← Chapters

တိုက်ခိုက်ခြင်း

Vol. 25 Ch. 365

တိုက်ခိုက်ခြင်း

Vol. 25 Ch. 365

တောင်ကို ကျော်သွားသောအခါ ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။ တောင်၏ ဝဲယာ၂ဖက်လုံးမှ ရာသီဥတုမှာ လုံးဝပြောင်းလဲသွားသည်။ တောင်၏တစ်ဖက်တွင် ရှိသော ရေခိုးရေငွေ့များနှင့် မိုးရေများသည် တောင်များ၏ ကာဆီးထားခြင်းကို ခံရကာ တောင်၏အခြားတစ်ဖက် မြက်ခင်းများပေါ်သို့ မရောက်ခြင်း ဖြစ်ပေလိမ့်မည်။

ရှေ့ဆက်သွားလေ ထိုနေရာဒေသနှင့် ပို၍ ရင်းနှီးကျွမ်းဝင်လာလေ ဖြစ်သည်။

ထိုနေရာသို့ ပထမဆုံး ရောက်ဖူးခြင်းဖြစ်သော်လည်း ထိုပတ်ဝန်းကျင်သည် သူ့ကို သူအမဲလိုက်ရာနေရာများကို ပြန်လည် အမှတ်ရစေသည်။ မြစ်တစ်ဖက်ကမ်းမှ မီးတောက်ဦးချိုမျိုးနွယ်စု တည်ရှိရာ တောအုပ်များ၊ သားရဲတို့

ပျော်စံရာမြေ စသည့်နေရာတို့နှင့် သူယခုရောက်ရှိနေသော နေရာမှာ တူညီနေပါသည်။ မျက်စိတစ်ဆုံး ကြည့်လေရာနေရာတိုင်းတွင် အစိမ်းရောင်များ ဖုံးလွှမ်းနေ၏။

ထိုနေရာသည် သက်ဝင်လှုပ်ရှားခြင်းတို့ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုတည်ရှိရာ တောအုပ်နှင့် ဆင်တူသော မြေပြင်အနေအထားကြောင့် ရှောက်ရွှမ် စိတ်များ လှုပ်ရှားလာသည်။ သူ့စိတ်ထဲတွင် မီးတောက်ဦးချိုမျိုးနွယ်စုမှ ထွက်ခွာလာရသည်မှာ နှစ်၁၀၀၀လောက်ရှိပြီဟု ထင်နေလေသည်။

တောင်အောက်သို့ဆင်းလာရင်းနှင့် လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးကို လွှတ်ပစ်လိုက်သည်။ လက်နက်အဖြစ် သုံး၍ရသော ပစ္စည်းများကို အသုံးပြုလိုက်ပြီ ဖြစ်သည်။ ကျန်သောပစ္စည်းများမှာ ချိုများနှင့် လက်သည်းများသာ ဖြစ်သည်။ စွပ်ပြုတ်ပြုတ်ရန် သုံး‌သော

ကျောက်အိုးကိုလည်း ခရီးလမ်းတွင် ဝန်လေးမည်စိုးသဖြင့် လွှတ်ပစ်လိုက်ပြီ ဖြစ်သည်။ရှောက်ရွှမ်သည် တောတောင်များထဲတွင် သတိမပေါ့ဆရဲပါ။ ပစ္စည်းပစ္စယနည်းပါးသောအခါ ဘေးအန္တရာယ်ကို အလွယ်တကူရှောင်နိုင်မည် ဖြစ်သည်။

သဲကန္တာရထဲရောက်သည့်အချိန်မှ စ၍ ရေတွက်လျှင် အချိန် နှစ်ဝက်လောက်ရှိ သွားပြီ ဖြစ်သည်။ ထို့နောက်ပိုင်း ယခုကဲ့သို့ တောအုပ်ကိုဝင်ခြင်းမှာ အခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်လေသည်။

သီးပင်စားပင်များ၏ လတ်ဆတ်သော ရနံ့များနှင့် သားရဲများ၊ကျေးငှက်များ၏ အသံများကို ကြားသောအခါ ရှောက်ရွှမ်သည် အသက်ကို ဝအောင်ရှူလိုက်သည်။ ထို့နောက် ခြေလှမ်းများကို စိတ်လက်ပေါ့ပါးစွာ လှမ်းလိုက်သည်။ ပတ်ဝန်းကျင်အသစ်နှင့် နေသားတကျဖြစ်သွားအောင် ကြိုးစားရဦးမည်။

