ကျန်းရွှမ်၏လှုပ်ရှားမှု(၁)
Vol. 8 Ch. 116
ယမန်နေ့က လျှူထျန်ကျန်း ကျောင်းတော်သို့ရောက်ရှိလာချိန်တွင် ယုရှောင်ယွီနှင့်တခြားလူများသည် သူတို့၏ခွန်အားစမ်းသပ်မှုကို ပြီးစီးသွားပြီးဖြစ်သည်။ သူကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း တခြားသူများထံမှတဆင့် ကြားသိခဲ့ရသည်။
အချိန််ဆယ့်နှစ်နာရီ မပြည့်သေးမီမှာပင် ယုရှောင်ယွီ၏ခွန်အားသည် မြင်းကောင်ရေအား ၀.၅ မှလိုအပ်ချက်ဖြစ်သော ၁.၂ကို ကျော်လွန်သွားရုံသာမက ၁.၅ထိ ရောက်ရှိသွားခဲ့သည်။
ကျင့်ကြံသူတစ်ယောက်အတွက် ဤမျှလျင်မြန်သော တိုးတက်မှုမျိုးက ဖြစ်နိုင်ပါသလော...
သူ တုန်လှုပ်ခြောက်ခြားနေစဥ်မှာပင် ဟုန်ရီက ရှေ့ထွက်လာပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ယုရှောင်ယွီ၏ထိုးနှက်ချက်ကဲ့သို့ ကြာပွတ်ရိုက်သံ ထွက်ပေါ်မလာခဲ့သော်လည်း ဤလက်သီးချက်၏နောက်ကွယ်မှ ပြင်းထန်သောစွမ်းအားသည် လှိုင်းလုံးတစ်ခုကဲ့သို့ ပျံ့နှံ့သွားပြီး သုံးမီတာအကွာအဝေးအထိ ရောက်ရှိသွားသည်။
"ခုန်ပေါက်နေတဲ့မြင်းတစ်ကောင်က အရပ်မျက်နှာအဘက်ဘက်ကို ထုတ်လွှတ်လိုက်တဲ့စွမ်းအား… ဒီခွန်အားကလည်း မြင်းကောင်ရေအား ၁ ကို ကျော်လွန်နေတာပါလား..."
လျှူထျန်ကျန်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
မြင်းကောင်ရေအား ၁ သည် အစစ်အမှန်မြင်းတစ်ကောင်၏ခွန်အားနှင့် ညီမျှသည်။ ထိမှတ်မှသုံးမီတာအကွာသို့ စွမ်းအားသယ်ဆောင်သွားနိုင်သော လက်သီးတစ်ချက်သည် အထင်ကြီးလောက်ဖွယ်ရာ ကိစ္စတစ်ခုဖြစ်ပြီး အထူးသဖြင့် အကဲဖြတ်စမ်းသပ်ပွဲအပြီး သုံးရက်အကြာတွင်ဖြစ်သည်။ ဤကောင်လေးသည် အမှန်တကယ်ကို နဝမအဆင့် ရင်းမြစ်ရေအိုင်ပိုင်ရှင် ဖြစ်နိုင်ပါသလော။
'ငါ့ရဲ့အကောင်းဆုံးအချိန်တုန်းကတောင် ဒီလိုမျိုး မလုပ်နိုင်ခဲ့ဘူး.... မြို့အရှင်ယုတောင်မှ ရုန်းကန်ရလိမ့်မယ်..."
"မင်းကရော ဘယ်လိုလဲ... မနေ့က မင်းကို ငါတို့မိသားစုရဲ့ 'ဖူယောင်စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်' နဲ့ လေ့ကျင့်ခိုင်းထားတယ်... အခု မင်းရဲ့ခွန်အားက ဘယ်လောက်ရှိပြီလဲ"
ထိုနှစ်ယောက်ကိုမြင်ပြီးနောက် လျှူထျန်ကျန်းသည် ကျန်းရွှမ်၏လိုအပ်ချက်များမှာ အလွန်အကျွံတောင်းဆိုခြင်းမဟုတ်ကြောင်း သဘောပေါက်ကာ သူ၏သမီးဘက်သို့ မနေနိုင်မထိုင်နိုင် လှည့်ကြည့်လိုက်၏။
ကျန်းရွှမ်၏နည်းလမ်းများသည် ဤမျှထိ လျင်မြန်သောတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့လျှင် သူ၏ကိုယ်ပိုင်မိသားစုမှ အမွေအနှစ်နည်းစနစ်သည်လည်း အလားတူထိရောက်မှုမျိုး ရှိနိုင်ပါသလော...
