← Chapters

အားနည်းချက်များ

Vol. 8 Ch. 106

အားနည်းချက်များ

Vol. 8 Ch. 106

အစောပိုင်းက ပြန်အမ်းငွေအဖြစ် သူရရှိခဲ့သော ရစ်မြစ်ဒင်္ဂါး တစ်သောင်းရှစ်ထောင်ကို ပျော်ရွှင်စွာဖြင့် အိတ်ကပ်အတွင်းသို့ထည့်ပြီးနောက် ကျန်းရွှမ်သည် မလှမ်းမကမ်းအကွာ၌ ယုလုံချင်းနှင့် လုမင်ရုန်တို့ မတ်တတ်ရပ်နေသည်ကို သတိပြုမိသွားသည်။

သူသည် သောက်လီကိုခေါ်ဆောင်ပြီး ထိုနေရာသို့ သွားလိုက်၏။

"မြို့အရှင်ယု....ကျောင်းအုပ်ကြီးလု ခင်ဗျားတို့က ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"

ရစ်မြစ်ဒင်္ဂါးများကို သူ၏အိတ်ကပ်အတွင်းသို့ထည့်ပြီးနောက် ကျန်းရွှမ်သည် လျှူထျန်ကျန့်ကိုတွေ့လိုက်ပြီး ရိုသေလေးစားစွာဖြင့် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။

"မိသားစုခေါင်းဆောင်လျှူ....ခင်ဗျားလည်း ဒီမှာရှိနေတာကိုး..."

ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းပေါင်း တစ်သောင်းကျော်ကို စုပ်ယူခဲ့ပြီးနောက် ကျန်းရွှမ်သည် တစ်ပြားတစ်ချပ်မှ မကုန်သည့်အပြင် ရင်းမြစ်ဒင်္ဂါး တစ်သောင်းနှစ်ထောင်ကို အပိုဝင်ငွေအဖြစ်ပင် ရရှိခဲ့သည်။ လျှူမိသားစုသည် လေးစားထိုက်သော လူကောင်းများ အမှန်ဖြစ်ပုံပင်။

"ငါက ကုန်သွယ်ရေးအိမ်တော်ကို ပစ္စည်းတချို့လာဝယ်ရင်းနဲ့ ဝင်ပေါက်မှာ မြို့အရှင်ယုနဲ့တွေ့လို့ အတူတူလာဖို့ ဖိတ်ခေါ်လိုက်တာပါ

ဆရာကျန်းကို ဒီမှာတွေ့ရတာ တကယ်ကို တိုက်ဆိုင်တာပဲ"

လုမင်ရုန်က အပြုံးဖြင့် တုံ့ပြန်အဖြေပေးသည်။

"တကယ်ကို တိုက်ဆိုင်တာပါပဲ...ကျွန်တော်လည်း ဒီနားမှာ လျှောက်ကြည့်နေရင်း ရင်းမြစ်ရေအိုင်အကဲဖြတ်ပွဲကိုတွေ့လို့ သောက်လီကို စမ်းကြည့်ခိုင်းလိုက်တာပါ"

ကျန်းရွှမ်က ရှင်းပြသည်။

ထိုလူနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် အတွင်းစိတ်ကို ဖုံးကွယ်ရင်း အဓိပ္ပာယ်ပါသော အပြုံးများဖြင့် အပြန်အလှန်ကြည့်လိုက်ကြသည်။

"ဒီမြင်းကောင်းက သူ့ဘာသာ ရင်းမြစ်ရေအိုင်ကိုရှာပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်ကို စုပ်ယူနိုင်တယ်လား...."

လုမင်ရုန်က စူးစမ်းလိုဟန်ဖြင့် မေးမြန်းလိုက်၏။

ယုလုံချင်းနှင့် လျှူထျန်ကျန်းတို့သည် ကျန်းရွှမ်၏ရှင်းပြချက်ကို ကြားရန် နားစွင့်လိုက်ကြသည်။

"သူက အများကြီးတော့ မစုပ်ယူနိုင်ပါဘူး...ပြီးတော့ သိပ်လည်း အသုံးမဝင်ပါဘူး"

ကျန်းရွှမ်က စိတ်ပျက်လက်ပျက်အမူအယာဖြင့် ခေါင်းခါရင်း ပြောဆိုလိုက်သည်။

သူသည် သောက်လီ၏အရွယ်အစားအရ အနည်းဆုံး ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်ရာလောက် စုပ်ယူနိုင်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း လေးဆယ်ကျော်ခန့် စုပ်ယူပြီးနောက် ရပ်တန့်သွားခဲ့သည်။ ဤမြင်း၏ ပါရမီသည် အတော်လေး သာမန်ဆန်ပေ၏။

