← Chapters

ဖြေရှင်းနည်း

Vol. 8 Ch. 108

ဖြေရှင်းနည်း

Vol. 8 Ch. 108

"အမှန်ပဲ...."

လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို... ဟွိုက်ယွမ်တောင်မှာ သူနဲ့စတွေ့တဲ့အချိန်ကနေ မင်း ပြင်ဆင်ပြီးတဲ့အချိန်အထိ ဘယ်လောက်ကြာသွားလဲ"

ကျန်းရွှမ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

"လေးနှစ်ခွဲလောက် ကြာတယ်..."

လုမင်ရုန်က တုံ့ပြန်အဖြေပေးသည်။

"ဒီလိုဆိုရင်တော့..."

ကျန်းရွှမ်းက အဖြစ်အပျက်များကို စတင်၍ဆက်စပ်ကြည့်လိုက်သည်။

"ဒါဆို သူက မင်းနဲ့စတွေ့ကတည်းက အဲ့ဒီလူနဲ့ ပတ်သက်နေခဲ့တာလား...ငါ ဆိုလိုတာက... မင်းက ဒီအခြေအနေမှာ တတိယလူ ဖြစ်သွားတာပေါ့"

လုမင်ရုန်က ခေါင်းခါလိုက်၏။

"ငါ အတိအကျတော့ မသိပေမယ့်...ငါတို့ ချစ်သူတွေဖြစ်ပြီးမှ သူက အဲ့ဒီလူနဲ့ စတွဲခဲ့တာပဲ... ဒါပေမဲ့ ငါ့ကို ဖုံးကွယ်ထားခဲ့တယ်...ငါတို့ ပထမဆုံးတွေ့တုန်းက သူမှာ ရည်းစားမရှိဘူး... ရွှေဒင်္ဂါးတစ်ထောင်နဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရမယ်ဆိုတဲ့ တောင်းဆိုမှုတွေက နောက်မှပေါ်လာတာပါ"

ကျန်းရွှမ်းက နားမလည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆိုရင် သူက တခြားတစ်ယောက်နဲ့ တွဲနေတာတောင် မင်းကို အဲ့ဒီလို တောင်းဆိုမှုတွေ လုပ်နေခဲ့တာလား...ဒါက ဘာသဘောလဲ..."

ထို့နောက် သူသည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

"ငါ သဘောပေါက်ပြီ... သူက မင်းကို အလိုလို လက်လျှော့သွားအောင် မဖြစ်နိုင်တဲ့ တာဝန်တစ်ခု ပေးခဲ့တာပဲ....ဒါပေမဲ့ မင်းက အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်...မင်း အောင်မြင်တဲ့အချိန်မှာ သူက ကလေးတစ်ယောက်တောင် ရနေပြီ....ဒါကြောင့် မင်းနဲ့ အတူရှိဖို့ မဖြစ်နိုင်တော့ဘူး"

"ဒါက အမှန်ပဲ.. ငါ ဒါကို သိလိုက်ရတဲ့အချိန်မှာ ငါ့ရဲ့ကမ္ဘာကြီး ပြိုလဲသွားသလိုပဲ...ငါ အရမ်းစိတ်ထိခိုက်သွားတာကြောင့် သွေးအန်ပြီး တစ်နှစ်ပတ်လုံး နာမကျန်းဖြစ်ခဲ့တယ်....ငါ ပြန်ကောင်းလာတဲ့အချိန်မှာတော့ ငါ လုပ်ခဲ့တဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကြောင့် ငါ့ရဲ့အဆစ်တွေထဲက အရိုးနုတွေ လုံးဝမာကျောသွားပြီး တော့ ပြန်ပြုပြင်ဖို့ နောက်ကျသွားခဲ့ပြီ"

