တွေ့ဆုံခြင်း
Vol. 25 Ch. 370
ရွာကို ပြန်ရောက်သောအခါ အကြီးအကဲက အမဲလိုက်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များကို ဆင့်ခေါ်လိုက်ပါသည်။
အမဲလိုက်ထွက်ရာမှ ပြန်လာလျှင် အမြဲလိုလိုပင် အမဲလိုက်ခရီးစဉ်အကြောင်းကို ပြန်လည် အစီရင်ခံရသည်။ အဖွဲ့ခေါင်းဆောင်သည် အခုတစ်ခေါက်ခေါ်ခြင်းမှာလည်း အစီရင်ခံခိုင်းမည်ဟု ထင်သွားသဖြင့် အကြီးအကဲကို အမဲလိုက်ခရီးစဉ်အကြောင်း အကျဉ်းချုပ်၍ပြောပြလိုက်သည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များ၏ ထူးဆန်းသော အပြုအမူများအကြောင်းကိုလည်း ပြောပြလိုက်ပါသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များ ထိုသို့ပြုမူရခြင်းမှာ မီးတောက်ဦးချိုမျိုးနွယ်စု၏ တိုက်ခိုက်မှုကို ခံရသောကြောင့် ဖြစ်သည်ဟု အကြီးအကဲက သူ့ကို ပြောြပပါသည်။
မျိုးနွယ်စု၂ခုကြားရန်ပွဲများမှာ ရှောင်လွှဲ၍ မရပါ။ မျိုးနွယ်စု၂ခုသည် အိမ်နီးချင်းများ ဖြစ်သဖြင့် ပြဿနာ ကြီးကြီးမားမားတော့ မရှိပါ။ရန်ပွဲလေးများတော့ ဖြစ်ပွားလေ့ရှိပါ သည်။ ရန်ပွဲဖြစ်လျှင် ထိုက်ဟယ်မျိုးနွယ်စုဝင်များသာ ခံရလေ့ရှိပါသည်။ ခဏခဏ ရန်ဖြစ်ပါ များလာသောအခါ သူတို့လည်း ရိုးသွားကြပြီ ဖြစ်သည်။
ထို့ကြောင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များ တိုက်ခိုက်ခံရခြင်းမှာ အကြီးအကဲအတွက်တော့ သာမန်ဖြစ်ရပ်တစ်ခုသာ ဖြစ်ပါသည်။ ပုံကြီးချဲ့စရာ လိုလို့လား။ ထိုရန်ပွဲအကြောင်း စကားထဲထည့်ပြောရန်ပင် မလိုပါ။ ထိုကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် အားနည်းသော မျိုးနွယ်စုက အားကြီးသောမျိုးနွယ်စု၏ စကားကိုနားထောင်ရသည်။ ရှုံးနိမ့်သူများသည် ဘယ်အချိန်တွင် ပါးစပ်ပိတ်ထားရမလဲ ဆိုတာကို သိထားကြသည်။
သို့သော် အခုတစ်ခေါက်တွင် ထိုက်ဟယ်မျိုး
နွယ်စုဝင်များသည် ဒဏ်ရာရလာရုံသာ မဟုတ်၊ အဖိုးတန်ပစ္စည်းတစ်ခုလည်း အလုခံလိုက်ရသေးသည်။ ထိုပစ္စည်းသည် ဘာပစ္စည်းလဲ။ ဘာပစ္စည်းဖြစ်သည်ကိုတော့ သူတို့လည်း မသိရသေးပါ။ ထိုအဖိုးတန်သော ပစ္စည်းကို ရယူရန် ထိုက်ဟယ်မျိုးနွယ်စုသည် အလွန်ကြိုးစားအားထုတ် ထားသည်ဆိုသည်ကိုတော့ သူတို့ သိထားကြသည်။ အခုတော့ ထိုပစ္စည်းကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက လုယူသွားလေပြီ။
