← Chapters

ကျန်းရွှမ်၏လှုပ်ရှားမှု(၂)

Vol. 8 Ch. 117

ကျန်းရွှမ်၏လှုပ်ရှားမှု(၂)

Vol. 8 Ch. 117

လျှူထျန်ကျန်းသည် အံ့အားသင့်သွားကာ ဒေါသကြောင့် သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။ "ငါ့ကို ဆန့်ကျင်ရင် မင်း ဘယ်လို အဖိုးအခပေးရမလဲဆိုတာ မင်း သိလား..."

"သမီး ကောင်းကောင်းကြီးသိပါတယ်... ဒါကြောင့်ပဲ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ"

လျှူမင်ယွဲ့က ခိုင်မာပြတ်သားသော အမူအယာဖြင့် ခေါင်းခါလိုက်သည်။

"ငယ်ငယ်ကတည်းက သမီးက အမြဲတမ်း စကားနားထောင်တတ်တဲ့ သမီးတစ်ယောက် ဖြစ်ခဲ့တယ်...အဖေခိုင်းသမျှကို သမီး မကြိုက်ရင်တောင် လုပ်ခဲ့တယ်...သမီးက အဖေရဲ့ဆန္ဒတွေကိုလိုက်နာပြီး အဖေရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်"

"သမီးက စင်္ကြံမှာ လေခေါင်းလောင်းတွေချိတ်ပြီး လေတိုက်တိုင်း မြည်သံလေးတွေကို နားထောင်ရတာကြိုက်တယ်… သမီးက ဘယ်သွားသွား ထင်ရှားပေါ်လွင်စေမယ့် အရောင်အသွေးစုံလင်တဲ့ ဝတ်စုံတွေ ဝတ်ရတာကို ကြိုက်တယ်...သမီးက လူစည်ကားတဲ့နေရာတွေကိုသွားပြီးတော့ လေနဲ့အတူပြေးလွှားရင်း ပျော်ပျော်ရွှင်ရွှင်အော်ဟစ်ရတာကို ကြိုက်တယ်… ဒါပေမဲ့ အဖေကတော့ တိတ်ဆိတ်တာနဲ့ရိုးရှင်းတာကို ပိုပြီးနှစ်သက်တယ်…"

"သမီးက အဖေရဲ့စကားကို နားထောင်ဖို့ ရွေးချယ်ခဲ့တယ်... လေခေါင်းလောင်းတွေကိုလွှင့်ပစ်ပြီးတော့ ဝတ်စုံတွေကို ဝှက်ထားခဲ့တယ်... အိမ်မှာပဲ ငြိမ်ငြိမ်လေးနေပြီး တာဝန်ကျေတဲ့ သမီးတစ်ယောက်အဖြစ် နေ့ရက်တွေကို ကုန်ဆုံးခဲ့တယ်… ပြီးတော့ ယုရှောင်ယွီကိုမြင်တိုင်း သမီးမှာ ထူးဆန်းတဲ့မနာလိုစိတ်တစ်ခု ခံစားရတယ်....သူက သမီး ကြိုက်တဲ့အရာအားလုံးကို လုပ်ခွင့်ရပြီးတော့ ဘယ်သူကမှ သူ့ကို အဲ့ဒီအတွက် အပြစ်တင်ဆုံးမတာမျိုးမရှိဘူး"

"ဒါပေမဲ့ သမီးကတော့ အမြဲတမ်းအဆူခံရတယ် အမြဲတမ်း သမီးကောင်းဖို့အတွက်လို့ အပြောခံရတယ်…"

