ကျွန်တော် ရှောက်ရွှမ်ပါ
Vol. 25 Ch. 372
ဘယ်လိုအဖြေမျိုးလဲ။
ကျောက်မင်သည် ရှောက်ရွှမ်ကို သတိကြီးစွာ ကြည့်လိုက်မိသည်။ ထိုအခါ ရှောက်ရွှမ်သည် သူတို့မျိုးနွယ်စုဝင်၁ယောက်ဖြစ်ကြောင်း သိသွားပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။ သို့သော် အပြည့်အဝတော့ မယုံသေးပါ။ သူသည် အခြားအရာများတွင် အားသာချက်မရှိသော်လည်း မှတ်ဥာဏ်တော့ အလွန်ကောင်းပေသည်။ စွမ်းအင်မနိုးထသေးသော်ကလေးများလိုပင်၊ သူသည် စစ်သည်တော်များ အမဲလိုက်ထွက်ခြင်းအား နေ့စဉ်ကြည့်ရှုအားပေးသည်။ နာမည်ကျော်များအကြောင်းကို ကလေးများက တောင်ကုန်းပေါ်မှာ ထိုင်ရင်း ပြောဆိုကြပါသည်။ ထိုသူ၏ နာမည်ကို မသိလျှင်ထားဦး၊ မျက်နှာကိုတော့ သိသင့်သည်။ သို့သော် ထိုသူက ကျောက်မင်မသိပါ။
ကွမ်းယီအနေဖြင့် မျိုးနွယ်စုကို ဒုက္ခပေးမည့်လူမျိုးကို ခေါ်လာမည်မဟုတ် ဆိုတာကိုယုံကြည်ထားသော်လည်း၊ ကျောက်မင်သည် သူ့မှတ်ဥာဏ်ကို သူပိုယုံပါသည်။
“ကျွန်တော်ခင်ဗျားကို မမြင်ဖူးဘူး” ကျောက်မင်၏ လက်တစ်ဖက်က ကျောနောက်တွင် ဓားမြောင် ကိုင်ထားရင်း ပြောလိုက်သည်။
ရှောက်ရွှမ်ကတော့ ဂရုမစိုက်ပါ။ အခန်းထဲတွင် ချာတိတ်တစ်ယောက်သာ ရှိသဖြင့် ရှောက်ရွှမ်သည် သူ့အကြောင်းကို အလျင်စလို ရှင်းပြမနေတော့ဘဲ ထိုချာတိတ်ကို စနောက်ရန် စိတ်ကူးလိုက်သည်။ ယခုမျိုးနွယ်စုမှ ကလေးများသည် သူနေခဲ့သော မျိုးနွယ်စုမှ ကလေးများထက် သတိပိုကောင်းသည်။ နေထိုင်ရသော ပတ်ဝန်းကျင် မတူသောကြောင့် ဖြစ်မည် ထင်ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ အဖွဲ့ခွဲသည် နှစ်၁၀၀၀လောက် သီးခြားနေထိုင်လာခြင်းဖြစ်၍
သူတို့သည် ပို၍ အပြစ်ကင်းပါသည်။
ရှောက်ရွှမ်သည် ခွေးခြေခုံတစ်လုံးကို ယူ၍ ထိုင်လိုက်ပြီး အိမ်ထဲသို့ ကြည့်လိုက်သည်။
သူရောက်နေသော နေရာသည် တောင်ခြေတွင် ဖြစ်သည်။ ကျောက်မင်တို့အိမ်သည် မျိုးနွယ်စုထဲတွင် တွေ့နေကျသာမန် အိမ်မျိုးပင် ဖြစ်လိမ့်မည်။ နေ့စဉ်သုံးပစ္စည်းများကိုကြည့်ပြီးနောက် အိမ်ထဲတွင် လူများများ မနေကြောင်း သိနိုင်ပါသည်။ အရာအားလုံးသည် ရိုးရိုးရှင်းရှင်းပင် ဖြစ်သော်လည်း ရှောက်ရွှမ်အရင်သိခဲ့သော မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများနှင့်နှိုင်းယှဉ်လျှင် အခုလူများက အသုံးအဆောင်ပစ္စည်းပေါင်းစုံကို အသုံးပြုသည်ကိုတွေ့ရသည်။ နံရံပေါ်တွင် အဝတ်စနှင့်လုပ်သော အိတ်များ၊ သတ္တုနှင့်ပြုလုပ်သော လက်နက်ကိရိယာများ ချိတ်ဆွဲထားသည်ကိုတွေ့ရသည်။ ကျောက်လက်နက်ကိရိယာ ပစ္စည်းများတော့ သိပ်မတွေ့ရပါ။ စားပွဲပေါ်တွင် ကြွေအိုးကြွေခွက်များကိုတွေ့ရပြီး အခန်းထောင့်တွင် ကြွေဇလုံတစ်လုံးကို တွေ့ရပါသည်။
