အခန်း (၆၁-၇၀)
Vol. 5 Ch. 66-70
Chapter 66
အရိပ်တစ်ရိပ် ဖျတ်ခနဲထွက်ပေါ်လာမှုကြောင့် လူအုပ်ကြီးအကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
အကြောင်းအရင်းမှာ ယခုလှုပ်ရှားလိုက်သော မိန်းကလေးသည်လည်း ပြိုင်ဘက်ကင်းအလှလေးတစ်ယောက်ဖြစ်နေသောကြောင့်ပင်။ မြောင်ယွင်အာနှင့်နှိုင်းယှဥ်ပါက သူမ၏အလှသည် အနည်းငယ်မျှပင် အားနည်းခြင်းမရှိချေ။ သူမ၏ညုတုတုကိုယ်နေဟန်ထားမှတဆင့် ဆွဲဆောင်နိုင်မှုပြင်းထန်ပြီး ညှို့အားကောင်းနေလေရာ လူအများသည် စိတ်နှင့်ကိုယ်မကပ်ကြတော့ချေ။
ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ သူမ၏တိုက်ခိုက်မှုသည် မြောင်ယွင်အာထက် ပို၍ပြင်းထန်နေခြင်းပင်။
ဖန်းယင်၏ ဖရဲစေ့ပုံသဏ္ဍာန်မျက်နှာပေါ်တွင် နီမြန်းသောလက်ဝါးရာကြီးက အထင်းသားထင်ဟပ်နေပေ၏။
ရုတ်ချည်းဆိုသလိုပင် လူအမြောက်အများသည် ရီဖုန်းကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သူတို့အားလုံး သိချင်မိသည်မှာ ရီဖုန်းသည် မည်ကဲ့သို့လူစားမျိုးဖြစ်သဖြင့် မိန်းကလေးနှစ်ယောက်က သူ့အား ဤကဲ့သို့ကူညီပေးနေသနည်း။
နောက်ရောက်လာသောမိန်းကလေးသည် ယောင်လင်းအာမှတပါး တခြားသူမဟုတ်ချေ။
သူမ၏မျက်နှာပေါ်မှ ပူစပ်စပ်နာကျင်မှုကြောင့် ဖန်းယင်၏အသိစိတ်များ ပျောက်ဆုံးသွားလုမတတ် ဖြစ်သွားခဲ့သည်။ သူမသည် ထပ်မံ၍ပါးရိုက်ခံရမည်ဟု မျှော်လင့်မထားမိချေ။
သူမကို ပို၍စိတ်ရှုပ်ထွေးစေသောအချက်မှာ သူမပါးရိုက်ခံရသော အကြောင်းအရင်းသည် သူမ စွန့်ပစ်ခဲ့သည့် အသုံးမကျသော အရေးမပါလှသောပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ယောက်ျားတစ်ယောက်ကြောင့်ပင်။
ဖန်းယင်၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာကာ သူမက ယောင်လင်းအာကို စူးစိုက်ကြည့်ပြီး ခါးသက်သက်လေသံဖြင့် အော်ငေါက်လိုက်၏။
"နင်က ဘယ်သူလဲ"
"ငါကလည်း ဒီလူကြီးမင်းရဲ့အမာခံပရိသတ်တစ်ယောက်ပဲ"
ယောင်လင်းအာက သူမ၏နုတ်ခမ်းကို တွန့်ကွေး၍ ပြောဆိုသည်။ သူမ၏ စိတ်အတွင်း၌ ဆင်ခြေတစ်ခု ရှိနှင့်နေပြီးဖြစ်သဖြင့် သူမက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုနိုင်ခဲ့သည်။
ပင်ကျင်မြို့အတွင်း၌ နေထိုင်ခဲ့သည့် လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် သူမသည် ဤလျှို့ဝှက်ဆန်းကြယ်သောလူငယ်နှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို ရှာဖွေဖော်ထုတ်ပြီးလေပြီ။ ထိုလူငယ်သည် ပြိုင်ဘက်ကင်းဆရာသခင်တစ်ယောက်ဖြစ်သော်လည်း သူ၏စွမ်းရည်များကို တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်အသုံးပြုခြင်းမရှိချေ။
သူသည် ဘဝ၏အတွေ့အကြုံကိုယူရန် ရိုးရှင်းမှုသို့ ပြန်လည်ရောက်ရှိနေသည့် မွန်းစတားအိုကြီးများအနက်မှ တစ်ယောက်ဖြစ်မည်မှာ သိသာထင်ရှားလှ၏။
သူမ၏စုံစမ်းစစ်ဆေးမှုများအရ ဤလူသည် သေမျိုးဘဝကို အဆုံးစွန်ဆုံးအဆင့်မျိုးထိ အတွေ့အကြုံယူနေသူတစ်ယောက်ပင်။ စားဝတ်နေရေး ခရီးသွားလာခြင်း တစ်ရက်တွင်ထမင်းသုံးနပ်စားခြင်း လူမှုဆက်ဆံရေးများ စသဖြင့် သူ ပြုလုပ်သောအရာရာတိုင်းသည် သာမာန်သေမျိုးတစ်ယောက်၏အပြုအမူများနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။
ထို့ကြောင့် သူမ၏ကျင့်ကြံဆင့်ကို သူ အကြည့်တစ်ချက်ဖြင့် ထွင်းဖောက်မြင်နိုင်လျှင်ပင် သူမသည် သာမာန်သေမျိုးတစ်ယောက်ကဲ့သို့ ဆက်၍ဟန်ဆောင်ထားရပေမည်။ ထို့မှသာ သူ၏မူရင်းရည်ရွယ်ချက်ဖြစ်သည့် သာမာန်သေမျိုးတစ်ယောက်၏ဘဝအတွေ့အကြုံအား ယူနေခြင်းကို မပျက်စီးစေဘဲ သူ၏အနီးသို့ သူမ ချဥ်းကပ်နိုင်ပေမည်။
ပြောရမည်ဆိုလျှင် သူမသည် အမာခံပရိတ်သတ်တစ်ယောက်ဆိုသည်မှာ သူမအတွက် အကောင်းဆုံးဆင်ခြေပင်။
"နောက်ထပ် ပရိသတ်တစ်ယောက်လား"
ဖန်းယင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအယာမျိုးထင်ဟပ်လာကာ သူမ၏ဒေါသကြောင့် နှလုံးခုန်နှုန်းများ အလွန်ပြင်းထန်လာသည်။
စာအုပ်အစုတ်အပြတ်တစ်အုပ်ကြောင့် သူမစွန့်ပစ်ခဲ့သော အမှိုက်ကောင်တစ်ကောင်သည် မိန်းကလေးတစ်ယောက်ပြီးတစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့သလော....
သူမ ပို၍လက်မခံနိုင်သောအချက်မှာ ထိုမိန်းကလေးနှစ်ယောက်သည် သူမထက် အနည်းငယ်မျှနိမ့်ကျမှု ရှိမနေသည့်အပြင် နောက်ခံအင်အား ရုပ်ရည် ခန္ဓာကိုယ်အချိုးအစားတို့တွင် သူမထက်ပင် ပို၍သာလွန်နေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုမိန်းကလေးနှစ်ယောက်တွင် မည်သည့်ကျင့်ကြံမှုစွမ်းအားမျှရှိမနေချေ။
သူမတို့ထံတွင် ကျင့်ကြံမှုမရှိသဖြင့် ဖန်းယင်၏အမြင်အရ သူမတို့သည် အသုံးမကျသူများသာဖြစ်ပြီး ကြည့်၍ကောင်းရုံသာရှိသောအလှပန်းအိုးများသက်သက်ပင်။
"ကောင်းလိုက်တဲ့ ပရိသတ်တွေ...နင်တို့လို အပေါစားမိန်းမနှစ်ယောက်က ငါ့ရဲ့ကိစ္စမှာ ဝင်ရှုပ်ချင်နေမှတော့....နင်တို့လည်း ဒုက္ခခံစားစေရမယ်"
ဖန်းယင်သည် အေးစက်စက်ပြောဆိုကာ သူမ၏လက်အတွင်း၌ ဓားရှည်တစ်လက်ထွက်ပေါ်လာပြီး သူမ၏ကျင့်ကြံခြင်းအရှိန်အဝါကို ထပ်မံ၍ထုတ်ဖော်လိုက်၏။
"ဘာလဲ..."
"ကျင့်ကြံသူလား"
"သူက တကယ်ကြီး ကျင့်ကြံသူတစ်ယောက်လား"
ဖန်းယင်၏ အထိန်းအကွပ်မဲ့သောအရှိန်အဝါကို ခံစားမိချိန်တွင် စောင့်ကြည့်နေကြသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ သူတို့ရှေ့မှမိန်းကလေးသည် ကျင့်ကြံသူတစ်ယောက်ဖြစ်နေကြောင်း သိနားလည်သွားသည်။
သူတို့သည် ဖန်းယင်ကို ထိတ်လန့်တကြားမကြည့်ဘဲ မနေနိုင်တော့ချေ။
ဤကဗျာစာပေနှီးနှောဖလှယ်ပွဲတွင် တစ်စုံတစ်ယောက်၏အဆင့်အတန်းကို ခွန်အားဖြင့်ဆုံးဖြတ်ခြင်း မဟုတ်သော်လည်း ကျင့်ကြံသူများကိုတွေ့သည့် မည်သည့်နေရာတွင်မဆို ထိတ်လန့်တကြားဖြစ်သွားသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ရပ်ပင်။
"အခု အဲ့ဒီလူသုံးယောက်တော့ ဒုက္ခရောက်တော့မယ်"
"အမှန်ပဲ...ခုဏက အဲ့ဒီအမျိုးသမီးကျင့်ကြံသူကို ပါးရိုက်ခဲ့တဲ့မိန်းကလေးနှစ်ယောက် အခုချိန်မှာ နောင်တရနေလောက်ပြီလို့ ငါ ထင်တယ်"
"မိန်းမလှလေးနှစ်ယောက်အတွက်တော့ သနားစရာပဲ"
လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် တိုင်ပင်ဆွေးနွေးနေကြကာ အများစုသည် ယောင်လင်းအာနှင့်မြောင်ယွင်အာတို့ကို စာနာသနားသောအကြည့်ဖြင့် ကြည့်နေကြသည်။
လူအများ၏ထိတ်လန့်တကြားဖြစ်နေမှုနှင့် တိုင်ပင်ဆွေးနွေးနေမှုများကြောင့် ဖန်းယင်သည် ခေါင်းကို အနည်းငယ်မော့ကာ သူမ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားမှုများဖြင့် ပြည့်နှက်သွားစေသည်။
ဤထိတ်လန့်တကြားဖြစ်မှုမျိုးသည် သူမကို အလွန်ပျော်ရွှင်စေသောအရာပင်။
သူမသည် တခြားသူများ သူမကို ထိတ်လန့်ကြောက်ရွံနေသည့် ခံစားချက်မျိုးကို သဘောကျနှစ်သက်ပေ၏။
ယခုချိန်၌ သူမသည် ဤလူသုံးယောက်ကို အရှက်ခွဲရန် အချိန်တန်နေပြီဖြစ်ရာ ထိုအပေါစားမိန်းမနှစ်ယောက်ထံမှနေ၍ စတင်ရပေမည်။
ထိုအကြောင်းကိုတွေးတောရင်း သူမသည် ရုတ်တရက် မြောင်ယွင်အာကို စူးစိုက်၍ကြည့်ကာ သူမ၏အရှိန်အဝါဖြင့် ဖိနှိပ်လိုက်သည်။
မြောင်ယွင်အာသည် ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားပေ၏။ နူးညံသိမ်မွေ့သော မိန်းကလေးတစ်ယောက်ဖြစ်သည့် သူမသည် ကျင့်ကြံသူတစ်ယောက်၏ဖိနှိပ်မှုကို ယခင်ကကြုံတွေ့ဖူးခြင်းမရှိချေ။ သူမ၏မျက်နှာ ချက်ချင်းဖြူရော်သွားကာ လုံးလုံးလျားလျား သွေးရောင်မရှိတော့ချေ။
"ဘာအဆင်မပြေ ဖြစ်သွားတာလဲ...နင် ခုဏက ငါ့ကိုရိုက်တဲ့အချိန်တုန်းက အရမ်းကြမ်းတမ်းခဲ့တယ်မဟုတ်လား"
ဖန်းယင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဘာလို့ နင်အခု မကြမ်းတမ်းတော့တာလဲ"
မြောင်ယွင်အာ၏မျက်နှာသည် လူသေတစ်ယောက်ကဲ့သို့ ဖြူရော်နေကာ သူမသည် စကားတစ်ခွန်းမျှ မဆိုဝံ့ချေ။
"နင် အခုချက်ချင်း ဒူးထောက်လိုက်စမ်း"
ဖန်းယင်က ထပ်မံ၍ခြိမ်းခြောက်လိုက်သည်။
မြောင်ယွင်အာ၏မျက်နှာ သိသိသာသာ ပျက်ယွင်းသွားသည်။ သူမသည် ဤကဲ့သို့အရှက်ခွဲခံရမှုမျိုးကို လက်သင့်မခံနိုင်သဖြင့် သူမ၏ခေါင်းကို အလျှင်အမြန်ခါယမ်းလိုက်၏။
"နင်က ဒူးမထောက်ချင်ဘူးလား"
ဖန်းယင်၏မျက်နှာ အေးစက်တင်းမာသွားကာ သူမ၏လက်အတွင်းမှဓားရှည်ကိုမြှောက်၍ မြောင်ယွင်အာထံသို့ တိုးဝင်လိုက်သည်။
"အား...."