ထိုပစ္စည်းသည် ထိုက်ဟယ်မျိုးနွယ်စုဝင်များလက်သို့ ရောက်နေပြီးသားဆိုလျှင် တော့ သူတို့လူများသည် ထိုပစ္စည်းကို လုယူမည် မဟုတ်ဆိုတာကို မီးတောင်ဦးချိုမျိုးနွယ်စုဝင်များ သိထားကြသည်။ ထိုပစ္စည်းကို ထိုက်ဟယ်မျိုးနွယ်စုဝင် များက ရအောင် မယူနိုင်သေးသဖြင့် လက်ထဲအရင်ရအောင် ယူနိုင်သူက ပိုင်ဆိုင်စတမ်းပင် ဖြစ်ပါသည်။ အိမ်နီးချင်းများ ဖြစ်ကြသဖြင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုက်ဟယ်မျိုးနွယ်စုဝင်များကို အပြင်းအထန် မတိုက်ခိုက်ပါ။ အခြားမျိုးနွယ်စုအဖွဲ့၂ဖွဲ့ထိုသို့ ဖြစ်
မည်ဆိုလျှင်တော့ သွေးချောင်းစီးသော တိုက်ပွဲများ ဖြစ်သွားလိမ့်မည်။
မီးတောက်ဦးချိုမျိုးနွယ်စုအဖွဲ့ခေါင်းဆောင်သည် သူ့အဖွဲ့က ထိုက်ဟယ်မျိုးနွယ်စုလက်ထဲမှ အဖိုးတန်ပစ္စည်းတစ်ခုကို ဖြတ်လုလာနိုင်သဖြင့် စိတ်ကျေနပ်နေသည်။ ယနေ့အမဲလိုက်ခရီးစဉ် အောင်မြင်သည် ဟုဆိုရမည် ဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်များ ရွှင်ပျနေသည်။ ထို့နောက်သည် ခုံကို ကျောနှင့်မှီလိုက်ပြီး သူ့ရှေ့တွင် ရပ်နေသော လူငယ်များကို နွေးထွေးစွာ ကြည့်နေလေသည်။ ထိုလူငယ်များသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ထက်မြက်သော စစ်သည်တော်များဖြစ်ပါသည်။ သူတို့သည် ငယ်ရွယ်သေးသော်လည်း ပါရမီရှင်များ ဖြစ်ကြလေသည်။
ထိုက်ဟယ်လက်ထဲမှ ပစ္စည်းကို ဖြတ်လုသူမှာ လူငယ်လေးတစ်ယောက်ဖြစ်သည် ဟုသူကြားထားသည်။ ထိုလူငယ်လေးသည် ထိုက်ဟယ်မျိုးနွယ်စု၏ ဖေးအန်းနှင့် အဖွဲ့ကို တိုက်ခိုက်ခဲ့သည်။
ဖေးအန်းသည် ထိုက်ဟယ်မျိုးနွယ်စု၏ အဆင့်မြင့်စစ်သည်တော် တစ်ယောက် ဖြစ်ပါသည်။ ဖေးယန်တို့ကို အနိုင်ယူပြီး သူတို့ပစ္စည်းကို လုယူလာနိုင်သည်ဆိုတော့ ထိုလူငယ်လေးသည်…။
အဖွဲ့ခေါင်းဆောင်သည် သူ၏ လျှို့ဝှက်အိတ်ကပ်လေးထဲမှ လက်ဝါးလောက် အရွယ်အစားရှိသော ကျောက်စိမ်းတစ်တုံးကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းသည် စိမ်းမြကြည်တောက်နေပါသည်။ အဝေးမှကြည့်လျှင်ပင် ထိုကျောက်စိမ်းမှာ အဖိုးတန်မှန်း သိနိုင်ပါသည်။
