အခန်း (၆၁-၆၅)
Vol. 5 Ch. 61-65
Chapter 61
အချိန်အတော်ကြာပြီးနောက် နင်ရွှမ်းဝူ၏ဒေါသများ လျော့ပါးသွားသည်။
"ဆရာသခင်...ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ"
ယောင်လင်းအာက အချိန်အခါကြည့်၍ ပြောဆိုသည်။
"ကျွန်မတို့က နောက်ထပ်ဘာထပ်လုပ်ရမယ်ဆိုတာအတွက် အစီအစဥ်တွေချဖို့လိုအပ်တယ်...ဆရာရော ဘယ်လိုထင်လဲ"
နင်ရွှမ်းဝူ၏မျက်နှာ သုန်မှုန်နေသော်လည်း သူ့ထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် အနာဂတ်အတွက် အစီအစဥ်များကို ချမှတ်ရပေမည်။
အရှည်ကိုမျှော်၍ တွေးတောပြီးနောက် သူသည် ခေါင်းမော့၍ ယောင်လင်းအာကိုကြည့်ကာ နူးညံညင်သာစွာ ပြောဆိုသည်။
"လင်းအာ...ဒီနေ့က ငါတို့ရွှမ်းဝူဂိုဏ်းရဲ့သမိုင်းစဥ်တလျှောက်မှာ ကံအဆိုးဆုံးနေ့ပဲ....ဒါကြောင့် ငါတို့ရွှမ်းဝူဂိုဏ်းရဲ့အနာဂတ်က မင်းအပေါ်မှာ မူတည်နေတယ်"
"ကျွန်မအပေါ်မှာ မူတည်နေတာလား"
ယောင်လင်းအာသည် အံ့အားသင့်သွားမှုကြောင့် သူမ၏နီမြန်းသော နုတ်ခမ်းနှစ်လွှာပွင့်ဟသွားသည်။
"အမှန်ပဲ"
နင်ရွှမ်းဝူက လေးနက်စွာဖြင့် ခေါင်းညိတ်ပြကာ ကူကယ်ရာမဲ့စွာဖြင့် သိုင်းပညာခန်းမရှိနေရာဘက်သို့ လှမ်းမျှော်၍ကြည့်လေသည်။ သူ၏စိတ်အတွင်း၌ နာကျည်းမုန်းတီးမှုများ ရှိနေသော်လည်း ဤပြိုင်ဘက်ကင်းဆရာသခင်များကို လက်စားချေရန်အတွက်သွားရှာရန် သူ့ထံ၌ သတ္တိမရှိချေ။
နင်ရွှမ်းဝူ ဤသို့ဖြစ်နေသည်ကိုကြည့်ပြီး ယောင်လင်းအာသည် စိတ်မသက်မသာဖြစ်သွားလေ၏။ သူမက မမေးမြန်းဘဲ မနေနိုင်တော့ချေ။
"ဆရာသခင်...အဲ့ဒီသိုင်းပညာခန်းမထဲမှာ ဘာတွေရှိနေတာလဲ....."
ထိုစကားကိုကြားချိန်တွင် နင်ရွှမ်းဝူ၏ပါးစပ် တွန့်လိမ်သွားသည်။ သူက သက်ပြင်းတစ်ချက်ရှိုက်ကာ စိုးရိမ်ကြောင့်ကြနေသောလေသံဖြင့် ပြောဆိုသည်။
"မဟာသိုင်းဂိုဏ်းကြီးလေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးယောက်...နောက်ပြီးတော့ သိုင်းသူတော်စင် ဒါမှမဟုတ် သိုင်းအင်ပါယာတောင်ဖြစ်နေနိုင်တဲ့လူငယ်တစ်ယောက်"
"ဘာ...."
သိုင်းပညာခန်းမအတွင်းရှိလူများသည် အလွန်အစွမ်းထက်မည်ဟု သူတို့မှန်းဆပြီးဖြစ်သော်လည်း နင်ရွှမ်းဝူ အမှန်တရားကို ထုတ်ဖော်ပြောဆိုလိုက်ချိန်တွင် သူတို့က ကူကယ်ရာမဲ့စွာ ပင့်သက်ရှိုက်လိုက်ကြ၏။
ဤသိုင်းပညာခန်းမငယ်လေးအတွင်း၌ မဟာသိုင်းဂိုဏ်းလေးဂိုဏ်းမှဂိုဏ်းချုပ်များနှင့် သိုင်းသူတော်စင် သို့မဟုတ် သိုင်းအင်ပါယာပင် ဖြစ်နေနိုင်သော လူငယ်တစ်ယောက် အမှန်တကယ်ရှိနေသလော....
အံ့အားသင့်စရာ မရှိတော့ချေ။
နင်ရွှမ်းဝူကဲ့သို့ အစွမ်းထက်သူတစ်ယောက်သည် ဤမျှထိ ဆိုးဆိုးရွားရွားခံစားလာရသည်မှာ အံ့အားသင့်စရာမရှိတော့ပေ။
"ဒါဆိုရင်...."
ယောင်လင်းအာက မျက်မှောင်ကြုတ်ကာ နင်ရွှမ်းဝူကို ကြည့်လိုက်သည်။
"ဒါကြောင့် ငါ မင်းကို ပင်ကျင်းမြို့ထဲမှာ နေစေချင်တယ်"
နင်ရွှမ်းဝူက ကျဥ်းမြောင်းသောမျက်လုံးတစ်စုံနှင့် ပြောဆိုသည်။
"ငါတို့ရွှမ်းဝူဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ဒီနေရာမှာရှိနေတယ်....ငါတို့နဲ့ ချင်ရှန်းဂိုဏ်းက နှစ်ထောင်နဲ့ချီပြီးကြာမြင့်လာတဲ့အထိ သဘောထားကွဲလွဲခဲ့ကြပေမယ့် ဟန်ချက်ညီမှုကို ထိန်းသိမ်းထားနိုင်ခဲ့တယ်"
"ဒါပေမယ့် အခုချိန်မှာတော့ အဲ့ဒီဟန်ချက်ညီမှုက ကျိုးပျက်သွားပြီ"
ထိုစကားကိုပြောဆိုစဥ်တွင် သူ၏မျက်နှာပေါ်၌ လေးနက်သော စိုးရိမ်သောကများ ထင်ဟပ်နေသည်။ ထို့နောက် သူ၏မျက်နှာအမူအယာသည် ကြမ်းတမ်းခက်ထန်မှုသို့ ပြောင်းလဲသွားကာ ဆက်လက်၍ပြောဆိုသည်။
"အဲ့ဒီ လူအိုကြီးချင်ရှန်းက....ဘယ်လိုမျိုး ယုတ်မာကောက်ကျစ်တဲ့ အကြံအစည်တွေသုံးပြီးတော့ သိုင်းပညာခန်းမကလူငယ်နဲ့ ရင်းနှီးအောင်လုပ်ထားတယ်ဆိုတာ ငါ မသိဘူး...သူက ပြိုင်ဘက်ကင်းနတ်ဓားတစ်လက်ကိုတောင် ရယူနိုင်ခဲ့သေးတယ်"
"အဲ့ဒီအချက်ကို တွေးကြည့်ကြစို့ ..တကယ်လို့ ချင်ရှန်းဘိုးဘေးကသာ အဲ့ဒီဆရာသခင်တွေဆီကနေ ပစ္စည်းကောင်းတွေ ပိုပြီးရသွားခဲ့ရင် သူရဲ့ ရာသက်ပန်ရန်သူတော်တွေဖြစ်တဲ့ ငါတို့ကို...သူက အလွတ်ပေးမှာလား"
"ပြီးတော့ သူ အဲ့ဒီဆရာသခင်တွေဆီကနေ ရလာမယ့် အကျိုးအမြတ်တွေနဲ့ဆိုရင်...ဘယ်လိုလုပ်ပြီး ငါတို့က သူရဲ့ပြိုင်ဘက်ဖြစ်နိုင်တော့မှာလဲ"
ပြောရမည်ဆိုလျှင် နင်ရွှမ်းဝူထံတွင် သွေးဆူသောစိတ်နေစိတ်ထားရှိသော်လည်း သူသည် ဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်ဘိုးဘေးဖြစ်သဖြင့် အရှည်ကိုကြိုတွေး၍ ပြဿနာများကို စဥ်းစားဆုံးဖြတ်လေ့ရှိသည်။
သူ၏စကားကိုကြားချိန်တွင် လူတိုင်းသည် ဤကိစ္စအတွင်း၌ ရှုပ်ထွေးသောပတ်သက်ဆက်နွယ်မှုများရှိနေကြောင်း နားလည်သဘောပေါက်သွားသည်။
သူတို့၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သောအရိပ်အယောင်များ ထင်ဟပ်လာပေ၏။
"ဒါဆိုရင် ဆရာ ကျွန်မကို လုပ်စေချင်တာက....."
ယောင်လင်းအာက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
"ဟူး....."
