တကယ်တော့ တစ်ယောက်ယောက်က သူ့ရဲ့ဂျူနီယာအပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာက မဖြစ်သင့်ဘူး....သူ့ကို အခွင့်အရေးတစ်ခု ပေးလိုက်ပါ...သူ ကြီးပြင်းလာတဲ့အချိန်မှာ ဖြောင့်မတ်မှန်ကန်တဲ့လူတစ်ယောက် ဖြစ်လာမလာဆိုတာကတော့ သူ့ရဲ့ကံကြမ္မာပေါ်မှာပဲ မူတည်တယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက မိုးကောင်းကင်ထံသို့ မော့ကြည့်လိုက်သည်။ သူ ဟင်းချက်ရမည့်အချိန်သို့ ရောက်နေလေပြီ။
မည်သို့ပင်ဆိုစေကာမူ ကျုံးချင်တစ်ယောက်တည်း တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ထားသဖြင့် ဆရာသခင်ဖြစ်သောသူသည် ရံဖန်ရံခါ ဝင်ရောက်ကူညီမှသာ ကျိုးကြောင်းဆီလျော်ပေမည်။
ထို့ပြင် အဖိုးအိုလေးယောက်သည် သူတို့၏ဂျူနီယာအား ဆုံးမသွန်သင်နေသည်ကို သူ ရပ်ကြည့်နေရန်မသင့်တော်ချေ။
ရီဖုန်း ထွက်ခွာသွားပြီးနောက် ဝူယုံဟုန်တို့လေးယောက်သည် သူ၏စကားများကို စဥ်းစားချင့်ချိန်နေကြကာ တစ်ယောက်ကိုတစ်ယောက် တည်ကြည်လေးနက်သောအကြည့်ဖြင့်ကြည့်၍ ခေါင်းညိတ်လိုက်ကြသည်။
ဆရာကြီး၏ဆိုလိုရင်းသည် အလွန်သိသာထင်ရှားနေလေပြီ။
ထို့နောက် မှုန်တေတေမျက်လုံးလေးစုံသည် နင်ရွှမ်းဝူပေါ်သို့ ကျရောက်လာပေ၏။
နင်ရွှမ်းဝူ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားကာ အေးစက်စက်ချွေးများ တရဟောယိုစီးကျလာသည်။
"သိုလှောင်အိတ်ကို အရင်ဆုံးထုတ်ပေးစမ်း"
ဝူယုံဟုန်က သူ၏လက်ကိုဆန့်တန်း၍ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"စီနီယာ...အဲ့ဒီလိုလုပ်ဖို့ မလိုအပ်ဘူးလေ...ဟုတ်တယ်မလား"
နင်ရွှမ်းဝူက ထိတ်လန့်တကြားမော့ကြည့်ကာ ပြောဆိုလိုက်၏။
"အော်..."
ဝူယုံဟုန်၏အသံ အေးစက်တင်းမာသွားပြီး သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ ပြောဆိုသည်။
"မင်း ခုဏက ဆရာကြီးရဲ့စကားတွေကို မကြားလိုက်ဘူးလား"
"ကောင်းပြီ....ကောင်းပြီလေ"
နင်ရွှမ်းဝူက အံ့တင်းတင်းကြိတ်ကာ တွန့်ဆုတ်နေသောအမူအယာဖြင့် သူ၏သိုလှောင်အိတ်ကို ထုတ်လိုက်သည်။ ဤသိုလှောင်အိတ်အတွင်း၌ သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော နောက်ဆုံးအဖိုးတန်ရတနာများမှလွဲ၍ ရွှမ်းဝူဂိုဏ်းတစ်ဂိုဏ်းလုံး၏ အရင်းအမြစ်များအားလုံးပါဝင်သည်။
ထိုသိုလှောင်အိတ်အား ဝူယုံဟုန် ဆတ်ခနဲဆွဲယူလိုက်သည့် အချိန်အခိုက်အတန့်တွင် နင်ရွှမ်းဝူသည် သူ၏နှလုံးသားမှ သွေးစိမ်းရှင်ရှင် ယိုစီးကျနေသည့်အလား ခံစားနေရသည်။
"အင်း..."