ထိုဓားရှည်လာနေသည်ကိုမြင်ချိန်တွင် သူမထံသို့ ဓားရောက်မလာမီကတည်းက မြောင်ယွင်အာသည် စူးရှကျယ်လောင်စွာအော်ဟစ်ကာ ထိတ်လန့်ကြောက်ရွံမှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဖန်းယင်၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအမူအယာမျိုး ထင်ဟပ်လာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ပုရွက်ဆိတ်တစ်ကောင်ကတော့ ပုရွက်ဆိတ်ပါပဲ...ငါ့ရဲ့ဓားက အခုထိ နင့်အပေါ်တောင် မကျသေးဘူး....ဘယ်လိုလုပ်ပြီးတော့ နင်က ဒီလိုပုံစံ ဖြစ်သွားတာလဲ"
မြောင်ယွင်အာ၏နူးညံသေးသွယ်သော ခန္ဓာကိုယ်လေး တုန်ရီသွားကာ သူမသည် စကားတစ်ခွန်းမျှမဆိုဝံ့ဘဲ ထိတ်လန့်ကြောက်ရွံနေသောမျက်လုံးတစ်စုံဖြင့် ဖန်းယင်ကို ကြည့်နေလေ၏။
မြောင်ယွင်အာ၏သနားစဖွယ်ပုံစံကိုကြည့်ပြီး ဖန်းယင်သည် မကြုံစဖူး အလွန်ပျော်ရွှင်သွားသည်။ ဤသည်မှာ ကျင့်ကြံသူတစ်ယောက်ထံတွင်သာ ရှိနိုင်သောအဆင့်အတန်းမျိုးဖြစ်ပြီး ပုရွက်ဆိတ်ကဲ့သို့ သာမာန်လူများ ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။
ရုတ်တရက် ဖန်းယင်၏အေးစက်စက်အကြည့်သည် ယောင်လင်းအာထံသို့ စူးစိုက်၍ကျရောက်သွားသည်။ ထို့နောက် သူမ၏ဖိအားအရှိန်အဝါကို ယောင်လင်းအာထံသို့ ရွှေ့ပြောင်းလိုက်သည်။
ဤအမျိုးသမီး၏ပါးရိုက်ချက်သည် မြောင်ယွင်အာထက် ပို၍ပြင်းထန်ပေ၏။
သူမအား ပြင်းပြင်းထန်ထန် အရှက်ခွဲရပေမည်။
Chapter 67
သို့ရာတွင် ဖန်းယင်၏ဖိအားအရှိန်အဝါနှင့် ရင်ဆိုင်ရသည့်တိုင် ယောင်လင်းအာသည် အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်းမရှိဘဲ သူမ၏မျက်နှာပေါ်၌ သရော်တော်တော် အမူအယာမျိုးပင် ရှိနေသည်။
"နင်....."
"နင် ဘာလို့ ဘာမှမထိခိုက်တာလဲ"
ဖန်းယင်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူမသည် မယုံကြည်နိုင်စွာ မေးမြန်းလိုက်ကာ ယောင်လင်းအာ မည်သည်ကြောင့် အလွန်အေးဆေးတည်ငြိမ်နေသည်ကို သူမ မသိရသဖြင့် ဝေခွဲရခက်မှုကို ခံစားနေရလေ၏။ ဖြစ်နိုင်သည်မှာ သူမ၏ကျင့်ကြံမှုတွင် တစ်စုံတစ်ခု မှားယွင်းနေသလော။
သို့ရာတွင် သူမ၏ကျင့်ကြံမှုထက် ပို၍ပြင်းထန်သော အရှိန်အဝါမျိုးကို သူမ ခံစားမိသည်။
"ငါက ဘာလို့ထိခိုက်ရမှာလဲ"
ယောင်လင်းအာ၏နှုတ်ခမ်းထောင့် တွန့်ကွေးသွားကာ သူမက ပြုံးလိုက်သည်။
"ဒါဆိုရင် နင် ငါ့ကို ဘာလို့မကြောက်တာလဲ"
ဖန်းယင်က အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ငါက ကျင့်ကြံသူတစ်ယောက်လေ...နင့်လိုသာမာန်လူတစ်ယောက်က ငါ့ကို ဘာလို့မကြောက်တာလဲ...နင်ကို ငါ သတ်လိုက်မှာကို နင် မကြောက်ဘူးလား"
"တကယ်လို့ နင်က ကျင့်ကြံသူတစ်ယောက်ဖြစ်နေရင်တောင် ဘာလုပ်ရမှာလဲ"
ယောင်လင်းအာက အထင်အမြင်သေးစွာ ပြောဆိုလိုက်၏။
"ဒါဆိုရင်လည်း ငါ့ကို လာသတ်လေ"
ဤသည်မှာ ဗြောင်ကျကျရန်စစော်ကားခြင်းပင်။
ဖန်းယင်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။ ယောင်လင်းအာ၏မထီလေးစားနိုင်မှုသည် သူမ၏ဝေခွဲရခက်နေမှုများကို မြင့်တက်သွားစေသည်။ သို့ရာတွင် ထိုသို့ဖြစ်လေလေ ယောင်လင်းအာအပေါ် သူမ၏မုန်းတီးမှုများ ပို၍ကြီးထွားလာလေလေပင်။
အကြောင်းအရင်းမှာ ဤကိစ္စသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သော သူမ၏အခွင့်အာဏာကို မေးခွန်းထုတ်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
"သေစမ်း"
သူမ၏ဒေါသများကြောင့် ဖန်းယင်သည် သူမ၏ဓားရှည်ကို ဝှေ့ယမ်းကာ မည်သည့်ဟန်ရေးပြခြင်းမျှမရှိဘဲ ယောင်လင်းအာထံဦးတည်၍ တန်းတန်းမတ်မတ် ထိုးစိုက်လိုက်၏။
စောင့်ကြည့်နေကြသောလူအများသည် ဤအဖြစ်အပျက်၏ ရုတ်တရက်အလှည့်အပြောင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ ယောင်လင်းအာအတွက် ဝမ်းနည်းပူဆွေးနေကြလေပြီ။
"ဒေါင်...."
သို့ရာတွင် လူတိုင်းအံ့အားသင့်သွားရသည်မှာ ဖန်းယင်၏ဓားရှည် တုန်ခါသွားခြင်းနှင့်အတူ သူမ၏လက်အတွင်းမှလွတ်ထွက်သွားကာ မြစ်အတွင်းသို့ ကျသွားသောကြောင့်ပင်။
"ဘာလဲဟ...."
လူတိုင်း၏မျက်နှာများပေါ်၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
အကြောင်းအရင်းမှာ ဖန်းယင်၏ဓား မြစ်အတွင်းသို့ ကျမသွားမီ အဖြစ်အပျက်မျိုးကို သူတို့အားလုံး မမြင်တွေ့လိုက်ရသောကြောင့်ပင်။
ဖန်းယင်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားကာ သူမက တုန်လှုပ်ချောက်ချားစွာဖြင့် ယောင်လင်းအာကို ကြည့်လိုက်သည်။
နံဘေးမှလူများသည် ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်သော်လည်း ပါဝင်ပတ်သတ်ခဲ့သူဖြစ်သည့်သူမက ယောင်လင်းအာသည် သူမ၏ဓားကို လက်ချောင်းတစ်ချောင်းဖြင့် အသာအယာတောက်ထုတ်လိုက်ခြင်းဖြစ်ကြောင်း သူမ ကောင်းစွာသိရှိသည်။ ထိုစွမ်းအားကြောင့် သူမ၏ဓားကို မြဲမြံစွာကိုင်ထားနိုင်စွမ်း မရှိတော့သည့်အပြင် သူမ၏လက်ပင် ထုံကျင်သွားခဲ့လေ၏။
"နင်...နင်...နင်က..."
ယောင်လင်းအာကိုကြည့်ပြီး ဖန်းယင်၏မျက်နှာ သေလုမတတ်ဖြူရော်နေကာ သူမသည် အလိုအလျောက် နောက်သို့ဆုတ်လိုက်မိသည်။
"'နင်'ဆိုတာက ဘာပြောချင်တာလဲ"
ယောင်လင်းအာ၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူမက ဖန်းယင်ထံသို့ တရွေ့ရွေ့လျှောက်လှမ်းသွားသည်။ သူမက တိုးညှင်းသောအသံဖြင့် ပြောဆိုလိုက်၏။
"နင့်လို သိုင်းပညာရှင်နဝမအဆင့်ကျင့်ကြံသူတစ်ယောက်မှာ ခုလိုမျိုး မောက်မာရိုင်းစိုင်းဝံ့တဲ့သတ္တိမျိုးရှိလာအောင် ဘယ်သူက ပေးလိုက်တာလဲ"
သူမ၏အသံ ကျရောက်လာခြင်းနှင့်အတူ မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်က ယောင်လင်းအာထံမှ တိတ်တဆိတ်ထွက်ပေါ်လာကာ ဖန်းယင်ကို လွှမ်းခြုံသွားသည်။
ဖန်းယင်သည် ထိတ်လန့်တကြား နောက်သို့ဆုတ်လိုက်သည်။ ဤဖိအားအရှိန်အဝါ၏ပြင်းထန်မှုကို သူမ ခံစားမိကာ တုန်လှုပ်ချောက်ချားမှုများက သူမ၏စိတ်နှလုံးသားအတွင်း၌ အလျှင်အမြန် ပျံ့နှံ့သွားသည်။ သူမ၏မူလက မောက်မာဝံ့ကြွားနေမှုများသည်လည်း အရိပ်အယောင်ပင် မကျန်ရှိတော့ဘဲ ပျက်ပြယ်သွားကာ ပြင်းထန်သောတုန်လှုပ်ချောက်ချားမှုများသာ ကျန်ခဲ့တော့သည်။
သူမ နားမလည်နိုင်သောအချက်မှာ ယောင်လင်းအာသည် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါလျက်နှင့် ရီဖုန်းကဲ့သို့ပုရွက်ဆိတ်တစ်ကောင်ကို ရိုသေလေးစားစွာဆက်ဆံနေသည့်အပြင် 'ဆရာ'ဟု ခေါ်ဆိုသုံးနှုန်းကာ သူ၏အမာခံပရိတ်သတ်တစ်ယောက် ဖြစ်နေခြင်းပင်။
"နင့်လို သိုင်းပညာရှင်နဝမအဆင့်ပဲ ရှိတဲ့သူက နင့်ကိုယ်နင် ကျင့်ကြံသူလို့ပြောဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား"
ယောင်လင်းအာသည် အညှာအတာကင်းမဲ့စွာ ဖိနှိပ်၍ မေးခွန်းထုတ်လိုက်ရာ သူမ၏စကားလုံးများသည် ဖန်းယင်၏စိတ်နှလုံးသားကို ထွင်းဖောက်ဝင်ရောက်သွားသည်။
"နင်က အရည်အချင်းပြည့်မီလို့လား"
ဖန်းယင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူမက နှုတ်ဆိတ်နေသည်။
"ငါ နင့်ကို မေးနေတာလေ"
ယောင်လင်းအာက အော်ငေါက်လိုက်၏။
သူမ၏အသံ ထွက်ပေါ်လာခြင်းနှင့်အတူ လက်ဝါးတစ်ဖက်က ဖန်းယင်၏မျက်နှာပေါ်သို့ ကျရောက်လာသည်။
"နင်...."
