အခန်း (၁၁၅)
Vol. 8 Ch. 115
'အဲ့ဒီ ကျန်းရွှမ်... ဒီဖော်ပြချက်နဲ့ ကိုက်ညီပုံရတယ်...'
'ပထမတန်းစား ရင်းမြစ်ရေအိုင်တွေနဲ့ သူတော်စင်အဆင့် ရင်းမြစ်ရေအိုင်တွေက ကောင်းကင်ကံကြမ္မာစွမ်းအင် အမျှင်တန်း ရာပေါင်းများစွာကို စုပ်ယူနိုင်တယ်လို့ ငါ ကြားဖူးပေမယ့်...တစ်ကြိမ်တည်းနဲ့ စွမ်းအင်တန်းတစ်ထောင်ကျော် စုပ်ယူတာ ပြီးတော့ စွမ်းအင်ကို စုပ်ယူနိုင်ပြီးတော့ပြီး ရင်းမြစ်သားရဲအဖြစ် ပြောင်းလဲနိုင်တဲ့ မြင်းတစ်ကောင်တောင် ရှိနေတာ... ဒီလိုမျိုး ကိစ္စတွေကို ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ...'
'ဖြစ်နိုင်တာတော့... ဒီလူက ရှူရှင်းပြောတဲ့ "ဖရိုဖရဲ ကံကြမ္မာဆရာသခင်" ဖြစ်နေတာလား....'
'ဒီလောက်ကြီး တိုက်ဆိုင်နေတာတော့ မဟုတ်လောက်ဘူးမလား...'
'ငါ ဒီအကြောင်းကို သတင်းပို့သင့်လား...'
လျူထျန်းကျန့်သည် စကားပြောဆိုရန် ဟန်ပြင်ပြီးနောက် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။
'မဟုတ်ဘူး....မဖြစ်ဘူး.... မင်ယွဲ့က သူ့ရဲ့တပည့်အဖြစ် ရှိနေတုန်းပဲ.... ဒီလူက တကယ်သာ ဖရိုဖရဲကံကြမ္မာဆရာသခင် ဖြစ်နေရင် မင်ယွဲ့လည်း ပါဝင်ပတ်သက်ပြီးတော့ အဖမ်းခံရနိုင်တယ်... အဲဒီလိုဖြစ်သွားရင် ငါတို့ မိသားစုတစ်စုလုံး ပျက်စီးသွားမှာပဲ....အဓိကက သူက အဲ့ဒီလိုလူမျိုး တကယ်ဟုတ်မဟုတ် ငါ သေချာမပြောနိုင်သေးဘူး'
ဤသို့တွေးမိသဖြင့် လျူထျန်ကျန့်က မနေနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းလိုက်သည်။
"အဲဒီလက္ခဏာတွေကလွဲရင် တခြားခွဲခြားသိမြင်နိုင်တဲ့ အချက်တွေ ရှိသေးလား...."
ရှူရှင်းက တုံ့ပြန်အဖြေပေးသည်။
"အသေးစိတ်ကိုတော့ ငါ သေချာမသိဘူး... ဒါပေမဲ့ ဒီလူတွေက ရုပ်ရည်ကြမ်းတမ်းပြီးတော့ ရက်စက်ကြမ်းကြုတ်ပြီး မကောင်းဆိုးဝါးဆန်တယ်လို့ ဆိုကြတယ်...သူတို့ကို တစ်ချက်ကြည့်ရုံနဲ့ အလွယ်တကူ သိနိုင်တယ်....ဒါပေမဲ့ သူတို့က အရမ်းရှားပါးတာကြောင့် မရေမတွက်နိုင်တဲ့နှစ်တွေအတွင်းမှာ ရင်းမြစ်ကမ္ဘာတစ်ခုလုံးမှာ တစ်ယောက် နှစ်ယောက်လောက်ပဲ ထွက်ပေါ်လာခဲ့ဖူးတယ်...အရှင်လင်တောင်မှ သူတို့အကြောင်းကို ရှေးဟောင်းမှတ်တမ်းတွေကနေ ဖတ်ဖူးတာထက် ပိုမသိဘူး...."