ကျောက်စိမ်းတုံးကို ကိုင်ထားပြီး ခေါင်းဆောင်က ဂုဏ်ယူစွာ ပြောလိုက်သည် “ဖေးအန်းတို့ကို အနိုင်တိုက်ခဲ့တာ ဘယ်သူလဲ…ရှေ့ထွက်ခဲ့ပါဦး…မင်းကိုဆုချမယ်…မင်းအတွက် ငါဂုဏ်ယူတယ်…ဒီကျောက်စိမ်းတုံးကို ဒီနေ့အမဲလိုက်ထွက်ရင်း ရလာတာ…ဒီကျောက်စိမ်းတုံးကို မင်းကိုပေးမယ်”။
ခါတိုင်းဆိုလျှင်တော့ ခေါင်းဆောင်သည်
ကျောက်စိမ်းတုံးကို ဆုချလိမ့်မည်မဟုတ်ပါ။ သို့သော် ဒီနေ့တွင် သူစိတ်ကောင်းဝင်နေသည်။ အတန်ကြာ အောင် စောင့်နေသည်တိုင် ရှေ့သို့ တစ်ယောက်မှ ထွက်မလာပါ။
“ဘာဖြစ်ကြတာလဲ…ဆုကို ဘယ်သူမှ မယူကြတော့ဘူးလား” ခေါင်းဆောင်က စိတ်မရှည်တော့ပါ။
အားလုံး နှုတ်ဆိတ်နေကြသည်။
“ဝူကျဲ့…ထောင်ကျန်း…ကျွေ့”
ခေါင်းဆောင်သည် လူငယ်များကို ကြည့်ရင်း နာမည်အော်ခေါ်လိုက်သည်။ သို့သော် အားလုံးက ခေါင်းခါနေကြသည်။
သူတို့ထဲက ၃ယောက်က ဒဏ်ရာရထားသဖြင့် ယနေ့အမဲလိုက်ထွက်ရာတွင် မလိုက်သွားကြပါ။ သို့သော် ခေါင်းဆောင်က သူတို့၃ယောက်ကိုလည်း ဆင့်ခေါ်ထားသည်။ ဖေးအန်းတို့နှင့်
တိုက်ခိုက်လာသူမှာ သူတို့မဟုတ်ပါ။ ထို့ကြောင့် ဆုကို သူတို့မယူရဲပါ။ သူတို့သည် အဖွဲ့ခေါင်းဆောင်ကို မလိမ်ချင်ကြပါ။
အဖွဲ့ခေါင်းဆောင်သည် တစ်ခုခုတော့မှားနေပြီဆိုတာကို သိသွားသဖြင့် ပြုံးနေရာမှ တည်သွားသည်။ အကြီးအကဲနှင့် အနားတွင်ရှိသော လူများကို လှည့်ကြည့်လိုက်ပြီး ကိုယ်ကို မတ်လိုက်ကာ “ဘာတွေဖြစ်နေတာလဲ” ဟုမေးလိုက်သည်။
အခန်းထဲရှိလူအားလုံး၏စိတ်ထဲတွင် တင်းကျပ်မှုတစ်ခု ဖြစ်ပေါ်လာပါသည်။ ခေါင်းဆောင်သည် အစကတော့ စိတ်တွေလှုပ်ရှားနေပါသည်။ အခုတော့ စိတ်များ ပြန်လည် ငြိမ်သက်သွားပြီး နတ်ဆေးဆရာနှင့် အကြီးအကဲ အပါအဝင် အားလုံမှာ လေးနက်သော အသွင်များကို ဆောင်နေကြသည်ကို သူသိလိုက်သည်။ အားလုံး၏ စိတ်ထဲတွင် ရှုပ်ထွေးနေသဖြင့် နှုတ်ဆိတ်နေကြသည်။
“ကွမ်းယီ…ဘာတွေဖြစ်နေတာလဲ ငါ့ကို ပြောပါ
ဦး” ခေါင်းဆောင်သည် သူ့နားတွင်ရှိသော လူတစ်ယောက်ကို မေးလိုက်သည်။
ခေါင်းဆောင်ဘေးတွင် ထိုင်နေသော လူကြီးသည် သက်ပြင်းချလိုက်ပြီး “အဲဒီလို သတင်းမျိုးကြားရတာ ဝမ်းသာတယ်…ဒါပေမဲ့ မေးကြည့်တော့ ဘယ်သူ့လက်ချက်မှန်း မသိရဘူး” ဟုပြောလိုက်သည်။
“ခင်ဗျားဆိုလိုတာက…”
“ကျုပ်ပြောချင်တာက… ဖေးအန်းတို့ကို အနိုင်ယူလာတာ ကျုပ်တို့လူ မဟုတ်ဘူး” ကွမ်းယီ သက်ပြင်းချလိုက်သည်။