အရောင်အသွေး စုံလင်လှသော ကြွေထည်ပစ္စည်းများ ဖြစ်ပါသည်။
ရှောက်ရွှမ်က အိမ်ထဲမှ ပစ္စည်းများကို လေ့လာနေသည်ကိုတွေ့သောအခါ ကျောက်မင်သည် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး အသက်ကိုဝအောင်ရှူလိုက်ကာ အသင့်ပြင်ထားလိုက်သည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့် “ခင်ဗျားဘယ်သူလဲ…” ဟုမေးလိုက်သည်။
“ငါ ရှောက်ရွှမ်ပါ”
“ရှောက်ရွှမ်ဟုတ်လား…အဲဒီနာမည် ကျုပ်မကြားဖူးဘူး…ခင်ဗျားက မီးတောက်ဦးချိုမျိုးနွယ်စုဝင်ဆိုတာ တကယ်လား” ကျောက်မင်သည် စွမ်းအင်မနိုးထ သေးသဖြင့် အာရုံခံခြင်းစွမ်းရည်မှာ ကွမ်းယီလို မထက်မြက်ပါ။ ရှောက်ရွှမ်သည် နတ်အမှတ်အသားများကို ထုတ်မပြပါက သူသည် မီးတောက်ဦးချိုမျိုးနွယ်စုမှ ဖြစ်သည်ဆိုတာက ကျောက်မင်က စဉ်းစားမိမည် မဟုတ်ပါ။
ကျောက်မင်လိုချင်သောအဖြေကို ရှောက်ရွှမ် မျက်နှာပေါ်တွင် မြင်တွေ့လိုက်ရသည်။ အဝတ်အစားများကြောင့် ပုခုံးပေါ်နှင့် ကိုယ်ပေါ်မှ နတ်အမှတ်အသားများကို မမြင်ရပါ။ အချိန်ကလည်း နောက်ကျနေပြီဖြစ်၍ အလင်းရောင်နည်းနေပြီ ဖြစ်သည်။ ထို့ကြောင့် ကျောက်မင်သည် ရှောက်ရွှမ်မျက်နှာပေါ်မှ အမှတ်အသားများကိုသာ မြင်လိုက်ရသည်။
နတ်အမှတ်အသားများကို ထုတ်ပြလိုက်ခြင်းကြောင့် ဖြေရှင်းချက်ပေါင်းတစ်သောင်းလောက် ထုတ်ပြနေရန် မလိုတော့ပါ။ နတ်အမှတ်အသားများကို တွေ့သောအခါ ကျောက်မင် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။
“ခင်ဗျားဘယ်မှာနေတာလဲ…ကျွန်တော်ခင်ဗျားကို မမြင်ဖူးပါဘူး…ဒါနဲ့ ကွမ်းယီက ဘာလို့ ခင်ဗျားကို ကျွန်တော့်အိမ်ကို ခေါ်လာတာလဲ” ကျောက်မင်သည် ခွေးခြေတစ်လုံး ယူ၍ ထိုင်လိုက်သည်။
“ငါအပြင်မှာ လမ်းလျှောက်ထွက်နေတုန်း ကွမ်းယီနဲ့တိုးလာတာ…သူက ငါဘယ်သူလဲလို့ မေးတော့ ငါကရှောက်ရွှမ်ပါလို့ ဖြေလိုက်တယ်…ပြီးတော့ သူငါ့ကို ဒီအိမ်ကို ခေါ်လာတော့တာပဲ” ရှောက်ရွှမ်လည်း ဘာလုပ်ရမှန်းမသိသဖြင့် ပုခုံးတွန့်ပြလိုက်သည် “ မင်းအကိုက ငါနဲ့တူလို့လား”။
ကျောက်မင် ခေါင်းခါလိုက်သည် “မတူဘူး…ဘယ်နေရာမှ မတူဘူး…ဦးလေးကွမ်းယီက မျက်နှာတွေကိုမမှတ်မိတဲ့ ရောဂါရှိတယ်…နာမည်တွေလည်း မမှတ်မိဘူး…ကျွန်တော့်အကိုနာမည်က ကျောက်ချွမ် ရှောက်ရွှမ်မဟုတ်ဘူး”။
