လုမင်ရုန်၏ အဆင့်တက်ခြင်း
Vol. 8 Ch. 109
"ကျောင်းအုပ်ကြီးလု...ဒီလောက်စိမ်းနေတာကို မလုံလောက်သေးဘူးလို့ ထင်နေတာလား...စိတ်မပူပါနဲ့...ကျွန်တော်က လက်ထောက်ကျောင်းအုပ်ဝူကို မြက်ရိုင်းတွေ ထပ်ယူခိုင်းလိုက်မယ်လေ...ခင်ဗျားရဲ့အခန်းကို ထူးခြားတဲ့အထိအတွေ့လေးနဲ့ စိမ်းစိုသွားစေဖို့ နေရာတိုင်း အစိမ်းရောင်ဖြစ်သွားအောင် လုပ်ပေးမယ်..." ကျန်းရွှမ်က အပြုံးနှင့် ရှင်းပြလိုက်သည်။
"အစိမ်းရောင်.... မင်းမေလခွမ်း..."
လုမင်ရုန်သည် သူ၏ဒေါသကို မထိန်းနိုင်တော့ချေ။
သူ၏ နာကျင်ဖွယ်ရာအတိတ်ကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လျှို့ဝှက်ထားခဲ့သည်။ လူအများသည် မေ့လျော့သွားကြသော်လည်း ထိုအချိန်က ထိုအဖြစ်အပျက်သည် အလွန်ဂယက်ရိုက်ခဲ့သောကြောင့် တစ်စုံတစ်ယောက်က တမင်သက်သက် အစပြန်ဖော်မည်ဆိုလျှင် စားသောက်ရင်းပြောစရာ အတင်းအဖျင်းတစ်ခုအဖြစ် ပြန်ပေါ်လာမည်မှာ သေချာပေ၏။ ဤသည်မှာ သူ လုံးလုံးလျားလျား ရှောင်ရှားလိုသည့်အရာပင်။
ယခင်က သာမန်ဆရာတစ်ယောက်အနေဖြင့် သူသည် တစ်ယောက်တည်းဖြစ်ပြီး သူ၏ကျဆင်းသွားသော ဂုဏ်သိက္ခာကို ဂရုမစိုက်ခဲ့ချေ။ သို့ရာတွင် ယခုချိန်၌ သူသည် အဖြူရောင်ကျောက်တုံးမြို့၏ ဒုတိယစွမ်းအားအကြီးဆုံးဖြစ်ပြီး အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်နေချိန်တွင် ဤအရှုပ်တော်ပုံ ပေါ်ထွက်လာပါက လူအများကို မည်သို့ရင်ဆိုင်ရမည်နည်း။ ကွယ်လွန်သွားပြီဖြစ်သော သူ၏ဆရာသခင်ကို မည်သို့မျက်နှာပြရမည်နည်း။
လွန်ခဲ့သောနှစ်များစွာက သူ၏ဆရာသခင်သည် သူ စိတ်ပျက်အားငယ်နေသည်ကို မြင်တွေ့ချိန်ဤ သူ၏ယုံကြည်မှုများ ပြန်လည်ရရှိစေရန် အစွမ်းကုန်ကူညီပေးခဲ့သည်။ သူ၏ဆရာသခင်သည် ဟွိုက်ယွမ်တောင်တွင် ဆေးဘက်ဝင်အပင်တစ်မျိုးကို ရှာဖွေရင်း အသက်ပင်စတေးခဲ့ရသည်။
သူ၏ဆရာသခင်ကို ပြန်တွေ့ချိန်တွင် ဆရာသခင်သည် ရင်းမြစ်သားရဲတစ်ကောင်၏ ကိုက်ဖြတ်ခြင်းခံထားရပြီး စုတ်ပြဲနေသော ဝတ်ရုံတစ်ထည်သာ ကျန်တော့သည်။
ထိုအချိန်မှစ၍ သူသည် အချစ်နှင့်ပတ်သက်သော အတွေးများအားလုံးကို လုံးဝစွန့်လွှတ်ခဲ့သည်။ သူ၏စွမ်းအားများအားလုံးကို ကျောင်းတော်အတွက် မြှုပ်နှံခဲ့ပြီး နှစ်စဉ်နှစ်တိုင်း လူထောင်ပေါင်းများစွာအပြင် အထက်တန်းလွှာမိသားစုများပင် ဝင်ခွင့်ရရန် ကြိုးစားလာကြသည့်အထိ ဦးဆောင်ခဲ့သည်။
ယခင်က ယုရှောင်ယွီနှင့် မိုယန်ရွှယ်တို့ကဲ့သို့သော ထိပ်သီးမိသားစုများမှ လူငယ်များသည် သူတို့မိသားစု၏ ကျင့်ကြံနည်းစနစ်များဖြင့် လုံလောက်နေလေပြီ။ သူတို့သည် နောက်ထပ်ပညာသင်ကြားရန် ကျောင်းတော်သို့ မည်သည်ကြောင့် လာမည်နည်း။
"ကျောင်းအုပ်လုက ဘာလို့ ဆဲနေတာလဲ... အစိမ်းရောင်က မကောင်းဘူးလား... မျက်လုံးအေးပြီးတော့ စိတ်ကိုလန်းဆန်းစေတယ်လေ... လက်ထောက်ကျောင်းအုပ်ဝူ... ကျောင်းအုပ်ကြီးလုက ဘာကြောင့် မြက်ခင်းစိမ်းတွေကို ကြိုက်လဲဆိုတာ ကျွန်တော် သေချာရှင်းပြမယ်..."