အဝေးတစ်နေရာတွင် မြစ်ကြီးသည် တောအုပ်ကြီးကို ဖြတ်သန်း၍ စီးဆင်းနေသည်။ သစ်ပင်ပေါ်မှ တက်ကြည့်မည်ဆိုလျှင် မြစ်ထဲမှ ငါးများနှင့် စပါးကြီးမြွေကြီးများကို တွေ့မြင်ရမည် ဖြစ်သည်။

အတွင်းမီးလျှံမှ ဘာအချက်မှ မပြသော်လည်း ရှောက်ရွှမ်သည် မျိုးနွယ်စု၏ တည်နေရာကို သိရှိနိုင်သည်။ ရှောက်ရွှမ်သည် ဘိုးဘေးတို့ကို ကိုယ်စားပြုသော အလှဆင်ထားသည့် အရိုးလေးကို ထုတ်လိုက်ပြီး လည်ပင်းတွင် ဆွဲထားလိုက်သည်။ ထို့နောက် အလှဆင်ထားသည့် အရိုးအလယ်မှ အနီရောင်လင်းနေသော ဓာတ်လုံးလေးကို ရှောက်ရွှမ်ကိုင်လိုက်သည်။ ထိုသို့ဆိုလျှင် သူ့ကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ သိပါ့မလား ဟု ရှောက်ရွှမ်တွေးနေမိသည်။

ရှောက်ရွှမ်သည် မိမိကိုယ်ကို အားပေးရင်း သူသွားလိုရာ သို့ ဆက်လက်ချီတက်သွားသည်။

လမ်းတလျှောက်တွင် လူသားများ၏

ခြေရာလက်ရာများကို တွေ့ရသည်။ အဝတ်စများ၊ စွန့်ပစ်ထားသော လက်နက်အပိုင်းအစများကို တွေ့ရသည်။ အပင်ကြီးတစ်ပင်အောက်တွင် လူအရိုးတစ်ချောင်းကိုလည်း တွေ့သည်။ ထိုနေရာတွင် အသတ်ခံရသော မုဆိုးတစ်ယောက်၏ အရိုးဖြစ်ပေလိမ့်မည်။

သူ့နားမှ ခြေရာလက်ရာများကို သေချာကြည့်ရှုလိုက်သောအခါ ထိုနားတွင် သတ္တဝါပေါင်းမြောက်များစွာ ရှိနေသည်ကို သိလိုက်ရသည်။ သူသည် ခြေလှမ်းတိုင်းကို သတိဝီရိယနှင့် လှမ်းနေပါသည်။

သစ်ကိုင်းတစ်ကိုင်းပေါ်တွင် မြွေတစ်ကောင်ပုန်းနေ၏။ ရုတ်တရက်ကြည့်လျှင် ထိုမြွေကို လွယ်လွယ်မြင်ရမည် မဟုတ်ပါ။ သူ့နားမှ ရှောက်ရွှမ်ဖြတ်သွားသောအခါ ၎င်းက ရှောက်ရွှမ်ကို လှမ်းပေါက်ရန် ပြင်လိုက်သည်။ သို့သော် ရှောက်ရွှမ်က ၎င်းထက်ပို၍ လျင်မြန်သောကြောင့် မြွေကို ပေါက်ရန် အချိန်မပေးပါ။ သစ်ကိုင်းမှ တွဲလောင်းကျနေသော မြွေသည် အဆိပ်များကို

မှုတ်ထုတ်လိုက်ကာ နေရာသေချာပြန်ယူလိုက်ပြီး နောက်သားကောင်တစ်ကောင်ကို စောင့်နေပေသည်။

လူသားများ အသုံးပြုသော လက်နက်ကိရိယာများအပြင် သစ်ကိုင်းများနှင့် ကျောက်တုံးများပေါ်တွင် ပန်းချီပုံများရေးဆွဲထားသည်ကိုလည်းတွေ့ရသည်။ ဘယ်မျိုးနွယ်စု၏ လက်ရာလဲတော့ ရှောက်ရွှမ်မသိပါ။ တချို့ပန်းချီများမှာ နတ်ရုပ်နှင့် တူပြီး တချို့ပန်းချီများမှ စကားလုံးများနှင့် တူပါသည်။ တခြားပန်းချီများကတော့ သူတို့လိုက်ခဲ့သော သားကောင်များ၊ထိုနေရာကို လာသောသူများနှင့် သူတို့၏ အင်အားများကို ပြသသော ပန်းချီများဖြစ်ကြသည်။

ရှောက်ရွှမ်သည် ထိုပန်းချီများကို ကြည့်နေပါသည်။ သူသည် စကားလုံးများကို သိသော်လည်း ပန်းချီကားများနှင့်တော့ မရင်းနှီးပါ။ အခြားမျိုးနွယ်စုတစ်ခုခုမှ ထားခဲ့သော ပန်းချီကားများ ဖြစ်ပေလိမ့်မည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုနေရာနှင့် ဝေးကွာသော

