← Chapters

အခန်း (၈၆-၉၀)

Vol. 6 Ch. 86-90

အခန်း (၈၆-၉၀)

Vol. 6 Ch. 86-90

Chapter 86

ရီဖုန်းသည် အနက်ရောင်ဝတ်ရုံကို ဖမ်းဆွဲကာ ထိုအရိုးစု၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ပြီး ချက်ချင်းဆိုသလိုပင် ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။

ရီဖုန်း၏လှုပ်ရှားမှုများကြောင့် လူအများကြား၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"ခွေးရိုက်နေတာ....ခွေးကိုရိုက်နေတာပါ..."

ရီဖုန်း၏မျက်နှာပေါ်၌ ရှက်ရွံမှုများ ပျံ့နှံ့နေကာ သူက ရှက်ကိုးရှက်ကန်းဖြင့်သာ ရှင်းပြနိုင်ခဲ့သည်။ အကြိမ်ပေါင်းများစွာရိုက်နှက်ပြီးနောက် သူသည် အနက်ရောင်ဝတ်ရုံကို တရွတ်တိုက်ဆွဲကာ အရိုးစုကို အိမ်သို့ပြန်ခေါ်ခဲ့တော့သည်။

ထိုအရာကို သိုလှောင်ခန်းအတွင်းသို့ ဆွဲထည့်ပြီးနောက် ရီဖုန်းသည် ထိုကိစ္စကို တွေးတောမိလေလေ သူ ပို၍ဒေါသထွက်လာလေလေပင်။ သူသည် အရိုးစုကို နှစ်ကြိမ်ခန့် ထပ်မံ၍ကန်ကျောက်လိုက်၏။

ဤအိုနာကျိုးကန်းအရာကြီးသည် သူ့အား အချိန်တခဏမျှပင် ငြိမ်းချမ်းမှုမပေးချေ။

ယနေ့တွင် ဝမ်လော့ယီ၏ဟင်းသီးဟင်းရွက်ခြံကို ဖျက်ဆီးကာ နောက်တစ်နေ့တွင် လီသနင်၏နွားကို သတ်ဖြတ်ပေလိမ့်မည်။ ဤအရိုးစုသည် ဝက်ဝံအသည်းနှင့် ကျားသစ်သည်းခြေကိုစားထားသည့်အလား လူရမ်းကားတစ်ယောက်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် သူ ပို၍မုန်းတီးစက်ဆုပ်ဆုံးကိစ္စမှာ ထိုအရိုးစုသည် သူ၏အရိုးအတွင်းရှိလောက်တစ်ကောင်အလား တွယ်ကပ်နေခြင်းပင်။

သူသည် ယခင်က ထိုအရာကြီးကို အဝေးသို့လွှင့်ပစ်ခဲ့သောလည်း အလိုအလျောက် ပြန်လာခဲ့သည်။

သူသည် ထိုအရာကို ကျင်းတစ်ကျင်းအတွင်း၌ထည့်၍ မြှုပ်နှံ့ခဲ့သော်လည်း အလိုအလျောက် ပြန်လည်တွယ်တက်လာခဲ့လေ၏။

အဆုံးသတ်၌ သူသည် ထိုအရိုးစုကို လှောင်ပိတ်ထားခဲ့သော်လည်း သူ ငြိမ်းငြိမ်းချမ်းချမ်းနေရသည်မှာ ရက်အနည်းငယ်ခန့်ပင် မကြာမြင့်ခဲ့ချေ။ ချေးထုပ်ကောင်ကြီး တဖန်ပြန်၍ ထွက်လာလေပြီ။ အကျဥ်းချုပ်ပြောရလျှင် သူသည် နည်းလမ်းကုန်အသုံးပြုပြီးဖြစ်သော်လည်း ထိုအရိုးစုကို ရှင်းထုတ်နိုင်ခြင်း မရှိသေးချေ။

"အာ့ ဘား ဘား...အာ့ဘား...."

ရုတ်တရက် အနက်ရောင်ဝတ်ရုံကျုံသွားကာ အရိုးစု၏ခေါင်းထွက်လာပြီး သူ၏အပေါ်မေးရိုးနှင့်အောက်မေးရိုးကို တဖျပ်ဖျပ်လှုပ်ကာ ရီဖုန်းထံသို့ အသံတစ်သံကို ပေးပို့လိုက်သည်။

"ငါ့ယီးပဲကွာ..."

အစောပိုင်းက ဒေါသအနည်းငယ်ပြေလျော့သွားသော ရီဖုန်းသည် တဖန်ပြန်၍ ဒေါသူပုန်ထသွားသည်။ သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"ငါ ဒီတစ်ကြိမ်တော့ မင်းကို တစစီခွဲပစ်မယ်...မင်း ဘာတတ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ထိုစကားဆုံးသည်နှင့် ရီဖုန်းသည် အရိုးစု၏ဦးခေါင်းကို လက်သီးဖြင့်ထိုးနှက်လိုက်ရာ ထိုအရာသည် တဒေါင်ဒေါင်တဒင်ဒင်အသံများနှင့်အတူ မြေပြင်ပေါ်သို့ လိမ့်သွားသည်။

သို့ရာတွင် မြေပြင်ပေါ်၌လိမ့်နေသော ဦးခေါင်းခွံ၏ပါးစပ် တဖန်ပြန်၍ ပွင့်ဟလာသည်။

"အာ့ ဘား ဘား...အာ့ ဘား"

တစ်ချိန်တည်းမှာပင် ရီဖုန်း၏ခြေထောက်အောက်ရှိ အရိုးစုခန္ဓာကိုယ်မှနေ၍ ရုတ်တရက် လက်တစ်ဖက်ဆန့်ထွက်လာကာ ရီဖုန်းအား လက်ခလယ်ထောင်ပြလေ၏။

"အော်..မင်းက တော်တော်ကောင်းကောင်းသင်ယူထားနိုင်တာပါလား"

ရီဖုန်းသည် တစ်စုံတစ်ယောက်ကို ဤလက်အမူအယာဖြင့် တစ်ကြိမ်ဆဲရေးပြီးချိန်မှစ၍ ဤအိုနာကျိုးကန်းအရာကြီးသည် ကျွမ်းကျင်စွာ အတုခိုးနိုင်ခဲ့သည်။ ဤသည်က ရီဖုန်းကို သူ၏ဒွာရခုနစ်ပေါက်မှ အခိုးအငွေ့များ ထွက်လာသည်အထိ အလွန်ဒေါသထွက်သွားစေသည်။ သူသည် သူ့ခြေထောက်အောက်ရှိ အရိုးစုခန္ဓာကိုယ်ကို ဆောင့်နင်းကာ စတင်၍ဖျက်ဆီးလိုက်၏။

"ဆရာသခင်...အပြင်မှာ ဆရာ့ကို လူတချို့က လာရှာနေတယ်"

ထိုအချိန်မှာပင် ကျုံးချင်က လျှောက်လှမ်းလာပြီး ရိုသေလေးစားစွာ ပြောဆိုသည်။

"ကြည့်ရတာတော့ ပင်ကျင်းကုန်သည်အဖွဲ့အစည်းက လွှတ်လိုက်တဲ့သူတွေ ဖြစ်ပုံရတယ်"

"ပင်ကျင်းကုန်သည်အဖွဲ့အစည်းက လူတွေလား"

ရီဖုန်းက မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဘာလို့ ပင်ကျင်းကုန်သည်အဖွဲ့အစည်းကလူတွေ ငါ့ကို လာရှာနေတာလဲ"

"သူတို့ ပြောစကားအရတော့ ဆရာ အရင်ရေးထားတဲ့ ခန်းဆောင်နီအိမ်မက်စာအုပ်ကနေ အမြတ်ငွေဝေစုကျန်နေသေးလို့...ငွေလာယူဖို့ လာပြီးဖိတ်ခေါ်တာပါ"

ကျုံးချင်က ပြောဆိုသည်။

"ငါ မသွားဘူး....အဲ့ဒီငွေတွေ ဒီနေရာကိုလာပို့ခိုင်းလိုက် ဒါမှမဟုတ်ရင်လည်း ထားလိုက်တော့...ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီစာအုပ်ကနေ ငွေအများကြီးရမှာလည်း မဟုတ်ဘူး....တကယ်လို့ သူတို့ ယူလာမပေးရင်လည်း ငါ မယူတော့ဘူး"

ရီဖုန်းသည် ထိုလူများနှင့်ထပ်မံ၍ပတ်သက်ရန် ရည်ရွယ်ချက်မရှိတော့ချေ။ အမှန်အားဖြင့် သူတို့ ငွေလာမပို့လျှင်ပင် ပို၍ကောင်းပေမည်။ မည်သို့ပင်ဆိုစေကာမူ ဤစာအုပ်မှနေ၍ ငွေအမြောက်အများ ရှာနိုင်မည်မဟုတ်ချေ။ အဆိုးဆုံးအနေဖြင့် သူ လက်လွှတ်လိုက်ရုံသာရှိသည်။

"ဒါပေမယ့် ဆရာသခင်..သူတို့က ဆရာကိုဖိတ်ခေါ်ဖို့ ဝေါယာဥ်တစ်စီးကိုတောင် ပို့လိုက်တယ်...သူတို့က ဆရာကိုယ်တိုင်ကိုယ်ကျ လာယူပေးဖို့ မှာလိုက်တယ်"

ကျုံးချင်က ဖြည့်စွက်ပြောဆိုလေ၏။

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပြောဆိုသည်။

"ဒီလိုလုပ်ကြရအောင်...တပည့် မင်း ငါ့ကိုယ်စား ငွေသွားယူလိုက်...ပြီးရင် ချက်ချင်းပြန်လာခဲ့နော်...တခြားဘာနဲ့မှ မပတ်သက်မိစေနဲ့"

