ဖရိုဖရဲ ကံကြမ္မာဆရာသခင်
Vol. 8 Ch. 114
တစ်ဖက်တွင် ကျန်းရွှမ်သည် မိန်းကလေးနှစ်ယောက်၏နည်းစနစ်များမှ အားနည်းချက်များနှင့်ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိချိန်မှာ ပင် အခြားတစ်ဖက်၌ သူမတို့၏လက်သီးချက်များ ထိပ်တိုက်တွေ့ဆုံမှု၏ ရလဒ်သည် အဆုံးအဖြတ်ပေးပြီးသား ဖြစ်နေလေပြီ။
ယခင်က ယုံကြည်ချက်ရှိပြီး အနည်းငယ်မာနကြီးသော လျှူမင်ယွဲ့သည် ကြီးမားသော ကျောက်တုံးကြီးတစ်တုံး ဝင်တိုက်သကဲ့သို့ အင်အားကြီးမားသော စွမ်းအားတစ်ရပ်က သူမထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ သူမ တုံ့ပြန်ချိန်မရမီမှာပင် နောက်သို့လွင့်ထွက်သွားခဲ့ပေ၏။
သူမ၏ကျောဖြင့် လွန်ခဲ့သောတစ်ရက်က မိသားစုခေါင်းဆောင်ချန်းရှောင်၏ လူများက ပြုပြင်ပေးထားသော အခန်းတံခါးနှင့် ဆောင့်မိသွားသည်။ မသုံးရသေးသလောက်ဖြစ်သော တံခါးတွင် ယခုအချိန်၌ လူတစ်ယောက်ပုံစံ အပေါက်တစ်ခု ထပ်မံ၍ပေါက်သွားပြန်သည်။
လက်သည်တရားခံဖြစ်သူ ယုရှောင်ယွီမှာမူ ထိတ်လန့်သွားပေ၏။
သူမက လျှူမင်ယွဲ့၏ခွန်အားသည် အလွန်မြင့်မားနိုင်သည်ဟု သံသယဝင်ခဲ့သောကြောင့် အားမလျှော့ဘဲ ညဝက်ခန့်လေ့ကျင့်ထားမှုမှ စုဆောင်းထားသော စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည်။ သူမ မျှော်လင့်ထားသည်မှာ အများဆုံးအနေဖြင့် သရေကျရုံသာဖြစ်ပြီး ဤမျှထိ အပြတ်အသတ်နိုင်လိမ့်မည်ဟု သူမ၏အိပ်မက်များအတွင်းတွင်ပင် ထည့်မမက်ဖူးချေ။
သူမ လျှူမင်ယွဲ့ကို လွင့်ထွက်သွားအောင် ထိုးနှက်နိုင်ခဲ့သည်။ ယမန်နေ့က လျှူမင်ယွဲ့၏ခွန်အားသည် မြင်းကောင်ရေအား ၀.၆ မဟုတ်ဘူးလော..။ မည်သည်ကြောင့် သူမသည် ဤမျှထိ အားနည်းသွားသနည်း...။
"ယုရှောင်ယွီ....မင်းရဲ့ခွန်အားက မြင်းကောင်ရေအား ၁.၃ ရှိပြီး လျှူမင်ယွဲ့က ၀.၆၁ ပဲရှိတယ်... မင်းတို့နှစ်ယောက်လုံး ဒီကိုလာပြီး ဘာကြောင့် အဲ့ဒီလိုဖြစ်ရတာလဲဆိုတာ ရှင်းပြစမ်း"
လျှူမင်ယွဲ့ သည် အခန်းအတွင်းသို့ ယိုင်နဲ့ယိုင်နဲ့ ဖြင့် ပြန်ဝင်လာသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။
သူသည် ဤမိန်းကလေးနှစ်ယောက်ကို နားမလည်နိုင် ဖြစ်နေပေ၏။
လွန်ခဲ့သော အတန်းချိန်နှစ်ချိန်အတွင်းတွင် ယုရှောင်ယွီသည် ဟန်ပြသာသင်ယူနေခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် လျှူမင်ယွဲ့သည် မည်သည့်အရာကိုမျှ မသင်ယူခဲ့ဟု ဆိုသော်လည်း သူမ၏ခန္ဓာကိုယ်သည် သင်ခန်းစာများအတိုင်း လိုက်လုပ်ရန် တစ်ကြိမ်တစ်ခါမျှ တုံ့ဆိုင်းမနေခဲ့ချေ။
ယုရှောင်ယွီသည် လျှူမင်ယွဲ့၏လက်သီးတစ်ချက်ဖြင့် လဲကျသွားမည်ဟု သူ မျှော်လင့်ခဲ့သော်လည်း လက်တွေ့မှာမူ လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေသည်။
"ကျွန်မရဲ့ခွန်အားက... မြင်းကောင်ရေအား ၁.၃ ရှိတယ်..ဟုတ်လား..."