လျူထျန်ကျန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
ရင်းမြစ်ကမ္ဘာသည် ကျယ်ပြန့်ပြီး သူ နေထိုင်ရာ ဟန်ယွမ်တိုင်းပြည်သည် ထိုကမ္ဘာအတွင်းရှိ သေးငယ်သော အစက်အပြောက်တစ်ခုသာ ဖြစ်သည်။ ဤမျှကြီးမားကျယ်ပြန့်သော နေရာကြီးတွင် သူသည် မရေမတွက်နိုင်သော နှစ်များအတွင်း တစ်ယောက် သို့မဟုတ် နှစ်ယောက်သာ ထွက်ပေါ်လာခဲ့သော ဖရိုဖရဲ ကံကြမ္မာဆရာသခင်တစ်ယောက်နှင့် ကြုံတွေ့ရနိုင်ခြေ မည်မျှထိ ရှိနိုင်မည်နည်း။
သူ၏ကံကြမ္မာ ဤမျှထိ မဆိုးနိုင်ချေ။
ရှူရှင်းပြောဆိုသည့် စကားများအရ ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ပို၍စုပ်ယူရန် အထူးနည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ခြင်းသာ ဖြစ်နိုင်သည်။ သူသည် ဤရှားပါးသော ဖရိုဖရဲ ကံကြမ္မာဆရာသခင်များအနက်မှတစ်ဦး ဖြစ်နိုင်ခြေမရှိချေ။
ထို့ပြင် သူသည် ရက်စက်ကြမ်းကြုတ်ပြီး မကောင်းဆိုးဝါးဆန်သော လူတစ်ယောက်နှင့်မတူဘဲ အလွန်ကြင်နာသနားတတ်ပုံရပြီး ရုပ်ရည်ချောမောခန့်ညားသည်။
"ဘာဖြစ်လို့လဲ.... အဖြူရောင်ကျောက်တုံးမြို့မှာ တကယ်ပဲ အဲ့ဒီလို လူတစ်ယောက် ရှိနေလို့လား"
ရှူရှင်းသည် လျူထျန်ကျန်း၏ ထူးဆန်းသော အမူအယာကို သတိပြုမိသဖြင့် သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်ပြီး မေးမြန်းလိုက်၏။
"မဟုတ်ပါဘူး.... ကျွန်တော်က ကျွန်တော့်သမီး လျှူမင်ယွဲ့အကြောင်း စဉ်းစားနေတာပါ....သူက သူ့ရဲ့ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုမှာ ကောင်းကင်ကံကြမ္မာစွမ်းအင်အမျှင်တန်း နှစ်ဆယ့်လေးတန်းကို စုပ်ယူနိုင်ခဲ့တယ်... ဒါကြောင့် သူ့ရဲ့အရည်အချင်းက မဆိုးဘူး...သူ့မှာ ခင်ဗျားလို ကံကြမ္မာအစောင့်အရှောက်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရှိနိုင်မလားလို့ပါ..."