ဝူယုံဟုန်သည် သိုလှောင်အိတ်ကိုဖွင့်၍ စစ်ဆေးကာ စိတ်ကျေနပ်မှုရရှိသွားပုံဖြင့်ခေါင်းညိတ်ပြီး ချူးရှစ်ခွမ်းထံလက်ကမ်းပေးကာ ညွှန်ကြားလိုက်သည်။
"မင်း ဒါကို အရင်ဆုံးထိန်းသိမ်းထားလိုက်အုံး...နောက်ကျမှ ဆရာကြီးဆီကို လွှဲပေးကြရအောင်"
ထိုသို့ပြောဆိုပြီးနော် သူသည် နင်ရွှမ်းဝူကို ထပ်မံ၍ကြည့်ကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"မင်း အခု မတ်တတ်ထရပ်နိုင်ပြီ"
ထိုစကားကိုကြားချိန်တွင် နင်ရွှမ်းဝူသည် နောက်ဆုံး၌ မတ်တတ်ထရပ်ကာ သူတို့၏ဝေခွဲရခက်သော မျက်နှာများကိုကြည့်၍ မဝံ့မရဲ မေးမြန်းလေသည်။
"စီနီယာတို့....ကျွန်တော် အခု သွားလို့ရပြီလား"
ထိုသို့ပြောဆိုပြီးနောက် ဤနေရာမှနေ၍ အဝေးသို့ထွက်သွားရန် သူ စိတ်အားထက်သန်နေသဖြင့် သူ၏ခြေထောက်ကို မြှောက်လိုက်သည်။
သို့ရာတွင် သူ ခြေတစ်လှမ်းမလှမ်းရသေးမီမှာပင် အားလှိုင်းတစ်ရပ်က သူ့အား ထပ်မံ၍ နောက်သို့ပြန်ဆွဲထားသည်။
"ထွက်သွားမှာလား"
"မင်း ခုဏက ဆရာကြီးရဲ့စကားတွေကို မကြားဘူးလား"
ဝူယုံဟုန်က ဒေါသတကြီး မေးမြန်းလိုက်၏။ သူသည် စကားပြောဆိုရင်း ပိန်လှီလှီအဖိုးအိုစွန်းကျူးကဲကို စောင်းငဲ့၍ကြည့်လိုက်သည်။
စွန်းကျူးကဲသည် အေးစက်စက်ပြုံး၍ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး နင်ရွှမ်းဝူ၏လက်တစ်ဖက်လုံးကို လွှမ်းခြုံသွားသည်။
"ဒါက ငါ့ရဲ့ကောင်းကင်ဘုံကပ်ဘေးအဆိပ်ပဲ...ဒါက သုံးရက်အတွင်းမှာ မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်"
"ဘာ....."
