ဘီလီယမ်နာ တစ်ယောက်ရဲ့ နောက်ကြောင်း
Vol. 6 Ch. 55
ဝမ်တဲ့ချွမ် ဘေးရှိ ကျန်းကျန့်ရှစ်ကို နားဝေတိမ်တောင် ဖြစ်စွာ ကြည့်လိုက်သည်။
ချန်ယွီ့က သူ့ အစွမ်းအစကိုတောင် မပြရသေးဘူး ငွေအရင်လာတောင်းနေတယ် …
လမ်းဘေးက လူလိမ်တွေ ၊ ဆရာယောင်တွေတောင် သူ့လောက် အလျင်လိုမယ်မထင်ဘူး …
“ ငါ လုပ်လိုက်မယ် …”
ကျန်းကန့်ရှစ်က သူ့ဖုန်းထုတ်၍ ဝမ်တဲ့ချွမ်ကိုယ်စား ပေးရန် ဟန်ပြင်လိုက်သည်။
ချန်ယွီ့၏ ရည်ရွယ်ချက်များကို နားမလည်သော်ငြား ချန်ယွီ့က ငွေတစ်ခုတည်း သပ်သပ်အတွက် လုပ်နေတာ မဟုတ်ကြောင်းတော့ သူ ၁၀၀ ရာခိုင်နှုန်း သေချာသည်။
“ ကျောင်းအုပ်ကျန်း … ဒီငွေကို ခင်များ ပေးလို့မရဘူး …”
ချန်ယွီ့က သူ့ကျူအာကို လက်တစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။
“ ကျွန်တော့်ရဲ့ ဆေးခန်းကို ရောဂါလာပြတဲ့လူတိုင်း ကာယကံရှင် ဖြစ်သူကိုယ်တိုင်ပဲ ပိုက်ဆံပေးရမယ် … ဒါစည်းမျဉ်းပဲ ….”
“ ဒေါက်တာချန် … မင်း ခြွင်းချက်လေး ထားပေးလို့ မရဘူးလားကွာ ….”
ကျန်းကျန့်ရှစ်က ခါးသီးစွာ ပြုံးပြလာခဲ့သည်။
“ အရာရာတိုင်းမှာ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ် … ကျွန်တော့်ရဲ့ စည်းကမ်းတွေကိုလည်း ချိုးဖောက်လို့မရဘူး …”
ချန်ယွီ့လည်း အကျိုးသင့်၊ အကြောင်းသင့် လိုက်လုပ်ပေးချင်သည်။ သို့သော် သူ့တွင်လည်း ရွေးချယ်စရာက မရှိ။
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာက အင်မတန် ရှင်းလင်းစွာ ဖော်ပြထားခဲ့သည်။
ကုသိုလ်နှင့် ကံကောင်းမှုက မိမိတို့အပိုင်။
ဖြစ်ပေါ်စေသည့် အကြောင်းအရင်းနှင့် အကျိုးတရားကတော့ ကောင်းကင်၏ စီမံမှုဖြစ်သည်။
“ ငါနားလည်ပြီ … ဆိုတော့ အဲ့လို စည်းမျဉ်းရှိနေတာကိုး … ကောင်းပြီလေ … ငါပေးပါ့မယ်….”
ဝမ်တဲ့ချွမ် တဟားဟား ရယ်၍ သူ ဘယ်လောက်ပေးရမလဲ မေးလာသည်။
“ ဒီတိုင်း တိုင်ပင်ဆွေးနွေးရုံပဲ ဆိုရင်တော့ ….” ချန်ယွီ့ အေးအေးလူလူ လေသံဖြင့် “ ယွမ် ငါးထောင်ပဲ ….”
“ တကယ်လို့ ခင်များက ကုသပေးမှုပါ လိုချင်တယ်ဆိုရင်တော့ … နောက်ထပ် ယွမ်ငါးထောင် ပေးခဲ့လိုက် ….”