ယုရှောင်ယွီ၏မျက်လုံးများ ပြူးကျယ်သွားသည်။
သူမ၏သူငယ်ချင်းကို လွင့်ထွက်သွားအောင် ထိုးနှက်ခဲ့ပြီးနောက် သူမ၏ခွန်အား မနည်းကြောင်း သိလိုက်ရသော်လည်း ဤမျှထိ တိုးတက်လာမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့မိချေ။ ယမန်နေ့က သူမ၏ခွန်အားသည် မြင်းကောင်ရေအား ၀.၅ သာရှိခဲ့ပြီး နေ့လည်တစ်ပိုင်းနှင့် ညဝက်ခန့် လေ့ကျင့်ပြီးနောက် သူမ၏ခွန်အားသည် ၀.၇ တိုးလာခဲ့သည်။ ဤသည်မှာ သူမ၏ခွန်အား နှစ်ဆတိုးလာသည်ထက်ပင် ပို၍မြင့်မားပေ၏။
သူမ၏အံ့အားသင့်မှုနှင့်မတူဘဲ လျှူမင်ယွဲ့ကမူ လုံးလုံးလျားလျား စိတ်ရှုပ်ထွေးနေသည်။
"ကျွန်မရဲ့ခွန်အားက ၀.၆၁ ပဲရှိတာလား...."
သူမ၏ဖခင်သည် "ဖူယောင်စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်" ကို သူမအား အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ပြီး သူမသည်လည်း အမှားအယွင်းမရှိ ပေါ့ဆမှုမရှိဘဲ လုံ့လဝီရိယဖြင့် လေ့လာခဲ့သည်။ သို့ရာတွင် တစ်ညလုံး လေ့ကျင့်ပြီးနောက် သူမ၏ခွန်အားသည် ၀.၀၁ သာ တိုးလာခဲ့ပေ၏။ ဤသည်မှာ အဖြူရောင်ကျောက်တုံးမြို့၏ ဒုတိယအစွမ်းအထက်ဆုံး စွမ်းအင်သိုလှောင်ခြင်းနည်းစနစ် အစစ်အမှန် ဟုတ်ပါသလော။
မည်သည်ကြောင့် ဤမျှထိ အားနည်းနေသနည်း...
ထို့ပြင် သူမ၏ဖခင် အထင်အမြင်သေးခဲ့သော ဆရာကျန်း၏နည်းစနစ်ကို သူမ ပေါ့ပေါ့ပါးပါး လေ့လာခဲ့ရုံဖြင့် ယမန်နေ့က သူမ၏ခွန်အားကို ၀.၀၂ တိုးစေခဲ့သည်။ ယမန်နေ့က သူမထက် အားနည်းခဲ့သော ယုရှောင်ယွီသည် အနည်းငယ်လေ့ကျင့်ရုံဖြင့် သူမ၏ခွန်အားကို နှစ်ဆထက်မက တိုးမြှင့်နိုင်ခဲ့လေ၏။
သူမ ထိတ်လန့်တုန်လှုပ်မှုမှ မလွတ်မြောက်သေးမီမှာပင် ကျန်းရွှမ်၏အသံက သူမ၏အတွေးများကို ဖြတ်တောက်လိုက်သည်။
"ယုရှောင်ယွီ....မနေ့က မင်း ငါ သင်ပေးခဲ့တာတွေကို နားမထောင်ဘူးလို့ မင်း ပြောခဲ့တယ်မဟုတ်လား..."