"၀.၆၁ ပါ"
လျှူမင်ယွဲ့က နီမြန်းနေသောမျက်နှာဖြင့် တုံ့ပြန်အဖြေပေးသည်။
"ဒါက…"
လျှူထျန်ကျန်းသည် မြေကြီးက သူ့ကိုဝါးမြိုသွားတော့မည့်အလား ခံစားလိုက်ရသည်။
သူသည် သူ၏သမီးကို ကျန်းရွှမ်၏နည်းစနစ်အား မလေ့ကျင့်ရန် တိုက်တွန်းခဲ့ပြီး မိသားစုနည်းစနစ်ကိုအသုံးပြုခြင်းဖြင့် တခြားသူများထက် သာလွန်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ ယခုချိန်တွင်မူ သူမသည် အမှန်တကယ်ထင်ပေါ်နေပုံရသော်လည်း ဆန့်ကျင်ဘက်ရလဒ်တွင် ဖြစ်နေပေ၏။
ဆရာကျန်း၏လမ်းညွှန်မှုအောက်တွင် လေ့ကျင့်ရင်း တခြားသူများသည် သူတို့၏ခွန်အားကို မြင်းကောင်ရေအား ၁ ခန့် တိုးတက်စေခဲ့ချိန်တွင် သူ၏သမီးကမူ ၀.၀၁ သာတိုးတက်ခဲ့သည်။ ဤကွာခြားချက်သည် အဆတစ်ရာပင်။
ကွာဟချက်သည် ဤမျှထိ ကြီးမားနေရန် လိုအပ်ပါသလော....
"မင်းက လိုအပ်ချက်မပြည့်မီခဲ့တဲ့အပြင် သူ့ရဲ့နည်းစနစ်နဲ့မလေ့ကျင့်ခဲ့လို့ နှင်ထုတ်ခံရတာလား...ဒါကြောင့် ဆရာကျန်းကို မင်းကိုပြန်လက်ခံဖို့ တောင်းပန်ဖို့အတွက် ဒီနေရာမှာ ဒူးထောက်နေဖို့ ဆုံးဖြတ်ခဲ့တာလား..."
လျှူထျန်ကျန်းသည် နောက်ဆုံးတွင် အကြောင်းစုံကို နားလည်သွားသည်။
"ဟုတ်ကဲ့...."
လျှူမင်ယွဲ့က ခိုင်မာပြတ်သားသော အမူအယာဖြင့် ခေါင်းညိတ်ပြသည်။
"ဒီနေ့ ဆရာကျန်းက သမီးကိုပြန်မခေါ်ရင် မနက်ဖြန်အထိ ဒီနေရာမှာ ဒူးထောက်နေမှာပါ....သူက သမီးကိုလက်မခံရင် သဘက်ခါအထိ ဆက်ပြီးဒူးထောက်နေမှာပါ… သမီးရဲ့အမှားကို သူ ခွင့်လွှတ်တဲ့အထိ ဆက်ပြီးဒူးထောက်နေပါ့မယ်"
သူသမီး၏စိတ်ပိုင်းဖြတ်ထားမှုကို မြင်တွေ့ချိန်၌ လျှူထျန်ကျန်း၏မျက်နှာ သုန်မှုန်သွားသည်။
"သူ့ရဲ့သင်ကြားရေးနည်းလမ်းတွေက တိုးတက်မှုကို မြန်ဆန်စေနိုင်တယ်ဆိုတာ ငါဝန်ခံတယ်.... ဒါပေမဲ့… စွမ်းအင်စုဆောင်းခြင်းဆိုတာ တဖြည်းဖြည်းလုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ...အရမ်းမြန်မြန်တိုးတက်လွန်းရင် နောက်ပိုင်းမှာ မမြင်နိုင်တဲ့အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တယ်...မင်း ဒါကို သတိမထားလို့ မရဘူး"
"အရမ်းမြန်မြန်တိုးတက်ရင် မမြင်နိုင်တဲ့အန္တရာယ်တွေ ဖြစ်လာစေနိုင်တယ်လို့ ပြောတာက… ထင်ကြေးပေးတာ နည်းနည်းတော့ စောမနေဘူးလား"
လျှူမင်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
လျှူထျန်ကျန်းက မျက်ခုံးပင့်ပြီး ပြောဆိုလိုက်၏။