“ဟုတ်လို့လားဗျာ…အဲဒီလို စွမ်းဆောင်မှုမျိုးလုပ်နိုင်တာ ကျုပ်တို့မျိုးနွယ်စုဝင်တွေပဲ ရှိတာ”
ကျန်သူများက သူ့ကို မျက်မှောင်ကြုံ့ရင်း ကြည့်လိုက်သည်။ “ဘာ…အဲဒီလိုမျိုးလုပ်နိုင်တာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေပဲ ရှိတာလို့ ထင်
နေတာလား…အခြားလူတွေက မလုပ်နိုင်တော့ဘူးလား”
သို့သော် ထိုအကြောင်းကိစ္စအတွက် စစ်ဆေးနေရန် မလိုအပ်တော့ပါ။
“တစ်ယောက်ယောက်က မီးတောက်ဦးချိုမျိုးနွယ်စုဝင်လို ဟန်ဆောင်သွားတာ ဖြစ်ရမယ်…ဒါမှမဟုတ် ထိုက်ဟယ်မျိုးနွယ်စုဝင်တွေက ကျုပ်တို့ကို အပြစ်ပုံချချင်လို့ လိမ်ပြောတာလား…” ခေါင်းဆောင်က မေးလိုက်သည်။
စားပွဲထိပ်တွင် ထိုင်နေသော အကြီးအကဲက ပြောလိုက်သည် “ကျုပ်တို့ အတွေ့အကြုံတွေအရဆိုရင်တော့ ဒီကောင်တွေ လိမ်ပြောတာ သိပ်မဖြစ်နိုင်ဘူး”
“ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး” အကြီးအကဲဘေးမှ ဆံပင်များဖြူဖွေးနေသော အဘွားအိုတစ်ယောက်က ပြောလိုက်သည်။
“ဒီကိစ္စကို လောလောဆယ် လျှို့ဝှက်ထားရမယ်…တခြားဘယ်သူ့ကိုမှ မပြောနဲ့ဦး…စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးမှ ဆုံးဖြတ်ချက်ချမယ်” အကြီးအကဲက ပြောလိုက်သည်။
နတ်ဆေးဆရာနှင့် အကြီးအကဲတို့က ပြောစရာရှိသည်ကို ပြောပြီးသွားသောအခါ အားလုံးက ခေါင်းငြိမ့်လိုက်ကြသည် “ဟုတ်ကဲ့ပါ…အရှင်”။
အစည်းအဝေးပွဲကို ရွှေ့ဆိုင်းလိုက်ပြီ။ အမဲလိုက်အဖွဲ့ခေါင်းဆောင်က ကွမ်းယီထွက်သွားသည်ကို မြင်လိုက်သောအခါ လှမ်းခေါ်လိုက်သည် “ကွမ်းယီ…ခင်ဗျားဘယ်သွားမလို့လဲ…ကျွန်တော် ခင်ဗျားကို မေးစရာရှိလို့”။
“တခြားလူသာ မေးတော့ကွာ” ကွမ်းယီက နောက်သို့ပင် ပြန်လှည့်မကြည့်ဘဲ ဖြေလိုက်သည်။ လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းပြရင်း ထွက်ခွာသွားသည်။
ထိုကိစ္စအကြောင်းကို အခုထက် ပိုသိရရန် တစ်ယောက်ယောက်ကို မေးရမည်။ ထူးဆန်းသည်ကတော့ အမှန်ပင်။
ကွမ်းယီသည် အကြီးအကဲ၏ အဆောင်မှ ထွက်ခွာလာသောအခါ ထိုလုပ်ရပ်မျိုးဘယ်သူလုပ်နိုင်မလဲ စဉ်းစားလာမိသည်။ သူတို့မျိုးနွယ်စုထဲက လူတစ်ယောက်၏ လုပ်ရပ်လား သို့မဟုတ် မီးတောက်ဦးချိုမျိုးနွယ်စုမှ ဆင်းသက်လာသည့် ပြင်ပကမ္ဘာမှ လူတစ်ယောက်ယောက်လား။ ထိုသို့လည်း မဟုတ်လောက်ပါ။