"ဟုတ်ကဲ့ပါ ဆရာသခင်"

ကျုံးချင်က ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်သည်။

ကျုံးချင်ထွက်သွားပြီးနောက် ရီဖုန်းသည် အရိုးစုကို ဆက်လက်၍ ချေမွှဖျက်ဆီးလိုက်၏။ သူသည် အင်အားများစွာစိုက်ထုတ်ကာ နောက်ဆုံး၌ အရိုးစု၏ခန္ဓာကိုယ်မှနေ၍ ရင်ပိုင်း လက်များ ခြေထောက်များ အစရှိသဖြင့် တစစီခွဲခြားနိုင်ခဲ့သည်။ ထို့နောက် သူသည် ထိုအရာများကို မတူညီသောအခန်းများအတွင်း၌ တစ်ခုစီထည့်၍ လှောင်ပိတ်လိုက်သည်။

သူသည် ဦးခေါင်းခွံကိုလည်း ရေဆိုးပြွန်အဖုံးအောက်၌ ဖိထားလေသည်။

ရီဖုန်းသည် စိတ်ကျေနပ်မှုရရှိသွားကာ လက်ခုပ်တီးပြီးနောက် သူ၏လက်ကိုဆန့်တန်းကာ ရေတစ်ခွက်သောက်တော့မည့်အချိန်မှာပင် တစ်စုံတစ်ယောက်က တံခါးထံသို့ပြေးလာကာ စိုးရိမ်တကြီးအသံဖြင့် အော်ဟစ်လိုက်၏။

"ဆရာရီ...ဆရာရီ...ပြဿနာကြီးပဲ....ဆိုးရွားတဲ့ကိစ္စတစ်ခု ဖြစ်သွားတယ်"

"ဘာဖြစ်တာလဲ"

ရီဖုန်းက ချက်ချင်းဆိုသလိုပင် ပြေးထွက်လိုက်သည်။

ထိုလူသည် တစ်ဖက်လမ်းရှိ အမဲသားခေါက်ဆွဲဆိုင်မှ တောက်တိုမည်ရစားပွဲထိုးတစ်ယောက်ပင်။ သူက အရေးတကြီး အော်ဟစ်ပြောဆိုသည်။

"ဆရာရီ...မင်းရဲ့တပည့်ကျုံးချင် တစ်ခုခုဖြစ်နေပြီ...သူ တစ်ခုခုဖြစ်သွားမှာကို ငါ စိုးရိမ်မိတယ်...မြန်မြန်လေး သွားကြည့်ပါအုံး"

"ဘာ...."

ရီဖုန်း၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။ သူသည် တံခါးကိုပင် ပြန်မပိတ်နိုင်တော့ဘဲ အမဲသားခေါက်ဆွဲဆိုင်မှစားပွဲထိုးနောက်သို့ လိုက်သွားခဲ့သည်။

သူတို့နှစ်ယောက်သည် လမ်းသွယ်တစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့လေ၏။

ထိုလမ်းသွယ်လေး၏ဝဲယာနှစ်ဖက်လုံးတွင် လူများစုရုံးနေကာ လက်ညှိုးညွှန်ပြီး အခြေအနေကို ပြောဆိုဆွေးနွေးနေကြသည်။

ရီဖုန်းရောက်ရှိသွားသည်နှင့် သွေးညှီနံများက သူ့ထံတိုးဝင်လာသည်။ အလောင်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ဝေါယာဥ်သည် မမှတ်မိနိုင်တော့သည်အထိ ပျက်စီးနေကာ အထမ်းသမားများအားလုံး သေဆုံးသွားလေပြီ။

ကျုံးချင်သည် မြေပြင်ပေါ်၌ လဲကျနေကာ အသက်ငွေ့ငွေ့လေးသာကျန်တော့ပြီး ရီဖုန်း ရောက်လာမည်ကို စောင့်ဆိုင်းနေသည့်အလားပင်။

ကျုံးချင်သည် ဝေါယာဥ်အတွင်း၌ရှိနေစဥ် ပြင်းပြင်းထန်ထန် ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရသည်မှာ သိသာထင်ရှားလှ၏။

"တပည့်လေး...."

ရီဖုန်းသည် ကျုံးချင်ထံသို့ အပြေးသွားကာ သူ၏ဒဏ်ရာများကို အလျှင်အမြန်စစ်ဆေးလိုက်သည်။ သူ၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် နီမြန်းသွားသည်။

"ဆရာသခင်....ကျွန်တော် ဆရာ့ကို ဆက်ပြီးပြုစုမပေးနိုင်တော့မှာကို ကျွန်တော် စိုးရိမ်မိတယ်"

သွေးများဖြင့်ဖုံးလွှမ်းနေသော ကျုံးချင်က ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။

"မဟုတ်ဘူး...မဟုတ်ဘူး...စကားမပြောနဲ့....မင်းရဲ့ဆရာက မင်းကို သေခွင့်မပြုဘူး"

ရီဖုန်းသည် သူ၏ဒေါသများကိုထိန်းချုပ်ကာ ကျုံးချင်ကိုသယ်ဆောင်၍ သိုင်းပညာခန်းမထံသို့ အပြေးပြန်ခဲ့သည်။

သိုင်းပညာခန်းမသို့ ပြန်ရောက်ပြီးနောက် ရီဖုန်းသည် ကျုံးချင်ကို အိပ်ယာပေါ်၌ လဲလျောင်းစေကာ အိမ်တွင်ရှိသည့် ဆေးဖက်ဝင်ပစ္စည်းများအားလုံးကို ထုတ်ယူလိုက်သည်။

ပထမဆုံး သူသည် ကျုံးချင်၏သွေးထွက်နေခြင်းကို ရပ်တန့်စေပြီးနောက် သူ၏ဒဏ်ရာများကို ကုသလေသည်။

သူ နေ့တစ်ဝက်ခန့် အပြင်းအထန်ကုသပြီးနောက် ကျုံးချင်၏အခြေအနေ တည်ငြိမ်သွားခဲ့ကာ အသက်အန္တရာယ်မှ လွတ်မြောက်သွားလေပြီ။ ထိုအချိန်မှသာ ရီဖုန်းသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သို့ရာတွင် သူ၏မျက်လုံးအတွင်း၌ မီးဟုန်းဟုန်းတောက်နေသော ဒေါသများက အစားထိုးဝင်ရောက်လာသည်။

"ဒီကိစ္စကို ဘယ်သူပဲလုပ်လုပ်...တကယ်လို့ ငါပိုင်သမျှ အရာရာတိုင်းကို ရောင်းရမယ်ဆိုရင်တောင်....မင်းရဲ့သွေးနဲ့ ပြန်ပေးဆပ်ရမယ်"

Chapter 87

"အသုံးကိုမကျဘူး"

"အသုံးမကျတဲ့ကောင်တွေ...ဒီလိုကိစ္စငယ်လေးကိုတောင် သေချာမဖြေရှင်းနိုင်ဘူး...ငါ မင်းတို့ကို ထောက်ပံ့ထားရတာ ငါ့အတွက် ဘာအကျိုးမှမရှိဘူး"

ပင်ကျင်းကုန်သည်အဖွဲ့အစည်း၏ပင်မခန်းမအတွင်းတွင် မြောင်လင်းသည် အောက်တွင်ဒူးထောက်နေသော လက်အောက်ငယ်သားများကိုကြည့်ကာ စားပွဲပေါ်သို့ သူ၏လက်ဝါးဖြင့်ရိုက်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည် ယခုလတ်တလောအချိန်တွင် အလွန်ကြီးမားသော ဖိအားအောက်သို့ ရောက်ရှိနေလေပြီ။

အထူးသဖြင့် သူ၏သမီးဖြစ်သူ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဆောင်ရွက်သည့်တိုင် ရှုံးနိမ့်ခဲ့သဖြင့် ယခုချိန်၌ သူသည် ကုန်သည်အဖွဲ့အစည်းမှ ထိပ်သီးအကြီးအကဲများအားလုံး၏ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည်။

မည်သည့်နည်းလမ်းမျှ မရှိတော့သဖြင့် သူ ဤအကြံဥာဏ်ကို ရရှိခဲ့သည်။

ရီဖုန်းသည် သူ၏ပင်ကျင်းကုန်သည်အဖွဲ့အစည်းအတွက် အလုပ်မလုပ်လိုသဖြင့် သူ ဖျက်ဆီးပစ်ရုံသာ ကျန်ရှိတော့သည်။ သို့မှသာလျှင် ပင်ကျင်းကုန်သည်အဖွဲ့အစည်းသည် ဤကျဥ်းထဲကျပ်ထဲ အခြေအနေမှ ရုန်းထွက်နိုင်ပေမည်။

"အဖွဲ့ခေါင်းဆောင်...ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

ငယ်သားခေါင်းဆောင်သည် ဦးညွှတ်အရိုအသေပြုကာ ရိုလေလေးစားသောအသံဖြင့် ရှင်းပြလေ၏။

"ရီဖုန်း လိုက်မလာခဲ့ဘူးဆိုတာ ကျွန်တော်တို့ မသိခဲ့ရဘူး....လိုက်လာတဲ့လူက သူ့ရဲ့တပည့်ပဲ"

"ဟမ့်"

မြောင်လင်းက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"မင်းတို့က ရီဖုန်းမဟုတ်ဘူးဆိုတာ သိပြီးတဲ့နောက်မှာ...ဘာလို့ ဆက်လှုပ်ရှားခဲ့ပြီးတော့ သူ့ကို သတိပေးခဲ့တာလဲ...အခု ရီဖုန်းက သတိနဲ့နေတော့မှာ...နောက်တစ်ကြိမ် သူ့ကို ရင်ဆိုင်နိုင်မယ့် အခွင့်အရေးက ပျက်စီးသွားပြီမဟုတ်လား"

"ဒါက...."