"ထင်ကြေးပေးတာစောတယ် ဟုတ်လား... ကျင့်ကြံခြင်းအကြောင်း ဘယ်သူကပိုသိလဲ...မင်းလား ငါလား... ငါက ရင်းမြစ်ရေအိုင်နယ်ပယ် သတ္တမအဆင့်မှာရှိတဲ့ ကျောက်စိမ်းအရိုးနယ်ပယ် နှောင်းပိုင်းအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်ပြီးတော့.... ငါတို့မိသားစုရဲ့ 'ဖူယောင်စွမ်းအင်သိုလှောင်ခြင်းသိုင်းကွက်' ကို မျိုးဆက်ပေါင်းများစွာက လူပေါင်းမရေမတွက်နိုင်အောင် စမ်းသပ်ခဲ့ပြီးပြီ... ဒါက ဘေးကင်းပြီး ထိရောက်တယ်ဆိုတာ သက်သေပြပြီးသားပဲ...ဒါပေမဲ့ ဆရာကျန်းရဲ့နည်းလမ်းကရော ဘယ်လိုလဲ....အချိန်ရဲ့စမ်းသပ်မှုကို ခံနိုင်ရည်ရှိခဲ့ပြီလား...မရှိသေးရင် ငါ့ကိုလာပြီး ဆရာမလုပ်နဲ့"
"ဒါက သမီးကောင်းဖို့ အတွက်လား"
လျှူမင်ယွဲ့က မေးမြန်းသည်။
"အတိအကျပဲ...မင်း ပိုပြီးသန်မာချင်နေမှန်း ငါ သိတယ်...ဒါပေမဲ့ တချို့နည်းစနစ်တွေက ရေရှည်အလားအလာကို စတေးပြီး ရလဒ်အမြန်ပေးတတ်တယ်..အဲ့ဒီအလားအလာတွေ ကုန်ဆုံးသွားတာနဲ့ မင်းရဲ့တိုးတက်မှုက ရပ်တန့်သွားလိမ့်မယ်... မင်းက ချက်ချင်းရမယ့်အကျိုးအမြတ်တွေကိုပဲ အာရုံစိုက်ပြီး အနာဂတ်ကို လျစ်လျူရှုလို့မဖြစ်ဘူး....မင်းရဲ့အဖေတစ်ယောက်အနေနဲ့ ငါက မင်းကို ဘယ်တော့မှ အန္တရာယ်မဖြစ်စေဘူး...ငါလုပ်သမျှ အရာအားလုံးက မင်းရဲ့အကျိုးအတွက်ပဲ..."
"ဒါက အဓိပ္ပာယ်မရှိဘူး…"
သူမဆရာ၏နည်းလမ်းများကို ဝေဖန်ခံနေရသည်ကို ကြားချိန်တွင် ယုရှောင်ယွီက ပြန်လည်ချေပရန် ဟန်ပြင်လိုက်သော်လည်း ကျန်းရွှမ်က သူမကို တိတ်တိတ်နေရန် အမူအယာပြလိုက်သည်။
"ဆရာကျန်း…"
လျှူမင်ယွဲ့က ကျန်းရွှမ်ကို မယုံကြည်နိုင်သောမျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။
"ကျွန်မရဲ့အဖေပြောတာတွေက အမှန်ပဲလား..."
ကျန်းရွှမ်သည် လက်နောက်ပစ်ပြီး တည်ငြိမ်သော အမူအယာဖြင့် မတ်တတ်ရပ်နေသည်။
"ဒါကတော့ မင်းကိုယ်တိုင် ဆုံးဖြတ်ရမှာပဲ... ငါ့ရဲ့တပည့်ဖြစ်ဖို့ဆိုရင် ငါ့ကို ခြွင်းချက်မရှိယုံကြည်ပြီး ငါ့ရဲ့ညွှန်ကြားချက်တွေကို မဆိုင်းမတွလိုက်နာရမယ်လို့ ငါ အရင်ကတည်းက ပြောခဲ့ပြီးသားပဲ... မင်း အဲ့ဒီလို မလုပ်နိုင်ရင် ငါ မင်းကို လက်မခံဘူး..."
လျှူမင်ယွဲ့က သူမ၏နှုတ်ခမ်းကိုကိုက်လိုက်ကာ သူမ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။ အချိန်တခဏအကြာတွင် သူမသည် စိတ်ပိုင်းဖြတ်လိုက်၏။
"အဖေ....သမီးက ဆရာကျန်းရဲ့တပည့်ဖြစ်ချင်တုန်းပဲ..."
