ကျည်ကာ အင်္ကျီအသစ်
Vol. 6 Ch. 53
“ ကျေးဇူးပြုပြီး ထိုင်ပါဦး …”
ဤသည်ကို ကြားတော့ လီချန်ကျွင်းက စားပွဲနားသို့ ရောက်လာပြီး ထိုင်ချလိုက်သည်။
သူ့အိတ်ထောင်ထဲက စာအိတ်တစ်အိတ်ကို ထုတ်လိုက်၏။
“ ဒေါက်တာချန် … အရင်တစ်ခေါက်ကအတွက် ကျေးဇူးအများကြီး တင်ပါတယ် …”
လီချန်ကျွင်းက ချန်ယွီ့ကို ကျေးဇူးတင်ပြီး စာအိတ်ကို စားပွဲပေါ်တွင် တင်လိုက်သည်။
အထဲတွင် ရဲဌာန၏ ချက်ခ်လက်မှတ်တစ်စောင် ပါသည်။
ပမာဏက ယွမ်တစ်သိန်းပင်။
“ ဒါက ရဲဌာနကနေ ဒေါက်တာချန်ရဲ့ ရဲရင့်မှုအတွက် ပေးတဲ့ ဆုငွေပါ ….”
ချန်ယွီ့က ရာဇဝတ်သားကို ကိုယ်တိုင်ကိုယ်ကျ မဖမ်းဆီးခဲ့သော်လည်း သူ ပြုလုပ်ပေးခဲ့သည့် အရာက များများစားစား ကွာခြားခြင်း မရှိချေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ ခန့်မှန်းတွက်ချက်ပေးမှုတို့ မရှိပါဘဲနှင့် ရဲများက ခေါင်းမပါသည့် ယင်ကောင်များကတော့ ပြေးလွှားနေရဦးမည်ဖြစ်ကာ ကွင်းဆက်လူသတ်သမားကို ဖမ်းမိဖို့ဆိုသည်မှာ ဝေလာဝေးဖြစ်၏။
“ ရပါတယ် ….”
“ ခင်များက ကျွန်တော့်လူနာပဲလေ … ဒေါက်တာတစ်ယောက်အနေနဲ့ လူနေတွေရဲ့ ပြဿနာကို ဖြေရှင်းပေးတယ်ဆိုတာ ကျွန်တော့်တာဝန်ပါပဲ …”
ချန်ယွီ့ စာအိတ်ကို သူ့အံဆွဲထဲသို့ သာမန်လျှံကာထည့်ပြီး သိမ်းဆည်းထားလိုက်သည်။
“ အမ် …..”
လီချန်ကျွင်း တစ်ခုခု ပြောဆိုချင်နေသော်လည်း သူ၏ အမူအရာမှာ တွန့်ဆုတ်နေသည်။
“ ကျွန်တော်က ဆရာဝန် … ခင်များက လူနာ … ဆရာဝန်တစ်ယောက်ရဲ့ ရှေ့မှာ ဘာမှ စိုးရိမ်နေစရာမလိုဘူး …”
ချန်ယွီ့ လက်ကို ကျောနောက်သို့ ပွတ်၍ ခါးကို ပွတ်သပ်လိုက်သည်။
ယွမ် ငါးထောင်တန် ထိုင်ခုံတစ်လုံးဆို အတော်လေး သက်တောင့်သက်သာ ဖြစ်လောက်ပါပြီ ဟုတ်တယ်မလား ..
“ ဒေါက်တာချန်က ပြောနေပြီဆိုတော့လည်း ငါ ပြောလိုက်တော့မယ် ….”
“ လူသတ်သမားက ငါတို့သူ့ကို ဖမ်းမိတဲ့ ညမှာတင်ပဲ အချုပ်ခန်းထဲမှာ ရုတ်တရက်ကြီး သေသွားခဲ့တယ် ….” လီချန်ကျွင်း အမှန်အတိုင်း ပြောလိုက်ပြီး “ ဆေးမှုခင်း ဆရာဝန်တွေရဲ့ ဆန်းစစ်ချက် အရတော့ သူက ရုတ်တရက် နှလုံးဖောက်ပြီး ဆုံးသွားတာ ဆိုပဲ …”
“ ငါတို့ လေ့လာဆန်းစစ်မိသလောက်ဆိုရင် နှလုံးဖောက်တယ်ဆိုတာက အန်ဒီနယ်လင်း ပမာဏ အများအပြားကို ညှစ်ထုတ်ပေးတာကြောင့်ပဲ …..”