ကျန်းရွှမ်သည် မတုန်မလှုပ်ဖြင့် ခပ်ဖျော့ဖျော့ပြုံးကာ အနီးအနားတွင်ရှိနေသည့် အနည်းငယ်အနေခက်နေသော ဝူယွင်ကျိုးကို လှည့်ကြည့်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း..."
ကျန်းရွှမ်သာ ဆက်ပြောလျှင် သူ လုံးလုံးလျားလျား မျက်နှာပျက်ရတော့မည်ကို သိသောကြောင့် လုမင်ရုန်သည် သည်းမခံနိုင်တော့ချေ။ သူသည် ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့တိုးကာ ပြေးသွားသော်လည်း အနားသို့မရောက်မီ သူ၏ရှေ့တွင် မြင်းခွာနှစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူ၏ရင်ဘတ် တုန်ခါသွားပြီး နောက်တစ်ကြိမ် နောက်သို့လွင့်ထွက်သွားပြန်သည်။
သူ၏ရင်းမြစ်ရေအိုင် ချိပ်ပိတ်ခံထားရသဖြင့် သူသည် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကိုသာ အားကိုးနိုင်ပေ၏။ ထိုခွန်အားသည် နည်းပါးခြင်းမရှိသော်လည်း ကောင်းစွာလေ့ကျင့်ထားသော ဤမြင်းနှင့် မယှဉ်နိုင်ချေ။ သူ ကျန်းရွှမ်၏အနီးသို့ ချဉ်းကပ်ရန်ကြိုးစားတိုင်း မြင်း၏ အတင်းအကြပ် တားဆီးခြင်းကို ခံရသည်။
"သောက်ချေးပဲ..."
လူငယ်လေးက ပြုံးနေပြီး ဝူယွင်ကျိုး၏နားအနီးသို့ကပ်၍ တီးတိုးပြောနေကာ ရံဖန်ရံခါ လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်နေသည်ကို မြင်တွေ့ချိန်၌ အဖြူရောင်ကျောက်တုံးမြို့၏ ဒုတိယစွမ်းအားအကြီးဆုံးပုဂ္ဂိုလ်သည် သူ၏ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။ သူ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ သူ၏ရင်းမြစ်ရေအိုင်မှ အားကောင်းသောစွမ်းအားများသည် ချိတ်ပိတ်ထားမှုကို တိုက်ခိုက်ကာ ဖောက်ထွက်သွားသည်။
ရင်းမြစ်ရေအိုင် သတ္တမအဆင့် ကျောက်စိမ်းအရိုးနယ်ပယ် ကျင့်ကြံသူ၏ ခိုင်မာသော စွမ်းအားများသည် ဝူယွင်ကျိုး၏ ချိတ်ပိတ်မှုနှင့် တိုက်မိလေ၏။ လုမင်ရုန်၏နဖူးတွင် သွေးကြောများထောင်ထလာပြီး သူ၏ခန္ဓာကိုယ်သည် ကပွဲမီးအလင်းရောင်ကဲ့သို့ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ အံ့အားဖွယ်စွမ်းအားများ ထုတ်လွှတ်နေသည်။
ဝူယွင်ကျိုး၏စွမ်းအားသည် သူ့ထက် အနည်းငယ်အားနည်းသော်လည်း သိပ်မကွာခြားလှချေ။ သူ အစွမ်းကုန်သုံးထားသော ချိတ်ပိတ်မှု၏စွမ်းအားသည် ကြီးမားပြီး လုမင်ရုန်သည် အလျင်စလိုဖြစ်နေသောကြောင့် အချိန်တိုအတွင်း ဖောက်ထွက်ရန် ခက်ခဲနေသည်။