"ကျွန်မ... ဟုန်ရီဆီကနေ သူရဲ့မှတ်စုတွေကိုတောင်းပြီး လေ့လာခဲ့တာပါ..."
ယုရှောင်ယွီက ရှင်းပြသည်။
"ကျွန်မက အဖေရဲ့အကြံအတိုင်းလိုက်နာပြီး ကျွန်မတို့မိသားစုရဲ့ 'ဖူယောင်စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်' နဲ့ လေ့ကျင့်ခဲ့တာပါ"
ကျန်းရွှမ်က သူမကို ကြည့်လိုက်ချိန်တွင် လျှူမင်ယွဲ့၏မျက်နှာ နီမြန်းသွားပြီး ဝန်ခံလိုက်သည်။
"မင်းမှာ မင်းတို့မိသားစုရဲ့ အမွေအနှစ်နည်းစနစ်ရှိနေကတော့ ဒီနေ့ကစပြီး မင်းက ငါ့ရဲ့တပည့်မဟုတ်တော့ဘူး...ထွက်သွားတော့"
ကျန်းရွှမ်က လျစ်လျူရှုသောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
စည်းကမ်းသည် စည်းကမ်းပင်။ ယမန်နေ့က လိုအပ်ချက်များကို သတ်မှတ်ထားသဖြင့် လျှူမင်ယွဲ့ထံတွင် စံနှုန်းမပြည့်မီသောကြောင့် ထုတ်ပယ်ခြင်းသည် တစ်ခုတည်းသော ရွေးချယ်ချက်ပင်။
"ဆရာကျန်း..."
လျှူမင်ယွဲ့၏မျက်နှာ ဖြူဖျော့သွားပြီး သူမ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
"နောက်တစ်ယောက်..."
လျှူမင်ယွဲ့ကို လျစ်လျူရှုပြီး ကျန်းရွှမ်က ဟုန်ရီဘက်သို့ လှည့်လိုက်၏။
ဟုန်ရီက လက်သီးတစ်ချက်ထိုးလိုက်ရာ မျှော်လင့်ထားသည့်အတိုင်း မြင်းကောင်ရေအား ၁ သို့ တိတိကျကျ ရောက်ရှိသွားသည်။ သူ စတင်ကျင့်ကြံခဲ့သည့်အချိန်မှ စတင်၍ သူ၏ခွန်အားသည် ငါးဆတိုးလာခဲ့သည်။ သူသည် လိုအပ်ချက်ကို ပြည့်မီခဲ့ပေ၏။
ဤကိစ္စကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသဖြင့် လျှူမင်ယွဲ့ သည် နောက်ဆုံးတွင် နားလည်သဘောပေါက်သွားလေပြီ။ ဆရာကျန်း၏ သင်ခန်းစာများသည် မသင့်လျော်သောနည်းစနစ်များ သို့မဟုတ် ဖြတ်လမ်းများမဟုတ်ဘဲ အစစ်အမှန်လျှို့ဝှက်နည်းစနစ်များ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် နည်းစနစ်ကိုလေ့ကျင့်ခြင်းအား လိုက်လုပ်ရုံမျှဖြင့် ဤမျှထိ လျင်မြန်သော တိုးတက်မှုကို မည်သည်ကြောင့် ရနိုင်မည်နည်း။
လျှူမင်ယွဲ့သည် အံ့တင်းတင်းကြိတ်ပြီး သူမကိုကြည့်ရသည်မှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။ သူမသည် တံခါးဝထံသို့ ဆုတ်ခွာသွားပြီး ဒူးထောက်ကာ စိတ်ပိုင်းဖြတ်ထားသော လေသံဖြင့် ပြောဆိုလိုက်သည်။
"ဆရာကျန်း...ကျွန်မ မှားသွားတာကို သိပါပြီ... ကျွန်မကို ခွင့်လွှတ်ပေးပါ...ဒီနေ့ကစပြီး ကျွန်မ က ဆရာ့ကို စိတ်ရောကိုယ်ပါ ဆရာအဖြစ် အသိအမှတ်ပြုပြီး ဆရာ့ရဲ့ညွှန်ကြားချက်တွေကိုပဲ လိုက်နာပါ့မယ်...ဆရာ လက်မခံဘူးဆိုရင် ကျွန်မ ဒီနေရာမှာ တသက်လုံးဒူးထောက်နေပါ့မယ်"
"ဟုန်ရီ... တံခါးပိတ်လိုက်စမ်း"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
သူ အခွင့်အရေးပေးစဉ်က သူမသည် တန်ဖိုးမထားခဲ့ဘဲ ဆုံးရှုံးသွားမှ နောင်တရနေသည်။ ဘဝသည် များသောအားဖြင့် တစ်လမ်းသွားလက်မှတ်တစ်ခုသာဖြစ်သဖြင့် ဟိုခုန်သည်ခုန်လုပ်နေရန် အခွင့်အရေးများစွာ မရှိချေ။
"ဟုတ်ကဲ့..."