လုမင်ရုန်က သက်ပြင်းရှိုက်ပြီး ဆက်လက်၍ ပြောဆိုသည်။

"နောက်ပိုင်းမှာ ငါ့ရဲ့ဆရာက ကျောင်းအုပ်ကြီးရာထူးအတွက် ငါ့ကို ထောက်ခံပေးခဲ့တာကြောင့် မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ရမယ်ဆိုတဲ့ ဖိအားကို ခံစားခဲ့ရတယ်.... ဘယ်သူ့ကိုမှ ငါ့ရဲ့ အားနည်းချက်ကို မြင်ခွင့်မပေးနိုင်ဘူး.... ဒါကြောင့် ငါက ကိုယ့်ကိုယ်ကိုယ် ပိုပြီးတွန်းအားပေးခဲ့တယ်....ငါ့ရဲ့အရိုးတွေကို ပိုပြီးမြင့်မားတဲ့အဆင့်အထိ သန့်စင်ပြီးတော့ ငါ့ရဲ့စွမ်းအားနဲ့ ကျင့်ကြံဆင့်ချိုးဖျက်နိုင်မယ်လို့ မျှော်လင့်ခဲ့တယ်...ဒီလိုနဲ့ ငါက အခုလက်ရှိအခြေအနေကို ရောက်လာခဲ့တာပဲ"

"ငါ သိပြီ..."

ကျန်းရွှမ်သည် နောက်ဆုံးတွင် ဇာတ်လမ်းအပြည့်အစုံကို နားလည်သွားသော်လည်း သံသယအချို့ ရှိနေဆဲပင်။

"ဒါပေမဲ့ ခဏနေပါအုံး... မင်းက ဒီဇာတ်လမ်းကို ဘာလို့ မြို့အရှင်ယုလုံချင်းရဲ့ လျင်မြန်တဲ့ တိုးတက်မှုအကြောင်း ပြောပြီး စခဲ့တာလဲ....သူက ဒီဇာတ်လမ်းထဲမှာ ဘယ်အခန်းကဏ္ဍကမှ ပါဝင်ခဲ့ပုံမရဘူး..."

လုမင်ရုန်က ရှင်းပြသည်။

"သူနဲ့ ကလေးရခဲ့တဲ့လူက ယုလုံချင်းရဲ့ ဝမ်းကွဲညီအစ်ကိုပဲ"

ကျန်းရွှမ်က အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် နားလည်သဘောပေါက်သွားပေ၏။

"ဒါဆို သူနဲ့တွေ့တုန်းက မင်းက သိပ်ပြီးထူးချွန်တဲ့လူ မဟုတ်ဘူး...ဒါ့ပြင် အာဏာလည်း သိပ်မရှိဘူး....ဒါပေမဲ့ တခြားတစ်ယောက်က ယုလုံချင်းရဲ့ ဝမ်းကွဲညီအစ်ကို....ယုလုံချင်းက အဖြူရောင်ကျောက်တုံးမြို့မှာ နှစ်တစ်ရာအတွင်း အထူးချွန်ဆုံး ထိပ်သီးပါရမီရှင်... သူက မင်းအစား သူ့ကိုရွေးခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး....သူက အဆင့်အတန်းကို မက်မောပြီးတော့ မြို့က အင်အားအကြီးဆုံးလူရဲ့ခယ်မ ဖြစ်ချင်နေတာပဲ"

ကျန်းရွှမ်းက အဖြစ်အပျက်များ၏ အလှည့်အပြောင်းကြောင့် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။ သူ စိတ်ကူးယဥ်ဆန်သော အချစ်ဇာတ်လမ်းတစ်ပုဒ်ဟု ထင်ခဲ့ရသောအရာမှာ အခွင့်အရေးသမားတစ်ယောက်၏ ဇာတ်လမ်းအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

"ဒါပေမဲ့ သူ ပယ်ချခဲ့တဲ့ သာမန်ဆရာတစ်ယောက်က နောက်ဆုံးမှာ မြို့အရှင်ပြီးရင် ဒုတိယအင်အားအကြီးဆုံးလူဖြစ်လာပြီး ကြီးမားတဲ့ သြဇာအာဏာကို ကိုင်စွဲထားနိုင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိလောက်ဘူး..."

"အမှန်ပဲ....သူ့ရဲ့အစ်ကိုမှာ မိသားစုခေါင်းဆောင် ဖြစ်ချင်တဲ့ ရည်မှန်းချက်လည်း ရှိခဲ့တယ်....သူက ပြင်ပအထောက်အပံ့ လိုအပ်တယ်....ဒါကြောင့် သူ့ရဲ့ညီမက အာဏာကြီးတဲ့လူနဲ့ လက်ထပ်ရင် သူ့ရဲ့အခွင့်အရေးတွေ ပိုကောင်းလာနိုင်တယ်..."

