မိန်းကလေးနှစ်ယောက်ကြား ယှဥ်ပြိုင်ခြင်း
Vol. 8 Ch. 112
လျှူမင်ယွဲ့က သူမ၏ဖခင်သည် ဆရာကျန်း၏နည်းလမ်းကို မသင့်လျော်ဟု ပြောဆိုခဲ့သောကြောင့် သူမမိသားစု၏ အမွေအနှစ်နည်းစနစ်ကိုသာ အာရုံစိုက်၍လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် မည်သည်ကြောင့် သူမ၏တိုးတက်မှုသည် အလွန်နည်းပါးသည်ဟု ခံစားနေရသနည်း။
မနေ့က စာသင်ခန်းအတွင်းတွင် ပေါ့ပေါ့ပါးပါးလေ့ကျင့်ရုံဖြင့် သူမ၏ခွန်အားသည် ငါးဆယ်ရာခိုင်နှုန်းတိုးလာပြီး မြင်းကောင်ရေ၀.၄ မှ ၀.၆ သို့ ရောက်ရှိခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ သူမသည် တစ်နေ့နှင့်တစ်ညနီးပါး အလေးအနက်လေ့ကျင့်ပြီးနောက် ကွာခြားမှုသည် အလွန်ထူးထူးခြားခြားမရှိသည့်အလားပင်။
သူမ၏ဖခင် မှားနေသလော သို့မဟုတ် ဆရာကျန်း မှားနေသလော..
သူမ၏စိတ်နှလုံးသားအတွင်းသို့ သံသယများ ဝင်ရောက်လာသည်။
သူမ၏ဘဝတလျှောက်လုံး သူမဖခင်၏လမ်းညွှန်မှုကို အစဥ်အမြဲလိုက်နာသော နာခံတတ်သည့် သမီးတစ်ယောက် ဖြစ်ခဲ့သည်။ သူသည် သူမကို ကောင်းမွန်စွာ ဆက်ဆံခဲ့သဖြင့်ထိုအချက်ကြောင့် သူမကို ဆိုးသွမ်းပြီး အနိုင်ကျင့်တတ်သော်လည်း ဆုံးဖြတ်ချက်မပြတ်သားဘဲ မျက်ရည်လွယ်တတ်သော ပင်ကိုစရိုက်ကို ပုံဖော်ပေးခဲ့သည်။
သူမ၏ဖခင်သည် တခြားသူများမှ သူ၏ဆန္ဒကို ဆန့်ကျင်ခြင်းအား မကြိုက်သဖြင့် သူမသည် အမှားလုပ်မိမည်ကို စိုးရိမ်သောကြောင့် အမြဲတစေ နာခံခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယခုချိန်အထိ သူမထံတွင် မည်သည့်ပြဿနာကိုမျှ မကြုံတွေ့ခဲ့ရသော်လည်း ယနေ့တွင်မူ သူမ ရုတ်တရက် ခံစားလိုက်ရသည်မှာ...
ယမန်နေ့က သူမဖခင်၏စကားများသည် အကြွင်းမဲ့မမှန်ကန်နိုင်ဟူ၍ပင်။
အကြောင်းအရင်းမှာ ဖူယောင်စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်ကို လေ့ကျင့်နေစဉ်တွင် သူမ အလွန်မသက်မသာဖြစ်နေသည်ကို ရှင်းလင်းစွာ ခံစားနေရသောကြောင့်ပင်။
သူမသည် ဖခင်အပေါ် သံသယဝင်ခြင်းသည် မမှန်ကန်ကြောင်း သိသဖြင့် လျှူမင်ယွဲ့သည် ခေါင်းခါယမ်းပြီး ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။
"ငါ မြင်းကောင်ရေအား ၁.၂ ကို ဘယ်လိုမှ မရောက်နိုင်ဘူး.... ငါ ဆရာကျန်းဆီကို သွားသင့်သေးရဲ့လား...."
