← Chapters

အခန်း (၈၁-၈၆)

Vol. 6 Ch. 81-86

အခန်း (၈၁-၈၆)

Vol. 6 Ch. 81-86

Chapter 81

ရုတ်ချည်းဆိုသလိုပင်....

ပုံရိပ်ယောင်ဓားရှည်သည် ရီဖုန်းထံသို့ တန်းတန်းမတ်မတ်တိုးဝင်သွားကာ သူနှင့် တစတစပို၍နီးကပ်လာလေပြီ။

သို့ရာတွင် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေသော ရီဖုန်းသည် မည်သည့်တုံ့ပြန်မှုမျိုးမျှမရှိဘဲ ကျရောက်လာတော့မည့်အန္တရာယ်ကို လုံးလုံးလျားလျား သတိပြုမိပုံမရချေ။

"မျှော်လင့်ထားသလိုပဲ...ကောင်းကင်ဘုံယင်မဟာဝင်္ကပါကြီးက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ....အဲ့ဒီလူက ငါ့ရဲ့တိုက်ခိုက်မှုကို ဘာတုံ့ပြန်မှုမှမရှိဘူး...ဆိုလိုတာက သူ့ရဲ့ကျင့်ကြံဆင့်အခြေခံ လုံးလုံးလျားလျား ချိပ်ပိတ်ခံထားရပြီလို့ပဲ...."

ထိုအကြောင်းကိုတွေးတောရင်း လီမော့စီ၏မျက်နှာပေါ်မှ ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်များ ပို၍ပို၍အားကောင်းလာသည်။

နောက်ဆုံး၌....

ပုံရိပ်ယောင်ဓားရှည်တစ်လက်သည် ရီဖုန်းနှင့် ပေအနည်းငယ်ခန့်သာ ဝေးကွာတော့ကာ သိုင်းပညာခန်းမတစ်ခုလုံးကို လေထုကိုထိုးခွင်းလာသည့် ဓားရှည်မှ တောက်ပပြီး မျက်စိကျိမ်းစေသည့် ဓားအလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိုဓားချီသည် ရီဖုန်း၏မျက်ခုံးနှစ်ခုကြားသို့ဦးတည်၍ ကျရောက်သွားသည်။

"သေစမ်း"

တစ်ချိန်တည်းမှာပင် လေထုအတွင်း၌ ပျံဝဲနေသော လီမော့စီသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

အကယ်၍ ထိုဆရာကြီးသည် သိုင်းသူတော်စင် သို့မဟုတ် သိုင်းအင်ပါယာတစ်ယောက် ဖြစ်နေလျှင်ပင် မည်သည်ကြောင့် အရေးစိုက်ရမည်နည်း....

အဆုံးသတ်၌ သူ၏အကွက်ချကြံစည်မှုအောက်တွင် ဆရာကြီးသည် မည်သို့မျှပင် မသိလိုက်ဘဲ သေဆုံးသွားမည်မဟုတ်လော...

ရီဖုန်း သေဆုံးသွားပြီးနောက် သိုင်းပညာခန်းမတစ်ခုလုံးအတွင်း၌ပြည့်နှက်နေသော သူ၏ရတနာများ ထိပ်သီးဆရာကြီးဟူသော သူ၏ပြိုင်ဘက်ကင်းနာမည်ဂုဏ်သတင်းတို့ကို သူ လုယူနိုင်တော့မည်အား တွေးတောမိချိန်တွင် လီမော့စီ၏မျက်နှာပေါ်မှ အပြုံးသည် ပို၍ပီပြင်ထင်ရှားလာပေ၏။

သို့ရာတွင်...

နောက်ထပ်အချိန်အခိုက်အတန့်မှာပင်...

သူ၏မျက်နှာအမူအယာ ရုတ်တရက် တောင့်တင်းသွားသည်။

"ဘာလဲဟ..."

အစောပိုင်းက သူ၏မျက်နှာပေါ်တွင်ရှိနေသော ဝမ်းမြောက်ပျော်ရွှင်နေမှုများ ဖျတ်ခနဲပျောက်ကွယ်သွားသည်။ သိုင်းပညာခန်းမ၏တံခါးဝအနီးရှိ မြင်ကွင်းကိုကြည့်ပြီး သူ၏ခန္ဓာကိုယ်သည် ရေခဲတုံးကဲ့သို့ အေးစက်တောင့်တင်းသွားလေ၏။

အကြောင်းအရင်းမှာ သူ၏သိုင်းဘိုးဘေးအဆင့် ခွန်အားကုန်တိုက်ခိုက်မှုသည် ပုံရိပ်ယောင်ဓားအဖြစ် အသွင်ပြောင်းလဲပြီး သူ၏ကောင်းကင်ဖောက်ထွင်းနည်းစနစ်ကို အသုံးပြုခဲ့သော်လည်း ရီဖုန်းထံသို့ကျရောက်သွားချိန်တွင် အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာသည် မည်သည့်အရာမျှမရှိခဲ့သည့်အလား ပျက်ပြယ်သွားခဲ့သည်။

ဤသို့ ဖြစ်သွားလေပြီ...

ဤကဲ့သို့ကိစ္စမျိုး တစ်ကြိမ်တစ်ခါမျှ ဖြစ်ပျက်ခဲ့ဖူးခြင်းမရှိချေ။

လီမော့စီ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အေးစက်စက်ချွေးစေးများထွက်လာကာ သူ၏မျက်လုံးများ ပြူးကျယ်နေပြီး သူ၏ပါးစပ်သည် ကြက်ဥတစ်လုံးဝင်ဆန့်သည်အထိ ကျယ်လောင်စွာပွင့်ဟနေသည်။

"ငါက ကောင်းကင်ဘုံယင်ဝင်္ကပါကြီးနဲ့ သူ့ရဲ့ကျင့်ကြံဆင့်အခြေခံကို ချိပ်ပိတ်ထားတာမဟုတ်လား....ဘယ်လိုလုပ်ပြီးတော့ သူက ငါ့ရဲ့တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားနိုင်တာလဲ"

လီမော့စီ၏စိတ်အတွင်း၌ သံသယများစွာ မြင့်တက်လာသည်။

အကယ်၍ ကောင်းကင်ဘုံယင်ဝင်္ကပါကြီး၌ အမှားအယွင်းတချို့ ရှိနေသည်ဆိုလျှင်ပင် တစ်ဖက်လူသည် သူ၏တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားရာ၌ အနည်းဆုံးအနေဖြင့် တုံ့ပြန်မှုတချို့ရှိသင့်သည်။ မည်သည်ကြောင့် သူ၏တိုက်ခိုက်မှုသည် ဆရာကြီးအားမထိသေးမီမှာပင် မည်သည့်အရာမျှ မရှိခဲ့သည့်အလား ပျက်ပြယ်သွားရသနည်း။

ဤသည်က အလွန်ထူးခြားဆန်းကြယ်သော ကိစ္စတစ်ရပ်ပင်။

သို့ရာတွင် ထိုအချိန်မှာပင် သူ တစ်စုံတစ်ခုကို တွေးတောမိသွားသည်မှာ....

မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့ရှိလူသည် အနိမ့်ဆုံးအနေဖြင့် သိုင်းသူတော်စင်တစ်ယောက် သို့မဟုတ် သိုင်းအင်ပါယာတစ်ယောက်ပင် ဖြစ်နေနိုင်သည်။ အကယ်၍ သူ၏ကျင့်ကြံဆင့်အခြေခံကို ချိပ်ပိတ်ခံထားရလျှင်ပင် နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံထားသော သူ၏ပင်ကိုခုခံကာကွယ်မှုစွမ်းအားများက ကျန်ရှိနေပေမည်။

ထိုအကြောင်းကို တွေးတောရင်း သူ၏မျက်နှာပေါ်၌ နားလည်သဘောပေါက်သွားသော အရိပ်အယောင်တချို့ ထင်ဟပ်လာသည်။

"ငါ သိပြီ...."

