ကျောင်းအုပ်ကြီးလု၏ဇာတ်ကြောင်း
Vol. 8 Ch. 107
"အင်း...ဘယ်လိုနေလဲ..."
လုမင်ရုန်သည် သူ၏လက်သီးနည်းစနစ်ကို အဆုံးသတ်ပြီးနောက် မောပန်းနွမ်းနယ်သည့် အရိပ်အယောင်မရှိဘဲ မားမားမတ်မတ်ရပ်ရင်း မေးလိုက်သည်။ သူ၏မျက်နှာပေါ်တွင် စွမ်းအားများဖြင့် တောက်ပနေပေ၏။
ကျန်းရွှမ်သည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် တုံ့ပြန်အဖြေပေးသည်။
"ခင်ဗျားရဲ့ခွန်အားက ကြီးမားပြီးတော့ ခင်ဗျားရဲ့စွမ်းအားက ခန္ဓာကိုယ်တစ်ခုလုံးမှာ စီးဆင်းနေတယ်....ခင်ဗျား လက်သီးထိုးလိုက်တဲ့အချိန်မှာ အရိုးတွေက တညီတညွတ်တည်း ပဲ့တင်ထပ်နေတယ်...ခင်ဗျားကျင့်ကြံထားတဲ့ အရိုးသန့်စင်ခြင်းနည်းစနစ်က တော်တော်လေးထူးခြားပြီး တဖြည်းဖြည်းနဲ့ တိုးတက်တဲ့အာနိသင်ရှိပုံရတယ်...အစပိုင်းမှာတော့ သိပ်မသိသာပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခင်ဗျားရဲ့အရိုးတွေက အထင်ကြီးလောက်တဲ့အဆင့်ထိ သန့်စင်သွားတယ်...မဟုတ်ရင် ခုဏကလို အားပြင်းတဲ့လက်သီးချက်တွေ ထိုးနိုင်မှာမဟုတ်ဘူး"
"မင်း... ဘယ်လိုလုပ်ပြီး သိတာလဲ"
လုမင်ရုန်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။ သူ၏အရိုးသန့်စင်ခြင်းနည်းစနစ်သည် အလွန်အထင်ကြီးလောက်သောကြောင့် မြို့အရှင်ယုလုံချင်းပင် ချီးကျူးခဲ့ရသည်။ သို့ရာတွင် ထိုနည်းစနစ်တွင် အဓိကအားနည်းချက်တစ်ခုရှိသည်။ ဤသည်မှာ နည်းစနစ်၏အကျိုးသက်ရောက်မှုကို ပြသရန် အလွန်ကြာမြင့်သောအချိန် လိုအပ်ခြင်းပင်။ ချန်းရှောင်သည် ကြွက်သားသန့်စင်ခြင်းနယ်ပယ်တွင် ရှိနေစဉ်၌ လုမင်ရုန်သည် ကျောက်စိမ်းအရိုးနယ်ပယ်သို့ ရောက်နှင့်နေလေပြီ။ သို့ရာတွင် ချန်းရှောင် အဆင့်တက်သွားသည့်တိုင် လုမင်ရုန်သည် ယနေ့ထိ ကျောက်စိမ်းအရိုးနယ်ပယ်တွင် ပိတ်မိနေဆဲပင်။
သူသည် ဤအဆင့်တွင် ထာဝရပိတ်မိနေရန် ကံကြမ္မာပါလာသည့်အလားပင်။ သူသည် ကျောက်စိမ်းအရိုးနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ဆယ်နှစ်ကြာ ပိတ်မိနေခဲ့ပြီး ဤအဆင့်သို့ ဝင်ရောက်သည့်အချိန်မှ ယခုအထိ နှစ်ပေါင်းသုံးဆယ်နီးပါး ရှိနေလေပြီ။
ဤသည်မှာ သူ ကျင့်ကြံဆင့်ချိုးဖျက်ရန် မျှော်လင့်ချက်ကင်းမဲ့နေရခြင်း၏ အကြောင်းအရင်းပင်။ သို့ရာတွင် သူ အံ့အားသင့်သွားရသည်မှာ သူ၏လက်သီးနည်းစနစ်ကို ကြည့်ပြီးနောက် ကျန်းရွှမ်သည် အခြေအနေကို မှန်ကန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ လုမင်ရုန်သည် သူ၏တည်ငြိမ်မှုကို အစဥ်အမြဲဂုဏ်ယူခဲ့သော်လည်း ယခုချိန်၌ သူ၏မယုံကြည်နိုင်သောခံစားချက်ကို မထိန်းချုပ်နိုင်တော့ချေ။
ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။
"ဒီနည်းစနစ်က တကယ့်ကို အားကောင်းပါတယ်....ခင်ဗျားရဲ့အရိုးအားလုံးကို မတွေးဝံ့စရာအဆင့်ထိ သန့်စင်နိုင်စေပြီး ခင်ဗျားကို ကျင့်ကြံဆင့်နယ်ပယ်တူတွေကြားမှာ ရှုံးနိမ့်ခြင်းကင်းမဲ့စေတယ်... ဒါပေမဲ့ အားနည်းချက်တွေကလည်း ထပ်တူအရေးပါတယ်...ခင်ဗျားရဲ့အဆစ်အမြစ်တွေကို ကောင်းကောင်းမလေ့ကျင့်ရင် တောင့်တင်းသွားနိုင်တယ်... ခင်ဗျားရဲ့ခန္ဓာကိုယ် ပျော့ပြောင်းမှုရှိနေအောင် နေ့တိုင်း အနည်းဆုံးနှစ်နာရီလောက် ဆေးဖက်ဝင်ရေချိုးကန်ထဲမှာ စိမ်ရလောက်တယ်"
လုမင်ရုန် မှင်တက်သွားသည်။ အစောပိုင်းက သူသည် အံ့အားသင့်ရုံမျှသာ ဖြစ်သော်လည်း ယခုချိန်တွင်မူ သူ လုံးလုံးလျားလျား ထိတ်လန့်သွားသည်။ လူများအားလုံးက သူ၏အရိုးများသည် သံမဏိကဲ့သို့မာကျောပြီး နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်အား သိထားကြသည်။ သူတို့ မသိသည်မှာ သူ၏ခန္ဓာကိုယ်မှစွမ်းအားများ ချောမွေ့စွာလည်ပတ်နိုင်ရန် နေ့စဉ်နေ့တိုင် ဆေးဖက်ဝင်ရေချိုးကန်အတွင်းတွင် စိမ်ရခြင်းပင်။
နှစ်များကြာလာသည်နှင့်အမျှ ဤအခြေအနေသည် ပိုဆိုးလာပြီး အခြားသူများမသိစေရန် သူသည် တပည့်များလက်မခံဘဲ အချိန်အများစုကို တံခါးပိတ်ကျင့်ကြံရင်း ကုန်ဆုံးခဲ့သည်။ တရားဝင်အားဖြင့် သူသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် အာရုံစိုက်နေသည်ဟု ကြေညာထားသည်။ အမှန်အားဖြင့် သူသည် သူ၏အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းပင်။
ဝူယွင်ကျိုးနှင့်တခြားသူများသည် ကျန်းရွှမ်၏ပါရမီကို ရှာဖွေတွေ့ရှိပြီး ဆရာကျိုးကို လွှတ်၍ သူ့ကိုခေါ်ခိုင်းသည့်နေ့တွင် လုမင်ရုန်သည် ထိုသို့သော ရေချိုးကန်တွင် စိမ်နေခဲ့ခြင်းဖြစ်သည်။
"ခုဏက ခင်ဗျားရဲ့လက်သီးချက်တွေက အားကောင်းပေမယ့် ပျော့ပြောင်းမှုမရှိဘူး... ဒါက ခင်ဗျားရဲ့အခြေအနေတော်တော်လေး ဆိုးရွားလာပြီဆိုတာ ပြနေတယ်...တကယ်လို့ ဒါကို ခင်ဗျား မဖြေရှင်းနိုင်ရင် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့က မဖြစ်နိုင်သလောက်နီးပါးပဲ"
ကျန်းရွှမ်က ခေါင်းခါယမ်းရင်း ပြောဆိုလိုက်သည်။
ဤသည်မှာ ကျင့်ကြံနည်းစနစ်သည် ချို့ယွင်းနေခြင်းမဟုတ်ဘဲ ကျောင်းအုပ်ကြီးလုသည် သူ၏လေ့ကျင့်မှုတွင် အမှားအယွင်းအချို့ ပြုလုပ်ခဲ့သောကြောင့် သူ၏အဆစ်အရိုးနုများ တောင့်တင်းသွားခဲ့ခြင်းပင်။
"ဒါက..."