မျက်နှာမမှတ်မိသည့် ရောဂါဖြစ်နေသော လူဆိုပါလား။ ရှောက်ရွှမ်သည် ထိုအချက်ကို စဉ်းစားမိသော်လည်း သူသည် ထိုကဲ့သို့ ရောဂါဖြစ်နေသော လူတစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးပါ။သူပထမဆုံးတွေ့ခဲ့သောလူသည် မျက်နှာများနှင့် နာမည်များကို မမှတ်မိဆိုတာကို သူမယုံနိုင်ပါ။
“ခင်ဗျား မပြန်တော့ဘူးမလား” ကျောက်မင်က
မေးလိုက်သည်။
“ပြန်လို့မရသေးဘူး…ဒီညတော့ နေရဦးမယ်” ရှောက်ရွှမ်က ဖြေလိုက်သည်။
ကျောက်မင်သည် ရှောက်ရွှမ်စကားကို နားမလည်ပါ။ ထို့ကြောင့် မေးခွန်းထုတ်ရန် ပြင်လိုက်စဉ်တွင် ကျောက်မင်ဗိုက်ထဲမှ အော်သံထွက်ပေါ်လာသည်။
အရင်ဆုံး တစ်ခုခုစားမှ ဖြစ်မည်။ ကျောက်မင်သည် သူ့မေးခွန်းများကို ဘေးချိတ်ထားလိုက်သည်။ သူတို့၂ယောက်သည် မျိုးနွယ်စုတစ်ခုထဲမှ ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက်လည်း ရန်ငြိုးမရှိသဖြင့် တစ်ညလောက် အတူတူနေခြင်းက ပြဿနာမရှိပါ။ သူ့အကို သူ့သူငယ်ချင်း မုဆိုးတွေအိမ်တွင် တစ်ညသွားအိပ်သလိုပေါ့။
“နေလို့ရပါတယ်…ကျွန်တော့်အကိုက ဒီညအိမ်ပြန်မလာတော့ဘူး…ခင်ဗျား ဒီမှာ အိပ်လို့ရပါတယ်…ခင်ဗျား ညစာ စားပြီးပြီလား”
“ဟင့်အင်း…ဘာမှမစားရသေးဘူး…ကွမ်းယီကငါ့ကို ဆွဲခေါ်လာပြီး လက်ချာတွေ ရိုက်တော့တာပဲကွာ”
ကျောက်မင်က ရှောက်ရွှမ်ကို သနားသွားသည်။ ကွမ်းယီသည် မျက်နှာထားတည်တည်ကြီးဖြင့် မျိုးနွယ်စုထဲတွင် ပတ်သွားပြီး ဆူပူလေ့ရှိသည့် နေရာတွင် နာမည်ကျော်ဖြစ်သည်။ ငယ်ရွယ်ပြီး ထက်မြက်သော စစ်သည်တော်များအပါအဝင် လူအတော်များများသည် ကွမ်းယီကို ချစ်ကြောက်ရိုသေကြသည်။
“ခင်ဗျားကို စားစရာ တစ်ခုကျွေးမယ်” ကျောက်မင်သည် ကြွေအိုးတစ်လုံးကို ထုတ်ယူလာခဲ့သည်။ အထဲတွင် ပူပူနွေးနွေး အသားစွပ်ပြုတ်များ ပါပါသည်။ သူ့အကိုက ကျောက်မင်စားရန်အတွက် လူလွှတ်ပြီး ပို့ပေးထားခြင်း ဖြစ်ပါသည်။ ဒီနေ့ည စားမကုန်ပါက မနက်ဖြန်ဆက်စား၍ရပါသည်။ တစ်ညတည်းနှင့်တော့ သိုးမသွားပါ။
သို့သော် ရှောက်ရွှမ်အတွက်တော့ မလုံလောက်ပါ။ သူသည် မျိုးနွယ်စု စစ်သည်တစ်ယောက်ဖြစ်၍ များများစားရန် လိုအပ်သည်။
“နောက်ထပ် ထပ်ချက်လိုက်ရမလား”
ကျောက်မင်က အိုးကိုချထားလိုက်ပြီ တစ်ခုခုထပ်ချက်ပြုတ်ရန် ပြောနေသည်။ သို့သော် ရှောက်ရွှမ်က သူ့ကို တားထားလိုက်သည်။
“ငါ့မှာ စားစရာတွေပါသေးတယ်…အဲဒီအိုးနဲ့ ရေနည်းနည်းလောက်ပဲ ပေးတော့” ရှောက်ရွှမ်က သူ့သားရေအိတ်ကို လှုပ်ပြလိုက်သည်။