လီမော့စီ၏ပါးစပ်တွင် အပြုံးတစ်ခု ချိတ်ဆွဲသွားကာ သူ၏ယခင် အကြောက်တရားများအားလုံး ပျောက်ကွယ်သွားလေပြီ။ ယုံကြည်ချက်ရှိသော အေးစက်စက်အပြုံးတစ်ခုက သူ၏မျက်နှာပေါ်၌ တဖန်ထပ်၍ ထွက်ပေါ်လာသည်။

ဤလူ၏ခွန်အားသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းကာ သူ၏တိုက်ခိုက်မှုကပင် ထိုလူ၏ခုခံကာကွယ်မှုကို မချိုးဖျက်နိုင်ခဲ့သော်လည်း ဤသည်က လီမော့စီကို ပို၍ရူးသွပ်သွားစေသည်။

မည်သို့ပင်ဆိုစေကာမူ ရီဖုန်း ပို၍သန်မာအားကောင်းလေလေ သူ့အားသတ်ဖြတ်ပြီးနောက် ရရှိမည့်အောင်မြင်မှုများက ပို၍အတုမရှိဖြစ်လေလေပင်။

"မင်းရဲ့ခုခံကာကွယ်မှုကို မထိုးဖောက်နိုင်မှတော့...ငါက တခြားနည်းလမ်းတွေကိုသုံးပြီး ဖြေရှင်းရုံပဲရှိတော့တယ်"

လီမော့စီက အေးစက်စက် ရယ်မောလိုက်၏။ သူသည် ရှုပ်ထွေးပွေလီသော လက်စည်းတံဆိပ်များကို အလျှင်အမြန်ဖွဲ့စည်းပြီးနောက် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ လေပြင်းများကိုတိုက်ခတ်သွားစေသည်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏လက်စည်းတံဆိပ်ဖွဲ့စည်းမှုများ ပို၍ပို၍လျှင်မြန်လာပြီး မကြာခင်မှာပင် ထူးဆန်းသောပုံစံအမြောက်အများ ထွက်ပေါ်လာသည်။

နောက်ဆုံး၌....

သူသည် နောက်ဆုံးလက်စည်းတံဆိပ်ကို ဖွဲ့စည်းပြီးနောက် ညင်သာစွာ အော်ဟစ်လိုက်သည်။

"သေမင်းကူကောင်...ထွက်လာစမ်း"

သူ၏အသံ ကျရောက်လာသော အချိန်အခိုက်အတန့်တွင် ပျားတစ်ကောင်အရွယ်အစားရှိသော ကူကောင်တစ်ကောင်သည် သူ၏ပါးစပ်မှ ပျံသန်းထွက်လာသည်။ ထို့နောက် သူ၏တောင်ပံများကို မြင့်မားသောကြိမ်နှုန်းနှင့် တဖျတ်ဖျတ်ခတ်ကာ လီမော့စီ၏စူးရှသော အကြည့်အောက်တွင် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေသော ရီဖုန်းထံသို့ တိုးဝင်သွားသည်။

သေမင်းကူကောင် ပျံသန်းသွားသည်နှင့် လီမော့စီ၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ပြန်လည်ထွက်ပေါ်လာသည်။

"ငါ့ရဲ့သေမင်းကူကောင်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ မင်းရဲ့ခုခံကာကွယ်မှု ဘယ်လောက်ထိအားကောင်းနေနေ ကိစ္စမရှိတော့ဘူး....ဒီကူကောင် မင်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့...တကယ်လို့ မင်းရဲ့ကျင့်ကြံဆင့်အခြေခံကို ပြန်ရသွားရင်တောင် မင်း သေဖို့ကိုပဲ စောင့်နေရလိမ့်မယ်"

"ဟား ဟား ဟား..."

လီမော့စီက အေးစက်စက်ရယ်မောကာ သူ၏ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများအတွက် ဂုဏ်ယူဝင့်ကြွားနေသည်။ အကယ်၍ သူ့နေရာတွင် တခြားသာမာန်လူတစ်ယောက်သာ ဤကဲ့သို့အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက မည်ကဲ့သို့ဆက်လုပ်ရမည်ကို သိရှိတော့မည်မဟုတ်ချေ။

"ဝီ...ဝီ..ဝီ..."

နောက်ဆုံး၌ သေမင်းကူကောင်သည် ရီဖုန်း၏အနီးသို့ချဥ်းကပ်သွားကာ သူ၏ခေါင်းထက်၌ ပျံဝဲနေပေ၏။ ထို့နောက် လီမော့စီ၏စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေမှုအောက်တွင် ကူကောင်သည် တောင်ပံတဖျတ်ဖျတ်ခတ်ကာ ရီဖုန်း၏နားအနီးသို့ ရောက်ရှိသွားတော့သည်။

"အောင်မြင်သွားပြီ"

ထိုကူကောင် တဖြည်းဖြည်း ပို၍ပို၍ နီးကပ်သွားသည်နှင့်အမျှ လီမော့စီ ပို၍ပို၍စိတ်လှုပ်ရှားနေသည်။

Chapter 82

ထိုအချိန်မှာပင် ရီဖုန်းသည် ရုတ်တရက် ကျိန်ဆဲစကားတစ်ခွန်းဖြင့်အတူ လက်ကိုဆက်ခနဲ ရိုက်လိုက်သည်။

"အဲ့ဒီသောက်ယင်ကောင်က ဘယ်ကနေရောက်လာပြီးတော့...ငါ အိပ်နေတာကို လာနှောက်ယှက်နေတာလဲ"

တစ်ချိန်တည်းမှာပင် သူ၏လက်ကို စိတ်မရှည်စွာဖြင့် တစ်ချက်ဖြတ်ရိုက်ကာ သူ၏မျက်နှာပေါ်တွင် စိတ်အနှောက်အယှက်ဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။

ထို့နောက် လီမော့စီ၏ကြက်သေသေနေသော မျက်လုံးများရှေ့တွင် ရီဖုန်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလုဆဲဆဲဖြစ်သော သေမင်းကူကောင်သည် လွင့်ထွက်သွားကာ နံဘေးရှိနံရံနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိတော့သည်။

"ဖြောင်း..."

တိုးညှင်းသောအသံတစ်သံနှင့်အတူ သေမင်းကူကောင်သည် နံရံနှင့်ရိုက်ခတ်မိပြီးနောက် ကြေမွှပျက်စီးသွားကာ ထိုအရာ၏အခွံမာအပိုင်းအစများသာ မြေပြင်ပေါ်သို့ ကျရောက်လာသည်။

"အား...."

သေမင်းကူကောင် ရိုက်သတ်ခံလိုက်ရသော အချိန်အခိုက်အတန့်တွင် လီမော့စီ၏မျက်လုံးများကျွတ်ထွက်လုမတတ် ပြူးကျယ်နေကာ သူ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်သည် တန်ပြန်ဒဏ်ကို ခံစားရသဖြင့် သူက သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

သို့ရာတွင် လီမော့စီသည် သူ၏ခန္ဓာကိုယ်မှ တန်ပြန်ဒဏ်ကိုဖြစ်စေ သူနှစ်ထောင်ပေါင်းများစွာကြာအောင် မွေးမြူခဲ့ရသော သေမင်းကူကောင်ကိုဖြစ်စေ ဂရုမစိုက်နိုင်တော့ချေ။ သူ၏ခြေထောက်ကို လေဟာနယ်အတွင်း၌ တစ်ချက်ဆောင့်နင်းကာ နောက်သို့ချာခနဲလှည့်၍ ပျံသန်းခဲ့တော့သည်။

ဤသည်က အလွန်ထိတ်လန့်ကြောက်ရွံဖွယ်ရာပင်...

အလွန် ထူးဆန်းသောကိစ္စပင်....