သောက်လီသည် ဆက်လက်ကျင့်ကြံနိုင်လျှင်ပင် သူ၏အနာဂတ်အလားအလာသည် အလွန်မြင့်မားမည်မဟုတ်ဟု ထင်ရသည်။

"အများကြီး မဟုတ်ဘူးလား"

လူသုံးယောက်၏မျက်ခွံများ တပြိုင်နက်တည်းလှုပ်ခတ်သွားကြသည်။

ရင်းမြစ်ရေအိုင်အကဲဖြတ်ပွဲတစ်ခုတည်းတွင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းပေါင်း လေးဆယ်ကျော် စုပ်ယူနိုင်ခြင်းကို 'အများကြီးမဟုတ်ဘူး'ဟု သတ်မှတ်လျှင် ကြွင်းကျန်သောလူများသည် မည်သို့ ဖြစ်သွားမည်နည်း..အသုံးမကျသူများ ဖြစ်သွားမည် မဟုတ်လော...

"အကျိုးကျေးဇူး နည်းနည်းပါးပါးရှိရင်ကို မဆိုးပါဘူး...ကြည့်ရတာတော့ ကျောင်းတော်မှာ မြင်းယဉ်ပါးအောင် လေ့ကျင့်ပေးတဲ့ သင်ခန်းစာတစ်ခုကို သင်ကြားပေးဖို့ စဉ်းစားသင့်ပုံပဲ... အချိန်တန်ရင် ဆရာကျန်းက မင်းရဲ့ကျွမ်းကျင်မှုတွေကို မျှဝေပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လုမင်ရုန်က သူ၏စိတ်အတွင်းမှ ရှက်ရွံနေမှုကို ချိုးနှိမ်ရင်း ပြောဆိုလိုက်သည်။

"ဆရာကျန်း... တခြားဝယ်စရာတွေ ရှိသေးလား...ငါက ဒီကုန်သွယ်ရေးအိမ်တော်နဲ့ အတော်လေးရင်းနှီးတယ်...ငါ လိုက်ပြပေးနိုင်ပါတယ်"

သူက ထပ်မံ၍ ပြောဆိုသည်။

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

"ငါမှာ ဝယ်စရာဘာမှမရှိပါဘူး.... ကောင်းကင်ကံကြမ္မာစွမ်းအင်ကိုပဲ ပိုပြီးလေ့လာချင်နေတာပါ...မိသားစုခေါင်းဆောင်လျှူ ကုန်သွယ်ရေးအိမ်တော်မှာ နောက်ထပ် ရင်းမြစ်ရေအိုင်အကဲဖြတ်ပွဲကို ဘယ်တော့လုပ်မှာလဲ... ကျွန်တော်က ကြိုတင်ပြီး စာရင်းပေးထားချင်လို့ပါ"

ထိုမေးခွန်းကြောင့် လျှူထျန်ကျန်းသည် ထိတ်လန့်သွားပြီး ထိုတာဝန်ကို အလျင်အမြန်လွှဲပြောင်းရန် ကြိုးစားလိုက်သည်။

"ဆရာကျန်း....ခင်ဗျားက ကောင်းကင်ကံကြမ္မာစွမ်းအင်ကို တကယ်စိတ်ဝင်စားတယ်ဆိုရင် ကျောင်းအုပ်ကြီးလုနဲ့ ပြောကြည့်သင့်တယ်...သူ့ဆီမှာ အသုံးမပြုရသေးတဲ့ ကံကြမ္မာချပ်ပြား အတော်များများရှိတယ်...အဲ့ဒီထဲမှာ စွမ်းအင်တွေ အများကြီး ကျန်နေလောက်သေးတယ်"

ကျန်းရွှမ် အံ့အားသင့်သွားသည်။

"ကျောင်းအုပ်ကြီးလု....ခင်ဗျားဆီမှာ ကံကြမ္မာချပ်ပြားတွေ ရှိနေတာလား"

"ငါ..."