"သမီး တစ်ခါက ပုန်ကန်ဖို့စဉ်းစားခဲ့ဖူးတယ်... ကိုးနှစ်အရွယ်မှာ သမီးရဲ့မုန့်ဖိုးနဲ့ ရောင်စုံကြွေရုပ်တစ်ရုပ်ဝယ်ခဲ့တယ်...အဲ့ဒီအရုပ်ကို သမီးရဲ့အခန်းထဲမှာထားပြီးတော့ နေ့တိုင်း အဝတ်အစားဆင်ပေး မိတ်ကပ်လိမ်းပေး အဝတ်အသစ်တွေချုပ်ပေးရင်းနဲ့ အချိန်ကုန်ခဲ့တယ်… ဒါပေမဲ့ အဖေသိသွားတဲ့အချိန်မှာ သမီးက အချိန်ဖြုန်းနေတယ်...ကျင့်ကြံခြင်းကိုလျစ်လျူရှုပြီး ရင်းမြစ်စွမ်းအင်ကို နားလည်ဖို့ အာရုံမစိုက်ဘူးလို့ ပြောခဲ့တယ်...အဖေက သမီးချုပ်ထားတဲ့ အဝတ်တွေကို ကတ်ကြေးနဲ့ဖြတ်ပစ်ပြီး အရုပ်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင်ရိုက်ခွဲခဲ့တယ်"

"ဒါပေမဲ့ အဲ့ဒီနေ့မှာပဲ သမီးက ရင်းမြစ်စွမ်းအင်ကိုနားလည်ပြီး ရင်းမြစ်ရေအိုင်ကို ရှာတွေ့ခဲ့တယ်...အဖေ အရမ်းပျော်သွားခဲ့တယ်...အဖေက သမီးကို နှစ်တစ်ရာအတွင်းမှာ မိသားစုရဲ့အတော်ဆုံးကလေးလို့ ပြောခဲ့တယ်…"

"ဒီနေ့လည်း အဲ့ဒီလိုပဲ...အဖေက မိန်းကလေးတွေ ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ကျင့်ကြံဖို့လိုအပ်တယ်ဆိုတာ သမီးကောင်းဖို့အတွက်လို့ ပြောခဲ့တယ်… ဒါက အမှန်ပဲဆိုတာ သမီးသိတယ်.....ဒါပေမဲ့ ကျင့်ကြံခြင်းက တကယ်ပဲ ကံကြမ္မာကို ပြောင်းလဲဖို့ တစ်ခုတည်းသောနည်းလမ်းလား... သမီးရဲ့ကံကြမ္မာကိုပြောင်းလဲဖို့အတွက် သမီးရဲ့ပျော်ရွှင်မှုတွေနဲ့ ဝါသနာတွေအားလုံးကို စတေးရမှာလား"

"အဲ့ဒီလိုလုပ်ရမယ်ဆိုရင်တော့ ဒါက သမီးလိုချင်တဲ့ဘဝမဟုတ်ဘူး..သမီး ရလာမယ့်ဘဝကို မပျော်မွေ့ရရင် ကံကြမ္မာပြောင်းလဲရတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"

"အဖေက ချစ်ခြင်းမေတ္တာလို့ အမည်တပ်ထားတဲ့ သံကြိုးတွေနဲ့ ချည်နှောင်ထားတာကြောင့် သမီးက အသက်ရှူကြပ်သလို ခံစားခဲ့ရတယ်"

"သမီး မပုန်ကန်နိုင်ခဲ့ဘူး...ဒါကြောင့် အမြဲတမ်းနားထောင်ခဲ့တယ်... ဒါပေမဲ့ သမီး အမြဲတမ်းကြောက်နေခဲ့တယ်...ရှုံးနိမ့်မှာကိုကြောက်တယ် အဖေ့ကို စိတ်ပျက်စေမှာကို ကြောက်တယ်…ဒါက သမီး မိုယန်ရွှယ်ကို ရှုံးပြီးတော့ မိုယွင်ကျောက်စိမ်းကို ပျောက်ဆုံးသွားတုန်းကလိုပဲ... အဖေဆူမှာကို အရမ်းကြောက်လို့ အဲ့ဒီအကြောင်းကို အဖေ့ကို ပြောမပြရဲခဲ့ဘူး"

"ဒီကြောက်စိတ်နဲ့အတူ သမီးက ပိုပိုပြီးတွန့်ဆုတ်လာတယ်...အဖေ့ရဲ့ခွင့်ပြုချက်မရဘဲ ဘာဆုံးဖြတ်ချက်မှ မချနိုင်တော့ဘူး…

"မနေ့ကတောင် အဖေက ဆရာကျန်းရဲ့နည်းစနစ်နဲ့ မလေ့ကျင့်ဘဲ မိသားစုရဲ့ 'ဖူယောင်စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်' ကိုပဲ သုံးဖို့ပြောတဲ့အချိန်မှာ သမီး စိတ်မပါပေမဲ့ သဘောတူခဲ့တယ်"