လျူထျန်ကျန်းက အနေခက်စွာဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။
"စွမ်းအင်တန်း နှစ်ဆယ့်လေးတန်းလား...ပဉ္စမအဆင့် ရင်းမြစ်ရေအိုင်က မဆိုးပါဘူး...သူက ဘယ်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့လဲ"
ရှူရှင်းက စိတ်ဝင်တစား မေးမြန်းသည်။
"လင်ယွင်သားရဲရဲ့ သွေးအနှစ်သာရအကူအညီနဲ့ သူက အထွတ်အထိပ်အဆင့် မီးပြင်းဖိုတစ်ခုကို ထွန်းညှိနိုင်ခဲ့ပါတယ်"
လျှူထျန်ကျန်းက တုံ့ပြန်အဖြေပေးသည်။
ရှူရှင်း၏မျက်လုံးများ တောက်ပသွားပေ၏။
"သူက အလားအလာ အတော်ရှိတာပဲ... လျှူမိသားစုခေါင်းဆောင် မင်းက ကံကောင်းသားပဲ... အချိန်ရရင် သူ့ကို ငါ့ဆီ ခေါ်လာခဲ့ပါ သင့်တော်တယ်ဆိုရင် ငါက သူ့ကို တပည့်အဖြစ် လက်ခံကောင်း လက်ခံနိုင်လိမ့်မယ်"
"ကျေးဇူးတင်ပါတယ် အရှင်ရှူ"
လျူထျန်ကျန်းက စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်၏။
သူ၏သမီးသာ ရှူရှင်း၏တပည့်ဖြစ်လာပါက ကျန်းရွှမ်သည် ဖရိုဖရဲကံကြမ္မာဆရာသခင် ဖြစ်နေခဲ့လျှင်ပင် လျှူမင်ယွဲ့ ဘေးကင်းပေလိမ့်မည်။ ဤသည်မှာ သူ၏သမီးအတွက် ကြိုတင်ကာကွယ်မှုတစ်ခုပင်။
"ကိစ္စမရှိပါဘူး"
ရှူရှင်းက အလေးမထားသော အမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါ ဒီကို အရှင်လင်ရဲ့အမိန့်အရ လာခဲ့တာဖြစ်ပြီးတော့ ကံကြမ္မာချပ်ပြားသုံးပြား ယူလာခဲ့တယ်... အဲ့ဒါတွေအတွက် ရင်းမြစ်ဒင်္ဂါးဆယ်သန်း ကျသင့်မယ်...."
လျူထျန်ကျန်း၏မျက်နှာ ရှုံ့မဲ့သွားသော်လည်း သူက အလျင်အမြန် ခေါင်းညိတ်ပြလေသည်။ "ဟုတ်ကဲ့... ဟုတ်ကဲ့...'
ဤသည်မှာ မျက်နှာပြောင်တိုက်၍ ဓားပြတိုက်ခြင်းပင်။
ကျောင်းအုပ်ကြီးလုသည် သူ့ကို ကံကြမ္မာချပ်ပြားတစ်ပြားလျှင် နှစ်သန်းနဲ့ ရောင်းခဲ့ပြီး ရှူရှင်းကမူ သူ ဝယ်ယူမည့် ကံကြမ္မာချပ်ပြားသုံးပြားအတွက် တစ်ပြားကို ၃.၃၃ သန်း တောင်းနေသည်။
သို့ရာတွင် ဈေးကြီးသည်မှာ မရှိသည်ထက်စာလျှင် ပို၍ကောင်းပေ၏။ သူ သေချာစီစဉ်လျှင် ရင်းနှီးမြှုပ်နှံငွေကို လွယ်လင့်တကူ ပြန်ရနိုင်ပြီး သိသာထင်ရှားသော အမြတ်အစွန်းများကိုပင် ဆောင်ကြဉ်းပေးနိုင်သည်။
အမှန်အားဖြင့် ကျန်းရွှမ်ကဲ့သို့လူစားများ ဝင်မရှုပ်သရွေ့ အဆင်ပြေပေမည်။
"ငါ့အတွက် တည်းခိုစရာ နေရာတစ်ခု ပြင်ဆင်ထားစမ်း... ငါ ဒီမှာ လဝက်လောက် နေမယ်.... ပြီးတော့ မိန်းကလေးလှတချို့လည်း ရှာပေးထားအုံး...အရှင်လင်ရဲ့နောက်လိုက်ရတာက စည်းကမ်းတင်းကြပ်တဲ့အလုပ်ပဲ...ငါ ဘာပျော်စရာမှ မလုပ်ရတာ ရက်တွေကြာနေပြီ.. ဒီတစ်ခါတော့ ငါ နည်းနည်းလောက် ပျော်ပါးဖို့ ရည်ရွယ်ထားတယ်..."