နင်ရွှမ်းဝူက သက်ပြင်းတစ်ချက်ရှိုက်ကာ ရှုံမဲ့နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ငါတို့က ကောင်းကင်တုန်ဟီးကျောက်တုံးနဲ့ပျံလွှားဝတ်ရုံကို ပြန်ယူလို့မရတော့သလို....ဒီနေ့ရခဲ့တဲ့ အရှက်ခွဲခံရမှုအတွက်လည်း ပြန်ပြီးလက်တုံ့ပြန်နိုင်မှာမဟုတ်ဘူး...ငါက ဒီအရှက်ရမှုကို မျိုသိပ်မထားနိုင်ပေမယ့် အကြွင်းမဲ့စွမ်းအားနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ ငါက ကူကယ်ရာမဲ့ဖြစ်နေတယ်"
"ဆန့်ကျင်ဘက်အနေနဲ့ ငါတို့က အကောင်းဆုံးကြိုးစားပြီးတော့ အနည်းဆုံး ချင်ရှန်းနဲ့တူညီတဲ့အတိုင်းအတာမျိုးထိ အဲ့ဒီလူငယ်နဲ့ရင်းနှီးခွင့်ရအောင် လုပ်ရမယ်"
"ဆရာသခင် ဘာကိုဆိုလိုချင်တာလဲဆိုတာ ကျွန်မသိပါပြီ"
ယောင်လင်းအာက စိုးရိမ်ပူပန်စွာ ပြောဆိုလေ၏။
"ဒါပေမယ့်....စီနီယာအကိုနှစ်ယောက်ရဲ့ကိစ္စကို ဘေးဖယ်ထားရင်တောင်....ဒီနေ့ကိစ္စတစ်ခုတည်းနဲ့တင် နှစ်ဖက်အကြားမှာ သဘောထားကွဲလွဲမှုတွေရှိသွားပြီ....ဘယ်လိုနည်းလမ်းနဲ့ သူ့ရဲ့နားကို ချဥ်းကပ်ပြီးတော့ သူ့ဆီကနေ မျက်နှာသာရအောင်လုပ်နိုင်မှာလဲ"
"ဒါက ငါ မင်းကို ဘာကြောင့် ဒီမြို့ထဲမှာ ဆက်ပြီးနေစေချင်တာလဲဆိုတဲ့အချက်ပဲ...မင်း အယောင်ဆောင်နေတဲ့ အချိန်တုန်းက မင်းကို သူ တွေ့ဖူးပေမယ့်....မင်းရဲ့အစစ်အမှန်ရုပ်ရည်ကို သူ မမြင်ဖူးဘူး"
ထိုသို့ပြောဆိုပြီးနောက် နင်ရွှမ်းဝူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ တည်ကြည်လေးနက်သောအကြည့်ဖြင့် ယောင်လင်းအာကိုကြည့်လိုက်သည်။
"ဒါကြောင့်....."
"မင်း ဘယ်နည်းလမ်းကိုမဆိုသုံးပြီးတော့ သူ့ကို ဖြားယောင်းသွေးဆောင်ရမယ်...ငါ မင်းကို သူ့ရဲ့မိန်းကလေး ဖြစ်လာစေချင်တယ်"
Chapter 62
"ဘယ်လိုတောင်...."
ယောင်လင်းအာသည် အံ့အားသင့်သွားသဖြင့် သူမ၏နီမြန်းသော နှုတ်ခမ်းနှစ်လွှာ ကျယ်လောင်စွာပွင့်ဟသွားသည်။
သူမအား ပင်ကျင်းမြို့၌ နင်ရွှမ်းဝူ ဆက်၍နေစေလိုသော အကြောင်းအရင်းသည် ဤသို့ဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။
"ဒါက မင်းကို ခက်ခဲတဲ့အခြေအနေမျိုးရောက်အောင် တွန်းပို့သလိုဖြစ်သွားတယ်ဆိုတာ ငါ သိပါတယ်...."
နင်ရွှမ်းဝူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်မှာ
"ဒါပေမယ့် ငါတို့ရွှမ်းဝူဂိုဏ်းရဲ့အနာဂတ်က စိုးရိမ်ပူပန်စရာကောင်းနေတယ်...ရွှမ်းဝူဂိုဏ်းက လူတွေအားလုံးရဲ့ကံကြမ္မာက မင်းရဲ့လက်ထဲကို ရောက်သွားပြီ"
"ပြီးတော့ တကယ်လို့ မင်းကသာ သူ့ရဲ့မိန်းကလေး ဖြစ်သွားရင်လည်း မင်းအတွက် အမှားတစ်ခုဖြစ်လာမှာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် သူက အနည်းဆုံးတော့ သိုင်းသူတော်စင်နယ်ပယ်မှာရှိနေတယ်...မင်းက အမြဲတမ်း အင်အားကြီးတဲ့သူတွေကို လေးစားပြီးတော့ သဘောကျနေတဲ့သူမဟုတ်လား"
ထိုသို့ပြောဆိုပြီးနောက် နင်ရွှမ်းဝူသည် စူးစမ်းချင်သည့်အလား ယောင်လင်းအာ၏မျက်နှာကို ကြည့်လိုက်၏။
ယောင်လင်းအာသည် သူမ၏နီမြန်းသောနုတ်ခမ်းကို တင်းတင်းကြပ်ကြပ်စေ့ထားကာ နင်းရွှမ်းဝူ၏စကားများကို စဥ်းစားတွေးတောနေသည်။
သူမ၏ဆရာသခင် ပြောဆိုသည်မှာ ယုတ္တိမတန်သည်တော့မဟုတ်ချေ။
သူသည် သိုင်းအင်ပါတစ်ယောက်ဟုတ်မဟုတ်ဆိုသောအချက်ကို ဘေးဖယ်ထားလျှင်ပင် သိုင်းသူတော်စင်တစ်ယောက်သည် လူအမြောက်အများကို လက်အောက်ခံဖြစ်စေရန်လုံလောက်သည်။ အကယ်၍ ဤမတော်တဆကိစ္စရပ်များသာ ရှိမနေပါက ထိုလူငယ်သည် ယောင်လင်းအာ လေးစားကြည်ညိုပြီး သဘောကျမည့်သူတစ်ယောက်ဖြစ်လာမည်မှာ သေချာပေါက်ပင်။
အကယ်၍ သူမသာ ထိုလူငယ်၏မိန်းကလေး အမှန်တကယ်ဖြစ်သွားပါက သူမ၏အခြေအနေ ဒီရေအလား မြင့်တက်သွားပေမည်။ သူမသည် တခြားသူများ၏အထက်တွင် ရပ်တည်နိုင်ရုံသာမက ရွှမ်းဝူဂိုဏ်းမှတခြားသူများသည်လည်း အကျိုးကျေးဇူးများ ခံစားရပေမည်။
"ဆရာသခင်...ဒါက ကျွန်မ ဆန္ဒမရှိတာတော့ မဟုတ်ဘူး...ဒါပေမယ့် သူက ကျွန်မကို အထင်သေးနေနိုင်လား"
ယောင်လင်းအာ၏မျက်နှာပေါ်၌ မသေချာမရေရာမှုများနှင့် ပြည့်နှက်သွားသည်။
တခြားယောက်ျားသားတစ်ယောက်ကို သူမ၏ပင်ကိုအလှ ညှို့အားကောင်းသောအရည်အချင်းများဖြင့် လွယ်လင့်တကူ ဆွဲဆောင်နိုင်သည်။
သို့ရာတွင် အနည်းဆုံး သိုင်းသူတော်စင်ကျင့်ကြံဆင့်ရှိနေသော ဆရာသခင်တစ်ယောက်တွင် သူ မရနိုင်သော မိန်းကလေးဟူ၍ မည်သို့ရှိနိုင်မည်နည်း။ အကယ်၍ သူသည် သူမ ယောင်လင်းအာအပေါ် အထင်အမြင်သေးနေပါက မည်သို့ပြုလုပ်ရမည်နည်း။
နင်ရွှမ်းဝူသည်လည်း မျက်မှောင်ကြုတ်ထားပေ၏။ သို့ရာတွင် ကိစ္စများသည် ဤအထိရောက်ရှိလာကာ တခြားနည်းလမ်းမရှိတော့သဖြင့် အားပေးနှစ်သိမ်ရုံသာ တက်နိုင်တော့သည်။
"လင်းအာ...ဆရာက မင်းရဲ့အရည်အချင်းကိုယုံတယ်....အောင်မြင်မှုဆိုတာက လူတွေပေါ်မှာ မူတည်တယ်ဆိုပေမယ့် မိုးကောင်းကင်က စီမံပေးထားတာပဲ...မင်းလုပ်နိုင်မှာ သေချာတယ်"
"ကောင်းပြီလေ...အဆင်ပြေသွားမှာပါ...."
ယောင်လင်းအာသည် ရုတ်တရက် သူမ၏ပခုံးပေါ်တွင် ပေါင်ထောင်နှင့်ချီ၍လေးလံသော ဝန်ထုပ်ဝန်ပိုးကြီး ရောက်ရှိလာသကဲ့သို့ ခံစားမိသည်။
သို့ရာတွင် ဤသည်မှာ အန္တရာယ်များသော်လည်း ဆုလာဘ်နှင့်ယှဥ်တွဲနေသော တာဝန်ဖြစ်သဖြင့် သူမ၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒနှင့် လိုလားတောင့်တမှုတို့ကို လောင်စာထည့်ပေးသကဲ့သို့ပင်။
မကြာမီမှာပင် နင်ရွှမ်းဝူနှင့်တခြားသူများသည် ရွှမ်းဝူဂိုဏ်းသို့ ပြန်သွားကြသည်။ ယောင်လင်းအာသည် ပထမဆုံး အလျင်စလိုပြုလုပ်ခြင်းမပြုဘဲ သူမသည် သူမ၏ကျင့်ကြံဆင့်နယ်ပယ်ကို ဖုံးကွယ်ကာ ပင်ကျင်းမြို့အတွင်း၌ အခြေချနေထိုင်ခဲ့သည်။
...