လုမင်ရုန်သည် တွေဝေတုံ့ဆိုင်းသွားပြီး သူ၏စိတ်အတွင်းမှနေ၍ လျူထျန်ကျန်းကို ကျိန်ဆဲလိုက်၏။

အဖြူရောင်ကျောက်တုံးကျောင်းတော်တွင် အရန်အနေဖြင့် ကံကြမ္မာချပ်ပြားတချို့ ရှိသည်မှာ မှန်သော်လည်း အဆက်မပြတ်အသုံးပြုခြင်းကို တောင့်ခံနိုင်မည် မဟုတ်ပေ။

လုမင်ရုန်၏တုံ့ဆိုင်းနေမှုကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က မေးမြန်းလိုက်သည်။

"ဒီကံကြမ္မာချပ်ပြားတွေက အရမ်းတန်ဖိုးကြီးလို့လား...ကျွန်တော် တစ်ချပ်လောက် ဝယ်ချင်တယ်..."

သူသည် စွမ်းအင်စုပ်ယူရန် အမြဲတစေ ခိုးကြောင်ခိုးဝှက်လုပ်နေရပြီး သူ၏လုပ်ရပ်များကို ဖုံးကွယ်နေရသည်မှာ ငြီးငွေ့ဖွယ်ကောင်းလာသည်။ အကယ်၍ သူသည် ကံကြမ္မာချပ်ပြားများကို ဝယ်ယူနိုင်လျှင် အလုပ်ရှုပ်သက်သာသွားမည်မှာ သေချာပေ၏။

"ဝယ်လို့တော့ ရပါတယ်... ဒါပေမဲ့ ဈေးမပေါဘူး

...တစ်ချပ်ကို ရင်းမြစ်ဒင်္ဂါးနှစ်သန်းလောက် ကျသင့်တယ်"

လုမင်ရုန်က နောက်ဆုံးတွင် ဝန်ခံလိုက်ပြီး ထိုစကားလုံးများကို သူ့ကိုယ်သူ ဖိအားပေး၍ ထုတ်ပြောလိုက်သည်။

ကျန်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ချန်းမိသားစုထံမှ ရင်းမြစ်ဒင်္ဂါးနှစ်သိန်းကို ရရှိခဲ့ပြီးနောက် အချိန်တခဏကြာထိ သူ၏အသုံးစရိတ် ဖူလုံပြီဟု တွေးထင်ခဲ့သည်။

သို့ရာတွင် ယခုချိန်၌မူ သူ လိုအပ်သည်ထက် များစွာပို၍ လျော့နည်းနေပုံရသည်။

သူ ငွေအမြန်ရှာရန် လိုအပ်နေလေပြီ။

ထိုအတွေးဖြင့် ကျန်းရွှမ်သည် စူးစမ်းလိုသောအကြည့်ဖြင့် လျှူထျန်ကျန်းကို ကြည့်လိုက်သည်။ "မိသားစုခေါင်းဆောင်လျှူ... ဒီကုန်သွယ်ရေးအိမ်တော်မှာ ဝင်ငွေအကောင်းဆုံးအလုပ်က ဘာလဲ"

ပိုင်ယန်မြင်းခြံတွင် မြင်းယဉ်ပါးအောင် လေ့ကျင့်ခြင်းခြင်းသည် အလွန်အကျိုးအမြတ်များခဲ့သဖြင့် ကုန်သွယ်ရေးအိမ်တော်တွင်လည်း အလားတူအခွင့်အရေးများ ရှိနေပေမည်။ အလုပ်တစ်ခုဖြင့် ဝင်ငွေမများလျှင်ပင် အများကြီးလုပ်ပါက စုမိသွားနိုင်သည်။

"အကျိုးအမြတ်များတဲ့လုပ်ငန်းတွေ အများကြီးရှိပါတယ်...ဒါပေမဲ့ မြန်မြန်နဲ့များများရချင်တယ်ဆိုရင်တော့ ကျင့်ကြံသူတွေကို ပစ်မှတ်ထားတဲ့ ဝန်ဆောင်မှုတွေအပေါ် အာရုံစိုက်သင့်တယ်"

လျှူထျန်ကျန်းက အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် ရှင်းပြသည်။

"ဥပမာအနေနဲ့ ရင်းမြစ်ရေအိုင်အကဲဖြတ်မှုတွေပြုလုပ်တာ...မီးပြင်းဖိုတွေ မီးထွန်းညှိရာမှာ ကူညီတာ...ထိပ်တန်းအဆင့် ကျင့်ကြံနည်းစနစ်တွေ ရောင်းချတာ... ဒါမှမဟုတ် ကျင့်ကြံဆင့်တွေ မြှင့်တင်ရာမှာ ကူညီတာမျိုးတွေပေါ့...ဒါတွေအားလုံးက အကျိုးအမြတ်များများရစေနိုင်တယ်"

"အော် ဒီလိုကိုး..."