ရှူရှင်းက ပေါ့ပေါ့ပါးပါးပြောဆိုပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ဖရိုဖရဲ ကံကြမ္မာဆရာသခင်များကို ရှာဖွေခြင်းဆိုသည်မှာ ဆင်ခြေတစ်ခုပင်။ ဤကဲ့သို့ ဝေးလံခေါင်သီသော မြို့လေးတစ်မြို့တွင် ဤမျှထိ အလွန်ရှားပါးသော ပုဂ္ဂိုလ်မျိုးကို မည်သူက အချိန်ကုန်ခံပြီး လိုက်ရှာမည်နည်း။ သူ ဤနေရာသို့ လာခဲ့သည့် အစစ်အမှန်အကြောင်းရင်းသည် အခြေအနေကို အခွင့်ကောင်းယူပြီး အာဏာကိုအနည်းငယ် အသုံးပြုကာ အပန်းဖြေရန်ပင်။
"ဟုတ်ကဲ့ပါ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်"
လျူထျန်ကျန်းက အလျင်အမြန်ခေါင်းညိတ်ပြီး အမိန့်ပေးတော့မည်အချိန်တွင် မိသားစုအကြီးအကဲတစ်ဦး အလျင်အမြန်လျှောက်လာပြီး တီးတိုးပြောဆိုသည်။
"မိသားစုခေါင်းဆောင်....သခင်မလေးက ဆရာကျန်းရဲ့အတန်းကနေ ထုတ်ပယ်ခံလိုက်ရပြီးတော့ သူက အခု စာသင်ခန်းတံခါးရှေ့မှာ ဒူးထောက်နေပါတယ်..."
"ဘာ..."
လျှူထျန်းကျန်း၏မျက်နှာ သုန်မှုန်သွားသည်။
မည်သို့ပင်ဆိုစေကာမူ လျှူမင်ယွဲ့သည် လျှူမိသားစု၏မျက်နှာကို ကိုယ်စားပြုသည်။ သူမကို အတန်းအပြင်ဘက်၌ ဒူးထောက်ခိုင်းခြင်းသည် တရားလွန်သောလုပ်ရပ်ပင်။
"မင်းက အရှင်ရှူရဲ့ နေရာထိုင်ခင်းအတွက်ကို တာဝန်ယူလိုက်စမ်း.. .ခဏနေကျရင် ငါကိုယ်တိုင် ကျောင်းတော်ကို သွားကြည့်မယ်"
လျှူထျန်ကျန်းက ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့...."
အကြီးအကဲက ခေါင်းညိတ်ပြပြီး ထွက်ခွာသွားလေ၏။
....
"ငါ ငွေရဖို့ နည်းလမ်းတစ်ခု ရှာရမယ်..."
ကျန်းရွှမ်သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ၏နဖူးကို ပွတ်သပ်လိုက်သည်။
တခြားလူများကို အဆင့်တက်အောင် ကူညီပေးခြင်းသည် ငွေရှာရန်အတွက် လွယ်ကူသော နည်းလမ်းတစ်ခုပင်။ သို့ရာတွင် သူ၏ကျင့်ကြံမှုသည် မခိုင်မာသေးသည့်အပြင် ဤကမ္ဘာတွင် ပါမောက္ခအလုပ်အကိုင် မရှိသောကြောင့် သံသယများ လွယ်လင့်တကူ ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် အဆင့်တက်အောင် လမ်းညွှန်ပေးခြင်းသည် လူတစ်ဦးချင်းစီတွင် လုံလောက်သော စွမ်းအားစုဆောင်းထားရန် လိုအပ်ပြီး တစ်ကြိမ်တည်းတွင် ရင်းမြစ်ဒင်္ဂါးနှစ်သန်းအထိ ပေးချေနိုင်စွမ်းရှိရန် လိုအပ်သည်။ ထိုသို့သောလူများကို ရှာတွေ့လျှင်ပင် သူတို့မှ သူ့အားယုံကြည်ရန်မှာ အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
အလွယ်ကူဆုံးနည်းလမ်းမှာ ငွေရှာပြီးနောက် ကျောင်းအုပ်ကြီးလုထံမှ ကံကြမ္မာချပ်ပြားများကို ဝယ်ယူခြင်းပင်။
သူသာ နောက်ထပ် ကံကြမ္မာချပ်ပြားနှစ်ချပ် သို့မဟုတ် သုံးချပ် ရနိုင်လျှင် သူသည် တစ်ကြိမ်တည်းဖြင့် ကျောက်စိမ်းအရိုးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။
ထိုကဲ့သို့စွမ်းအားမျိုး ရှိလာပါက သူ့ကို ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် အစွမ်းထက်သည်ဟု မသတ်မှတ်နိုင်သော်လည်း အနည်းဆုံးအနေဖြင့် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း အနည်းငယ်ရှိလာပေလိမ့်မည်။
ငွေရှာခြင်းသည် သူ့အတွက် ခက်ခဲသည့်ကိစ္စ မဖြစ်သင့်ချေ။ သို့ရာတွင် သူသည် ချန်းမိသားစုခေါင်းဆောင် သို့မဟုတ် မြို့အရှင်ယုတို့ထံမှ ရင်းမြစ်ဒင်္ဂါးသောင်းဂဏန်းခန့် ချေးငှားရန်မှာ အလွန်မခက်ခဲသော်လည်း သန်းဂဏန်းအဆင့်သို့ ရောက်ရှိရန်မှာမူ ပို၍ခက်ခဲပေလိမ့်မည်။
"ကျွမ်းကျင်တဲ့သူကို အပ်လိုက်တာ အကောင်းဆုံးပဲ..."
