လူရွှင်တော်ကြီးတွေ
Vol. 6 Ch. 52
ထိုအချိန်၌ ကြည့်ရှုသူများမှာ နှစ်ခြမ်း ကွဲနေကြသည်။
အမျိုးသား ကြည့်ရှုသူများက လသော်တာကို ဒုတိယတစ်ခု ရွေးချယ်ခိုင်းနေကြပြီး သူ့ယောက်ျားကို ခွင့်လွှတ်ပေးကာ နောက်ဆက်တွဲ အေးအေးချမ်းချမ်း နေထိုင်စေချင်နေကြသည်။
အမျိုးသမီး ကြည့်ရှုသူတို့ကတော့ လုံးဝ ဆန့်ကျင်ဘက် …
တစ်ကြိမ်တစ်ခါ သစ္စာဖောက်ခဲ့သူက … အကြိမ်တစ်ရာ အခွင့်အရေးပေးလည်း သစ္စာဖောက်မည့် လူစားမျိုးပင်။
သူမ ခင်ပွန်းက မဖောက်ပြန်ခဲ့သော်လည်း ငွေနှင့် တွေ့သည့် အချိန်၌ မိမိ၏ကျင့်ဝတ်စည်းမျဉ်းကိုပါ သစ္စာဖောက်ဝံ့သည်။
သူမတို့တွေ သူ့ကို လုံးဝ လုံးဝ ခွင့်မလွှတ်ပေးနိုင်။
“ လူတိုင်းပဲ … ကွန်းမန့်ရေးနေတာ ရပ်ပြီး ဆုံးဖြတ်ချက်ကို သူ့ဘာသူပဲ ရွေးချယ်ပါစေ …”
ချန်ယွီ့က သူ့ကြည့်ရှုသူများ တရစပ် spamming လုပ်နေသည်ကို ရပ်တန့်ရန် အချက်ပြလိုက်သည်။
ဆုံးဖြတ်ချက်က လသော်တာအပေါ်ပဲ မူတည်သည်။
ခေတ္တကြာပြီးသည့်နောက် စိတ်ပိုင်းဖြတ်ထားသည့် မျက်နှာအမူအရာက လသော်တာ၏ မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့သည်။
“ ဒေါက်တာချန် … ဆေးဝါးအတုထုတ်လုပ်နေတဲ့ ကုမ္ပဏီလိပ်စာကို ကျွန်မဆီ ပေးပါ …”
လသော်တာက တွန့်ဆုတ်ခြင်း မရှိ တောင်းဆိုလိုက်သည်။
“ အစ်မကြီး … မင်းအခု ရဲခေါ်လိုက်ရင် မင်းရဲ့ အိမ်ထောင်ရေးလည်း အဆုံးသတ်သွားမှာနော်….”
“ အဲ့လို ယောက်ျားမျိုး ဘာတွေ ငဲ့ကွက်နေစရာ ရှိလို့ … လွင့်ပစ်လိုက် ….”
“ ဒါပေမယ့် သူသာ ဖုန်းမဆက်ဘူးဆိုရင် သူ့ယောက်ျားက ထောင်ရှစ်နှစ်တောင် ကျမှာလေ ….”
“ တကယ်လို့များ တခြားလူတွေ သူ့ယောက်ျားက ထောင်ကျခဲ့ဖူးတဲ့လူဆိုတာ သိသွားခဲ့ရင် သူ့အနာဂတ်လည်း ခက်ခဲလာနိုင်တာပဲ ….”
ကြည့်ရှုသူများမှာ ချန်ယွီ့၏ စကားကို မေ့သွားခဲ့ကြပြီး ကွန်းမန့်များ ဆက်တိုက် ပေးပို့လာခဲ့ကြသည်။
“ ခင်များ သေချာပြီလား…”
ချန်ယွီ့ ညှင်သာစွာပြုံး၍ ထပ်ပြီး မေးသည်။
“ ကျွန်မ သေချာတယ် ….”
လသော်တာက လေးပင်စွာ ခေါင်းညိတ်လိုက်၏။
“ ကျွန်မ ပထမဆုံးဖြတ်ချက်ကို ရွေးချယ်လိုက်တယ်ဆိုတာက သူ ထောင်ကျမှာကို မကြည့်ရက်လို့ ….”