"ကောင်းကင်ဘုံကပ်ဘေးအဆိပ်လား"
ထိုစကားကိုကြားချိန်တွင် နင်ရွှမ်းဝူ၏မျက်နှာ စက္ကူတစ်ချပ်ကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူ၏လက်တဝိုက်၌ ရစ်ဝဲနေသော အနက်ရောင်အခိုးအငွေ့များကို တုန်လှုပ်ချောက်ချားဖွယ် တစ်စုံတစ်ခုအား မြင်တွေ့ရသည့်အလား စူးစိုက်၍ကြည့်လိုက်၏။
"မင်းလည်း ကြားသားပဲ...ဒါက ဆရာကြီးရဲ့ရည်ရွယ်ချက်ပဲ....သူက မင်းရဲ့အသက်ကို မလိုချင်ဘူး...တကယ်တော့ မင်းဆက်ပြီး ယောက်ျားတစ်ယောက်လို ဆက်ပြီးရပ်တည်နိုင်မနိုင်ဆိုတာကတော့ မင်းရဲ့ကံကြမ္မာပေါ်မူတည်တယ်"
"ထွက်သွားစမ်း"
စွန်းကျူးကဲသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ နင်ရွှမ်းဝူသည် အဝေးသို့ လွင့်ထွက်သွားတော့သည်။
Chapter 60
နင်ရွှမ်းဝူ၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်။ သူသည် သွေးတစ်လုတ်အန်ထုတ်လိုက်ရသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ဂရုမစိုက်ချေ။ သူ၏ပုံရိပ် ဖျတ်ခနဲလှုပ်ရှားသွားကာ အဝေးသို့ ထွက်ပြေးခဲ့တော့သည်။
သူသည် နောက်သို့ပြန်ဆွဲခေါ်ခံရမည်ကို အမှန်တကယ် ထိတ်လန့်ကြောက်ရွံနေမိသည်။ သူ ဤသိုင်းပညာခန်းမနှင့် အဝေးသို့ အလျှင်အမြန် ရောက်ရှိလိုပေ၏။
မည်သို့ပင်ဆိုစေကာမူ ထိုလူလေးယောက်ထံမှ ဖိအားအရှိန်အဝါသည် အမှန်တကယ်ကိုပင် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
အမှန်အားဖြင့် ထိတ်လန့်ကြောက်ရွံဖွယ်အကောင်းဆုံးတစ်ယောက်မှာ လျှို့ဝှက်ဆန်းကြယ်သောလူငယ်ပင်။
ထိုလူငယ်သည် အလွန်နက်နဲသိမ်မွေ့ကာ ဤကဲ့သို့ မှန်းဆ၍မရသော ခံစားချက်မျိုးကို သူ တောင့်မခံနိုင်ဆုံးဖြစ်သည်။
ဤတစ်ကြိမ်တွင်...
သူ အရှုံးကြီး ရှုံးခဲ့လေပြီ။
ကျင်းဝူရှင်းနှင့်ကျင်းဝူချန်တို့အတွက် လက်စားချေရန် ကောင်းကင်တုန်ဟီးကျောက်တုံးနှင့်ပျံလွှားဝတ်ရုံတို့ကိုပြန်ယူရန် မဆိုထားနှင့် သူ၏အသက်လေးပင် ဆုံးရှုံးသွားလုနီးပါးဖြစ်ခဲ့သည်။ အဓိကသော့ချက်မှာ ရွှမ်းဝူဂိုဏ်း၏အရင်းအမြစ်များအားလုံးကို ယူဆောင်သွားခြင်း ခံလိုက်ရလေပြီ။
ထို့ထက်ပို၍ မုန်းစရာအကောင်းဆုံးအရာမှာ...
နင်ရွှမ်းဝူသည် သူ၏လက်ယာဘက်လက်မောင်းပေါ်၌ ရစ်ဝဲနေသော အနက်ရောင်အခိုးအငွေ့များကို ကြည့်လိုက်၏။ ဤအချိန်အခိုက်အတန့်တွင် သူ သေချင်စိတ်ပေါက်သွားသည်။
ဤလက်သည် မကြာသေးမီက ချင်ရှန်းဘိုးဘေး၏ခုတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ပင်ကျင်းမြို့သို့ ရောက်မလာမီ သူသည် ဤလက်မှအရိုးများ အသစ်ပြန်ထွက်လာစေရန်အတွက် ဂိုဏ်း၏လျှို့ဝှက်နည်းလမ်းတစ်ခုနှင့် အရင်းအမြစ်အမြောက်အများကို အသုံးပြုခဲ့ရသည့်အပြင် သူ၏ဘဝသက်တမ်းတချို့ကိုပင် သုံးစွဲခဲ့သည်။
ဤနေရာသို့ ရောက်လာပြီးနောက် မည်သည့်ကိစ္စမျှ အကောင်အထည်မဖော်ရသေးမီ ခြင်တစ်ကောင်ကို ရိုက်သတ်ရုံမျှဖြင့် သူ ဤမျှထိ ဒုက္ခခံစားရမည်ဟု မည်သူက သိနိုင်မည်နည်း....