လုမင်ရုန်က ကျန်းရွှမ်သည် ဇာတ်လမ်းအများစုကို ဆက်စပ်မိသွားပြီဖြစ်သောကြောင့် ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်သည်။

"ရင်းမြစ်ရေအိုင်နယ်ပယ်ရဲ့ သတ္တမအဆင့်ကို ရောက်တဲ့သူတွေမှ အကြီးအကဲနေရာအတွက် စိန်ခေါ်နိုင်တဲ့ အဆင့်အတန်းမျိုးရှိတဲ့ မိသားစု..." ကျန်းရွှမ်က တီးတိုးရေရွတ်လိုက်ပြီးနောက် အတွေးတစ်ခု ထွက်ပေါ်လာသည်။ သူက လုမင်ရုန်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။

"မင်းပြောနေတဲ့ အဲ့ဒီအမျိုးသမီးက... မိသားစုခေါင်းဆောင် လျှူထျန်ကျန်းရဲ့ ညီမများလား.."

လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...သူက လျှူထျန်ကျန်းရဲ့ ညီမပဲ..."

ကျန်းရွှမ်က အံ့အားသင့်တုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဤကြေကွဲဖွယ် အချစ်ဇာတ်လမ်းမှာ လျှူမင်ယွဲ့၏အဒေါ်နှင့် ပတ်သက်နေသည်ဟု သူ သိလိုက်ရသည်။ လုမင်ရုန်သည် သူမ၏ ဦးလေး ဖြစ်လာလုနီးပါးပင်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းရွှမ်က နောက်ဆုံးတွင် မေးမြန်းလိုက်၏။

"ဒါဆို... ဆရာလျှူရဲ့ ညီမက ဘာဖြစ်သွားလဲ...."

လုမင်ရုန်က ရှင်းပြသည်။

"ယုလုံချင်းက ဘာဖြစ်ခဲ့လဲဆိုတာ သိသွားတဲ့နောက်မှာ သူ့ရံ့ဝမ်းကွဲညီအစ်ကိုနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး မြို့အရှင်အိမ်တော်ကနေ နှင်ထုတ်ခဲ့တယ်...အဲ့ဒီအထောက်အပံ့ ပျောက်သွားပြီးတော့ ငါက ကျောင်းအုပ်ဖြစ်လာတဲ့အချိန်မှာ အဲ့ဒီအမျိုးသမီးက ငါနဲ့ ပြန်ပြီးသင့်မြတ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်.... ဒါပေမဲ့ ငါ ငြင်းခဲ့တယ်....နောက်ပိုင်းမှာ လျှူမိသားစုက စိတ်ရင်းမှန်ကို ပြသဖို့ သူတို့လင်မယားကို လျူမိသားစုကနေ နှင်ထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ ငါ ကြားတယ်...နောက်ဆုံးကျတော့ သူတို့က ရင်းမြစ်သားရဲတစ်ကောင်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်....ငါ သိသလောက်ကတော့ ဒါပဲ.... အသေးစိတ်ကိုတော့ တခြားသူတွေက ငါ့ကို ပြောပြခဲ့တာပဲ"

အဖြူရောင်ကျောက်တုံးမြို့တွင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် လုမင်ရုန်သည် ဤမျှ စိတ်ဓာတ်ကျနေသည်ကို မြင်ချိန်၌ ကျန်ရွှမ်းက နှစ်သိမ့်စကားအချို့ကို မပြောဘဲ မနေနိုင်တော့ချေ။

"ကျောင်းအုပ်ကြီးလု...မင်းက သူ့လိုလူမျိုးကြောင့် စိတ်အနှောင့်အယှက် မဖြစ်သင့်ပါဘူး... သူက မင်း ရဲ့အချိန်နဲ့မတန်ပါဘူး...သူက အရေးကြီးဆုံးအချိန်မှာ မင်းရဲ့ တန်ဖိုးကို မမြင်နိုင်ခဲ့တဲ့လူပဲ..."

"ငါ့တန်ဖိုးကို မမြင်နိုင်ခဲ့တဲ့လူလား..."

လုမင်ရုန်က နားမလည်စွာဖြင့် မေးမြန်းသည်။

"အမှန်ပဲ..."

ကျန်းရွှမ်က ရှင်းပြသည်။

"ငါက လောဘကြီးပြီး အပေါ်ယံပဲကြည့်တတ်တဲ့လူတွေ...တကယ်အရည်အချင်းမရှိဘဲ အားမစိုက်ထုတ်ဘဲ အကျိုးအမြတ်အားလုံးကို ရယူလိုတဲ့လူတွေအကြောင်း ပြောနေတာပါ..."