ထိုအချိန်တွင် ကံကောင်း၍လော တိုက်ဆိုင်၍လောဟု မသိနိုင်သော်လည်း မြင်း၏ခွာများသည် လုမင်ရုန်၏ ကျင့်ကြံခြင်းအပ်စိုက်မှတ်နှစ်ခုပေါ်သို့ ကျရောက်သွားသည်။
ပုံမှန်အားဖြင့် ထိုအပ်စိုက်မှတ်နှစ်ခုသည် ရွှံ့များဖြင့်ပိတ်ဆို့နေသော မြစ်တစ်စင်းအလားစွမ်းအားများ ချောမွေ့စွာ စီးဆင်းမှုမရှိသဖြင့် သူ လွယ်လင့်တကူ မထိရဲခဲ့ချေ။ သို့ရာတွင် ယခု ချိန်၌ မြင်းခွာများ၏ထိခတ်မှုကြောင့် အက်ကြောင်းနှစ်ခု ဖြစ်ပေါ်လာသည်။ နောက်ထပ်အချိန်တခဏတွင် ထိုပိတ်ဆို့နေမှုသည် အရှိန်အဟုန်ပြင်းသော စွမ်းအားစီးကြောင်းဖြင့် တိုက်စားခံလိုက်ရပြီး ပို၍ပို၍ကြီးမားလာကာ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ပြင်းထန်သော စွမ်းအားလွှမ်းမိုးမှုတစ်ခု ဖြစ်ပေါ်လာသည်။
ခရက်...ခရက်
စွမ်းအားလွှမ်းမိုးမှုသည် ရှေ့သို့တိုးဝင်သွားပြီး မကြာမီ တခြားပိတ်ဆို့မှုတစ်ခုနှင့် တွေ့သော်လည်း မြင်းခွာများက ထပ်မံရိုက်ခတ်ကာ ထိုအတားအဆီးကို တိကျစွာ ချိုးဖျက်လိုက်သည်။ သူ၏ကိုယ်ပိုင်စွမ်းအားနှင့် ဝူယွင်ကျိုး၏ ချိတ်ပိတ်မှုတို့ ပေါင်းစပ်လိုက်ချိန်၌ မြစ်ဝါမြစ်နှင့် ယန်ဇီမြစ်တို့ ပေါင်းဆုံသကဲ့သို့ အရှိန်အဟုန်ကို တားဆီး၍ မရနိုင်တော့ချေ။
လုမင်ရုန်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး သူ၏စိတ်သည် မိုးပျံပူဖောင်းတစ်လုံးကဲ့သို့ ပေါက်ကွဲသွားလေ၏။ သူ၏အသိစိတ်သည် သူ၏ခန္ဓာကိုယ်အချုပ်အနှောင်မှ ရုတ်တရက်လွတ်မြောက်ပြီး အပြင်သို့ ပျံ့နှံ့သွားသကဲ့သို့ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်သော ရင်းမြစ်စွမ်းအားများ၏ စီးဆင်းမှုသည် ကြောင်ကလေးတစ်ကောင်ကဲ့သို့ ရုတ်တရက် ယဉ်ပါးသွားပြီး အားကောင်းသော စိတ်စွမ်းအားဖြင့် သူ၏သွေးကြောများအတွင်း၌ တင်းကြပ်စွာ ချုပ်နှောင်ထားခြင်း ခံလိုက်ရသည်။
သူ၏မျက်ဆံများ ကျုံ့သွားပြီး လုမင်ရုန်၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
"ရင်းမြစ်ရေအိုင် အဋ္ဌမအဆင့် .. နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်လား..."
သူက ကျန်းရွှမ်သည် သူ့ကို အဆင့်တက်အောင် ကူညီမည်ဟု ပြောဆိုသည်အား ကျီစယ်စနောက်နေသည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ် ဖြစ်လာခဲ့သည်။
ဒါ... ဒါ...