“ ပြီးတော့ ဒီရဲ့ ဆေးဝါး အတုတွေ ထုတ်တဲ့ ကုမ္ပဏီက တခြားလူတွေရဲ့ အသက်အိုးအိမ် ထိခိုက်မှာကိုလည်း မလိုလားဘူး ….”
လသော်တာ၏ တုံ့ပြန်မှုက ကြည့်ရှုသူများ မျှော်မှန်းထားသည်ထက်ကို ကျော်လွန်နေသည်။
သူတို့မှာ အဲ့လောက်အထိ မစဉ်းစားခဲ့မိကြချေ။
ချန်ယွီ့ ပြောသည့် အတိုင်းဆိုပါက သူမ ယောက်ျား ဆေးဝါး ကုမ္ပဏီထဲ ပူးပေါင်းပြီးသည်နှင့် အမြတ်ငွေတို့က မီးရှူးဒိုင်းနှယ် ထိုးတက်သွားလိမ့်မည်။
၎င်းတို့၏ အရောင်းကွန်ယက်ကို ကျေးလက်တောရွာဘက်များသို့တိုင် ဖြန့်ကျက်နိုင်ခဲ့၏။
သူမ ခင်ပွန်း ဘာတွေ လုပ်ခဲ့လဲ သူမ သေချာ မသိ။ သို့သော် သူမ သိသည့် အရာတစ်ခုက …
ဆေးဝါး အတုများသည် လူ့အသက်ကို ထိခိုက်စေသည်။
အကယ်၍ အနှီဆေးဝါးအုပ်စုကို စောနိုင်သမျှ မြန်မြန် ဖမ်းဆီးနိုင်ခဲ့မည်ဆိုပါက သာမန်လူ အမြောက်အများမှာ ၎င်းတို့၏ ပိုက်ဆံနှင့် ကျန်းမာရေးကို ဆက်ပြီး ထိန်းထားနိုင်လိမ့်မည်။
“ လူတိုင်း အခုလို စိုးရိမ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ….”
လသော်တာက ကွန်းမန့်ခန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ ဒါပေမယ့် ကျွန်မ ကိုယ့်အတွက်ကိုယ်ပဲ မစဉ်းစားနိုင်လို့ပါ …”
အကယ်၍ သူမသာ ရဲကို ဖုန်းမဆက်ဘူးဆိုပါက သူမ၏ အိမ်ထောင်ရေးကို ဆက်ပြီး ထိန်းသိမ်းထားနိုင်သည်။
သို့သော် ရာနှင့်ချီသည့် ၊ ထောင်နှင့်ချီသည့် ၊ သောင်းနှင့်ချီသည့် ၊ ဖျားနာဝေဒနာကို ခံစားနေရသည့် လူပေါင်းများစွာမှာ ထိုဆေးဝါး အတုကြောင့် အသက်ဆုံးရှုံးရလိမ့်မည်။
ဤအုပ်စုက တစ်နှစ်လျှင် သန်းရာနှင့်ချီ လိမ်လည်နိုင်ခဲ့ရာ ၎င်းတို့ ထုတ်လုပ်သည့် ဆေးဝါးအတုကြောင့် လူ ဘယ်လောက်များများ ပျက်စီးထိခိုက်သွားမလဲဆိုတာကို စိတ်ကူးကြည့်နိုင်သည်။
လသော်တာက သူမ၏ အကြောင်းပြချက်ကို ဖော်ထုတ်လာသည့် အချိန်၌ ကြည့်ရှုသူများမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကွန်းမန့် တစ်ကြောင်းလေးပင် ထွက်ပေါ်မလာချေ။
ချန်ယွီ့ လိုက်စထွင်းက အချိန် တိတိကျကျ သတ်မှတ်ထားခြင်း မရှိသည့်အပြင် ရုံးတက်ချိန် ဖြစ်သည့်အတွက် ကြည့်ရှုသူ အရေအတွက်က တစ်သန်းခန့်လောက်တော့ ရှိ၏။
ထိုအချိန်တွင် တစ်သန်းနီးပါးသော ကြည့်ရှုသူများအားလုံး အတွေးတူနေခဲ့ကြသည်။
ယင်းက မိမိကိုယ်ကို အရှက်ရခြင်းပင်။
သူတို့က သူများ စိတ်အနှောင့်အယှက် ဖြစ်သွားအောင် ပြောရတာ ကြိုက်သည်။ အတင်းအဖျင်းများကို သဘောကျပြီး စိတ်အပန်းဖြေရာတစ်ခုအနေနှင့် အခြားသူများကို စနောက်ချင်ကြ၏။