ဤအချိန်အခိုက်အတန့်တွင် သူ ဆန္ဒရှိသည်မှာ ဤနေရာမှထွက်ပြေးနိုင်ရန်ဖြစ်ပြီး ပို၍ဝေးလေ ပို၍ကောင်းလေပင်။

ကောင်းကင်ဘုံယင်ဝင်္ကပါကြီးသည် အကျိုးသက်ရောက်မှုရှိသည်မှာ သိသာထင်ရှားကာ သူ၏ကျင့်ကြံဆင့် တားမြစ်ကန့်သတ်ခြင်း ခံထားရသည်မှာလည်း တိကျသေချာသည်။ ထိုသို့ဆိုပါက မည်သည်ကြောင့် ဤသို့ဖြစ်လာသနည်း။ သူ အမှန်တကယ်ကို မဖော်ထုတ်နိုင်ချေ။

ထို့ပြင် သူ၏သေမင်းကူကောင်သည် လူများကို အသံတိတ်သတ်ဖြတ်နိုင်ရုံသာမက ထိုအရာ၏အခွံသည် မိုးကောင်းကင်ကိုဆန့်ကျင်လုမတက် မာကြောသည်ဟု နာမည်ကျော်ကြားပေ၏။ သေမင်းကူကောင်၏အခွံသည် မီးလောင်ကျွမ်းခြင်း ရေနစ်ခြင်း သို့မဟုတ် သိုင်းအင်ပါယာတစ်ယောက်၏ စွမ်းအားပြည့်ရိုက်နှက်ခြင်းကို ခံရလျှင်ပင် ကြေမွှပျက်စီးသွားမည်မဟုတ်ချေ။

သို့ရာတွင် ယခုချိန်၌ ထိုလူ၏လက် သာမာန်ကာလျှံကာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် သူ့ဘဝ၏ရေသောက်မြှစ်ဖြစ်သော သေမင်းကူကောင်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားခဲ့သလော.....

ဤသေမင်းကူကောင်၏ အဖြစ်ဆိုးကို တွေးတောရင်း သူ့ကိုယ်သူ ပြန်မြင်တွေ့လိုက်သကဲ့သို့ပင်။

ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် သူသည် သိုင်းပညာခန်းမကို ဆန့်ကျင်လိုသည့်ရည်ရွယ်ချက်နှင့် ရီဖုန်း၏ကံကြမ္မာကောင်းကြီးကို လုယက်မည့်အတွေးမျိုး ထပ်မံ၍မထားဝံ့တော့ချေ။ သူသည် သိုင်းပညာခန်းမမှလူ သူ့အားလိုက်လံဖမ်းဆီးမည်ကို ကြောက်ရွံသဖြင့် သူ၏တသက်တာတွင် တစ်ကြိမ်တစ်ခါမျှ အသုံးမပြုဘူးသည့် အရှိန်နှုန်းဖြင့် ပျံသန်းခဲ့သည်။

အချိန်နာရီဝက်မပြည့်မီမှာပင် လီမော့စီသည် လေထုအတွင်း၌ အလင်းတန်းတစ်တန်းအဖြစ်ပြောင်းလဲကာ ပင်ကျင်းမြို့၏နယ်နမိတ်ကိုကျော်လွန်၍ ချင်ရှန်းဂိုဏ်းနှင့် မနီးမဝေးအကွာအဝေးရှိ လေဟာနယ်အတွင်းသို့ ရောက်ရှိခဲ့လေ၏။

"ဟူး..."

"တော်သေးတာပေါ့"

သူ၏နောက်မှ လိုက်လံဖမ်းဆီးသူမရှိသည်ကိုကြည့်ပြီး လီမော့စီက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သို့သော် သူ အသက်ရှုမဝသေးမီ နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ အလွန်ထိတ်လန့်ကြောက်ရွံသွားသဖြင့် သူ၏ခန္ဓာကိုယ်တုန်ရီသွားသည်။

သူ၏ရှေ့ မလှမ်းမကမ်းအကွာတွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ပွယောင်းသောဝတ်ရုံကြီးသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်ထားကာ သူ၏ခေါင်းကိုအောက်သို့ ငုံထားသဖြင့် သူ၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ချေ။

သို့ရာတွင် ဤပုံရိပ်၏ပုံပန်းသွင်ပြင်မှနေ၍ လီမော့စီကို အလွန်ကြီးမားသော သေရေးရှင်ရေး အငွေ့အသက်မျိုးအား ခံစားရစေသည်။

ထိုလူ၏ခန္ဓာကိုယ်မှနေ၍ အရှိန်အဝါအနည်းငယ်မျှ ထွက်ပေါ်နေခြင်းမရှိကာ ကျင့်ကြံမှုမရှိသော သာမာန်လူတစ်ယောက်နှင့်တူညီနေပြီး လေထုအတွင်း၌ မလှုပ်မယှက် မျောလွင့်နေရုံသက်သက်ပင်။

ထို့ထက်ပို၍ မယုံကြည်နိုင်ဖွယ်အချက်မှာ လီမော့စီသည် မျက်လုံးစုံမှိတ်၍ သူ၏ပတ်ဝန်းကျင်ကို အာရုံခံကြည့်ချိန်တွင် ထိုလူ၏တည်ရှိမှုကို အနည်းငယ်မျှပင် သူ မခံစားမိတော့ခြင်းဖြစ်သည်။

"မင်းက ဘယ်သူလဲ"

လီမော့စီက စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်၏။

ဝတ်ရုံနက်၏အောက်မှနေ၍ မည်သည့်အသံမျှ ထွက်မလာချေ။

လီမော့စီ၏မျက်လုံးများ တောက်ပသွားကာ သူ၏ခြေထောက်ကို လေဟာနယ်အတွင်း၌ ဆောင့်နင်းပြီး ဝတ်ရုံနက်ပုံရိပ်နှင့် ကွဲပြားခြားနားသောဦးတည်ချက်မှ ကွေ့ပတ်၍ပျံသန်းလိုက်သည်။

သူသည် ဤလျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်လူနှင့် အရှုပ်အထွေးဖြစ်လိုခြင်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ ထိုဝတ်ရုံနက်လူထံမှ ထူးခြားဆန်းကြယ်မှုများက သူ့အား ကြီးမားသောဖိအားအရှိန်အဝါကို ပေးစွမ်းနိုင်သည်။

သို့ရာတွင် သူ လျှင်မြန်စွာဖြတ်သန်းသွားခဲ့သော်လည်း ဝတ်ရုံနက်လူသည် သူ၏ရှေ့၌ တဖန်ပြန်၍ ထွက်ပေါ်လာသည်ကို သူ မြင်တွေ့မိလေ၏။

ထိုလူသည် လေထုအတွင်း၌ တိတ်တဆိတ်မျောလွင့်နေဆဲဖြစ်ကာ မည်သည့်အရှိန်အဝါမျှ ရှိမနေဆဲပင်။

သို့ရာတွင် လီမော့စီ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

အကြောင်းအရင်းမှာ သူ့ရှေ့ရှိ ဝတ်ရုံနက်လူ မည်ကဲ့သို့ရွေ့လျားလာသည်ကို သူ မမြင်တွေ့ရသောကြောင့်ပင်။ အကယ်၍ ထိုလူသည် ဤနေရာထိ သူ့နောက်သို့ တစ်ပါတည်းလိုက်ပါလာခြင်းဖြစ်ပါက.....

"မင်းက ဘယ်ကကောင်လဲ"

လီမော့စီ၏ခန္ဓာကိုယ်မှ ချွေးသီးချွေးပေါက်များ ကျဆင်းလာကာ သူက အံ့တင်းတင်းကြိတ်၍ မေးမြန်းလိုက်သည်။

ဝတ်ရုံနက်လူသည် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲဖြစ်ကာ အနည်းငယ်မျှပင် လှုပ်ခတ်မှုမရှိချေ။

"ဟမ့်...လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်နေတယ်...မင်းက စကားမပြောမှတော့ ငါ့ကိုအပြစ်မတင်နဲ့"

လီမော့စီက အေးစက်တင်းမာစွာ ပြောဆိုသည်။ ဤဝတ်ရုံနက်လူသည် သူ့အား အလွတ်မပေးမည်ကို သိရှိသဖြင့် သူ အရင်တိုက်ခိုက်သည်က ပို၍ကောင်းမွန်ပေမည်။

သူ၏အသံကျရောက်သွားသည်နှင့်အတူ သိုင်းဘိုးဘေးအဆင့်အရှိန်အဝါများက လေထုအတွင်း၌ ပျံ့နှံ့သွားသည်။ သူ၏လက်ကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်ဝတ်ရုံဝတ်လူကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားလေ၏။

"ဘုန်း....ဘုန်း...ဘုန်း..."