သူ၏လက်သီးများကို ဆုပ်လိုက်ပြီးနောက် သူ၏ကျင့်ကြံမှုကို ခိုင်မာအောင်လုပ်ရန် မေ့နေကာ လုမင်ရုန်သည် မလှမ်းမကမ်းရှိ လူငယ်လေးကို မော့ကြည့်မိသည်။ ထိုအချိန်တွင် ကျန်းရွှမ်သည် ဝူယွင်ကျိုးနှင့် အတင်းအဖျင်းမပြောတော့ဘဲ အနီးအနားရှိ ထိုင်ခုံတစ်ခုပေါ်တွင် တိတ်ဆိတ်စွာထိုင်ကာ လက်ဖက်ရည်သောက်နေသည်။ သူသည် လောကီနှင့်မဆိုင်သော တိတ်ဆိတ်ငြိမ်သက်သည့် ထိပ်သီးတည်ရှိမှုကြီးတစ်ဦးကဲ့သို့ တည်ငြိမ်နေပေ၏။
ယခင်က သူ့ကိုကန်ကျောက်နေသော သောက်လီဆိုသည့်မြင်းပင်လျှင် ယခုအချိန်၌ ကျန်းရွှမ်၏နံဘေးတွင် တည်ငြိမ်အေးဆေးစွာ မတ်တတ်ရပ်နေသည်။ မြင်း၏အမူအယာသည် တည်ငြိမ်နေကာ ယခင်ကဲ့သို့ ရက်စက်ကြမ်းတမ်းမှု အရိပ်အယောင်ပင် မရှိချေ။
မလှမ်းမကမ်းတွင်ရှိသော ဝူယွင်ကျိုးသည် ရုတ်တရက် အပြောင်းအလဲကြောင့် နားမလည်နိုင်ဖြစ်နေပြီး သိချင်စိတ်ပြင်းပြစွာဖြင့် ဆက်လက်၍ကြည့်နေသည်။
"ဆရာကျန်း....မင်းက ကျောင်းအုပ်ကြီးလု ဘာလို့ မြက်ခင်းစိမ်းတွေကို ကြိုက်တာလဲဆိုတာကို ရှင်းပြတော့မလို့ မဟုတ်ဘူးလား...ဘာလို့ ရပ်လိုက်တာလဲ..."
လက်ဖက်ရည်ကြမ်းကို မွှေရင်း ကျန်းရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ "ကျောင်းအုပ်ကြီးလုက ဘာလို့ မြက်ခင်းစိမ်းတွေကို ကြိုက်ရမှာလဲ...ကျွန်တော့်ရဲ့မြင်းက မြက်စိမ်းတွေကြိုက်လို့ လက်ထောက်ကျောင်းအုပ်ဝူကို များများပြင်ဆင်ခိုင်းတာပါ..."
ဟီး...ဟီး...ဟီး...ဟီး...
သောက်လီက ခေါင်းညိတ်ကာ ဟီသံရှည်တစ်ချက်ပေးပြီး မြေပြင်ပေါ်ရှိ မြက်များဆီသို့ ပြေးသွားကာ စိတ်ကျေနပ်စွာဖြင့် စားသောက်နေသည်။
အရာအားလုံးသည် ပုံမှန်အတိုင်းဖြစ်နေပုံပင်။
"ငါ... နားကြားမှားသွားတာလား..."
ဝူယွင်ကျိုးက သူ၏ခေါင်းကို ကုတ်လိုက်သည်။
"ဟုတ်တယ်...မင်း နားကြားမှားသွားတာပဲ.... ဆရာကျန်းက မင်းကို မြက်ရိတ်ခိုင်းတာ မြင်းကျွေးဖို့သက်သက်ပဲ..."
လုမင်ရုန်က လျှောက်လှမ်းလာသည်။
"ကျောင်းအုပ်ကြီး....မင်းရဲ့ကျင့်ကြံမှုက..."
ထိုအချိန်ကျမှသာ ဝူယွင်ကျိုးသည် လုမင်ရုန်၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို သတိပြုမိပြီး သူ့ထံတွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
ကျောင်းအုပ်ကြီးလုကို နှစ်သုံးဆယ်ကြာ ဒုက္ခပေးနေခဲ့သော ဤကျင့်ကြံဆင့်နယ်ပယ်အား ဆရာကျန်း၏အကူအညီနှင့် အမှန်တကယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့လေပြီ။
"ယွင်ကျိုး....သိုလှောင်ခန်းကိုသွားပြီး ကံကြမ္မာချပ်ပြားတစ်ခု သွားယူခဲ့စမ်း... ကုန်ကျစရိတ်နဲ့ အကျိုးဆက်တွေကို ငါ့ဘာသာငါ တာဝန်ယူမယ်"
လုမင်ရုန်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ကျောင်းအုပ်ကြီးလုထံတွင် ဆရာကျန်းကို ပြောစရာစကားများ ကျန်သေးသည်ကို သိသောကြောင့် ဝူယွင်ကျိုးက တုံ့ပြန်အဖြေပေးပြီး ထွက်ခွာသွားသည်။
ဝူယွင်ကျိုး ထွက်သွားသည်နှင့် လုမင်ရုန်သည် သူ၏သိလိုစိတ်ကို မထိန်းနိုင်တော့ချေ။
"ဆရာကျန်း... မင်း.. ဘယ်လိုလုပ်လိုက်တာလဲ..."