ခြေဦးတည့်ရာလျှောက်လာသည်မှာ မျိုးနွယ်စုဝင်များနေထိုင်သော နေရာကို ကျော်လွန်လာပြီ နယ်စပ်ကို ကွမ်းယီရောက်လာသည်။ ထိုနေရာသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် စဉ်းစား၍ ကောင်းသော နေရာတစ်ခုဖြစ်ပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကွမ်းယီကိုတွေ့သောအခါ နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။ ကွမ်းယီရှိနေသဖြင့် ထိုနေရာတွင် ကင်း
လှည့်နေရန် မလိုအပ်တော့ပါ။ ကွမ်းယီကလည်း သူတို့ကို ထွက်သွားစေချင်ပုံပေါ်သည်။
ကွမ်းယီကတော့ ခပ်တည်တည်နှင့် သူတို့ကို ကြည့်ပင် မကြည့်ပါ။
ကွမ်းယီသည် မြစ်ဆီသို့ရောက်သည်အထိလျှောက်လာခဲ့သည်။ ထိုမြစ်ကို သူတို့ဟာသူတို့ တူးဖော်ထားခြင်းဖြစ်သည်။ မြစ်မှာ အလွန်မကြီးမားသော်လည်း ကြောက်မက်ဖွယ်သားရဲကြီးများကိုတော့ တားဆီးနိုင်ပါသည်။ ထိုမြစ်သည် သူတို့ ခံစစ်ကြောင်း၏ ပထမဆုံး အဆီးအတား ဖြစ်ပါသည်။
ကွမ်းယီသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဆည်းဆာရောင်အောက်တွင် တလက်လက်တတောက်ပရင်း စီးဆင်းနေသည မြစ်ကြီးကို ကြည့်နေပါသည်။ ခဏအကြာတွင်တော့ ခြေသံများ၊သစ်ရွက်လေတိုးသံများ ထွက်ပေါ်လာသည်။
ကွမ်းယီသည် အစွမ်းထက်သော စစ်သည်
တော် တစ်ယောက် ဖြစ်ပါသည်။ တိုက်ခိုက်မည်ဆိုပါက အမဲလိုက်အဖွဲ့ခေါင်းဆောင်ပင် ကွမ်းယီကို နိုင်မည် မဟုတ်ပါ။ သူ့အကြားအာရုံမှာလည်း သာမန်ထက် ထူးကဲပါသည်။ သစ်ရွက်လေတိုးသံများကို ကြားလိုက်ရသောအခါ သူ့အတွေးများကို ရပ်လိုက်ပြီး သတိနှင့်နေလိုက်ပါသည်။ ထို့နောက် မြစ်တစ်ဖက်ကမ်းတွင်ရှိသော တောအုပ်ကို စိုက်ကြည့်နေပါသည်။
“ရှပ်…ရှပ်…ရှပ်”
အသံမှာ လူတစ်ယောက်လမ်းလျှောက်နေသလို အသံမျိုးဖြစ်ပါသည်။
အခုလိုအချိန်ကြီးတွင် ဘယ်သူက မြစ်နံဘေးလာ၍ လမ်းလျှောက်နေမည်နည်း။
မုဆိုးများအားလုံးလည်း ပြန်သွားပြီဖြစ်သလို မြစ်တစ်ဖက်ကမ်းတွင် ထိုအချိန် ကင်းစောင့်မည့်သူ မရှိပါ။ ထိုသူသည် ဘယ်သူဖြစ်မည်နည်း။
“ရှပ်…ရှပ်”
ခြေသံက ပိုကျယ်လာပါသည်။