ဝမ်တဲ့ချွမ်က တစ်ချီတည်း ယွမ် တစ်သောင်း လွှဲပေးလိုက်သည်။
“ ဒေါက်တာချန် … ငါတို့ အခုစလို့ရပြီလား …”
ဝမ်တဲ့ချွမ် ပြုံးလိုက်သည်။
လူမျိုးစုံနှင့် တွေ့ကြုံဖူးသည့် ဝမ်တဲ့ချွမ်သည် ချန်ယွီ့ ပြောသည့် စကားကို မိနစ် အနည်းငယ် နားထောင်ရုံမျှနှင့် …
ချန်ယွီ့က တမူထူးခြားနေတဲ့လူလား … ဒါမှမဟုတ် လူလိမ်တစ်ယောက်လားဆိုတာကို ခွဲခြား သိနိုင်သည်။
“ ဒါပေါ့ ….”
ချန်ယွီ့ ခုံနောက်ရှိ သူ့ခုံသို့ ပြန်သွားလိုက်သည်။
“ တခြား ဘီလီယမ်နာတွေ … ဒါမှမဟုတ် အဲ့ဒီ မိသားစုရဲ့ အဆက်အသွယ်ကို မှီခိုပြီး ချမ်းသာလာတဲ့လူတွေ … “
“ ဒါမှမဟုတ် အရင်းအနှီး အမြောက်အများရှိတဲ့ လူတွေနဲ့ မတူဘဲ …. “
“ ခင်များက ဘာမှမရှိတဲ့ အခြေအနေကနေ ခင်များရဲ့ စီးပွားရေးကို စတင်ခဲ့တဲ့လူပဲ ….”
ဤသည်ကို ကြားတော့ ဝမ်တဲ့ချွမ် များများစားစား မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။
ထိုအရာက လူတိုင်းသိသည့် အချက်အလက်မျှသာ ဖြစ်ပြီး အင်တာနက်သုံးသည့်လူတိုင်း ရှာတွေ့နိုင်သည်။
“ ခင်များက ဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားလာတယ် … ခင်များရဲ့ မွေးရပ်မြေက တောင်ပေါ်ဒေသမှာ… အဲ့က မြေအများစုက စိုက်ပျိုးဖို့ မသင့်လျော်ဘူး …”
“ နှစ်တိုင်း … အဲ့မြေကနေ စိုက်ပျိုးလို့ ရတဲ့ သီးနှံတွေဆိုတာ ခင်များတို့ မိသားစု ဝမ်းဝရုံလောက်ပဲ ရှိတယ် …”
“ အဲ့တာကလွဲပြီး ခင်များတို့မှာ ဘာမှမကျန်ဘူး ….”
“ ခင်များ ငယ်ငယ်လေးတုန်းက မိဘတွေနောက်လိုက်ပြီး တောင်ပေါ်တက် ၊ အသုံးဝင်တဲ့ ဆေးဖက်ဝင် အပင်တွေ ခူးတာကို သင်ယူခဲ့တယ် …”
“ ခင်များ အသက် ၁၃ နှစ်မှာ ခင်များရဲ့ မိဘတွေ ဆေးဖက်ဝင်အပင် ခူးနေတုန်း တောင်ကမ်းပါးစွန်းပေါ်က ပြုတ်ကျပြီး နှစ်ယောက်လုံး ကွယ်လွန်သွားခဲ့တယ် …”
“ ခင်များက အကြီးဆုံးသား … မိသားစုကို ထောက်ပံ့ပေးရမယ်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ခင်များ ပခုံးထမ်းရမယ် ….”