အမှန်အတိုင်းပြောရလျှင် သူ အဆင့်တက်သွားသော်လည်း အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရဆဲဖြစ်ပြီး မည်သို့ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ချေ။
သူ၏လက်ဖက်ရည်ခွက်ကို ချလိုက်ရင်း ကျန်းရွှမ်က ပြုံးလိုက်သည်။
"ရင်းမြစ်ရေအိုင် အဋ္ဌမအဆင့် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ဆိုရင် ခင်ဗျားရဲ့စိတ်စွမ်းအားက အတိုင်းအတာတစ်ခုထိ ရောက်ဖို့လိုတယ်...ခင်ဗျားရဲ့ နှစ်သုံးဆယ်ကြာ ကျင့်ကြံမှုကတော့ ပြောနေစရာမလိုလောက်အောင် ပြည့်စုံပြီးသားပါ..
. တကယ်ဆိုရင် ခင်ဗျားက အစောကြီးကတည်းက အောင်မြင်သင့်တယ်...ဒါပေမဲ့... အဲဒီစိတ်ခံစားမှုဆိုင်ရာ ကိစ္စကြောင့် ခင်ဗျားရဲ့ ယုံကြည်မှုနဲ့ သတ္တိတွေ ပျောက်ဆုံးသွားခဲ့တယ်..ပြီးတော့ အရိုးသန့်စင်ခြင်းနည်းစနစ်မှာ အမှားအယွင်းရှိတာနဲ့ပေါင်းပြီး ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာခဲ့ရင်...လွယ်လွယ်ပြောရရင် ခင်ဗျားက အဆင့်တက်နိုင်ပေမယ့် ယုံကြည်မှုမရှိလို့ အကြိမ်တိုင်း ကျရှုံးခဲ့ရတာပဲ..."
လုမင်ရုန် တိတ်ဆိတ်သွားသည်။
ထိုလူငယ်လေး ပြောသည်မှာ အမှန်ပင်။ သူ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ရန် မကြိုးစားခဲ့သည် မဟုတ်ချေ။ သို့ရာတွင် သူသည် အကြိမ်တိုင်း အောင်မြင်ခါနီးအချိန်တွင် သူ မလုပ်နိုင်ဟု ကိုယ့်ကိုယ်ကို အတင်းအကြပ် ယုံကြည်လက်ခံနေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ စုပုံလာပြီး သူ တိုးတက်ရန်မှာ မဖြစ်နိုင်သလောက် နီးပါး ဖြစ်သွားခဲ့လေ၏။
"ဒါပေမဲ့ ငါ့ရဲ့စွမ်းအားကို ချိတ်ပိတ်တာနဲ့ ငါ့ကို 'မြက်ခင်းစိမ်း ကြိုက်တယ်' လို့ပြောတာက ဒါနဲ့ ဘာဆိုင်လို့လဲ..."
လုမင်ရုန်က မျက်မှောင်ကြုတ်ပြီး သူ၏နားမလည်မှုကို ထုတ်ဖော်မေးမြန်းလိုက်သည်။
"လုံးဝဆိုင်တာပေါ့...တကယ်တော့ အဲ့ဒါက အရေးကြီးဆုံးပဲ"
ကျန်းရွှမ်က ရှင်းပြသည်။
"ခင်ဗျားရဲ့ကျင့်ကြံမှုနဲ့ စိတ်စွမ်းအားက လုံလောက်နေပြီ... ဒါပေမဲ့ စိတ်ခံစားချက်တွေ အချိတ်အဆက်မရှိလို့ အဆင့်မတက်နိုင်ခဲ့တာပဲ... အဲ့ဒါတွေကို ထိန်းချုပ်နိုင်ပြီးတော့ တိကျတဲ့ စွမ်းအားစီးဆင်းမှုတစ်ခုကို ဖန်တီးနိုင်တာနဲ့ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့က လွယ်သွားမှာပဲ....ခင်ဗျားရဲ့ အနက်ရှိုင်းဆုံး နောင်တက ဘာလဲဆိုတာ သိရအောင် ခင်ဗျားရဲ့အတွေ့အကြုံတွေကို ပြောခိုင်းခဲ့တာပဲ"
"ပြင်းထန်တဲ့ ရောဂါတွေအတွက် အပြင်းဆုံးဆေး လိုအပ်တယ်.... ခင်ဗျားရဲ့အကြီးမားဆုံးနောင်တက အတိတ်က အရှက်ရစရာဖြစ်ရပ်ပဲ ခင်ဗျားက သိုက်တူးတဲ့မိန်းမတစ်ယောက်ကြောင့် ဘဝကိုဖျက်ဆီးခဲ့ရုံတင်မကဘူး... အဲ့ဒါက ခင်ဗျားရဲ့ဆရာသခင်ကိုလည်း ကြေကွဲဖွယ်ကောင်းအောင် သေဆုံးသွားစေခဲ့တယ်..."