“ ဆိုတော့ ပြောရရင် … ၊ သူက အကြောက်လွန်ပြီး သေသွားခဲ့တာ …..”
လီချန်ကျွင်းက အဓိက အချက်ကို ထောက်ပြလိုက်သည်။
လူသတ်သမားမှာ မျက်လုံးကြီး ပြူးထွက်နေလျက် ငါးသေတစ်ကောင်ကဲ့သို့ သေဆုံးသွားခဲ့၏။
သူ့မျက်နှာ အမူအရာကလည်း တစ်စုံတစ်ရာကို အလွန်အကျွံ ကြောက်နေပြီး ကြည့်ရသလောက်ကတော့ အကြောက်လွန်ပြီး သေဆုံးသွားခဲ့ဟန်ပင်။
“ အဲ့ကိစ္စကြောင့်နဲ့ ငါလည်း စားချင်စိတ်တွေ ထပ်ပျောက်နေပြန်ပြီ … ငါ့ကို တစ်ချက်လောက် ဆန်းစစ်ပေးပါလား ဒေါက်တာချန် ….”
လီချန်ကျွင်းက သိတတ်နားလည်သည်။ ထိုသို့ ပြောပြီးသည့်နောက် ချန်ယွီ့၏ ကျူအာကို စကန်ဖတ်၍ ယွမ် ငါးထောင် လွှဲပေးလိုက်သည်။
“ ကျွန်တော် အကြံပေးချင်တဲ့ ကုသနည်းကတော့ ခင်များရဲ့ အတွေးတွေကို တရားဝင် တင်ပြလွှာမှာ ထည့်ရေးပြီး ခင်များတို့ ဗျူရိုထဲ အဆင့်အမြင့်ဆုံး အရာရှိဆီ တင်ပြဖို့ပဲ …”
“ ခင်များ ဒီကိစ္စထဲ မျက်ကန်း ဝင်မပါနဲ့ ….”
“ တကယ်လို့ ခင်များတစ်ယောက်တည်း စုံစမ်းစစ်ဆေးမယ်ဆိုရင် ခင်များလည်း အန္တရာယ်ကျရောက်ရုံတင် မကဘူး … ခင်များတို့တစ်သင်းလုံးလည်း ပြန်လမ်းမရှိတဲ့ အခြေအနေထဲ ကျရောက်သွားလိမ့်မယ် ….”
“ ဒီအမှုနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ အန္တရာယ်က ခင်များ စိတ်ကူးယဉ်နိုင်တာထက်ကို ပိုတယ်…..”
ချန်ယွီ့ ရှေ့သို့ တိုးလာခဲ့ပြီးမေးထောက်လျက် လေးနက်သည့် အမူအရာဖြင့် ပြောဆိုလာခဲ့သည်။
“ ဟင်း ….”