"နင်က ဘာမလို့လဲ"
ထိုအသံနှင့်အတူ နောက်ထပ်ပါးရိုက်ချက်တစ်ချက်က ဖန်းယင်၏မျက်နှာပေါ်သို့ ကျရောက်သွားကာ သူမက ဆက်လက်၍ ဖိနှိပ်မေးမြန်းလေသည်။
"ပြောစမ်း...ခုလိုမျိုး မစို့မပို့အရည်အချင်းနဲ့...နင့်ကိုယ်နင် ကျင့်ကြံသူတစ်ယောက်လို့ပြောဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား"
"မဟုတ်ဘူး...."
ဖန်းယင်သည် တွန့်ဆုတ်စွာဖြင့် ဗလုံးဗထွေးရေရွတ်လိုက်ကာ သူမ၏မျက်နှာပေါ်၌ လက်မခံလိုသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"မဟုတ်ရင် ဘာလဲ"
ယောင်လင်းအာသည် ဖိအားပေး၍ ထပ်မံမေးခွန်းထုတ်ကာ တစ်ချိန်တည်းမှာပင် ဖန်းယင်ကို ပါးထပ်ရိုက်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် ဖန်းယင်၏မျက်နှာသည် ပါးရိုက်ခံရခြင်းကြောင့် နီမြန်းသွားကာ ဝက်ခေါင်းကဲ့သို့ ဖူးယောင်သွားသည်။ နာကျည်းခြင်းမျက်ရည်များက သူမ၏မျက်လုံးများအတွင်းမှ စီးကျလာသည်။
ထိုမြင်ကွင်းသည် ရီဖုန်းနှင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံးကို ကြက်သေသေသွားစေသည်။
ဒီမိန်းကလေးက အရမ်းရက်စက်တာပဲ...
ယောင်လင်းအာသည် ထပ်မံ၍ပါးရိုက်တော့မည့်အချိန်မှာပင် ဖန်းယင်က မျက်ရည်များစီးကျနေသောမျက်နှာနှင့် ပြောဆိုသည်။
"မရှိဘူး...ငါ့မှာ အရည်အချင်းမရှိပါဘူး......"
"ဟွန့်...ဒါဆိုရင်လည်း ထွက်သွားစမ်း"
ယောင်လင်းအာသည် အထင်အမြင်သေးစွာနှင့် အေးစက်စက်ရယ်မောကာ ဖန်းယင်ကို ထပ်မံ၍ ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည်။
"အား..."
စူးရှနာကျင်စွာ အော်လိုက်သံကြီးနှင့်အတူ ဖန်းယင်၏ခန္ဓာကိုယ် လေထုအတွင်းသို့ လွင့်ထွက်သွားကာ မြစ်အတွင်းသို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားလေ၏။
ဖန်းယင်ကို တစ်ချက်ပင် ထပ်မံ၍မကြည့်တော့ဘဲ ယောင်လင်းအာသည် နောက်သို့ပြန်လှည့်ကာ ရီဖုန်းကိုကြည့်လိုက်သည်။ သူမ၏မျက်နှာအမူအယာသည် ဆွဲဆောင်မှုရှိပြီး နူးညံသိမ်မွေ့သွားသည်။
"ဆရာရီကို နှုတ်ဆက်ပါတယ်"
သူမက နူးညံသိမ်မွေ့စွာပြောဆိုကာ ရီဖုန်းကို အနည်းငယ် ဦးညွှတ်လိုက်သည်။
"မိန်းကလေးရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ရီဖုန်းကလည်း နူးညံညင်သာစွာ တုံ့ပြန်ပြောဆိုသည်။
"ဆရာရီက အရမ်းကြင်နာတတ်တာပဲ"
ယောင်လင်းအာက နူးညံသိမ်မွေ့စွာဖြင့် ပြောဆိုလိုက်၏။
"ဆရာရီက ကျွန်မ ဘယ်သူလဲဆိုတာ မသိမှာကို ကျွန်မ စိုးရိမ်မိတယ်...ကျွန်မက....."
သို့ရာတွင် သူမ၏စကား တစ်ဝက်တစ်ပျက်အရောက်မှာပင် ရီဖုန်းက အပြုံးနှင့် ကြားဖြတ်ဟန့်တားလေသည်။
"မင်း အခက်တွေ့နေစရာ မလိုဘူး...ငါတို့ အရင်က တွေ့ဖူးပြီးသားပဲလေ"
"အရင်က တွေ့ဖူးတာလား"
ထိုစကားကိုကြားချိန်တွင် ယောင်လင်းအာ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
သူမသည် နေရာမှာပင် ကြက်သေသေသွားကာ အချိန်တစ်ခုကြာသည်အထိ စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။ ဖြစ်နိုင်သည်မှာ သူသည် သူမ၏သရုပ်မှန်ကို သိရှိပြီးဖြစ်သလော။
သူသည် သူမ၏ယခင် အယောင်ဆောင်ခဲ့မှုကို ထွင်းဖောက်မြင်ပြီးဖြစ်သလော။
သူမ၏စိတ် မလုံသကဲ့သို့ခံစားရကာ အေးစက်စက်ချွေးများက သူမ၏ခန္ဓာကိုယ်အနှံ့မှ ယိုစီးကျလာသည်။
ထိုအကြောင်းကိုတွေးတောရင်း သူမက အလျှင်အမြန် ရှင်းပြလိုက်၏။
"ဆရာကြီး...အရင်က ကိစ္စတွေနဲ့ပတ်သတ်ပြီးတော့ ကျွန်မ တောင်းပန်ပါတယ်...ကျွန်မ ဒီလိုလုပ်ခဲ့ရတာက...."
"ဘာမှရှင်းပြဖို့ မလိုတော့ဘူး...ဒါက ကိစ္စကြီးတစ်ခုမှမဟုတ်တာ...."
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းပြကာ အပြုံးနှင့်ပြောဆိုသည်။ သူသည် အမှန်တကယ်ကိုပင် ယောင်လင်းအာကို ယခင်က တွေ့မြင်ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် သူ့ရှေ့၌ ခလုတ်တိုက်၍လဲကျချင်ယောင်ဆောင်ခဲ့သည်ကို သူ မြင်တွေ့ပြီးဖြစ်သည်။
သူ သူမကို ကူညီ၍တွဲထူမပေးခဲ့ရသည့် အကြောင်းအရင်းမှာ သူသည် သူမကို မသိသောကြောင့်ပင်။ ရုတ်တရက်ကြီး သူ ထိုကဲ့သို့ပြုမူလိုက်ပါက သူနှင့်မသိကျွမ်းသည့် မိန်းမလှတစ်ယောက်သည် ထိတ်လန့်သွားနိုင်ပေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် သူမအပေါ် မှားယွင်းပြီး သံသယဝင်ခဲ့မိပုံရသည်။ ယခုကြည့်ကြည့်တော့မှ သူမသည် သူ၏အမာခံပရိတ်သတ်တစ်ယောက် ဖြစ်နေသည်။
အမာခံပရိတ်သတ်များသည် သူတို့၏စံပြပုဂ္ဂိုလ်အပေါ် နှစ်သက်မြတ်နိုးကြသဖြင့် သူ၏စိတ်အာရုံကိုဆွဲဆောင်နိုင်ရန်အတွက် မိန်းမမာယာတချို့ကို အသုံးပြုခဲ့သည်မှာ လွန်ကဲသောကိစ္စမဟုတ်ချေ။ သူမ၏ စိုးရိမ်ပူပန်ပြီး ရှက်ရွံနေသောအမူအယာကိုကြည့်ကာ ရီဖုန်းသည် သူမကို အချိန်မီ ကြားဖြတ်ဟန့်တားလိုက်ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မိန်းကလေးများသည် အရှက်အကြောက် ကြီးမားပေ၏။ ထိုကိစ္စအားထုတ်ဖော်မပြောဘဲ အလိုက်သင့်နေသည်က ပို၍ကောင်းမွန်ပေမည်။
'ငါရဲ့ရုပ်ရည်နဲ့အရည်အချင်းက သောက်သုံးမကျဘူးဆိုပေမယ့်.....'
