← Chapters

ကျန်းရွှမ်၏လှုပ်ရှားမှု(၄)

Vol. 8 Ch. 119

ကျန်းရွှမ်၏လှုပ်ရှားမှု(၄)

Vol. 8 Ch. 119

"ဆရာ…"

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ယုရှောင်ယွီနှင့် ဟုန်ရီတို့သည် အံ့အားသင့်သွားကာ အချင်းချင်းအပြန်အလှန်ကြည့်မိကြပြီး သူတို့ မြင်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။

တစ်ဖက်လူသည် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပင်။

လျှူမိသားစုခေါင်းဆောင်ဖြစ်ကာ အဖြူရောင်ကျောက်တုံးမြို့၏ နာမည်ကြီး ထိပ်သီးကျင့်ကြံသူဖြစ်သော လျှူထျန်ကျန်းသည် ဆရာကျန်း၏ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။ လျှူထျန်ကျန်းသည် သူ၏လက်ကိုဖမ်းဆုပ်ခံထားရသဖြင့် အားနည်းချက်ရှိနေသော်လည်း သူ၏ကျင့်ကြံဆင့်သည် ထိုသို့သောအခြေအနေကိုကာကွယ်ရန် လုံလောက်သည်ထက် ပိုသင့်သည်။

"ငါ့ရဲ့အဖေက ဒါကို အစကတည်းက မြင်ပြီးသားများ ဖြစ်နေမလား...."

ယုရှောင်ယွီ၏ စိတ်နှလုံးသားအတွင်းသို့ အတွေးတစ်ခု ဝင်လာပြီးနောက် သူမ၏နှလုံးခုန်နှုန်း လျှင်မြန်သွားပေ၏။

သူမ၏ဖခင်က သူမကို ကျန်းရွှမ်၏တပည့်ဖြစ်စေရန် အတင်းအကြပ်တိုက်တွန်းခဲ့သော်လည်း သူမသည် အကြောင်းရင်းခံကို နားမလည်ခဲ့ချေ။ ကျင့်ကြံနည်းစနစ်များကို သင်ယူပြီးနောက် သူမသည် ထိုဆုံးဖြတ်ချက်ကို တန်ဖိုးထားလာခဲ့သော်လည်း ယခုချိန်၌ သူမရှေ့ရှိမြင်ကွင်းကို မြင်တွေ့ပြီးနောက် အပြည့်အဝနားလည်သွားသည်။

'ငါ အရမ်းအမြင်ကျဥ်းခဲ့တာပါလား'

သူမ၏ဖခင်သည် ကျန်းရွှမ်၏နက်ရှိုင်းသောကျင့်ကြံမှုကို ယခင်ကတည်းက တွေ့မြင်ပြီးဖြစ်ပေမည်။ ထို့ကြောင့် သူမကို သူ၏တပည့်ဖြစ်စေရန် အတင်းအကြပ်တိုက်တွန်းခဲ့ခြင်းဖြစ်ပေမည်။ ကျန်းရွှမ်ကို အထူးအခွင့်အရေးပေးရန် အပင်ပန်းခံခဲ့သော ကျောင်းအုပ်ကြီးလုထံတွင်လည်း အလားတူရည်ရွယ်ချက်မျိုး ရှိနေနိုင်သည်။

ထို့ပြင် သူမသည် ယခင်က ကျန်းရွှမ်ကို အရည်အချင်းမရှိသော မြင်းထိန်းတစ်ယောက်ဟု တွေးထင်ခဲ့ဖူးသည်။

"ဆရာကျန်း…"

ယုရှောင်ယွီနှင့် ဟုန်ရီတို့သာမက မြေပြင်ပေါ်တွင်ဒူးထောက်နေဆဲဖြစ်သော လျှူမင်ယွဲ့ပင်လျှင် အံ့အားသင့်နေကာ မယုံကြည်နိုင်မှုကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်နေသည်။

သူမသည် ကျန်းရွှမ်၏တပည့်ဖြစ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အဓိကအားဖြင့် သူ၏သင်ကြားမှုများက မယုံနိုင်ဖွယ်ကောင်းလောက်အောင် ထိရောက်သောကြောင့်ပင်။ တခြားအကြောင်းရင်းမှာ သူမအဖေ၏ထိန်းချုပ်မှုအပေါ် ပုန်ကန်လိုသောဆန္ဒကြောင့်ပင်။ သို့ရာတွင် ယခုချိန်တွင်မူ ကျန်းရွှမ်သည် ထူးချွန်သောဆရာတစ်ယောက်ဖြစ်ရုံသာမက သူ၏အစစ်အမှန်ခွန်အားသည်လည်း အံ့အားသင့်ဖွယ်ကောင်းသည်ကို သူမ နားလည်သဘောပေါက်သွားပေ၏။