“ ညီငယ်ညီမငယ်လေးတွေနဲ့ အတူ ခင်များ မိဘတွေကို ခက်ခက်ခဲခဲ မြေမြုပ်လိုက်ရတယ် …”
“ အဲ့နောက်မှာ ခင်များ ကျောင်းထွက်ပြီး ဆေးဖက်ဝင် အပင်တွေ လိုက်ခူး ၊ လမ်းဘေးမှာ ရောင်းတယ် …”
“ ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပဲ ခင်များ ဘာမှမရှိတဲ့ အခြေအနေကနေ ဒီနေ့လို ဟန်ကျိုးမြို့ရဲ့ အချမ်းသာဆုံး လူဆယ်ဦး စာရင်းထဲကို ဝင်ရောက်လာနိုင်ခဲ့တယ် …”
ချန်ယွီ့၏ စကားကို ကြားတော့ ဝမ်တဲ့ချွမ် စိတ်ခံစားချက်တို့ ပြင်းထန်သွားခဲ့သည်။
ချန်ယွီ့၏ မှန်ကန်သည့် စကားလုံးများအပေါ် စိတ်ခံစားချက် ပြင်းထန်နေခြင်း မဟုတ်ဘဲ …
ထိုအစား အိပ်မက်ဆန်သည့် သူ့ ဘဝခရီးလမ်းကို ပြန်မြင်ယောင်နေမိသောကြောင့်ပင်။
ယနေ့ထိတိုင် … တစ်ခါတစ်လေဆို သူ ဖြစ်နေသည့် အရာများကို ယုံပင် မယုံနိုင်ချေ။
အသက် ၁၃ နှစ်အရွယ် လူမမယ် ကလေးတစ်ယောက် …
သူ့နောက်တွင် ရှိသည့် ညီငယ်၊ ညီမငယ်လေးများကို လူ့အသိုင်းအဝိုင်းကြီးထဲ ပုဂ္ဂိုလ်ကြီးများ ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ခဲ့ရုံမျှမက သူကိုယ်တိုင်ကလည်း ဘီလီယမ်နာကြီး ဖြစ်လာခဲ့သည်။
ချန်ယွီ့ ပြောခဲ့သည်များက မှန်လားဆိုတော့ … မှန်သည်။
သို့သော် အကုန်လုံးက အသုံးမဝင်သည့် အချက်အလက်များပင်။
နာမည်ကြီးလာခဲ့ပြီးနောက် ဝမ်တဲ့ချွမ် မရေမတွက်နိုင်အောင် အင်တာဗျူးခံခဲ့ရဖူးသည်။
ဟောပြောပွဲ တော်တော်များများတွင် မိန့်ခွန်းပြောခဲ့ဖူးပြီး သူ စိတ်ရှိခဲ့ပါက သူ့ အတိတ်နေ့ရက်များအကြောင်းကို ပြောပြတတ်လေ့ရှိသည်။
တစ်ဖက်တွင် … ၎င်းကို အခြားသူများအား စိတ်ခွန်အား ပေးရန် ရည်ရွယ်ပြီး …
ကျန်တစ်ဖက်တွင်တော့ သူ့လို အောင်မြင်ကြီးပွားဖို့က မလွယ်ကူကြောင်း ပြသလိုခြင်းပင်။
“ ဒါပဲလား ဒေါက်တာချန်…”
ချန်ယွီ့က အစွမ်းအစ ရှိတယ်ဆိုရင်တောင် သူက ထိုမျှ ထူးကဲသာလွန်နေမှာ မဟုတ်ကြောင်းကို ဝမ်တဲ့ချွမ် ယုံကြည်ချက်ရှိသည်။
သူက ကျန်းကျန့်ရှစ် ပြောသလိုမျိုး စွမ်းအားမကြီးတာ ကျိန်းသေသည်။
“ မပြီးသေးဘူး …”
ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ တကယ်လို့ ခင်များ ဘာကြောင့် ဘီလီယမ်နာ ဖြစ်လာလဲဆိုတဲ့ ကိစ္စအကြောင်း ပြောကြမယ်ဆိုရင် အဲ့တာက ခင်များရဲ့ အလုပ်ကြိုးစားမှုနဲ့ နည်းနည်းပါးပါး သက်ဆိုင်တယ် … ဒါပေမယ့် အမှန်အတိုင်း ပြောရရင် အဲ့လောက်ကြီး အဓိပ္ပာယ် ရှိနေတဲ့ အရာလည်း မဟုတ်ပါဘူး ….”
“ ဟင် ….”