"ဒါကြောင့် ဒီဒဏ်ရာကို ဆွဲဖွင့်ပြီး ပြည်တွေကို ညှစ်ထုတ်မှ အသစ်ကပြန်စဖို့ မျှော်လင့်နိုင်မယ်"
"ယောက်ျားတစ်ယောက်အတွက် အခံရခက်ဆုံးက သစ္စာဖောက်ခံရတာပဲ... အဲ့ဒီထက်ပိုဆိုးတာက သစ္စာဖောက်ခံရပြီး လူတိုင်းက သိနေတာကို ရှေ့မှာ အတင်းပြောနေတာပဲ... ဒါကြောင့် ကျွန်တော်က သောက်လီကို ခင်ဗျားကို အရှက်ခွဲခိုင်းပြီး စိတ်မထိန်းနိုင်အောင် လုပ်ခဲ့တယ်... ပြီးတော့ ကျောင်းအုပ်ဝူရှေ့မှာ အဲ့ဒီအကြောင်းကို ထပ်ခါထပ်ခါ ပြောခဲ့တယ်... ခင်ဗျားက ထောင်ချောက်ထဲကို တန်းဝင်လာတာပဲ...ဒေါသထွက်နေချိန်မှာ ခင်ဗျားရဲ့ ရှုပ်ထွေးနေတဲ့ စိတ်ခံစားချက်တွေကို မေ့သွားပြီးတော့ စိတ်ဝိညာဉ်စွမ်းအားတွေက ချိတ်ဆက်မိသွားတာကြောင့် ခင်ဗျား အဆင့်တက်သွားတာပဲ"
"မင်းက ငါ လက်သီးနည်းနည်းထိုးပြတာကို ကြည့်ပြီးတော့ ဒီလောက်ထိ အကုန်လုံးကို သိသွားတာလား..."
လုမင်ရုန်၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ၏ရှေ့မှ လူငယ်လေးကို မယုံနိုင်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူက သူ့ကို အရှက်ခွဲရန်သက်သက်ဟု ထင်ခဲ့သော်လည်း ခြေလှမ်းတိုင်းသည် ကျန်းရွှမ်၏အစီအစဉ်ထဲမှ အစိတ်အပိုင်းများ ဖြစ်နေခဲ့သည်...
သူသည် နာရီပေါင်းများစွာ အချိန်ကုန်ခံ၍ စာအုပ်ပေါင်းများစွာ ဖတ်ရှုပြီး လျှို့ဝှက်နည်းစနစ်များစွာကို လေ့လာခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပေ၏။ ဤလူငယ်လေးသည် သူ လက်သီးအနည်းငယ်ထိုးပြသည်ကို ကြည့်ပြီးနောက် အရာအားလုံးကို သိရှိရုံသာမက အပြစ်အနာအဆာကင်းပြီး အကြွင်းမဲ့အောင်မြင်သော အစီအစဉ်တစ်ခုကို ရေးဆွဲနိုင်ခဲ့သည်။
"ဒါက ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ စွမ်းရည်လား...."
သူ၏နှလုံးခုန်သံ တစ်ချက်ရပ်သွားပြီး လုမင်ရုန်က တွေးတောလိုက်သည်။
ကံကြမ္မာဆရာသခင်များသည် ရင်းမြစ်ကမ္ဘာ၏ အစစ်အမှန်ရွေးချယ်ခံများဖြစ်ပြီး သူတို့၏စွမ်းရည်များသည် အံ့အားသင့်ဖွယ်ကောင်းကာ ယုံရခက်သည်။ သူတို့အနက်မှတချို့သည် ဒဏ္ဍာရီလာပုံပြင်များအနက်မှ တည်ရှိမှုကြီးများပင်။
ဤလူငယ်လေး၏ ကျင့်ကြံဆင့်သည် နိမ့်ပါးသော်လည်း သူ့ကို အဆင့်တက်အောင် ကူညီနိုင်စွမ်းရှိသည်အား ထည့်သွင်းစဉ်းစားပါက ဤသည်ကသာ အဓိပ္ပာယ်ရှိသည့် တစ်ခုတည်းသော ရှင်းပြချက် ဖြစ်သည်။
လုမင်ရုန်၏အတွေးများကို မသိဘဲ ကျန်းရွှမ်က ပြုံးလိုက်သည်။
"တကယ်တော့ ဒါတွေအားလုံးက ကျောင်းအုပ်ကြီးလုရဲ့ ခိုင်မာတဲ့အခြေခံကြောင့်ပါ... ကျွန်တော်က ရေလိုက်ငါးလိုက် အလိုက်သင့်လုပ်ပေးရုံသက်သက်ပါပဲ.."
"..."