သူသည် ငွေရှာနည်းများ ရှာဖွေရာတွင် မကျွမ်းကျင်သော်လည်း ကျွမ်းကျင်သူတစ်ဦးကို သူ သိရှိပေ၏။ အကယ်၍ သူသည် ထိုလူကို ရင်းမြစ်ကမ္ဘာသို့ ခေါ်ဆောင်လာနိုင်လျှင် ပြဿနာများစွာကို အလွယ်တကူ ဖြေရှင်းနိုင်ပြီး သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နိုင်ကာ လိုအပ်ချိန်မှသာ ဝင်ပါနိုင်ပေမည်။
ထိုလူသည် သူ၏ အိမ်တော်ထိန်းစွန်းချန်ပင်။
'ငါ အိမ်ကို အရင်ပြန်တာ ပိုကောင်းလိမ့်မယ်"
ကျန်းရွှမ်သည် တစ်စုံတစ်ယောက်ကို ဤနေရာတွင် ခေါ်ထုတ်လိုက်လျှင် ယုရှောင်ယွီနှင့်တခြားလူများကို ထိတ်လန့်သွားမည်ကို သိရှိပေ၏။ ထို့ပြင် စွန်းချန်သည် ဤကမ္ဘာတွင် မည်သည့်အထောက်အထားမှ မရှိသောကြောင့် မြို့အရှင်ယု၏အကူအညီ လိုအပ်ပေမည်။
ကျန်းရွှမ်သည် စိတ်ပိုင်းဖြတ်ပြီးသည်နှင့် ထိုအကြောင်းကို ဆက်၍မစဉ်းစားတော့ဘဲ သူ၏တပည့်နှစ်ဦးဘက်သို့ အာရုံပြောင်းလိုက်သည်။
သူတို့နှစ်ဦးသည် လုံ့လဝီရိယစိုက်ကာ လေ့ကျင့်နေကြပြီး ရင်းမြစ်စွမ်းအင်စီးကြောင်းများသည် သူတို့၏ ရင်းမြစ်ရေအိုင်များအတွင်းသို့ အဆက်မပြတ် စီးဝင်နေကာ သန့်စင်သော စွမ်းအားအဖြစ်သို့ ပြောင်းလဲနေပေ၏။ ထိုစွမ်းအားများသည် သူတို့၏မရီဒါန်းများတလျှောက် စီးဆင်းကာ သူတို့၏ခွန်အားကို လျင်မြန်စွာ တိုးမြှင့်ပေးနေသည်။
"မင်းတို့ မှတ်ထားရမှာက.... လေ့ကျင့်မှုဆိုတာ အလုပ်နဲ့အနားယူခြင်းကြား ဟန်ချက်ညီဖို့ လိုအပ်တယ်... အတန်းချိန် တစ်နာရီကျော်သွားပြီ...မင်းတို့ ပြန်သွားပြီးတော့ ခဏနားကြတော့..."