ငယ်သားခေါင်းဆောင်၏မျက်နှာအမူအယာ ပျက်စီးသွားကာ သူက ပြောဆိုသည်။

"တကယ်တော့ ကျွန်တော်တို့က ရီဖုန်းမဟုတ်တာကို သိတာနဲ့ ပြန်ရုတ်သိမ်းဖို့ လုပ်ခဲ့ကြတယ်...ဒါပေမယ့် သူ့ရဲ့တပည့်က ကျွန်တော်တို့ရဲ့ပစ်မှတ်က ရီဖုန်းဆိုတာကို သတိပြုမိသွားတယ်...ဒါကြောင့် သူက ကျွန်တော်တို့ကို အရင်တိုက်ခိုက်ခဲ့တယ်...အဲ့ဒီကောင်စုတ်လေးက တော်တော်လေး အရည်အချင်းရှိတယ်...သူ မသေခင် လက်ဗလာနဲ့တောင် ကျွန်တော်တို့ရဲ့ညီအကိုတွေအများကြီးကို သတ်သွားတယ်"

"ဟမ့်....ဒါတွေအားလုံးက ဆင်ခြေတွေပဲဆိုတာ မင်း သိပါတယ်"

မြောင်လင်းသည် အလွန်ဒေါသထွက်နေလေ၏။ ဤတစ်ကြိမ် ရီဖုန်းကိုသတ်ရန် ကျရှုံးခဲ့သဖြင့် နောက်တစ်ကြိမ် အခွင့်အရေးထပ်ရရန်မှာ လွယ်ကူတော့မည်မဟုတ်ချေ။

"အဖေ ထားလိုက်တော့...သူတို့ကို ခွင့်လွှက်လိုက်ပါ"

ထိုအချိန်မှာပင် ပိုးထည်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ခန်းမအတွင်းသို့ ဝင်ရောက်လာကာ သူ၏မျက်နှာပေါ်၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုရှိနေသည်။ အသစ်ရောက်ရှိလာသူသည် မြောင်လင်း၏သား မြောင်ယွင်အာ၏အကို မြောင်ယီပင်။

"ယီအာ...ရောက်လာပြီးလား...ဘယ်လိုလုပ်ပြီးတော့ ငါက စိတ်အေးအေးနေနိုင်မှာလဲ"

မြောင်လင်းက အပြစ်တင်လိုသောအကြည့်ဖြင့် မြောင်ယီီကိုကြည့်ကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"မင်းရဲ့ညီမကိုတောင် စတေးခဲ့တဲ့အထိ ငါ လုပ်ခဲ့သမျှ အရာရာတိုင်းက မင်းအတွက်ဆိုတာ မင်း မသိဘူးလား...တကယ်လို့ ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကနေ ငါ ဖယ်ရှားခံရရင် နောင်တစ်ချိန်မှာ မင်း ဒီရာထူးကို ရဖို့အတွက်က မိုးကောင်းကင်ပေါ်ကို တက်တာထက် ပိုပြီးခက်ခဲသွားလိမ့်မယ်"

"အဖေ....အဖေ နားလည်မှုလွဲနေပြီ"

မြောင်ယီက အပြုံးနှင့် ပြောဆိုလေ၏။

"တကယ်တော့ အဖေရဲ့ရည်ရွယ်ချက်တွေကို ကျွန်တော် သိတာပေါ့..ဒါပေမယ့် သူတို့ကိုအပြစ်တင်နေလို့လည်း ဘာမှအသုံးမဝင်ဘူး...ရီဖုန်းက စာအုပ်နှစ်အုပ်ကိုရေးခဲ့တဲ့ ယင်ကောင်ငယ်လေးတစ်ကောင်ဘဲလေ...ဘာကိစ္စကြီးမလို့လဲ...သူ့ကို သတ်ဖို့ဆိုတာ အရမ်းလွယ်ကူတယ်"

"ဒါပေမယ့် ယီအာ...ယွင်အာရဲ့စကားအရတော့...အဲ့ဒီရီဖုန်းက မြင်ရသလောက် မရိုးရှင်းဘူး"

မြောင်လင်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ကျင့်ကြံသူတွေတောင်မှ သူ့ရဲ့အနားကို ချဥ်းကပ်နေကြတယ်လို့ ငါ ကြားထားတယ်....ပြီးတော့ အခုချိန်မှာ သူနဲ့ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းကြားမှာရှိတဲ့ ဆက်ဆံရေးက ပေါ့ပေါ့တန်တန်မဟုတ်ဘူး...မင်း နားလည်ရဲ့လား...ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းက ငါတို့ရဲ့စီးပွားရေးစျေးကွက်ကို လုယူနေတာတောင် ငါတို့ ပြောင်ပြောင်တင်းတင်း ပြန်မတုံ့ပြန်ဝံ့တာက....သူတို့ကုန်သည်အဖွဲ့ရဲ့ အဖိုးတန်ရတနာလေးဖြစ်တဲ့ ယင်ရှုံးရဲ့သမီးက ချင်ရှန်းဂိုဏ်းမှာ ရှိနေလို့ပဲ"

"ဒါဆိုရင်ရော ဘာဖြစ်လဲ"

မြောင်ယီက လှောင်ပြောင်သရော်လိုက်သည်။

"သူက ဘယ်လောက်ထိ ထူးခြားနေပါစေ...အများဆုံးအနေနဲ့ သူက အဆင့်နိမ့်ကျင့်ကြံသူအဆင့်ပဲရှိမှာ...သူနဲ့ပေါင်ဖုန်းကုန်သည်အဖွဲ့ကြားက ဆက်ဆံရေးဆိုတာ အကျိုးအမြတ်သက်သက်ကိုပဲ အခြေခံထားတာ..."

"ဒါပေမယ့် တကယ်လို့ သူက အဆင့်နိမ့်ကျင့်ကြံသူဖြစ်နေတာတောင် ကျင့်ကြံသူတစ်ယောက်ပဲလေ"

မြောင်လင်းသည် စိုးရိမ်ပူပန်နေဆဲပင်။

"အဖေ....ဘယ်လိုပဲဖြစ်ဖြစ် အဖေက ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်လေ....ကျွန်တော်တို့က အဆင့်မြင့်ကျင့်ကြံသူတွေကို ရန်စစော်ကားလို့မရဘူး...ဒါပေမယ့် ရီဖုန်းလောက်ကို ရင်ဆိုင်ဖို့ကတော့ ကျင့်ကြံသူတချို့ကို ငှားလို့ရတယ်"

မြောင်ယီက အဓိပ္ပါယ်ပါသောအပြုံးမျိုး ပြုံးလိုက်၏။

သူ၏အသံ ကျရောက်သွားသောအချိန်မှာပင် လူသုံးယောက်က တံခါး၏ပြင်ပမှနေ၍ အတွင်းသို့ဝင်ရောက်လာသည်။ သူတို့သုံးယောက်ထံမှနေ၍ ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။ သူတို့ အတွင်းသို့ ဝင်ရောက်လာသည်နှင့် မြောင်လင်းသည် ကြီးမားသောဖိအားကို ခံစားမိလေ၏။

"ဒီ....ဒီလူသုံးယောက်က..."

မြောင်လင်းက မျက်လုံးပြူးမျက်ဆန်ပြူးနှင့် မေးမြန်းလိုက်သည်။

"ဒီလူသုံးယောက်က ကျွန်တော် ဖိတ်ခေါ်ထားတဲ့ ကျင့်ကြံသူတွေပဲ....သူတို့က ကျွန်တော်တို့ကိုကူညီပြီးတော့ ရီဖုန်းကို ဖြေရှင်းပေးလိမ့်မယ်...ပြီးတော့ သူတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေက သိုင်းဝိညာဥ်နယ်ပယ်မှာရှိနေတယ်"

မြောင်ယီက အေးအေးဆေးဆေးလေသံဖြင့် ပြောဆိုသည်။

"သိုင်းဝိညာဥ်နယ်ပယ်လား..."

ထိုစကားကိုကြားချိန်တွင် မြောင်လင်း၏ နှလုံးခုန်နှုန်း တစ်ချက်လွတ်သွားသည်။

ဤလူသုံးယောက်သည် သာမာန်အားဖြင့် သူ ထိတွေ့ဆက်ဆံခြင်းမပြုနိုင်သည့် သိုင်းဝိညာဥ်နယ်ပယ်ကျင့်ကြံသူများ ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဒါကြောင့် အဖေ...စိတ်အေးအေးထားပါတော့"

မြောင်ယီက အပြုံးနှင့် ပြောဆိုလိုက်၏။

"သိုင်းဝိညာဥ်အဆင့် ကျင့်ကြံသူသုံးယောက် တစ်ချက်လှုပ်ရှားတာနဲ့...ရီဖုန်းလိုပမွှားလေးက တကယ်လို့ သူ့မှာ ကျင့်ကြံမှုတချို့ရှိနေတယ်ဆိုရင်တောင်..သူ ချေမွှဖျက်ဆီးခံရပြီးတော့ သေသွားမှာပဲမဟုတ်လား"

"ဒါပေမယ့်..."