ကျန်းရွှမ်က သူ၏ရွေးချယ်စရာများကို စဉ်းစားရင်း ခေါင်းညိတ်လိုက်၏။

ရစ်မြစ်ရေအိုင်အကဲဖြတ်မှုများ ပြုလုပ်ရန် ကောင်းကင်ကံကြမ္မာစွမ်းအင် အမြောက်အများလိုအပ်မည်ဖြစ်သောကြောင့် ထိုတစ်ခုကို ချန်ထားလိုက်သည်။ မီးပြင်းဖိုများကို မီးထွန်းညှိရာတွင် ကူညီရန်မှာ ရှားပါးသော မီးစာများ လိုအပ်ပြီး ထိုအရာများကို ရှာရခက်သည်။ မူလဘူတချီကို အသုံးပြုရန်မှာမူ သူ၏တပည့်များအတွက်သာ ချန်ထားနိုင်သောကြောင့် ထိုရွေးချယ်မှုသည်လည်း မဖြစ်နိုင်ပေ။

ထိပ်တန်းအဆင့်ကျင့်ကြံနည်းစနစ်များ ရောင်းချခြင်းသည် ဖြစ်နိုင်သော်လည်း နည်းစနစ်အသစ်များကို လေ့လာဖန်တီးရန် လိုအပ်ပြီး ထိုသို့ပြုလုပ်ရန် စာအုပ်အမြောက်အများကို ဖတ်ရှုရန်လိုအပ်သည်။ ထိုကိစ္စအတွက် ကောင်းကင်ကံကြမ္မာစွမ်းအင်သည် မရှိမဖြစ် လိုအပ်ပေ၏။

ကြည့်ရသည်မှာ ရွေးချယ်စရာတစ်ခုတည်းသာ ကျန်တော့ပုံပင်။

ကျန်းရွှမ်၏စိတ်အတွင်းတွင် အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် ကျောင်းအုပ်ကြီးလုကို မော့ကြည့်ပြီး မေးမြန်းလိုက်သည်။

"ကျောင်းအုပ်ကြီးလု...တကယ်လို့ ကျွန်တော်က ခင်ဗျားကို ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်မယ်ဆိုရင် ကံကြမ္မာချပ်ပြားတစ်ချပ် ပေးနိုင်မလား...."

"ငါ့ကို ကျင့်ကြံဆင့်ချိုးဖျက်နိုင်အောင် ကူညီပေးမှာလား"

လုမင်ရုန်က ကိုးရိုးကားယားအမူအယာဖြင့် ရယ်မောပြီး ခေါင်းခါလိုက်သည်။

"ငါ ကျောက်စိမ်းအရိုးနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ပိတ်မိနေတာ ဆယ်စုနှစ်တစ်ခုရှိပြီ.... မရေမတွက်နိုင်တဲ့နည်းလမ်းတွေ စမ်းခဲ့ပြီးပြီ.....တကယ်လို့ ငါ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့ရင် အစောကြီးကတည်းက လုပ်ပြီးလောက်ပြီ၊...အခုထိ စောင့်နေမှာမဟုတ်ဘူး"

ကျန်းရွှမ်က အလေးအနက်ထားပြီး တုံ့ပြန်သည်။

"ကျွန်တော် စမ်းကြည့်ချင်ပါတယ်။ အဆင်မပြေရင် ဘာလျော်ကြေးမှ တောင်းမှာမဟုတ်ပါဘူး"

ကျန်းရွှမ်၏ ရိုးသားသောအမူအယာကို မြင်တွေ့ချိန်၌ လုမင်ရုန်သည် တုံ့ဆိုင်းသွားပြီးနောက် မေးမြန်းလိုက်၏။

"ဆရာကျန်း....ခင်ဗျား တကယ်ပြောနေတာလား..."