ရီဖုန်း၏စကားကိုကြားချိန်တွင် ယောင်လင်းအာသည် သူမ၏နဖူးမှချွေးများကို မသိမသာသုတ်လိုက်ကာ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူမ၏စိတ်နှလုံးသားအတွင်း၌ ခါးသည်းစွာ ရယ်မောလိုက်၏။
သူသည် သူမ၏သရုပ်မှန်ကို တလျှောက်လုံး သိနေခဲ့သည်။
သူမအား စိတ်သက်သာရသကဲ့သို့ ခံစားရစေသည်မှာ သူသည် သူမ၏သရုပ်မှန်နှင့်ပတ်သတ်၍ များစွာဂရုစိုက်ပုံမရခြင်းပင်။ ဤလူ၏စိတ်သည် အမှန်တကယ်ကိုပင် နက်နဲသိမ်မွေ့သည်။
သို့ရာတွင် ဒုတိယအကြိမ်ပြန်လည်တွေးတောကြည့်ချိန်တွင် သူမသည် အကြောင်းအရင်းကို ရှာတွေ့သွားသည်။ သူ၏မျက်လုံးအတွင်း၌ ရွှမ်းဝူဂိုဏ်းသည် ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသာဖြစ်ရာ သူ၏စိတ်အတွင်း၌ အလေးအနက်မထားသည်မှာ သဘာဝကျသောကိစ္စပင်။
သို့ရာတွင် သူမ၏ရည်ရွယ်ချက်ကို သူ ထွင်းဖောက်မြင်မသွားစေရန် သူမ မျှော်လင့်မိသည်။
ထိုအကြောင်းကိုတွေးတောရင်း ယောင်လင်းအာသည် ရှက်ရွံသကဲ့သို့ ခံစားရကာ သူမ၏စိတ်အတွင်း၌ အနည်းငယ်စိုးရိမ်ထိတ်လန့်နေသည်။
"ပြီးတော့ မိန်းကလေးမြောင်ကိုလည်း ကျေးဇူးတင်ပါတယ်"
ရီဖုန်းသည် သူ၏နံဘေးရှိမြောင်ယွင်အာကို တွဲထူပေးကာ နူးညံညင်သာစွာ ပြောဆိုလိုက်၏။
ရီဖုန်း၏လက်မှခွန်အားကို ခံစားမိချိန်တွင် မြောင်ယွင်အာ၏လှပသောမျက်နှာလေး ရှက်သွေးဖြာပြီးနီမြန်းသွားကာ သူမ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး...ငါကသာ မင်းတို့နှစ်ယောက်ကို ကျေးဇူးတင်ရမယ့်လူပါ....အော် ကောင်းပြီလေ....ငါ့ရဲ့ကျေးဇူးတင်မှုကို ပြသတဲ့အနေနဲ့...ဒီနေ့ည မင်းတို့နှစ်ယောက်ကို ညစာကျွေးပါရစေ"
ရီဖုန်းက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် မိန်းကလေးနှစ်ယောက်၏မျက်နှာများ ချက်ချင်းဝင်းလက်သွားကာ အလျှင်အမြန် သဘောတူညီလိုက်၏။
ဤမြင်ကွင်းသည် မနာလိုမရှုစိမ့်ဖွယ် ဖြစ်နေသောကြောင့် လူအများထံမှ မနာလိုမှုနှင့်မုန်းတီးသော အကြည့်များကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
ဤမတော်တဆကိစ္စကြောင့် ရီဖုန်းသည် ဤကဗျာစာပေနှီးနှောဖလှယ်ပွဲကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။ စိတ်ရှုပ်ထွေးစွာဖြင့် သူသည် မြစ်အတွင်း၌ရှိနေဆဲဖြစ်သော ဖန်းယင်ကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူသည် မိန်းကလေးနှစ်ယောက်ကို နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။
ရီဖုန်းနှင့်တခြားသူများ ထွက်ခွာသွားပြီးနောက် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်က အဝေးမှပျံသန်းလာကာ လူအုပ်အကြားသို့ ဆင်းသက်လာသည်။
"ဝိုး...နောက်ထပ် ကျင့်ကြံသူတစ်ယောက်ပါလား"
ထိုလူငယ်ကို မြင်တွေ့ချိန်တွင် လူအများသည် နံဘေးသို့ အလျင်စလို ဘေးသို့ကပ်လိုက်ကြ၏။ နောက်ထပ်ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ယခုရောက်ရှိလာသူသည် ချင်ရှန်းဂိုဏ်း၏အကျဥ်းထောင်မှလွတ်မြောက်သည်နှင့် တောင်ပေါ်မှဆင်းလာသော ယုဝမ်ကျီးမှတပါး တခြားသူမဟုတ်ချေ။ သူသည် ဖန်းယင်နှင့်တွေ့ရန် ချိန်းဆိုထားသောနေရာသို့ စိတ်မရှည်စွာဖြင့် အပြေးလာခဲ့ခြင်းဖြစ်သည်။
"ယင်အာ...ယင်အာ...မင်း ဘယ်မှာလဲ"
ယုဝမ်ကျီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"စီနီယာအကိုဝူကျီး...ကျွန်မ....."
ထိုအချိန်မှာပင် အစောပိုင်းကမှ မြစ်အတွင်းမှတက်လာသော ဖန်းယင်သည် သူမကိုယ်သူမ သပ်သပ်ရပ်ရပ်ဖြစ်အောင် မပြုပြင်ရသေးမီမှာပင် ယုဝမ်ကျီးနှင့်ပက်ပင်းတိုးမိလေ၏။
"မင်း ဘာဖြစ်လာတာလဲ"
ယုဝမ်ကျီး၏မျက်နှာအမူအယာ သုန်မှုန်သွားကာ သူက ပျာပျာသလဲ မေးမြန်းလိုက်သည်။
"ကျွန်မ...ကျွန်မ..."
ဖန်းယင်သည် စကားပြောဆိုနေရင်း သူမ၏မျက်လုံးအတွင်းမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာသည်။
"ပြီးတော့...မင်းရဲ့မျက်နှာကို ဘာလို့ကာထားတာလဲ"
ယုဝမ်ကျီးက မျက်မှောင်ကြုတ်ကာ ထပ်မံ၍ မေးမြန်းလိုက်၏။
"စီနီယာအကိုဝူကျီး...ကျွန်မ အနိုင်ကျင့်ခံရတယ်"
ဖန်းယင်က သနားစဖွယ်လေသံနှင့် ပြောဆိုသည်။
"ကျွန်မရဲ့မျက်နှာ ဒဏ်ရာရထားတယ်"
"ဘာ...ဘယ်သူက ဒီလောက်ထိ ရဲတင်းတာလဲ...လင်းအာ ဘာမှမကြောက်နဲ့...ငါ မင်းအတွက် လက်စားချေပေးမယ်...အရင်ဆုံး မင်းရဲ့မျက်နှာကဒဏ်ရာ ဘယ်လောက်ထိဆိုးသွားလဲဆိုတာ ငါ ကြည့်ပါရစေ"
ယုဝမ်ကျီး၏အသံသည် နူးညံညင်သာနေကာ သူသည် ဖန်းယင်၏နံဘေးသို့သွားပြီး စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်၏။
"ဒါပေမယ့် အခုချိန်မှာ ကျွန်မ ရုပ်အရမ်းဆိုးနေမှာ...ဒီဒဏ်ရာတွေပျောက်ဖို့ အချိန်အတော်ကြာအုံးမယ်....စီနီယာအကိုဝူကျီး...ရှင် ကျွန်မကို ရွံရှာမသွားလောက်ပါဘူးနော်...ဟုတ်တယ်မလား"
ဖန်းယင်က မဝံ့မရဲနှင့် စိတ်လှုပ်ရှားစွာ မေးမြန်းသည်။
"ငါက ဘယ်လိုလုပ်ပြီးတော့...ယင်အာ...ငါက ဘာလို့ မင်းကို ရွံရှာသွားမှာလဲ...ငါ့ကို မြန်မြန်ကြည့်ခွင့်ပြုပါ"
ယုဝမ်ကျီးက စိုးရိမ်ပူပန်စွာ ပြောဆိုသည်။
"ကောင်းပြီလေ.. ဒါဆိုရင်လည်း...."
အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက် ဖန်းယင်သည် နောက်ဆုံး၌ သူမ၏ကာထားသောလက်ကို အောက်သို့ချကာ ဖူးယောင်သည်အထိရိုက်နှက်ခံထားရသော သူမ၏မျက်နှာကို ပြသလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ယုဝမ်ကျီး၏မျက်လုံးအိမ် ကျွတ်ထွက်လုမတတ်ပင်။
"မင်းက ဘယ်ကမကောင်းဆိုးရွားကြီးလဲ"
သူ စကားပြောဆိုနေစဥ်မှာပင် သူ၏ခြေထောက်သည် ဖန်းယင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ဖန်းယင်သည် လွင့်ထွက်သွားကာ မြစ်အတွင်းသို့ ပြင်းထန်စွာပြုတ်ကျသွားပြီး ရေများက နေရာအနှံ့အပြားသို့ ဖြာကျသွားလေ၏။
Chapter 68
ဖန်းယင်ကို ကန်ထုတ်ပြီးနောက် ယုဝမ်ကျီးသည် ချက်ချင်းဆိုသလိုပင် အဝေးသို့ ထွက်ပြေးခဲ့တော့သည်။
သူ မည်ကဲ့သို့ ဆက်လုပ်ရမည်ကို မသိတော့ချေ။
'အရမ်းရုပ်ဆိုးတယ်....ဒါက ဘာကြီးလဲ'
"အား...ကယ်ကြပါ...ကယ်ကြပါ..."
သို့ရာတွင် မည်သူကမျှ ဖန်းယင်၏အော်ဟစ်၍အကူအညီတောင်းခံသံကို မကြားကြချေ။ သူမသည် မြစ်ရေအတွင်းမှစုပ်ဝဲအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရ၏။ တစ်စုံတစ်ယောက်သည် သတိပြုမိသွားပြီး လှည့်ကြည့်လိုက်စဥ်မှာပင် ဖန်းယင်သည် စုပ်ဝဲအတွင်းသို့ လုံးလုံးလျားလျားနစ်မြုပ်သွားကာ ပျောက်ကွယ်သွားလေပြီ။
ချွမ်းရှီမြစ်ကမ်းနံဘေးမှ ပြန်လာပြီးနောက် ရီဖုန်းသည် သိုင်းပညာခန်းမသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ အနောက်ဘက်ခြံဝန်းအတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် မြေပြင်ပေါ်၌ ဝပ်တွားပြီး တဆတ်ဆတ်တုန်ရီနေသော ခွေးလေးကို တွေ့မြင်မိသည်။
ခွေး၏ထိတ်လန့်ကြောက်ရွံနေသောအကြည့်သည် ရီဖုန်း၏နောက်မှီကုလားထိုင်နောက်ရှိ တံခါးငယ်လေးထံသို့ ဦးတည်နေသည်။
"ဝမ်ချိုင်...မင်း ခုတလော ဘာတွေဖြစ်နေတာလဲ"
ရီဖုန်းက ခွေး၏ခေါင်းကိုပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်၏။
"ဝုတ်...ဝုတ်...."
အောင်းချင်က တံခါးငယ်လေးကိုကြည့်ကာ ဟောင်လိုက်သည်။
"ငါ့ကို မပြောစမ်းနဲ့...မင်း..."
ရီဖုန်းက ခွေးကိုစူးစိုက်၍ ကြည့်လေသည်။ ဤအခြေအနေသည် သူ၏အရင်ဘဝမှ စွတ်ဖားခွေး မုန်ယိုချိန်နှင့် လွန်စွာတူညီနေသည်။ ဖြစ်နိုင်သည်မှာ ဝမ်ချိုင် လိုချင်နေသောအရာသည်......
ထိုအကြောင်းကို တွေးတောမိလေလေ ရီဖုန်းသည် ပို၍ပို၍ တူညီနေသည်ဟု မြင်မိလေလေပင်။
"ကောင်းပြီလေ...နောက်တစ်ကြိမ် ငါ့မှာ အချိန်ရှိရင် မင်းကိုကူညီပြီးတော့ ဒီပြဿနာကို ဖြေရှင်းပေးမယ့်...ဒါပေမယ့် အခုတော့ မင်း ဒါကို တောင့်ခံထားလိုက်အုံး"
အောင်းချင်ကို နှစ်သိမ့်ပေးပြီးနောက် ရီဖုန်းသည် မတ်တတ်ထရပ်ကာ ပျင်းရိငြီးငွေ့စွာ အကြောဆန့်လိုက်၏။ သူ ပျင်းရိနေသကဲ့သို့ခံစားရကာ မည်သို့ပင်ဆိုစေကာမူ ညစာစားရန်အတွက်လည်း အချိန်စောနေသေးသည်။
"တပည့်လေး...ငါက ရီဟုန်ဆောင်ကြာမြိုင်ကိုသွားပြီးတော့ အဲ့ဒီက ကောင်မလေးတွေနဲ့ ဖဲသွားရိုက်လိုက်အုံးမယ်...သိုင်းပညာခန်းမကို ကြည့်ထားအုံး"
ရီဖုန်းက ပြောဆိုသည်။ သူသည် ရီဟုန်အဖွဲ့မှ မိန်းကလေးများကို သတိရနေလေ၏။ သူ သူမတို့နှင့် ဖဲမရိုက်ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ဤနေ့လည်ခင်းသည် သူမတို့နှင့်အတူ အချိန်ဖြုန်းရန်အတွက် အကောင်းဆုံးပင်။
"ဟုတ်ကဲ့ပါ ဆရာသခင်..."