သူ အချိန်တခဏကြာ တုံ့ဆိုင်းသွားပြီးနောက် ထပ်မံ၍ ပြောဆိုလိုက်သည်။

"ဘဝဆိုတာ ဒုက္ခတွေကို အတူမဖြတ်သန်းဘဲ သုခကိုပဲ အတူမျှဝေခံစားဖို့ မဟုတ်ဘူး...."

"မင်းပြောတာ အမှန်ပဲ"

လုမင်ရုန်က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ငါ့ရဲ့အတိတ်အကြောင်းပြောတာ တော်လောက်ပြီ...ငါ အကုန်ပြောပြပြီးပြီ....အရိုးသန့်စင်ခြင်းနည်းစနစ်ကို မင်း လေ့လာလိုက်ပါ..ဒီရေလှိုင်း အရိုးသန့်စင်ခြင်းနည်းစနစ်က အရမ်းနက်နဲတယ်...မင်း အချိန်ယူပြီး နားလည်အောင်လုပ်ပါ...မေးစရာရှိရင် အားမနာတမ်းမေးနိုင်တယ်"

"ဒါက မလိုအပ်တော့ပါဘူး...ငါက မင်းရဲ့ပြဿနာအရင်းအမြစ်ကို ရှာတွေ့ပြီးတော့ ဖြေရှင်းနည်းတစ်ခုလည်း ရှာထားပြီးပါပြီ.... ဒီနည်းစနစ်က ငါ့အတွက် အသုံးမဝင်တော့ပါဘူး"

ကျန်းရွှမ်းက စာအုပ်ကို ပြန်ပေးရင်း ပြောဆိုသည်။

ကောင်းကင်ဘုံစာကြည့်တိုက်အရ ဤနည်းစနစ်၏ချို့ယွင်းချက်များကို မှတ်တမ်းတင်ထားပြီး "စိတ်မရှည်ခြင်း" ကို အရေးကြီးသောပြဿနာအဖြစ် မီးမောင်းထိုးပြထားသည်။ အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျန်းရွှမ်သည် ဤကိစ္စကို မည်ကဲ့သို့ဖြေရှင်းရမည်အား သိရှိသွားခဲ့လေပြီ။

"အသုံးမဝင်တော့ဘူးလား..."

လုမင်ရုန် ကြက်သေသေသွားသည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ပျက်ဖွယ်ဇာတ်ကြောင်းတစ်ခုသည် ကျန်းရွှမ်ကို တစ်နည်းနည်းဖြင့် စိတ်အားထက်သန်သွားစေသည်အား သူ မယုံကြည်နိုင်ချေ။

"အမှန်ပဲ...ငါက အခု မင်းကိုကူညီပြီးတော့ဒီပြဿနာကို ဖြေရှင်းပေးမယ်""

ကျန်းရွှမ်ကဆက်လက်၍ပြောဆိုသည်။

"ဒါပေမဲ့ အရင်ဆုံး မင်းရဲ့ကျင့်ကြံဆင့်စွမ်းအားကို လုံးဝချိတ်ပိတ်ထားရမယ်...ငါ ဘာကိုပဲလုပ်လုပ် မင်း မခုခံရဘူး...တကယ်လို့ မင်း တစ်ခုခုလုပ်လိုက်ရင် အရာအားလုံး ပျက်စီးသွားလိမ့်မယ်""

"ငါရဲ့ကျင့်ကြံဆင့်စွမ်းအားကို ချိတ်ပိတ်ထားရမှာလား"

လုမင်ရုန်သည် မျက်မှောက်ကြုတ်ပြီး တွေဝေတုံ့ဆိုင်းနေပေ၏။ အချိန်တခဏကြာပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ....ဒါပေမယ့် ငါ စိုးရိမ်တာကတကယ်လို့ ငါက အန္တရာယ်နဲ့ကြုံတွေ့နေရရင် ချိတ်ပိတ်ထားမှုကို အလိုလို ချိုးဖျက်မိလိမ့်မယ်... အဲ့ဒီလိုမဖြစ်အောင် ဝူယွင်ကျိုးကို ကူညီခိုင်းရအောင်....သူ့ရဲ့စွမ်းအားက ငါနဲ့ သိပ်မကွာဘူး...တကယ်လို့ သူက ငါ့ကို ချိတ်ပိတ်မယ်ဆိုရင် ငါက ဒါကို ချိုးဖျက်ချင်တယ်ဆိုရင်တောင် လွယ်ကူမှာ မဟုတ်ဘူး"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