ချင်ရှန်းဂိုဏ်း မဟာခန်းမအတွင်း၌....
ချင်ရှန်းဘိုးဘေး၏မျက်နှာအမူအယာသည် အလွန်ဒေါသထွက်နေသောကြောင့် တဆတ်ဆတ်တုန်ရီနေသည်။ အစွန်းရောက်နေသောဒေါသများအောက်တွင် သူ၏လက်ရှိသွေးကြောများ ဖောင်းကြွနေလေ၏။
သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် လော့လန်ရွှယ်၏သတင်းပို့မှုအရ ကြားသိရသည်မှာ ယုဝမ်ကျီးသည် အဆင်အခြင်ကင်းမဲ့စွာဖြင့် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏ရှေ့၌ ဆရာရီကို တိုက်ခိုက်ခဲ့သည်ဟူသော ကိစ္စပင်။
မည်သည်ကြောင့် သူ ဤကိစ္စကို သည်းခံနိုင်မည်နည်း....
"တတိယအကြီးအကဲ...မင်း ငါ့ကို ဒီကိစ္စအတွက် ဖြေရှင်းချက်တစ်ခု ပေးရမယ်"
ချင်ရှန်းဘိုးဘေးသည် ကြီးကျယ်ခမ်းနားသောအရှိန်အဝါကို ထုတ်လွှတ်ကာ အောက်တွင်ရှိနေသော တတိယအကြီးအကဲကို ပြောဆိုသည်။
"ငါ ယုဝမ်ကျီးကို သတ်မယ်...မဟုတ်သေးဘူး...ငါ သူ့ကို မသန်မစွမ်း ဖြစ်သွားစေချင်တယ်"
ချင်ရှန်းဘိုးဘေး၏စကားကိုကြားချိန်တွင် တတိယအကြီးအကဲ၏မျက်နှာအမူအယာ အလွန်အမင်းပျက်ယွင်းသွားသည်။ သူသည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
"ဘိုးဘေး...ဒေါသတွေကို ထိန်းသိမ်းပါအုံး...ယုဝမ်ကျီးကို အခွင့်အရေးတစ်ခုပေးဖို့ ဘိုးဘေးကို ကျွန်တော် တောင်းဆိုပါရစေ....ကျွန်တော်က ဘယ်တန်ကြေးကိုမဆို ပေးဆပ်နိုင်ပါတယ်"
တတိယအကြီးအကဲက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"ကျွန်တော်က ဒီကိစ္စကို ဘိုးဘေးမသိအောင် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး...ယုဝမ်ကျီးက ကျွန်တော်ရဲ့တပည့်ဖြစ်တဲ့အပြင် သူ့မှာ တခြားအဆင့်အတန်းတစ်ခု ရှိသေးတယ်"
"မင်းရဲ့ တရားမဝင်သားမဟုတ်လား"
ချင်ရှန်းဘိုးဘေးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒါဆိုရင် ဘိုးဘေးက ဒီကိစ္စကို သိပြီးသားဖြစ်နေတာပဲ"
တတိယအကြီးအကဲ၏မျက်နှာအမူအယာသည် ရှက်အမ်းအမ်းဖြစ်သွားကာ သူ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။
"ဟမ့်...တကယ်လို့ သူကသာ မင်းရဲ့တရားမဝင်သားမဟုတ်ရင်...ငါက မင်းကို ဘာလို့ဒီနေရာထိခေါ်ပြီး စကားပြောနေရအုံးမှာလဲ"
ချင်ရှန်းဘိုးဘေးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"အဲ့ဒီလိုသာမဟုတ်ရင် ယုဝမ်ကျီးက ခွေးသေတစ်ကောင် ဖြစ်ပြီးနေလောက်ပြီ"
"ဘိုးဘေးရဲ့ငဲ့ညှာပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
တတိယအကြီးအကဲက သူ၏ခေါင်းနှင့်မြေပြင်ကို ပြင်းပြင်းထန်ထန်ဆောင့်၍ အရိုအသေပြုကာ အသနားခံတောင်းပန်လေ၏။
"ဒီနှစ်တွေအတွင်းမှာ ကျွန်တော်က ဂိုဏ်းအတွက်အကျိုးဆောင်ပေးခဲ့တာတွေကို ထောက်ထားပြီးတော့ ယုဝမ်ကျီးရဲ့အသက်ကို ချမ်းသာပေးဖို့ ဘိုးဘေးကို ကျွန်တော် တောင်းပန်ပါရစေ"
"ယုဝမ်ကျီးရဲ့ပြစ်ဒဏ်ကို အစားခံယူပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်"
ထို့နောက် တတိယအကြီးအကဲ၏မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသောအမူအယာမျိုး ထင်ဟပ်လာကာ သူ၏လက်တစ်ဖက်ကိုဖြတ်တောက်၍ ချင်ရှန်းဘိုးဘေး၏ရှေ့၌ ချထားလိုက်သည်။ သူသည် ဖြူရော်နေသောမျက်နှာနှင့် ချင်ရှန်းဘိုးဘေးကိုကြည့်၍ ရိုးသားပွင့်လင်းစွာ ပြောဆိုသည်။
"တကယ်လို့ ဘိုးဘေးက ဒါကိုမလုံလောက်သေးဘူးလို့ ယူဆရင်...ကျွန်တော်ရဲ့နောက်လက်တစ်ဖက်ကိုပါ ဖြတ်ပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်"
"မင်း....."
"မင်း ဒီလောက်ထိ လွန်လွန်ကဲကဲ လုပ်စရာလိုလို့လား"
ချင်ရှန်းဘိုးဘေးသည် ဖျတ်ခနဲလှုပ်ရှားလိုက်ရာ စွမ်းအားလှိုင်းတစ်လှိုင်းထွက်ပေါ်လာမှုနှင့်အတူ တတိယအကြီးအကဲ၏လက်မှ သွေးယိုစီးနေသောသွေးကြောများ ပိတ်ဆို့သွားတော့သည်။
"ကျေးဇူးပြုပြီးတော့....ဘိုးဘေး...သနားညှာတာပေးပါ"
တတိယအကြီးအကဲက အဆက်မပြတ် ဦးညွှတ်အရိုအသေပြုလေသည်။
"ထားတော့...ထားလိုက်တော့"
ချင်ရှန်းဘိုးဘေးက သူ၏ခေါင်းကို ခါယမ်းလိုက်၏။ တတိယအကြီးအကဲသည် အနည်းငယ်အကျင့်ပျက်ခြစားသူဖြစ်သော်လည်း ဤနှစ်များအတွင်းတွင် ချင်ရှန်းဂိုဏ်းအတွက် အမှန်တကယ်ကို များစွာအကျိုးဆောင်ပေးခဲ့သည်။ ယခုချိန်၌ တတိယအကြီးအကဲသည် ဤမျှအတိုင်းအတာထိ လုပ်ဆောင်လာသဖြင့် အကယ်၍ ချင်ရှန်းဘိုးဘေးသာ သနားငဲ့ညှာမှုကိုမပြသပါက တတိယအကြီးအကဲသည် သူ့ရှေ့၌ သေဆုံးသွားနိုင်သည်။
ထို့ပြင် ယုဝမ်ကျီးအပေါ် သူ ချစ်မြတ်နိုးပြီး ရင်အုပ်မကွာထားခြင်းသည် ချင်ရှန်းဂိုဏ်းနှင့်လည်း သက်ဆိုင်နေသည်။
အတိတ်တွင် ချင်ရှန်းဂိုဏ်းနှင့်တခြားဂိုဏ်းတစ်ဂိုဏ်း၏တိုက်ပွဲအတွင်း၌ တတိယအကြီးအကဲသည် သုံးရက်သုံးညတိုင်တိုင် ပြင်းထန်စွာတိုက်ခိုက်ခဲ့ကာ ဆိုးဆိုးရွားရွားဒဏ်ရာများရရှိခဲ့ပြီး သေလုမျောပါးဖြစ်သွားခဲ့သည်။ သူ၏အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း သူ၏ယန်သွေးပြန်ကြော ပျက်စီးသွားခဲ့သဖြင့် ထပ်မံ၍ မျိုးဆက်မရနိုင်တော့ချေ။
ဤတစ်ဦးတည်းသောသားအား ကာကွယ်ပေးရန်အတွက် သူ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်မည်မှာ သေချာပေါက်ပင်။
"ဘိုးဘေးရဲ့သနားညှာတာပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
တတိယအကြီးအကဲက ဦးညွှတ်အရိုအသေပြုကာ ကျေးဇူးတင်ကြောင်းပြောဆိုသည်။
"ဒါက ငါ သနားညှာတာတာမဟုတ်ဘူး....ဆရာရီက ဒီကိစ္စကို စိတ်ထဲမထားလို့ပဲ"
ချင်ရှန်းဘိုးဘေးက လေသံဖျော့ဖျော့နှင့် ပြောဆိုလိုက်၏။
"မဟုတ်လို့ကတော့ မင်းတစ်ယောက်တည်းမပြောနဲ့....ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံးပေါင်းရင်တောင် သူ့ကို ကျဥ်းထဲကျပ်ထဲကနေ ဆွဲထုတ်နိုင်မှာမဟုတ်ဘူး...ဒါပေမယ့် ငါ မင်းကို သတိပေးလိုက်မယ်...မင်းရဲ့လူတွေကို စည်းကမ်းတင်းကျပ်ထားတာ ပိုကောင်းလိမ့်မယ်"
"ပြီးတော့ အခုချိန်မှာ မင်းလည်း ဆရာရီရဲ့သရုပ်မှန်ကို သိသွားပြီ...ဒီကိစ္စကို တခြားသူတွေဆီ ပေါက်ကြားမသွားအောင် မင်း သေချာစောင့်ထိန်းရမယ်....တကယ်လို့ ဆရာရီရဲ့သီးသန့်ကျင့်ကြံနေမှုက မင်းရဲ့သတင်းပေါက်ကြားမှုကြောင့် အနှောက်အယှက်ဖြစ်သွားရင် မင်းကိုယ်တိုင်သွားပြီး တောင်းပန်ရမယ်"
"ဟုတ်ကဲ့ပါ ဘိုးဘေး"
တတိယအကြီးအကဲက အလျှင်အမြန် နောက်ဆုတ်လိုက်သည်။ သူသည် နည်းလမ်းမျိုးစုံကိုအသုံးပြု၍ နောက်ဆုံး၌ ယုဝမ်ကျီး လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့လေပြီ။
လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိပြီးနောက် ယုဝမ်ကျီးသည် သူ၏မကုသရသေးသောဒဏ်ရာများကို လျစ်လျှူရှုကာ လူများကိုစေလွှတ်၍ ဖန်းယင် မည်သည့်နေရာ၌ရှိနေသည်ကို ရှာဖွေခိုင်းခဲ့သည်။ ဖန်းယင်သည် ချင်ရှန်းဂိုဏ်းမှ ထုတ်ပယ်ခံလိုက်ရပြီဟူသော သတင်းကိုကြားချိန်တွင် သူ၏မျက်နှာအမူအယာ အလွန်အမင်း မှိုင်တွေသွားသည်။
"ထုတ်ပယ်ခံလိုက်ရတာလား..."