'လောကကြီးမှာ 'ရေလိုက်ငါးလိုက်' လုပ်ရုံနဲ့ ဖြစ်လာတာ ဘယ်မှာရှိလို့လဲ...တကယ်လို့ ရှိခဲ့ရင်တောင် အဲ့ဒီလိုဖြစ်အောင်လုပ်နိုင်တဲ့ အစွမ်းရှိမှသာ ဖြစ်လာလိမ့်မယ်...'
လုမင်ရုန်က သက်ပြင်းရှိုက်လိုက်သည်။
ဤသည်မှာ ထိုသိုက်တူးသည့် မိန်းမအလားပင်။ သူသာ တင်တောင်းငွေ ရင်းမြစ်ဒင်္ဂါးတစ်သန်းကို မစုဆောင်းနိုင်ခဲ့လျှင် ကျောက်စိမ်းအရိုးနယ်ပယ်သို့ မရောက်ခဲ့လျှင် ကျောင်းအုပ်ကြီး မဖြစ်ခဲ့လျှင် သူမသည် တောင်းပန်ပြီး ဆက်ဆံရေးပြန်စဖို့ မျှော်လင့်ကာ ပြန်လာမည်လော....
သူမသည် မည်သို့မျှ ပြန်လာမည် မဟုတ်ချေ။
"ကျောင်းအုပ်ကြီးလု...ကံကြမ္မာချပ်ပြား ရပါပြီ..."
သူ အတွေးနယ်ချဲ့နေစဉ် ဝူယွင်ကျိုး ပြန်ရောက်လာပြီး အသစ်စက်စက် ကံကြမ္မာချပ်ပြားတစ်ချပ်ကို ကိုင်ထားသည်။
လုမင်ရုန်က ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး သူ၏ရှေ့မှ လူငယ်လေးထံသို့ လက်ကမ်းပေးလိုက်၏။
"ဆရာကျန်း..."
အဖြူရောင်ကျောက်တုံးကျောင်းတော်မှ ကံကြမ္မာပြားတစ်ချပ်သည် ရင်းမြစ်ဒင်္ဂါး နှစ်သန်းတန်ပြီး အကန့်အသတ်ရှိသော ထောက်ပံ့မှုကြောင့် လွယ်လင့်တကူရောင်းချနိုင်သော အရာမဟုတ်ချေ။ သို့ရာတွင် ယခုအချိန်တွင်မူ လုမင်ရုန်က ဆန္ဒအလျောက် ပေးအပ်နေသည်။
ရင်းမြစ်ဒင်္ဂါးနှစ်သန်းဖြစ်လျှင်ပင် လူအများသည် အဆင့်တက်နိုင်မည့် အခွင့်အရေးအတွက် စိတ်အားထက်သန်စွာ လဲလှယ်ကြပေမည်။
"ကျေးဇူးတင်ပါတယ်...."
ကျန်းရွှမ်က ကံကြမ္မာချပ်ပြားကို လက်ခံလိုက်ကာ စေ့စေ့စပ်စပ်လေ့လာပြီးနောက် မေးမြန်းလိုက်သည်။
"ဒါကို ဘယ်လိုစုပ်ယူရမလဲ...လေ့ကျင့်ရေးကွင်းပြင်ကို သွားဖို့လိုလား..."
ကံကြမ္မာချပ်ပြားတွင် ကောင်းကင်ကံကြမ္မာစွမ်းအင်များ ပါဝင်ပြီး ထိုအရာကို ထုတ်လွှတ်ရန် ဝင်္ကပါတစ်ခု လိုအပ်သည်။ ထိုဝင်္ကပါသည် လေ့ကျင်ရေးကွင်းပြင်ပေါ်ရှိ နဂါးကိုးကောင်တိုင်လုံးများပင်။
လုမင်ရုန် မျက်နှာပျက်သွားသည်။
"ငါတို့သာ နဂါးကိုးကောင်တိုင်လုံးကို အသက်သွင်းလိုက်ရင်... လှုပ်လှုပ်ရှားရှားတွေ အရမ်းများသွားမှာကို စိုးရိမ်ရတယ်..."
လူတစ်ယောက် စွမ်းအားစုပ်ယူရန်အတွက် နဂါးကိုးကောင်တိုင်လုံးများကို အသက်သွင်းခြင်းသည် သံသယများအား ဖြစ်ပေါ်စေမည်မှာ သေချာပေါက်ပင်။ ငတုံးငအတစ်ယောက်ပင်လျှင် တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားမည်ဖြစ်ပြီး ထိုအချိန်၌ ဤပါရမီရှင်၏အထောက်အထားကို လျှို့ဝှက်ထားရန်မှာ မဖြစ်နိုင်တော့ချေ။
"အမှန်ပဲ...အေးအေးဆေးဆေးပဲ ကောင်းပါတယ်...ကျွန်တော်က သိုသိုသိပ်သိပ်နေရတာကို သဘောကျတယ်..."