ထိုစကားလုံးများ ချန်ယွီ့ နှုတ်က ထွက်လာသည်ကို ကြားတော့ ဝမ်တဲ့ချွမ်၏ မျက်နှာအမူအရာမှာ စိတ်ခံစားချက်တို့ဖြင့် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ဝမ်တဲ့ချွမ်၏ မျက်လုံးတို့က ချန်ယွီ့ထံတွင် စူးစိုက်ကျရောက်နေပြီး မျက်မှောင်နှစ်ခုကလည်း အထူး တင်းကြုတ်နေခဲ့သည်။
“ ခင်များ အသက် ၁၇ လောက်မှာ ကလေး လက်ဖဝါး တစ်ဖက် အရွယ်လောက်ရှိတဲ့ ကြေးဝါ ရုပ်ထုလေး တစ်ခုကို ဆေးဖက်ဝင် အပင်တွေ ရောင်းတဲ့ အိမ်အပြန်လမ်းမှာ ကောက်တွေ့တယ် …”
“ ခင်များ နောက်တစ်နေ့ မြို့ကိုတက်ရင် အဲ့တာကို ကြေးနီပစ္စည်းအနေနဲ့ ရောင်းဖို့ ကြံထားတယ် …”
“ ခင်များ မထင်ထားခဲ့တာ နောက်တစ်နေ့ မြို့တက်ပြီး ဆေးပင်တွေ ရောင်းတော့ ကံကောင်းမှုကြီးက ခင်များခေါင်းပေါ် တည့်တည့် ပြုတ်ကျလာမယ်လို့ပဲ …."
“ အဘိုးကြီး တစ်ယောက်က ခင်များနဲ့ ပွတ်ကာတီကာ တိုက်မိသွားပြီး ရုတ်တရက်ကြီး သတိလစ်သွားခဲ့တယ် ….”
“ လွန်ခဲ့တဲ့ နှစ်လေးဆယ်တုန်းက လူတွေရဲ့ အကျင့်စရိုက်က ရိုးစင်းပြီး ရိုးရိုးသားသား ရှိကြတယ် … ခင်များ နှစ်ခါ မစဉ်းစားဘဲ သူ့ကို လှုပ်နိုးလိုက်တယ် …”
“ နောက်ပိုင်းမှာ အဲ့အဘိုးကြီးက မြို့ထဲ ဆေးဆိုင် အကြီးစားရဲ့ ဆေးဆိုင်ပိုင်ရှင် ဖြစ်နေတာကို ခင်များ သိသွားခဲ့ရတယ် …”
“ ကျေးဇူးတင်ဖို့ ဆိုပြီး အဲ့အဘိုးကြီးက ခင်များကို ယွမ် တစ်သောင်းနဲ့ ခင်များရဲ့ ဆေးပင်တွေကို နောင်ကျ သူ့ဆိုင် တိုက်ရိုက်တင်သွင်းဖို့ ပြောလာခဲ့တယ် ….”
“ အဲ့ဒီ အချိန်ကတည်းကစပြီး ခင်များရဲ့ ဆေးပင်စီးပွားရေးက ကြီးပွားသထက် ကြီးပွားလာခဲ့တာပဲ …”
“ ခင်များ အသက် ၃၀ မရောက်ခင်မှာပဲ ခင်များရဲ့ ပိုင်ဆိုင်မှုက ယွမ် သန်း ၁၀၀ ကျော်နေပြီ …”
“ ခင်များကတော့ ခင်များ ကြီးပွားချမ်းသာလာတာက ကြင်နာတတ်တာကြောင့်ရယ် ၊ ကံကောင်းတာကြောင့်ရယ် ဆိုပြီး ပြောတယ် …”
“ ဒါပေမယ့် တကယ့်အကြောင်းအရင်း အစစ်အမှန်ကိုတော့ ခင်များ သိပါတယ် ဟုတ်တယ်ဟုတ် ….”
ခေတ္တရပ်နားပြီးနောက် ချန်ယွီ့ မေးမြန်းလိုက်သည်။
“ ခင်များ ဆက်ပြီး နားထောင်ချင်သေးလား ….”