"ငါက နောက်ဆုံးတော့ သူကို ချင်ရှန်းဂိုဏ်းထဲ ခေါ်သွင်းနိုင်ခဲ့ပေမယ့်...ခုထိ ငါ သူ့ကို လက်ဖျားနဲ့တောင် မထိရသေးဘူး...ဒီလိုတော့ မဖြစ်ဘူး...ငါ သူ့ကို ပြန်ခေါ်ရမယ်"
Chapter 63
ရီဖုန်း၏ခြံဝန်းအတွင်းမှသစ်ပင်များကို ဖရိုဖရဲနိုင်စွာ လေဖြတ်တိုက်သွားသည်။
ဤသည်က မည်သည့်အမှိုက်များဖြစ်သနည်း...
ဝူယုံဟုန်တို့အဖိုးအိုလေးယောက်သည် သူတို့ထံတွင် အရေးတကြီးသွားစရာတစ်ခုရှိသည်ဟု ပြောဆိုကာ အလျင်စလိုထွက်ခွာသွားကြပြီး ရီဖုန်း၏ခြံဝန်းအတွင်း၌ အမှိုက်တစ်ပုံကို ချန်ထားခဲ့သည်။
သူတို့၏ဆိုလိုရင်းမှာ မည်သို့ဖြစ်သနည်း။ ထိုအရာများသည် ယခင်က သူ တောင်းဆိုခဲ့သော ထွန်ခြစ်အတွက် အဖိုးအခ တစ်စိတ်တစ်ပိုင်း ဖြစ်နေသလော။
သို့ရာတွင် အဖိုးအိုဝူသည် သူ့ထံ ငွေကြေးသာအကြွေးတင်နေခြင်းဖြစ်သဖြင့် ငွေပြန်ဆပ်သင့်သည်။ မည်သည်ကြောင့် ဤအမှိုက်တစ်ပုံကို ချန်ထားခဲ့သနည်း။
ရီဖုန်း အမှန်တကယ်ကို ဆွံ့အသွားသည်။
ဤအမှိုက်ပုံကြီးသည် အလွန်မျက်စိရှုပ်ဖွယ်ရာပင်။
မိုးတွင်းစီးဖိနပ်နှင့်တူညီသော ဘွတ်ဖိနပ်တစ်ရံ...ရှုပ်ယှက်ခတ်နေသောပန်းပွင့်ပုံစံမျိုးစုံပါရှိသော စုတ်ပြတ်နေသည့် ထီးဟောင်းကြီးတစ်လက်...တခြား အမျိုးအမည်မသိသော အမှိုက်များ...
ဟူး....
အဖိုးအိုဝူတွင် ထွန်ခြစ်အတွက် ပေးစရာငွေကြေးမရှိသဖြင့် စိတ်မကောင်းဖြစ်နေသောကြောင့် သူ၏အိမ်မှ ပစ္စည်းတချိူ့ကိုပြင်ဆင်ပြီး ချန်ထားခဲ့ခြင်းဖြစ်ပေမည်။
ကံကောင်းထောက်မစွာဖြင့် ရီဖုန်းထံတွင် ထပ်မံ၍ ငွေကြေးပြတ်လပ်မှုရှိမည်မဟုတ်တော့ချေ။
အမှန်အတိုင်းပြောဆိုရလျှင် မိုးတွင်းစီးဘွတ်ဖိနပ်နှင့်ထီးသည် သူ့အတွက် အသုံးတည့်နိုင်ပေ၏။ မိုးရွာသောနေ့တစ်နေ့တွင် သူ ဝိုင်အရက်သော်ရန် အပြင်ထွက်သည့်အချိန်၌ ထိုဘွတ်ဖိနပ်ကိုစီး၍ ထီးစုတ်ကြီးကို ဆောင်းသွားနိုင်သည်။ ဤသည်မှာ သူ့အတွက် မဆိုးလှချေ။
"အာ့ဝူး...."
ထိုအချိန်မှာပင် ခွေးထံမှနေ၍ အူသံတစ်ချက် ထွက်ပေါ်လာသည်။
ရီဖုန်းသည် ခွေးကိုတစ်ချက်ကြည့်ကာ လျစ်လျှုရှုလိုက်သည်။
သို့ရာတွင် အောင်းချင်သည် အဆက်မပြတ်အူနေဆဲပင်။ ဤသည်မှာ နတ်ဆိုးသားရဲများ၏ဗီဇဖြစ်ပြီး အထူးသဖြင့် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို အာရုံခံမိချိန်တွင်ဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် အောင်းချင်၏မျက်လုံးအကြည့်သည် ရီဖုန်း၏နောက်ရှိ တံခါးငယ်လေးထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။
သူသည် ဤနေရာ၌နေထိုင်သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း ယခင်က ဤတံခါးငယ်လေးကို အာရုံမစိုက်မိချေ။ သူကိုယ်တိုင် ထိုတံခါးအတွင်းသို့ မဝင်ရုံသာမက ရီဖုန်းဝင်ရောက်သည်မှာလည်း လွန်စွာရှားပါးပေ၏။ ယခင်က ထိုအခန်းသည် သိုလှောင်ခန်းသက်သက်ဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ယခုချိန်၌ သူ ထိုသို့မတွေးတော့ချေ။
ဤအခန်းအတွင်း၌ တစ်စုံတစ်ခု ကိန်းအောင်းနေသည်ဟု သူ ခံစားမိသည်။
အကြောင်းအရင်းမှာ သူသည် ထိုအခန်းအတွင်းမှ ရံဖန်ရံခါထွက်ပေါ်လာသော နက်နဲသိမ်မွေ့ပြီးတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါကို ဝိုးတဝါးအာရုံခံမိသောကြောင့်ပင်။
သူ့အား အနည်းငယ်စိတ်သက်သာရာ ရစေသည်မှာ ရီဖုန်းသည် ထိုအခန်းအတွင်းမှအရှိန်အဝါကို မထူးဆန်းသည့်အလား အနည်းငယ်မျှပင်စိုးရိမ်ပူပန်မှုမရှိပုံရကာ နောက်မှီကုလားထိုင်ပေါ်တွင် လဲလျောင်းနေခြင်းကြောင့်ဖြစ်သည်။
သို့ရာတွင် သူ သိချင်စိတ်ပြင်းပြနေဆဲပင်။ ဤအခန်းအတွင်း၌ မည်သည့်အရာများကို ဝှက်ထားသနည်း....
...
ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၌...