မြောင်လင်းသည် မြောင်ယီ၏အနီးသို့ ပို၍နီးကပ်အောင်တိုးကာ တိုးညှင်းသောအသံဖြင့် မေးမြန်းလိုက်သည်။

"ဒါပေမယ့် သူတို့ကို ဖိတ်ခေါ်ဖို့က ငွေအများကြီးကုန်မယ်မဟုတ်လား"

"အဖေ...ဘာမှမစိုးရိမ်ပါနဲ့....ကျွန်တော်တို့ရဲ့သေမျိုးလောကက ရတနာတွေကို သူတို့က အထင်သေးတယ်......"

မြောင်ယီသည် ထိုသို့ပြောဆိုပြီးနောက် သူ၏နုတ်ခမ်းထောင့် အနည်းငယ်တွန့်ကွေးသွားကာ ပြောဆိုသည်။

"သူတို့က ကျွန်တော်တို့ကိုတောင်းဆိုတဲ့အရာက အပျိုစင်မိန်းကလေးအယောက်တစ်ရာပဲ"

"အပျိုစင်မိန်းကလေး အယောက်တစ်ရာလား"

မြောင်လင်းက အလွန်ပျော်ရွှင်သွားသည်။

အကယ်၍ ထိုသို့ဆိုပါက ဤကိစ္စကို ကြည့်ရသည်မှာ သူနှင့်သူသားအတွက် ဤအပေးအယူသည် အကြွင်းမဲ့အမြတ်ရမည့်ကိစ္စပင်။

သိုင်းဝိညာဥ်နယ်ပယ်ကျင့်ကြံသူသုံးယောက် လှုပ်ရှားမည်ဖြစ်သဖြင့် ရီဖုန်းကိုသတ်ဖြတ်ရန်မှာ ပြဿနာတစ်ရပ် ဟုတ်တော့မည်မဟုတ်ချေ။

ထို့ကြောင့် မြောင်လင်းက ထိုလူသုံးယောက်ကိုကြည့်ကာ အပြုံးနှင့်ပြောဆိုလိုက်၏။

"လေးစားရတဲ့ဆရာကြီးတို့...မင်းတို့က ငါ့ကိုကူညီပြီး ဒီကိစ္စကို ဖြေရှင်းပေးတာနဲ့...အပျိုစင်မိန်းကလေး အယောက်တစ်ရာမပြောနဲ့...ငါ မင်းတို့အတွက် အယောက်နှစ်ရာတောင် ရှာပေးနိုင်တယ်"

"အရမ်းကောင်းတယ်"

ထိုလူသုံးယောက်သည် မြောင်လင်း၏စကားကို ကြားပြီးနောက် စိတ်ကျေနပ်မှုရသွားပြီး ခေါင်းညိတ်ပြကာ သရော်တော်တော်ပြောဆိုသည်။

"ငါတို့က တစ်ရက်လောက် အနားယူပြီးတာနဲ့....မင်းတို့ပြောတဲ့ ခွေးသူတောင်းစားကိစ္စကို ငါတို့နဲ့သာ ချန်ထားလိုက်တော့"

Chapter 88

ကျုံးချင်၏အခြေအနေကို တည်ငြိမ်အောင်ပြုလုပ်ပြီးနောက် ရီဖုန်းသည် သုန်မှုန်နေသော မျက်နှာအမူအယာနှင့် သိုင်းပညာခန်းမမှ ထွက်လာခဲ့သည်။

ဤအဖြစ်အပျက်၏နောက်ကွယ်မှ လက်သည်တရားခံကို သူ စဥ်းစားတွေးတောခြင်း မရှိဘဲနှင့်ပင် သိရှိကာ သူတို့၏ရည်ရွယ်ချက်ကိုပင် ခန့်မှန်းနိုင်သည်။ ဤသည်မှာ အကျိုးအမြတ်အတွက်နှင့် သူ၏အသက်ကိုနုတ်ယူရန် ပင်ကျင်းကုန်သည်အဖွဲ့အစည်းမှ ပြုလုပ်ခြင်းဖြစ်ပေမည်။ သူ၏တပည့်ကျုံးချင်သည် ထိုလူများကို သူ့အားကူညီ၍ ဟန့်တားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

သူသည် သာမာန်သေမျိုးတစ်ယောက်ဖြစ်သော်လည်း အပြစ်ကျူးလွန်သူများကို လက်စားချေခြင်းသည် သူ အစဥ်အမြဲလုပ်ဆောင်နေကျ နည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။

မကြာမီမှာပင် ရီဖုန်းသည် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းသို့ ရောက်ရှိသွားလေ၏။

ရီဖုန်းသည် မဖိတ်ခေါ်ဘဲ သူ့အလိုလိုရောက်ရှိလာသည်ကိုကြည့်ပြီး ယင်ရှုံးသည် အနည်းငယ်မျှပင် မပေါ့ဆဝံ့ချေ။ သူ လုပ်ဆောင်နေသော ကိစ္စများအားလုံးကို ဘေးဖယ်ပြီး ရီဖုန်းကို သူကိုယ်တိုင် လက်ခံတွေ့ဆုံလိုက်သည်။

"ဆရာရီ...ကျေးဇူးပြုပြီးတော့ လဖက်ရည်သောက်ပါအုံး"

ယင်ရှုံးက သူ၏လက်ကိုဆန့်တန်းကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

သို့ရာတွင် ရီဖုန်းသည် လှုပ်ရှားခြင်းမရှိချေ။

ဤအပြုအမူသည် ယင်ရှုံးအား အလွန်အမင်း စိုးရိမ်ပူပန်သွားစေခဲ့သည်။ သူသည် ရီဖုန်းကို တစ်နေရာရာ၌ အပြစ်ပြုခဲ့မိသလောဟု သူ ဦးနှောက်ခြောက်လုမတတ် စဥ်းစားတွေးတောလိုက်သည်။

အကြောင်းအရင်းမှာ ရီဖုန်းသည် ဝင်ရောက်လာချိန်မှစ၍ သုန်မှုန်နေသော မျက်နှာအမူအယာရှိနေကာ အစမှအဆုံးတိုင် စကားတစ်ခွန်းမျှမပြောဆိုသောကြောင့်ပင်။

နောက်ဆုံး၌ ယင်ရှုံးသည် ဤဖိအားဒဏ်ကို ဆက်လက်၍တောင့်မခံနိုင်တော့ချေ။

ထိုအချိန်ကျမှ တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့သော ရီဖုန်းသည် နောက်ဆုံး၌ သူ၏ခေါင်းကိုမော့ကာ ယင်ရှုံးကိုကြည့်၍ ပြောဆိုသည်။

"အဖွဲ့ခေါင်းဆောင် ယင်"

"ဟုတ်ကဲ့...ဟုတ်ကဲ့...ဆရာရီ...ငါ ဒီမှာရှိပါတယ်"

ရီဖုန်းသည် နောက်ဆုံး၌ စကားပြောဆိုလိုက်သည်ကိုကြားပြီး ယင်ရှုံးသည် ပျာပျာသလဲ တုံ့ပြန်လိုက်၏။

"မင်းတို့ကုန်သည်အဖွဲ့အစည်းကနေ လူသတ်ပေးနိုင်တယ်မလား"

ရီဖုန်းက ဆက်လက်ပြောဆိုသည်။

"အမ်..."

သို့ရာတွင် ယင်ရှုံးသည် ချက်ချင်းတုံ့ပြန်နိုင်ခြင်းမရှိချေ။

"ငါ ဆိုလိုတာက...ငါ လူတချို့ကို သတ်ချင်တယ်"

ရီဖုန်းသည် နောက်ဆုံး၌ လဖက်ရည်ခွက်ကိုကောက်ယူ၍ သူ့အဖိုးတန်တပည့်လေး၏ဒဏ်ရာများကို တွေးတောပြီး သူ၏မျက်လုံးကိုမှေးကာ ပြောဆိုလိုက်၏။

"ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ငါ့ရဲ့တပည့်လေးကို သတ်ခဲ့လုနီးပါးပဲ"

"ဘာ..."

"ဆရာရီရဲ့တပည့်ကိုသတ်ဖို့ ဘယ်သူက ဒီလောက်ထိ အတင့်ရဲတာလဲ"

ယင်ရှုံးက ရုတ်တရက် မတ်တတ်ထရပ်ကာ သူ၏မျက်လုံးများ ပြူးကျယ်နေသည်။

သူ့အတွက် ဤကိစ္စသည် အမှန်တကယ်ကို အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။ ရီဖုန်း မည်သူမည်ဝါဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း မသိရှိသော်လည်း အရိပ်အမြွတ်မျှကို အာရုံခံမိသည်။

သို့ရာတွင် ရီဖုန်း၏တပည့်ကို တိုက်ခိုက်ဝံ့သော တစ်စုံတစ်ယောက် ရှိနေခဲ့သလော...

.

ဤကိစ္စသည် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ....