တောထဲတွင် ရှောက်ရွှမ်သည် အမဲရသောအခါ အသားများကို ကင်ထားလေ့ ရှိသည်။ အသားများကို ကင်စားရခြင်းသည် အန္တရာယ်များသောကြောင့် တစ်ခါတရံတွင် အသားစိမ်းပင်စားရသည်။ အမြဲမပြတ် သတိဝီရိယနှင့်နေရသည်။ နားနေရန် ဂူများကိုလည်း များများစားစားမရှိပါ။
ထို့ကြောင့် တောထဲတွင် သေချာချက်ပြုတ်စားသောက်ရန် အချိန်မရှိပါ။ ဖြစ်သလိုသာချက်စားရပြီး တစ်ခါတရံတွင် ချက်ထားသော အသားကိုကိုက်လိုက်သောအခါ သွေးများပင်ထွက်လာတတ်သည်။ တောထဲတွင်တော့ စွပ်ပြုတ်ပြုတ်သောက်၍ မရပါ။ အခုလူများနေသော နေရာသို့ ရောက်လာချိန်တွင် ရှောက်ရွှမ်သည် စွပ်ပြုတ်သောက်ချင်နေသည်။
“ခင်ဗျားဘာအသားချက်မှာလဲ” ကျောက်မင်က မေးလိုက်သည်။
“ဘာအသားလို့ ခေါ်မလဲတော့မသိဘူး…ထူးထူးဆန်းဆန်းအသားပဲ…နည်းနည်း စားကြည့်မလား”
“တော်ပါပြီ…ကျွန်တော်က ခင်ဗျားတို့ မျိုးနွယ်စုစစ်သည်တော်တွေ စားတဲ့ အစားအသောက်တွေ မစားနိုင်ဘူး…” သူသည် နည်းနည်းစားကြည့်ချင်သော်လည်း ထိုအချက်ကို သိထားပေသည်။
“စွပ်ပြုတ်တော့ နည်းနည်းသောက်လို့ရပါတယ်” ရှောက်ရွှမ်က သူ့ပန်းကန်ထဲသို့ စွပ်ပြုတ်နည်းနည်း ထည့်ပေးလိုက်သည်။ ရှောက်ရွှမ်ချက်ထားသော အသားမှာ သိပ်အန္တရာယ်မရှိသော သားရဲတစ်ကောင်၏ အသားဖြစ်သည်။ ထို့ကြောင့် စွပ်ပြုတ်ထဲတွင် ထည့်ချက်လိုက်သောအခါ ကလေးများ စား၍ရပါသည်။ ထိုသို့ စွပ်ပြုတ်မျိုး ကလေးများသောက်သည်ကို ရှောက်ရွှမ်မြင်ဖူးပါသည်။ ဤမျိုးနွယ်စုမှ ကလေးများသည် ယခင်ရှောက်ရွှမ်သိခဲ့သော မျိုးနွယ်စုမှ ကလေးများထက် ပိုမို သန်စွမ်းကြသည်။
“ဟီးဟီး…ကျွန်တော့်အကိုလည်း အဲဒီလိုပဲ ပြောတယ်” ကျောက်မင် ရယ်လိုက်မိသည်။ အခုတော့ သူရှောက်ရွှမ်ကို ခင်သွားပြီဖြစ်သည်။
ကျောက်မင် စိတ်ထဲတွင် သူသောက်လိုက်ရသော စွပ်ပြုတ်သည် သူသောက်ဖူးသော စွပ်ပြုတ်များထက် အဆပေါင်းများစွာ သာသည်ဟု ခံစားလိုက်ရသည်။ စွပ်ပြုတ်သောက်ပြီးသောအခါ သူ့ကိုယ်ထဲတွင် ခွန်အားများ တိုးပွားလာသည်ကို
ခံစားလိုက်ရသည်။
သူတို့စားသောက်ပြီးသွားသောအခါ နေဝင်သွားလေပြီ။ ထို့နောက် သူတို့သည် မီးကို ငြှိမ်းသက်လိုက်ပြီး အိပ်ရာဝင်လိုက်ကြလေသည်။
နှစ်ဝက်လောက်အတွင်း အခုတစ်ကြိမ်သာ ရှောက်ရွှမ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ရရှာသည်။ သဲကန္တရက သားရဲများ၊ ကျွန်ပိုင်ရှင်များနှင့် တောအုပ်၏ အန္တရာယ်အသွယ်သွယ်တို့ကို စိုးရိမ်နေစရာမလိုတော့ပါ။ သူ့နားတွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရှိနေပြီ ဖြစ်သည်။ မီးမျိုးစေ့ မပါလာသော်လည်း ရှောက်ရွှမ်သည် သူ့တွင် မီးမျိုစေ့ရှိသလို ခံစားနေရသဖြင့် အရာအားလုံး အဆင်ပြေနေပါသည်။