"အမှန်ပါပဲ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"ကျွန်တော့်ရဲ့ကျင့်ကြံဆင့်က သိပ်မမြင့်ပေမယ့် စွမ်းအင်စီးဆင်းမှုကို အာရုံခံနိုင်စွမ်း ကောင်းတယ်...ခင်ဗျားသာ ကျွန်တော့်ကိုယုံကြည်ရင် ခင်ဗျားရဲ့အခက်အခဲ ဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာဖွေပြီး ကျော်လွှားနိုင်အောင် ကူညီပေးနိုင်လောက်တယ်"

"မင်းကို ငါ ယုံကြည်တယ်...ဒါပေမဲ့ ငါ ဘာတွေလုပ်ပေးရမှာလဲ"

လုမင်ရုန်က မျှော်လင့်ချက်အရိပ်အယောင် အနည်းငယ်ဖြင့် မေးမြန်းလိုက်သည်။

အကယ်၍ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ရှိ တခြားမည်သူမဆို ထိုကဲ့သို့ကမ်းလှမ်းခဲ့လျှင် လုမင်ရုန်သည် တစ်စက်ကလေးမှ စဉ်းစားမနေဘဲ ပယ်ချလိုက်ပေမည်။ သို့ရာတွင် မြင်းတစ်ကောင်ကိုပင် ကျင့်ကြံစေနိုင်ခြင်းကဲ့သို့သော ကျန်းရွှမ်၏ အံ့မခန်းစွမ်းရည်များကြောင့် အခွင့်အရေးရှိနိုင်သည်ဟု တွေးမိလေ၏။

မည်သို့ပင်ဆိုစေကာမူ ကျန်းရွှမ်သည် ထိုသို့မယုံနိုင်လောက်ဖွယ်ကိစ္စကို လုပ်နိုင်ခဲ့လျှင် သူ တခြား မည်သည့်အရာများကို လုပ်နိုင်မွအား မသိရချေ။

"ကျွန်တော်တို့က အရင်ဆုံး ကျောင်းတော်ကို ပြန်သင့်တယ်..ဒီမှာ လူအရမ်းရှုပ်တယ်... ပြီးတော့ ဒီကိစ္စကို တိတ်တိတ်ဆိတ်ဆိတ်လုပ်ဖို့ အရေးကြီးတယ်"

ကျန်းရွှမ်က တစ်စုံတစ်ယောက်ကို ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန် ကူညီခြင်းသည် ဂရုတစိုက်ကိုင်တွယ်သင့်သော အရေးကြီးကိစ္စဖြစ်ကြောင်းသိသဖြင့် အကြံပြုလိုက်သည်။

"သဘောတူတယ်..."

လုမင်ရုန်က တုံ့ပြန်အဖြေသည်။ ထို့နောက် သူသည် ယုလုံချင်းနှင့် လျှူထျန်ကျန်းတို့ဘက်သို့ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ နှုတ်ဆက်လေသည်။

"မိတ်ဆွေတို့ ခွင့်ပြုပါဦး...ငါတို့ ကျောင်းတော်ကို ပြန်တော့မယ်"

ထို့နောက် ကျန်းရွှမ်နှင့် လုမင်ရုန်တို့သည် သောက်လီနှင့်အတူ ကုန်သွယ်ရေးအိမ်တော်မှ ထွက်ခွာသွားပြီး မကြာမီပင် မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။

သူတို့ထွက်ခွာသွားစဉ်တွင် ယုလုံချင်းက မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

"မိသားစုခေါင်းဆောင်လျှူ...ဆရာကျန်းက ကျောင်းအုပ်ကြီးလုကို တကယ်ပဲ ကျင့်ကြံဆင့်ချိုးဖျက်နိုင်အောင် ကူညီနိုင်မယ်လို့ ထင်လား...."

လျှူထျန်ကျန်းက ခေါင်းခါယမ်းလိုက်၏။

"ကျင့်ကြံဆင့်ချိုးဖျက်ရတာ ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ မင်းလည်း ငါလိုပဲ သိတယ်... ကျောင်းအုပ်ကြီးလုသာ အောင်မြင်နိုင်ခဲ့ရင် အစောကြီးကတည်းက အောင်မြင်ပြီးလောက်ပြီ...အခုထိ စောင့်နေမှာမဟုတ်ဘူး"

"အမှန်ပဲ..."