လုမင်ရုန်က သူ၏လက်သီးများကို ဆုပ်လိုက်သည်။ အချိန်တခဏအကြာတွင် သူသည် ဒူးထောက်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရိုးသားမှုများဖြင့် ပြည့်နှက်နေပေ၏။
"ဆရာကျန်း...ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ...တကယ်လို့ မင်းက ဒီပုန်းကွယ်နေတဲ့အန္တရာယ်ကို ဖြေရှင်းပေးပြီးတော့ ငါ့ကို ကျင့်ကြံဆင့်ချိုးဖျက်နိုင်အောင် ကူညီနိုင်မယ်ဆိုရင် ကံကြမ္မာချပ်ပြားတစ်ပြားကို ချက်ချင်းပေးပါ့မယ်"
ယခင်က သူသည်ကျန်းရွှမ်၏အရည်အချင်းကို သံသယဝင်ခဲ့သော်လည်း ယခုအချိန်၌ ဤလူငယ်သည် သူ့ကို အမှန်တကယ် ကူညီနိုင်မည်ဟု စတင်၍ယုံကြည်လာသည်။
မည်သို့ပင်ဆိုစေကာမူ အဖြူရောင်ကျောက်တုံးမြို့ရှိ ထိပ်တန်းသမားတော်များပင်လျှင် သူ၏ဝေဒနာကို မရှာဖွေနိုင်ခဲ့သော်လည်း ကျန်းရွှမ်က သူ့ကို ခဏတာလေ့လာကြည့်ရုံဖြင့် တိကျစွာဖော်ပြနိုင်ခဲ့သည်။ ဤသည်မှာ ကျန်းရွှမ်သည် သူနှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့သည့်အလားပင်။ သူ အထင်မကြီးဘဲ မနေနိုင်တော့ချေ။
"ခင်ဗျား ကျွန်တော့်ရဲ့အကူအညီကို လိုချင်တယ်ဆိုရင် ကြိုသိထားရမယ့် အချက်နှစ်ချက်ရှိတယ်"
ကျန်းရွှမ်က ပြောဆိုသည်။
"ပထမတစ်ချက်က တစ်ခုခုမှားနေမှန်း သတိထားမိပြီးနောက်မှာတောင် ဘာလို့ ဒီနည်းစနစ်ကို ဆက်ပြီးကျင့်ကြံခဲ့တာလဲ... အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့ ဆယ်စုနှစ်တွေကြာအောင် လေ့ကျင့်ပြီးနောက်မှာ ပြဿနာကို သိသင့်တယ်...ဘာလို့ ဆက်လုပ်ခဲ့တာလဲ"
"ငါ..."
လုမင်ရုန်သည် တွေဝေတုံ့ဆိုင်းသွားပေ၏။
ကျန်းရွှမ်က ဆက်လက်၍ပြောဆိုသည်။
"ဒုတိယတစ်ချက်က ခင်ဗျားကျင့်ကြံနေတဲ့ အရိုးသန့်စင်ခြင်းနည်းစနစ်ကို ကျွန်တော်ကြည့်ဖို့လိုတယ်... ချို့ယွင်းချက်ရဲ့သဘောသဘာဝနဲ့ ဘယ်လိုဖြစ်လာတယ်ဆိုတာကို နားလည်မှသာ ပြဿနာကို တိကျစွာရှာဖွေပြီးတော့ ဖြေရှင်းနည်းပေးနိုင်လိမ့်မယ်...တကယ်လို့ ခင်ဗျားက ဒီအချက်အလက်တွေကို မပေးနိုင်ရင်တော့ ကျွန်တော်လည်း ဘာမှဆက်လုပ်ပေးလို့မရတော့ဘူး..."