နေရာတွင် နေသည်ဆိုမှာ ဖြစ်နိင်လောက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ယခုသူရောက်ရှိနေသော နေရာသို့ လာမည် မဟုတ်ပါ။

လူသားများ၏ ခြေရာလက်ရာများကို တွေ့ရသောကြောင့် ရှောက်ရွှမ်သည် တောတောင်များထဲတွင် ကျက်စားနေသော သားရဲကြီးများကိုသာမက လူသားများကိုလည်း သတိထားရလေသည်။ တစ်ခါတရံတွင် လူသားများက သားရဲများထက် ပို၍ ကြောက်ဖို့ကောင်းသည် မဟုတ်ပါလား။

တောနက်သည့်နေရာသို့ရောက်လေ သစ်ပင်များက ပို ထူထပ်လေဖြစ်သည်။ သစ်ပင်များမှာ ပို၍လည်း ကြီးမားလာသည်။နူးညံ့သော မြေပြင်ပေါ်တွင် လျှောက်လှမ်းနေရင်း ထူထပ်သော သစ်ကိုင်းများကြားမှ နေရောင်လေး နည်းနည်းသာ ဝင်နိုင်ကြောင်း ရှောက်ရွှမ်တွေ့လိုက်ရသည်။

တောအုပ်ထဲသို့ ဝင်ရောက်ပြီး သုံးရက်မြောက်သောနေ့တွင် ရှောက်ရွှမ်သည် တောထဲတွင်

လမ်းလျှောက်နေရင်း သတ်ဖြတ်လိုသော အငွေ့အသက်များကို ရလိုက်သည်။ ထိုသူသည် ကိုယ်ထင်မပြသော်လည်း ရှောက်ရွှမ်သည် အမဲလိုက်အတွေ့အကြုံရင့်ကျက်သူ ဖြစ်သဖြင့် ထိုအငွေ့အသက်ကို သတိထားလိုက်မိသည်။ ထိုသူက လူသားတစ်ယောက်လား၊ သားရဲတစ်ကောင်လားတော့ ရှောက်ရွှမ်မသိပါ။

ထိုသူ့ဘက်က ဘာမှမလှုပ်ရှားသဖြင့် ရှောက်ရွှမ်ကလည်း စမတိုက်ခိုက်ဘဲ ရှေ့သို့ဆက်လှမ်းလာခဲ့သည်။ ရှေ့သို့ဆက်လှမ်းလာခြင်းမှာ အမှောင်ထဲတွင် ပုန်းအောင်းနေသူ ဘယ်လိုဆက်လုပ်မည်ကို သိလို၍ ဖြစ်သည်။

ရှောက်ရွှမ်သည် အရှိန်ကို မြှင့်တင်ကာ သစ်ပင်များ ကြားတွင် လူးလားဆန်ခတ် သွားနေလိုက်သည်။ မျက်လုံးများက ရှောက်ရွှမ်ကို လိုက်ကြည့်ဆဲ။ ထိုအရာ၏ လှုပ်ရှားမှုမှာလည်း မနှေးကွေးသလို ကိုယ်ယောင်ဖျောက်ရာတွင်လည်း ကျွမ်းကျင်သည်။ ရှောက်ရွှမ်သည် ၎င်းကို လိုက်ရှာနေသော်လည်း အခုထိ မတွေ့သေးပါ။

သို့သော် ၎င်းလှုပ်ရှားသောအခါ ဖြစ်ပေါ်လာသောအသံကို ရှောက်ရွှမ်က ကြားလိုက်သည်။ အသံမှာ အလွန်တိုးညှင်းသောအသံဖြစ်ပြီး သတိမထားမိလျှင် သစ်ကိုင်းလှုပ်သံများကြား ပျောက်ကွယ်သွားမည် ဖြစ်သည်။

လေတိုက်သောအခါ သစ်ကိုင်းများ၊ သစ်ရွက်များ အချင်းချင်းပွတ်တိုက်မိပြီး အသံထွက်ပေါ်လာသည်။ တစ်ခါတရံတွင်တော့ ငှက်များ၏ လှုပ်ရှားမှုကြောင့် အသံများ ထွက်ပေါ်လာပါသည်။