အကယ်၍ ဤကိစ္စကို သင့်တော်စွာကိုင်တွယ်နိုင်ခြင်းမရှိဘဲ ရီဖုန်းကို ဒေါသထွက်သွားစေပါက ပင်ကျင်းမြို့တစ်မြို့လုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားမည်ကို သူ စိုးရိမ်မိသည်။

"ဒါကြောင့် မင်းမှာ နည်းလမ်းတစ်ခုခု ရှိလား"

ရီဖုန်းက ယင်ရှုံးကိုမော့ကြည့်ကာ ပြောဆိုလိုက်၏။

"တကယ်တော့ ဘယ်လိုဆုကြေးငွေကိုပဲ လိုအပ်ပါစေ...မင်း တောင်းဆိုလို့ရတယ်"

"နည်းလမ်းလား...နည်းလမ်းတစ်ခု...တကယ်တော့ နည်းလမ်းတစ်ခုရှိတယ်"

ယင်ရှုံးသည် ထိုစကားများကို အထစ်ထစ်အငေါ့ငေါ့နှင့်ပြောဆိုကာ ရီဖုန်း ဆုကြေးငွေအကြောင်းပြောသည်ကို လုံးလုံးလျားလျား လျစ်လျှူရှုလိုက်သည်။

"အရမ်းကောင်းတယ်"

ရီဖုန်းက ခေါင်းညိတ်၍ ပြောဆိုသည်။

"ဒါဆိုရင် ငါက လက်သည်တရားခံရဲ့ခေါင်းကို လိုချင်တယ်....မင်း လုပ်ပေးနိုင်မလား"

"ငါ လုပ်နိုင်တယ်...ငါ လုပ်မယ်...ငါ ယင်ရှုံးက ဒီနေရာကနေပြီးတော့ အာမခံတယ်"

ယင်ရှုံးသည် သူ၏ရင်ဘတ်ကို သူလက်ဖြင့် အလျှင်အမြန်ပုတ်ကာ ပြောဆိုလိုက်သည်။

"ဒါက ပင်ကျင်းကုန်သည်အဖွဲ့အစည်းက တစ်ယောက်ယောက်ဖြစ်နိုင်တယ်"

ရီဖုန်းက ဆက်၍ပြောသည်။

"တကယ်တော့ ခုထိ ငါ့မှာ ဘာသက်သေမှမရှိဘူး...မင်း စုံစမ်းဖို့လိုအပ်တယ်"

"ဆရာရီ...ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ...ငါက ဒီကိစ္စကို တက်နိုင်သလောက် အသေးစိတ် စုံစမ်းစစ်ဆေးမယ်...ဘယ်သူဘယ်ဝါပဲဖြစ်နေနေ အဲ့ဒီလကါသည်တရားခံရဲ့ခေါင်းကို ဆရာရီရဲ့ရှေ့အရောက် ပို့ပေးပါ့မယ်"

ယင်ရှုံးသည် သူ၏လက်တစ်ဖက်ကိုမြှောက်၍ တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ကောင်းတယ်...မင်းရဲ့ဒုက္ခခံပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ရီဖုန်းသည် လဖက်ရည်ကိုသောက်ပြီးနောက် မတ်တတ်ထရပ်ကာ ထွက်ခွာသွားတော့သည်။

သူသည် ဤလုပ်ကြံသတ်ဖြတ်မှု၌ ပင်ကျင်းကုန်သည်အဖွဲ့အစည်းမှလူများ ပါဝင်ပတ်သတ်နေနိုင်သည်ဟု တွေးတောကာ အစပိုင်းတွင် မျှော်လင့်ချက်များစွာ ဆုပ်ကိုင်မထားခဲ့ချေ။ ယခုချိန်၌ ကြည့်ရသလောက် ဤသည်မှာ သူ မျှော်လင့်မထားသော ဝမ်းသာစရာကိစ္စ ဖြစ်ပုံရသည်။

ရီဖုန်းကို ပို့ဆောင်ပေးပြီးနောက် ယင်ရှုံးသည် အချိန်တခဏပင် တုံ့ဆိုင်းမနေဝံ့ချေ။ သူသည် ချက်ချင်းဆိုသလိုပင် လက်အောက်ငယ်သားနှစ်ယောက်ကို ခေါ်ဆောင်ကာ မြင်းကိုဒုန်းစိုင်းစီး၍ ချင်ရှန်းဂိုဏ်းထံ သွားခဲ့လေ၏။

မြင်းကိုဒုန်းစိုင်းစီးကာ ချင်ရှန်းဂိုဏ်းသို့ရောက်သွားသော ယင်ရှုံးက လော့လန်ရွှယ်နှင့် တွေ့ဆုံခဲ့သည်။

"ဘာ...."

အဖြစ်အပျက်များကို ကြားသိပြီးနောက် လော့လန်ရွှယ်၏မျက်နှာ ဖြူရော်သွားသည်။ သူမသည် ဤကိစ္စ၏အတိမ်အနက်ကို နားလည်သဘောပေါက်သဖြင့် အလျှင်အမြန် ပြောဆိုလိုက်၏။

"ဦးလေး....ကျွန်မက ရှင့်ကို ဆရာသခင်နဲ့တွေ့ရအောင် ချက်ချင်းခေါ်သွားပေးမယ်...ဒီကိစ္စတစ်ခုလုံး အစကနေအဆုံးထိ ကျွန်မရဲ့ဆရာကို ပြောပြလိုက်ပါ"

"အင်း..."

ယင်ရှုံးသည် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏စိတ်အတွင်း၌ အလွန်စိတ်လှုပ်ရှားနေသည်။ သူသည် ချင်ရှန်းဘိုးဘေး၏အကြောင်းကို ကြာရှည်စွာကြားသိခဲ့ပြီးဖြစ်သော်လည်း ဤသည်က သူ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခြင်းပင်။

"ဆရာသခင်...ကျွန်မက အရေးပေါ်ကိစ္စတစ်ခုရှိလို့ တွေ့ချင်ပါတယ်"

လျှို့ဝှက်ခန်း၏ပြင်ပ၌ မတ်တတ်ရပ်၍ လော့လန်ရွှယ်က ရိုသေလေးစားစွာ ပြောဆိုသည်။

"တပည့်....ဆရာက ခုလတ်တလောအချိန်မှာ သူတော်စင်အဆင့် နတ်ဘုရားဓားဆီကနေ ထိုးထွင်းသိမြင်မှုတွေ ရထားခဲ့တယ်...ဘာကိစ္စပဲဖြစ်နေနေ မင်း အရင်ဆုံး ပြန်သွားတော့"

ချင်ရှန်းဘိုးဘေး၏တည်ကြည်လေးနက်သောအသံက လျှို့ဝှက်ခန်းအတွင်းမှ ထွက်ပေါ်လာသည်။

"ဆရာသခင်...ဒါက အရမ်းကိုအရေးကြီးတဲ့ကိစ္စမလို့ပါ"

လော့လန်ရွှယ်က စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်၏။

"ငါ ပြောပြီးပြီ...ဘာအရေးကြီးကိစ္စပဲ ဖြစ်နေနေ...မင်း ငါ့ရဲ့တံခါးပိတ်ကျင့်ကြံမှုကို မနှောက်ယှက်သင့်ဘူး"

ချင်ရှန်းဘိုးဘေး၏အသံတွင် ဒေါသအရိပ်အယောင်များ ရောယှက်နေသည်။

"တကယ်လို့ မင်း ငါ့ရဲ့ လေ့လာဆင်ခြင်မှုကို အနှောက်အယှက် ပေးမယ်ဆိုရင်...နောက်ဆက်တွဲကိစ္စတွေကို မင်း တာဝန်ခံနိုင်မှာ မဟုတ်ဘူး"

"ဆရာသခင်...ကျေးဇူးပြုပြီးတော့ ဆရာရဲ့ဒေါသတွေကို ထိန်းထားပေးပါအုံး...ဒီကိစ္စက ဆရာ လေ့လာဆင်ခြင်နေတာထက် ပိုပြီးအရေးကြီးနေမှာကို ကျွန်မ စိုးရိမ်မိတယ်"

လော့လန်ရွှယ်က သူမ၏နုတ်ခမ်းကိုကိုက်ကာ တဲ့တိုးဆန်စွာ ပြောဆိုလိုက်တော့သည်။

"ဆရာရီရဲ့တပည့် သခင်လေးကျုံးချင်ကို...တစ်ယောက်ယောက်က သေလုမျောပါးအခြေအနေမျိုးထိရောက်အောင် လုပ်ကြံခဲ့တယ်"

"ဘာ...."

လော့လန်ရွှယ်၏စကား ထွက်ပေါ်လာပြီးနောက် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သောအသံကြီးသည် လျှို့ဝှက်ခန်းအတွင်းမှ ထွက်ပေါ်လာပေ၏။ ထို့နောက် ဘန်းခနဲမြည်သံကြီးနှင့်အတူ ချင်ရှန်းဘိုးဘေးက တဟုန်ထိုးပြေးထွက်လာသည်။

ထို့နောက် ချင်ရှန်းဘိုးဘေးသည် သွေးကြောများထောင်ထနေသော သူ၏လက်ဖြင့် လော့လန်ရွှယ်၏လက်ဝါးကိုဆုပ်ကိုင်ကာ သူမကို စူးစူးဝါးဝါးကြည့်ပြီး မေးမြန်းလေသည်။

"မင်း ခုဏက ဘာပြောလိုက်တာလဲ"

Chapter 89

ချင်ရှန်းဘိုးဘေး၏ တင်းမာခက်ထန်သောအကြည့်အောက်တွင် ယင်ရှုံးသည် ဖြစ်စဥ်တစ်ခုလုံးကို အထစ်ထစ်အငေါ့ငေါ့နှင့် ပြောဆိုလိုက်၏။

"ဒါက အရမ်းတရားလွန်တယ်...တကယ့်ကို ရိုင်းစိုင်းတာပဲ"

ယင်ရှုံး၏စကားများကိုကြားပြီးနောက် ချင်ရှန်းဘိုးဘေး၏ဒေါသများ ပွက်ပွက်ဆူသွားသည်။ သူ၏လက်ဝါးကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အနီးရှိအဆောက်အအုံတစ်လုံး မြေပြင်ပေါ်သို့ ပြိုကျသွားသည်။

"ရွှမ်အာ...."