ထို ဆေးဝါး အတုများက လူ့အဖွဲ့အစည်းကြီးအပေါ် ထိခိုက်မှုတို့ ရှိလာနိုင်မည့် အချက်ကို သူတို့ တစ်ချက်လေးမျှ အတွေးမဝင်ခဲ့မိချေ။
နောင်အနာဂတ်၌ ထိုဆေးဝါး အတုများ သုံးစွဲမိသည့် လူများထဲ မိမိတို့၏ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း ချစ်ရသူများ မရှိလာနိုင်ဟု မပြောဆိုနိုင်ပေ။
အမျိုးသား ကြည့်ရှုသူများဖြစ်စေ၊ အမျိုးသမီး ကြည့်ရှုသူများ ဖြစ်စေ၊ သူတို့အားလုံး ရှက်လွန်း၍ တွင်းတစ်တွင်းထဲ ဝင်ပုန်းချင်နေမိကြတော့သည်။
တစ်သက်လုံး ရောဂါဘယကင်းနိုင်သည်ဟု မည်သူ အာမခံဝံ့သနည်း။
မည်သူမျှ အာမ မခံနိုင်ချေ။
တစ်နေ့နေ့ တစ်ချိန်ချိန် သူတို့ နာမကျန်း ဖြစ်သည့် အချိန်၌ ထိုဆေးဝါး အတုကို သုံးစွဲမိသည်မျိုးပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ချန်ယွီ့မှာ အားရကျေနပ်နေသည့် မျက်နှာအမူအရာကို ဆင်မြန်းထားလျက် ရှိသည်။
လသော်တာ၏ အဖြေကမှ တကယ့်ကို စစ်မှန်သည့် အချစ်စစ်ပင်။
ထင်ထားသည့်အတိုင်း … အချစ်ဟူသည့် အရာကား အတိုင်းအဆမဲ့၏။
လွန်ခဲ့သည့် ဆယ်မိနစ်တုန်းက ဆေးဝါး အတု ထုတ်လုပ်နေသည့် အုပ်စု၏ တည်ရှိမှုကို ချန်ယွီ့ ဖော်ပြခဲ့သည်။
ထိုအချိန်တုန်းကတည်းက ကြည့်ရှုသူများမှာ သူမယောက်ျား ဖောက်ပြန်သည့် ကိစ္စကိုပဲ အာရုံရောက်နေခဲ့ကြ၏။
သူတို့တွေ ကွာရှင်းသင့်လား … ဒါမှမဟုတ် ခွင့်လွှတ်ပေးလိုက်သင့်လား ဆိုသည့် ကိစ္စအပေါ် ဆွေးနွေး ငြင်းခုန်နေခဲ့ကြသည်။
မည်သူတစ်ဦးတစ်ယောက်ကမျှ ဆေးဝါးအတု ထုတ်လုပ်သည့် အုပ်စုကြောင့် လူဘယ်နှယောက် ထိခိုက်သွားလဲ မမေးခဲ့ကြ။
ချန်ယွီ့က ထိုအုပ်စုသည် နှစ်တိုင်းနှစ် ဆေးအတုများ ရောင်းရင်း ယွမ်သန်းရာနှင့်ချီ ရှာဖွေနိုင်ခဲ့သည်ဟု ထုတ်ပြောခဲ့စဉ်အခါကပင် မည်သူတစ်ဦးတစ်ယောက်ကမျှ မည်သို့သောလူများ အလိမ်ညာခံရလဲဆိုတာကို မမေးခဲ့ကြ။
လသော်တာ တစ်ဦးတည်းသာ မေးမြန်းခဲ့သည်။
သူမက သူမ မြတ်နိုးသံယောစဉ်ကြီးရသည့် အိမ်ထောင်ရေးကို စွန့်လွှတ်ပြီး ဆေးဝါး အုပ်စု အတုအား ဖယ်ရှားရန်အလို့ငှာ ရဲစခန်းသို့ ဖုန်းခေါ်ဖို့ ရွေးချယ်ခဲ့၏။
အသိစိတ် ပြန်ဝင်လာခဲ့ကြသည့် ကြည့်ရှုသူများမှာ လသော်တာ၏ အတွင်းစိတ် လှပမှုအပေါ် ချီးမွမ်းသည့် ကွန်းမန့်တို့ ပေးပို့လာခဲ့ကြသည်။
သူမ၏ အတွင်းစိတ်အလှက အပြင်ပန်းအလှနည်းတူ လှပ၏။
“ အလှတရားက အပေါ်ယံပဲ မဟုတ်ဘူးဆိုတဲ့ စကားကို နောက်ဆုံးတော့ ငါနားလည်သွားပြီ ….”