"ဒါပေမဲ့ ဒီနေ့ ယုရှောင်ယွီနဲ့ဟုန်ရီတို့ ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာ မြင်ပြီးတဲ့နောက်မှာ သမီး တစ်ခုခုကို နားလည်သဘောပေါက်သွားတယ်…"

"ဘာလို့ သမီးက အဖေ့ရဲ့စကားကို နားထောင်ရမှာလဲ...ဘာလို့ သမီးက အဖေ စီစဉ်ပေးထားတဲ့ဘဝအတိုင်း ရှင်သန်ရမှာလဲ"

"ကျွန်မက ကျွန်မပါပဲ... ပြီးတော့ ကျွန်မရဲ့ဘဝကို ကျွန်မဘာသာ ကျွန်မ ရှင်သန်ချင်တယ်...ဒီနေ့ သမီးရဲ့ရွေးချယ်မှု မှားနေတာကြောင့် နောက်ပိုင်းမှာအဖိုးအခပေးရရင်တောင် သမီးက ကြည်ကြည်ဖြူဖြူနဲ့ ဘာနောင်တမှမရှိဘဲ ပေးဆပ်ပါ့မယ်"

"ဒါကြောင့်… ဒီနေ့ သမီး အဖေရဲ့စကားကို နားမထောင်တော့ဘူး....သမီးနှလုံးသားရဲ့အလိုအတိုင်းလိုက်ပြီး ဆရာကျန်းရဲ့တပည့်ဖြစ်အောင်လုပ်မယ်... နောက်တစ်ခါ နောင်တရဖို့ ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးမပေးတော့ဘူး"

"…"

လျှူထျန်ကျန်းသည် သူ့သမီး၏စကားများကြောင့် မှင်တက်သွားပေ၏။

အချိန်တိုင်းတွင် သူသည် သူမ ကောင်းစားရန်အတွက် အရာအားလုံးကို လုပ်ဆောင်ပေးနေသည် စွန့်လွှတ်အနစ်နာခံနေသည်ဟု တွေးထင်ခဲ့သည်။ သူသည် သူမ၏ပင်ကိုယ်အကျင့်စရိုက်ကို ဖိနှိပ်ခဲ့မိကြောင်း သူ တစ်ကြိမ်တစ်ခါမျှ မသိခဲ့ချေ။

သူ၏လုပ်ရပ်များ မှန်သလော မှားသလော မသေချာတော့ချေ။

သူ ပထမဆုံးအကြိမ်အဖြစ် ဇဝေဇဝါ ဖြစ်သွားသည်။

သို့ရာတွင် ထိုဇဝေဇဝါမှုသည် လျင်မြန်စွာပင် ပြင်းထန်သောဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ မွေးမြူခဲ့သောသမီးက ကျေးဇူးမတင်သည့်အပြင် သူ့ကို အပြစ်တင်နေသည်။

'ကျေးဇူးကန်းတဲ့ သမီးမိုက်'

"မင်းရဲ့အမေက စောစောသေသွားတော့ ငါ မင်းကို လမ်းမှားမရောက်စေချင်ဘူး...မင်း အမှားတွေကို ရှောင်နိုင်အောင် အရာအားလုံးကို ငါ ကြိုတင်စဉ်းစားပေးခဲ့တယ်...အဲ့ဒါက မှားနေလို့လား...ငါ မရှိဘဲ မင်း ဒီလောက်ထိ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာနိုင်မလား... လျှူမိသားစုရဲ့သခင်မလေးဆိုတဲ့ အဆင့်အတန်းမှာ စည်းစိမ်ချမ်းသာတွေနဲ့ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ နေထိုင်နိုင်မလား..."