အခန်းတံခါးသည် ပျက်စီးနေသော်လည်း ပိတ်လိုက်လျှင် အနည်းငယ် ကာကွယ်မှုရနိုင်သေးသည်။ ဟုန်ရီသည် လျှူမင်ယွဲ့အနားသို့ ချဉ်းကပ်သွားပြီး တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့်ကြည့်ကာ တံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်၏။
လျှူမင်ယွဲ့ ဒူးထောက်နေခြင်းကို လျစ်လျူရှုကာ ကျန်းရွှမ်သည် ယုရှောင်ယွီနှင့်ဟုန်ရီတို့၏ နည်းစနစ်များမှ အားနည်းချက်များကို အသေးစိတ်ရှင်းပြပြီးနောက် တစ်ဦးချင်းစီအတွက် သီးသန့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုစီ ရေးပေးလိုက်သည်။
ယုရှောင်ယွီသည် သူမ၏ကျင့်ကြံနည်းစနစ်ကို ယူ၍ ဖတ်ကြည့်ပြီးနောက် ဤဆရာ၏ ကျင့်ကြံခြင်းအပေါ် နားလည်မှု မည်မျှထိ နက်ရှိုင်းသည်ကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။
သူမမိသားစု၏ "လားရာငါးသွယ် စွမ်းအင်စုစည်းခြင်းနည်းစနစ်"သည် ကလေးကစားစရာတစ်ခုကဲ့သို့ ရယ်ရွှင်ဖွယ်ကောင်းပေ၏။
'အဖေက ငါ့ကို သူရဲ့တပည့်ဖြစ်အောင် အတင်းအကြပ် တွန်းပို့ခဲ့တဲ့ အကြောင်းအရင်းက သူ ဘယ်လောက်ထိ ထူးခြားတယ်ဆိုတာကို အစကတည်းက သိနေလို့ပဲ ဖြစ်ရမယ်'
ယုရှောင်ယွီသည် သူမဖခင်၏ စိတ်စေတနာကောင်းကို နောက်ဆုံးတွင် နားလည်သွားသည်။
အဆင့်မြင့်ကျင့်ကြံနည်းစနစ်များနှင့် မထိတွေ့ဖူးသော ဟုန်ရီအတွက်ကမူ ဆရာကျန်း၏ သင်ကြားမှုများ မည်မျှထိ အစွမ်းထက်သည်ကို အပြည့်အဝ နားမလည်နိုင်သော်လည်း သာလွန်ထူးကဲသည်ကိုမူ သူ သိရှိထားသည်။ ထိုသို့မဟုတ်လျှင် သူတို့သည် ဤမျှထိ လျင်မြန်သော တိုးတက်မှုကို မည်သည်ကြောင့် ဖြစ်စေနိုင်မည်နည်း။
ဤကဲ့သို့နားလည်မှုကြောင့် သူသည် ပို၍ပင် လုံ့လဝီရိယစိုက်ကာ လေ့ကျင့်တော့သည်။
သူသည် ပါရမီအရည်အချင်းနည်းပါးသောကြောင့် သူ၏ကြိုးစားအားထုတ်မှုဖြင့် ဖြည့်ဆည်းရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိချေ။
သူ၏တပည့်များ ကြိုးစားလေ့ကျင့်နေသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည်လည်း ပလ္လင်ခွေထိုင်လိုက်၏။
ရင်းမြစ်ရေအိုင်နယ်ပယ်တတိယအဆင့်ဖြစ်သော စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်တွင် စွမ်းအားများသည် ခန္ဓာကိုယ်၏မရီဒါန်းများအားလုံးမှတစ်ဆင့် စီးဆင်းပြီး ရင်းမြစ်ရေအိုင်အတွင်းတွင် စုစည်းသွားသည်။