တုန်လှုပ်ချောက်ချားဖွယ် စွမ်းအားလှိုင်းများက တစ်ခုပေါ်တစ်ခုဆင့်ကာ တစ်လွှာပြီးတစ်လွှာထပ်ထားသည့်အလား ဝတ်ရုံနက်လူထံသို့ တရကြမ်းတိုးဝင်သွားသည်။ ထိုကြီးမားကျယ်ပြန့်သော တိုက်ခိုက်မှုအောက်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် တွန့်လိမ်စပြုလာသည်။

"ဆရာကြီးတွေကြားက တိုက်ပွဲလား"

မလှမ်းမကမ်းတွင်ရှိနေသော ချင်ရှန်းဂိုဏ်းအတွင်း၌ တံခါးပိတ်ကျင့်ကြံနေသည့် လုသရှန်းက ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်လိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို အလင်းတန်းတစ်တန်းအဖြစ်သို့ပြောင်းလဲပြီး လေထုအတွင်းသို့ ပျံသန်းကာ တိုက်ပွဲစွမ်းအားလှုပ်ခတ်မှုများဖြစ်နေသောနေရာသို့ ဦးတည်၍ထွက်ခွာခဲ့သည်။

Chapter 83

လီမော့စီ၏ မိုးကောင်းကင်အက်ကွဲလုမတက် ပြင်းထန်သောတိုက်ခိုက်မှုသည် ဝတ်ရုံနက်လူထံသို့ တိုးဝင်သွားသည်။

သို့ရာတွင် ထိုဝတ်ရုံနက်လူသည် နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး သူ၏တိုက်ခိုက်မှုကိုခုခံမည့် ရည်ရွယ်ချက်ရှိပုံမရချေ။

"ဟမ့်...ငါ လီမော့စီက ဒီမျိုးဆက်ရဲ့သိုင်းဘိုးဘေးတစ်ယောက်ပဲ...ဒီလိုမောက်မာမှုမျိုးနဲ့ ငါ့ရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်တာကြောင့် အကျိုးဆက်တွေကို မင်း ကောင်းကောင်းကြီးခံစားရလိမ့်မယ်"

ရေခဲတမျှအေးစက်စက်အသံသည် လီမော့စီ၏နှုတ်မှ ထွက်ပေါ်လာသော်လည်း သူသည် တစ်ဖက်ရန်သူကို အနည်းငယ်မျှပင် လျှော့မတွက်ဝံ့ချေ။ သူ၏လက်အတွင်းရှိစွမ်းအားများ ပို၍ပို၍ နက်နဲသိမ်မွေ့လာသည်။

သို့ရာတွင် မမျှော်လင့်ဘဲ သူ၏ပြင်းထန်သောတိုက်ခိုက်မှုသည် ဝတ်ရုံနက်လူပေါ်သို့ ကျရောက်သွားချိန်တွင် လှိုင်းဂယက်တစ်ခုပင် ထွက်ပေါ်မလာခဲ့ချေ။

"ဟာ..."

ထိုမြင်ကွင်းကိုကြည့်ပြီး လီမော့စီသည် ထိတ်လန့်ကြောက်ရွံသွားကာ သူ၏သတ္တိများအားလုံး ကြေမွှပျက်စီးသွားလုနီးပါးပင်။ သူသည် ချက်ချင်းဆိုသလိုပင် သူ၏တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းကာ သူ၏ခြေထောက်ကိုလေဟာနယ်အတွင်း၌ ဆောင့်နင်း၍ အလင်းတန်းတစ်ခုအလား ကွေ့ပတ်ပြီး အဝေးသို့ထွက်ပြေးလိုက်၏။

ယခုချိန်၌ သူ့ထံတွင် အတွေးတစ်ခုသာ ရှိတော့သည်။

'ပြေး....'

အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် လီမော့စီသည် လေထုအတွင်း၌ ပေထောင်နှင့်ချီကွာဝေးသောနေရာသို့ ရောက်ရှိသွားလေပြီ။

ထိုအချိန်မှာပင် ဝတ်ရုံနက်လူသည် နောက်ဆုံး၌ လှုပ်ရှားလိုက်သည်။ သူ၏အနက်ရောင်အင်္ကျီလက်စများ ဖြည်းညှင်းစွာ မြင့်တက်လာသည်။

တစ်ချိန်တည်းမှာပင် လေအလျင်အလား ပျံသန်းနေကာ ပေထောင်နှင့်ချီအကွာသို့ ရောက်ရှိနေသည့် လီမော့စီသည် နေရာမှာပင် တောင့်တင်းသွားလေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှံနွံအိုင်အတွင်း၌နစ်မြုပ်သွားသည့်အလား ရှေ့သို့ခြေတစ်လှမ်း မတိုးနိုင်တော့ချေ။

"ဘာလဲကွာ...."

လီမော့စီ၏မျက်နှာ သိသိသာသာ ဖြူရော်သွားသည်။

ထို့နောက် သူ၏ဆံပင်များကို အဆုံးထိထောင်မတ်သွားစေသော ကိစ္စရပ်ကြီး ဖြစ်လာတော့သည်။ ကြီးမားသောအားလှိုင်းတစ်ရပ်သည် သူ၏နောက်မှ ဖြည်းညှင်းစွာထွက်ပေါ်လာကာ သူ၏နောက်သို့ ပြန်စုပ်ယူသွားသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် ဝတ်ရုံနက်လူ၏နံဘေးရှိ လေထုအတွင်း၌ တောင့်တင်းကာမတ်တတ်ရပ်နေရကာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ချေ။

သူ၏ဖြူဖပ်ဖြူရော်မျက်နှာမှတဆင့် သူသည် ဝတ်ရုံနက်လူ၏ရှေ့၌ စဥ့်နီတုံးပေါ်တွင် တင်ထားခံရသော ငါးတစ်ကောင်ဖြစ်သွားပြီဟု ဖော်ပြနေသည်။

"မင်း....မင်းက ဘယ်သူလဲ"

လီမော့စီသည် စိတ်လှုပ်ရှားစွာဖြင့် ဝတ်ရုံနက်လူကို စူးစိုက်ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့နှင့် မေးမြန်းလိုက်၏။

ဝတ်ရုံနက်လူသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

"မင်း ငါ့ဆီကနေ ဘာလိုချင်လို့လဲ....မင်းနဲ့ငါကြားမှာ မကျေနပ်ချက်လည်းမရှိ ရန်ငြိုးလည်းမရှိဘူး..ဘာလို့ ငါ့ကို ဒီလိုမျိုးဆက်ဆံနေတာလဲ"

လီမော့စီက စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ၍ မေးမြန်းလေသည်။

"မကျေနပ်ချက်လည်းမရှိ ရန်ငြိုးလည်းမရှိဘူးတဲ့လား"

နောက်ဆုံး၌ ဝတ်ရုံနက်အောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ သို့ရာတွင် မပီသသောအသံထွက်နှင့် အဆုံးစွန်ဆုံးထိခံစားချက်ကင်းမဲ့နေခြင်းကြောင့် ထိုအသံကိုကြားရသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

"မင်း ဘာကိုဆိုလိုတာလဲ"

လီမော့စီ၏မျက်နှာ သိသိသာသာ ပျက်ယွင်းသွားကာ သိုင်းပညာခန်းမ၌ အစောပိုင်းက သူ လုပ်ဆောင်ခဲ့သောအရာများကို ပြန်အမှတ်ရသွားလေ၏။

"ဖြစ်နိုင်တာတော့ မင်းက သိုင်းပညာခန်းမက ရီဖုန်းလား"

"မဟုတ်ဘူး....မဟုတ်ဘူး...မဖြစ်နိုင်ဘူး..."