ဝမ်တဲ့ချွမ် အံ့အားသင့်သွားခဲ့၏။
အကယ်၍ အစောပိုင်းတုန်းက ဝမ်တဲ့ချွမ်သည် ချန်ယွီ့ကို ဆရာယောင်တစ်ပါးထက် မပိုကြောင်း တွေးတောခဲ့သည်ဆိုပါက ယခုအချိန်တွင် ချန်ယွီ့၏ အစွမ်းအစများကို သူ လုံးဝ လုံးဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းကျန့်ရှစ်မှာ ဝမ်တဲ့ချွမ်ကို ရှော့ခ်ရစွာ ကြည့်လိုက်မိသည်။
ဝမ်တဲ့ချွမ်ရဲ့ နောက်ကြောင်းက လူသိများပြီး သူ့ အတ္ထုပတ္တိစာအုပ်သည်ပင် ရောင်းအား အကောင်းဆုံး စာအုပ်စာရင်းထဲ ဝင်ရောက်နိုင်ခဲ့သေးသည်။
ခက်ခဲကြမ်းတမ်းတဲ့ တောင်ပေါ်ဒေသမှာ မွေးဖွားလာခဲ့တဲ့ ကလေးတစ်ယောက်၊ သူ့အသက် ၁၃ နှစ်မှာ ကျောင်းထွက်ပြီး မိသားစုကို ရှာကျွေးခဲ့ရတယ်…
သူ့ညီငယ် ၊ ညီမငယ်လေးတွေကို ပြုစုရပြီး တောင်ပေါ်တက် ဆေးပင်တွေ ခူးဖို့လည်း လုပ်ရသေးတယ် …
သူ့ရဲ့ အလုပ်ကြိုးစားမှု၊ ကံ ဉာဏ် ဝီရိယကို အားကိုးပြီး နောင်ဆုံးမှာ ဘီလီယမ်နာကြီး တစ်ဦးဖြစ်လာတယ် …
ဒါပေမယ့် သူ့ရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ တစ်ခုခု ရှိနေဦးမယ်ဆိုတာကို မည်သူမှ ထင်မှတ်မထားခဲ့ကြ။
ဝမ်တဲ့ချွမ်က ကြေးဝါရုပ်ထုလေး ကောက်ရပြီးတဲ့ ဒုတိယ နေ့မှာပဲ သူ့ ကံကြမ္မာက ပြောင်းလဲသွားခဲ့တယ် …
ဆိုတော့ … ဒါပေါ့ … သူ ကြီးပွား ချမ်းသာလာရတဲ့ အကြောင်းအရင်းက အဲ့တာနဲ့လည်း တစ်နည်းနည်း ဆက်စပ်နေတယ်လေ …..
“ မင်း ဘယ်လိုလုပ်ပြီးသိတာလဲ … “
အချိန်အတော်ကြာအောင် ချုပ်တည်းထားပြီးနောက်တွင် ချန်ယွီ့ ထို ကြေးဝါရုပ်တုလေး အကြောင်း ဘယ်လိုသိသလဲဆိုတာကို သိချင်သွားခဲ့၏။
“ ဒါပေါ့ … သိပ္ပံနည်းကျ ရောဂါဆန်းစစ်မှုနဲ့ ကုသမှုတွေကနေလေ ….”
ချန်ယွီ့၏ အပြုံးက ပျောက်ကွယ်မသွားခဲ့ချေ။
“ အဲ့ဒီ ကြေးဝါ ရုပ်ထုက ခင်များဘဝမှာ ခင်များအတွက် အတိုင်းအတာတစ်ခုလောက်အထိကို အရေးပါတယ် …."
“ စစချင်းတုန်းကတော့ ကြေးဝါရုပ်ထုက ခင်များ ချမ်းသာလာရတဲ့ အကြောင်းအရင်းဆိုတာကို ခင်များ မယုံကြည်ခဲ့ဘူး ….”
“ ဒါပေမယ့် အဲ့ဒီ တစ်ညအထိပဲ … အဲ့တစ်ညမှာ ခင်များ ရွှေရောင် အလင်းတန်းတွေနဲ့ တဖိတ်ဖိတ်တောက်ပနေတဲ့ နတ်ဘုရား ငါးပါးကို ခင်များ အိပ်မက်မက်တယ် …”
“ နတ်ဘုရား ငါးပါးက လေထဲမှာ တန့်နေပြီး ခင်များကို လေးနက်တဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေခဲ့တယ် ….”