လုမင်ရုန် သတိကြီးစွာထားနေသည်ကို သူ နားလည်ပေးနိုင်သည်။ သူ၏ကျင့်ကြံဆင့်စွမ်းအားကို ချိတ်ပိတ်ခြင်းသည် သူ၏အသက်ကို တခြားတစ်ယောက်၏လက်အတွင်းသို့အပ်ထားလိုက်သည်နှင့် တူညီသည်။ သူတို့အချင်းချင်း သိကျွမ်းသည်မှာ အချိန်နှစ်ရက်သာ ကြာမြင့်သေးပေ၏။ ထို့ကြောင့် လုမင်ရုန်သည် သူ့အပေါ် သတိထားနေပေမည်။ ဤကဲ့သို့အချိန်တိုအတွင်းတွင် သူသည် တစ်စုံတစ်ယောက်ကိုအပြည့်အဝယုံကြည်နေမှသာ ထူးဆန်းနေပေမည်။

အချိန်တခဏကြာပြီးနောက် ဝူယွင်ကျိုး ရောက်လာသည်။ အခြေအနေကိုနားလည်သဘောပေါက်သွားပြီးနောက် သူသည် သံသယနှင့် သိချင်စိတ်ပြင်းပြမှုတို့ ရောယှက်နေသောအကြည့်ဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်၏။

သူသည် အသေးစိတ်ကျကျမဟုတ်သည့်တိုင်ကျောင်းအုပ်ကြီး၏အခက်အခဲများကို သိရှိထားသည်။

သို့ရာတွင် ကျောင်းတော်သို့ ရောက်လာသည်မှာ နှစ်ရက်သာရှိသေးသော ဆရာအသစ်တစ်ယောက်သည် ဤကဲ့သို့ ကာလရှည်ကြာ တည်ရှိနေသည့် ပြဿနာကို ဖြေရှင်းမည်ဆိုသည်မှာ....

ဤအခြေအနေနှင့် ပတ်သက်ပြီး ဝူယွင်ကျိုးသည် စိတ်မအေးမှုကို ခံစားမိလေ၏။ အစီအစဉ်တစ်ခုလုံးသည် မယုံကြည်နိုင်ဖွယ်ကောင်းသော်လည်း ကျောင်းအုပ်ကြီးလုသည်စိတ်ပိုင်းဖြတ်ထားပြီဖြစ်သောကြောင့် ဝူယွင်ကျိုးသည် ဟန့်တားဝံ့ခြင်း မရှိတော့ချေ။ သူသည် ခေါင်းညိတ်ပြပြီး သဘောတူလိုက်တော့သည်။

မကြာမီမှာပင် အခန်းအတွင်း၌ ထူထပ်သိပ်သည်းပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားများဖြင့် ပြည့်နှက်သွားကာ ဝူယွင်ကျိုးသည် လုမင်ရုန်၏ကျင့်ကြံဆင့်စွမ်းအားကိုချိတ်ပိတ်လိုက်၏။ အဖြူရောင်ကျောက်တုံးမြို့၏ ဒုတိယအစွမ်းထက်ဆုံးပုဂ္ဂိုလ်တွင် ယခုအချိန်၌ သာမာန်လူတစ်ယောက်၏ခွန်အားခန့်သာ ရှိတော့သည်။

"အဆင်သင့်ဖြစ်ပြီ""

လုမင်ရုန်သည် သူ၏စွမ်းအားများ အပြည့်အဝ ပျောက်ကွယ်သွားသည်ကို ခံစားမိသဖြင့် ခြေတစ်လှမ်းရှေ့တက်ပြီး ကျန်းရွှမ်၏ရှေ့၌ မတ်တတ်ရပ်လိုက်သည်။ သူသည် ဤလူငယ်ဆရာမှ သူ့အား မည်ကဲ့သို့ကူညီမည်ကို အလွန်သိချင်စိတ် ပြင်းပြနေသည်။