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လီမော့စီက သူ၏ခေါင်းကို အလျှင်အမြန် ခါယမ်းလိုက်သည်။

"မင်း ပထမဆုံးအကြိမ် ထွက်ပေါ်လာတဲ့အချိန်တုန်းက....ယင်အချိန်ကာလအတွင်းမှာရှိနေပြီးတော့ ကောင်းကင်ဘုံယင်မဟာဝင်္ကပါကြီး အသက်ဝင်နေတုန်းပဲ...မင်းက သိုင်းပညာခန်းမကနေထွက်လာပြီးတော့ ငါ့ရဲ့နောက်ကိုလိုက်ဖမ်းခဲ့တာကြောင့် မင်း အပေါ်မှာ ကောင်းကင်ဘုံယင်ဝင်္ကပါကြီးက သက်ရောက်မှုမရှိတာကို ပြနေတယ်...မင်းရဲ့ကျင့်ကြံခြင်းအခြေခံက အင်မော်တယ်လား"

ထိုသို့ပြောဆိုပြီးသည့်တိုင် လီမော့စီသည် မဖြစ်နိုင်သည့်အချက်တစ်ချက်ကို ရုတ်တရက် နားလည်သွားပုံရသည်။ သူ၏မေးခွန်းသည် သူ့အား အဖြေပြန်ပေးနေသကဲ့သို့ပင်။ သူက ထိတ်လန့်တုန်လှုပ်စွာဖြင့် ထပ်မံ၍မေးမြန်းလိုက်၏။

"ဖြစ်နိုင်တာတော့ မင်းက တကယ်ကြီး ကောင်းကင်ဘုံအင်မော်တယ်တစ်ယောက်များလား"

"မဟုတ်ဘူး...ငါက အစေခံတစ်ယောက်ပဲ"

နောက်ဆုံး၌ ဝတ်ရုံနက်၏အောက်မှနေ၍ သာယာနာပျော်ဖွယ်မရှိသော စိတ်ခံစားချက်မဲ့သည့်အသံကြီးက ထပ်မံ၍ထွက်ပေါ်လာသည်။

"အ...အစေခံလား"

လီမော့စီသည် တုန်ရီနေသောလက်ချောင်းများဖြင့် ဝတ်ရုံဝတ်လူကို လက်ညှိုးညွှန်ကာ အထစ်ထစ်အငေါ့ငေါ့နှင့် ပြောဆိုသည်။

"မင်းက ရီဖုန်းမဟုတ်ဘူးလား"

"မဟုတ်ဘူး...သူက ငါ့ရဲ့သခင်ပဲ"

ဝတ်ရုံနက်လူက တုံ့ပြန်ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် လီမော့စီ၏မျက်စိသူငယ်အိမ်များ ပြူးကျယ်သွားသည်။ သူ၏မျက်နှာပေါ်၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားပေ၏။ သူ့ရှေ့ရှိလူသည် အလွန်အစွမ်းထက်သဖြင့် သိုင်းပညာခန်းမ၏အရှင်သခင် ရီဖုန်းသည် ဝတ်ရုံနက်ကြီးကို ဝတ်ဆင်ထားခြင်းဖြစ်မည်ဟု သူ ယူဆခဲ့သည်။ သို့ရာတွင် ဤလူသည် ရီဖုန်း၏အစေခံတစ်ယောက်သာ ဖြစ်နေသလော...

အို...ဘုရားရေ....

လီမော့စီသည် သူ၏ဦးနှောက်များ ပေါက်ကွဲတော့လုမတတ် ခံစားနေရသည်။

ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ရီဖုန်း၏အစေခံအဆင့်သာ ရှိနေသလော...

"ဒါဆိုရင်....ရီဖုန်းကရော...."

လီမော့စီသည် သူ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်ကြောက်ရွံမှုများကို ချိုးနှိမ်ကာ ဝတ်ရုံနက်လူကို စေ့စေ့စပ်ကြည့်၍ သူက လုံးစေ့ပတ်စေ့ ပြောဆိုလိုက်သည်။

"သူက ဘယ်လိုလူမျိုးလဲ...ဖြစ်နိုင်တာတော့ သူက....ကောင်းကင်ဘုံအင်မော်တယ်လား"

ဤမေးခွန်းကို အလွန်ခက်ခဲစွာ မေးမြန်းပြီးနောက် လီမော့စီ၏အကြည့်က ဝတ်ရုံနက်လူထံတွင်သာ အခိုင်အမာကျရောက်နေသည်။

"သူကလား...."

နောက်ဆုံး၌ ဝတ်ရုံနက်အောက်ရှိခေါင်း မော့လာကာ သူ၏အစစ်အမှန်မျက်နှာကို ပထမဆုံးအကြိမ် ထုတ်ဖော်လိုက်၏။

ဤှသည်မှာ မည်သည့်အသားမျှမရှိသည့်အပြင် မျက်လုံးပေါက်ဟောင်းလောင်းရာကြီးသာရှိသော အရိုးစုတစ်ခုပင်။ ထို့ထက်ပို၍ လီမော့စီကို လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားစေသောကိစ္စမှာ အရိုးစု၏မေးရိုး အနည်းငယ်မြင့်တက်သွားပြီး ဆိုးရွားသောအပြုံးတစ်ခု ထင်ဟပ်လာခြင်းပင်။

"တကယ်တော့ သူက ကောင်းကင်ဘုံအင်မော်တယ် မဟုတ်ဘူး"

ထိုစကားကိုကြားချိန်၌ လီမော့စီသည် ချက်ချင်းစိတ်သက်သာရာရသွားသည်။ ဤသည်က အမှန်ပင်။ ကောင်းကင်ဘုံအင်မော်တယ်တစ်ယောက်သည် မည်သည်ကြောင့် ယခုကဲ့သို့ ဝေးလံခေါင်သီသောနေရာငယ်လေးတွင်နေသူတစ်ယောက် ဖြစ်နေနိုင်မည်နည်း။ ကောင်းကင်ဘုံယင်ဝင်္ကပါကြီး၌ အမှားအယွင်းတစ်ခုခု ဖြစ်သွား၍သာ သိုင်းပညာခန်းမမှလူများကို တားဆီးကန့်သတ်မထားနိုင်ခြင်းဖြစ်ပေမည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်တွင် ဝတ်ရုံနက်လူထံမှ ထွက်ပေါ်လာသော အသံသည် လီမော့စီကို တုန်လှုပ်ချောက်ချားစွာဖြင့် လိပ်ပြာလွင့်သွားစေခဲ့သည်။

"သူက နတ်ဘုရားတစ်ပါးပဲ"

Chapter 84

"ဟာ....."

ထိုသာမာန်ကာလျှံကာ ပြောဆိုလိုက်သော စကားတစ်ခွန်းကြောင့် လီမော့စီသည် ဆွံအသွားသည်အထိ ထိတ်လန့်ကြောက်ရွံသွားသည်။

သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် သူသည် မယုံကြည်နိုင်မှုကြောင့် သူ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်၏။

"မဟုတ်ဘူး...မဖြစ်နိုင်ဘူး"

"ဘယ်လိုလုပ်ပြီးတော့ ဒီလောကကြီးထဲမှာ နတ်ဘုရားတွေ ရှိနေနိုင်မှာလဲ"

"ပြီးတော့ ငါ လီမော့စီက ဘယ်လိုလုပ်ပြီးတော့ နတ်ဘုရားတစ်ပါးနဲ့ တွေ့နိုင်မှာလဲ...တကယ်လို့ သူက နတ်ဘုရားတစ်ပါးဆိုရင်တောင် ဘာလို့ ပင်ကျင်းလိုမြို့ငယ်လေးကို ရောက်နေတာလဲ"

နတ်ဘုရား....

နတ်ဘုရားဟူသည်မှာ မည်ကဲ့သို့ တည်ရှိမှုမျိုးဖြစ်သနည်း....