ကျုံးချင်သည် နာခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း အောင့်အည်းမထားနိုင်သဖြင့် မေးမြန်းလိုက်သည်။
"ဆရာသခင်...ဖဲရိုက်တယ်ဆိုတာက ဘာလဲ"
"ဟား ဟား ဟား..."
ရီဖုန်းက ရယ်မောကာ ကျုံးချင်၏ခေါင်းကို ပွတ်သပ်လိုက်၏။
"တကယ်လို့ ငါ မင်းကို ပြောပြရင်တောင်...မင်း နားလည်နိုင်မှာမဟုတ်ဘူး"
"ဆရာသခင်...ကျွန်တော် နားလည်ပါတယ်....ဘာလို့လဲဆိုတော့ ကျွန်တော်က ဆရာအတွက် ဝိုင်သွားဝယ်ပေးတဲ့ အချိန်ကျရင် အဲ့ဒီနားကနေ မကြာခဏ ဖြတ်လျှောက်သွားမိတယ်...အဲ့ဒီမိန်းကလေးတွေက...သူတို့က...."
ထိုအချက်သို့အရောက်တွင် ကျုံချင်သည် တွန့်ဆုတ်သွားလေ၏။ အချိန်အတော်ကြာ စိတ်လှုပ်ရှားနေပြီးနောက် သူက အထစ်ထစ်အငေါ့ငေါ့နှင့် ပြောဆိုသည်။
"ဒါဆိုရင် ဆရာသခင်....ဆရာနဲ့အတူ ဖဲရိုက်ဖို့ ကျွန်တော်ကို ရီဟုန်ဆောင်ကြာမြိုင်ဆီ ခေါ်သွားပေးလို့ရမလား"
ထိုသို့ပြောဆိုပြီးနောက် သူ၏မျက်နှာ ရှက်ရွံမှုကြောင့် နီမြန်းသွားသည်။
သို့ရာတွင် သူ့ထံ၌ မျှော်လင့်စောင့်စားမှုများနှင့် ပြည့်နှက်နေလေရာ ဝိုးတိုးဝါးတားနှင့် သူ၏နုတ်ခမ်းကို လျှာဖြင့်သပ်လိုက်မိကာ မျှော်လင့်နေသောအကြည့်ဖြင့် ရီဖုန်းကို ကြည့်လိုက်၏။
"မင်းက ဘာကိုနားလည်တာလဲ"
ရီဖုန်းသည် မပြုံးဘဲ မနေနိုင်တော့ချေ။
သူကိုယ်တိုင် ဖန်တီးထားသော ဤဖဲချပ်များသည် ဤလောကအတွင်း၌ တစ်စုံတည်းသာရှိသည်။ ရီဟုန်ဆောင်ကြာမြိုင်မှ မိန်းကလေးများကိုပင် သူ သင်ကြားပေးထားခြင်းဖြစ်သည်။ ကျုံးချင်သည် ထိုဖဲချပ်များကိုပင် မမြင်ဖူးလေရာ မည်သည်ကြောင့် သူ နားလည်သဘောပေါက်နိုင်မည်နည်း။
"ဆရာသခင်....ကျွန်တော် တကယ်နားလည်ပါတယ်"
ကျုံးချင်သည် ကြိုးစားကြည့်ရန် အလွန်စိတ်အားထက်သန်နေသည်။
"မင်း ဒါကို နားလည်နိုင်မှာမဟုတ်ဘူး....ဒီအချိန်မှာ မင်းရဲ့လက်သီးနည်းစနစ်တွေ ကျင့်ကြံတဲ့နေရာမှာပဲ အာရုံစိုက်သင့်တယ်...ဖဲရိုက်တယ်ဆိုတာက ငါ မင်းကို နောက်ပိုင်းကျရင်သင်ပေးမယ့် ကိစ္စတစ်ခုပဲ"
ရီဖုန်းသည် ကျုံးချင်၏ပခုံးကိုပုတ်ကာ နှစ်သိမ့်ပြီးနောက် သူသည် အေးအေးလူလူအမူအယာဖြင့် ပြင်ပသို့ထွက်ခဲ့တော့သည်။
"ဒါပေမယ့် ကျွန်တော်က အသက်သိပ်မငယ်တော့ဘူးလေ"
ကျုံးချင်သည် ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းကုတ်လိုက်၏။ သို့ရာတွင် ဆရာသခင်သည် သူ့အားသွားခွင့်ပြုမထားသဖြင့် သူ၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုများကို တိတ်တဆိတ် ချိုးနှိမ်ထားရပေမည်။
"ဝုတ်...ဝုတ်..."
ခြံဝန်းအတွင်း၌ အောင်းချင်သည် တံခါးငယ်လေးကိုကြည့်၍ ဟောင်နေဆဲပင်။
'သောက်ချေးပဲ...ငါ ထပ်ပြီး သည်းမခံနိုင်တော့ဘူး'
အောင်းချင်က ကျိန်ဆဲ၍ အရှေ့ခန်းမထံသို့ ထွက်လာခဲ့တော့သည်။ သူသည် ယခုချိန်၌ ထိုတံခါးငယ်လေးအတွင်းမှ ထွက်ပေါ်နေသော ထိတ်လန့်ကြောက်ရွံဖွယ်ရာကြီးကို ရင်ဆိုင်ရမည်ထက် လက်နက်ပန်းချီစာလိပ်ဆယ့်ရှစ်ခုကိုသာ ပို၍ ရင်ဆိုင်လိုသည်။
ဤအခန်းအတွင်း၌ သူ၏သခင်သည် မည်သည့်အရာများအား ဖွက်ထားသည်ကို မည်သူသိနိုင်မည်နည်း။
ဤသည်မှာ သူ ရင်ဆိုင်နိုင်မည့်အရာမျိုး မဟုတ်ချေ။
ထို့ကြောင့် သူ ရှောင်တိမ်းရပေမည်။
တခြားတစ်ဖက်တွင် မြောင်ယွင်အာနှင့်ယောင်လင်းအာတို့သည် ရီဖုန်း၏ ညစာစားရန်ဖိတ်ကြားချက်ကို ရရှိခဲ့သည်။
ထို့ကြောင့် ယောင်လင်းအာသည် ကျောက်စိမ်းပြားတစ်ချပ်ပေါ်တွင် စာတစ်စောင်ရေးသား၍ ဤကိစ္စကို ရွှမ်းဝူဘိုးဘေးထံ သတင်းပို့လိုက်၏။
"လင်းအာ...ငါ မင်းကို ယုံကြည်တယ်...မင်း မှတ်ထားရမှာက...ဒီနေ့ညက ရှားပါးတဲ့ အခွင့်အရေးကောင်းကြီးပဲ...ဘာကိစ္စပဲရှိနေနေ မင်း ဒီနေ့ည သူ့ကို ရအောင်လုပ်ရမယ်...ရွှမ်းဝူဂိုဏ်းရဲ့အနာဂတ်က မင်းအပေါ်မှာ မူတည်နေတယ်"
ကျောက်စိမ်းပြားအတွင်းမှ နင်ရွှမ်းဝူ၏ တည်ကြည်လေးနက်သော သတင်းစကားသည် ယောင်လင်းအာကို ကြီးမားလေးလံသော တာဝန်တစ်ခုကဲ့သို့ ခံစားရစေသည်။ သူမက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ပင်ကျင်းကုန်သည်အဖွဲ့အစည်း၌....
မြောင်ယွင်အာ၏သတင်းပို့မှုကိုကြားချိန်တွင် မြောင်လင်းက မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် တွေးတောလိုက်သည်။
နောက်ဆုံး၌ အချိန်အတော့်အတော်ကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူက ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ မြောင်ယွင်အာ၏ရှေ့၌ ချလိုက်၏။
"ယွင်အာ...ဒီကိစ္စအတွက် မင်း ငါ့ကို အပြစ်မတင်ဖို့ ငါ မျှော်လင့်တယ်"
ထိုသို့ပြောဆိုပြီးနောက် မြောင်လင်းက လေးလံသောသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
လွန်ခဲ့သောလအတွင်း၌ အကြီးမြတ်ဆုံးရတနာစာအုပ်ကြောင့် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းသည် သူ၏ပင်ကျင်းကုန်သည်အဖွဲ့အစည်းကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ကုန်သည်အဖွဲ့မှအကြီးအကဲများအားလုံးထံမှ တုန်လှုပ်ချောက်ချားဖွယ် ဖိအားပေးမှုကို ခံစားနေရကာ သူ အသက်ရှုမွန်းကြပ်နေခဲ့လေ၏။
ဤှအချိန်အခိုက်အတန့်တွင် သူသည် ရူးမိုက်သောနည်းလမ်းများကို အသုံးပြုရန်သာ တတ်နိုင်တော့သည်။
ထိုအကြောင်းကိုတွေးတောမိချိန်တွင် ယခင်ကကိစ္စများကို သူ အလွန်အမင်း နောင်တရနေမိသည်။ သူ အချိန်တခဏခန့် ကျိုးကြောင်းမဆင်ခြင်နိုင်ခဲ့သဖြင့် သူ့ကိုယ်သူ ဤအခြေအနေထိရောက်အောင် တွန်းပို့ခဲ့ကာ နောက်ဆုံး၌ သူ၏သမီးဖြစ်သူကိုပင် အသုံးချနေရလေပြီ။
"ဒါဆိုရင် အဖေ...ဒါကဘာလဲ"
မြောင်ယွင်အာသည် အဖြူရောင်ကျောက်စိမ်းပုလင်းကို စူးစိုက်၍ကြည့်ကာ သူမ၏နုတ်ခမ်းကို ဖိ၍ကိုက်လိုက်၏။
"နွေဦးပန်းနံ့သာမှုန့်"
မြောင်လင်းက ပျက်ယွင်းနေသော မျက်နှာအမူအယာနှင့် ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် မြောင်ယွင်အာ၏ဆွဲဆောင်မှုရှိသောခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။ သူမ၏လှပသောမျက်နှာလေးပေါ်တွင် စိတ်ရှုပ်ထွေးမှုများ မလိုလားမှုများနှင့် ပြည့်နှက်သွားလေ၏။ သို့ရာတွင် ထိုလူကြီးမင်း၏ ပုံပန်းသွင်ပြင်နှင့်ပါရမီအရည်အချင်းတို့ကို တွေးတောမိချိန်တွင် စိတ်တုန်လှုပ်ခြင်းနှင့်မျှော်လင့်စောင့်စားခြင်းဟူသော ဆန့်ကျင်ဘက်ခံစားချက်နှစ်ခုက သူမ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်လာသည်။
Chapter 69
သိုင်းပညာခန်းမ၏ရှေ့၌....