ရှောက်ရွှမ်သည် စိုစွတ်ပြီး မြက်ပင်များပေါက်နေသော မြေပြင်ပေါ်တွင် လမ်းလျှောက်နေပါသည်။ ရှောက်ရွှမ်သည် သူ့ကိုယ်သူ စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်ဟု ယူဆထားသော်လည်း စိတ်များလှုပ်ရှားလာသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနေသော နေရာနှင့် နီးကပ်လာလေ စိတ်များ ပိုမို လှုပ်ရှား လာလေဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင် အခြားတစ်ဝက်သည် သူသိထားသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် အတူတူဖြစ်ပါ့မလား။
သူတို့၏ စိတ်ထားများ၊ စံတန်ဖိုးများက ရှောက်ရွှမ်ထင်ထားသလို ဖြစ်လာပါ့မလား။
သူတို့သည် ထင်မထားလောက်အောင် ကွဲပြားနေမလား။ သူ့ကို ဘယ်လိုဆက်ဆံကြမလဲ။ မျိုး
နွယ်စု၏ အဖွဲ့ခွဲ၂ဖွဲ့ကွဲနေသည်မှာ နှစ်ပေါင်း ၁၀၀၀ လောက်ရှိပါပြီ။
တွေးနေရင်းနှင့် တောအုပ်ထဲမှ ထွက်လာလိုက်သည်။ ထိုအခါ မြစ်တစ်ဖက်ကမ်းတွင် ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူသည် တိရစ္ဆာန်သားရေနှင့် အဝတ်စ ပေါင်းစပ်ချုပ်လုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ မျက်နှာပေါ်တွင် အမွှေးအမျှင်များရှိပြီး ခန္ဓာကိုယ်မှာ ယောင်္ကျား ပီသပါသည်။ခန္ဓာကိုယ်အနေအထားမှာ တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်ပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသော အနေအထားဖြစ်သည်။ ထိုသူသည် ရှောက်ရွှမ်ရှိသော နေရာကို ခက်ထန်စွာ စိုက်ကြည့်နေသည်။
ရှောက်ရွှမ် စိတ်ထဲက ငါသူတို့ကို ရှာတွေ့ပြီဟု ပြောလိုက်မိသည်။
ထိုချာတိတ် လမ်းလျှောက်ထွက်လာသည်ကို မြင်သောအခါ ကွမ်းယီ မျက်မှောင်ကြုံ့သွားပြီး
“ဒီလောက်နောက်ကျနေတဲ့အချိန်မှ ဘာလို့လမ်းလျှောက်နေတာလဲ” ဟု မေးလိုက်သည်။
ရှောက်ရွှမ်သည် မီးတောက်ဦးချိုမျိုးနွယ်စုအနေဖြင့် သူ့ကို အခြားမေးခွန်းများမေးလိမ့်မည်ဟုထင်ထားသည်။
“…”
ရှောက်ရွှမ် စိတ်ရှုပ်သွားသည်ကို မြင်သောအခါ ကွမ်းယီ၏ အသံက ပို၍ပင် ခက်ထန်လာပါသည် “မင်းအဲဒီမှာဘာလုပ်တာလဲ…ဒီကိုခုချက်ချင်းလာခဲ့”။
ပြောရင်းဆိုရင်းနှင့် ကွမ်းယီသည် လူကြီး၂ယောက်ကိုယ်လုံလောက်ရှိသော သစ်လုံးတစ်လုံးကို ယူ၍ မြစ်ထဲသို့ ကန်ချလိုက်သည်။
ရှောက်ရွှမ်သည် ပေါလောမျောနေသာ သစ်လုံးကိုကြည့်လိုက် သူ့ကိုဆူပူနေသော ဦးလေးကြီးကို ကြည့်လိုက်ဖြစ်နေပါသည်။ “ကဲ…မြစ်ဟိုဘက်
ကို ကူးမယ်…ကျန်တာကတော့ အခြေအနေကြည့်လှုပ်ရှားတာပေါ့”