နတ်ဘုရားတစ်ပါးသည် အင်မော်တယ်တစ်ယောက်ထက် အဆများစွာ ပို၍အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုဖြစ်ကာ ကောင်းကင်နှင့်မြေပြင်ကြားမှ နယ်မြေတစ်ခု၏ဥပဒေသများကို ထိန်းချုပ်နိုင်သည်။ သိုင်းအင်ပါယာတစ်ယောက်ပင်လျှင် နတ်ဘုရားတစ်ပါးနှင့်ရင်ဆိုင်တွေ့ပါက ပုရွက်ဆိတ်တစ်ကောင်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။

မည်သည်ကြောင့် အထက်ဘုံများမှတည်ရှိမှုကြီးတစ်ခုသည် ဤကဲ့သို့နေရာမျိုးတွင် သူ့ကိုယ်သူ နိမ့်ကျခံ၍နေနေမည်နည်း.....

"ဒါနဲ့ပတ်သတ်ပြီးတော့ မဖြစ်နိုင်တာ ဘာမှမရှိဘူး"

ဝတ်ရုံနက်လူက ချေက်ချားဖွယ်အသံကြီးနှင့် တီးတိုးပြောဆိုလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် သခင့်ရဲ့အစေခံဖြစ်တဲ့ ငါကလည်း နတ်ဘုရားတစ်ပါးပဲလေ"

"မင်း ရူးနေတာလား"

လီမော့စီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နတ်ဘုရားတစ်ပါးဖြစ်လာဖို့က ဂေါ်ဖီထုပ်ခူးသလို လွယ်ကူပြီးတော့ နေရာအနှံ့မှာ ရှိနေနိုင်တယ်လို့ မင်း ထင်နေတာလား"

"ဟီး..ဟီး...ဟီး..."

လီမော့စီ ကြုံတွေ့လိုက်ရသည်မှာ ဝတ်ရုံနက်လူထံမှ သွေးပျက်ဖွယ်ရယ်သံကြီးပင်။ ဝတ်ရုံနက်ကြီး အနည်းငယ်ကြွတက်သွားကာ အရိုးစုခေါင်းရှိမေးရိုးများ လှောင်ပြောင်သရော်နေဟန်ဖြင့် အနည်းငယ်မြင့်တက်သွားပုံရသည်။

ထို့နောက် ဝတ်ရုံနက်က သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။

"ဘုန်း"

နားကွဲလုမတတ်ကျယ်လောင်သော အသံကြီးနှင့် အတူယှဥ်တွဲ၍ ကောင်းကင်ဘုံမိုးကြိုးလှိုင်းတစ်လှိုင်းက လီမော့စီပေါ်သို့ ဆင်းသက်လာသည်။ တစ်ချိန်တည်းမှာပင် သူရှိနေသော ပတ်ဝန်းကျင်နေရာတဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းလာသည်။

"ခရက်...."

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သည်းထန်သောမိုးသည် ဆက်ခနဲစဲသွားကာ အလွန်အမင်း အေးစိမ့်လာမှုက လေထုအတွင်း၌ ပျံ့နှံ့လာပြီး လီမော့စီကို ရေခဲကျောက်ရုပ်အလား အေးစက်တောင့်တင်းသွားစေသည်။

"ဝုန်း...."

အချိန်တခဏကြာပြီးနောက် မိုးကောင်းကင်ယံအတွင်း၌ မီးပင်လယ်ကြီးလွှမ်းခြုံသွားကာ အေးခဲနေသောလီမော့စီကို တူးခြစ်နေသည်အထိ လောင်ကျွမ်းသွားစေသည်။

"ဝှီး..."

ထိုမီးတောက်များ ငြိမ်းသေသွားစဥ်မှာပင် လေပြင်းတစ်ရပ်က လီမော့စီကို လွှမ်းခြုံသွားကာ ပြင်းထန်သောမုန်တိုင်းအတွင်း၌ သူ၏ခန္ဓာကိုယ်ကို ကိုးရိုးကားရားဆန်စွာ တွန့်လိမ်သွားစေသည်။

"အား....."

ပြင်းထန်သော နာကျင်မှုကြောင့် လီမော့စီသည် မြေပြင်အက်ကွဲလုမတတ် အသံနက်ကြီးဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လီမော့စီသည် လေ မီး မိုးကြိုး မိုးနှင့် နှင်းတို့၏ဒဏ်ကို ခံစားခဲ့ရသည်။

ထိုဘေးဒဏ်များအောက်၌ လီမော့စီသည် ပြိုလဲလုမတတ်ဖြစ်နေကာ ထိတ်လန့်ကြောက်ရွံနေပြီး သူ၏မျက်လုံးအတွင်း၌ မယုံကြည်မှုများရှိနေကာ ဝတ်ရုံနက်လူကို စူးစိုက်ကြည့်ပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြောဆိုသည်။

"သဘာဝရဲ့ဥပဒေသတွေ...ဒါက ဒဏ္ဍာရီလာ သဘာဝရဲ့ဥပဒေသတွေလား"

"ဒါဆို မင်းအခု ယုံကြည်သွားပြီလား"

"အဲ့ဒါမှ မယုံသေးရင်...."

ဝတ်ရုံနက်လူ၏အသံ ရုတ်တရက် ပြတ်တောက်သွားကာ သူ၏လက်ဝါးကို တဖန်ပြန်၍မြှောက်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် လီမော့စီ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် အချိန်များ အလျှင်အမြန်ကုန်ဆုံးလာသည်ကို ခံစားရပြီး ရာသီပေါင်းများစွာသည် ဖျတ်ခနဲကုန်ဆုံးသွားသည့်အလား သူ၏ခန္ဓာကိုယ် အိုမင်းရင့်ရော်လာသည်ကို သူ ခံစားမိလေ၏။

"အား...."

စူးရှရှအသံနက်ကြီးက လီမော့စီ၏ပါးစပ်မှ ထွက်ပေါ်လာကာ သူ၏မျက်လုံးများ သွေးနီရောင်သန်းနေသည်။ ဝတ်ရုံနက်လူ၏နည်းလမ်းများသည် သူ့အား ရုပ်ပိုင်းဆိုင်ရာနာကျင်မှုမဖြစ်စေသော်လည်း စိတ်ပိုင်းဆိုင်ရာကို တုန်လှုပ်ချောက်ချားစေသည်။

တွေးတော့ကြည့်ကြပါစို့...အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏မျက်လုံးရှေ့၌ အချိန်များ အလျှင်အမြန်ကုန်ဆုံးသွားကာ သူ၏ခန္ဓာကိုယ် အိုမင်းရင့်ရော်သွားသည်ကို မြင်တွေ့ရပါက မည်ကဲ့သို့ခံစားချက်မျိုးဖြစ်မည်နည်း....

"ဒါက အချိန်ဥပဒေသပဲ...မင်းက တကယ့်ကို နတ်ဘုရားတစ်ပါးလား..."

လီမော့စီ၏မျက်လုံးများ ပြူးကျယ်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ရီနေသည်။

သူသည် အလွန်အမင်း အသက်ရှင်သန်လိုသေးသော်လည်း ယခုလက်ရှိချိန်၌ သူ၏စိတ်နှလုံးသားအတွင်းတွင် ထွက်ပြေးရန် ကြိုးစားလိုစိတ်ပင်မရှိတော့ချေ။ သူ၏အသည်းအူများ တွန့်လိမ်နေသည်အထိ သူ နောင်တရနေလေပြီ။

သူသည် အလွန်ကြောင်းကျိုးမဆင်ခြင်ဘဲ နတ်ဘုရားတစ်ပါး၏ပစ္စည်းများကိုလုယက်ရန် နတ်ဘုရားတစ်ပါး၏ကံကြမ္မာကိုခိုးယူရန် ကြိုးစားခဲ့မိမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးတောကြည့်ဖူးခြင်းပင်မရှိချေ။

ဤသည်က အမှန်တကယ်ကို ယမမင်း၏နှုတ်ခမ်းမွှေးကို သွားဆွဲနှုတ်သည့်အလား သေလမ်းရှာခြင်းပင်။

တစ်ချိန်တည်းမှာပင် သူသည် ဤကိစ္စကိုလက်ခံရန် ဆန္ဒမရှိချေ။

သူ၏ကံကြမ္မာသည် မည်မျှထိဆိုးရွားနေသဖြင့် ဤကဲ့သို့ ထူထဲသောသံပြားကြီးကို သွားကန်မိသနည်း...