ယင်ရှုံးသည် လော့လန်ရွှယ်ကို အထူးသီးသန့် ဖိတ်ခေါ်ထားလေသည်။
"အဟွတ်...အဟွတ်...တူမလေး...ပင်ကျင်းမြို့ရဲ့ နှစ်ပတ်လည် ကဗျာစာပေနှီးနှောဖလှယ်ပွဲက မကြာခင်မှာ ရောက်လာတော့မယ်...အဲ့ဒီမှာ ပင်ကျင်းမြို့ရဲ့ ကဗျာဆရာတွေနဲ့ စာရေးဆရာတွေအားလုံး စုဝေးနေကြလိမ့်မယ်...ငါတို့ထုတ်ဝေခဲ့တဲ့ အကြီးမြတ်ဆုံးရတနာစာအုပ်က အရမ်းနာမည်ကျော်ကြားခဲ့တော့ ငါက ဒီပွဲကိုတက်ရောက်ဖို့အတွက် ဆရာရီကိုဖိတ်ခေါ်ဖို့ စီစဥ်ထားတယ်....ဒါပေမယ့် ဆရာရီရဲ့အဆင့်အတန်းကိုတွေးကြည့်မိချိန်မှာ ငါ စိတ်ပိုင်းဖြတ်လို့ မရတော့ဘူ...တူမလေးရော ဘယ်လိုထင်လဲ"
ထိုစကားကိုကြားချိန်တွင် လော့လန်ရွှယ်က လေးလေးနက်နက် တွေးတောလိုက်၏။ ထို့နောက် သူမက ပြောဆိုသည်။
"ဆရာကြီးက ပင်ကျင်းမြို့မှာရှိနေတာ.... အကြံအစည်ကြီးတစ်ခုကို အကောင်အထည်ဖော်ဖို့နဲ့ သာမာန်လူတစ်ယောက်ရဲ့ဘဝကို အတွေ့အကြုံယူဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုကြောင့်ပဲ"
"ရှင် လုပ်ချင်တဲ့ ဘယ်အရာမဆို....ဆရာကြီးရဲ့မူလမူရည်ရွယ်ချက်ဖြစ်တဲ့ သေမျိုးတစ်ယောက်ရဲ့ဘဝကို အတွေ့အကြုံယူနေတာကို အနှောက်အယှက်မဖြစ်သရွေ့...ဒါမှမဟုတ် သက်ရောက်မှုမရှိသရွေ့ ဒါက အဆင်ပြေတယ်"
"ဆရာကြီးရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ သာမာန်လူတစ်ယောက်ရဲ့ဘဝမျိုး အတွေ့အကြုံယူနေတာကို မထိခိုက်စေဖို့က လွယ်ပါတယ်....."
ယင်ရှုံးက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမယ့် ဆရာကြီး အကောင်အထည်ဖော်မယ့် အကြံအစည်ကြီးက ဘာများလဲ"
ထိုစကားကိုကြားချိန်တွင် လော့လန်ရွှယ်သည် ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းစွာပြုံးကာ တီးတိုးပြောဆိုသည်။
"ဆရာကြီး အကောင်အထည်ဖော်မယ့် အကြံအစည်ကြီးကို ဘယ်လိုလုပ်ပြီးတော့ ရှင်နဲ့ကျွန်မလို လူမျိုးတွေက ဥာဏ်မှီမှာလဲ...ဘာကိစ္စပဲဖြစ်ဖြစ် ဆင်ဆင်ခြင်ခြင်နေရုံပဲရှိတယ်....ရှင်က ဆရာကြီးကို ဖိတ်ခေါ်ချင်နေမှတော့ သူ့ကို တိုက်ရိုက်ပဲ ဖိတ်ခေါ်လိုက်ပါ...တကယ်လို့ သူ ဆန္ဒရှိရင် တက်ရောက်လိမ့်မယ်"
"အင်း...."
ယင်ရှုံးက ခေါင်းညိတ်ပြကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ငါ ထင်တာတော့ တူမလေး ဆိုလိုချင်တာကို ငါ သဘောပေါက်သွားပြီ"
လော့လန်ရွှယ်နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ယင်ရှုံးသည် သိုင်းပညာခန်းမထံသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ရီဖုန်းထံသို့ ဖိတ်ကြားလွှာတစ်စောင် ပေးပို့ခဲ့သည်။
နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းရင်း သူ၏လက်အတွင်းရှိ ဖိတ်ကြားလွှာကိုကြည့်ကာ ရီဖုန်းသည် မည်သို့ပင်ဆိုစေကာမူ သူ အားလပ်နေသောကြောင့် တစ်ချက်သွားကြည့်မည်ဟု တွေးတောလိုက်သည်။
ဤကွဲပြားခြားနားသော ကမ္ဘာလောကကြီး၏ ယဥ်ကျေးမှုနှင့်အသိပညာဗဟုသုတများသည် အလွန်အဆင့်မြင့်ကာ သူ၏မွေးရပ်မြေ တရုတ်ပြည်၏နှစ်ငါးထောင်ကျော်ကြာ ယဥ်ကျေးမှုအမွေအနှစ်များထက် ပို၍အားကောင်းမကောင်းကို သူ ကြည့်ချင်မိသည်။
...
"ကဗျာစာပေ နှီးနှောဖလှယ်ပွဲလား"
ခြံဝန်းတစ်ခုအတွင်း၌ ယောင်လင်းအာသည် သူမ၏လက်အတွင်းရှိသတင်းကိုကြည့်ကာ သူမ၏လှပသောမျက်ခုံးလေးများ အနည်းငယ် မြင့်တက်သွားသည်။
ဤရက်များအတွင်းတွင် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခြင်းမှတဆင့် သူမသည် ဤလျှို့ဝှက်ဆန်းကြယ်သောလူငယ်၏ဘဝနေထိုင်မှုပုံစံကို အကြမ်းဖျင်းရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
သူမ သေချာပြောနိုင်သည်မှာ....
ဤလူငယ်သည် သေမျိုးဘဝကိုအတွေ့အကြုံယူရန်အတွက် သေမျိုးလောကအတွင်းသို့ ဆင်းသက်လာသော ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ဖြစ်ပေမည်။
ထို့ကြောင့် ဤကဗျာစာပေနှီးနှောဖလှယ်ပွဲသည် သူမအတွက် ရှားပါးသော အခွင့်အရေးကောင်းကြီးတစ်ခုပင်။
...
"သမီး....ဒီနေ့ အဖေ မင်းကို ပြောစရာ ကိစ္စတစ်ခုရှိတယ်"
ကြီးကျယ်ခမ်းနားသော ခြံဝန်းတစ်ခုအတွင်းတွင် မြောင်လင်းသည် သူ၏သမီးဖြစ်သူ မြောင်ယွင်အာကိုကြည့်၍ လေးလေးနက်နက် ပြောဆိုသည်။
"သမီးလေး....အဖေ မင်းကို မေးပါရစေ...ခန်းဆောင်နီအိမ်မက်နဲ့ အကြီးမြတ်ဆုံးရတနာစာအုပ်တွေကိုရေးတဲ့ စာရေးဆရာကို မင်း ဘယ်လိုသဘောရလဲ"
"အဖေ...ဒါက....ဘာကိုဆိုလိုတာလဲ"
မြောင်ယွင်အာက နူးညံညင်သာစွာ ပြောဆိုလိုက်သည်။ သူမ ထိုစကားကို ပြောဆိုနေစဥ်တွင် သူမ၏လှပသောမျက်နှာလေးသည် ရှက်သွေးဖြာကာ နီမြန်းနေပေ၏။
"ရိုးရိုးသားသား ဝန်ခံရရင်...အဲ့ဒီအကြီးမြတ်ဆုံးရတနာစာအုပ်ကြောင့်....ငါတို့ရဲ့ကုန်သည်အဖွဲ့အစည်းက ထိပ်သီးကုန်သည်အဖွဲ့ယှဥ်ပြိုင်မှုမှာ ရှုံးနိမ့်တော့မယ့် အခြေအနေကိုရောက်နေပြီ...ဒါကြောင့် ငါ မင်းကို တောင်းဆိုချင်တာက ရီဖုန်းနဲ့ နီးစပ်အောင်လုပ်ဖို့ပဲ....တကယ်လို့...တကယ်လို့...."
ထိုအချက်ကိုရောက်ချိန်တွင် မြောင်လင်း၏အိုမင်းနေသောမျက်နှာ နီမြန်းသွားသည်။ သူ အမှန်တကယ်အားဖြင့် ထိုစကားကို ထုတ်မပြောနိုင်ချေ။
တောသားလူနုံတစ်ယောက်သည် သူ့အား ဤအခြေအနေမျိုးသို့ရောက်သည်အထိ တွန်းပို့နိုင်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
"အဖေ....အဖေဆိုလိုချင်တာကို သမီး သဘောပေါက်ပါပြီ....သမီး အကောင်းဆုံးကြိုးစားမယ်...."