“ အန်တီ … ခင်များက လှပရုံတင် မကဘူး … နှလုံးသားက ရွှေထက်တောင် တလက်လက် တောက်ပနေသေးတယ် ….”
“ သူ့ဆုံးဖြတ်ချက်က နစ်နာသူတွေကိုပဲ ကယ်တင်လိုက်တာ မဟုတ်ဘူး … မင်းတို့ ၊ ငါတို့ ၊ ပြီးတော့ နောင်မှာ ဖျားနာကြဦးမယ့် လူတွေကိုရောပဲ….”
“ အား ….. ဆိုတော့ ငါက လူရွှင်တော်ကြီး ဖြစ်နေခဲ့တာပေါ့ …..”
“ မဟုတ်ဘူး … ငါတို့က လူရွှင်တော်တွေ ဖြစ်နေခဲ့တာ …..”
“ တကယ်လို့ ရင်ထဲ ထိခိုက်ခံစားစေရဆုံး ပုဂ္ဂိုလ်ကို မဲပေးပါဆိုရင် ငါသူ့ကို သေချာပေါက် မဲပေးတယ် ….”
“ ကိုယ်ချစ်ရတဲ့ လူတစ်ယောက်ကို ဆုံးရှုံးခံပြီး လူတိုင်းကို ချစ်ဖို့ ရွေးချယ်ခဲ့တယ် … တကယ့်ကို အလှပဆုံး အမျိုးသမီးတစ်ယောက်ပါပဲ ….”
ကြည့်ရှုသူများက စိတ်အနှောင့်ယှက် ဖြစ်စရာ ကွန်းမန့်များ ရေးသားရသည်ကို နှစ်သက်ပြီး အတင်းအဖျင်းများ ကြည့်ရှုခံစားရသည်ကို နှစ်သက်ကြသည်မှာ မှန်သော်လည်း
ထိုသို့ဆိုတိုင်း သူတို့၏ ကိုယ့်ကျင့်တရားစံနှုန်းတို့က မှားယွင်းနေသည်ဟု မဆိုနိုင်ချေ။
“ လူနာ .. ကျွန်တော် ခင်များကို cb ကနေ ဆေးဝါး အတု ထုတ်လုပ်နေတဲ့ ရုံးချုပ်နဲ့ ခင်များ ယောက်ျား ဖမ်းဆီးခံထားရတဲ့ နေရာလိပ်စာကို ပို့ပေးလိုက်မယ် …”
ချန်ယွီ့ ပြုံးလျက် ဆိုလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန်….”