လီချန်ကျွင်း သက်ပြင်းချလိုက်၏။
ဤအမှုက မြင်နေရသလောက် မရိုးရှင်းဘူးဆိုတာကို သူ မျှော်လင့်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ချန်ယွီ့ထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ အဖြေတောင်းခံခြင်း ဖြစ်၏။
ထင်ထားသည့် အတိုင်းပဲ ၊ ချန်ယွီ့က ဤအမှုသည် သူ၏ လုပ်နိုင်စွမ်းထက် ကျော်လွန်နေကြောင်း အတည်ပြုပေးလာခဲ့သည်။
စည်းမျဉ်းစည်းကမ်းတို့အရ အချုပ်ထဲသို့ ဝင်မည့်လူတိုင်း ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို အရင်ဆုံး ကျော်ဖြတ်ရသည်။
ပြဿနာ မရှိတော့မှသာ ထိုလူကို ဖမ်းဆီးချုပ်နှောင်ထားနိုင်သည်။
လူသတ်သမားက ကျန်းမာရေးလည်း ကောင်းပြီး အခြေအနေက လီချန်ကျွင်းထက်ပင် သာလွန်နေခဲ့သေးသည်။
သို့သော် လူသတ်သမားက အချုပ်ထဲ ဝင်ပြီး နာရီပိုင်း အကြာတွင် မျှော်လင့်မထားစွာဖြင့် ရုတ်တရက်ကြီး သေဆုံးသွားခဲ့၏။
စောင့်ကြည့်ရေး ကင်မရာကတစ်ဆင့် ပြန်စစ်ဆေးကြည့်တော့ လူသတ်သမား အချုပ်ခန်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် နံရံသို့သာ စိုက်ကြည့်နေခဲ့သည်။
ထိုအတောအတွင်း မည်သူကမျှ အထဲသို့ ဝင်ရောက်ခြင်းလည်း မရှိ။
အပြင်လူများ လာရောက်လုပ်ကြံနှုတ်ပိတ်သွားခဲ့သည်ဟူသော အချက်ကိုလည်း ဖယ်ထုတ်ထား၍ရသည်။
ညသန်းခေါင်ယံအချိန်ကျတော့မှသာ စောင့်ကြည့်ရေး အခန်းထဲရှိ အစောင့်များက တစ်စုံတစ်ရာ လွဲချော်နေပြီကို သတိထားမိခြင်းပင်။
လူသတ်သမားက နံရံသို့ တောက်လျှောက်စိုက်ကြည့်နေသည်မှာ ဆယ်နာရီ ကျော်နေပြီ ဖြစ်၏။
သူတို့ ထိုနေရာသို့ ရောက်သွားခဲ့တော့ လူသတ်သမားက နံရံကို မျက်လုံးကြီး အပြူးသားဖြင့် စိုက်ကြည့်နေလျက် သေဆုံးနေခဲ့ပြီကို တွေ့ရှိသွားခဲ့တော့သည်။
သူက ထိုင်ခုံတွင် ထိုင်လျက် မလှုပ်မယှက် သေဆုံးသွားခဲ့ခြင်းပင်။
“ အကြံပေးလို့ ကျေးဇူးပါပဲ ဒေါက်တာချန် … ငါ ပြန်ရောက်သွားတဲ့အခါကျရင် တင်ပြစာ ရေးလိုက်မယ် …”
လီချန်ကျွင်းက အသံကို နိမ့်လျက် “ ဒီတော့ မင်းငါ့ ရောဂါကို ကုသပေးနိုင်လား ….”
“ အခု မရသေးဘူး …”
ချန်ယွီ့ အေးအေးလူလူ ပြန်ပြောလိုက်၏။
ဤသည်ကို ကြားတော့ လီချန်ကျွင်း၏ မျက်နှာမှာ စိတ်ပျက်မှုတို့ ပြည့်နှက်သွားခဲ့သည်။
ဆိုတော့ ချန်ယွီ့လို တန်ခိုးရှင်တောင် သူ မစွမ်းနိုင်တဲ့ အရာတွေ ရှိသေးတာပါလား …
အတွေးတစ်ခုက လီချန်ကျွင်း၏ စိတ်ထဲ ဖြတ်ပြေးသွားခဲ့သည်။
ချန်ယွီ့က လောလောဆယ် မလုပ်နိုင်ဟု ပြောလာခဲ့ရာ တစ်နည်းဆိုရသော် နောင်တစ်ချိန်တွင် လုပ်လာနိုင်မည်။
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …”