ကောင်းကင်ဘုံစာကြည့်တိုက်သည် ချို့ယွင်းချက်အားလုံးကို ရှာဖွေနိုင်သော်လည်း အရာရာကို တတ်စွမ်းနိုင်သည်မဟုတ်ပေ။ ကျင့်ကြံနည်းစနစ်ကို မသိရှိပါက လုမင်ရုန်၏ကျင့်ကြံမှုတွင်ရှိနေသည့် တိကျသောပြဿနာများကို ဖော်ထုတ်နိုင်မည် မဟုတ်သဖြင့် ကုထုံးပေးနိုင်မည်မဟုတ်ချေ။
လုမင်ရုန်သည် မျက်မှောင်ကြုတ်ကာ လေးလေးနက်နက်စဉ်းစားတွေးတောနေသည်။
သူ ဤအမှားကို ပြုလုပ်ရသည့် အကြောင်းအရင်းနှင့် အရိုးသန့်စင်ခြင်းနည်းစနစ် နှစ်ခုလုံးသည် သူ၏အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များဖြစ်ပြီး ထုတ်ဖော်ရန် ဝန်လေးသောအရာများဖြစ်သည်။ သို့ရာတွင် ကျန်းရွှမ်၏ ကျိုးကြောင်းဆင်ခြင်မှုသည် မှန်ကန်ပေ၏။ ဤအသေးစိတ်အချက်အလက်များကို မသိဘဲ အကျွမ်းကျင်ဆုံးသမားတော်ပင်လျှင် သူ့ကို ကုသနိုင်ရန် မျှော်လင့်နိုင်မည်မဟုတ်ချေ။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် လုမင်ရုန်သည် သက်ပြင်းရှိုက်ကာ သူ၏ဝတ်ရုံအတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်ယူပြီး ကျန်းရွှမ်ထံသို့ ပေးလိုက်သည်။
"မင်း ကြည့်နိုင်ပါတယ်... ဒါပေမဲ့ သတိထားပါ... ဒီနည်းစနစ်ကို ကျွမ်းကျင်ဖို့ မလွယ်ဘူး.."
"ခင်ဗျားရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ကျန်းရွှမ်က တုံ့ပြန်သည်။
ထို့နောက် သူ၏လက်ချောင်းများဖြင့် စာအုပ်ကို ထိတွေ့ပြီး ကျန်းရွှမ်သည် တိတ်တဆိတ် အမိန့်ပေးလိုက်၏
"ချို့ယွင်းချက်တွေ ဖော်ထုတ်စမ်း"
နောက်ထပ်အချိန်တခဏတွင် ကောင်းကင်ဘုံစာကြည့်တိုက်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်ပါသော စာအုပ်ရာပေါင်းများစွာကို စုစည်းလိုက်ပြီး ထိုအရာများသည် စာအုပ်တစ်အုပ်အဖြစ် လျင်မြန်စွာ ပေါင်းစပ်သွားသည်။ စာအုပ်မျက်နှာဖုံးပေါ်ရှိ ခေါင်းစဉ်ကို 'ဒီရေလှိုင်း အရိုးသန့်စင်ခြင်းနည်းစနစ်'ဟု ရေးထားပေ၏။
အတွေးတစ်ချက်ဖြင့် နည်းစနစ်၏ အကြောင်းအရာများနှင့် ချို့ယွင်းချက်များသည် ကျန်းရွှမ်၏စိတ်အတွင်းသို့ ရောက်ရှိသွားပြီး သူသည် ထိုအရာအားလုံးကို ချက်ချင်းနားလည်သွားသည်။
လုမင်ရုန်မှာမူ သူ ဆယ်စုနှစ်ပေါင်းများစွာ ကျွမ်းကျင်အောင်လေ့ကျင့်ခဲ့သော နည်းစနစ်ကို ကျန်းရွှမ် အပြည့်အဝနားလည်သွားပြီဖြစ်ကြောင်း မသိဘဲ စိတ်ကိုတင်းကာ စတင်၍ ရှင်းပြလိုက်သည်။
"ငါ ဘာလို့ ဒီအမှားကိုလုပ်ခဲ့ရသလဲဆိုတော့... ဒါက ငယ်ရွယ်စဉ်က စိတ်လိုက်မာန်ပါလုပ်ခဲ့မှုရဲ့ ရလဒ်ပါ...အချိန်အတော်ကြာခဲ့ပြီဆိုမှတော့ အခုမင်းကို ပြောပြရတာ ဘာမှမဖြစ်ပါဘူး..."
"လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က အဖြုရောင်ကျောက်တုံးမြို့မှာ ပါရမီရှင်တစ်ယောက် ပေါ်ထွက်ခဲ့တယ်... သူက လွန်ခဲ့တဲ့ရာစုနှစ်အတွင်းက ရင်းမြစ်ရေအိုင်အကဲဖြတ်ပွဲတွေမှာ ပထမအဆင့်ရခဲ့တယ်...ကျင့်ကြံမှုစတင်ပြီးနောက်မှာ သူက လျင်မြန်စွာတိုးတက်ခဲ့ပြီးတော့ ခြောက်လအတွင်းမှာ စွမ်းအင်သိုလှောင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်...ငါးနှစ်အတွင်းမှာ သူက ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကိုရောက်လာပြီးတော့ ခြောက်နှစ်အတွင်းမှာ ကျောက်စိမ်းအရိုးနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့တယ်..."
"အသက်နှစ်ဆယ့်လေးနှစ်မှာ သူက သက်တူရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းခဲ့တယ်...ပတ်ဝန်းကျင်က မြို့ဆယ်မြို့အတွင်းမှာတောင် သူက ထိပ်ဆုံးသုံးယောက်ထဲမှာ ပါဝင်ခဲ့ပြီးတော့ ကြီးမားတဲ့ကျော်ကြားမှုနဲ့ လူအများရဲ့ လေးစားအားကျမှုကို ခံခဲ့ရတယ်"
လုမင်ရုန်က ပြောဆိုသည်။
ကျန်းရွှမ်သည် အထင်ကြီးလေးစားမှုအပြည့်ဖြင့် နားထောင်နေလေ၏။
"ကျောင်းအုပ်ကြီးလုက ဒီလောက်ထိ ပါရမီရှိမှန်း ကျွန်တော်မသိခဲ့ဘူး...ခင်ဗျားက ကျောင်းတော်ကို တာဝန်ယူအုပ်ချုပ်နိုင်တာ မဆန်းတော့ဘူး...."
လုမင်ရုန်က ခေါင်းခါလိုက်သည်။
"အဲ့ဒီပါရမီရှင်က ငါ မဟုတ်ဘူး...သူက မြို့အရှင်ယုလုံချင်းပါ"
"ဘာ....."
ကျန်းရွှမ် ကြက်သေသေသွားသည်။
သူ၏စိတ်ရှုပ်ထွေးမှုကို မြင်တွေ့ချိန်၌ လုမင်ရုန်က ဆက်လက်၍ ပြောဆိုသည်။
"အဲ့ဒီတုန်းက ငါက သာမန်ပါရမီပဲရှိပြီးတော့ ကျောင်းတော်ထဲမှာ သိပ်ပြီးအသိအမှတ်ပြုမခံရတဲ့ သာမန်ကျောင်းသားတစ်ယောက်ပဲ...မြို့အရှင်ယုနဲ့ ငါက အသက်တူပေမယ့် ငါက ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပဲရှိတဲ့ ဘယ်သူမှ မသိတဲ့သူတစ်ယောက်ပါ...နောက်တော့ ဟွိုက်ယွမ်တောင်က စမ်းသပ်မှုတစ်ခုအတွင်းမှာ ငါက အန္တရာယ်ကြုံခဲ့ရပြီးတော့ အနီးအနားက မိသားစုတစ်စုရဲ့ မိန်းကလေးတစ်ယောက်က ကယ်တင်ခဲ့တယ်..."