သူမ၏မီးပြင်ဖိုကို မည်သည့်သွေးအနှစ်သာရမျိုးဖြင့် ထွန်းညှိပေးခဲ့သည်အား သူမ၏ဖခင် မသိသော်လည်း သူမ သိရှိထားသည်။ ယမန်နေ့က လေ့ကျင့်မှုအတွင်းတွင် သူမ၏တိုးတက်မှုသည် မည်မျှထိ လွယ်ကူပြီး လျင်မြန်ခဲ့သည်ကို သူ မသိသော်လည်း သူမ သိရှိထားပေ၏။
သူမ၏ဖခင်သည် မည်သည့်အရာကိုမျှ မသိဘဲ သူမကို မည်သည့်အရာအား လုပ်ဆောင်ရမည်ကို ပြောနိုင်မည်နည်း....
"မင်း…"
လျှူထျန်ကျန်း၏မျက်နှာ သုန်မှုန်သွားပြီး ပို၍ပင် ညိုပြာရောင်သန်းလာသည်။ သူသည် လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။
"လျှူမင်ယွဲ့...မင်းကို ပြန်စဉ်းစားဖို့ အခွင့်အရေးတစ်ကြိမ် ထပ်ပေးမယ်...အခု မင်း ငါနဲ့အတူ အိမ်ပြန်လိုက်ခဲ့ရင် လုမင်ရုန်ထက် ပိုကောင်းတဲ့ဆရာတစ်ယောက်ကို ငါ ရှာပေးမယ်"
လျှူမင်ယွဲ့က ခေါင်းခါပြလေ၏။။
"အဖြူရောင်ကျောက်တုံးမြို့မှာ ကျောင်းအုပ်ကြီးလုထက် ဘယ်သူက ပိုကောင်းအောင် သင်ပေးနိုင်မှာလဲ.."
လျှူထျန်ကျန်းက တုံ့ပြန်အဖြေပေးသည်။
"သူက အဖြူရောင်ကျောက်တုံးမြို့ကမဟုတ်ဘူး..သူက တော်ဝင်မြို့တော်က ကံကြမ္မာအစောင့်အရှောက်တစ်ယောက်ပဲ..သူရဲ့လက်အောက်မှာ လေ့ကျင့်ရင် ကံကြမ္မာကျင့်ကြံသူတွေနဲ့ ဆက်သွယ်ဖို့ အခွင့်အရေးပိုရလိမ့်မယ်....ဒီလောကမှာ ကံကြမ္မာက အရာရာပဲ...မင်း ဘယ်လောက်ထိ သန်မာအားကောင်းနေပါစေ...မင်းရဲ့ အစစ်အမှန်စွမ်းအားက ဘယ်လောက်ထိ သန့်စင်နေပါစေ...ကံကြမ္မာရဲ့ရှေ့မှောက်မှာ အရာအားလုံးက တန်ဖိုးမရှိဘူး..."
ကျန်းရွှမ်တွင် အရည်အချင်းများ အမှန်တကယ်ရှိသည်ကို သူ ဝန်ခံသည်။ ထိုသို့မဟုတ်လျှင် ချန်းမိသားစုမှ သူ့ကို ဧည့်အကြီးအကဲအဖြစ် ခန့်အပ်မည် မဟုတ်ချေ။ သို့ရာတွင် ထိုသို့ဆိုလျှင်ပင် မည်သည်ကြောင့် သူ အရေးစိုက်ရမည်နည်း။
ကံကြမ္မာသည် အရာရာပင်။ ထိုအရာကို ထိန်းချုပ်နိုင်စွမ်းမရှိလျှင် ကြီးမားသော ခွန်အားနှင့် များပြားသော အစစ်အမှန်စွမ်းအားတို့သည် အသုံးမဝင်ချေ။
"ကံကြမ္မာအစောင့်အရှောက်…"
လျှူမင်ယွဲ့က ဆရာကျန်းကိုတစ်ချက်ကြည့်ပြီးနောက် သူမ၏အဖေကို ပြန်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမက ခေါင်းခါယမ်းလိုက်၏။
"အဖေ...သမီး အရင်က အခွင့်အရေးတစ်ခုကို လွဲချော်ခဲ့ပြီးပြီ...နောက်ထပ် မလွဲချော်ချင်တော့ဘူး...တခြားကိစ္စတွေမှာ သမီးက အဖေ့စကားကို နားထောင်ပါ့မယ်... ဒါပေမဲ့ ဒီတစ်ခါတော့ မဟုတ်ဘူး..."