ယုလုံချင်းက သဘောတူလိုက်သည်။ ရင်းမြစ်ရေအိုင်နယ်ပယ် တတိယအဆင့်မှ သတ္တမအဆင့်အထိ ချိုးဖျက်ဝင်ရောက်ခြင်းတွင် ရင်းမြစ်စွမ်းအင်ဖြင့် ခန္ဓာကိုယ်နှင့် အရိုးများကို သန့်စင်ခြင်းပါဝင်သည်။ သို့ရာတွင် အဋ္ဌမအဆင့်သို့ရောက်ရှိရန်မှာ စိတ်ဝိညာဉ်ကို သန့်စင်ရန်လိုအပ်ပြီး ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုစလုံး၏ အသွင်ပြောင်းလဲမှုတစ်ခုဖြစ်သည်။ ဤသည်မှာ ရစ်မြစ်ရေအိုင်နယ်ပယ်တစ်ခုလုံးတွင် အခက်ခဲဆုံးသော အတားအဆီးပင်။

လုမင်ရုန်သည် တခြားသူများနှင့် ယှဉ်ပြိုင်လိုစိတ် အစဥ်အမြဲရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ၏ပါရမီသည် သူ၏အောင်မြင်မှုကို ကန့်သတ်ထားခဲ့လေ၏။

သူ ယခင်က ကျင့်ကြံဆင့်ချိုးဖျက်နိုင်သည်မှာ ခရီးစွန့်စားသွားလာနေစဉ်ဖြစ်ပြီး သေလုမျောပါးအခြေအနေမှ ကံကောင်းစွာဖြင့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။ ကျောင်းအုပ်ကြီးတစ်ယောက်ဖြစ်လာပြီးနောက် တာဝန်ဝတ္တရားများက သူ့ကို ကျောင်းတော်နှင့် ချည်နှောင်ထားသောကြောင့် လုမင်ရုန်သည် ပြင်ပသို့ထွက်ခွာပြီး ထိုသို့သောစမ်းသပ်မှုများကို တွေ့ကြုံခံစားနိုင်ခြင်းမရှိချေ။ ဤသည်က သူ့ကို ကျင့်ကြံဆင့်မြင့်တက်စေရန် အလွန်ခက်ခဲစေခဲ့သည်။

"ဆရာကျန်းက ငယ်သေးတယ်...မြင်းယဉ်ပါးအောင် လေ့ကျင့်တာမျိုးတွေမှာ ကျွမ်းကျင်ပေမယ့် ရစ်မြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်ဖြစ်တဲ့ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အကြောင်းကို ဘာမှနားလည်မှာ မဟုတ်ဘူး...သူ့မှာ ဘယ်လောက်ပဲ ပါရမီရှိရှိ ရစ်မြစ်စွမ်းအင်ကို ဘယ်လောက်ပဲ အာရုံခံနိုင်စွမ်းကောင်းကောင်း အဲ့ဒီအဆင့်မှာ ကျင့်ကြံဖူးတဲ့ အတွေ့အကြုံမရှိဘဲနဲ့တော့ သူ့ရဲ့ခန့်မှန်းချက်တွေအားလုံးက ရေထဲက လအရိပ်လိုပဲ... လှပပေမယ့် အနှစ်သာရမရှိနိုင်ဘူး"

လျှူထျန်ကျန်းက လှောင်ပြောင်ရယ်မောလိုက်သည်။

ယုလုံချင်းသည် သဘောတူပုံရသော်လည်း တိတ်ဆိတ်စွာနေပြီး အသိအမှတ်ပြုသည့်အနေဖြင့် အနည်းငယ်ခေါင်းညိတ်လိုက်သည်။

တစ်စုံတစ်ယောက်ကို ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန်အတွက် လမ်းညွှန်ပေးနိုင်ရန် သူကိုယ်တိုင် ထိုအဆင့်သို့ ရောက်ရှိဖူးရန် လိုအပ်သည်။ သူ၏ရင်းမြစ်ရေအိုင် မည်သည့်နေရာ၌ ရှိသည်ကိုပင် မကြာသေးမီကမှ သိရှိခဲ့သော ကျန်းရွှမ်က အဋ္ဌမအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် လမ်းညွှန်ပေးမည်ဟု ဆိုခြင်းသည် အမှန်တကယ်ကို လက်တွေ့မကျချေ။

...

အဖြူရောင်ကျောင်းတော်ကျောင်းတော်ရှိ ကျောင်းအုပ်ကြီးရုံးခန်းတွင် လုမင်ရုန်သည် ကျန်းရွှမ်ကို သိချင်စိတ်ပြင်းပြသောအကြည့်ဖြင့်ကြည့်ပြီး မေးမြန်းလိုက်၏။

"ငါ ဘာလုပ်ပေးရမလဲ...."