ထိုညတွင် သူအိပ်မက်ပင် မမက်ချေ။ နောက်တစ်နေ့မနက်ရောက်သည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
အပြင်ဘက်မှ စကားသံများနှင့် အသံဗလံများ
ကြောင့် ရှောက်ရွှမ် မနက်အစောကြီး နိုးလာသည်။ တစ်ခဏလောက်စဉ်းစားပြီးမှ သူလိုက်ရှာနေသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာတွင် ရောက်နေကြောင်း ပြန်အမှတ်ရသွားသည်။
ပြတင်းပေါက်များကို ဖွင့်လိုက်ပြီး လတ်ဆတ်သော နံနက်ခင်းလေကို ရှူရှိုက်ရင်း ရှောက်ရွှမ်သည် အပြင်ဘက်သို့ ကြည့်လိုက်သည်။
တောင်သည် သိပ်မမြင့်သော်လည်း ကြီးမားသော တောင်တစ်လုံးဖြစ်ပါသည်။ အိမ်များကို တစ်အိမ်နှင့် တစ်အိမ်ကြား ၁၀မီတာလောက်ခြားပြီး ဆောက်လုပ်ထားပါသည်။ မြေနေရာကျယ်သဖြင့် မြေကို ကပ်စီးနည်းနေရန် မလိုပါ။
ကျောက်မင်သည်လည်း အိပ်ရာမှ နိုးလာပြီး သမ်းဝေလိုက်သည်။ ထို့နောက် အိမ်ပြင်ဘက်သို့ ထွက်သွားသည်။
အသားစွပ်ပြုတ် ကျက်ပေပြီ။ ရှောက်ရွှမ်က သူ့
စွပ်ပြုတ်ကို သောက်လိုက်ပြီး ကျောက်မင်အတွက်လည်း သားရဲအသားအနည်းငယ်ထည့်၍ စွပ်ပြုတ်ပြုတ်ပေးထားသည်။
“ဒီနေ့မင်းဘယ်သွားဖို့ရှိလဲ”ရှောက်ရွှမ်က မေးလိုက်သည်။
“ကျွန်တော့်အိုးတွေ သွားသိမ်းရမယ်…” ကျောက်မင်သည် မနေ့က အိုးကြီးများ ပြုလုပ်ခဲ့ပြီး အိုးဖုတ်သူများကို ပေးခဲ့သည်။ ဒီနေ့ သူအပ်ထားသော အိုးများကို ပြန်ယူရမည် ဖြစ်သည်။
“ငါမင်းနဲ့လိုက်ခဲ့ချင်တယ်”
“ရတယ်လေ…” ကျောက်မင်သည် မနေ့က မေးခွန်းများကို မေ့သွားပြီဖြစ်သည်။ သူသည် စွပ်ပြုတ်ကို မော့သောက်လိုက်သည်။
စွပ်ပြုတ်ကို လက်စသတ်လိုက်ပြီးနောက်တွင် ယူစရာရှိသည်များ ယူ၍ ရှောက်ရွှမ်ကို ခေါ်ကာ အိုးဖုတ်ရာနေရာသို့ ထွက်လာခဲ့သည်။
မျိုးနွယ်စု၏အိုးဖုတ်သော နေရာတွင် အခြားလူများအားဝင်ခွင့်မပြုပါ။ အထူးသဖြင့် စပ်စုသော ကလေးများကို ပို၍ဝင်ခွင့်မပေးပါ။ ၎င်းတို့ကို ဝင်ခွင့်ပြုလိုက်သည်ဆိုပါက ဒုက္ခများသွားမည် ဖြစ်သည်။ ထို့ကြောင့် အိုးများ ပြုလုပ်၍ ပြီးသောအခါ အိုးများကို အပြင်ဘက် မြေပြင်ပေါ်တွင် ချထားပေးသည်။ လာအပ်ထားသော မိသားစုများက အိုးများကို ရွေးချယ်ယူသွားရုံသာ ဖြစ်သည်။
မျက်နှာစိမ်းဖြစ်နေသော ရှောက်ရွှမ်ကိုတွေ့သောအခါ လူအများစုက သိချင် သွားကြသဖြင့် ကျောက်မင်ကို မေးကြလေသည်။ သူ့ကို ကွမ်းယီခေါ်လာတာ ဖြစ်ကြောင်း ပြောပြလိုက်တော့မှ အားလုံးပါးစပ်ပိတ်သွားကြသည်။