ဆရာကျန်းပေးခဲ့သော ပိုးထည်အိတ်အတွင်းရှိ စာရွက်အရ တိကျသောလိုအပ်ချက်များကို သတ်မှတ်ထားသည်။ သူမ၏ခွန်အားသည် ယနေ့နံနက်တွင် မြင်းကောင်ရေအား၁.၂ သို့ ရောက်ရှိမှသာ သူ၏တပည့်အဖြစ် ဆက်နေခွင့်ရရှိပေမည်။ ထိုသို့မဟုတ်ပါက သူမသည် သူ၏တပည့်အဖြစ်မှ ထွက်သွားရပေမည်။
လက်ရှိအခြေအနေအရ ထိုလိုအပ်ချက်ကို သူမ မပြည့်မီနိုင်မည်မှာ သေချာပေ၏။
"ငါ သွားကြည့်မယ်.. ငါ မပြည့်မီဘူးဆိုရင် ယုရှောင်ယွီလည်း ပြည့်မီမှာမဟုတ်ဘူး... ငါ သူထက် ပိုပြီးသန်မာနေသရွေ့ ငါ နိုင်မှာပဲ..."
အတန်းချိန်အတွင်း၌ သူမသည် အနည်းဆုံးအနေဖြင့် အာရုံစိုက်ခဲ့ပြီး ထိုမိန်းကလေးကမူ လုံးဝနားမထောင်ခဲ့ပေ။ သူမကိုသည် ယုရှောင်ယွီအနိုင်ယူရန် လွယ်ကူသင့်သည် မဟုတ်လော။
ကျားတစ်ကောင်နှင့် တွေ့ရပါက နံဘေးကလူထက် ပိုမြန်အောင် ပြေးနိုင်လျှင် အဆင်ပြေပြီမဟုတ်လော....
ကျန်းရွှမ် အတန်းအတွင်းသို့ ဝင်လာချိန်၌ ဟုန်ရီသည် အစောကတည်းက ရောက်နှင့်နေပြီး လုံ့လဝီရိယဖြင့် သန့်ရှင်းရေးလုပ်နေသည်ကို တွေ့လိုက်ရသည်။
ဤအချိန်တွင် ဟုန်ရီ၏ခန္ဓာကိုယ်၌ စွမ်းအားများဖြင့် ပြည့်နှက်နေပြီး သူ၏အရှိန်အဝါသည် အားကောင်းနေပေ၏။ သူသည် ပေါ့ပေါ့ဆဆမနေဘဲ ကြိုးစားလေ့ကျင့်ခဲ့ကြောင်း ရှင်းလင်းစွာ ပြသနေသည်။
"ငါ့ရဲ့လိုအပ်ချက်ကို ပြည့်မီရဲ့လား..."
ကျန်းရွှမ်က ဟုန်ရီကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ယမန်နေ့က သူ ဟုန်ရီအတွက် ချန်ထားခဲ့သော လိုအပ်ချက်မှာ မြင်းကောင်ရေအား ၁ သို့ ရောက်ရှိရန်ပင်။ ဤသည်မှာ လျှူမင်ယွဲ့ ယုရှောင်ယွီတို့နှင့် နှိုင်းယှဉ်လျှင် နိမ့်ကျပုံရသော်လည်း လွယ်ကူသည်တော့ မဟုတ်ချေ။ ယခင်က ဟုန်ရီသည် အာရုံစိုက်၍လေ့ကျင့်ခဲ့သော်လည်း သူ၏ခွန်အားသည် မြင်းကောင်ရေအား ၀.၄ သို့သာ ရောက်ရှိခဲ့သည်။
၀.၄ မှ ၁ သို့ တက်လှမ်းရန်ဆိုသည်မှာ သူ၏ခွန်အားကို နှစ်ရာငါးဆယ်ရာခိုင်နှုန်း တိုးမြှင့်ရမည် ဖြစ်သောကြောင့် အခက်အခဲမှာ သိသာထင်ရှားသည်။
"ကျွန်တော်... ပြည့်မီလား မမီလား မသိပါဘူး... ဒါပေမဲ့ ဆရာ ကျွန်တော့်ကို လက်မခံဘူးဆိုရင် ဆရာသဘောတူတဲ့အထိ ဆရာ့တံခါးရှေ့မှာ ဒူးထောက်နေပါ့မယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဆရာ့တပည့်ဖြစ်ရမှ ဖြစ်မယ်... ဒါကြောင့် ကျွန်တော် စာသင်ခန်းကို သန့်ရှင်းရေးလုပ်ဖို့ ကြိုပြီးလာခဲ့တာပါ..."