သူက ဒေါသတကြီးဖြင့် လက်ကိုဝှေ့ယမ်းကာ လျှူမင်ယွဲ့ကို စိုက်ကြည့်လိုက်သည်။

"မင်းကို ပြန်စဉ်းစားဖို့ အခွင့်အရေး နောက်တစ်ကြိမ် ထပ်ပေးမယ်...ငါ့ကို နောက်တစ်ကြိမ် စိတ်မပျက်စေနဲ့"

"အဖေက သမီးရဲ့ထင်မြင်ချက်ကို ဘယ်တော့မှမလေးစားခဲ့ဘူး....သမီးဘာပြောပြော အဖေက အဖေရဲ့ဆန္ဒကိုပဲ သဘောတူစေချင်တယ်… ကောင်းပြီလေ အဖေ ကြားချင်မှတော့ သမီးထပ်ပြောပေးမယ်... တကယ်လို့ လိုအပ်ရင် ဆယ်ခါထပ်ပြောပေးမယ်..."

လျှူမင်ယွဲ့သည် အသက်ပြင်းပြင်း ရှူသွင်းရပြီး သူမ၏အကြည့်သည် ခိုင်မာပြတ်သားနေဆဲပင်။

"သမီးက ဆရာကျန်းရဲ့တပည့် ဖြစ်ချင်တယ်..."

ဖြောင်း...

သူမ၏စကားမဆုံးခင်မှာပင် လျှူထျန်ကျန်း၏လက်သည် ကျယ်လောင်ပြတ်သားသောအသံဖြင့် သူမ၏မျက်နှာကိုရိုက်ချလိုက်ပြီး ပါးရိုက်သံသည် ခြံဝင်းအတွင်း၌ ပဲ့တင်ထပ်သွားပေ၏။ ထိုရိုက်ချက်သည် သူမ၏ပါးကိုထိမှန်ရုံသာမက သူမ၏နှလုံးသားကိုလည်း ထိမှန်သွားခဲ့သည်။

"လျှူမိသားစုခေါင်းဆောင်... ခင်ဗျား ဘာလုပ်နေတယ်ဆိုတာ ခင်ဗျား စဥ်းစားမိရဲ့လား"

လျှူထျန်ကျန်းသည် သူ၏သမီးကို ရိုက်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဟမ့်....ငါ ဘာလုပ်လုပ် မင်းနဲ့မဆိုင်ဘူး..."

လျှူထျန်ကျန်းက အေးစက်စက်နှာမှုတ်ပြီး သူ၏သမီးဘက်သို့ ပြန်လှည့်လိုက်သည်။

"နင် သတ္တိရှိရင် နောက်တစ်ခါထပ်ပြောစမ်း..."

သူမ၏ပါးကိုအုပ်ရင်း လျှူမင်ယွဲ့၏မျက်လုံးများအတွင်းတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။ အစောပိုင်းက သူမ ဇွဲမလျှော့လျှင် သူမ၏ဖခင်က သူမ၏ဆန္ဒကို လိုက်လျောလိမ့်မည်ဟု မျှော်လင့်ချက်ထားမိဆဲပင်။ ယခုချိန်တွင်မူ သူမ၏မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားလေပြီ။

သူ၏မျက်လုံးအတွင်းတွင် သူမသည် ထိန်းချုပ်ခြယ်လှယ်ခံရမည့် ရုပ်သေးရုပ်တစ်ရုပ်ထက် မပိုချေ။ သူမ နားထောင်နေသရွေ့ သမီးကောင်းဖြစ်ပြီး ထိုသို့မဟုတ်လျှင် သူမသည် ပုန်ကန်သူ မိဘကိုမရိုသေသူ ဖြစ်သွားပေမည်။

မျက်ရည်များသည် သူမ၏ပါးပြင်ပေါ်သို့ စီးကျလာသော်လည်း သူမ၏အမူအယာသည် ယခင်ထက်ပို၍ ခိုင်မာပြတ်သားလာသည်။

"သမီး အဖေရဲ့စကားကို နားမထောင်တော့ဘူးလို့ ပြောခဲ့ပြီးပြီ...သမီး ဆရာကျန်းရဲ့တပည့်ဖြစ်ကို ဖြစ်ရမယ်"

"ကောင်းပြီလေ...ဒါက နင့်ရဲ့ရွေးချယ်မှုဆိုမှတော့ ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်နဲ့"

လျှူထျန်ကျန်းက သူမကို ထပ်မံ၍ရိုက်ရန် သူ၏လက်ကိုမြှောက်လိုက်သည်။

All Chapters