သူတို့ ပေါ့ပေါ့ဆဆနေခြင်း မရှိသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် စိတ်ကျေနပ်သွားပြီး သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ဟုတ်ကဲ့...."
ယုရှောင်ယွီနှင့်ဟုန်ရီတို့သည် မတ်တတ်ထရပ်ပြီး ဦးညွှတ်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေ၏။
ရင်းမြစ်စွမ်းအားများသည် သူတို့၏မရီဒါန်းများမှတဆင့် အဆက်မပြတ် စီးဆင်းနေသောကြောင့် ခွန်အားတိုင်းဝင်္ကပါမရှိဘဲနှင့်ပင် တစ်နာရီမျှသာ လေ့ကျင့်ပြီးနောက် သူတို့၏ခွန်အား သိသိသာသာ တိုးလာသည်ကို သူတို့ ပြောနိုင်သည်။
ဤမျှထိ အလွန်လျင်မြန်စွာ ရလဒ်ထွက်ပေါ်လာသော လေ့ကျင့်မှု...
'ဆရာကျန်းရဲ့ နည်းစနစ်တွေက ကြောက်စရာကောင်းလိုက်တာ.."
"ဆရာ... ကျွန်မတို့က ဒီနည်းလမ်းကို ဘယ်သူ့ကိုမှ မျှဝေမှာမဟုတ်ဘူးလို့ ကတိပေးပါတယ်... ကျွန်မတို့ရဲ့မိဘတွေကိုတောင် မပြောပါဘူး"
ယုရှောင်ယွီက ကျန်းရွှမ်၏အနီးသို့ ချဉ်းကပ်လာရင်း အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။
ဟုန်ရီသည် ဤကျင့်ကြံနည်းစနစ်၏ အရေးပါမှုကို နားလည်ချင်မှ နားလည်မည်ဖြစ်သော်လည်း မြို့အရှင်၏သမီးဖြစ်သူ ယုရှောင်ယွီကမူ ထိုအရာကို ဖော်ထုတ်လိုက်လျှင် မရေမတွက်နိုင်သော လူများကို ဆွဲဆောင်နိုင်မည်အား သိရှိပေ၏။ ထိုနည်းစနစ်များကို လျှို့ဝှက်ထားခြင်းသည် ကျန်းရွှမ်ကို ကာကွယ်သည့်နည်းလမ်းတစ်ခု ဖြစ်ရုံသာမက သူတို့ကိုယ်သူတို့ ကာကွယ်ခြင်းလည်းဖြစ်သည်။
ကျန်းရွှမ်က အသိအမှတ်ပြုသည့်အနေဖြင့်ဖြင့် ခေါင်းညိတ်လိုက်သည်။
သူသည် သူတို့ကို ဤအကြောင်း သတိပေးရန် ရည်ရွယ်ခဲ့သော်လည်း ယုရှောင်ယွီကိုယ်တိုင် ထုတ်ပြောလာသောကြောင့် သူ ထပ်မပြောတော့ချေ။
"ဆရာကျန်း...ကျွန်မ မှားသွားတာပါ..."
သူတို့ အတန်းအတွင်းမှ ထွက်လာချိန်တွင် တံခါးဘေး၌ဒူးထောက်နေဆဲဖြစ်သော လျှူမင်ယွဲ့ကို တွေ့လိုက်ရသည်။ သူမ၏ညိုမောင်းသောမျက်လုံးများအတွင်းတွင် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် ပြည့်နှက်နေပြီး သံသယအရိပ်အယောင်အားလုံး ပျောက်ကွယ်သွားလေပြီ။
"ငါ လိုအပ်ချက်တစ်ခု သတ်မှတ်ပြီးတာနဲ့ မင်းက အဲ့ဒါကို လိုက်နာရမယ်...မင်းက စံနှုန်းမပြည့်မီခဲ့တာကြောင့် ဒီရလဒ်ကို မျှော်လင့်ထားသင့်တယ်..."