"မင်းရဲ့ အစစ်အမှန်ခွန်အားက ဘာပဲဖြစ်ဖြစ်.... မင်းက ငါ့ရဲ့သမီးကို လမ်းမှားရောက်အောင် ခေါ်ဆောင်ပြီးတော့ ငါ့ရဲ့စကားကို မနာခံအောင်လုပ်ခဲ့တယ်.... အဲ့ဒီအတွက် မင်း တန်ကြေးပေးရလိမ့်မယ်"

လျှူထျန်ကျန်းသည် သူ၏ခန္ဓာကိုယ်တွင်းကလီစာများမှ လှုပ်ခတ်မှုကို ထိန်းချုပ်ရန် အသက်ကိုပြင်းပြင်းရှိုက်သွင်းရင်း ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

သူ၏သမီးသည် သူ့ကို ဆန့်ကျင်နေလေပြီ။ သူ ရိုက်နှက်ခံရကာ လဲကျသွားပြီးနောက် ပြန်မတိုက်ခိုက်လျှင် အနာဂတ်တွင် သူမသည် သူ့ကို လေးစားရန်အား မည်သို့ မျှော်လင့်နိုင်မည်နည်း။

သူ၏ခန္ဓာကိုယ်အတွင်း၌ အစစ်အမှန်စွမ်းအားများ တလိမ့်လိမ့်ထလာကာဖားအော်သံကဲ့သို့အသံတစ်သံ ထွက်ပေါ်လာသည်။ လျှူထျန်ကျန်းသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ ခြေထောက်ဖြင့် မြေပြင်ကိုကန်ပြီး ရှေ့သို့ဆယ်မီတာခန့် ခုန်တက်ကာ ကျန်းရွှမ်၏ရှေ့တည့်တည့်သို့ ချက်ချင်းရောက်ရှိလာသည်။

လျှူမိသားစု၏ သိုင်းပညာနည်းစနစ်....ကျားနက်ခုန်ပျံခြေလှမ်းနည်းစနစ်...

ကျားနက်သည် ပုံပန်းသဏ္ဌာန်အားဖြင့် ကျားနှင့်တူသော ရင်းမြစ်သားရဲတစ်ကောင်ပင်။ ထိုသားရဲသည် ခုန်ပျံခြင်းတွင်ထူးချွန်ပြီး အမဲလိုက်သည့်အချိန်တိုင်း ပတ်ဝန်းကျင်ကိုလေ့လာရန် သစ်ကိုင်းများပေါ်သို့ ခုန်တက်လေ့ရှိသည်ဟု လူသိများကျော်ကြားပေ၏။ ကျားနက်သည် သားကောင်ကိုတွေ့သည်နှင့် အထက်မှနေ၍ သေစေနိုင်သောထိုးနှက်ချက်ကို ထုတ်လွှတ်သည်။

လျှူထျန်ကျန်းသည် ယခုအချိန်တွင် ခုန်ပျံခြင်းနည်းစနစ်ကိုသာ အသုံးပြုထားသဖြင့် တိုက်ခိုက်မှုအပြည့်အစုံမဟုတ်သော်လည်း ထိုအရာ၏စွမ်းအားသည် ကြီးမားပေ၏။ သူ လက်သီးမထိုးမီမှာပင် သူထံမှ ထွက်ပေါ်လာသောပေါက်ကွဲအားသည် ပြင်းထန်သောလေလှိုင်းကိုဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်၌ လေလှိုင်းဂယက်များ ပျံ့နှံ့သွားသည်။

ကျန်းရွှမ်သည် တည်ငြိမ်သောမျက်နှာဖြင့် မတုန်မလှုပ်ရှိနေဆဲပင်။ သူသည် ရှောင်တိမ်းခြင်းမပြုဘဲ သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။

သူ၏လှုပ်ရှားမှုသည် သိမ်မွေ့သော်လည်း အချိန်တိကျမှုနှင့် ချိန်ရွယ်မှုသည် အပြစ်အနာအဆာကင်းမဲ့သည်။ လျှူထျန်ကျန်း မရှောင်တိမ်းလျှင် ထိုထိုးနှက်ချက်သည် သူ၏အပ်စိုက်မှတ်တစ်ခုပေါ်သို့ တိကျစွာကျရောက်ပြီး သူ့ကို အားအင်မဲ့သွားစေပေလိမ့်မည်။

"..."