လသော်တာ၏ မျက်နှာအရောင်မှာ ကွန်းမန့်များကြောင့် နီမြန်းသွားခဲ့သည်။
ထို့နောက် ချန်ယွီ့ကို ကုသခ မည်သို့ပေးရမလဲ မေး၏။
“ ဒီကုသမှုက အလကားပါ …”
ချန်ယွီ့ ညင်သာစွာ ပြောလိုက်ပြီး “ နစ်နာသူတွေ ကိုယ်စား ကျွန်တော်က ကျေးဇူးတင်တယ်လို့ပဲ မှတ်လိုက်ပါ …”
လသော်တာ ထွက်ခွာသွားသည့် အချိန်၌ အံ့အားသင့်သည့် အရိပ်အယောင်တစ်ခုက ချန်ယွီ့၏ မျက်နှာထက်တွင် ထွက်ပေါ်လာသည်။
သူမ၏ ကံကြမ္မာက သာမန်မျှ ဖြစ်သင့်သော်လည်းပဲ …
ချက်ချင်းဆိုသလို သူမ၏ ကံကြမ္မာက ပြောင်းလဲသွားခဲ့၏။
သူမ၏ ‘မင့်ကုန်း’တွင် ကောင်းချီးပေးသည့် ရွှေရောင် အလင်းတို့ လင်းလက်နေလေသည်။
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာအရ ထိုကဲ့သို့သော ကောင်းချီးခံစားရသည့် လူများသည် သူတို့တစ်သက်လုံး ကောင်းမှုများကိုသာ ပြုလုပ်ရင်း မကောင်းမှုများကို တစ်ကြိမ်တစ်ခါမျှပင် မကျူးလွန်ဖူးသည့် လူများ ၊ ဒါမှမဟုတ် သူတို့၏ အတိတ်ဘဝတွင် ကြီးမားသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့ဖူးသူများ ဖြစ်ကြသည်။
ကြည့်ရသည်မှာတော့ …
လသော်တာ၏ ကံကြမ္မာ ပြောင်းလဲမှုက သူမ အစောပိုင်း ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်နှင့် သက်ဆိုင်နေဟန်ပင်။
လသော်တာ၏ နှလုံးသားထဲတွင် ကောင်းခြင်းတို့ကို ထိန်းသိမ်းထားသရွေ့ မကောင်းမှုများကို နှင်ထုတ်နိုင်ပြီး သူမ ဘဝထဲ ဝင်ရောက်စီးနင်းလာမည့် ဘေးဒုက္ခများကို မလွဲဧကန် ရှောင်တိမ်းနိုင်လိမ့်မည်။
“ ဒေါက်တာချန် … အဲ့ဒီ ဆေးဝါး အတုထုတ်တဲ့ အုပ်စု ဘယ်လို အဆုံးသတ်မျိုး ဖြစ်သွားမလဲ ငါတို့ကို ပြောပြပါလား …”
လသော်တာ လိုင်းဆင်းသွားခဲ့ပြီးနောက်တွင် ကြည့်ရှုသူတော်တော်များများက ဆေးဝါး အတု ထုတ်လုပ်ရေး အုပ်စု ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ် စပြီး အာရုံစိုက်လာခဲ့ကြသည်။
ခေါင်းညိတ်လျက် ချန်ယွီ့ရှင်းပြ၏။ “ ဒီအုပ်စုက လုပ်ငန်းလည်ပတ်နေတာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းကရင် … သူတို့ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ နစ်နာသူဦးရေက သောင်းဂဏန်းကို ရောက်နေပြီ … “
“ နိုင်ငံအနှံ့က ဆေးရုံကြီးတွေမှာလုပ်တဲ့ လူတစ်ချို့ကို လာဘ်ထိုးရင်း သူတို့ ပစ်မှတ်ထားတဲ့ ရောဂါအတွက် ဆေးဘူးတွေ ၊ ထိုးဆေးပုလင်းတွေကို ဖန်တီးထုတ်လုပ်တယ် …”
“ အဲ့နောက်ပိုင်းမှာ … ဂလူးကို့စ် ၊ ဒါမှမဟုတ် အကိုက်အခဲ ပျောက်ဆေးတွေလို အရာမျိုးကို အတုအစစ် ရောထွေးပြီး ဈေးကြီးကြီးနဲ့ ရောင်းတယ် ..”