"ထားလိုက်တော့...မင်း သေလို့ရပြီ"

ဝတ်ရုံနက်လူသည် လီမော့စီအပေါ် စိတ်ဝင်စားမှုကုန်ဆုံးသွားပုံရသည်။ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ လီမော့စီ၏ခန္ဓာကိုယ်သည် မည်သည့်အရာမျှမရှိခဲ့သည့်အလား ပေါက်ကွဲသွားကာ အစအနပင်မကျန်ရှိခဲ့ဘဲ လေဟာနယ်အတွင်း၌ လွင့်ပြယ်သွားတော့သည်။

"ပြေး...ပြေး...မြန်မြန်ပြေးရမယ်"

ဤမြင်ကွင်းသည် အနီး၌တစ်ချိန်လုံး ပုန်းအောင်းနေခဲ့သည့် လုသရှန်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူသည် လီမော့စီ၏နံဘေးပတ်ဝန်းကျင်ရှိ ဥပဒေသလှုပ်ခတ်မှုများကို အာရုံမခံနိုင်သော်လည်း လီမော့စီ၏ကျင့်ကြံဆင့်နယ်ပယ်ကိုမူ ရှင်းရှင်းလင်းလင်း ခံစားမိလေ၏။

သိုင်းဘိုးဘေးနယ်ပယ် ကျင့်ကြံသူ....

သို့ရာတွင် ဝတ်ရုံနက်လူသည် ထိုအဆင့်ကျင့်ကြံသူကို လွယ်လင့်တကူ သတ်ဖြတ်လိုက်သည်။ ဖြစ်နိုင်သည်မှာ ထိုဝတ်ရုံနက်လူသည် အနိမ့်ဆုံးသိုင်းသူတော်စင် သို့မဟုတ် သိုင်းအင်ပါယာအဆင့်၌ ရှိနေနိုင်သည်။

သူ ပါဝင်ငြိစွန်းမည်ကို ထိတ်လန့်ကြောက်ရွံသောကြောင့် လုသရှန်းသည် ဆက်လက်၍ စောင့်မကြည့်ဝံ့တော့ချေ။ သူက ချာခနဲလှည့်ကာ ထွက်ပြေးခဲ့တော့သည်။

သို့ရာတွင် သူ လှုပ်ရှားလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် ရွှံနွံအိုင်အတွင်းသို့ နစ်သွားသည့်အလား ရှေ့သို့တိုးမရတော့သည်ကို ခံစားမိလေ၏။

ထို့နောက် လက်တစ်ဖက်က သူ၏နောက်၌ ထွက်ပေါ်လာကာ သူ့အား ဖမ်းဆုပ်ထားသည်။ လုသရှန်းသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံသွားကာ အော်ဟစ်လိုက်သည်။

"စီနီယာ...ကျွန်တော် မှားသွားပါတယ်...ကျွန်တော်က ဖြတ်သွားရုံသက်သက်ပါ"

Chapter 85

"ဖြတ်သွားရုံသက်သက်လား"

ဝတ်ရုံနက်လူထံမှနေ၍ မနှစ်မြို့ဖွယ်အသံကြီး ထွက်ပေါ်လာသည်။

ထိုအသံသက်သက်ဖြင့်ပင် လုသရှန်းသည် သူ၏ဝိညာဥ်လွင့်သွားသည့်အလား ထိတ်လန့်ကြောက်ရွံသွားကာ သူ၏သတ္တိများအားလုံး လွင့်ပြယ်သွားလေပြီ။ သိုင်းဘိုးဘေးကျင့်ကြံသူတစ်ယောက်ပင် ဤလူ၏လက်အတွင်း၌ လွယ်လင့်တကူ သတ်ဖြတ်ခံခဲ့ရသည်။ ထို့ကြောင့် သူ့ကဲ့သို့ အညတရသိုင်းဘုရင်တစ်ယောက်သည် ဤလူ၏လက်အတွင်း၌ သေးငယ်သောတီကောင်တစ်ကောင်နှင့်သာ တူညီနေမည်မဟုတ်လော။

"စီနီယာ...စီနီယာ...ကျွန်တော်က တကယ့်ကိုဖြတ်သွားရုံလေးပါ"

လုသရှန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ သူ၏ခြေထောက်များ ပျော့ခွေသွားသည်အထိ ထိတ်လန့်ကြောက်ရွံနေပြီး သူက ပျာပျာသလဲ ရှင်းပြလိုက်၏။

"အမှန်အတိုင်းပြောရရင် ကျွန်တော်က နန်ရှားနယ်မြေရဲ့ နံပါတ်တစ်ဆေးပညာရှင်ပါ...ကျွန်တော်က ဧကရာဇ်အဆင့်ဆေးလုံးတွေကို ဖော်စပ်နိုင်ပါတယ်...တကယ်လို့ စီနီယာက အဲ့ဒါတွေကို လိုအပ်တယ်ဆိုရင် ကျွန်တော်က ဖော်စပ်ပေးဖို့ ဆန္ဒရှိပါတယ်...ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးဖို့တစ်ခုကိုပဲ တောင်းဆိုပါစေ"

"ငါက ဧကရာဇ်အဆင့်ဆေးလုံးတွေကို လိုအပ်မယ်လို့ မင်း ထင်နေတာလား"

ဝတ်ရုံနက်လူက မကြည်မသာအသံနှင့် ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် လုသရှန်း၏မျက်နှာ အလွန်အမင်း ပျက်ယွင်းသွားသည်။ သူသည် မူလက နန်ရှားနယ်မြေ၏နံပါတ်တစ်ဆေးပညာရှင်ဟူသော သူ၏ဂုဏ်ပုဒ်ကို ထိုလူသတိပြုမိမည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် သိုင်းဘိုးဘေးတစ်ယောက်ကို လွယ်လင့်တကူသတ်ဖြတ်နိုင်သူသည် ဧကရာဇ်အဆင့်ဆေးလုံးများကို အနည်းငယ်မျှပင် အထင်ကြီးမည်မဟုတ်ဟူသောအချက်ကို သူ လျစ်လျှူရှုခဲ့မိသည်။

"မင်းကိုယ်မင်း ပါးအချက်တစ်ရာရိုက်စမ်း...ပြီးရင် ဒီနေရာကနေအဝေးကို အမြန်ဆုံးထွက်သွားတော့"

ကြည့်ရသည်မှာ ဝတ်ရုံနက်လူသည် လုသရှန်းကို တစိုးတစိမျှ စိတ်ဝင်စားမှုမရှိပုံပင်။ သူသည် စကားတစ်ခွန်းကို အေးအေးလူလူ ချန်ထားခဲ့ပြီးနောက် အရိပ်အယောင်ပင်မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားလေ၏။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အစောပိုင်းက အလွန်စိုးရိမ်သောကရောက်နေခဲ့သော လုသရှန်းသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အသံတစ်သံက သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။

"တကယ်လို့ မင်းကိုယ်မင်း မရိုက်ဘူးဆိုရင်...ခုဏကကောင်ထက် ပိုပြီးဆိုးဆိုးရွားရွား သေစေရမယ်လို့ ငါ အာမခံတယ်"

ဤစကားလုံးများသည် လုသရှန်းအား လျှပ်စီးဖြင့်ရိုက်ခတ်လိုက်သည့်အလားပင်။ သူသည် အလွန်အမင်းရှုံမဲ့နေသော မျက်နှာအမူအယာဖြင့် အံ့တင်းတင်းကြိတ်ကာ သူ့ထံတွင် နောင်တများဖြင့် ပြည့်နှက်နေလေ၏။

သူ မည်သည့်ပြစ်မှုမျိုး ကျူးလွန်ခဲ့မိသဖြင့် ဤကဲ့သို့ အပြစ်ဒဏ်မျိုး ခံယူရမည်နည်း။ သူသည် ရုတ်ရုတ်သဲသဲကိစ္စကို စောင့်ကြည့်ရုံသာ ရောက်လာခဲ့ခြင်းဖြစ်သော်လည်း အဆုံးသတ်၌ ဤအရှုပ်အထွေးကြားသို့ ပြေးဝင်ခဲ့မိသည်။ သူ မည်မျှပင် မလိုလားပါစေ ထိုလူ၏နည်းလမ်းများကို အမှတ်ရနေသဖြင့် သူ အလောင်းအစားမလုပ်ဝံ့ချေ။