မြောင်လင်း၏သိသာထင်ရှားသော ရည်ရွယ်ချက်ကြောင့် မြောင်ယွင်အာသည် တခြားကိစ္စများကို တွေးတောခြင်းမပြုတော့ချေ။
Chapter 64
နောက်ဆုံးတွင် ပင်ကျင်းမြို့အတွင်းရှိ ချွမ်းရှီမြစ်ကမ်းနံဘေး၌ ကဗျာစာပေနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့လေပြီ။
ဤနေရာတွင် ပင်ကျင်းမြို့၏ကဗျာစာပေပါရမီရှင်များအားလုံး စုဝေးနေသည်။
ဤနေရာတွင် လူများကို သူတို့၏စွမ်းအား သို့မဟုတ် နောက်ခံအဆင့်အတန်းများဖြင့် အကဲဖြတ်ခြင်းမပြုဘဲ ကဗျာစာပေအရည်အချင်းသက်သက်ဖြင့်သာ အကဲဖြတ်သည်။
အမှန်အားဖြင့် ဤသည်မှာ သေမျိုးများ၏ပွဲတစ်ပွဲဟု ပြောနိုင်သည့်တိုင် ကျင့်ကြံသူများလည်း ပါဝင်ဆင်နွှဲကြသည်။ သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ကျင့်ကြံသူဖြစ်နေလျှင်ပင် ကောင်းမွန်သောစာပေဗဟုသုတ ရှိမနေပါက တခြားသူများ၏ အထင်အမြင်သေးခြင်းကို ခံရပေမည်။
ဤသည်က စာတတ်ပေတတ်အသိုင်းအဝိုင်း၏သဘောထားပင်။
ဖိတ်ကြားလွှာကို ရရှိခဲ့သော ရီဖုန်းသည်လည်း ကဗျာစာပေနှီးနှောဖလှယ်ပွဲသို့ ရောက်ရှိလာခဲ့လေ၏။
နှီးနှောဖလှယ်ပွဲ၌ လူအမြောက်အများသည် သူတို့၏ကဗျာများနှင့်စာပေစွမ်းရည်များကို ထုတ်ဖော်ပြသကြသည်။ သို့ရာတွင် သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ရီဖုန်း၏စိတ်ဝင်စားမှုကို နှိုးဆွနိုင်စွမ်းမရှိချေ။
သူ ငယ်ရွယ်စဥ်ကတည်းက နှစ်ပေါင်းငါးထောင်ကြာတည်ရှိခဲ့သော ယဥ်ကျေးမှုအမွေအနှစ်များအကြား၌နစ်မြုပ်၍ ကြီးပြင်းလာခဲ့ပြီး ခေတ်အဆက်ဆက်မှဆင်းသက်လာသော ရှေးဟောင်းကဗျာများကို တန်ဖိုးထားမြတ်နိုးခဲ့သည်။ ဤနှီးနှောဖလှယ်ပွဲရှိ ကဗျာများသည် အပေါ်ယံတွင် တပ်မက်ဖွယ်ကောင်းသော်လည်း အစစ်အမှန်အနှစ်သာရ ကင်းမဲ့နေသဖြင့် သူ၏စိတ်ဝင်စားမှုကို အနည်းငယ်မျှပင် ဆွဲဆောင်နိုင်စွမ်းမရှိချေ။
သူ ငယ်စဥ်တောင်ကျေး ကလေးဘဝ၌ရွတ်ဆိုခဲ့သော ကျေးလက်ကဗျာအပုဒ်သုံးရာကျော်ကပင် ဤလူများ၏ကဗျာများကို လွှမ်းမိုးနိုင်ပေမည်။
သို့ရာတွင် ပျားပန်းခပ်မျှလှုပ်ရှားနေသော လူအုပ်ကြီးအကြားမှနေ၍ မျက်လုံးနှစ်စုံက သူ့အား အဆက်မပြတ်စောင့်ကြည့်နေသည်။
မျက်လုံးတစ်စုံ၏ပိုင်ရှင်သည် ယောင်လင်းအာဖြစ်ပြီး ကျန်တစ်ယောက်သည် မြောင်ယွင်အာပင်။
နောက်ဆုံး၌ ယောင်လင်းအာသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ရီဖုန်းထံဦးတည်၍ လျှောက်လှမ်းလိုက်၏။
"အာ့...."
ယောင်လင်းအာသည် ရီဖုန်း၏အနားကိုရောက်သွားချိန်၌ ခလုတ်တိုက်လဲချင်ယောင်ဆောင်လိုက်သည်။
သို့ရာတွင် ရီဖုန်းသည် သူမကို စောင်းငဲ့ကြည့်ခြင်းပင်မပြုဘဲ သူမ၏နံဘေးမှ ဖြတ်လျှောက်သွားသည်။ ယောင်လင်းအာသည် အလဟဿ လဲကျခြင်းသာ အဖတ်တင်ကျန်ခဲ့လေ၏။
"မိန်းကလေး...မင်း အဆင်ပြေရဲ့လား"
"မိန်းကလေး...ဘယ်လိုနေသေးလဲ"
ပြိုင်ဘက်ကင်းအလှလေးတစ်ယောက် မြေပြင်ပေါ်၌ လဲကျသွားသည်ကို မြင်တွေ့သဖြင့် စာပေပညာရှင်အမြောက်အများ ဝိုင်းအုံလာကာ ယောင်လင်းအာကို တွဲထူပေးလိုပုံဖြင့် သူတို့၏နူးညံညင်သာသောအသံများဖြင့် စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်ကြ၏။
"ထွက်သွားစမ်း"
ယောင်လင်းအာ၏မျက်နှာအမူအယာ သုန်မှုန်နေသည်။
ဤသေမျိုးပုရွက်ဆိတ်များသည် သူမကိုထိတွေ့ရန် မည်သို့မျှမထိုက်တန်ချေ။
သူသည် မည်သည်ကြောင့် သူမကို ယခုကဲ့သို့ လျစ်လျှူရှုသွားနိုင်သနည်း....
သူမသည် အမှန်တကယ်ကိုပင် သူ၏အာရုံစိုက်မှုကိုရရှိရန် ဆွဲဆောင်မှုမရှိသလော...
"ဆရာရီ...မင်္ဂလာပါ"
ထိုအချိန်မှာပင် မြောင်ယွင်အာသည် အခွင့်ကောင်းရှာ၍ ရီဖုန်းထံသို့ လျှောက်လှမ်းသွားကာ သူမ၏ရှက်သွေးဖြာနေသည့် လှပသောမျက်နှာလေးနှင့် ရီဖုန်းကို နှုတ်ဆက်လိုက်သည်။
"အော်...ဒါက မင်းလား...."
ရီဖုန်းသည် မြောင်ယွင်အာကို ယခင်ကတွေ့မြင်ဖူးပြီးဖြစ်သော်လည်း သူ၏မျက်နှာအမူအယာသည် မကောင်းလှချေ။
မြောင်ယွင်အာကို မြင်တွေ့ချိန်၌ သူမ၏ဖခင်မြောင်လင်း သူ့အား အရှက်ခွဲခဲ့သည့်နေ့ကို ပြန်အမှတ်ရလာသဖြင့် ရီဖုန်းသည် သူမကို တိုတိုတုတ်တုတ်သာ တုံ့ပြန်နှုတ်ဆက်ပြီး ဖြတ်လျှောက်ခဲ့တော့သည်။
ဤသည်မှာ ထိုနေရာတွင် တစ်ယောက်တည်းမတ်တတ်ရပ်၍ ကျန်နေခဲ့သော မြောင်ယွင်အာ၏စိတ်နှလုံးသားကို နာကျင်သွားစေသည်။
"နင့်လို သေမျိုးမိန်းကလေးတစ်ယောက်က ဆရာကြီးရဲ့အာရုံစိုက်မှုကို ရနိုင်မယ်လို့ နင် ထင်နေတာလား...ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ"
ထိုအချိန်မှာပင် ယောင်လင်းအာသည် မြောင်ယွင်အာ၏နံဘေးသို့ လျှောက်လှမ်းသွားကာ အေးစက်စက်လေသံနှင့် ပြောဆိုသည်။
"နင်က ဘယ်သူလဲ"
မြောင်ယွင်အာက မျက်မှောင်ကြုတ်လိုက်၏။ သူမသည် ထိုမိန်းကလေးထံမှနေ၍ အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။ အထူးသဖြင့် ရေမြွေတစ်ကောင်ကဲ့သို့ နူးညံပျော့ပျောင်းသော ထိုမိန်းကလေး၏ခန္ဓာကိုယ်သည် သူမအား အလွန်ခြိမ်းခြောက်နိုင်သကဲ့သို့ ခံစားမိစေသည်။
"ငါကလား..."
ယောင်လင်းအာက အေးစက်စက် ရယ်မောလိုက်သည်။
"ငါက နင်ဘယ်တော့မှ ယှဥ်ပြိုင်လို့မရနိုင်တဲ့ လူတစ်ယောက်ပဲ....နင်က ဆရာကြီးရဲ့နှစ်သက်မှုကိုရဖို့ အရည်အချင်းမမီဘူး"
ယောင်လင်းအာသည် အထင်အမြင်သေးစွာဖြင့် သရော်တော်တော်ပြောဆိုကာ ဝေးကွာသွားသော ရီဖုန်း၏ပုံရိပ်ကိုကြည့်ပြီး သူ၏နောက်သို့ ဆက်၍လိုက်သွားတော့သည်။
မြောင်ယွင်းအာသည် တိတ်တဆိတ် အံ့တင်းတင်းကြိတ်လိုက်သည်။ ထိုမိန်းကလေး၏လှပမှုသည် သူမအား အကြွင်းမဲ့ခြိမ်းခြောက်နိုင်သော်လည်း သူမ၏အလှသည်လည်း အားနည်းခြင်းမရှိဟု ပြန်လည်တွေးတောလိုက်၏။
အရှုံးပေးရန်ဆန္ဒမရှိသောကြောင့် မြောင်ယွင်အာသည်လည်း ရီဖုန်း၏နောက်သို့ အလျင်စလို ပြေးလိုက်ခဲ့သည်။
"ရီဖုန်း..."