စတုတ္ထအဆင့်ဖြစ်သော ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်တွင် ရင်းမြစ်စွမ်းအားသည် တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ရှိကြွက်သားများကို အားဖြည့်ပေးပြီး သူ၏ခန္ဓာကိုယ်ကို ပို၍သန်မာစေကာ ခန္ဓာကိုယ်တစ်ခုလုံး၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို များစွာတိုးမြှင့်ပေးသည်။
ပဉ္စမအဆင့်ဖြစ်သော သွေးကြောရှင်းလင်းခြင်းနယ်ပယ်တွင် အာရုံစိုက်ရသည်မှာ ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများကို သန့်စင်ရခြင်းဖြစ်ပြီး ထိုအရာများ၏ ပျော့ပြောင်းမှုနှင့် ပို၍ကြီးမားသော စွမ်းအားကို ကိုင်တွယ်နိုင်စွမ်းအား တိုးမြှင့်ပေးလေ၏။
ဆဋ္ဌမအဆင့်ဖြစ်သောာ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်အတွက်မူ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါများကို သန့်စင်ခြင်းပါဝင်ပြီး အသက်ရှုချိန်ကို ပို၍ကြာရှည်စေကာ စွမ်းအင်စုပ်ယူမှုအရှိန်ကို တိုးမြှင့်ပေးသည်။
ကျန်းရွှမ်သည် လက်ရှိအချိန်တွင် သွေးကြောရှင်းလင်းခြင်းနယ်ပယ်နှင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ကြားတွင် ရှိနေသည်။
ရုပ်ခန္ဓာကိုယ်လေ့ကျင့်မှုတွင် ခန္ဓာကိုယ်တွင်းအင်္ဂါများ သန့်စင်ခြင်းနှင့် မသန့်စင်ခြင်းကြား ကွာခြားချက်မှာ အလွန်ကြီးမားသည်။ ခန္ဓာကိုယ်တွင်းအင်္ဂါများ၏ လှုပ်ရှားမှုသည် ခန္ဓာကိုယ်တစ်ခုလုံးကို အားဖြည့်ပေးနိုင်ပေ၏။ ထိုအရာများကို အပြည့်အဝသန့်စင်ပြီးသည်နှင့် ရင်းမြစ်ရေအိုင်ကိုပင် ပြောင်းလဲနိုင်သည်။
ဥပမာအားဖြင့် ဟုန်ရီ၏ရင်းမြစ်ရေအိုင်ကို အနိမ့်ဆုံးဖြစ်သော နဝမတန်းအဆင့်ဟု အကဲဖြတ်ထားသည်။ သို့ရာတွင် သူသည် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်တွင် အောင်မြင်စွာကျင့်ကြံနိုင်ပါက သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများမှ ထုတ်လွှတ်သော ကြီးမားသောစွမ်းအားသည် ရင်းမြစ်ရေအိုင်ကို အဆင့်မြှင့်တင်ပေးနိုင်သည်။
ကျန်းရွှမ်၏ရင်းမြစ်ရေအိုင်သည် ကမ္ဘာသစ်နှင့် ချိတ်ဆက်ထားပြီး စွမ်းအင်ထောက်ပံ့မှုသည် အဆုံးမရှိဖြစ်နေသောကြောင့် ထပ်မံ၍တိုးမြှင့်ရန် မလိုအပ်ချေ။ သို့ရာတွင် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများကို ရင်းမြစ်စွမ်းအားများဖြင့် သန့်စင်ပါက ကမ္ဘာသစ်ကို လောင်ကျွမ်းကာ စွမ်းအားများ ထုတ်ဖော်အသုံးပြုလျှင်ပင် ရင်းမြစ်ကမ္ဘာ၏ဖိအားအောက်တွင် သူ လွယ်လင့်တကူ ဒဏ်ရာရတော့မည် မဟုတ်ချေ။
"ဟူး...ငါ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ လိုအပ်နေတုန်းပဲ..."