ရှောက်ရွှမ်သည် သစ်လုံးပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ပေါလောမျောနေသော သစ်လုံးပေါ်မှ တဆင့် မြစ်ကမ်းပါးပေါ် ခုန်တက်လိုက်သည်။ နောက်ကိုလှည့်ကြည့်လိုက်သောအခါ ဦးလေးကြီးက သစ်လုံးကြီးကို ပြန်ဆွဲယူနေသည်ကို တွေ့လိုက်ရသည်။ နောက်အခေါက်များတွင် ပြန်သုံး၍ရရန် သစ်လုံးကြီးတွင် လျော်ကြိုးတစ်ချောင်းချည်ထားသည်ကိုတွေ့ရသည်။
သစ်လုံးကြီးကို ဘေးသို့လွယ်ကူစွာ ပစ်လိုက်ပြီးနောက် ကွမ်းယီသည် ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ ရှောက်ရွှမ်ကို မတ်တပ်ရပ်လျက်သားပင် တွေ့လိုက်ရသောကြောင့် သူစိတ်ပျက်သွားသည်။ “မင်းဘာကြည့်နေတာလဲ…နောက်ကျနေပြီ အိမ်ပြန်တော့…ဘာတွေ အချိန်ဆွဲနေတာလဲ”
ရှောက်ရွှမ် ခေါင်းကုတ်လိုက်မိသည်။ ထိုဦးလေးကြီးသည် သူစိမ်းများကို ထိုကဲ့သို့ ပြောဆို
နေကျလား။ အဲဒီလိုလည်း ဟုတ်မည် မထင်ပါ။
ရှောက်ရွှမ်သည် ထိုဦးလေးကြီးကို ကြည့်ရင်း လူမှားနေသလားဟု မေးလိုက်ချင်စိတ် ပေါ်လာသည်။
“ငါ့နောက်ကလိုက်ခဲ့…ထွက်ပြေးမယ် စိတ်မကူးနဲ့နော်” ကွမ်းယီက ရှောက်ရွှမ်ကို ဆူလိုက်သည်။
ကွမ်းယီ၏ အပြုအမူမှာ အပြင်ခိုးထွက်ပြီး ကစားနေသော ကလေးတစ်ယောက်ကို မိသွားသဖြင့် ဆူပူနေသလို ဖြစ်နေသည်။
ရှောက်ရွှမ်သည် စိတ်ရှုပ်သွားပါသည်။ သို့သော် သူကလည်း မျိုးနွယ်စုအခြေချရာနေရာသို့ သွားချင်နေသဖြင့် သူ့ရည်မှန်းချက် ပြည့်ပြီဟုဆိုရမည်။ သွားဆိုတော့လည်း သွားရုံပေါ့။
ရှောက်ရွှမ်သည် ရှေ့ကသွားနေသော လူကြီးနောက်သို့ အမီလိုက်ရင်း သူရှာဖွေနေသော နေရာကို ဦးတည်လိုက်သည်။
အခြားမီးတောက်ဦးချိုမျိုးနွယ်စုဝင်များရှိသည်ဆိုပါက သူတို့၂ယောက်သည် ထိုကဲ့သို့ ပြုမူမည်မဟုတ်ပါ။ တိုက်ဆိုင်ချင်တော့ ကွမ်းယီသည် ကင်းလှည့်နေသူများကို မောင်းထုတ်လိုက်မိသည်။ ကွမ်းယီအကြောင်းမသိသူများကတော့ ကွမ်းယီတွင် ထိုစိတ်ထားမျိုးရှိမည်ဟု ထင်ထားမည်မဟုတ်ပါ။
ကွမ်းယီသည် လက်ရှိ အမဲလိုက်အဖွဲ့ခေါင်းဆောင်ထက် အစွမ်းထက်သော စစ်သည်တော်၊မုဆိုးတစ်ယောက် ဖြစ်သည်ဆိုတာကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ သိထားကြသည်။ ထိုသို့ဆိုလျှင် ကွမ်းယီသည် ဘာကြောင့် ခေါင်းဆောင် ဖြစ်မလာသနည်း။ အကြောင်းရင်းကတော့ ကွမ်းယီတွင် မျက်နှာများကို မမှတ်မိသော ရောဂါဖြစ်နေသောကြောင့်ပင်။
(ဆက်ရန်…)