"ဟုတ်ကဲ့ပါ ဆရာသခင်"

"ကျုးယွမ်နဲ့တခြားအကြီးအကဲတွေအားလုံးကို မဟာခန်းမမှာ ခုချက်ချင်းစုဝေးဖို့ အကြောင်းကြားလိုက်စမ်း"

"တပည့် နားလည်ပါပြီ"

လော့လန့်ရွှယ်သည် နှောင့်နှေးကြန့်ကြာခြင်း မပြုဝံ့ချေ။ သူမ၏လှပပြေပြစ်သော ခန္ဓာကိုယ်လေး လှုပ်ခတ်သွားမှုနှင့်အတူ သူမက ချက်ချင်းဆိုသလို ထွက်ခွာသွားလေ၏။

"ခုချက်ချင်း တောင်ပေါ်ကနေဆင်းပြီးတော့ မြို့ထဲကို ပြန်သွားစမ်း...ဒီကိစ္စကို ခုလောက်ထိအတင့်ရဲပြီး ဘယ်သူက ကျူးလွန်ဝံ့တာလဲဆိုတာ ရှာဖွေဖော်ထုတ်ရမယ်"

ချင်ရှန်းဘိုးဘေးက ယင်ရှုံးကို ညွှန်ကြားလိုက်သည်။

ယင်ရှုံးသည် ရေတစ်ငုံသောက်ရန်ပင် အနားမယူနိုင်ခဲ့ဘဲ သူ၏လက်အောက်ငယ်သားနှစ်ယောက်နှင့်အတူ တောင်ပေါ်မှပြန်ဆင်းခဲ့တော့သည်။

မဟာခန်းမအတွင်း၌....

ချင်ရှန်းဘိုးဘေးသည် ဆိုးရွားသောမျက်နှာအမူအယာနှင့် ခန်းမ၏ထိပ်ရှိထိုင်ခုံပေါ်၌ ထိုင်နေသည်။

အောက်ရှိထိုင်ခုံများပေါ်တွင် ကျူးယွမ် လော့လန့်ရွှယ်နှင့်တခြားအကြီးအကဲများထိုင်နေကာ သူတို့အားလုံးထံတွင် လေးနက်သောမျက်နှာအမူအယာများရှိနေပြီး သူတို့၏ခေါင်းများကို ငုံထားကြ၏။

ခန်းမအတွင်း၌ အလွန်ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ်ဖြင့် ပြည့်နှက်နေသဖြင့် အားနည်းသောကျင့်ကြံသူတချို့သည် အသက်ပင်ဝဝမရှုနိုင်ချေ။

"ဆရာသခင်...ဒီကိစ္စက အသေးအမွှားတော့ မဟုတ်ဘူး"

လော့လန်ရွှယ်သည် ရှေ့သို့ထွက်ကာ စိုးရိမ်ပူပန်စွာဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ပြောဆိုသည်။

"ဦးလေးရဲ့ပြောစကားအရဆိုရင် ဒီကိစ္စကြောင့် ဆရာကြီး အရမ်းဒေါသထွက်နေပြီ"

"စီနီယာအမပြောတာ မှန်တယ်"

ယင်လော့လီကလည်း ရှေ့သို့ထွက်လာကာ သူမ၏မျက်နှာပေါ်၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။

"ဆရာကြီးက ကျွန်မတို့ရဲ့ချင်ရှန်းဂိုဏ်းအပေါ်မှာ ကြီးမားတဲ့ကြင်နာမှုကို ပြသခဲ့ပြီးပြီ...အခု သူ့ရဲ့တပည့်လုပ်ကြံခံရတာက ကျွန်မတို့ဂိုဏ်းရဲ့ပိုင်နက်နယ်မြေနားမှာပဲ....ဒီကိစ္စအတွက် ဆရာကြီး စိတ်ကျေနပ်စေမယ့် ဖြေရှင်းချက်တစ်ခုကို ကျွန်မတို့ ပေးနိုင်မှရမယ်"

"သေချာတာပေါ့...ဆရာကြီးက သူကိုယ်တိုင် မဆောင်ရွက်ဘဲနဲ့...ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းကို သတိပေးတယ်ဆိုကတည်းက သူ့ရဲ့ရည်ရွယ်ချက်က သိသာထင်ရှားနေပြီ...သူက ငါတို့ ဖြေရှင်းပေးဖို့ကို စောင့်နေတာပဲ"

ဂိုဏ်းချုပ်ကျူးယွမ်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ဒါကြောင့် ငါတို့က အတတ်နိုင်ဆုံး ဆင်ခြင်တွေးတောပြီးတော့ ဒီကိစ္စကို ဖြေရှင်းပြီး ဆရာကြီးရဲ့စိတ်ကျေနပ်မှုရအောင် လုပ်ရမယ်....မဟုတ်ရင် တကယ်လို့ ဆရာကြီး ကိုယ်တိုင်ကိုင်ကျ ဆောင်ရွက်မယ်ဆိုရင်....."

ကျုးယွမ်သည် သူ၏ခေါင်းကိုခါယမ်းကာ သူ့အတွေးများကို ဆက်လက်၍ ထုတ်ဖော်မပြောဆိုဝံ့တော့ချေ။

"ဒါဆိုရင် ဆရာသခင်...ဒီကိစ္စကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ဆရာက ဆုံးဖြတ်ပေးပါ"

လော့လန်ရွှယ်က အရေးတကြီး အမူအယာဖြင့် ချင်ရှန်းဘိုးဘေးကို ကြည့်လိုက်သည်။

"ဟမ့်...."

ချင်ရှန်းဘိုးဘေး၏မျက်နှာအမူအယာသည် တင်းမာခက်ထန်နေကာ သူ၏လက်ဝါးကို အောက်သို့ရိုက်ချလိုက်ခြင်းနှင့်အတူ သူ၏နံဘေးရှိ ကျောက်စားပွဲ ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။

"သခင်လေးချင်ကို အတင့်ရဲပြီး တိုက်ခိုက်ခဲ့တဲ့သူက ဘယ်သူပဲဖြစ်နေနေ...မလွတ်မြောက်စေရဘူး"

သူ၏အသံသည် ခေါင်းလောင်းတစ်လုံးတီးခတ်လိုက်သည့်အလား ခန်းမအတွင်း၌ ပျံ့နှံ့သွားသည်။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း"

"ဟုတ်ကဲ့"

"ဂိုဏ်း အကာအကွယ်မဟာဝင်္ကပါကြီးကို အသက်သွင်းမယ်....အကြီးအကဲဆယ့်နှစ်ယောက်နဲ့ အစောင့်အရှောက်ဆယ့်ရှစ်ယောက်တို့ကို အကြောင်းကြားစမ်း...ကောင်းကင်တမန်သုံးဆယ့်ခြောက်ယောက် မြေကမ္ဘာတမန်ခုနစ်ဆယ့်နှစ်ယောက်ကို စေလွှတ်ပြီးတော့ ဂိုဏ်းခွဲတစ်ရာရှစ်ခုလုံးမှာရှိတဲ့တပည့်အားလုံး ချွင်းချက်မရှိ စုရုံးရမယ်...ကျူးယွမ်က သူတို့အားလုံးကို ဦးဆောင်ပြီးတော့ တောင်အောက်ကိုဆင်းရမယ်"

"ဆရာကြီးကို ဒေါသထွက်စေတဲ့သူကို...ဒီလောကကြီးထဲကို ရောက်လာခဲ့တဲ့အတွက် နောင်တရသွားအောင် ငါ လုပ်မယ်"

ချင်ရှန်းဘိုးဘေး၏စကားများကြောင့် ခန်းမအတွင်းရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ဂိုဏ်း၏အဓိကတိုက်ပွဲ အချိန်များ၌ပင် ဤကဲ့သို့ တိုက်ပွဲဝင်ဖွဲ့စည်းမှုမျိုး ပြင်ဆင်သည်ကို မကြုံဘူးခဲ့ချေ။

သို့ရာတွင် ဤသည်က မျှော်လင့်ထားသည့်အတိုင်းဖြစ်ပြီး အကယ်၍ ချင်ရှန်းဂိုဏ်းချုပ်သာ ထိုပုဂ္ဂိုလ်၏ဒေါသကို ပြေပျောက်အောင် မလုပ်ဆောင်နိုင်ပါက ချင်ရှန်းဂိုဏ်း၏တည်ရှိမှု ချုပ်ငြိမ်းသွားပေမည်။

"နားလည်ပါပြီ"

နားအူလုမတတ်အော်သံများက မဟာခန်းမအတွင်း၌ ပဲ့တင်ထပ်သွားသည်။ ကျင့်ကြံသူများထံမှ စွမ်းအားများကိုဖြန့်ကျက်ကာ အလင်းတန်းများအဖြစ်ပြောင်းလဲ၍ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားကြ၏။

ချင်ရှန်းဂိုဏ်း၏ဂိုဏ်းခွဲတစ်ရာရှစ်ခုမှ တပည့်များအားလုံးသည် ပင်ကျင်းမြို့သို့ဦးတည်၍ ချီတက်သွားကြသဖြင့် သူတို့၏မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော ခြေသံများက မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်တမန်သုံးဆယ့်ခြောက်ယောက်နှင့် မြေကမ္ဘာတမန်ခုနစ်ဆယ့်နှစ်ယောက်တို့သည် နတ်ဆိုးသားရဲပျံများကိုစီးနင်းကာ ကြီးမားသောပုံရိပ်များကို ဖန်တီး၍ ပင်ကျင်းမြို့တစ်မြို့လုံးကို လွှမ်းခြုံလိုက်သည်။

ကျူးယွမ်ဦးဆောင်သော အကြီးအကဲဆယ့်နှစ်ယောက်နှင့်အစောင့်အရှောက်ဆယ့်ရှစ်ယောက်တို့သည် လေထုအတွင်း၌ မတ်တတ်ရပ်နေကာ မြေပြင်ပေါ်သို့ ကျဆင်းလာသော ဥက္ကာခဲများအလား ကြီးမားသောဖိအားအရှိန်အဝါကို ထုတ်လွှတ်ထားသည်။

ပင်ကျင်းမြို့အတွင်း၌ ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏ဆိုင်များအားလုံး ပိတ်ထားကာ သူလျှိုအမြောက်အများကို နေရာအနှံ့သို့ စေလွှတ်ထားလေ၏။

အချိန်နာရီဝက်ခန့်အတွင်းတွင် စာပို့ခိုတစ်ကောင်သည် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းမှ ပျံသန်းသွားပြီး စာတစ်စောင်ကို ချင်ရှန်းဘိုးဘေး၏လက်အတွင်းသို့ ပို့ဆောင်လိုက်သည်။

ထိုစာကိုဖတ်ပြီးနောက် ချင်ရှန်းဘိုးဘေး၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။

"ပင်ကျင်းကုန်သည်အဖွဲ့အစည်း"

"သတ်...."