သူ၏လက်ရှိအခြေအနေကို ပြန်လည်သုံးသပ်ရင်း ကျန်းရွှမ်က သက်ပြင်းရှိုက်လိုက်သည်။
ကုန်သွယ်ရေးအိမ်တော်နှင့် ကျောင်းအုပ်ကြီးလုထံမှ ယခုလေးတင် ရရှိခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်အမျှင်တန်း နှစ်သောင်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းနှင့် သွေးကြောရှင်းလင်းခြင်းနယ်ပယ်များအတွက် ကျင့်ကြံနည်းစနစ်များကို စီစဉ်ပြီးနောက် ကုန်သလောက်နီးပါး ဖြစ်နေလေပြီ။ သူ ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်များသို့ တက်လှမ်းရန် ကံကြမ္မာချပ်ပြားများ ပို၍လိုအပ်မည်မှာ သိသာထင်ရှားပေ၏။ သို့ရာတွင် သူသည် ထိုအရာများကို မည်သည့်နေရာ၌ ရှာဖွေနိုင်မည်နည်း။
ဤအချိန်အခိုက်အတန့်တွင် လျှူအိမ်တော်၌...
မိသားစုခေါင်းဆောင် လျှူထျန်ကျန်းသည် အကြီးအကဲများ တခြားသူများနှင့်အတူ ခြံဝန်းအဝင်ဝတွင် ရိုသေလေးစားစွာ မတ်တတ်ရပ်နေပြီး တစ်စုံတစ်ဦးကို စောင့်မျှော်နေသည့်အလား အဝေးသို့ စိုးရိမ်ပူပန်တကြီး ကြည့်နေသည်။
တောက်ပသော နေရောင်ခြည်သည် အောက်သို့ကျဆင်းနေပြီး အပူလှိုင်းများကြောင့် လေထုကို ပုံပျက်စေသည်။
အဖြူရောင်ကျောက်တုံးမြို့၏ ထိပ်သီးမိသားစုသုံးစုအနက်မှ တစ်စုဖြစ်သော လျှူမိသားစုမှ မိသားစုခေါင်းဆောင်နှင့်အကြီးအကဲများသည် အလွန်ပူပြင်းသော အပူရှိန်အောက်တွင် ပြင်ပ၌ ရပ်စောင့်နေကြ၏။ ဤသည်မှတဆင့် သူတို့စောင့်နေသောလူသည် အလွန်အရေးပါသူဖြစ်ကြောင်း သိသာထင်ရှားသည်။
ခွပ်...ခွပ်......ခွပ်...
လူများအားလုံး အပူရှိန်ကြောင့် ငိုက်မျဉ်းစပြုလာချိန်တွင် မြင်းခွာသံများက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ မြင်းရထားလုံးတစ်စီးသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာပေ၏။
လျှူထျန်ကျန်း၏မျက်လုံးများ အရောင်တောက်သွားပြီး သူသည် ခြေလှမ်းအနည်းငယ် ရှေ့သို့ အလျင်အမြန်တိုးကာ တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်သည်။
"အရှင်ရှူ...."
မြင်းရထားလုံးမှနေ၍ လူငယ်တစ်ယောက်သည်ကန့်လန့်ကာကိုမတင်ပြီး အောက်သို့ဆင်းလာသည်။
သူသည် အသက်သုံးဆယ်အရွယ်ခန့်ရှိပုံရပြီး မီးခိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏မျက်လုံးများအတွင်းတွင် အေးစက်ပြီး ညို့မှိုင်းသော အကြည့်တစ်ခုရှိသည်။
အရှင်ရှူက ခေါင်းညိတ်လိုက်ပြီးနောက် သူ၏မျက်ခုံးများ အနည်းငယ်တွန့်ကွေ့သွားသည်။
"ဒါဆို မင်းက လျှူထျန်းကျန်းလား..မင်းက ငါထင်ထားတာထက် အများကြီး အားနည်းတာပဲ..."