“ နှိမ်နှင်းခံရမှု အပြီးမှာ … ငွေကြောင့် ယာယီ အမြင်ကန်းခဲ့ရတဲ့ လသော်တာရဲ့ ခင်ပွန်းကတော့ ထောင်ဒဏ်ရှစ်နှစ် ချခံလိုက်ရမယ် …”
“ သူ့ရဲ့ အမျိုးသမီး အထက်လူကြီးအပါအဝင် တခြား ဆိုင်ရာ ခေါင်းဆောင်ကြီးတွေကတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ၊ ဒါမှမဟုတ် သေဒဏ်ပေးခံရလိမ့်မယ် ….”
ဤသည်ကို ကြားတော့ ကြည့်ရှုသူများမှာ စိတ်အားတက်ကြွသွားခဲ့ကြသည်။
၎င်းတို့ ပစ်မှတ်ထားသည့် ရောဂါကုသဆေးက ဘာလဲဆိုတာကို သူတို့တွေ ရှာတွေ့ပြီးကြပြီး ဖြစ်၏။
ယင်းက အသည်းအသန် နာမကျန်း ဖြစ်နေသည့် ရောဂါ ဝေဒနာရှင်များအတွက် အကိုက်အခဲ သက်သာစေသည့် ဆေးဝါးတစ်မျိုး ဖြစ်ပြီး ထူးခြားမှုလည်း ရှိသလို ဈေးလည်း ခေါင်ခိုက်သည်။
ဆေးဝါးအတု ထုတ်လုပ်သည့် အုပ်စုက ထိုမျှ ငွေအမြောက်အများ ရှာနိုင်သည်မှာ မထူးဆန်းတော့ချေ။
လူသားဆန်မှုဆိုသည့် အရာကို လျစ်လျူရှု၍ ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုတို့က သေဒဏ်ပေး၍ပင် ခိုင်းနှိုင်းလို့ လုံလောက်နိုင်မှာ မဟုတ်ချေ။
“ နောက်တစ်ကြိမ်ထပ်ပြီး တွေ့ကြတာပေါ့ ငါ့ရဲ့လူနာတို့ … ဘိုင့်ဘိုင် ….”
အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိဘဲ ချန်ယွီ့ လိုင်းပေါ်က ဆင်းသွားခဲ့သည်။
“ အား ကျွတ် ကျွတ် ငါ့ခါး ….”
လိုက်စထွင်းထဲက ထွက်ပြီးနောက် ချန်ယွီ့သည် သူ့ပုံရိပ်ကိုပင် ဂရုစိုက်မနေတော့ဘဲ ထိုင်ခုံပေါ်သို့ ပုံလျက်လဲချပစ်လိုက်တော့သည်။
သူ့လက်ရှိ ထိုင်ခုံက ပရော်ဖက်ရှင်နယ်ဆန်သည့်ပုံ ပေါ်စေသော်လည်း အိုင်းယွန်းမန်းပင် ဤနေရာတွင် အချိန်အကြာကြီး ထိုင်နိုင်မှာ မဟုတ်ချေ။
“ ဟမ် …”
ချန်ယွီ့ နှလုံးတစ်ချက် တုန်ခါသွားခဲ့ပြီး လက်ချိုးတွက်ချက်ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်၌ ချန်ယွီ့၏ အမူအရာမှာ ရှုပ်ထွေးသွားခဲ့၏။
ကောင်းတစ်ခု ၊ ဆိုးတစ်ခု… ကိစ္စနှစ်ခုက တစ်ခုပြီး တစ်ခု ရောက်လာသည်။
တစ်နာရီခန့် ကြာပြီးသည့်နောက် သူ၏ အသိဟောင်းကြီး တစ်ဦးမှာ သူ၏ စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးခန်းထဲသို့ ဝင်ရောက်လာခဲ့၏။
“ ဒေါက်တာချန် … အလုပ်ရှုပ်နေလား မသိဘူး ….”
လီချန်ကျွင်း သူ့အား ပြုံးလျက် နှုတ်ခွန်းဆက်လာသည်။
ချန်ယွီ့ သူ့ဖုန်းကို အောက်ချထားလိုက်သည်။
သူ လီချန်ကျွင်း၏ အင်္ကျီထက်သို့ လှမ်းကြည့်လိုက်၏။
ရဲဝတ်စုံနှင့် ကြောင်နက်စတစ်ကာလေးမှာ မရှိတော့ချေ။