သူ၏အမိန့်သံနှင့်အတူ ကြီးမားသာ ချင်ရှန်းဂိုဏ်းအင်အားတစ်စုလုံး ပင်ကျင်းကုန်သည်အဖွဲ့အစည်း၏အခြေစိုက်အဆောက်အအုံထံသို့ဦးတည်၍ ချီတက်သွားတော့သည်။

ဤအချိန်အခိုက်အတန့်တွင် ပင်ကျင်းမြို့အထက်ရှိ ကောင်းကင်ယံတခွင်လုံး ရုတ်တရက် အရောင်ပြောင်းလဲသွားသည်။

Chapter 90

ပင်ကျင်းကုန်သည်အဖွဲ့အစည်း၏မဟာခန်းမအတွင်း၌....

မြောင်လင်းသည် လက်ယာဘက် မြောင်ယီသည် လက်ဝဲဘက်၌ထိုင်နေကာ သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူသုံးယောက်သည် ဧည့်သည်တော်ထိုင်ခုံများ၌ထိုင်နေကြ၏။ သူတို့အားလုံး စကားစမြည်ပြောဆိုကာ ပျော်ရွှင်စွာ သောက်စားနေကြသည်။

"အဖွဲ့ခေါင်းဆောင်....မကောင်းတော့ဘူး"

ထိုအချိန်မှာပင် ဘဏ္ဍာစိုးက အလျင်စလို ပြေးဝင်လာသည်။

"ဘာတွေဖြစ်နေတာလဲ"

မြောင်လင်းက သူ၏ဝိုင်ခွက်ကို အောက်သို့ဆောင့်ချကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ငါ ဆရာသုံးယောက်ကို ဧည့်ခံနေတာ မင်း မမြင်ဘူးလား...မင်းက ဘယ်လိုသတ္တိနဲ့ မဆင်မခြင်ပြေးဝင်လာရဲတာလဲ"

"အဖွဲ့ခေါင်းဆောင်...ကိစ္စကြီးတစ်ခုတော့ဖြစ်နေပြီ"

ဘဏ္ဍာစိုးက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့အတွင်းလူဆီကနေ ရတဲ့သတင်းအရဆိုရင်...ရီဖုန်းက ပေါင်ဖုန်းကုန်သည်အဖွဲ့နဲ့ ပူးပေါင်းထားပုံရတယ်...ပြီးတော့ သူတို့က ဆိုင်တွေအားလုံးကိုပိတ်ပြီးတော့ ကျွန်တော်တို့ ပင်ကျင်းကုန်သည်အဖွဲ့အစည်းပေါ်မှာ တစ်ခုခုလှုပ်ရှားဖို့ ပြင်ဆင်နေကြပုံပဲ"

"ဘာ...."

မြောင်လင်း၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

ဂုဏ်သတင်းကြီးမားသော ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းသည် ရီဖုန်းကဲ့သို့ပမွှားလေးတစ်ကောင်အတွက် သူတို့၏ဆိုင်များကိုပိတ်ကာ သူ၏ပင်ကျင်းကုန်သည်အဖွဲ့အစည်းကို ဆန့်ကျင်ရန်ပင် လှုပ်ရှားလာမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤသည်က အမှန်တကယ်ကို ကိစ္စကြီးတစ်ရပ်ပင်။

အကယ်၍ ဤကိစ္စကို သင့်တင့်လျှောက်ပတ်စွာ ဖြေရှင်းနိုင်ခြင်းမရှိပါက ကုန်သည်အဖွဲ့အစည်းနှစ်ခုအကြားမှ စစ်ပွဲအဖြစ်သို့ ဦးတည်သွားပေမည်။

"ယီအာ...ဆရာသုံးယောက်ကို ဆက်ပြီးအဖော်ပြုထားလိုက်အုံး...ငါက ဘာတွေဖြစ်နေတာလဲဆိုတာ သေချာအောင် သွားကြည့်ရမယ်"

မြောင်လင်းက ချက်ချင်းဆိုသလိုပင် ညွှန်ကြားလိုက်သည်။ သူသည် ဤကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ချေ။

"အဖွဲ့ခေါင်းဆောင် မြောင်....မင်း ဘယ်ကိုသွားမလို့လဲ...ပြန်လာပြီးတော့ ဆက်သောက်နေစမ်းပါ"

သို့ရာတွင် မြောင်လင်း ထွက်ခွာမသွားမီမှာပင် သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်က အေးအေးလူလူအသံဖြင့် ပြောဆိုသည်။

"မင်းက ငါတို့ကို ဒီနေရာမှာထားခဲ့ပြီးတော့ ထွက်သွားမလို့လား...ဒါက မယဥ်ကျေးရာရောက်တယ်"

ထိုစကားကိုကြားချိန်တွင် မြောင်လင်း အခက်တွေ့သွားသည်။ သူက ဦးညွှတ်အရိုအသေပြုကာ ပြောဆိုလိုက်၏။

"ဆရာတို့...မင်းတို့လည်း ကြားတာပဲလေ...ပေါင်ဖုန်းကုန်သည်အဖွဲ့က အဲ့ဒီခွေးသူတောင်းစားလေးကြောင့် သူတို့ရဲ့လုပ်ငန်းတွေကိုတောင် ရပ်စဲပြီးတော့ ငါ့ရဲ့ပင်ကျင်းကုန်သည်အဖွဲ့ကို ဆန့်ကျင်ဖို့ ပြင်ဆင်နေကြတယ်...အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ငါက ဒီအခြေအနေကို ထိန်းချုပ်မှရမယ်"

"ပြီးတော့ ငါ့ရဲ့သားက ဒီနေရာမှာ မင်းတို့ကိုအဖော်ပြုပြီးတော့ သောက်ပေးလိမ့်မယ်"

သို့ရာတွင် သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူသည် မြောင်လင်းကို သွားခွင့်ပေးရန် ရည်ရွယ်ချက်ရှိပုံမရချေ။ သူ၏နှုတ်ခမ်းထောင့် မြင့်တက်သွားပြီး ဘေးရှိထိုင်ခုံကို ရည်ရွယ်ချက်ရှိရှိပုတ်ကာ ငြင်းဆန်ရန်အတွက် အခွင့်အရေးမပေးပေ။

ထိုမြင်ကွင်းကိုကြည့်ပြီး မြောင်လင်းသည် အခက်တွေ့နေသော မျက်နှာအမူအယာနှင့် ပြန်ထိုင်လိုက်၏။

သို့ရာတွင် သူ၏စိတ်အတွင်း၌ ပေါင်ဖုန်းကုန်သည်အဖွဲ၏အရေးကိစ္စသည် ရှိနေဆဲပင်။

"အဖွဲ့ခေါင်းဆောင်မြောင်...ဘာလို့ ခုလောက်ထိ အများကြီး စိုးရိမ်ပူပန်နေတာလဲ"

မြောင်လင်း၏အတွေးများကို ရိပ်စားမိပုံဖြင့် သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူသည် သူ၏လက်ချောင်းများဖြင့် စားပွဲခုံကို တတောက်တောက်ခေါက်ကာ ပြောဆိုသည်။

"ဒါက ကုန်သည်အဖွဲ့ငယ်လေးတစ်ခုပဲ မဟုတ်လား...ငါတို့ ဒီနေရာမှာ ရှိနေတာတောင် ဘာလို့ မင်းက ကြောက်နေတာလဲ"

ထိုစကားကိုကြားချိန်တွင် မြောင်လင်း၏မျက်လုံးများ တောက်ပသွားကာ သူ၏စိုးရိမ်ပူပန်မှုများ ချက်ချင်းပျက်ပြယ်သွားတော့သည်။

ဤလူပြောသည်မှာ အမှန်ပင်။ သူ၏နံဘေးတွင် သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူသုံးယောက် ရှိနေလေရာ မည်သည်ကြောင့် သူက ပေါင်ဖုန်းကုန်သည်အဖွဲ့ကို ကြောက်နေရမည်နည်း။

သူ့ထံတွင် စိတ်ထင့်စရာတချို့ရှိနေဆဲဖြစ်သဖြင့် သတိကြီးစွာထားကာ ပြောဆိုလိုက်၏။

"ဆရာတို့...ငါက ပေါင်ဖုန်းကုန်သည်အဖွဲ့တစ်ခုတည်းကိုဆိုရင် မကြောက်ဘူး...ဒါပေမယ့် သူတို့က ချင်ရှန်းဂိုဏ်းနဲ့ အဆက်အဆံရှိတယ်"