လီချန်ကျွင်း ချက်ချင်းပဲ ချန်ယွီ့ သွယ်ဝိုက်ပြောဆိုချင်နေသည့် စကားကို နားလည်သွားခဲ့သည်။
လီချန်ကျွင်း သဘောပေါက်သွားသည်ကို မြင်တော့ ချန်ယွီ့ သက်တောင့်သက်သာ ဖြစ်သွားခဲ့ပြီး ပျော်ရွှင်သွားခဲ့သည်။
သူ အပိုစကား ပြောဖို့မလိုသည်က ကောင်း၏။
လူသတ်သမားက အကြောက်လွန်ပြီး သေဆုံးသွားသည်ဟု ပြောသည်ထက် ကျိန်စာကြောင့် သေဆုံးသွားခဲ့သည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။
လူသတ်သမားကို ထိန်းချုပ်နေသည့် ကန့်လန့်ကာ နောက်ကွယ်ရှိ လက်သည်က သူ့ကို လူသတ်ကိရိယာအဖြစ် အသုံးပြုရင်း အာမခံပေးနိုင်မည့် အရာတစ်ခုကိုလည်း ကိုယ်အတွင်း ထည့်သွင်းထားခဲ့သည်ဟု ချန်ယွီ့ ယူဆထားသည်။
အဓိကကတော့ သူ့ထံ ခြေရာခံ လိုက်လာခြင်းမှ ကာကွယ်နိုင်ရန်ပင်။
လူသတ်သမားကို ဖမ်းမိသည်နှင့် အဆိုပါ ကျိန်စာကလည်း ချက်ချင်း အသက်ဝင်လာပြီး …
အကျိုးရလဒ် အနေဖြင့် လူသတ်သမားမှာ အသံတစ်ချက် မပြုနိုင်ဘဲ အသက်သေဆုံးသွားရလိမ့်မည်။
အဆိုပါ အရာပစ္စည်းက ကျိန်စာ သို့မဟုတ် အကောင်တစ်ခုခု ဖြစ်နိုင်သည်ဟု ချန်ယွီ့ ယူဆထားသည်။
ဒါမှမဟုတ် ယင်းက ဆေးဝါးတစ်ခုခုလည်း ဖြစ်နိုင်သည်။
ဤနေရာတွင် သူ ပြောလိုသည့် ဆေးဝါးက သာမန်ဆေးဝါးမဟုတ်။ ထင်ယောင်ထင်မှား ဖြစ်စေသည့် ဆေးဝါးမျိုးပင်။
၎င်းကို သောက်သုံးပြီးနောက်တွင် ခန္ဓာကိုယ်အတွင်းသို့ ချိန်ကိုက်ဗုံး တစ်လုံး ရောက်သွားသည်နှင့် မခြားပေ။ ဖြေဆေးကို ညသန်းခေါင်ယံ အချိန်တိုင်း မသောက်ပေးဘူးဆိုပါက ကြောက်မက်ဖွယ်ကောင်းသည့် ထင်ယောင်ထင်မှား ပုံရိပ်တို့က သူ့စိတ်အတွင်းတွင် မြင်နိုင်သည့် အရာများအဖြစ် ဖြစ်တည်လာမည်။
သူ့ဦးနှောက်လည်း ထိခိုက်သွားမှာ ဖြစ်ပြီး လျင်မြန်စွာ သေဆုံးသွားလိမ့်မည်။
မည်သည့်နည်းလမ်းပဲ ဖြစ်နေပါစေ ၊ နောက်ကွယ်ရှိ ထိန်းချုပ်သူက ဝါရင့်သမ္ဘာရင့် ဆရာတစ်ဆူ ဖြစ်သည်ကတော့ ကျိန်းသေသည်။
ချန်ယွီ့ ကူညီပေးဖို့ ငြင်းဆန်လိုက်သည်က သူ့ကျင့်ကြံမှုအဆင့်ဖြင့် ထိုနောက်ကွယ်ကလူလောက် မသန်မာသောကြောင့် မဟုတ်ဘဲ အခွင့်အရေးကိုယ်တိုင်ကိုက ကိုယ်ထင်ပြမလာသေးသောကြောင့်ပင်။
“ ဆုပေးပြီး ခင်များရဲ့ အခြေအနေအကြောင်း မေးချင်တဲ့အပြင် ခင်များ ဒီရောက်လာတဲ့ တခြား အကြောင်းအရင်း နောက်တစ်ခုလည်း ရှိသေးတယ်မလား ….”
ချန်ယွီ့ လီချန်ကျွင်း၏ ရင်ဘက်ကို ညွှန်ပြလိုက်သည်။
ဤသည်ကို မြင်တော့ လီချန်ကျွင်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလာသည်။
“ မင်းက လူသတ်သမားကို ကူဖမ်းပေးရုံတင် မကဘူး … ငါ့အသက်ကိုပါ ကယ်တင်ပေးလိုက်တာပဲ ဒေါက်တာချန် ….”