ကျောက်မင်သည် ရွှံ့အိုးကြီး၂လုံးနှင့် ခွက်၅လုံးကို မနေ့က အပ်ခဲ့ခြင်းဖြစသည်။ သို့သော် သူ့အိုးများကို မြေပြင်တွင်ချထားသည်ကို မတွေ့ရပါ။ ထို့နောက် စာရေးထားသောအိုးကွဲ
စအချို့ကို မြေပြင်တွင် ချထားသည်ကို တွေ့လိုက်ရပါသည်။
“ခွက်၅လုံးလုပ်တာ..၂ခုက ပျက်စီးသွားတယ်ဆိုပါလား…အိုးကြီးကွဲမသွားတာပဲ ကျေးဇူးတင်ရမယ်” ။ ရွှံ့အိုးခွက်များ ပြုလုပ်ရာတွင် အမှားအနည်းငယ်ပါသည်နှင့် ပြုလုပ်ထားသော အိုးခွက်များ ပျက်စီးသွားမည်ဖြစ်ပါသည်။ ကျောက်မင်က ထွက်ပေါ်လာသော ရလာဒ်ကို မကျေမနပ် ဖြစ်နေပါသည်။
ရှောက်ရွှမ်သည် အရွယ်အစားမျိုးစုံသော ရွှံ့အိုးခွက်များကို ကြည့်နေပါသည်။ မိသားစုအလိုက်ခွဲခြား၍ မြေပြင်ပေါ်တွင် အိုးများ ချထားပေးပါသည်။ အိုးများကွဲသွားပါက တာဝန်ရှိသူသည် အိုးကွဲစပေါ်တွင် စာရေးထားပြီး ထိုအိုးကွဲစများကို မြေပြင်ပေါ်တွင် ချထားလိမ့်မည် ဖြစ်သည်။
မိမိတို့အိုးခွက်များပေါ်တွင် စာရေးခြင်း သို့မဟုတ် ပုံဆွဲခြင်းများ ပြုလုပ်ထားခြင်းကြောင့်
လူတိုင်းသည် ကိုယ့်အိုးကိုယ် မှတ်မိကြပါသည်။ ဥပမာအနေဖြင့် ပြောရလျှင် ကျောက်မင်အိုးပေါ်တွင် ကျောက်ဟုရေးထားပါသည်။ သို့သော် ကျန်သူများကတော့ မီးတောက်ဦးချိုမျိုးနွယ်စု နတ်ရုပ်ပုံနှင့် မီးတောင်ဦးချိုများဟူသော စကားလုံများကိုသာ ရေးဆွဲထားကြသည်။
စာလုံများမှာ ကျွန်ပိုင်ရှင်များ သုံးသော စာလုံးများမဟုတ်ပါ။ သို့သော် ရှောက်ရွှမ်ငယ်စဉ်ကတည်းက အသုံးပြုခဲ့သော စာလုံးများဖြစ်ပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူတို့၏ ဘာသာကို ဘယ်တော့မှ မေ့မသွားပါ။
ကျောက်မင်သည် အိုးများကို ၂ခါ၃ခါခွဲသယ်ရန် စိတ်ကူးထားသော်လည်း ရှောက်ရွှမ်ရှိနေပြီ ဖြစ်သဖြင့် တစ်ကြိမ်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။
အိုးကြီးထဲသို့ ခွက်ကလေးများထည့်လိုက်ပြီး
ရှောက်ရွှမ်နှင့် ကျောက်မင်တို့သည် တစ်ယောက်ကို အိုးတစ်လုံးစီ ထမ်းလာကြသည်။
“ဝေါင်း”
ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။
ရှောက်ရွှမ်က အသံပေါ်လာရာသို့ လှမ်းကြည့်လိုက်သည်။
ထိုအသံကို ကြားသောအခါ ကျောက်မင်၏ မျက်လုံးများ အရောင်တောက်ပသွားသည်။ “သွားကြည့်ရအောင်…အမဲလိုက်အဖွဲ့က သားကောင်တွေ အများကြီးရလာတယ် ထင်တယ်…ကျွန်တော့်အကိုရဲ့အမဲလိုက်အဖွဲ့ ကရတဲ့ သားကောင်တွေလည်း ပါလိမ့်မယ်”
အမဲလိုက်ရာမှ ရလာသော သားကောင်များကို မုဆိုးများက ခွဲဝေပေးပါသည်။ ထို့ကြောင့် ကျောက်မင်၏ မိသားစုသည်လည်း အသားရပိုင်ခွင့်ရှိပါသည်။ အမဲဖျက်ပြီးသောအခါ သူတို့