ကျုံးချင်သည် ထပ်ခါတလဲလဲ လက်သီးထိုးကျင့်နေသည်။ ရီဖုန်းထံမှ အချိန်အတော်ကြာ သင်ယူပြီးနောက် သူသည် အမြောက်အများ သင်ယူပြီးလေပြီ။ သူ လက်သီးထိုးနှက်လိုက်စဥ်တွင် လေပြင်းများက သူ၏နံဘေးပတ်လည်၌ ချာလပတ်လည်နေသည်။
သူ၏နံဘေး၌ အောင်းချင်သည် မြေပြင်ပေါ်၌ ခြေကားရားလက်ကားရားဖြင့် ပျင်းရိငြီးငွေ့စွာဖြင့် လဲလျောင်းနေလေ၏။
ဤကောင်လေး၏လက်သီးချက်များသည် ဆရာသခင်ထက် အလွန့်အလွန်ပို၍ညံဖျင်းသည်။
သို့ရာတွင် ထိုကောင်လေးသည် သူ့အား နေ့စဥ်အစာကျွေးနေသဖြင့် လှောင်ပြောင်သရော်ခြင်းကို သူ ရှောင်ကြဥ်ရပေမည်။
ထိုအချိန်မှာပင် ဆွဲဆောင်မှုရှိသောပုံရိပ်လေးတစ်ခုက သိုင်းပညာခန်းမ၏တံခါးဝသို့ လျှောက်လှမ်းလာသည်။
ဤသည်မှာ ကောင်းမွန်စွာဝတ်စားပြင်ဆင်ထားသော နတ်ဆိုးမယောင်လင်းအာပင်။ သူမ၏သိမ်မွေ့နူးညံသောမျက်နှာသွင်ပြင် စွဲမက်ဖွယ်ခန္ဓာကိုယ်နှင့် ရစ်ဝဲနေသောမွှေးရနံ့တို့ကြောင့် လမ်းသာလမ်းလာအမျိုးသားများ၏မျက်လုံးများ ကျွတ်ထွက်ကျတော့လုမတတ် ဖြစ်သွားစေသည်။
ယောင်လင်းအာသည် ထိုလူများကို တစ်ချက်ပင် စောင်းငဲ့ကြည့်ခြင်းမပြုချေ။ သူမ၏အကြည့်သည် ရှေ့ရှိသိုင်းပညာခန်းမထံတွင်သာ စူးစိုက်၍ ကျရောက်နေသည်။
သူမသည် အလွန်စိတ်လှုပ်ရှားနေသောကြောင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
အကြောင်းအရင်းမှာ သူမသည် သိုင်းပညာခန်းမကို အနီးကပ်စစ်ဆေး၍ ရီဖုန်း၏အကြောင်းကို ကြိုတင်၍လေ့လာထားလိုသောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ရီဖုန်းကိုငမ်းငမ်းတက်လိုချင်နေသော မြောင်ယွင်အာနှင့် ထိပ်တိုက်ရင်ဆိုင်ရပေမည်။
သူမသည် ခွန်အားနှင့်လှပမှု နှစ်ခုစလုံးတွင် မြောင်ယွင်အာထက်သာလွန်သည်ဟု ယုံကြည်ချက်ရှိသော်လည်း ရီဖုန်း၏နှစ်သက်မှုကို ရရှိမည်ဟု မသေချာသဖြင့် သူမ စိတ်မအေးနိုင်သေးချေ။
ထို့ကြောင့် သူမသည် အသာစီးရရန် မျှော်လင့်၍ စောစီးစွာလာခဲ့ခြင်းဖြစ်သည်။
နောက်ဆုံး၌ တံခါးဝ၌ လှေကားထစ်နေရာတွင်ရှိနေသော ကောင်းကင်တုန်ဟီးကျောက်တုံးနှင့် နံဘေး၌ အဝတ်စုတ်ကဲ့သို့တွဲလောင်းဆွဲထားသော ပျံလွှားဝတ်ရုံကိုကြည့်ကာ သူမ၏စိတ်ခံစားချက်များ ရှုပ်ထွေးနေသော်လည်း မဆင်မခြင်မပြုဝံ့ချေ။ သူမက နူးညံညင်သာသောအသံဖြင့် အော်ဟစ်လိုက်၏။
"ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေလား.."
ခန်းမအတွင်း၌ လက်သီးနည်းစနစ်ကိုလေ့ကျင့်နေသော ကျုံးချင်သည် သူမ၏အသံကိုကြားချိန်တွင် ပြေးထွက်လာကာ ယဥ်ကျေးသိမ်မွေ့စွာ ပြောဆိုသည်။
"မင်း ဘယ့်သူကို လာရှာတာလဲ"
"မင်္ဂလာပါ...မောင်ငယ်လေး...ငါက ဆရာရီကို လာရှာတာပါ"
ယောင်လင်းအာက ဆွဲဆောင်မှုရှိသောအသံဖြင့် ပြောဆိုလေသည်။
"ဆရာက အခုဒီမှာ ရှိမနေဘူး...ကျေးဇူးပြုပြီးတော့ နောက်နေ့ကျမှ ထပ်လာခဲ့ပါ"
ကျုံးချင်က တောင်းပန်စကား ပြောဆိုလိုက်၏။
"ဒီမှာ ရှိမနေဘူးလား"
ယောင်လင်းအာက မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။
"နင့်ရဲ့ဆရာ ဘယ်ကိုသွားတာလဲဆိုတာ ပြောပြပေးနိုင်မလား"
"ဒါက...."
ကျုံးချင်ကို ကြည့်ရသည်မှာ ရှက်ရွံနေပုံရသည်။
"ငါ့ကို ပြောပြရုံလေးပဲလေ...အဆင်ပြေတယ်မလား"
ယောင်လင်းအာသည် ညုတုတုအမူအယာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကျုံးချင်ကိုကြည့်လိုက်သည်။ သူမ၏အသံတွင် ပရောပရည်အရိပ်အယောင်မျိုး ရောယှက်နေပေ၏။
ကျုံးချင်၏စိတ်နှလုံးသား တုန်ရီသွားသည်။ ယောင်လင်းအာ၏အလှတရားအောက်တွင် သူသည် အစွမ်းအစကင်းမဲ့သွားကာ သူက ရှက်ရွံနေသောမျက်နှာနှင့် ရှေ့နောက်စကားမညီတော့ဘဲ ဗလုံးဗထွေးရေရွတ်မိသည်။ နောက်ဆုံး၌ သူက အထစ်ထစ်အငေါ့ငေါ့နှင့် ပြောဆိုလိုက်သည်။
"ဆရာက မိန်းကလေးတွေနဲ့ဖဲကစားဖို့ ရီဟုန်ဆောင်ကြာမြိုင်ကိုသွားတယ်"
"ရီဟုန်ဆောင်ကြာမြိုင်လား"
ယောင်လင်းအာသည် မယုံကြည်နိုင်ဖွယ် သတင်းတစ်ခုကို ကြားလိုက်ရသည့်အလား သူမ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။ သူမသည် ထပ်မံ၍ အလျင်စလိုမေးမြန်းလိုက်၏။
"ဒါဆိုရင်...မောင်ငယ်လေး ဖဲကစားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲဆိုတာ နင် ငါ့ကို ပြောပြပေးနိုင်မလား"
"ဒါက...ဒါက.."
ကျုံးချင်သည် အလွန်ရှက်ရွံသွားကာ သူက ရှက်ကို့ရှက်ကန်းလေသံဖြင့် ပြောဆိုသည်။
"ဒါက ယောက်ျားနဲ့မိန်းမကြားက ကိစ္စတွေကိုဆိုလိုတာ...."
"အော်.."
ယောင်လင်းအာက အမြော်အမြင်ကြီးစွာဖြင့် ခေါင်းညိတ်ပြကာ ကျုံးချင်ကို ပြုံးပြလိုက်သည်။
"မောင်ငယ်လေး...နင်က ခုလောက်ထိ ဗဟုသုတကြွယ်ဝမယ်လို့ ငါ ထင်မထားမိဘူး...ဒီနေ့အတွက် နင့်ကို ကျေးဇူးတင်ပါတယ်...တစ်ရက်ရက်ကျရင် ငါ နင့်ကို ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်"
ကျုံးချင်၏မျက်နှာသည် ချက်ချင်းဆိုသလိုပင် အနီရောင်သန်းသွားသော်လည်း သူက ပြောဆိုလိုက်၏။
"ဒီကိစ္စကို နောက်မှပြောကြတာပေါ့...မင်း အရင်ဆုံး ပြန်လိုက်တော့....ငါ လက်သီးထိုးကျင့်ရအုံးမယ်"
ကျုံးချင်၏တုံ့ပြန်မှုကိုကြည့်ပြီး ယောင်လင်းအာ၏မျက်လုံးများ တောက်ပသွားသည်။
ဆရာတူတပည့်တစ်ယောက်ပင်။
"ကောင်းပြီလေ...နင် လေ့ကျင့်နေတာကို ငါ မနှောက်ယှက်တော့ဘူး...ပြန်သွားပြီးလေ့ကျင့်တော့...ငါ အခုသွားတော့မယ်"
ယောင်လင်းအာက နူးညံသိမ်မွေ့စွာ ပြောဆိုသည်။
ကျုံးချင်က ခေါင်းညိတ်ပြကာ အတွင်းသို့ပြန်ဝင်ခဲ့တော့သည်။
ကျုံးချင် အတွင်းသို့ဝင်သွားသည်ကို စောင့်ကြည့်ရင်း ယောင်လင်းအာ၏နုတ်ခမ်းထောင့် မသိမသာမြင့်တက်သွားသည်။ သူမသည် ရီဖုန်းကို မတွေ့ခဲ့ရသော်လည်း အရေးကြီးသောသတင်းအချက်အလက်များကို ရရှိခဲ့ပေ၏။
ရီဖုန်းကဲ့သို့အဆင့်ရှိသော တစ်စုံတစ်ယောက်ထံတွင် သွေးသားဆန္ဒများမရှိတော့မည်ကို သူမ စိုးရိမ်ပူပန်နေခဲ့သည်။ သို့ရာတွင် ယခုရရှိသောသတင်းများမှတဆင့် လူကြီးလူကောင်းဆန်သော ဆရာသခင်သည် အလွန်ရိုးဖြောင့်နေခြင်းမရှိဟု ညွှန်ပြနေသည်။
ဤသည်က သူမ၏တာဝန်ကိုဆောင်ရွက်ရာ၌ ပို၍လွယ်ကူစေပေမည်။
သူမသည် ဝမ်းသာအားရဖြင့် သိုင်းပညာခန်းမမှထွက်သွားရန် နောက်သို့ပြန်လှည့်လိုက်သော်လည်း ခြေလှမ်းနှစ်လှမ်းသာလှမ်းပြီးနောက် တုံ့ဆိုင်းသွားသည်။ သူမ၏အကြည့်သည် မလှမ်းမကမ်း၌ အခြောက်ခံထားသော ပျံလွှားဝတ်ရုံပေါ်သို့ ကျရောက်သွားသည်။
အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းပြီးနောက် သူမက အံ့တင်းတင်းကြိတ်ကာ သူမ၏လက်ဖြင့် ပျံလွှားဝတ်ရုံကို ဆွဲယူလိုက်၏။
"ဝုတ်....."