"ခင်ဗျားရဲ့ သိုင်းကွက်နည်းနည်းလောက်ကို ကစားပြပါ"

ကျန်းရွှမ်က သူ၏လက်ကိုဝှေ့ယမ်းရင်း တုံ့ပြန်ဖြေသည်။

သာမန်အခြေအနေတွင် သူသည် သူ့ထက် ကျင့်ကြံဆင့်များစွာ မြင့်မားသောလူကို ကူညီနိုင်မည်မဟုတ်ပေ။ ထိုသို့ပြုလုပ်ခြင်းသည် သူ၏ သိုသိုသိပ်သိပ်နေလိုသော အကျင့်စရိုက်နှင့် ဆန့်ကျင်သော်လည်း ခုံးရှီထံမှ ရရှိခဲ့သော သတိပေးချက်က သူ့ကို အရေးတကြီးလုပ်ဆောင်ရမည်ဟူသော ခံစားချက်ဖြင့် ပြည့်နှက်စေခဲ့သည်။

ခုံးရှီသည် ပေါ့ပေါ့ဆဆ စကားပြောတတ်သူမဟုတ်ချေ။ အကယ်၍ သူက "အခြေအနေတွေ မကောင်းဘူး" ဟု ပြောခဲ့လျှင် သူသည် အမှန်တကယ် အန္တရာယ်ကျရောက်နေသည်ဟု ဆိုလိုသည်။ သူသည် ကျန်းရွှမ်ကို သတိထားရန် အကြိမ်ကြိမ်သတိပေးခဲ့ခြင်းမှတဆင့် သူသည် ကံကြမ္မာခန်းမနှင့် ပြဿနာကြုံတွေ့ခဲ့ရခြင်း သို့မဟုတ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ညွှန်ပြနေပေ၏။

ခုံးရှီကို ရှာဖွေကယ်တင်ရန် သူ၏ခွန်အားကို အမြန်ဆုံးတိုးမြှင့်ရန် လိုအပ်ကြောင်း ကျန်းရွှမ် သိသည်။ ဤကဲ့သို့ လမ်းညွှန်မှုပေးခြင်းသည် စွန့်စားရနိုင်သော်လည်း ထိုက်တန်သည်ဟု သူဆုံးဖြတ်လိုက်သည်။ အဆင်မပြေပါက သူ အဖြူရောင်ကျောက်တုံးမြို့မှ ထွက်ပြေးပြီး အထောက်အထားအသစ်ဖြင့် နေထိုင်နိုင်ပေမည်။

အကယ်၍ သူအောင်မြင်ခဲ့လျှင် မိသားစုခေါင်းဆောင်ချန်းရှောင် မိသားစုခေါင်းဆောင် လျှူထျန်ကျန်းနှင့် မြို့အရှင်ယုလုံချင်းတို့ကဲ့သို့သော လူများက သူ့ကို ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းပေါင်း သောင်းနှင့်ချီ၍ အပါအဝင် အရေးပါသော အရင်းအမြစ်များ ပံ့ပိုးပေးနိုင်သည်။ ဤသည်မှာ သူ၏ကျင့်ကြံမှုကို ရင်းမြစ်ရေအိုင်နယ်ပယ် သတ္တမအဆင့် ကျောက်စိမ်းအရိုးနယ်ပယ် သို့မဟုတ် ထို့ထက်မြင့်သော အဆင့်သို့ တိုးမြှင့်ရန် လုံလောက်ပေမည်။

"ကောင်းပြီလေ..."

လုမင်ရုန်သည် ကျန်းရွှမ်၏ ရည်ရွယ်ချက်ကို သေချာမသိသော်လည်း ခေါင်းညိတ်ပြီး လက်သီးဆုပ်ကာ ရှေ့သို့တိုးလိုက်သည်။

ဝှစ်...

လုမင်ရုန် လှုပ်ရှားလိုက်သည်နှင့် သူ၏ပတ်ဝန်းကျင်ရှိလေထုသည် စုတ်ပြဲသွားသည့်အလား ပြင်းထန်သောလေပြင်းတစ်ရပ် ဖြစ်ပေါ်လာသည်။

လုမင်ရုန်သည် ကျောက်စိမ်းအရိုးနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ဆယ်စုနှစ်တစ်ခုကြာ ရောက်နေသော ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။ သူ၏လှုပ်ရှားမှုတိုင်းသည် လေထုကို တူဖြင့် ထုနှက်လိုက်သကဲ့သို့ ခံစားရပြီး အငြင်းပွားဖွယ်မရှိသော စွမ်းအားနှင့် ရှုံးနိမ့်ခြင်းကင်းမဲ့သော ခံစားချက်ကို သယ်ဆောင်လာသည့် ပြတ်သားကျယ်လောင်သော အသံကို ထုတ်လွှတ်ပေးသည်။