"သူက လှပတယ်.. နူးညံ့တယ်.. ကြင်နာတတ်တယ်...အမြဲတမ်း ငါ့ရဲ့လိုအပ်ချက်တွေကို ဦးစားပေးခဲ့တယ်... ငါတို့ အတူတူအချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ငါ သူကို တဖြည်းဖြည်း ချစ်မိသွားတယ်..."
"ဒါပေမဲ့ အဲ့ဒီတုန်းက ငါက အရမ်းဆင်းရဲတယ်.. အားကောင်းတဲ့ကျောထောက်နောက်ခံ ဒါမှမဟုတ် မိသားစုအထောက်အပံ့မရှိဘူး... ကျောင်းတော်ရဲ့ဆရာတွေကြားမှာလည်း သိပ်မထူးချွန်ဘူး...ဒါပေမဲ့ ငါက သူကို တကယ်ချစ်မြတ်နိုးခဲ့ပြီးတော့ သူ့အတွက် အရာရာကို ပေးဆပ်ဖို့ အသင့်ရှိခဲ့တယ်..."
လုမင်ရုန်သည် စကားပြောနေစဉ် အတွေးများအတွင်း နစ်မြောသွားပုံရသည်။
"သူကပြောတယ်... ငါတို့သာ အတူတူရှိချင်ရင် ငါက ခန္ဓာကိုယ်တွင်းအင်္ဂါနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကိုရောက်ရမယ်...ပြီးတော့ တင်တောင်းငွေအဖြစ် အနည်းဆုံး ရွှေဒင်္ဂါးတစ်ထောင် တန်ဖိုးရှိတဲ့ပစ္စည်းတွေ ပေးနိုင်မှ ထိုက်တန်တယ်လို့ သတ်မှတ်ခံရမယ်တဲ့... ဒါနဲ့ ငါက နေ့ရောညပါ လေ့ကျင့်ခဲ့တယ်... အန္တရာယ်အများဆုံး စမ်းသပ်မှုတွေမှာ ပါဝင်ခဲ့တယ်... ပြီးတော့ အရက်စက်ဆုံး ရင်းမြစ်သားရဲတွေကို အမဲလိုက်ခဲ့တယ်....ဒါတွေအားလုံးက ငါ ပိုပြီးမြန်မြန်တိုးတက်လာပြီးတော့ သူ့ကိုတောင်းရမ်းဖို့လိုအပ်တဲ့ အရင်းအမြစ်တွေ စုဆောင်းနိုင်ဖို့အတွက်ပဲ"
"လေးနှစ်ကြာပြီးနောက်မှာ ငါက အရာအားလုံးကို အဆင်သင့်ပြင်ဆင်ပြီးသွားပြီ....ငါ့ရဲ့ကျင့်ကြံမှုက ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ...ငါ တောင်းရမ်းတော့မယ့်အချိန်မှာပဲ သူက ငါနဲ့ ချစ်ကြိုက်နေတဲ့အချိန်မှာ တခြားတစ်ယောက်နဲ့လည်း ပတ်သက်နေမှန်း သိလိုက်ရတယ်..."
"အမ်...ဒါက..."
ကျန်းရွှမ်သည် အချိန်တခဏကြာမျှ စကားမပြောနိုင် ဖြစ်သွားပေ၏။
လုမင်ရုန်သည် ဤအကြောင်းကို ထုတ်မပြောချင်သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ လေးနှစ်ကြာ ကြိုးစားပမ်းစားလုပ်ပြီးနောက် သူ မသိလိုက်ဘဲ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအတွင်းသို့ ရောက်သွားခဲ့သည်။
"ဖြစ်နိုင်တာက..."
ကျန်းရွှမ်၏စိတ်အတွင်းတွင် ရုတ်တရက် အသိတစ်ခုဝင်လာသည်။
"သူနဲ့ ပတ်သက်နေတဲ့လူက မြို့အရှင်ယုလုံချင်းလား...."
ပြိုင်ဘက်ကင်းပါရမီရှင် လူငယ်သူရဲကောင်းတစ်ယောက်ကြောင့် သစ္စာဖောက်ခံရခြင်းသည် ကျိုးကြောင်းဆီလျော်ပေ၏။
"သူ မဟုတ်ဘူး.."