အခြားအသံများနှင့် ထိုသတ္တဝါ၏လှုပ်ရှားမှု အသံကို ခွဲခြားရင်း ရှောက်ရွှမ်သည် ခြေလှမ်းများကို အရှိန်တင်လိုက်သည်။ လေ၏အဟုန်မျိုးဖြင့် တောထဲတွင် ပြေးလွှားနေလိုက်သည်။၇ကြိမ်တိတိ အကွေ့များကွေ့၊အရပ်မျက်နှာပြောင်းလဲ ပြီးနောက် ရှောက်ရွှမ်သည် သစ်ပင်ကြီးတစ်ပင်ပေါ် ခုန်တက်ကာ သစ်ရွက်များနောက်တွင် ပုန်းအောင်းနေလိုက်ပါသည်။

သစ်ပင်ပေါ်တွင် ပိုးမွှားတချို့ ပျံသန်းနေပါသည်။ သစ်ပင်ထိပ်ဖျားတွင် ပိုးမွှားတစ်ကောင် နားနေပါသည်။ ရှောက်ရွှမ် သစ်ပင်ပေါ်သို့ ခုန်တက်လိုက်သောအခါ ထိုပိုးမွှားသည် လန့်သွားသဖြင့် သစ်ပင်ပေါ်မှ ပြုတ်ကျမလို ဖြစ်သွားပါသည်။ ထိုအချိန်တွင် ပင်စည်ထဲမှ အက်ကွဲကြောင်းများကြားတွင် ပုန်းအောင်းနေသော တီကောင်တစ်ကောင်သည် မြားတစ်ချောင်းလို ရှောက်ရွှမ်ထံ ခုန်ဝင်သွားပါသည်။

ထိုကဲ့သို့ တီကောင်မျိုး လူကို ကိုက်မည်ဆိုပါက အသားထဲကို ဖောက်ဝင်သွားမည် ဖြစ်ပါသည်။

နောက်ပြန်လှည့်မကြည့်ဘဲ ရှောက်ရွှမ်သည် သစ်ကိုင်းတစ်ခုကို ကောက်ယူကာ ထိုတီကောင်လာရာဘက်သို့ ပစ်လိုက်သည်။ ချွန်ထက်သော သစ်ကိုင်းများက တီကောင်၏ ခန္ဓာကိုယ်ထဲ စိုက်ဝင်သွားလေသည်။

ရှောက်ရွှမ်သည် ထိုတီကောင်ကို မကြည့်ပါ။

သူ့နားများက တိုးတိုးလေးကြားနေရသော အသံလေးကို နားစွင့်နေပြီး မျက်လုံးများကလည်း အသံလာရာဘက်သို့ ကြည့်နေ၏။

အညိုရောင် အရိပ်တစ်ခု ရိပ်ခနဲ ပြေးထွက်လာသည်။ သစ်ပင်တစ်ပင်ကို ကျော်ဖြတ်ခါနီးတွင် ခဏရပ်လိုက်သည်။ ထို့နောက် ပိုမြန်သော အရှိန်ဖြင့် ပြေးထွက် သွားသည်။ ရှောက်ရွှမ်တစ်ယောက် ပုန်းအောင်းနေသည်ကို ၎င်းသိသွားဟန်တူပါသည်။ အညိုရောင် အရိပ်သည် ရှောက်ရွှမ် ရောက်နေသော အပင်နားသို့ ရောက်သောအခါ သစ်ပင်ကို ကွေ့ပတ်လိုက်ပြီး သစ်ပင်နောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ရှောက်ရွှမ်သည် ထိုနေရာကို စိုက်ကြည့်နေပါသည်။ သို့သော် ပတ်ဝန်းကျင်ကိုလည်း သတိမလွတ်ဘဲ အကဲခတ်နေပါသည်။ ကောင်းမွန်စွာပုန်းအောင်း တတ်သော အညိုရောင်အရိပ်သည် ရှောက်ရွှမ် နောက်ကို ရောက်နေပြီဖြစ်သည်။

ရှောက်ရွှမ်သည် အနက်ရောင်ဂါးကို ဆုပ်ကိုင်

ထားလိုက်ရင်း အာရုံတို့ကို စုစည်းလိုက်သည်။

ရှောက်ရွှမ်၏နောက် ပင်စည်တစ်ခုမှ အရိပ်တစ်ခု ပြေးထွက်လာသဖြင့် သစ်ကိုင်းများကျိုးကျပြီး သစ်ရွက်များ ကြွေကျကုန်လေသည်။ အေးစက်ချွန်မြသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုနားတဝိုက်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းသွား၏။ ရက်စက်စွာဖြင့် ထိုအလင်းတန်းသည် ရှောက်ရွှမ်ဆီကို ပိုင်းချလိုက်ပေသည်။

(ဆက်ရန်…)

All Chapters