"အား...."
ထိုအကြောင်းကိုတွေးတောရင်း သူ ခေါင်းကိုက်လာသည်။
သို့ရာတွင် သူ၏အသက်ကိုကယ်တင်နိုင်ရန်မှာ ဦးစားပေးကိစ္စပင်။ စွန်းကျူးကဲ၏ကောင်းကင်ဘုံကပ်ဘေးအဆိပ်သည် သာမာန်မဟုတ်ချေ။ အကယ်၍ သူ ဤလက်ကိုဖြတ်မပစ်ပါက သုံးရက်မပြည့်မီ သူ ပြင်းထန်စွာခံစားရပြီး သေဆုံးရပေမည်။
အကြိမ်များစွာ ချီတုံချတုံဖြစ်နေပြီးနောက် သူသည် နောက်ဆုံး၌ အံ့တင်းတင်းကြိတ်ကာ နှမြောတသစွာဖြင့် သူ၏လက်ကို ဖြတ်တောက်လိုက်သည်။
မြေပြင်ပေါ်ရှိ လက်ပြတ်ကြီးကိုကြည့်ပြီး နင်ရွှမ်းဝူသည် ပို၍ပို၍ဒေါသထွက်လာပေ၏။ သူ၏ခန္ဓာကိုယ်သည် အရိပ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားကာ ယောင်လင်းအာနှင့်တခြားသူများ ရှိနေသောနေရာသို့ တဟုန်ထိုးအပြေးသွားလိုက်သည်။
"ဆရာသခင်...."
"ဘိုးဘေး...."
လူတိုင်းသည် အလျင်စလို ရှေ့သို့တိုးကာ နင်ရွှမ်းဝူ၏ဆုံးရှုံးသွားသော လက်နေရာကိုကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာများပေါ်၌ တည်ကြည်လေးနက်မှုများနှင့်စိတ်ရှုပ်ထွေးသောအမူအယာများ ရောယှက်နေသည်။
"ရှုခွန်း ဘယ်မှာလဲ"
နင်ရွှမ်းဝူက ဒေါသတကြီး မေးမြန်းလိုက်သည်။
"ဘိုး..ဘိုးဘေး....ဒါက နားလည်မှုလွဲတာပါ"
ရှုခွန်းသည် ယောင်လင်းအာ၏နောက်၌ ပုန်းအောင်းနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြလေ၏။
"ဒါက နားလည်မှုလွဲတာပါ"
"နားလည်မှုလွဲတာလား.."
နင်ရွှမ်းဝူသည် အံ့တင်းတင်းကြိတ်ကာ ရှုခွန်း၏လည်ပင်းကို တိုက်ရိုက်ဖမ်းဆွဲ၍ သူ၏လက်ဖြင့် လိမ်ချိုးလိုက်သည်။
ဂျွတ်....