တခြားနယ်ပယ်များမှ ကျင့်ကြံသူများရေးသားထားသည့် ကဗျာများကို လူအုပ်အကြား၌ တိုးဝှေ့၍ကြည့်နေသောရီဖုန်းသည် ရုတ်တရက် တစ်စုံတစ်ယောက်က သူ၏နာမည်ကို ခေါ်လိုက်သည်အား ကြားမိလေ၏။
သူ နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးသော အမူအယာမျိုး ထင်ဟပ်လာသည်။
သူ့အား အော်ခေါ်လိုက်သူသည် ဖန်းယင်မှတပါး တခြားသူမဟုတ်ချေ။
"နင် ဒီနေရာကိုရောက်နေမယ်လို့ ငါ ထင်မထားမိဘူး"
ဖန်းယင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။ သူမ၏စိတ်နေသဘောထားသည် ယခင်နှင့်ကွဲပြားခြားနားနေကာ သူမ စကားပြောဆိုလောလေသံတွင် နာကျည်းမုန်းတီးမှုများ ရောယှက်နေသည်။
"အင်း...ငါလည်း မင်းကို ဒီနေရာမှာ ထပ်တွေ့ရမယ်လို့ မထင်ထားမိဘူး"
ရီဖုန်းသည် စိတ်ရှုပ်ထွေးနေလေ၏။
သူသည် နှလုံးသားမဲ့သူတစ်ယောက် မဟုတ်သော်လည်း အကန့်အသတ်မရှိမေတ္တာဂရုဏာတရားကြီးမားသည့် သူတော်စင်လည်းမဟုတ်ချေ။
ဖန်းယင် သူ့အား ရက်ရက်စက်စက် ထားသွားခဲ့သောနေ့တွင် သူ အသဲကွဲခဲ့ရသော်လည်း သူသည် သူမအား သူ၏နှလုံးသားအတွင်းမှနေ၍ ရှင်းရှင်းလင်းလင်း ဖယ်ထုတ်ပြီးဖြစ်သည်။
ဤမိန်းကလေးအတွက် သူ၏စိတ်နှလုံးသားအတွင်းတွင် မည်သည့်လှုပ်ခတ်မှုမျိုးမျှ ထပ်မံ၍ရှိတော့မည်မဟုတ်ချေ။
"ရီဖုန်း...ငါ အကုန်သိပြီးသွားပြီ...နင်က စာအုပ်ကောင်းတစ်အုပ်ကိုရေးပြီးတော့ ချင်ရှန်းဂိုဏ်းကလော့လန်ရွှယ် နောက်ခံရှိနေတာနဲ့ နင် စိတ်ထင်တိုင်း ဘာမဆိုလုပ်လို့ရမယ်လို့ ထင်မနေနဲ့...နင် နားလည်ထားရမှာက အဆုံးသတ်ကျတော့ နင်က သေမျိုးတစ်ယောက်အဆင့်ပဲရှိတယ်"
ဖန်းယင်က အကြင်နာတရားကင်းမဲ့စွာဖြင့် သရော်တော်တော် ဆက်လက်ပြောဆိုလေ၏။
"ငါက ချင်ရှန်းဂိုဏ်းကနေ ထုတ်ပယ်ခံရပေမယ့်...စီနီယာအကို ဝူကျီးက ငါ့ဆီကို စာတစ်စောင်ပို့လိုက်တယ်...သိပ်မကြာခင်မှာပဲ သူက ငါ့ကို ချင်ရှန်းဂိုဏ်းဆီ ပြန်ခေါ်လိမ့်မယ်"
"ငါရဲ့မျက်လုံးထဲမှာတော့ နင်က သေမျိုးပုရွတ်ဆိတ်တစ်ကောင်သက်သက်ပဲ"
ဖန်းယင်က အေးစက်စက်လေသံဖြင့် လှောင်ပြောင်သရော်လိုက်သည်။
သူမသည် ထိုကိစ္စများဖြစ်ပျက်ခဲ့သည့် နေ့မှစတင်၍ ရီဖုန်းကို နာကျည်းမုန်းတီးခဲ့သည်။ အထူးသဖြင့် သူမ ချင်ရှန်းဂိုဏ်းမှထုတ်ပယ်ခံခဲ့ရသည့်ကိစ္စကို မေ့ဖျောက်ရန်အတွက် အလွန်အမင်း ခက်ခဲနေသည်။
Chapter 65
"မင်းနဲ့ငါကြားမှာ ထပ်ပြီးစကားပြောနေစရာ ဘာအကြောင်းမှ မရှိတော့ဘူး"
ရီဖုန်းက ပြောဆိုလိုက်သည်။ သူသည် သူမနှင့် ထပ်မံ၍ စကားတစ်ခွန်းမျှ မပြောဆိုလိုတော့သဖြင့် သူမကိုဖြတ်ကျော်၍ လျှောက်လှမ်းခဲ့တော့သည်။
"အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း"
ဖန်းယင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါ့ကို ခုလိုမျိုးအရှက်ခွဲပြီးတော့မှ...နင် လွယ်လွယ်လေး ထွက်သွားလို့ရမယ်လို့ ထင်နေတာလား"
"မင်း ဘာလိုချင်တာလဲ"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
"ငါ ဘာမှ မလိုချင်ဘူး"
ဖန်းယင်က ရေခဲတမျှအေးစက်သောအသံဖြင့် ငေါ့တော့တော့ ပြောဆိုသည်။
"ငါက ချင်ရှန်းဂိုဏ်းရဲ့တပည့်တစ်ယောက်ဆိုတဲ့ ကျင့်ကြံသူဖြစ်နေတဲ့ချိန်မှာ...နင်ကတော့ အမြဲတမ်း အမှိုက်ကောင်တစ်ကောင်ဖြစ်နေမှာလို့ ငါ နင့်ကို ပြောချင်ရုံသက်သက်ပဲ...နင်က ငါ့အတွက် အထင်ကြီးလေးစားရမယ့်လူမျိုး ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး"
ရီဖုန်းနှင့်ဖန်းယင်ကြားမှ စကားပြောဆိုနေမှုသည် ပတ်ဝန်းကျင်ရှိလူများ၏စိတ်အာရုံများကို အတော်အသင့် ဆွဲဆောင်နိုင်ခဲ့လေ၏။
မည်သို့ပင်ဆိုစေကာမူ လူတိုင်းသည် အတင်းအဖျင်းစကားများ နားထောင်ရခြင်းကို သဘောကျနှစ်ခြိုက်သည်။
"နင့်လိုအရေးမပါတဲ့ကောင်က နင်ရဲ့စုတ်ပြတ်နေတဲ့သိုင်းပညာခန်းမကိုပဲ ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ နင်ရဲ့ဘဝတလျှောက်လုံး အောက်ခြေအဆင့်မှာပဲနေသွားဖို့ ထိုက်တန်တယ်...နင်ရဲ့ပုံစံနဲ့ ဘယ်မိန်းကလေးကမှ နင့်ကို တစ်ချက်တောင်လှည့်ကြည့်မှာမဟုတ်ဘူး"
ဖန်းယင်သည် နင့်သီးသည့်စော်ကားမော်ကားစကားများကို ဒေါသတကြီး ပြောဆိုလေသည်။
ဤသည်မှာ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏ရှေ့တွင် သူမ ခံစားခဲ့ရသော အရှက်ကွဲမှုအတွက် သူမ၏လက်တုံ့ပြန်မှုပင်။
ဖြောင်း...
သို့ရာတွင် သူမ၏စကား အဆုံးမသတ်သေးမီမှာပင် လက်ဝါးရိုက်ချက်တစ်ချက်က သူမ၏ပါးပြင်ပေါ်သို့ ကျရောက်လာသည်။
ဖန်းယင်အား ပါးရိုက်လိုက်သူမှာ မြောင်ယွင်အာပင်။
သူမ အလွန်ကြည်ညိုလေးစားသော ယောကျ်ားတစ်ယောက်ကို ဖန်းယင် စော်ကားပြောဆိုနေသည်ကို ကြားချိန်၌ မြောင်ယွင်အာသည် သီးမခံနိုင်တော့သဖြင့် ရှေ့ထွက်၍ ရီဖုန်းဘက်မှ ရပ်တည်လိုက်ခြင်းဖြစ်သည်။
"နင့်လို ရေတွင်းအောက်ခြေက ဖားသူငယ်တစ်ကောင်က ဒီလူကြီးမင်းရဲ့စာပေပညာအရည်အချင်းကို မေးခွန်းထုတ်စရာလား...နင်က ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင် ဘာ ဂရုစိုက်ရမှာလဲ"
မြောင်ယွင်အာသည် လက်တုံ့ပြန်ရန်မှတပါး တခြားအရာများကို ဂရုစိုက်ခြင်းမရှိချေ။
"နင်က ဘယ်သူလဲ"
ဖန်းယင်က ဒေါသတကြီးမေးမြန်းလိုက်၏။ သူမ၏စပ်ဖျဥ်းဖျဥ်းဖြစ်သွားသောပါးပြင်ကိုကိုင်ကာ မုန်းတီးစွာဖြင့် မြောင်ယွင်အာကို စူးစိုက်၍ ကြည့်လိုက်သည်။
"ပင်ကျင်းကုန်သည်အဖွဲ့အစည်းရဲ့ မြောင်ယွင်အာ..."