အတွက် ဝေစုရမည် ဖြစ်ပါသည်။
အမဲလိုက်ခြင်းတွင် မလိုက်ရသောကလေးများ၊ အထူးသဖြင့် ကျောက်မင်သည် အလွန်သိချင်နေသည်။ သူအိမ်မပြန်တော့ဘဲ ရှောက်ရွှမ်ကို ဆွဲခေါ်ကာ ထွက်လာခဲ့သည်။
“ဒိုင်နိုဆော တစ်ကောင်ဗျ” ဒိုင်နိုဆောဆိုသည်မှာ ရှားပါးသားကောင်ဖြစ်သဖြင့် ကျောက်မင် စိတ်လှုပ်ရှားနေသည်။
သားရဲကြီးတစ်ကောင်ကို တုတ်ခိုင်သော နွယ်ကြိုးကြီးများဖြင့် တုပ်နှောင်ထားသည်။ ၎င်း၏ပတ်ပတ်လည်တွင်လည်း လူများမဝင်နိုင်အောင် ခြံစည်းရိုးတစ်ခုကို ကာထားသည်။ သားရဲများကို ကြိုးမတုပ်ထားဘဲနှင့် ခြံထဲတွင်တွင် သူတို့မထားရဲပါ။
ကလေးများက ခြံစည်းရိုးပေါ်တက်ပြီး သားရဲကြီးကို ကြည့်ကြလေသည်။ ထို့နောက် ဘယ်မိသားစုက အသားဘယ်လောက်ရမည်ဆိုတာကို
ပြောဆိုနေကြသည်။
ဒိုင်နိုဆော၏ ဦးခေါင်းမှာ မိကျောင်း သို့မဟုတ် အိမ်မြောင် ဦးခေါင်းနှင့်တူပါသည်။ ဦးခေါင်းပေါ်မှ အရေပြားမှာ စုတ်ပြဲနေပါသည်။ ၎င်းသည် တောအုပ်ထဲက ကြောက်စရာကောင်းသော သားရဲတစ်ကောင်ဖြစ်ပါသည်။ ဦးခေါင်းတွင် အကြေးခွံများ မရှိဘဲ ထူထဲသော အရေပြားနှင့်သာ ဖုံးအုပ်ထားသည်။ ခေါင်းကြီးမှာ အလွန်ကြီးမားပါသည်။ ၎င်းကို ကြည့်ရသည်မှာ ဦးခေါင်းနှင့် ဦးချိုများကို အသုံးပြု၍ တိုက်ခိုက်သော သားရဲတစ်ကောင်နှင့်တူပါသည်။ အမြီးမှာတိုတိုလေးသာရှိပြီး မတ်တပ်ရပ်လိုက်လျှင် ထိုအမြီးမှာ ဟန်ချက်မထိန်းနိုင်တော့ပါ။
ဟိန်းလိုက်သောအခါ ထွက်ပေါ်လာသော သွားများကို ကြည့်ခြင်းအားဖြင့် ၎င်းသည် အသီးအရွက်စား သတ္တဝါဖြစ်ကြောင်း သိနိုင်ပါသည်။
စစ်သည်တော်၂ယောက်က ထိုသားရဲကြီးအကြောင်းကို သိလိုသော ကလေးများအား ရှင်း
ပြနေပါသည်။
ကျောက်မင်သည် ရှောက်ရွှမ်ကို အိုးများကို ချထားရန် လက်ဟန်ခြေဟန် နှင့် ပြလိုက်ပြီး ခြံစည်းရိုးကို တွယ်တက်သွားသည်။ ခြံစည်းရိုးကြားမှ ကြည့်နေရခြင်းကို သူအားမရတော့ပါ။
ကျောက်မင် ပြောသည်မှာ အဓိပ္ပါယ်ရှိပါသည်။ သူတို့အိုးများကို ဘယ်သူမှ ယူမည်မဟုတ်ပါ။
ကျောက်မင်သည် သားရဲကြီးအကြောင်းရှင်းပြနေသော စစ်သည်တော် ၂ယောက်နားပြေးသွားပြီး နားထောင်နေသည်။ ရှောက်ရွှမ်ကတော့ မြေပြင်ပေါ်တွင် လှဲနေသော သားရဲကြီးကို ကြည့်နေပါသည်။
တော်တော်ကြီးသော သားရဲကြီးတစ်ကောင်ဖြစ်သည်။ လှဲနေရင်းနှင့်ပင် အမြင့် ၄မီတာ၊၅မီတာလောက်ရှိမည်။
နွယ်ကြိုးများတွင် ပြဿနာတစ်ခုခုရှိနေသည်ကို ရှောက်ရွှမ် သတိထားလိုက်မိပါသည်။ သူသည် နွယ်ကြိုးများကို မကြာခဏ အသုံးပြုလေ့ရှိသူ ဖြစ်သဖြင့် နွယ်ကြိုး၏တစ်နေရာတွင် ပြတ်နေကြောင်း တွေ့လိုက်ပါသည်။