သူ့ကိုကြည့်ရင်း ကျန်းရွှမ်သည် သူ၏လက်ရှိခွန်အားဖြင့် လုမင်ရုန်ကဲ့သို့သောလူကို အနိုင်ယူရန် သူ ဖန်တီးခဲ့သော ကမ္ဘာသစ်မှ စွမ်းအား၏ အနည်းဆုံး ဆယ်ပုံတစ်ပုံကို လောင်ကျွမ်းရန်လိုအပ်မည်ဟု လျင်မြန်စွာ သဘောပေါက်လိုက်သည်။

လူတစ်ယောက်တည်းကို အနိုင်ယူရန် သူ၏စိန်ဝိညာဉ်နှင့် ကျင့်ကြံမှုအခြေခံကို ဤမျှထိ လောင်ကျွမ်းခြင်းသည် အလွန်အကုန်အကျများလွန်းပေ၏။

ထိုအတွေးများကို ဖယ်ရှားရန် ခေါင်းခါလိုက်ပြီး ကျန်းရွှမ်သည် သူ၏စိတ်ကို စုစည်းကာ ကောင်းကင်ဘုံစာကြည့်တိုက်နှင့် ဆက်သွယ်လိုက်သည်။

"ချို့ယွင်းချက်တွေ ဖော်ထုတ်စမ်း..."

သူ၏အမိန့်အရ စာကြည့်တိုက်အတွင်းရှိ စာအုပ်များသည် မိုးကောင်းကင်မှကြယ်များအလား မရေမတွက်နိုင်အောင် စုစည်းလာကြသည်။ အချိန်တခဏအတွင်းမှာပင် စာအုပ်ပေါင်း နှစ်ထောင်ကျော် ပေါင်းစပ်ပြီး စာအုပ်အသစ်တစ်အုပ် ဖြစ်ပေါ်လာပေ၏။

"ကုန်ကျစရိတ်က တော်တော်များတာပဲ..."

ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။

ယခင်က ကောင်းကင်လမ်းနည်းစနစ်များကို ဖန်တီးစဉ်၌ သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းပေါင်း သုံးထောင်ကျော်ကို လောင်ကျွမ်းခဲ့ရသည်။ လုမင်ရုန်၏ ချို့ယွင်းချက်များကို သုံးသပ်ရန် အလားတူပမာဏ လိုအပ်သည်။ နှိုင်းယှဉ်ကြည့်လျှင် လျူမင်ယွဲ့နှင့် တခြားသူများကို အကဲဖြတ်စဉ်က စွမ်းအင်တန်းအနည်းငယ်သာ သုံးစွဲခဲ့ရသည်။

ဤသည်မှာ သူ၏သံသယကို အတည်ပြုပေးလိုက်ခြင်းပင်။ သူ၏ကျင့်ကြံဆင့်နှင့် ပစ်မှတ်၏ကျင့်ကြံဆင့်ကြား ကွာဟချက် ကြီးမားလေလေ လုပ်ငန်းစဉ်အတွက် ကောင်းကင်ကံကြမ္မာစွမ်းအင်များ ပို၍လိုအပ်လေလေပင်။

သူ ကောင်းကင်ကံကြမ္မာစွမ်းအင် အလုံအလောက်မရမချင်း ကောင်းကင်ဘုံစာကြည့်တိုက်ကို ချွေတာသုံးစွဲခြင်းက အကောင်းဆုံးဖြစ်သည်မှာ သိသာထင်ရှားသည်။ ထိုသို့မဟုတ်လျှင် သူ၏ကိုယ်ပိုင်ကျင့်ကြံမှုအတွက် စွမ်းအင်အလုံအလောက် ကျန်မည် မဟုတ်ချေ။

ကျန်းရွှမ်သည် ပေါ့ပေါ့ပါးပါးအမူအယာဖြင့် စာအုပ်ကို သူ၏လက်အတွင်းသို့ ဆင့်ခေါ်လိုက်သည်။ ထိုစာအုပ်၏မျက်နှာဖုံးတွင် "လုမင်ရုန်" ဟူသော စာလုံးသုံးလုံးကို ရေးထိုးထားသည်။

သူသည် စာအုပ်ကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သော်လည်း ပထမစာကြောင်းအနည်းငယ်ကို ဖတ်ပြီးနောက် သူ၏ မျက်နှာအမူအယာသည် ထူးဆန်းသွားပေ၏

"ဒါက..."

All Chapters