ထို့ကြောင့် သူ၏လက်ဝါးကိုမြှောက်၍ သူ့ကိုယ်သူ ပါးရိုက်ရုံသာ တတ်နိုင်တော့သည်။

လုသရှန်း၏နောက်သို့ ပြေးလိုက်လာသော လုချင်ရှန်းသည် ယခုချိန်မှ ရောက်ရှိလာပေ၏။ လုချင်ရှန်း မြင်တွေ့လိုက်ရသည့် ပထမဆုံးအရာမှာ လုသရှန်းသည် လေထုအတွင်း၌ မတ်တတ်ရပ်ပြီး သူ့မျက်နှာသူ ပါးဖြတ်ရိုက်နေကာ နံပါတ်များရေတွက်နေပြီး တစ်ကြိမ်လွဲချော်သွားမည်ကို စိုးရိမ်ထိတ်လန့်နေသည့်အလားပင်။

"လု....ဆရာလု...မင်းက ဘယ်လိုအပြစ်မျိုးကို ကျူးလွန်ခဲ့မိလို့ မင်းကိုယ်မင်း ဒီလောက်ထိ နှိပ်စက်ညှင်းပန်းနေတာလဲ"

လုချင်ရှန်းက မျက်မှောင်ကြုတ်ကာ ဂရုတစိုက်မေးမြန်းလိုက်သည်။

"ဖယ်စမ်း..."

လုသရှန်းသည် ဒေါသတကြီးအော်ငေါက်ကာ သူ၏ဒေါသများကို လုချင်ရှန်းထံသို့ ပုံချလိုက်၏။

ထိုအခြင်းအရာကိုကြည့်ပြီး လုချင်ရှန်းသည် တုန်တုန်ရီရီဖြင့် အလျှင်အမြန် ထွက်ခွာခဲ့တော့သည်။ အဝေးသို့ရောက်သည့်တိုင် သူသည် လုသရှန်း သူ့ပါးသူ ပြန်ရိုက်နေသည့်မြင်ကွင်းကို မြင်တွေ့နေရဆဲပင်။

"သူ့ရဲ့မိသားစုထဲမှာ တစ်ခုခု ဖြစ်နေလို့များလား"

"အင်း ထားလိုက်တော့..ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း မေးရဲတာမှမဟုတ်တာ...."

လုချင်ရှန်းသည် သူ၏ခေါင်းကိုခါယမ်းကာ စိတ်ရှုပ်ထွေးသော မျက်နှာအမူအယာဖြင့် ထွက်ခွာခဲ့တော့သည်။

အိပ်ချင်မူးတူးဖြင့် နိုးထလာသော ရီဖုန်းသည် နောက်ဆုံး၌ အသိစိတ်များ ကြည်လင်သွားခဲ့သည်။

သူသည် ရေတစ်ခွက်ငှဲ့သောက်ကာ ခြံဝန်းအတွင်း၌ မြူးတူးပျော်ပါးနေသော ဂလောက်ဂလောက်အရိုးစု မရှိတော့သည်ကို သတိပြုမိသွားလေ၏။

"တပည့်...အဲ့ဒီချေးထုပ်ကောင် ဘယ်သွားလဲ"

ရီဖုန်းက ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

"ဒါက ခုဏထိတော့ရှိသေးတယ်....ပြီးတော့ ရုတ်တရက်ကြီး ပျောက်သွားတယ်"

ကျုံးချင်က အလျှင်အမြန် တုံ့ပြန်ပြောဆိုသည်။

"အဲ့ဒီပြဿနာကောင်ကတော့...အပြင်ကို ထပ်ထွက်သွားပြန်ပြီ....ငါ့ကို ထပ်ပြီးခေါင်းကိုက်အောင် သူ လုပ်တော့မယ်"

ရီဖုန်း၏မျက်နှာအမူအယာ သုန်မှုန်သွားကာ ဒေါသများဖြင့် ပြည့်နှက်နေသည်။

'သောက်ချေးပဲ...သူ့ကိုယ်သူ ဘာနဲ့တူတယ်ဆိုတာရော သူ သိရဲ့လား...အပြင်မှာ လျှောက်သွားနေလို့ကတော့ တစ်ယောက်ယောက် ကြောက်ပြီးသေမသွားရင် တော်တော်ထူးဆန်းနေလိမ့်မယ်'

"လေ့ကျင့်တာကို ရပ်လိုက်တော့...သူ့ကိုရှာဖို့ ငါနဲ့အတူ မြန်မြန်လိုက်ခဲ့စမ်း"

ရီဖုန်းက တိုက်တွန်းနှိုးဆော်ကာ အလျှင်အမြန်အဝတ်အစားလဲ၍ ပြင်ပသို့ ပြေးထွက်ခဲ့တော့သည်။

လမ်းပေါ်၌....

ဤအချိန်သည် ဆောင်းဦးရာသီနှောင်းပိုင်းဖြစ်သော်လည်း လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် ရာသီဥတု တဖန်ပြန်၍ကောင်းမွန်လာသဖြင့် လမ်းများပေါ်တွင် ပုံမှန်အတိုင်း လှုပ်ရှားသက်ဝင်နေသည်။ အမှန်အားဖြင့် လူအများစုသည် ရောက်ရှိလာတော့မည့်ဆောင်းရာသီအတွက် လိုအပ်သောပစ္စည်းများကို ဝယ်ယူရန် ပြင်ပသို့ အထူးတလည်ထွက်လာကြခြင်းဖြစ်သည်။

မည်သည့်လမ်းတွင်မဆို ရှိနေသည်မှာ စျေးဝယ်ထွက်သည်ကို ကြိုက်နှစ်သက်သော မိန်းကလေးများပင်။

မျက်နှာချေဆိုင်တစ်ဆိုင်တွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်စုသည် စကားစမြည်ပြောဆိုနေကြချိန်တွင် သူမတို့၏ခြေသလုံးလေးများကို လှစ်ဟထားသည်။ ထို့နောက် သူမတို့၏မျက်နှာပေါ်တွင် မျက်နှာချေများကို လိမ်းကျံရင်း ရယ်မောနေကြ၏။

ရုတ်တရက် အနက်ရောင်အရိပ်တစ်ရိပ်သည် သုတ်သုတ်ပျာပျာပြေးလာကာ ထိုမိန်းကလေးများ၏နောက်တွင် သူ၏ခေါင်းကိုငုံထားကာ ခိုးကြောင်ခိုးဝှက်နေနေသည်။

ပတ်ဝန်းကျင်ကို အချိန်အတော်ကြာ အကဲခတ်ပြီးနောက် အနက်ရောင်ဝတ်ရုံ၏အောက်မှနေ၍ ခေါင်းလေးတစ်လုံး ပြူထွက်လာကာ သူ၏အပေါ်မေးရိုးနှင့်အောက်မေးရိုးများ တဂတ်ဂတ်ရိုက်သည်အထိ စိတ်လှုပ်ရှားနေလေ၏။

မည်သူမျှ ပတ်ဝန်းကျင်၌မရှိသည်ကို မြင်တွေ့ချိန်တွင် အဖြူရောင်လက်တစ်ဖက်က ပွယောင်းယောင်းအင်္ကျီလက်အတွင်းမှ ထွက်ပေါ်လာသည်။

ထိုလက်သည် မိန်းကလေးတစ်ယောက်၏လက်ထံသို့ ချဥ်းကပ်သွားပြီး အောင်မြင်ခါနီးအချိန်သို့ ရောက်ရှိနေလေပြီ။

သို့ရာတွင် ရုတ်တရက် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော ခြေထောက်တစ်ဖက်က သူ၏နဖူးကို ကန်ကျောက်မိသွားသည်။

"ချေးထုပ်ကောင်..."

"ပြဿနာကောင်...မင်း ငါ့ကို ပြဿနာထပ်ရှာပေးပြန်ပြီလား"

All Chapters