ဤမျှထိ လျင်မြန်သောတုံ့ပြန်မှုကို မမျှော်လင့်ထားသောကြောင့် လျှူထျန်ကျန်းသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။ သူသည် သူ၏လက်ကို အလျှင်အမြန်မြှောက်ကာ လက်ချောင်းများကို ဖြန့်လိုက်သည်။ ထို့နောက် သူ၏လက်ကို ကြာပွတ်တစ်ချောင်းအလား အောက်သို့ရိုက်ချလေသည်။

ဤသည်မှာ လျှူမိသားစု၏အထင်ကရ နည်းစနစ်တစ်ခုဖြစ်သော မိုးမခလက်ဝါးနည်းစနစ်ပင်။

လေထုအတွင်းမှ မိုးမခပင်ကဲ့သို့ ပျော့ပျောင်းသောခန္ဓာကိုယ်နှင့် မိုးကာကဲ့သို့ကျယ်ပြန့်သောလက်ဝါးတို့ကို အသုံးပြုရသော ဤနည်းစနစ်သည် အရပ်မျက်နှာအဘက်ဘက်မှ တပြိုင်နက်တည်းတိုက်ခိုက်နိုင်ရန် ပုံစံထုတ်ထားပေ၏။ ဤနည်းစနစ်၏စွမ်းအားသည် ရင်းမြစ်ရေအိုင်မှစတင်ပြီး ပေါင်နှင့်ခါး၏စွမ်းအားဖြင့် အားဖြည့်ကာ တစ်ချက်တည်းသောထိုးနှက်မှုဖြင့် မြင်းကောင်ရေအားကိုးဆယ်အထိ ထုတ်လွှတ်နိုင်သည်။

ထိုလက်ဝါးမကျရောက်မီမှာပင် လေဖိအားတစ်မျိုးတည်းဖြင့်ပင် တစ်စုံတစ်ယောက်အား ထိခိုက်မိပါက အရိုးများကြေမွသွားစေနိုင်သည်။

သူ၏လက်ရှိကျင့်ကြံဆင့်ဖြင့်ထိုသို့သောတိုက်ခိုက်မှုကို တိုက်ရိုက်မခံယူနိုင်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်သည် သူ၏ခန္ဓာကိုယ်ကိုဘေးသို့အနည်းငယ်တိမ်းလိုက်ပြီး နံဘေးသို့ ခြေတစ်လှမ်းခွဲ ရွေ့လိုက်သည်။ သို့ရာတွင် ထိုခြေတစ်လှမ်းခွဲသည် တိကျစွာတွက်ချက်ထားပြီး မိုးမခလက်ဝါးနည်းစနစ်၏ အဓိကစွမ်းအားကို ရှောင်ရှားနိုင်ခဲ့သည်။

ဤလှုပ်ရှားမှုသည် လျှူထျန်ကျန်း၏နည်းစနစ်မှ အားနည်းချက်တစ်ခုကို အသုံးချခဲ့ခြင်းပင်။

ကောင်းကင်ဘုံစာကြည့်တိုက်ကို မသုံးလျှင်ပင် ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်ပြီး မရေမတွက်နိုင်သော တိုက်ပွဲများကိုဆင်နွှဲခဲ့သော ကျန်းရွှမ်သည် ထိုအားနည်းချက်ကို ချက်ချင်းမြင်တွေ့နိုင်ခဲ့သည်။

လျှူထျန်ကျန်း၏တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ကျန်းရွှမ်သည် လျင်မြန်သောကန်ချက်ဖြင့်တန်ပြန်တိုက်ခိုက်လိုက်၏။