“ဟို၂ယောက်…ဒိုင်နိုဆောက နွယ်ကြိုးတွေကို ဝါးစားပစ်နေပြီ” ရှောက်ရွှမ် လှမ်းအော်လိုက်သည်။
စိတ်လှုပ်ရှားနေသော စစ်သည်တော်များ ရှောက်ရွှမ်အော်သံကို ကြားလိုက်သည်။ အမြန်ပြေးလာကြသောအခါ နွယ်ကြိုးတစ်ချောင်း ပြတ်နေကြောင်းတွေ့သွားကြသည်။
“မြန်မြန် အောက်ငုံ့ကြ” တစ်ယောက် ခြံစည်းရိုးပေါ်တွင် ထိုင်နေကြသော ကလေးများကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ဝီစီတစ်ခုကို မှုတ်ပါတော့သည်။ ထိုသို့အခြေအနေမျိုုးကို ကြုံတွေ့ဖူးကြသဖြင့် သူတို့သည် အကြောက်လွန်
မနေကြပါ။ သူတို့၂ယောက်ထဲနှင့်လည်း ထိုသားရဲကြီးကို အနိုင်မယူနိုင်ကြောင်း သူတို့သိထားကြသည်။
လူများ သတိထားမိသွားသည်ကို သိသွားသောအခါ သားရဲကြီးသည် လျှို့ဝှက်ပြီး လှုပ်ရှားမနေတော့ပါ။ နွယ်ကြိုးကို တစ်ကိုက်ထဲနှင့် ကိုက်ဖြတ်လိုက်ပြီး ၎င်း၏ ကြီးမားလှသော ကိုယ်ကြီးကို ဆန့်ထုတ်လိုက်ပါသည်။
“ဂျွတ်…”
တစ်စုံတခု ကျိုးသွားသံကို ရှောက်ရွှမ်ကြားလိုက်ရသည်။ ထို့နောက် သားရဲကြီးဆီမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။
ခြံစည်းရုံးပေါ်မှ ကျောက်မင်နှင့်ကလေးများသည် နောက်သို့လှည့်မကြည့်တော့ဘဲ လျင်မြန်စွာခုန်ချလိုက်ကြသည်။ ထိုသားရဲကြီးကို နှိမ်နင်းရန်မှာ စစ်သည်တော်များ၏ အလုပ်ဖြစ်ပါသည်။ ကလေးများရှိနေပါက စစ်သည်တော်
များအတွက် အလုပ်ပိုမည် ဖြစ်သည်။
ကျောက်မင်သည် အတော်ကြာပြေးပြီးမှ ရှောက်ရွှမ်ကို သတိရသွားသည်။ သူနောက်လှည့်ကြည့်လိုက်သောအခါ ရှောက်ရွှမ်ကို မတွေ့ရဘဲ ခြံစည်းရိုးဘေးတွင် ချထားသော အိုးကြီး၂လုံးကိုသာ တွေ့လိုက်ရသည်။
ရှောက်ရွှမ်ကို လိုက်ရှာရကောင်းမလားစဉ်းစားနေစဉ်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာပြီး မြေပြင်သည် တုန်ခါသွားပါသည်။
ထို့နောက်တွင်တော့ သားရဲကြီးဆီမှ ဘာအသံမှ ထွက်မလာတော့ပါ။
အရာအားလုံးပုံမှန် ပြန်ဖြစ်သွားပေပြီ။
စစ်သည်တော်များ စောင့်ကြပ်နေသဖြင့် ဘာဖြစ်သွားသလဲ ကျောက်မင် မမြင်လိုက်ရပါ။ တံတွေးမျိုချလိုက်ပြီ ကျောက်မင်သည် ခြံစည်းရိုး
နားသို့ ကပ်လာလိုက်သည်။ ခြံစည်းရိုးကြားမှ ကြည့်လိုက်သောအခါ ရှေ့လက်များပေါ်တွင် ကုန်းကုန်းကြီး ဖြစ်နေသာ ဒိုင်နိုဆောကိုတွေ့လိုက်ရသည်။ သူ့ဦးခေါင်းကြီးသည် မြေကြီးထဲသို့ နစ်ဝင်နေပြီဖြစ်ပြီး နောက်ခြေထောက်များက ရုန်းကန်သော်လည်း ဦးခေါင်းကို မြေပြင်ပေါ်ပြန်ရောက်လာအောင် ဆွဲမထုတ်နိုင်ပေ။
(ဆက်ရန်…)