လုမင်ရုန်က မျက်နှာညှိုးငယ်စွာဖြင့် တုံ့ပြန်အဖြေပေးသည်။
"တကယ်လို့ သူသာဖြစ်ခဲ့ရင် ငါ ပြိုင်လို့မနိုင်မှန်းသိလို့ အရှုံးပေးလိုက်မှာပါ...ဒါပေမဲ့ တကယ်တမ်းကျတော့ စမ်းသပ်မှုတွေအတွင်းမှာ ငါ့ရဲ့နောက်က လိုက်တတ်တဲ့ အားနည်းပြီး ရုပ်မချောတဲ့ကောင်တစ်ယောက် ဖြစ်နေတယ်.... ငါက သူ့ကို အကဲဖြတ်ပွဲတွေအောင်မြင်အောင် ကူညီခဲ့ပြီးတော့ အမဲလိုက်နည်းသင်ပေးခဲ့တယ်...သူရဲ့ကျင့်ကြံမှုက ရင်းမြစ်ရေအိုင်နယ်ပယ် စတုတ္ထအဆင့်ဖြစ်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်မှာပဲ ရှိသေးတယ်...လူအုပ်ထဲမှာဆိုရင် သူက ဘာမှထူးခြားမှုမရှိတဲ့လူပဲ"
"ဒါဆိုရင် ဘာလို့လဲ..."
ကျန်းရွှမ်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
'တခြားကောင်က ဒီလောက်ထိ နိမ့်ကျနေရင် ဘာလို့ အဲ့ဒီမိန်းကလေးက ရွေးချယ်ခဲ့တာလဲ'
လုမင်ရုန်က သက်ပြင်းရှိုက်လိုက်၏။
"ငါလည်း အဲ့လိုပဲ နားမလည်နိုင်ဖြစ်ခဲ့တယ်... ငါ သူကို တိုက်ရိုက်မေးချင်ခဲ့ပေမယ့် သူက ငါကို တွေ့ဖို့ငြင်းဆန်ပြီး တမင်သက်သက် ရှောင်နေခဲ့တယ်"
ကျန်းရွှမ်က မှန်းဆလိုက်သည်။
"ဖြစ်နိုင်တာတော့ သူမှာ လျှို့ဝှက်ထားတဲ့ အကြောင်းအရင်းတချို့ ရှိနေနိုင်တယ်...သူ့ရဲ့မိသားစုနဲ့ဆိုင်တာ ဒါမှမဟုတ် တခြားအရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိနေလို့ဖြစ်မယ်..."
လုမင်ရုန်က ခေါင်းညိတ်ပြသည်။
"ငါလည်း အဲ့ဒီလိုပဲ တွေးခဲ့တယ်..ဒါပေမဲ့ သူ့ရဲ့မိသားစုက ငါ ချဉ်းကပ်ဖို့အတွက် အရမ်းအင်အားကြီးလွန်းတော့ ငါက အင်အားသုံးပြီး အတင်းအကြပ်ဝင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ဘူး.... ဒါပေမဲ့ အဲ့ဒီအချိန်က ငါ့ရဲ့ခွန်အားက လုံလောက်ဖို့ အဝေးကြီးလိုနေသေးတော့... ငါက လျှို့ဝှက်နည်းလမ်းတစ်ခုကိုသုံးပြီး ကျောက်စိမ်းအရိုးနယ်ပယ်ကို အတင်းအကြပ် ချိုးဖျက်ဝင်ရောက်ခဲ့တယ်..."
"မင်းလည်း ဒီရေလှိုင်း အရိုးသန့်စင်ခြင်းနည်းစနစ်ကို တွေ့ပြီးပြီပဲ...ဒါက အားကောင်းလာဖို့အတွက် အချိန်ယူပြီး တဖြည်းဖြည်းသန့်စင်ဖို့ လိုအပ်တယ်... ဒါပေမဲ့ ငါက သူကိုတွေ့ဖို့ စိတ်စောနေတော့ မှန်ကန်တဲ့နည်းလမ်းကို လျစ်လျူရှုပြီး အရိုင်းဆန်တဲ့ခွန်အားကို သုံးခဲ့တယ်..."