သို့ရာတွင် သူ တစ်စုံတစ်ခုကိုမျှ မမေးမြန်းရသေးမီမှာပင် ကျန်းရွှမ်သည် အခန်း၏ပြင်ပသို့ထွက်သွားပြီး မကြာမီမှာပင် သောက်လီကို ဆွဲခေါ်လာသည်။ သူသည် မြင်း၏နားအနီးသို့ကပ်ပြီးတီးသိုးပြောဆိုကာ မြင်း၏နံဘေးကို ပုတ်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် သောက်လီ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။ မြင်းသည် နောက်သို့လှည့်ပြီး သတိလက်လွတ်ဖြစ်နေသော ကျောင်းအုပ်ကြီးလုကို ပြင်းထန်စွာ တစ်ချက်ကန်ကျောက်လိုက်သည်။

ဘုန်း...

အကယ်၍ လုမင်ရုန်ထံတွင် ကျင့်ကြံဆင့်စွမ်းအားရှိနေပါက သူသည် ဤတိုက်ခိုက်မှုကိုလွယ်လင့်တကူ ရှောင်တိမ်းနိုင်ပေမည်။ သို့ရာတွင် သူ၏စွမ်းအားများကို ချိတ်ပိတ်ခံထားရသဖြင့် သူ အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်း မရှိချေ။ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူသည် နောက်သို့၁၀မီတာခန့် လွင့်ထွက်သွားပေ၏။

"ဆရာကျန်း...မင်း မင်း ဘာလုပ်လိုက်တာလဲ"

ဝူယွင်ကျိုးသည် ထိတ်လန့်တကြားအော်ဟစ်ကာ လုမင်ရုန်အား ကူညီပေးရန် ရှေ့သို့ပြေးလာသည်။

ဤသည်မှာ ကုသမှုတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော...

မည်သည်ကြောင့် ကျန်းရွှမ်သည် မြင်းတကောင်ကို အသုံးပြုပြီးကျောင်းအုပ်ကြီးလုကို တိုက်ခိုက်နေသနည်း....

"ကျွန်တော်က ကျောင်းအုပ်ကြီးလုရဲ့ပြဿနာကို ကူညီပြီး ဖြေရှင်းနေတာ....ကျွန်တော် ဒီကိစ္စတွေကို သူကို ကြိုပြီးရှင်းပြပြီးပြီ"

ကျန်းရွှမ်က တည်ငြိမ်စွာ ပြောဆိုသည်။

"ရှင်းပြပြီးပြီလား...."

ဝူယွင်ကျိုးက ကျောင်းအုပ်ကြီးလုဘက်သို့ လှည့်ကြည့်လိုက်သည်။ ကျောင်းအုပ်ကြီးသည်လည်း သူနှင့် ထပ်တူထပ်မျှ ဇဝေဇဝါဖြစ်နေပုံရသည်။

'မင်းက ငါ့ကိုကူညီမယ်လို့ ပြောခဲ့တာလေ...ဒါပေမဲ့ မြင်းတကောင်က ငါ့ကို ကန်လိမ့်မယ်လို့ မင်း ကြိုမပြောခဲ့ဘူး'

လုမင်ရုန်သည် ဤအခြေအနေကြောင့် စိတ်ရှုပ်ထွေးနေပြီး တွေးတောလိုက်သည်။ သို့ရာတွင် သူသည် ကျန်းရွှမ် မည်သည့်အရာကိုပြုလုပ်သည်ဖြစ်စေ မခုခံဟု သဘောတူညီထားခဲ့ပေ၏။ ထို့ကြောင့် ဝူယွင်ကျိုးက အတည်ပြုလိုသောအကြည့်ဖြင့် သူ့ကိုကြည့်လိုက်ချိန်တွင် သူ ဝန်လေးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင်လည်း ကောင်းပြီလေ..."

ဝူယွင်ကျိုးသည် သက်ပြင်းရှိုက်ပြီး ထိုင်ခုံတစ်ခုရှာ၍ ထိုင်လိုက်ကာ တိတ်တဆိတ်စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ကျန်းရွှမ် လေးလေးနက်နက် စဉ်းစားတွေးတောနေသည်ကို မြင်တွေ့ချိန်၌ သူ၏သိချင်စိတ်ပြင်းပြမှုများ တဖန်ပြန်၍ မြင့်တက်လာသည်။

ဝူယွင်ကျိုး စောင့်ကြည့်နေစဉ်မှာပင် သောက်လီသည် လုမင်ရုန်၏နောက်သို့ မရပ်မနားလိုက်လံဖမ်းဆီးပြီး ကန်ကျောက်နေသည်။ သူ၏လက်ခြေထောက်ပခုံးများမှစ၍ သူ၏ခန္ဓာကိုယ်ပေါ်ရှိမည်သည့်အစိတ်အပိုင်းကိုမျှ ချမ်းသာပေးခြင်းမရှိချေ။

"ခဏလေး..."