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
"ထွက်သွားတော့....ငါတို့ရဲ့ ဆရာတပည့်ဆက်ဆံရေးက ပြီးဆုံးသွားပြီ....မင်း ဒီနေရာမှာ သေတဲ့အထိ ဒူးထောက်နေရင်တောင် ဒါက ပြောင်းလဲမှာမဟုတ်ဘူး"
"ဆရာ..."
လျှူမင်ယွဲ့၏မျက်နှာ ဖြူဖျော့သွားပြီး သူမ စကားဆက်ပြောတော့မည်အပြုတွင် ခြေသံများ ချဉ်းကပ်လာပြီးနောက် သူမဖခင်၏ မကျေမနပ် ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။
"မင်ယွဲ့...မင်း ဘာလုပ်နေတာလဲ..."
"ကျွန်မ..."
လျှူမင်ယွဲ့၏ခန္ဓာကိုယ် တုန်ရီသွားပြီး နောက်သို့ အလျင်အမြန်လှည့်ကြည့်လိုက်ရာ သူမ၏ဖခင် လျူထျန်ကျန်းသည် ခြေလှမ်းကျဲကြီးများဖြင့် သူမထံသို့ လျှောက်လှမ်းလာပြီး ယခုအချိန်၌ မလှမ်းမကမ်းအကွာတွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
"..."
လျှူမင်ယွဲ့က ခေါင်းငုံ့လိုက်၏။
"ငါနဲ့အတူ အိမ်ပြန်လိုက်ခဲ့စမ်း"
လျှူထျန်ကျန်းက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ကျန်းရွှမ်ကိုကြည့်ကာ ပြောဆိုလိုက်သည်။
"ဆရာကျန်း....မင်းက အရည်အချင်းရှိပြီးတော့ မြို့အရှင်ယု ကျောင်းအုပ်ကြီးလု ချန်းမိသားစုခေါင်းဆောင်တို့ရဲ့ ထောက်ခံမှုတွေ ရထားပေမယ့်....ငါ့ရဲ့သမီးကို မင်းရဲ့အတန်းအပြင်ဘက်မှာ ဒူးထောက်ခိုင်းပြီး အသိအမှတ်မပြုတာက နည်းနည်းလွန်တယ်လို့ မထင်ဘူးလား...."
"အဖေ...ကျွန်မကို ဆရာကျန်းက ဒူးထောက်ခိုင်းတာ မဟုတ်ပါဘူး.... ဒါက ကျွန်မရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါ..."
သူမ၏ဖခင် နားလည်မှုလွဲနေသည်ကို မြင်တွေ့ချိန်၌ လျှူမင်ယွဲ့က အလျင်အမြန် ရှင်းပြသည်။
"မင်း..."
လျှူထျန်းကျန်း ကြက်သေသေသွားသည်။
လျှူမင်ယွဲ့က ခေါင်းညိတ်ပြလိုက်၏။
"ဒါက အမှန်ပါ....ကျွန်မက ဆရာကျန်းရဲ့ လိုအပ်ချက်ကို မပြည့်မီခဲ့လို့ သူ ကျွန်မကို တပည့်အဖြစ် လက်မခံတာပါ.... သူ့ကို ပြန်စဉ်းစားပေးဖို့ တောင်းပန်ဖို့ ကျွန်မ ဒီနေမှာ ဒူးထောက်နေတာပါ...."
"လိုအပ်ချက်...."
လျှူထျန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ပိုးထည်အိတ်ထဲက မှတ်စုကို ပြောနေတာလား... တစ်ညတည်းနဲ့ မင်းရဲ့ခွန်အား နှစ်ဆတိုးပြီး မြင်းကောင်ရေအား ၁.၂ကို ရောက်ရမယ်ဆိုတဲ့ တစ်ခုလား...."
"ဟုတ်ကဲ့..."