လျှူထျန်းကျန်း၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပေ၏။
"ကျွန်တော်တို့ လျှူမိသားစုက အဖြူရောင်ကျောက်တုံးမြို့က သေးငယ်တဲ့ မိသားစုလေးတစ်ခုပါပဲ...အရှင်လင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကျေးဇူးကြောင့်သာ ကျွန်တော်တို့က ဒီနေ့လို အခြေအနေမှာ ရှိနေတာပါ...ကျွန်တော့်ရဲ့ မပြောပလောက်တဲ့ ကျင့်ကြံမှုက အရှင်ရှူရဲ့မျက်လုံးထဲမှာ ဘာမှမဟုတ်တာ သဘာဝကျပါတယ်"
"အနည်းဆုံးတော့ မင်းက ကျေးဇူးသိတတ်သားပဲ"
အရှင်ရှူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ငါ ဒီကို ကြိုတင်အကြောင်းမကြားဘဲ ရောက်လာတာက အရှင်လင်ရဲ့အမိန့်အရ 'ဖရိဖရဲ ကံကြမ္မာဆရာသခင်' တွေ အဖြူရောင်ကျောက်တုံးမြို့ထဲကို ဝင်ရောက်လာသလားဆိုတာ စစ်ဆေးဖို့ပဲ"
"ဖရိုဖရဲ ကံကြမ္မာဆရာသခင်..."
လျှူထျန်ကျန်း၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
"ဒါက ကောင်းကင်ကံကြမ္မာကို နှောင့်ယှက်ပြီးတော့ ကြီးမားကျယ်ပြန့်တဲ့ ပရမ်းပတာအခြေအနေတွေကို ဖြစ်စေနိုင်တဲ့ အဲ့ဒီထူးဆန်းတဲ့ ကျင့်ကြံသူတွေကို ဆိုလိုတာလား.. ဆယ်စုနှစ်ပေါင်းများစွာအကြာက သူတို့တွေ တစ်ကြိမ်ထွက်ပေါ်လာခဲ့ပြီးတော့ လောကကြီးထဲမှာ ကြီးမားတဲ့ မငြိမ်မသက်မှုတွေနဲ့ ထိတ်လန့်မှုတွေ ဖြစ်စေခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်... ကံကြမ္မာခန်းမရဲ့ ထိပ်သီးကျင့်ကြံသူတွေ ထွက်လာပြီးတော့ သူတို့ကို နှိမ်နင်းခဲ့မှသာ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တာ မဟုတ်လား"
"အမှန်ပဲ...ဒီကိစ္စက ထိပ်တန်းလျှို့ဝှက်ချက်ပဲ.... အဖြူရောင်ကျောက်တုံးမြို့ရဲ့ မြို့အရှင်တောင်မှ ဒီအကြောင်းကို မသိဘူး... မင်းက အရှင်လင်အပေါ် သစ္စာရှိလို့သာ ဒီအကြောင်းကို အသိပေးခံရတာပဲ... ဒါပေမဲ့ မင်း မှတ်ထားရမှာက ဒီအကြောင်းကို လုံးဝပေါက်ကြားသွားလို့ မဖြစ်ဘူး"
အရှင်ရှူက အရေးမစိုက်သောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်"
လျှူထျန်ကျန်းက အလျင်အမြန် ဦးညွှတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ရပ် ရှိနေသည်။
"ဒါပေမဲ့ အရှင်ရှု ဒီလူတွေက ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားတာ ဆယ်စုနှစ်တွေအများကြီးကြာနေပြီ မဟုတ်လား...ဘာလို့ အခုမှ ရုတ်တရက်ကြီး စုံစမ်းစစ်ဆေးတာလဲ..ပြီးတော့ အဖြူရောင်ကျောက်တုံးမြို့လို ဝေးလံခေါင်ဖျားတဲ့နေရာကို ဘာလို့လာရတာလဲ..."
အရှင်ရှူက တုံ့ပြန်အဖြေပေးသည်။
"ငါလည်း အတိအကျမသိဘူး...ဒါပေမဲ့ တခြားကံကြမ္မာခန်းမတွေက ဒီလိုပုဂ္ဂိုလ်တွေ ရှိနေတာကို ထောက်လှမ်းမိပုံရတယ်..ဒါကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငါ့ကို ဒီနေရာဆီ စေလွှတ်လိုက်တာပဲ... ဘာမှမရှိရင် အကောင်းဆုံးပဲ... ဒါပေမဲ့ အဲ့ဒီလိုလူတစ်ယောက်ကို တွေ့ရှိပြီးတော့ သတင်းမပို့မိဘူးဆိုရင် ငါ သေရုံတင်မကဘူး မင်းတို့ လျှူမိသားစုတစ်စုလုံးပါ မျိုးပြုတ်သွားလိမ့်မယ်"
"နားလည်ပါပြီ..."