"ချင်ရှန်းဂိုဏ်းလား"

သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"အဲ့ဒီ လူအိုကြီးချင်ရှန်းက တော်တော်လေးအရည်အချင်းရှိတယ်...ဒါပေမယ့် ငါတို့သုံးယောက်ကလည်း သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူတွေလေ...ကုန်သည်အဖွဲ့ငယ်လေးတစ်ခုအတွက်နဲ့ ငါတို့သုံးယောက်ကို သူက ရန်စဖို့ဆန္ဒရှိမယ်လို့ မင်းထင်လား"

"ချင်ရှန်းဂိုဏ်းက သူတို့ရဲ့ဦးစားပေးရမယ့်ကိစ္စကို သိမယ်လို့ ငါ ယုံကြည်တယ်"

"မင်း ပြောတာအမှန်ပဲ"

ထိုကျင့်ကြံသူ၏သုံးသပ်စကားကိုကြားချိန်တွင် မြောင်လင်းက နားလည်သဘောပေါက်သွားကာ သူ၏ပေါင်ကို သူ့လက်ဖြင့် ပြန်ပုတ်လိုက်၏။

သူ၏စိုးရိမ်သောကများအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။

"ဆရာတို့...ငါက မင်းတို့ကို ဂုဏ်ပြုပါရစေ"

မြောင်လင်းသည် သူ၏ခွက်ကိုမြှောက်လိုက်ကာ သူ စကားပြောဆိုနေစဥ်တွင် သူ၏မျက်နှာ နီမြန်းနေသည်။

"အခုလို ဖြစ်နေမှပေါ့...."

သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူသည် သူ၏ခွက်ကို စိမ်ပြေနပြေမြှောက်ကာ ပြောဆိုသည်။

"ဒီနေရာမှာပဲ ထိုင်ပြီးသောက်စားနေစမ်း...ရီဖုန်း သူ့ရဲ့လူတွေကို ခေါ်လာပြီးတော့ ရောက်လာတဲ့အချိန်ထိ ငါတို့စောင့်ကြရအောင်...သူတို့ရောက်လာတဲ့အချိန်ကျရင် ငါတို့ညီအကိုတွေက မင်းကိုကူညီတဲ့အနေနဲ့ အဲ့ဒီအမှိုက်တွေကို ငါတို့သတ်နိုင်သမျှသတ်ပြီးတော့ အပြတ်ရှင်းပေးမယ်"

"ဟား ဟား ဟား..."

မြောင်လင်းသည် သူ၏လက်အတွင်းရှိ ဝိုင်ခွက်ကို အားရပါးရသောက်ကာ သူ၏ခေါင်း နောက်သို့လန်သွားသည်အထိ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

ယခုချိန်၌ သူ စိတ်အေးလက်အေး နေနိုင်လေပြီ။

သူတို့သည် ရီဖုန်းနှင့်ပေါင်ဖုန်းကုန်သည်အဖွဲ့မှလူများ ရောက်လာသည်ကို စောင့်ရန်သာလိုအပ်ပြီး ထိုလူများကို တမလွန်ဘဝဆီသို့ ပို့ဆောင်ပေးရပေမည်။

ထိုအချိန်မှာပင် ငှက်ငယ်လေးများက လေထုအတွင်းမှဖြတ်၍ ပျံသန်းသွားသည်။

ထို့နောက် ပုံရိပ်ယောင်များနှင့်တူညီသော လူဆယ်ယောက်ကျော်သည် အသံဗလံမထွက်ဘဲ လေထုကိုဖြတ်သန်းလာကာ အထက်ကောင်းကင်ယံတွင်ပျံဝဲ၍ အောက်ရှိပင်ကျင်းမြို့ကို ငုံကြည့်ကာ သူတို့၏မျက်နှာများပေါ်၌ အေးစက်တင်းမာမှုများနှင့် ပြည့်နှက်နေသည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ကောင်းကင်တမန်သုံးဆယ့်ခြောက်ယောက်နှင့် မြေကမ္ဘာတမန်ခုနစ်ဆယ့်နှစ်ယောက်တို့သည် မိုးပျံသားရဲများကို စီးနင်း၍ရောက်ရှိလာသည်။ ဧရာမသားရဲကြီးများ အတူတကွစုရုံးနေခြင်းကြောင့် မြေပြင်ပေါ်၌ ကြီးမားသောအရိပ်မည်းကြီး ထင်ဟပ်သွားကာ ကြီးမားသောဖိအားအရှိန်အဝါကို ပေးစွမ်းနိုင်သည်။

ချင်ရှန်းဂိုဏ်း၏ခန်းမတစ်ရာရှစ်ခုလုံးမှ တပည့်တစ်သိန်းခန့်သည် ပင်ကျင်းကုန်သည်အဖွဲ့အစည်းကို စည်းသုံးထပ်ထား၍ ဝိုင်းရံထားကာ အတွင်းမှနေ၍ မည်သူမျှထွက်ပြေးမသွားနိုင်စေရန် ကာကွယ်ဟန့်တားထားသည်။

နောက်ဆုံး၌...

နောက်ထပ် မြေပြင်တစ်ခုလုံးတုန်ခါသွားသော အရှိန်အဝါနှင့်အတူ ဒေါသထွက်နေသော လုချင်ရှန်းသည် သူ၏နတ်ဘုရားဓားကို လက်အတွင်း၌ ကိုင်ဆောင်ထားကာ ဤကိစ္စကို သူ မည်မျှထိ အလေးအနက်ထားသည်ကို ရှင်းရှင်းလင်းလင်း ပြသနေပေ၏။

"အဖွဲ့ခေါင်းဆောင်....အဖွဲ့ခေါင်းဆောင်...ရီဖုန်းရဲ့လူတွေ ဒီနေရာကိုရောက်နေပြီ"

မြောင်လင်းနှင့်သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူတို့ ပျော်ပျော်ပါးပါး သောက်စားနေစဥ်တွင် ဘဏ္ဍာစိုးသည် တဖန်ထပ်၍အော်ဟစ်ကာ ပြေးဝင်လာသည်။ သူသည် တုန်လှုပ်ချောက်ချားနေသော အမူအယာဖြင့် ပြေးလာကာ တံခါးဘောင်ကိုပင်တိုက်မိပြီး အတွင်းသို့တလိမ့်ခေါက်ကွေး ကျလာတော့သည်။

"အဖွဲ့ခေါင်းဆောင်မြောင်...မင်းရဲ့လူတွေက တကယ့်ကို သူရဲဘောကြောင်တာပါလား"

ထိုမြင်ကွင်းကိုကြည့်ပြီး သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်က အထင်အမြင်သေးစွာဖြင့် အော်ငေါက်လိုက်၏။

ထိုစကားကိုကြားချိန်တွင် မြောင်လင်းသည် အလွန်အမင်း ရှက်ရွံသွားသည်။ သူက ဘဏ္ဍာစိုးကို အလျှင်အမြန် ကြိမ်းမောင်းလိုက်သည်။

"ငါက ဆရာတွေကို အဖော်ပြုပြီးတော့ အရက်သောက်နေတယ်လို့ ငါ ပြောထားတယ်မဟုတ်လား...မရိုင်းပျစမ်းနဲ့...ငါပြောပြီးပြီ...သူတို့ ဒီနေရာကို ရောက်လာတော့လည်း ရောက်လာပါစေပေါ့....ဒီဆရာသုံးယောက် ရှိနေမှတော့ ငါတို့က ဘာလို့ကြောက်နေရမှာလဲ"

"ဒါပေမယ့် အဖွဲ့ခေါင်းဆောင်...သူတို့က လူတွေအများကြီးပဲ"

ဘဏ္ဍာစိုးက စိုးရိမ်ပူပန်တကြီး ဖြည့်စွက်ပြောဆိုသည်။

"ကျွန်တော်တို့က သတိမပေါ့လျော့သင့်ဘူး"

"စိတ်ပျက်စရာပဲ.."

သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူသည် ဘဏ္ဍာစိုးထံမှ နောက်ထပ်စကားတစ်ခွန်းကို ကြားရန် ဆန္ဒရှိပုံမရတော့ချေ။ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဘဏ္ဍာစိုးထံမှ သွေးများဖြာကျလာသည်။ ထို့နောက် သူက မြောင်လင်းဘက်သို့လှည့်ကာ ပြောဆိုသည်။

"အဖွဲ့ခေါင်းဆောင်မြောင်...မင်းရဲ့လူတွေကိုကြည့်ရတာ ငါတို့ကို ယုံကြည်ပုံမရဘူး"

"မဟုတ်ဘူး...မဟုတ်ဘူး...အဲ့ဒီလို မဟုတ်ပါဘူး..."

မြောင်လင်းက အလျှင်အမြန် ရှင်းပြလေ၏။

"သူက နိမ့်ကျတဲ့ ဘဏ္ဍာစိုးတစ်ယောက်ပါ...သူက ဘာသိမှာမလို့လဲ...သူက အဲ့ဒီလူတွေရဲ့အရေအတွက်ကိုကြည့်ပြီးတော့...လူအင်အားများတာနဲ့ပဲ ဆရာတို့ကို ခြိမ်းခြောက်နိုင်မယ်လို့ ရူးရူးနှမ်းနှမ်းတွေးနေတာပါ....မင်းတို့ရဲ့မျက်လုံးထဲမှာတော့ လူဘယ်လောက်များများပဲ ရောက်လာလာ....သူတို့က သေဖို့ရောက်လာတာပဲဖြစ်နေမှာ"

All Chapters