လျှူမင်ယွဲ့၏မျက်နှာပေါ်ရှိ ရှက်ရွံ့မှုအရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာသည်။
ဆရာကျန်းသည် သူမအား ပိုးထည်အိတ်ကို ယနေ့မှဖွင့်ရန် ပြောခဲ့သော်လည်း သူမ၏ဖခင်သည် ယမန်နေ့ညက ဖွင့်ခဲ့လေ၏။
လျူထျန်ကျန်းက စိတ်ပျက်လက်ပျက်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏အသံတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
"တစ်ညတည်းနဲ့ ခွန်အားနှစ်ဆတိုးရမယ်.. ဟုတ်လား...အဓိပ္ပာယ် မရှိဘူး..သူက ဆင်ခြေတွေပေးနေတာပဲ...မင်းက ငယ်သေးတာကြောင့် ရိုးအလွန်းလို့ ဒါကို မမြင်နိုင်တာ...."
သူ၏စကားမဆုံးသေးမီမှာပင် ယုရှောင်ယွီက ရှေ့
သို့တိုးလာပြီး သူမ၏ဝတ်စုံမှ ခေါင်းလောင်းသံများ တချွင်ချွင်မြည်သွားသည်။
"လျှူမိသားစုခေါင်းဆောင်... စကားမပြောခင် သေချာစဉ်းစားပါ...ရှင်မလုပ်နိုင်တိုင်း တခြားလူတွေ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး...."
"ဟုတ်တယ်...ဆရာကျန်းက လိုအပ်ချက်သတ်မှတ်ထားတယ်ဆိုကတည်းက ဒါက အောင်မြင်နိုင်လို့ပဲ"
ဟုန်ရီကလည်း နောက်မတွန့်ဘဲ ဝင်ရောက်ပြောဆိုသည်။
စီနီယာတစ်ဦး အထူးသဖြင့် ထိပ်သီးမိသားစုကြီးတစ်စု၏ မိသားစုခေါင်းဆောင်တစ်ဦးမှ သူတို့အပေါ် ဝေဖန်မှုကို သည်းခံနိုင်သော်လည်း သူတို့၏ဆရာကို မေးခွန်းထုတ်ခြင်းကမူ သူတို့ သည်းမခံနိုင်သောအရာပင်။
"တစ်ယောက်ယောက်က ဒါကို လုပ်နိုင်တယ်လို့ မင်းတို့ ပြောနေတာလား.."
လျှူထျန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။
"အမှန်ပဲ.....လျှူမိသားစုခေါင်းဆောင်က မယုံဘူးဆိုရင် ကျွန်မ အခုပဲ သက်သေပြမယ်... မနေ့က ကျွန်မရဲ့ခွန်အားက မြင်းကောင်ရေအား ၀.၅ ပဲရှိခဲ့တယ်....ကျွန်မက မင်ယွဲ့ထက် အားနည်းခဲ့ပြီးတော့ လူတော်တော်များများလည်း ဒါကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့တယ်....ဒါက လိမ်လို့မရဘူး..."
ယုရှောင်ယွီသည် အသက်ပြင်းပြင်းရှိုက်ရင်း ရှေ့သို့တက်လာကာ သူမ၏ပခုံးကိုနှိမ့်၍ မျက်မှောင်ကြုတ်ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ဝှစ်.....
ထိုလက်သီးချက်၏စွမ်းအားသည် အလွန်ပြင်းထန်သောကြောင့် လေထုအား ကြာပွတ်ဖြင့်ရိုက်သံကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်လာပေ၏။
"ဒါက... ကြာပွတ်နဲ့ ရိုက်သလိုမျိုး စွမ်းအားပဲ... သူရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားက မြင်းကောင်ရေအား ၁.၅ ကိုကျော်သွားပြီ...တစ်ညတည်းနဲ့ သူရဲ့ခွန်အား သုံးဆတိုးသွားတယ်....ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...'
လျှူထျန်ကျန်း၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
ခွန်အားတိုင်းဝင်္ကပါမရှိဘဲနှင့်ပင် သူမ၏ခွန်အားတွင် မြင်းကောင်ရေအား ၁.၅ထက် ကျော်လွန်ရန် လုံလောက်သော ပျော့ပြောင်းမှုရှိပြီး သူမ၏ခွန်အားများအားလုံးကို သံမဏိကဲ့သို့မာကျောသည့် တစ်ချက်တည်းသော ထိုးနှက်ချက်အဖြစ် စုစည်းထားသည်အား သူ ပြောနိုင်ပေ၏။