လျှူထျန်ကျန်း၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်သွားပေ၏။
သူသည် အရှင်ရှူ၏စကားကို သံသယမရှိချေ။ အကယ်၍ သူတို့သည် အခြေအနေကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့လျှင် အဖြူရောင်ကျောက်တုံးမြို့၏ ထိပ်သီးမိသားစုသုံးခုအနက်မှ တစ်ခုဖြစ်သော်လည်း လျှူမိသားစုသည် အရှင်ရှု၏စကားတစ်ခွန်းဖြင့် ရှင်းလင်းဖယ်ရှားခံရနိုင်သည်။
အကြောင်းအရင်းမှာ အရှင်ရှူသည် ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် အစွမ်းထက်ဆုံးအဖွဲ့အစည်းဖြစ်သော ကံကြမ္မာခန်းမမှလာသူ ဖြစ်သောကြောင့်ပင်။
အရှင်ရှုဟူသော ရှူရှင်းသည် ကံကြမ္မာကျင့်ကြံသူမဟုတ်ဘဲ ကံကြမ္မာအစောင့်အရှောက်တစ်ဦး ဖြစ်သည်။
ကံကြမ္မာအစောင့်အရှောက်များကို ကာကွယ်သူများဟုလည်း ခေါ်တွင်ကြပြီး သူတို့သည် ကံကြမ္မာကျင့်ကြံသူများ၏ ကိုယ်ရံတော်များ ဖြစ်ကြသည်။ သူတို့သည် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်းအား မပိုင်ဆိုင်သော်လည်း ကံကြမ္မာကျင့်ကြံသူများကို ကာကွယ်ပေးရသော သူတို့၏အခန်းကဏ္ဍကြောင့် သူတို့၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။
သူတို့သည် ပါမောက္ခကုန်းမြေပေါ်မှ စစ်သည်တော်များနှင့် အနည်းငယ်ဆင်တူသည်။
သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူတို့သည် ကံကြမ္မာကျင့်ကြံသူများ၏ အာဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပြီး မည်သူမျှ သူတို့ကို မလေးမစားမပြုဝံ့ချေ။
"ကျွန်တော် သိချင်တာက... ဒီဖရိုဖရဲ ကံကြမ္မာဆရာသခင်တွေရဲ့ လက္ခဏာတွေက ဘာတွေလဲ... ဒါမှ ကျွန်တော်က ပိုပြီးစေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးနိုင်မှာပါ..."
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် လျှူထျန်ကျန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"ဖရိုဖရဲကံကြမ္မာဆရာသခင်တွေက ကံကြမ္မာရဲ့ပြောင်းလဲမှုတွေနဲ့ မကိုက်ညီတဲ့အပြင် သူတို့ရဲ့ ကိုယ်ပိုင် တိကျတဲ့ကံကြမ္မာလည်း မရှိဘူး..."
ရှူရှင်းက ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာအမူအယာ ပို၍တည်ကြည်လေးနက်လာသည်။
"အပြင်ပန်းမှာတော့ သူတို့က သာမန်လူတွေထက် ထူးကဲတဲ့ အရည်အချင်းတွေကို ပြသတတ်တယ် အပြုအမူထူးဆန်းတယ်...လူအုပ်ထဲမှာ ထင်ပေါ်နေတယ်...အရေးကြီးဆုံးက သူတို့က ကံကြမ္မာကျင့်ကြံသူတွေ မဟုတ်ပေမယ့် ကံကြမ္မာကျင့်ကြံသူတစ်ယောက်တောင် မလုပ်နိုင်တဲ့အရာတွေကို လုပ်နိုင်ကြတယ်..."
"သာမန်လူတွေထက် ထူးကဲတဲ့ အရည်အချင်းတွေ...ဒါက..."
လျှူထျန်းကျန့်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏စိတ်အတွင်းတွင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။