“ အဲ့ဒီ နတ်ဘုရားငါးပါးရဲ့ ပုံရိပ်က ကြေးဝါရုပ်ထုမှာ ထွင်းထုထားတဲ့ ပန်းပုရုပ်ပုံတွေနဲ့ တူနေတာကို သတိသွားရတော့ ခင်များ ရုတ်တရက်ကြီး အိပ်ရာကနေ နိုးလာခဲ့တယ် ….”
“ အဲ့ဒီ အချိန်ကစပြီး ခင်များ နတ်ဘုရားငါးပါးနဲ့ ကြေးဝါပန်းပုရုပ်ကို ခင်များရဲ့ အသက်တစ်ချောင်းလိုမျိုး တန်ဖိုးထားတော့တာပဲ …”
“ ခင်များ အဲ့ရုပ်ထုကို တိတ်တိတ်လေး ကိုးကွယ်ဝတ်ပြုပြီး ခင်များရဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ကြီးပွားလာတယ် …”
“ တခြားလူတွေ ခင်များ ကြီးပွားလာတဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး ခင်များဆီက လုယူသွားမှာကို ကြောက်တဲ့အတွက် ဒီကိစ္စကို ခင်များ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး …”
“ ခင်များရဲ့ ညီ၊ညီမတွေ … ပြီးတော့ ခင်များရဲ့ ဇနီးသည် အပါအဝင်ပေါ့ …”
ဝမ်တဲ့ချွမ် ဒယီးဒယိုင် နောက်ဆုတ်မိသွားခဲ့ပြီး သူ့အကြည့်များထဲ ရှော့ခ်ရမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
အဲ့တာက သူ့ရဲ့ လျှို့ဝှက်ချက်၊ သူ ဆယ်စုနှစ်ပေါင်းများစွာ သိမ်းဆည်းလာခဲ့တဲ့ သူ့ရဲ့ လျှို့ဝှက်ချက်လေ …
ဒါကို ချန်ယွီ့က ချက်ချင်းပဲ ထုတ်ပြောသွားတယ် ...
ချန်ယွီ့မှာ သူ့နှလုံးထဲ ထွင်းဖောက်ကြည့်နိုင်တဲ့ အိပ်စ်ရေး အမြင် ရှိနေတာလား … ဒါမှမဟုတ် အတိတ်နဲ့အနာဂတ်ကို ခန့်မှန်းနေနိုင်တာလား …
“ ကံဆိုးချင်တော့ ထာဝရ ပွင့်လန်းနိုင်တဲ့ ပန်းတွေဆိုတာ မရှိဘူး …”
“ ဒီခုနှစ်ပိုင်းမှာ ခင်များရဲ့ စီးပွားရေး လုပ်ငန်းတွေ စပြီး အကျဘက်ကို ရောက်လာတယ် …”
“ ခင်များ အဲ့ကြေးရုပ်ထုကို နေ့တိုင်းနေ့ ကိုးကွယ်၊ ပူဇော်ပစ္စည်းတွေနဲ့ ဝတ်ပြု နေတာတောင် ခင်များရဲ့ စီးပွားရေးက နည်းနည်းလေးမှတောင် ကောင်းမွန်မလာခဲ့ဘူး …”
“ ကူကယ်ရာမဲ့တဲ့ အဆုံး ခင်များ မာစတာတွေ ၊ ဘုန်းကြီးတွေ ဖိတ်ခေါ်ပြီး ခင်များရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ကူညီပေးခိုင်းတော့တာပဲ …”
“ သူတို့ ကျေးဇူးနဲ့ ခင်များရဲ့ စီးပွားရေး အခက်အခဲတွေ နည်းနည်းပါးပါးတော့ သက်သာသွားပါရဲ့ … ဒါပေမယ့် အများကြီး မဟုတ်ဘူး …”
ထိုစကား ကြားပြီးသည့်နောက် ဝမ်တဲ့ချွမ် ချက်ချင်းပဲ မြေပေါ်သို့ ဒူးထောက်ချသွားခဲ့သည်။
“ မာစတာ … ကျေးဇူးပြုပြီး ငါ့ကို ညွှန်ပြပေးပါဦး …”