ဤကန်ချက်တွင် အစစ်နှင့်အတုအယောင်လှုပ်ရှားမှုများ ရောနှောနေသဖြင့် ခန့်မှန်းရခက်သည်။ လျှူထျန်ကျန်း မတုံ့ပြန်နိုင်မီမှာပင် ကန်ချက်သည် သူ၏ဝမ်းဗိုက်ကို တိကျစွာထိမှန်သွားပြီး သူ့ကိုနောက်တစ်ကြိမ်လွင့်စင်သွားစေကာ ဒူးထောက်ရက်သား လဲကျသွားစေသည်။

ဤထိုးနှက်ချက်သည် ယခင်တစ်ကြိမ်ထက်ပို၍ပြင်းထန်ပြီး သူ့အား ပို၍ပင်အရှက်ရစေသည်။

အစောပိုင်းက ထိတွေ့မှုကို ကျန်းရွှမ်ကသူ၏လက်မောင်းကိုဖမ်းဆုပ်ထားခြင်းကြောင့်ဟု ဆင်ခြေပေးနိုင်လျှင်ပင် ဤတစ်ကြိမ်တွင် လျှူထျန်ကျန်းသည် သူ၏အစွမ်းအထက်ဆုံးသိုင်းကွက်ကိုအသုံးပြုခဲ့သော်လည်း လွယ်လင့်တကူ တန်ပြန်တိုက်ခိုက်ခံရပြီး လွင့်ထွက်သွားခဲ့သည်။

အသက်နှစ်ဆယ်ကျော်အရွယ်ဟု ထင်ရသော ဤလူငယ်သည် မည်သည်ကြောင့် ဤမျှထိ မယုံနိုင်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေသနည်း။

လျှူထျန်ကျန်းသည် ရုန်းကန်၍ မတ်တတ်ထရပ်ကာ သူ၏မျက်နှာအမူအယာသည် ကျန်းရွှမ်ကိုကြည့်ရင်း ပို၍တည်ကြည်လေးနက်လာသည်။

"ငါ မင်းကို အရင်က လျှော့တွက်ခဲ့တယ်ဆိုတာ ဝန်ခံတယ်...ဒါပေမဲ့ ဒီတစ်ခါတော့ ငါမညှာတော့ဘူး"

လျှူထျန်ကျန်းသည် အသက်ပြင်းပြင်းရှိုက်ပြီး သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။ နှစ်ကြိမ်ဆက်တိုက်ရှုံးနိမ့်ပြီးနောက် သူသည် စွမ်းအားကုန် ထုတ်လွှတ်လိုက်သဖြင့် ပြဒါးလှိုင်းကဲ့သို့ ကြီးမားသော အရှိန်အဝါတစ်ရပ်က သူထံမှ ဖြာထွက်လာသည်။ သူ နောက်တစ်ကြိမ် ထိုးနှက်ရန် ပြင်ဆင်နေစဉ်မှာပင် အလောတကြီးအော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"လျှူမိသားစုခေါင်းဆောင်...ခင်ဗျား ဘာလုပ်နေတာလဲ"

ထိုအသံသည် မီတာနှစ်ရာခန့်အကွာမှ "လျှူ" ဟူသော ပထမဆုံးစကားလုံးဖြင့် ခရီးနှင်လာသော်လည်း နောက်ဆုံးစကားလုံးဖြစ်သော "လဲ" ဟုပြောချိန်တွင် ထိုအသံ၏ပိုင်ရှင်သည် သူတို့၏ရှေ့သို့ ရောက်ရှိနေလေပြီ။

"ဒါက အဖြူရောင်ကျောက်တုံးကျောင်းတော်... ခင်ဗျားရဲ့လျှူအိမ်တော်မဟုတ်ဘူး..."

ထိုစကားကို ပြောဆိုပြီးနောက် လက်ဝါးရိုက်ချက်တစ်ချက် ပျံ့လွင့်လာကာ လျှူထျန်ကျန်းကို ခုနစ်လှမ်းရှစ်လှမ်းခန့် ဒယိမ်းဒယိုင်ဆုတ်ခွာသွားစေပြီးနောက် ရပ်တန့်သွားသည်။

လျှူထျန်ကျန်းကို ဆုတ်ခွာစေပြီးနောက် လုမင်ရုန်သည် စိုးရိမ်ပူပန်မှု စိတ်လှုပ်ရှားမှုတို့ဖြင့် ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဆရာကျန်း...မင်း အဆင်ပြေရဲ့လား...ဒီလူက မင်းကို ထိခိုက်အောင် လုပ်သေးလား"

All Chapters