ထိုနေ့က ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်မိတိုင်း လီချန်ကျွင်းမှာ ချွေးစေးတို့ မရွှဲနစ်ဘဲ မနေနိုင်ချေ။
သူ သေဖို့ လက်တစ်ကမ်းသာ လိုခဲ့သည်။
ထိုနေ့တွင် လီချန်ကျွင်းသည် ဖမ်းဆီးမည့် အစီအစဉ်အသေးစိတ်ကို ရေးဆွဲပြီးနောက် သူ့လူများနှင့်အတူ ထိုနေရာသို့ ပြေးသွားခဲ့ကြ၏။
တိုက်ခန်းက သေးငယ်သည့်အတွက် သူနှင့် အတူ အလုပ်လုပ်ရန် အားအသန်ဆုံး လူသုံးယောက်ကို ရွေးချယ်လိုက်သည်။
သူတို့က အရင်ဦးဆုံး ရှေ့သို့ ပြေးတက်သွားပြီး သံသယ တရားခံကို ထိန်းချုပ်ထားမည်။
အကယ်၍ တရားခံက ကြမ်းတမ်းစွာ ပြန်လည် ခုခံလာမည်ဆိုပါက ယင်းက လူသတ်သမား ဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်လိမ့်မည်။
ထိုသို့ ဖြစ်လာပါက သူတို့ လေးယောက်လုံး ချက်ချင်း နောက်ပြန်ဆုတ်ပြီး ငါးယောက်မြောက် အဖွဲ့ဝင်က လျှပ်စစ်ရှော့ခ်ရိုက်သည့် သေနတ်ကို အသုံးပြုမှာ ဖြစ်၏။ တရားခံလည်း ရှော့ခ်တိုက်ခံရမှုဖြင့် ခုခံနိုင်စွမ်းကို ဆုံးရှုံးသွားမှာ ဖြစ်ကာ သူတို့တွေ လွယ်လွယ်ကူကူလေးပဲ လက်ထိပ်ခတ်လိုက်နိုင်မည်။
အစီအစဉ်က ပြီးပြည့်စုံသည်။ သို့သော် သူတို့ အထဲပြေးဝင်လာသည့် အချိန်မှာပဲ ပြဿနာ တစ်ခုက ဖြစ်ပေါ်လာခဲ့သည်။
လူသတ်သမားက သတိနှင့် အိပ်စက်နေခဲ့ခြင်းပင်။
သူတို့ အခန်းထဲ ဝင်လာသည်နှင့် လူသတ်သမားက ချက်ချင်း နိုးလာခဲ့သည်။
လက်သီးတစ်ချက်က သူတို့ထဲက လူတစ်ယောက်ကို အမှောက်သိပ်လိုက်နိုင်သည်။
ကျန်သည့် လူနှစ်ယောက်လည်း တစ်ယောက်ပြီး တစ်ယောက် မှောက်သွားခဲ့ကြသည်။
တိုက်ပွဲ တစ်ခုလုံးက အချိန် ငါးစက္ကန့်၊ ခြောက်စက္ကန့်မျှသာ ကြာညောင်းခဲ့သည်။
လီချန်ကျွင်း အံ့အားသင့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ ယခင်က တိုက်ခိုက်ရေး ကျွမ်းကျင်သူများနှင့် ဆုံတွေခဲ့ဖူးသော်လည်း ဤမျှအထိတော့ မဟုတ်ခဲ့ချေ။
လူသတ်သမားက ဓားတစ်လက်ကို ရှာတွေ့သွားခဲ့ပြီး လီချန်ကျွင်းကို ထိုးနှက်လိုက်သည်။ သို့သော် ထိုအချိန် ကံကောင်းထောက်မစွာဖြင့် ငါးယောက်မြောက် အဖွဲ့ဝင်က လျှပ်စစ်ရှော့ခ်ရိုက် သေနတ်ကို အချိန်မီ ပစ်လွှတ်လာသည်။
ယင်းက လီချန်ကျွင်းကို တုံ့ပြန်ရန် အခွင့်အရေး ပေးသွားခဲ့သည်။
လူတစ်ယောက်က မည်မျှ သန်မာနေပါစေ၊ လျှပ်စစ်ရှော့ခ်ရိုက် သေနတ်ဖြင့် အပစ်ခံရပြီးပါက ချက်ချင်း အကြောဆွဲပြီး မှောက်သွားမှာ ဖြစ်၏။