ကျန်းရွှမ်က သက်ပြင်းရှိုက်လိုက်သည်။
သူသည် ဒီရေလှိုင်း အရိုးသန့်စင်ခြင်းနည်းစနစ်ကို ချို့ယွင်းချက်များအပါအဝင် အသေအချာနားလည်ပြီးဖြစ်သည်။
ဤနည်းစနစ်ကို ဂရုတစိုက်နှင့် စိတ်ရှည်လက်ရှည် ကျင့်ကြံပါက နည်းစနစ်၏စွမ်းအားသည် ပို၍ကြီးမားလာပေမည်။ သို့ရာတွင် နည်းစနစ်ကို အလျင်စလိုကျင့်ကြံပါက အဆစ်အရိုးနုများ တောင့်တင်းခြင်းကို ဖြစ်စေနိုင်ပြီး ထိုအခြေအနေ ဖြစ်ပေါ်လာသည်နှင့် ပြန်လည်၍ပြုပြင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မှသာ စိတ်ဝိညာဉ်စွမ်းအားဖြင့် အဆစ်အမြစ်များကို ဆယ်နှစ် အနှစ်နှစ်ဆယ်ကြာ ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်မှသာ ထိုအခြေအနေကို ကုသနိုင်ပေမည်။ ထိုသို့မဟုတ်လျှင် သူသည် တစ်သက်လုံး ဤအတိုင်း နေထိုင်သွားရပေမည်။
သို့ရာတွင် ထိုသို့သောအမှားကို ပြုလုပ်ပြီးပြီဖြစ်သောကြောင့် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် လိုအပ်သော စိတ်အခြေအနေကို ရရှိရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
"အဲ့ဒီလျှို့ဝှက်နည်းလမ်းကြောင့် ငါက ကျောက်စိမ်းအရိုးနယ်ပယ်အတွင်းမှာ သာလွန်ထူးကဲတဲ့စွမ်းအားကို ရရှိခဲ့တယ်... ဒီစွမ်းအားကိုသုံးပြီးတော့ ငါက သူ့မိသားစုရဲ့အိမ်တော်ထဲကို တိုက်ခိုက်ဝင်ရောက်ခဲ့တယ်... အဲ့ဒီမှာ နောက်ဆုံးတော့ ငါ သူကို တွေ့ခဲ့တယ်..."
လုမင်ရုန်၏မျက်နှာ ဖြူဖျော့သွားပြီး သူ၏လက်သီးများကို ဆုပ်လိုက်၏။
ကျန်းရွှမ်က မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"သူက အသည်းအသန်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲနေလို့ ခင်ဗျားကို ရှောင်နေခဲ့တာလား.."
"မဟုတ်ဘူး..."
လုမင်ရုန်သည် မျှော်လင့်ချက်ကင်းမဲ့သော မျက်လုံးများဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။
"သူက အဲ့ဒီတခြားကောင်ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားခဲ့ပြီးတော့... မွေးတောင်မွေးပြီးနေပြီ... အဲ့ဒီအချိန်မှာ ကလေးက သုံးနှစ်ခွဲတောင်ရှိနေပြီ"
"...."
ကျန်းရွှမ်သည် အံ့အားသင့်တုန်လှုပ်စွာသွားကာ နေရာမှာပင် ကြက်သေသေသွားသည်။
သူသည် ဤကိစ္စကို ဝမ်းနည်းဖွယ်အချစ်ဇာတ်လမ်းတစ်ခုဟု တွေးထင်ခဲ့သော်လည်း အမှန်အားဖြင့် နက်နက်ရှိုင်းရှိုင်း သစ္စာဖောက်ခံရတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေသည်။
"ခဏလေး..."
ကျန်းရွှမ်က ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။
"ခင်ဗျား ပြောချင်တာက ခင်ဗျားက သူနဲ့ထိုက်တန်ဖို့ လေးနှစ်ကြာ ပြင်ဆင်နေတဲ့အချိန်မှာ....သူက အဲ့ဒီကောင်နဲ့ အတူရှိနေပြီးတော့ သုံးနှစ်ခွဲအရွယ် ကလေးတစ်ယောက်တောင် ရှိနေပြီလား...."