ဝူယွင်ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

"ကျောင်းအုပ်ကြီးလုရဲ့စွမ်းအားက ချိတ်ပိတ်ခံထားရပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကို ရင်းမြစ်စွမ်းအားတွေနဲ့ အချိန်အကြာကြီး သန့်စင်ထားခဲ့တယ်...သူ့ရဲ့အရိုးတွေက သံမဏိလို မာကျောတယ်....မြင်းတကောင်ရဲ့ခွာက သူ့ကို ဘာနာကြင်မှုမှ ဖြစ်စေမှာ မဟုတ်ဘူး"

"အမ်... ဒါကို ငါ ဘာလို့ မေ့သွားတာလဲ"

ကျန်းရွှမ်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့နဖူးသူ ပြန်ရိုက်လိုက်သည်။

"မေ့သွားတာလား"

ဝူယွင်ကျိုး၏မျက်ခွံများ အထိန်းအကွပ်မဲ့စွာ တုန်ရီသွားပြီးနောက် မေးမြန်းလိုက်၏။

"ဒါဆိုရင် ခုလို ကန်ကျောက်နေတာက ဘာသဘောလဲ""

"အော် ဒါက မတော်တဆအမှားတစ်ခုပါ...ဒါပေမဲ့ အဆင်ပြေပါတယ်...ကျောင်းအုပ်ကြီးလုက သန်မာတာကြောင့် သူက ဒါကိုသွေးပူလေ့ကျင့်ခန်းတစ်ခုလို့ သတ်မှတ်လို့ရတယ်"

ကျန်းရွှမ်က အပြုံးနှင့် ပြောဆိုသည်။

"..."

လုမင်ရုန် ကြက်သေသေသွားသည်။

အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်ကာ ကျောက်စိမ်းအရိုးနယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သော သူသည် မြင်းတကောင်မှကန်ကျောက်ခြင်းကို ခံရပြီးနောက် အမှားတစ်ခုသာဖြစ်သည်ဟု ကြားလိုက်ရသလော...

ဤသည်မှာ အပျော်သက်သက်ပြုလုပ်နေခြင်းဖြစ်သလော...

ဤကိစ္စကို ရပ်တန့်မည်လောဟု သူ မေးမြန်းတော့မည့်အချိန်မှာပင် ကျန်းရွှမ်က မျက်မှောက်ကြုတ်ပြီး သောက်လီကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်၏။

"မင်းရဲ့ကန်ချက်တွေက ဘာလို့ ဒီလောက်ထိ အားပျော့နေတာလဲ....မင်း အစာမစားရသေးဘူးလား"

သောက်လီသည် တုံ့ပြန်သည့်အနေဖြင့် ဟီလိုက်ပြီး အားအင်အသစ်ဖြင့် လုမင်ရုန်ထံသို့ တိုးဝင်ကာသူ၏ခွာများ ထပ်မံ၍ပျံ့လွင့်သွားသည်။

အချိန်တခဏကြာခန့် စောင့်ကြည့်ပြီးနောက်ကျန်းရွှမ်သည် နောက်ဆုံး၌ ဝူယွင်ကျိုးဘက်သို့လှည့်ပြီး တစ်စုံတစ်ခုကို တီးတိုးပြောဆိုလိုက်သည်။ ထိုစကားများကိုနားထောင်ပြီးနောက် ဝူယွင်ကျိုး၏မျက်နှာ ရှုံ့မဲ့သွားသော်လည်း သူ လိုက်နာလိုက်၏။ သူသည် ပြင်ပသို့ထွက်သွားပြီးနောက် မကြာမီမှာပင် အစိမ်းရောင်မြက်ထုံးတစ်ထုံးနှင့်အတူ ပြန်ရောက်လာပြီးမြေပြင်ပေါ်၌ ချထားလိုက်သည်။