အဆုံးစွန်ဆုံးထိ ဒေါသထွက်နေခြင်းကြောင့် နင်ရွှမ်းဝူသည် စကားတစ်လုံးမျှမဆိုဘဲ ရှုခွန်း၏လည်ပင်းကိုလိမ်ချိုးကာ မြေပြင်ပေါ်သို့ ပစ်ချလေသည်။
"ဘာက နားလည်မှုလွဲတာလဲဆိုတာ ငါ မင်းကို ပြပေးမယ်....ဘာက နားလည်မှုလွဲတာလဲဆိုတာ ငါ မင်းကို ပြပေးမယ်"
ရှုခွန်းကို သတ်ဖြတ်ပြီးသည့်တိုင် သူ၏ဒေါသများ အကင်းမသေသေးသဖြင့် နင်ရွှမ်းဝူသည် ရှုခွန်း၏အလောင်းပေါ်သို့ ထပ်ခါတလဲလဲ သူ၏ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။ သူ၏ကြီးမားသောခွန်အားအောက်တွင် အလောင်းသည် အသားပြားဘဝသို့ ပြောင်းလဲသွားလေပြီ။
နင်ရွှမ်းဝူ၏ဒေါသကိုကြည့်ပြီး ယင်လော့အာနှင့်တခြားသူများသည် ခေါင်းငုံထားကာ အသက်ပင်ပြင်းပြင်းမရှုဝံ့ချေ။
သို့ရာတွင် ဤသည်ကို သူတို့အားလုံး နားလည်ပေးနိုင်သည်။ ဤကဲ့သို့ကိစ္စမျိုးကို ကြုံတွေ့ရသော မည်သူမဆို ခံစားချက်ကောင်းမွန်မည်မဟုတ်ရာ ရွှမ်းဝူဂိုဏ်း၏ဂိုဏ်သိက္ခာကြီးမားသော ဘိုးဘေးနင်ရွှမ်းဝူဟူပါက ဆိုဖွယ်ရာပင်မရှိချေ။
အချိန်အတော်ကြာပြီးနောက် နင်ရွှမ်းဝူ၏ဒေါသများ အနည်းငယ်ပြေလျော့သွားပုံရသည်ကိုမြင်သော အကြီးအကဲတစ်ယောက်က သိချင်စိတ်ပြင်းပြစွာဖြင့် သူ၏ခေါင်းကိုမော့ကာ မေးမြန်းလိုက်၏။
"ဘိုးဘေး....ကျွန်တော်တို့ နောက်ထပ်ဘာလုပ်သင့်လဲ...ကျွန်တော်တို့က ဆက်ပြီးလက်စားချေရမှာလား"
'လက်စားချေခြင်း'ဟူသော စကားကိုကြားချိန်တွင် နင်ရွှမ်းဝူ၏မျက်နှာအမူအယာ ရှုံမဲ့သွားကာ သူ၏မျက်နှာသည် ရွှံရေကဲ့သို့ နောက်ကျိသွားသည်။
"ပြီးတော့ ကောင်းကင်တုန်ဟီးကျောက်တုံးနဲ့ ပျံလွှားဝတ်ရုံလည်း ရှိသေးတယ်...ကျွန်တော်တို့ က အဲ့ဒီရတနာတွေကို ပြန်ယူဖို့ ဆက်ပြီးလှုပ်ရှားရမှာလား"
ထိုအကြီးအကဲက ထပ်မံ၍ မေးမြန်းသည်။
ထိုစကားကိုကြားချိန်တွင် တခြားသူများသည် ထိုအကြီးအကဲကို စာနာသနားသောအကြည့်ဖြင့် ကြည့်လိုက်ကြ၏။
ဤငမိုက်သားသည် အထိမခံနိုင်သောအကြောင်းကိစ္စကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းပင်။
တိကျသေချာစွာပင် အနည်းငယ်ပြေလျော့သွားသော နင်ရွှမ်ဝူ၏ဒေါသများ သူ၏ငယ်ထိပ်ထိရောက်အောင် တဖန်ပြန်၍မြင့်တက်လာသည်။ သူသည် လက်တစ်ဖက်ကို ဆန့်တန်းကာ ထိုအကြီးအကဲကို အသားပြားဖြစ်သည်အထိ ရိုက်နှက်လိုက်၏။
"ပေါက်တက်ကရစကားတွေမပြောဖို့ ငါ မင်းကို သင်ပေးမယ်...ပေါက်တwfကရစကားတွေမပြောဖို့ ငါ မင်းကို သင်ပေးမယ်"
ထိုအကြီးအကဲကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ပြီးနောက် နင်ရွှမ်းဝူသည် မရပ်တန့်နိုင်ဘဲ အလောင်းပေါ်သို့ ထပ်မံ၍ခြေဖြင့်ဆောင်းနင်းကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။