ဟုန်ရီက အလျင်အမြန် ရှင်းပြသည်။
ခွန်အားတိုင်းဝင်္ကပါမရှိသဖြင့် သူ၏ခွန်အားအတိအကျကို မတိုင်းတာနိုင်သော်လည်း ဤဆရာ၏တပည့် မဟုတ်တော့ပါက သူ မည်သည့်အတန်းကိုမျှ တက်ခွင့်ရမည်မဟုတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
ထိုကြောင့် သူ တွေဝေတုံ့ဆိုင်းနေရန် အကြောင်းမရှိချေ။ သူ ကျရှုံးသွားလျှင် တောင်းပန်ရပေမည်။ ဤအခွင့်အရေးသည် အလွန်အဖိုးတန်သဖြင့် သူ လက်လွတ်မခံနိုင်ချေ။
"မင်း..."
ကျန်းရွှမ်က ခေါင်းခါလိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် အသိအမှတ်ပြုမှု အရိပ်အယောင်တစ်ရပ် ရှိနေသည်။
ဤသည်မှာ သူ လိုချင်သော တပည့်မျိုးပင်
'နာခံတတ်ပြီး ကြိုးစားတယ်...'
ဟုန်ရီသည် ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ကဲ့သို့ ကိုယ်ပိုင်အစီအစဉ်များရှိပြီး ပြဿနာများစွာ ယူဆောင်လာသောသူများနှင့် မတူချေ။ ယနေ့တွင် သူမတို့ကို ထုတ်ပယ်လိုက်ပါက ပို၍ကောင်းမွန်သွားပေမည်။
သူ ထိုသို့စဉ်းစားနေစဉ် မိန်းကလေးနှစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်မှာ သူ၏တပည့် ယုရှောင်ယွီဖြစ်ပြီး တခြားတစ်ယောက်မှာ တစ်ချိန်က မာနကြီးခဲ့သော မိုယန်ရွှယ်ပင်။
ဤအချိန်အခိုက်အတန့်တွင် မိုယန်ရွှယ်ထံ၌ သူမ၏အေးစက်ပြီး မာနကြီးသောအမူအယာ မရှိတော့ချေ။ ထိုအစား သူမသည် ကြောင်ငေးနေပြီး သူမ၏ရှေ့မှ လူငယ်လေးကို မယုံနိုင်သောမျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။
ကျန်းရွှမ်သည် အိမ်တော်ထိန်းဖုန်းကို လဲကျစေခဲ့စဉ်က သူမသည် သူ့ကို အထင်ကြီးဖွယ်ကောင်းသည်ဟု ထင်ခဲ့သော်လည်း သူ ဤမျှထိ ထူးခြားလိမ့်မည်ဟု သူမ၏အဆိုးရွားဆုံးအိပ်မက်များအတွင်းတွင်ပင် ထည့်မမက်ခဲ့မိချေ။
ကျောင်းအုပ်ကြီးလုနှင့် မြို့အရှင်ယုတို့ နှစ်ဦးစလုံးက သူ့ကို ချီးကျူးခဲ့ကြပြီး သူသည် ကျောင်းတော်တွင် ဆရာတစ်ယောက်ဖြစ်လာကာ သူမသူငယ်ချင်း၏ကျင့်ကြံမှုကိုပင် သူကိုယ်တိုင် လမ်းညွှန်ပေးခဲ့သည်။
ဤနေရာသို့လာရာလမ်းတွင် သူမသည် ယုရှောင်ယွီကို နှစ်ကြိမ်ထပ်မံစမ်းသပ်ခဲ့ပြီး သူမသူငယ်ချင်း၏ခွန်အားသည်
ယခုချိန်၌ မြင်းကောင်ရေအား ၁ ကျော် ရှိနေပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေ၏။
တစ်ရက်တာလေ့ကျင့်ရုံဖြင့် သူမ၏ခွန်အားသည် နှစ်ဆမက တိုးတက်လာခဲ့သည်။ ဤသည်မှာ အဖြူရောင်ကျောက်တုံးမြို့၏သမိုင်းစဥ်တလျှောက်တွင် တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဖူးသော အရာပင်။ ဤအံ့အားသင့်ဖွယ်ရာကိစ္စအတွက် အဓိကလူမှာ သူမအတွက် အလုပ်လုပ်ပေးခဲ့ဖူးသော မြင်းထိန်းဖြစ်နေသည်။
သူမ ပို၍စဉ်းစားလေ ပို၍မယုံနိုင်လေလေ ဖြစ်နေသောကြောင့် သူမသည် ယုရှောင်ယွီ၏နောက်သို့ လိုက်လာခဲ့သည်။
သူမ ကျန်းရွှမ်ကို ကြည့်နေစဉ် သူကလည်း သူမကို ပြန်ကြည့်လိုက်သည်။
"ကျန်း... ဆရာကျန်း..."