တစ်ချိန်တည်းမှာပင် ခန်းမအတွင်း၌ အနားယူနေသော အောင်းချင်က ဟောင်လိုက်သည်။
ကျုံးချင်က မျက်မှောင်ကြုတ်ကာ သူ့အား ရီဖုန်းလက်ဆောင်ပေးထားသော ဓားရှည်ကို ဆုပ်ကိုင်၍ ပြင်ပသို့ပြေးထွက်ခဲ့သည်။
ယောင်လင်းအာသည် အဝတ်စုတ်ကိုခိုးယူနေသည်အား မြင်တွေ့မိသော အချိန်အခိုက်အတန့်တွင် သူ အလွန်စိတ်လှုပ်ရှားသွားသည်။
"မင်းက ခိုးဝံ့တာလား"
ဒေါသအရိပ်အယောင်များက ကျုံးချင်၏မျက်နှာပေါ်၌ ထင်ဟပ်လာကာ သူက အော်ဟစ်လိုက်သည်။
"မင်းကို ကြည့်ရတာ အရမ်းလှပချောမောပေမယ့်...ခုလိုလုပ်ရပ်မျိုးကို လုပ်နိုင်တယ်လား"
ယောင်လင်းအာသည် သူမအား ခိုးထုပ်ခိုးထည်နှင့် ကျုံးချင်ဖမ်းမိသွားမည်ဟု မျှော်လင့်မထားမိသဖြင့် သူမ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ သို့ရာတွင် သူမသည် တည်ငြိမ်မှုကို ထိန်းသိမ်းကာ ဆွဲဆောင်မှုရှိသောအမူအယာမျိုးသို့ပြောင်းလဲပြီး ပြောဆိုလိုက်၏။
"မောင်ငယ်လေး...နင် ငါ့ကို ဒီအဝတ်စပေးရင်...နင့်ကို မိန်းကလေးတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်လို့ ငါ ကတိပေးတယ်လေ...ဘယ်လိုသဘောရလဲ"
"ငါ ပြောချင်တာက အခုချက်ချင်း မင်း အဲ့ဒီအဝတ်စကို ချထားလိုက်စမ်း"
ကျုံးချင်က ဖြောင့်မတ်မှန်ကန်သောလေသံနှင့် အမိန့်ပေးလေသည်။
"ဒါက အဝတ်စတစ်ခုဆိုပေမယ့် ငါ အခု မင်းခိုးယူနေတာကို မြင်သွားပြီးပြီ...မင်း ငါ့ကို ဘယ်မိန်းကလေးနဲ့မှလည်း မိတ်ဆက်ပေးစရာ မလိုတော့ဘူး"
"မောင်ငယ်လေး...နင်က မပျော်ပါးချင်ဘူးလား"
ယောင်လင်းအာသည် လက်မလျှော့ဘဲ အပြုံးနှင့် ပြောဆိုသည်။
သို့ရာတွင် ယခုချိန်၌ ကျုံးချင်သည် သူမ၏ဆွဲဆောင်မှုများကို ခံနိုင်ရည်ရှိသွားလေပြီ။ သူ၏ဓားရှည်ကိုဆွဲထုတ်ကာ သူ၏ခန္ဓာကိုယ်ငယ်လေးကို ရှေ့နောက်ကွေ့ကောက်သွားပြီး ယောင်လင်းအာထံ တိုးဝင်လိုက်၏။
"ဟမ့်...ဒီလို အသုံးမကျတဲ့အရည်အချင်းနဲ့များ...နင်က ငါ့ကို တိုက်ခိုက်ဝံ့တာလား"
ယောင်လင်းအာက အထင်အမြင်သေးနေသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အကြွင်းမဲ့ဖိအားအရှိန်အဝါတစ်ရပ်က သူမပေါ်သို့ ကျရောက်လာသည်။
ဘာလဲ....ဒီဓားက....
Chapter 70
ဤကဲ့သို့ အစွမ်းထက်သော ဖိအားအရှိန်အဝါ....
ဧကရာဇ်အဆင့် ဖြစ်နေသလော...
မဟုတ်သေး...
ကောင်းကင်တုန်ဟီးကျောက်တုံးနှင့် ပျံလွှားဝတ်ရုံတို့သည် ဧကရာဇ်အဆင့်ရတနာများဖြစ်သော်လည်း ဤအရှိန်အဝါဖြင့်နှိုင်းယှဥ်ပါက လွန်စွာအလှမ်းကွာဟသည်။
ဖြစ်နိုင်သည်မှာ ဘိုးဘေးအဆင့်....
ထိုသို့မဟုတ်ပါက သူတော်စင်အဆင့် ဖြစ်နေသလော....
ယောင်လင်းအာသည် ရှေ့သို့ဆက်၍ မစဥ်းစားဝံ့တော့ချေ။ ဤအစွမ်းအစမဲ့ပုံရသော ဓားချက်သည် ပြိုင်ဘက်ကင်းအရှိန်အဝါကို သယ်ဆောင်လာကာ သူမအား ကြမ်းပြင်ပေါ်၌ ဒူးထောက်ကျသွားစေရန် ဖိအားပေးနေခဲ့သည်။
ခရက်...
ဓားချက် တစတစ ပို၍နီးကပ်လာသည်နှင့်အမျှ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအောက်တွင် ယောင်လင်းအာ၏ခြေထောက်အောက်ရှိ ကျောက်ပြားများ ကြေမွှပျက်စီးသွားသော်လည်း ကျုံးချင်သည် ရပ်တန့်ရန် ရည်ရွယ်ချက်ရှိပုံမရချေ။
သိုင်းပညာခန်းမမှ ပစ္စည်းများကိုခိုးယူခြင်း...
အကယ်၍ ဤအရာသည် အဝတ်စုတ်တစ်ခု ဖြစ်နေလျှင်ပင် သူ သနားဂရုဏာပြသနေမည်မဟုတ်ချေ။
အကြောင်းအရင်းမှာ ဤနေရာသည် သူ၏အနွေးထွေးဆုံးအိမ်ပင်။ ဆရာသခင်၏ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ဤသိုင်းပညာခန်းမကိုပျက်စီးအောင် လုပ်ခွင့်မရှိသည့်အပြင် ဤသိုင်းပညာခန်းမမှပိုင်ဆိုင်သော ပစ္စည်းတစ်ခုတစ်လေကိုမျှ ယူဆောင်သွားခွင့်မရှိချေ။
သူမ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံမှုများ ပို၍ပြင်းထန်လာသည်နှင့်အမျှ ယောင်လင်းအာ၏မျက်နှာ ပို၍ဖြူရော်သွားသည်။ နောက်ဆုံး၌ သေခြင်းတရား၏ခြိမ်းခြောက်မှုအောက်တွင် သူမသည် ဘုတ်ခနဲအသံနှင့်အတူ ဒူးထောက်လိုက်၏။
"ငါ ဒီလိုမျိုး ထပ်ပြီးမလုပ်ရဲတော့ပါဘူး...ငါ ဘယ်တော့မှ ဒီလိုထပ်ပြီး မလုပ်တော့ဘူး"
သူမက တုန်လှုပ်ချောက်ချားစွာဖြင့် ပျာပျာသလဲ တောင်းပန်လိုက်သည်။
"ဟမ့်..."
ဓားရှည်သည် ယောင်လင်းအာ၏ခေါင်းအထက် လက်မဝက်ခန့်အကွာတွင် ရပ်တန့်သွားသော်လည်း ထိုအရာသည် သူမအား ထိတ်လန့်တုန်လှုပ်စေကာ ချွေးသီးချွေးပေါက်များကျလာသည်။
ဤသည်မှာ သူမ၏ဘဝတွင် သေခြင်းတရားနှင့်အနီးစပ်ဆုံး ကြုံတွေ့ရသည့်ကိစ္စပင်။
ဒူးထောက်လိုက်ရသော အရှက်ကွဲမှုကြောင့် ယောင်လင်းအာသည် အလွန်အမင်း နာကျည်းနေသော်လည်း နောင်တရခြင်းကြောင့် ခါးသည်းသောအပြုံးတစ်ခုက သူမ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။
ဤသည်က ဖြစ်သင့်သောကိစ္စပင်။ ဤကောင်လေးသည် ဆရာကြီး၏တပည့်ဖြစ်နေသောကြောင့် သူမသည် သူ့ကို အစကတည်းက အထင်မသေးသင့်ချေ။
ထိုအကြောင်းကိုတွေးတောရင်း သူမက ပျံလွှားဝတ်ရုံကို အလျှင်အမြန်ပြန်ပေးလိုက်၏။
"ငါ မင်းကို သတိပေးလိုက်မယ်...တကယ်လို့ မင်း ငါ့ရဲ့သိုင်းပညာခန်းမက ဘယ်ပစ္စည်းကိုမဆို ထပ်ပြီးခိုးဝံ့မယ်ဆိုရင်...ငါ မင်းကို နောက်တစ်ခေါက် ညှာတာပေးတော့မှာမဟုတ်ဘူး"
ကျုံးချင်သည် ယောင်လင်းအာကို စူးစူးဝါးဝါးစိူက်ကြည့်ကာ နောက်သို့ချာခနဲလှည့်၍ ထွက်ခွာသွားတော့သည်။
အောင်းချင်သည်လည်း အထင်အမြင်သေးသောအမူအယာနှင့် ယောင်လင်းအာကို စူးစိုက်၍ကြည့်နေသည်။
ဟမ့်...
စိတ်ဝိညာဥ်သားရဲလေးတစ်ကောင်သည် အလွန်မောက်မာဝံ့ကြွားနေဝံ့သလော...
ထိုကောင်လေးသည် ရူးသွပ်မိုက်မဲသော်လည်း ဆရာကြီး၏တပည့် ဖြစ်နေဆဲပင်။ မည်သည်ကြောင့် စိတ်ဝိညာဥ်သားရဲလေးတစ်ကောင်သည် သူမကို ရန်စစော်ကားဝံ့သနည်း။
တစ်ချိန်တည်းမှာပင် ယောင်လင်းအာသည် အောင်းချင်၏အထင်အမြင်သေးသောအကြည့်ကို ရိပ်စားမိသွားသဖြင့် သူမအား ပို၍အရှက်ရသွားစေသည်။
ကျုံးချင်၏လုပ်ရပ်များကို သူမ လက်ခံနိုင်ခြင်းမှာ ထိုပုဂ္ဂိုလ်၏တပည့် ဖြစ်နေသောကြောင့်ပင်။
သို့ရာတွင် သူမသည် ခွေးတစ်ကောင်၏အထင်သေးမှုကိုပင် ခံနေရသလော။ ဤသည်ကို သူမ သည်းမခံနိုင်ချေ။ ထို့ကြောင့် ကျုံးချင်နောက်သို့ လှည့်သွားချိန်တွင် သူမက ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ခွေးကိုစူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။
"အမ်...ဒီကောင်မစုတ်လေးက ခုထိ မမှတ်သေးပုံပဲ"
အောင်းချင်သည် ချက်ချင်းဆိုသလိုပင် ဒေါသူပုန်ထသွားသည်။ သူသည် ယခုချိန်၌ ဆရာသခင်၏အိမ်မွေးတိရစ္ဆာန်ဖြစ်နေလေပြီ။ သူ ဒေါသထွက်သွားခြင်းကြောင့် သူ၏နဖူးပေါ်ရှိ နေပုံသဏ္ဍာန်အမှတ်အသား လင်းလက်တောက်ပလာကာ အလင်းတန်းတစ်ခုက ချက်ချင်းထွက်ပေါ်လာသည်။
"ဘာ..."
ယောင်လင်းအာ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ သူမ၏ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို အလျှင်အမြန်စုစည်းလိုက်ကာ ထိုအလင်းတန်းကို ပိတ်ဆို့ဟန့်တားရန် ကြိုးစားလိုက်၏။
သို့ရာတွင် သူမသည် ထိုအလင်းတန်းကို အပြည့်အဝ ဟန့်တား၍မရခဲ့ချေ။ ထိုအရာသည် ပြင်းထန်သောစွမ်းအားနှင့်အတူ သူမ၏ရင်ဘတ်ကို ရိုက်ခတ်မိသွားသည်။
ဘုန်း....
ယောင်လင်းအာသည် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်။ သူမသည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း သွေးတစ်လုတ်အန်ထုတ်လိုက်ရသော်လည်း သူမ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူမ ယောင်လင်းအာသည် ခွေးတစ်ကောင်၏တိုက်ခိုက်မှုကြောင့် လွင့်ထွက်ခဲ့ရသလော...
ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း.....