ကျန်းရွှမ်က စဉ်းစားတွေးတောနေသော အမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။
လုမင်ရုန်၏မျက်နှာ ရှုံမဲ့သွားပြီး မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။
'မင်းက သိုသိုသိပ်သိပ်နေတယ်လို့ ပြောပေမယ့် မင်း လုပ်သမျှက လူမြင်ကွင်းမှာ ထင်ပေါ်နေတာချည်းပဲ...'
သို့ရာတွင် သူသည် ထိုစကားကို အပြင်သို့ ထုတ်မပြောနိုင်သောကြောင့် ရှင်းပြလိုက်၏။
"ဆရာကျန်းက စွမ်းအင်စုပ်ယူချင်တယ်ဆိုရင် ငါက မင်းရဲ့နေရာမှာ အဖြူရောင်ကျောက်တုံးကုန်သွယ်ရေးအိမ်တော်မှာ အသုံးပြုသလိုမျိုး အသေးစားဝင်္ကပါတစ်ခု ခင်းကျင်းပေးနိုင်တယ်....ဒီအသေးစားဝင်္ကပါကို ခင်းကျင်းဖို့ အထူးပစ္စည်းတွေလည်း မလိုတာကြောင့် လူတွေ သိပ်ပြီးသတိမထားမိလောက်ဘူး"
"ဒါဆို အရမ်းကောင်းတာပေါ့....ကျွန်တော်လိုချင်တာနဲ့ အံကိုက်ပဲ"
ကျန်းရွှမ်၏မျက်လုံးများ တောက်ပလာပြီး ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက်သည် ကျန်းရွှမ် နေထိုင်သောနေရာ၌ ဝင်္ကပါခင်းကျင်းရန် သွားတော့မည်အပြုတွင် အလျင်စလိုလျှောက်လှမ်စလာသော ခြေသံများကို ကြားလိုက်ရသည်။ လူ မရောက်လာခင်ကတည်းက အသံ အရင်ရောက်လာသည်။
"ကျောင်းအုပ်ကြီးလု....ဆရာကျန်းက မင်းကို အဆင့်တက်အောင် ကူညီပေးမယ်လို့ ပြောထားတယ် မဟုတ်လား..."
လမ်းထောင့်တစ်နေရာမှ မြို့အရှင်ယုလုံချင်း လျှောက်လှမ်းလာရင်း ပြောဆိုသည်။
"ငါတို့က မင်းရဲ့အခြေအနေကို အရင်က ဆွေးနွေးခဲ့ကြဖူးတယ်...ဒါက ငါ့ရဲ့မိုက်မဲတဲ့ ညီဝမ်းကွဲကြောင့် ဖြစ်ရတာပါ... ငါ နန်းတွင်းကနေ 'အရိုးပျော့ဆေး' ကို တောင်းဆိုထားပြီးသားပါ... အဲ့ဒါကို ဖော်စပ်ပြီးတာနဲ့ မင်းက ပထမဆုံးရမယ့်လူတွေထဲမှာ ပါမှာပါ..ဒါကြောင့် မင်း သိပ်ပြီးစိတ်မပူပါနဲ့..."
သူ၏စကားမဆုံးခင်မှာပင် ကျန်းရွှမ်က လုမင်ရုန်နှင့်အတူ မတ်တတ်ရပ်နေသည်ကို သတိပြုမိသဖြင့် သူ ချက်ချင်း မျက်နှာပျက်သွားသည်။
"မြို့အရှင်ယု....မင်းရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်...အဲဒီတုန်းက ဖြစ်ခဲ့တာက ငါ့ရဲ့ပြဿနာပါ... မင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုပါဘူး..."
လုမင်ရုန်က ခေါင်းခါပြလေသည်။
အချစ်နှင့်အမုန်းသည် အတွင်းစိတ်မှ ပေါက်ဖွားလာခြင်းဖြစ်ပြီး တခြားသူတစ်ယောက်၏ အမှား မဟုတ်ချေ။
"အပြစ်တင်တာ မဟုတ်ပါဘူး... ငါက မင်းရဲ့စွမ်းရည် ပါရမီအရည်အချင်းတွေနဲ့ ဒီလိုမဖြစ်သင့်ဘူးလို့ ထင်တာပါ.. ငါတို့ယုမိသားစုက အရှက်ရစရာကောင်းတဲ့ မိသားစုဝင်တစ်ယောက်ကြောင့် မင်းက ကျောက်စိမ်းအရိုးနယ်ပယ်မှာ နှစ်သုံးဆယ်ကျော်ကြာ ပိတ်မိနေပြီး တော့ အဆင့်မတက်နိုင်ခဲ့တာ... နေအုံး... မင်း... အဆင့်တက်သွားတာလား"