လူသတ်သမားလည်း လျှပ်စစ်ရှော့ခ်ရိုက်ခံလိုက်ရသည်။ သို့သော် စက္ကန့်အနည်းငယ်မျှသာ အကြောဆွဲသွားခဲ့ပြီး …
မကြာမီမှာပဲ ဘာမျှ မဖြစ်ထားသကဲ့သို့ ဆက်ပြီး တိုက်ခိုက်လာခဲ့၏။
သူ့ဓားကို ထပ်မံဝှေ့ယမ်းလာသည်။
ထိုအချိန်မှာပဲ လီချန်ကျွင်း ရင်ဘက်ရှိ ရဲဝတ်စုံနှင့် ကြောင်နက်စတစ်ကာလေးက ရွှေရောင် အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လူသတ်သမားထံသို့ တိုးဝင်သွားခဲ့သည်။
လျှပ်စစ်ရှော့ခ်ရိုက် သေနတ်ကိုပင် မဖြုံသည့် လူသတ်သမားမှာ ထိုအလင်းတန်းနှင့် ထိတွေ့သွားခဲ့သည့် အချိန်၌ ချက်ချင်းပဲ ကြမ်းပြင်သို့ မှောက်သွားခဲ့ရ၏။
ဤသည်ကို အခွင့်ကောင်းယူပြီး လီချန်ကျွင်း ချက်ချင်းပဲ သူ့ကို လက်ထိပ်ခတ်လိုက်သည်။
ထို့နောက် သူ့လူများကို နိုင်လွန်ကြိုးကောင်းကောင်းတစ်ခု ရှာခိုင်းပြီး လူသတ်သမားကို ဖက်ထုပ်ကဲ့သို့ လှုပ်မရအောင် ချည်နှောင်ထားလိုက်၏။
အကယ်၍ ရွှေရောင် အလင်းတန်းသာ ပစ်လွှတ်လာခဲခြင်း မရှိဘူးဆိုပါက လီချန်ကျွင်းသည် ယခုအချိန်လောက်ဆို ခြောက်ပေအခေါင်းထဲ လဲလျောင်းနေရလောက်ချေပြီ။
ထိုနေ့က ကြက်သီးထဖွယ်ကောင်းသည့် အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြပြီးနောက် လီချန်ကျွင်း သူ့ဖုန်းကို ထုတ်ယူလိုက်သည်။
“ ငါ တခြား ဒုကပ္ပတိန် နှစ်ယောက်နဲ့ တိုင်ပင်ပြီးပြီ … ဒီလို ကြောင်နက် စတစ်ကာ တစ်သုတ်ကို ဝယ်ဖို့ စီစဉ်ထားတယ် …”
“ ဒေါက်တာချန် … မင်းငါ့ကို လျှော့ဈေးပေးမယ်မလား ….”
ရွှေရောင် အလင်းတန်းကို အသင်းဝင်တော်တော်များများ မြင်တွေ့သွားခဲ့ပြီးနောက် လူတိုင်းက လီချန်ကျွင်းနောက် လိုက်ကပ်၍ သူတို့လည်း ထိုကဲ့သို့သော အဆောင်တစ်ခုကို ဝယ်ယူလိုကြောင်း ပြောကြသည်။
လီချန်ကျွင်းလည်း သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်၏။ သူ့ ဒုကပ္ပတိန်နှစ်ယောက်နှင့် တိုင်ပင်ဆွေးနွေးပြီးနောက်တွင် ရန်ပုံငွေ တစ်ချို့ကို အသုံးပြုကာ စတစ်ကာ အခုနှစ်ဆယ် ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ကြသည်။
ယင်းကို ကျည်ကာဝတ်စုံအသစ်အဖြစ် မှတ်ယူ၍ရလေသည်။
“ ဈေးနှုန်းက ပြောထားတဲ့အတိုင်း တစ်ခွန်းဈေးပဲ … ညှိနှိုင်းခွင့် မရှိဘူး …..”
ချန်ယွီ့ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားခဲ့သည်။
လူသားများက ဦးနှောက်ကိုဖွင့်ပြီး အလုပ်လုပ်သည်နှင့် …
သူတို့ မစဉ်းစားဝံ့သည့် အရာဆိုတာ မရှိတော့ချေ။