သူမက ဗြောင်ကျကျ ထုတ်ဖော်ပြောဆိုလေသည်။
"ဘာ...."
"သူက မြောင်ယွင်အာလား"
"ငါ ကြားထားတာကတော့ သူက စာပေပညာရပ်မှာ ပါရမီရှိရုံတင်မကဘူး...ပင်ကျင်းကုန်သည်အဖွဲ့အစည်းရဲ့ ရတနာတစ်ပါးလည်းဖြစ်တယ်"
"သူက ကောလဟာလတွေအတိုင်း တကယ့်ကို လှပချောမောတာပါလား...ဒါပေမယ့် သူက ဘာလို့ ဆင်းရဲသားလူငယ်လေးတစ်ယောက်အတွက် ရပ်တည်ပေးနေတာလဲ"
ပတ်ဝန်းကျင်ရှိ အမျိုးသားများထံမှနေ၍ အံ့အားတသင့် ပြောဆိုနေသံများ ထွက်ပေါ်လာကာ သူတို့၏မျက်လုံးအကြည့်များသည် မြောင်ယွင်အာထံသို့ ရွှေ့ပြောင်းသွားသည်။
ပင်ကျင်းကုန်သည်အဖွဲ့အစည်း၏ရတနာတစ်ပါးဟူသော မြောင်ယွင်အာ၏နာမည်ဂုဏ်သတင်း ကျော်ကြားသည်မှာ သိသာထင်ရှားလှ၏။
"ပင်ကျင်းကုန်သည်အဖွဲ့အစည်းက မြောင်ယွင်အာလား"
ဖန်းယင်သည် သူမ၏စပ်ဖျဥ်းဖျဥ်းဖြစ်နေသောပါးပြင်ကိုကိုင်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။
မြောင်ယွင်အာသည် သူမစွန့်ပစ်ခဲ့သော ယောက်ျားတစ်ယောက်ဖြစ်သည့် ရီဖုန်းအတွက် မည်သည်ကြောင့် ရပ်တည်ပေးနေသည်ကို သူမ နားမလည်နိုင်ချေ။
သူမက စိတ်ဆိုးမာန်ဆိုးဖြင့် အော်ငေါက်လိုက်၏။
"နင်က ပင်ကျင်းကုန်သည်အဖွဲ့ကဆိုရင်ရော ဘာအရေးစိုက်ရမှာလဲ...ဒါက သူ့နဲ့ငါကြားက ကိစ္စပဲ....နင်နဲ့ဘာဆိုင်လို့လဲ...နင်နဲ့သူက ဘယ်လိုမျိုးပတ်သက်နေလို့လဲ"
"ငါနဲ့သူကြားမှာ ဘာပတ်သက်မှုမျိုးမှမရှိဘူး...ငါက ဒီလူကြီးမင်းရေးတဲ့ အကြီးမြတ်ဆုံးရတနာစာအုပ်ရဲ့ ပရိသတ်တစ်ယောက်ပဲ"
မြောင်ယွင်အာသည် အမှုမထားဘဲ ခွန်းတုံ့ပြန်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ရီဖုန်းထံသို့လျှောက်လှမ်းသွားကာ ပြောဆိုသည်။
"ဆရာရီ...ကျွန်မ ဒီနေရာမှာရှိသရွေ့...ဆရာရီအကြောင်း သွားပုပ်လေလွင့်စကားတစ်ခွန်းတောင် မပြောနိုင်စေရဘူး"
"ကျေးဇူးတင်ပါတယ်"
ရီဖုန်းက အနည်းငယ်စိတ်ရှုပ်ထွေးသော အမူအယာဖြင့် ခေါင်းညိတ်ပြလိုက်၏။
သူသည် ဤကဲ့သို့ လူအများဝိုင်းအုံကြည့်ခံရခြင်းမျိုးကို မနှစ်သက်ချေ။ အကယ်၍ သူ ကြိုသိခဲ့ပါက ဤနေရာသို့ လာခဲ့မည်မဟုတ်ချေ။
"ပရိသတ်တစ်ယောက်လား"
မြောင်ယွင်အာ၏စကားလုံးများသည် ဖန်းယင်၏မနှစ်မြို့ဖွယ်မှတ်ဥာဏ်များကို နှိုးဆွပေးလိုက်သကဲ့သို့ပင်။
ပရိသတ်တစ်ယောက် ထပ်ဖြစ်နေပြန်သလော...
လော့လန်ရွှယ်သည် သူမကို ချင်ရှန်းဂိုဏ်းမှထုတ်ပယ်ခဲ့ခြင်းမှာ ဤအကြီးမြတ်ဆုံးရတနာစာအုပ်ကြောင့် မဟုတ်လော.....
လော့လန်ရွှယ် တစ်ယောက်တည်းသာမက ယခု မြောင်ယွင်အာသည်လည်း ဤအတိုင်းဖြစ်နေသည်။ အညတရအမှိုက်ကောင်တစ်ကောင် ရေးသားသော စာအုပ်တစ်အုပ်သည် လူများအား အလွန်ဆွဲဆောင်နိုင်ခဲ့သလော။
ဤသည်မှာ စာအုပ်တစ်အုပ်သက်သက်ပင်။ မည်သည်ကြောင့် အလွန်ကြီးမားသောလွှမ်းမိုးမှုရှိနေသနည်း။
ဖန်းယင်သည် နားလည်သဘောပေါက်နိုင်ခြင်း မရှိတော့ပေ။
မည်မျှထိကောင်းသော စာအုပ်ဖြစ်နေပါစေ သေမျိုးလောက၏စာအုပ်တစ်အုပ်သာ ဖြစ်ပေမည်။ ဤကဲ့သို့ စာရေးဆရာတစ်ယောက်နှင့် ကျင့်ကြံသူများအကြားတွင် ကြီးမားသောကွာဟချက်ကြီးရှိနေသည်။
"နင် ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး...ဒါက သူနဲ့ငါကြားက ကိစ္စပဲ...ငါ နင့်ကို သတိပေးလိုက်မယ်...အခုချက်ချင်း ထွက်သွားစမ်း"
အကြွင်းမဲ့နာကျည်းမုန်းတီးမှုများ၏ လွှမ်းမိုးမှုကြောင့် ဖန်းယင်သည် အေးစက်စက်လေသံဖြင့် ဖန်းယင်ကို ခြိမ်းခြောက်လိုက်၏။
တစ်ချိန်တည်းမှာပင် သူမ၏ဓားရှည်ကိုဆွဲထုတ်၍ သိုင်းပညာရှင်နဝမအဆင့် ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။
အကယ်၍ မြောင်ယွင်အာသည် ပင်ကျင်းကုန်သည်အဖွဲ့အစည်းမှ ဖြစ်နေလျှင်ပင် မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။ သူမသည် ချင်ရှန်းဂိုဏ်းမှ ထုတ်ပယ်ခြင်းခံရသည့်တိုင် မကြာမီမှာပင် ဝမ်ကျီး၏ခေါ်ယူမှုကြောင့် ပြန်သွားရပေမည်။ သူမနောက်တွင် ချင်ရှန်းဂိုဏ်း နောက်ခံရှိနေပါက သေမျိုးလောက၏ကုန်သည်အဖွဲ့အစည်းတစ်ခုသည် ပုရွက်ဆိတ်တစ်ကောင် အဆင့်မျှသာရှိသည်။
ထို့ကြောင့် သူမသည် ပင်ကျင်းကုန်သည်အဖွဲ့အစည်းကို တစိုးတစိမျှပင် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။
ထို့ကြောင့် သူမသည် အညှာအတာကင်းမဲ့စွာဖြင့် သူမ၏ကျင့်ကြံသူအရှိန်အဝါကိုထုတ်ဖော်၍ မြောင်ယွင်အာကို ဖိအားပေးလိုက်ခြင်းပင်။
ရုတ်ချည်းဆိုသလိုပင် မြောင်ယွင်အာ၏မျက်နှာ ဖြူရော်သွားပေ၏။
သူမသည် ပင်ကျင်းကုန်သည်အဖွဲ့အစည်း၏ရတနာတစ်ပါးဖြစ်သော်လည်း သေမျိုးမိန်းကလေးတစ်ယောက်မျှသာပင်။ သူမသည် ကျင့်ကြံသူတစ်ယောက်ထံမှ ဖိအားအနည်းငယ်ကိုပင် တောင့်ခံနိုင်စွမ်းမရှိချေ။
စောင့်ကြည့်နေကြသောလူတချို့သည်လည်း ထိုပြင်းထန်သောအရှိန်အဝါကြောင့် တွန့်ဆုတ်သွားကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည်လည်း သာမာန်လူများဖြစ်သည်။
ဖြောင်း....
သို့သော် ထိုအချိန်မှာပင် နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက်က ဖန်းယင်၏ပါးပေါ်သို့ ကျရောက်လာသည်။ ထို့နောက် အလွန်အမင်းညှို့အားပြင်းသော မိန်းကလေးတစ်ယောက်သည် ဖန်းယင်၏ရှေ့၌ ထွက်ပေါ်လာပေ၏။