မိုယန်ရွှယ်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်ပြီး သူမ၏အသံတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ရှိနေသည်။
"မိန်းကလေးမို.... ဘာကိစ္စရှိလို့လဲ..."
ကျန်းရွှမ်က မေးမြန်းသည်။
မိုယန်ရွှယ်က အံ့ကြိတ်ပြီး အသက်ပြင်းပြင်းရှိုက်ပြီး ဦးညွှတ်ကာ မျှော်လင့်တကြီးဖြင့် မေးမြန်းလိုက်၏။
"ဆရာကျန်း...ကျွန်မ ဆရာရဲ့ အတန်းတစ်ချိန်လောက် တက်ခွင့်ရနိုင်မလား..."
"မရဘူး.."
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
ဤသည်မှာ သူ ရက်စက်နေခြင်းမဟုတ်ချေ။
မိုယန်ရွှယ်သည် ယခင်က သူ့အပေါ်တွင် အစစ်အမှန်မေတ္တာမျိုး မရှိခဲ့သောကြောင့်ပင်။
သူ ဆုရှင်း၏စိတ်ဝိညာဉ်ကို မနိုးထစေခဲ့လျှင် ထိုနေ့က သူသည် သူတောင်းစားတစ်ယောက်အဖြစ်ဖြင့် ဘဝကို အဆုံးသတ်သွားနိုင်သည်။ ထိုအချိန်မှစ၍ သူ ရရှိခဲ့သော အောင်မြင်မှုအားလုံးသည် သူ၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများဖြစ်ပြီး သူမထံမှ အကူအညီမပါဝင်ချေ။ ထိုကြောင့် သူမကို သူ၏အတန်းအား တက်ခွင့်ပေးရန် သူ မည်သည်ကြောင့် သဘောတူရမည်နည်း။
ဤမျှလျင်မြန်သော ငြင်းဆိုမှုကို မမျှော်လင့်ထားသဖြင့် ယုရှောင်ယွီသည်လည်း အံ့အားသင့်သွားသည်။
"ဆရာကျန်း..."
"ယုရှောင်ယွီ...နောင်တစ်ချိန်မှာ ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ ဒီကိုခေါ်မလာနဲ့.."
ကျန်းရွှမ်က လျစ်လျူရှုသောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဆရာကျန်း...ရွှယ်အာ... သူက ဆရာ့ရဲ့အတန်းတစ်ချိန်ကို နားထောင်ချင်ရုံလေးပါပဲ...သူနဲ့ သင့်တော်တယ်ဆိုရင် သူက ဆရာ့ရဲ့တပည့်ဖြစ်ချင်လို့ပါ..."
ယုရှောင်ယွီက တောင်းပန်သည်။
"ပထမဆုံးအနေနဲ့....ငါ့ရဲ့တပည့်ဖြစ်ဖို့ ဘယ်သူ့ကိုမှ မလိုအပ်ဘူး"
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
"ဒုတိယအနေနဲ့ မနေ့က ငါ သတ်မှတ်ခဲ့တဲ့ လိုအပ်ချက်တွေကို မပြည့်မီဘူးဆိုရင် မင်းကိုလည်း ဒီနေ့ ထုတ်ပယ်မှာပဲ...ကိုယ့်အခြေအနေကိုတောင် မရှင်းနိုင်သေးခင် တခြားသူတွေအတွက် စကားမပြောနဲ့..."
ဤယုရှောင်ယွီသည် သူ၏အတန်းကို နှစ်ကြိမ်တိုင်တိုင် နှောင့်ယှက်ခဲ့ပြီးဖြစ်သည်။ အကယ်၍ ယနေ့တွင် သူမသည် သူ၏လိုအပ်ချက်များကို မပြည့်မီပါက မြို့အရှင်၏သမီး ဖြစ်စေကာမူ ထုတ်ပယ်ခံရပေမည်။