မဟုတ်သေးချေ။ ဤခွေးနှင့်ပတ်သတ်၍ တစ်စုံတစ်ခု မှားယွင်းနေလေပြီ။
ဖြစ်နိုင်သည်မှာ....ဒဏ္ဍာရီလာ ကောင်းကင်ဝါးမျိုဝံပုလွေ ဖြစ်နေသလော....
သူမက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။
ဤသိုင်းပညာခန်းမသည် အလွန်နက်နဲသိမ်မွေ့ပေ၏။ ထိုပုဂ္ဂိုလ်၏နံဘေးတွင် မဟာဂိုဏ်းကြီးလေးဂိုဏ်းမှဂိုဏ်းချုပ်များ ရှိနေသည်ကို ပြောပြရန်ပင်မလိုအပ်ချေ။ ထို့ပြင် ယခုချိန်၌ သူတော်စင်အဆင့်လက်နက်တစ်လက်ကို ဝှေ့ယမ်းနေသော တပည့်တစ်ယောက်နှင့် အိမ်မွေးခွေးအဖြစ်ရှိနေသော ကောင်းကင်ဝါးမျိုဝံပုလွေ....
သူမထံတွင် နောင်တများဖြင့် ပြည့်နှက်နေသည်။ သူမသည် စိတ်အားထက်သန်မှုတစ်ခုတည်းဖြင့် ပျံလွှားဝတ်ရုံကိုခိုးယူရန် မကြိုးစားခဲ့သင့်ချေ။
ဤသည်က သူမ၏နှလုံးသားကို ထာဝရကြေကွဲဆို့နင့်စေမည့် အမှားကြီးတစ်ခုပင်။
ယခုချိန်တွင် သူမထံ၌ တခြားရွေးချယ်စရာမရှိတော့သဖြင့် ယနေ့ညအတွက် သူမ၏အစီအစဥ်ကို အကောင်အထည် ဖော်ရပေမည်။ ထိုကိစ္စအောင်မြင်မှသာ သူမသည် ဤကိစ္စများအားလုံးကို ဖြေရှင်းနိုင်ပေလိမ့်မည်။
ညစာစားပွဲသည် နောက်ဆုံး၌ စတင်လေပြီ။
ရီဖုန်းသည် ကတိအတိုင်း စောစီးစွာရောက်ရှိလာကာ စားပွဲတစ်လုံးကို ကြိုတင်မှာထားလေ၏။ ယခုချိန်တွင် သူ့ထံ၌ ငွေကြေးရှိနေပြီဖြစ်သောကြောင့် သူသည် တွန့်တိုနေမည်မဟုတ်ဘဲ ပင်ကျင်းမြို့အတွင်းရှိ အကောင်းဆုံးစားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ခဲ့သည်။
တံတားငယ်လေများ စီးဆင်းနေသောရေများနှင့်အတူ ညကောင်းကင်ယံ၌ မီးရှုးမီးပန်းဖောက်ခြင်းမှ အလင်းရောင်များလည်းရှိနေသည်။ ယနေ့တွင် ထိုမိန်းကလေးနှစ်ယောက် သူ့အားကူညီခဲ့မှုကို ပြန်စဥ်းစားမိချိန်တွင် သူ၏ကျေးဇူးတင်မှုကို ပြသရန်အတွက် ဤကဲ့သို့နေရာမျိုးတွင် သူမတို့ကို ကျွေးမွေးပြုစုသည်က သူ လွန်လွန်ကျုးကျူးလုပ်ခြင်းမဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ မိန်းကလေးများသည် ဤကဲ့သို့ပတ်ဝန်းကျင်အခြေအနေမျိုးကို ကြိုက်နှစ်သက်ကြပေ၏။
စားပွဲတစ်လုံးကို နေရာရပြီးနောက် ရီဖုန်းသည် စားသောက်ဆိုင်၏အရှေ့ခန်းမအတွင်းရှိ ခုံတန်းတစ်ခုပေါ်တွင်ထိုင်ကာ မိန်းကလေးနှစ်ယောက်ကို စောင့်ဆိုင်းလိုက်သည်။
ထိုအချိန်မှာပင် စက္ကူယပ်တောင်တစ်ချောင်းသော လူငယ်တစ်ယောက် လျှောက်လှမ်းလာသည်။ သူ၏ပုံပန်းသွင်ပြင်အရ အကဲဖြတ်ကြည့်ပါက ရည်မွန်သော လူကြီးလူကောင်းတစ်ယောက် ဖြစ်ပုံရသည်။ ထိုလူငယ်က အပြုံးနှင့် ပြောဆိုလေ၏။
"ညီအကို...မင်း နည်းနည်းလောက် ဘေးကိုရွှေ့ပေးလို့ရမလား"
ရီဖုန်းက ခေါင်းညိတ်ပြကာ နံဘေးသို့ရွှေ့ပေးလိုက်သည်။
ထိုလူငယ်သည် ခုံတန်းပေါ်၌ထိုင်ချကာ အပြုံးနှင့် နှုတ်ဆက်လေသည်။
"ကျေးဇူးတင်ပါတယ် ညီအကို...မင်းလည်း စားသောက်ဖို့ ဒီနေရာကို ရောက်လာတာလား"
"ဟုတ်တယ်"
ရီဖုန်းက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။ ကြည့်ရသည်မှာ ဤလူငယ်သည် ဖော်ရွေသူတစ်ယောက်ဖြစ်ပုံပင်။
"ဒါပေမယ့် ညီအကိုကြည့်ရတာ....မိန်းကလေးတစ်ယောက်ကို စောင့်နေတာများလား"
ထိုလူငယ်က ပြုံးဖြဲဖြဲနှင့် ပြောဆိုသည်။
"အင်း...."
ရီဖုန်းက သူ၏နှာခေါင်းကိုပွတ်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ဘယ်လိုတောင် တိုက်ဆိုင်တာမျိုးလဲ"
လူငယ်က နားလည်ရခက်စွာ ပြောဆိုလေ၏။
"ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ...ငါက ဝမ်ရွှမ်...တကယ်တော့ ငါလည်း မိန်းကလေးတစ်ယောက်ကို စောင့်နေတာပဲ"
ထို့နောက် သူက အာပေါင်အာရင်းသန်သန်နှင့် ဆက်လက်၍ပြောဆိုသည်။
"ညီအကို...မင်း ဒါကို ယုံပါ့မလားတော့ ငါ မသိဘူး...အဲ့ဒီကောင်မလေး ဒီနေရာမှာ ငါနဲ့အတူ ညစာစားဖို့ ကြိုးစားခဲ့ရတာ ငါ့အတွက် တကယ်မလွယ်ခဲ့ဘူး...ငါ သူ့နောက်ကို သုံးလလုံးလုံးလိုက်ပြီးမှ သူက သဘောတူခဲ့တာ...ဒါပေမယ့် သူ့ရဲ့အလှအပတွေကိုတွေးကြည့်ရင် ဒါက တန်ပါတယ်"
ဝမ်ရွှမ်၏စကားအဆုံးသတ်သွားသောအချိန်မှာပင် လှပပြေပြစ်ပြီး ယဥ်ကျေးသိမ်မွေ့ပုံရကာ ဝတ်စုံရှည်တစ်ထည်ကိုဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် လျှောက်လှမ်းလာသည်။
"ရှောင်ယု..."
ဝမ်ရွှမ်က အလျှင်အမြန်အော်ခေါ်ကာ ရီဖုန်းကို သူ၏တံတောင်ဖြင့်တို့ထိလိုက်သည်။
"ညီအကို...ဒါက ငါ မင်းကို ပြောတဲ့မိန်းကလေးပဲ...လွေ့ရှောင်ယု"
"မိန်းကလေးလွေ့ကို တွေ့ရတာဝမ်းသာပါတယ်"
ရီဖုန်းက အပြုံးနှင့် သူမကိုနှုတ်ဆက်ကာ ခေါင်းညိတ်ပြလိုက်၏။
"ကျွန်မလည်း တွေ့ရတာဝမ်းသာပါတယ်"
လွေ့ရှောင်ယုကလည်း ခေါင်းညိတ်ပြကာ ရီဖုန်းကို တုံ့ပြန်နှုတ်ဆက်လေသည်။
"ဟေး ညီအကို...အတူတူ စားကြမလား"
ဝမ်ရွှမ်က အပြုံးနှင့်ကမ်းလှမ်းလိုက်သည်။ ထို့နောက် သူသည် ရီဖုန်း၏အနီးသို့ ပို၍တိုးလိုက်ကာ သူ၏လေသံကိုနှိမ့်၍ ပြောဆိုသည်။
"မင်း ဘယ်လိုထင်လဲ...ငါ ကြွားတာမဟုတ်ဘူးမလား"
သူ၏မျက်လုံးအတွင်း၌ ဂုဏ်ယူဝင့်ကြွားမှုများနှင့် ပြည့်နှက်နေသည်။
"သူက တကယ့်ကို လှပချောမောတယ်.. ဒါပေမယ့် ငါက တစ်ယောက်ယောက်ကို ဆက်ပြီးစောင့်ရအုံးမယ်"
ရီဖုန်းက ချီးမွမ်းလိုက်၏။ ဤလွေ့ရှောင်ယုထံတွင် မျိုးရိုးကောင်းမွန်သော မိန်းမပျိုတစ်ယောက်၏အငွေ့အသက်မျိုးရှိနေကာ အမှန်တကယ်ကိုလည်း အလွန်လှပချောမောသူတစ်ယောက်ပင်။
"ကောင်းပြီလေ...ဆက်ပြီး ထိုင်နေလိုက်ဦး...ငါ အရင်သွားပြီ"
ဝမ်ရွှမ်သည် သူ့ကိုယ်သူဘဝင်ခိုက်နေသောအကြည့်မျိုးဖြင့် ရီဖုန်းကို မျက်စပစ်ကာ လွေ့ရှောင်ယုနှင့်အတူ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင် စားသောက်ဆိုင်တစ်ဆိုင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
သေးသွယ်သောခန္ဓာကိုယ်နှင့်သန့်စင်သောအရှိန်အဝါရှိကာ ချမ်းသာကြွယ်ဝသောသခင်မလေးတစ်ယောက်ဟု သိသာထင်ရှားနေသည့် မိန်းကလေးတစ်ယောက်က အတွင်းသို့ဝင်လာသည်။
မြောင်ယွင်အာ....
ထို့ပြင် သူမ၏နောက်၌ ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ကိုလှုပ်ယမ်းပြီးလျှောက်လှမ်းလာကာ ညှို့အားပြင်းသောနုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားသည့် ယောင်လင်းအာရှိနေသည်။
ထိုမိန်းကလေးနှစ်ယောက်သည် ချက်ချင်းဆိုသလိုပင် မြောက်မြားစွာသောအကြည့်များကို သိမ်းပိုက်သွားနိုင်သည်။
တစ်ယောက်သည် အရပ်ရှည်ပြီး ပြေပြစ်လှပကာ သူမ၏စိတ်နေစိတ်ထားသည် သာလွန်ထူးကဲပုံရပေ၏။
တခြားတစ်ယောက်သည် ညှို့အားပြင်းပြီး ဆွဲဆောင်နိုင်မှုများနှင့်ပြည့်နှက်နေကာ ဖမ်းစားနိုင်စွမ်းရှိသူပင်။
အစောပိုင်းက ထွက်ခွာသွားခဲ့သော ဝမ်ရွှမ်ပင်လျှင် မျက်လုံးအပြူးသားဖြင့် စူးစိုက်ကြည့်နေကာ သူ၏နံဘေး၌ မတ်တတ်ရပ်နေသော လွေ့ရှောင်ယုကို ယာယီမေ့လျော့သွားတော့သည်။