ကျန်းရွှမ်သည် ထိုနေရာသို့ လျှောက်လှမ်းသွားပြီး ရေခရားတလုံးကိုကိုင်ကာ မြက်များပေါ်သို့ ဖြန်းပက်လိုက်သည်။ သူသည် ထိုသို့ပြုလုပ်နေရင်း အပြစ်ကင်းစင်သော မျက်လုံးအကြည့်ဖြင့် လုမင်ရုန်ကိုကြည့်ပြီး ပြောဆိုသည်။

"ကျောင်းအုပ်ကြီးလု...မင်းက မြက်ခင်းစိမ်းကို ဒီလောက်ထိ ကြိုက်မှတော့ ငါ အခုမြက်တွေယူလာတယ်....မြင်းတကောင်လည်း ဒီနေရာမှာ ရှိနေတယ်...အခု မင်းရဲ့ ကိုယ်ပိုင်မြက်ခင်းစိမ်းအတွေ့အကြုံကို ခံစားလို့ရပြီ""

"..."

လုမင်ရုန်၏အမြင်အာရုံ မှောင်မည်းသွားပြီး သူ၏စိတ်အတွင်း၌ ဒေါသလှိုင်းများ ထကြွလာသည်ကို သူ ခံစားမိသည်။

သူ မြက်ခင်းစိမ်းအား ကြိုက်သည်ဟု မည်သူပြောသနည်း။ သူသည် သစ္စာဖောက်ခံလိုက်ရခြင်းဖြစ်ပြီး အားလပ်ရက် အလည်သွားခြင်း မဟုတ်ချေ။

အစောပိုင်းက သူအား မြင်းကန်ခွင့်ပြုခြင်းကို သူ နားလည်ပေးနိုင်သည်။ အနည်းဆုံးအနေဖြင့်ဤသည်မှာ သူ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေခြင်း မရှိချေ။ သို့ရာတွင် ယခုအချိန်၌ ဤသည်မှာ သူ့အား အလွန်ပြင်းပြင်းထန်ထန် စော်ကားလိုက်ခြင်းပင်။ သူသည် သူ၏နာကျင်ဖွယ်အကောင်းဆုံး အတိတ်ဇာတ်ကြောင်းကို မျှဝေခဲ့သည်။ ယခုအချိန်၌ ကျန်းရွှမ်သည် ထိုအရာကိုအသုံးပြုပြီး သူ့အား လှောင်ပြောင်သရော်နေပေ၏။

လုမင်ရုန်၏ဒေါသများ ပေါက်ကွဲတော့မည့်အချိန်မှာပင် အနီးအနား၌ရှိနေသော ဝူယွင်ကျိုးက ဇဝေဇဝါဖြစ်နေသောအမူအယာဖြင့် ပြောဆိုသည်။

"ကျောင်းအုပ်ကြီးလု...မင်း မြက်ခင်းစိမ်းတွေကြိုက်တာကို ငါ မသိခဲ့ဘူး...ဒါပေမဲ့ ငါ ပြန်စဉ်းစားကြည့်မိတော့ မင်း တာဝန်ယူခဲ့တဲ့အချိန်ကစပြီး ကျောင်းတော်ရဲ့ရှုခင်းတွေ အများကြီးတိုးတက်လာခဲ့တယ်""

ကျန်းရွှမ်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့...မြက်ခင်းစိမ်းတွေက မျက်စိအေးစေတယ်... ကျောင်းအုပ်ကြီးလုကိုပဲ ကြည့်လိုက်အုံး...သူက ဒီစိမ်းလန်းစိုပြေမှုထဲမှာ ရှင်သန်နေပြီးတော့ မြက်ခင်းစိမ်းကို တအားသဘောကျတယ်ဆိုတာ သိသာတယ်""

"ကျန်းရွှမ်....ပါးစပ်ပိတ်ထားစမ်း..."

လုမင်ရုန်က အံကြိတ်ပြီးအော်ဟစ်ကာ သူ့၏မျက်လုံးများ သွေးနီရောင်သန်းလာသည်။သူသည် ဝံပုလွေတစ်ကောင်မှ သားကောင်ကိုခုန်အုပ်ရန် အဆင်သင့်ပြင်နေသည့်အလား ကျန်းရွှမ်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။

သူ၏ခန္ဓာကိုယ်အတွင်း၌ ချိတ်ပိတ်ခံထားရသော စွမ်းအားများသည် ဒီရေများအလား တဝုန်းဝုန်းထနေကာ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အလားပင်။

All Chapters