ဟိတ်ဟန်များတဲ့ ထင်ယောင်ထင်မှား စိတ်ကစဉ့်ကလျား ဝေဒနာ
Vol. 6 Ch. 56
ကြမ်းပြင်တွင် ဒူးထောက်နေသည့် ဝမ်တဲ့ချွမ်ကိုကြည့်ပြီး ချန်ယွီ့ မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ဆိုလိုက်၏။
“ ဒီမှာ မာစတာ မရှိဘူး …”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့သည် ဝမ်တဲ့ချွမ်ကို ကူမပေးရန် ကျန်းကျန့်ရှစ်ကို အချက်ပြလိုက်၏။ ထင်မှတ်မထားစွာဖြင့် ဝမ်တဲ့ချွမ်က ကျန်းကျန့်ရှစ်၏ လက်ကို တွန်းထုတ်ကာ ရိုသေလေးစားမှုအပြည့်ဖြင့် ပြောလာသည်။
“ မာစတာ ပြောတာမှန်ပါတယ် …..”
“ ငါကြီးပွားချမ်းသာလာခဲ့တယ်ဆိုတာ ကြေးဝါရုပ်ထုရဲ့ အကူအညီကြောင့်ပါပဲ …. “
“ အလုပ်ကြိုးစားတာတွေနဲ့ မဆိုင်ပါဘူး ….”
“ ဒီကိစ္စကို မိသားစုတောင် ပြောခဲ့တာ မဟုတ်ဘူး….”
“ ငါ့နောက်ကြောင်းကို ဒီလောက်ထိ ရှင်းရှင်းလင်းလင်း သိနေဖို့ဆို မင်းက မာစတာ မဟုတ်ရင် ဘယ်သူလဲ …”
အောင်မြင်သည့် စီးပွားရေးသမားတိုင်းတွင် သံသယများတတ်သည့် အကျင့်သဘာ၀တို့ ရှိကြသည်။
ဝမ်တဲ့ချွမ်လည်း ခြွင်းချက် မရှိပါချေ။
သို့သော် … သူ့နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်ကို ဤလူငယ်လေးက ဖောက်ထွင်းမြင်နိုင်နေသည့် အချက်နှင့်ပင် ချန်ယွီ့၏ အစွမ်းအစ မည်သို့မည်မျှ ရှိသည်ကို သက်သေပြပြီးသား ဖြစ်သည်။
ထို့ပြင် ဝမ်တဲ့ချွမ်၏ စီးပွားရေး လုပ်ငန်းများကလည်း လဲပြိုကျလုနီးပါး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သည်။
အပေါ်ယံတွင် အရာအားလုံးက အဆင်ပြေနေဟန် ရသော်လည်းပဲ ကပ်ဘေးက အခေါင်းထဲဝင်ဖို့ လက်မတင်လေးမျှသာ လိုတော့သည်။
လဲပြိုကျသွားသည်နှင့် သူ့အင်ပါယာကြီးတစ်ခုလုံး ချက်ချင်း ဖျက်စီးခံလိုက်ရပေမည်။ ဒူးထောက်ချလိုက်သည်က ချန်ယွီ့အပေါ် လေးစားမှုကို ပြသရုံမျှမကဘဲ သရုပ်ဆောင်လိုသည့် ရည်ရွယ်ချက်လည်း ပါသည်။
သူ့ကိုယ်သူ သနားစရာ ကောင်းအောင်၊ တစ်ဖက်လူက ကယ်တင်ပေးချင်စိတ် ရှိလာအောင် ကိုယ့်ကိုယ်ကို သရုပ်ဆောင်၍ သူလက်ရှိ ရင်ဆိုင်နေရသည့် ကပ်ဘေးကို ချန်ယွီ့ ကြားဝင်ကယ်တင်ပေးဖို့ရာ မျှော်လင့်နေမိသည်။
“ ဒီရဲ့ လူနာ … ခင်များရဲ့ ရောဂါကြောင့် ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို ကျွန်တော် နားလည်တယ် ….”
“ ဒါပေမယ့် ခင်များ ခဏကြာလို့မှ မထဘူးဆိုရင် ခင်များကို ဒီက မောင်းထုတ်ခိုင်းဖို့ပဲ တတ်နိုင်လိမ့်မယ် ….”
ချန်ယွီ့ ခိုင်မာသည့် အမူအရာဖြင့် သူ၏ စကားကို နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
ဤနေရာက စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးခန်းဖြစ်သည်။ ဤနေရာတွင် မာစတာ မရှိ။
ချန်ယွီ့က စိတ်ကျန်းမာရေး ဆရာဝန်ဖြစ်ပြီး သူပြောသမျှ အရာအားလုံးက သိပ္ပံနည်းကျ လေ့လာဆန်းစစ်ထားသည့် အရာများပင်။ ဆန်းကြယ်သည့်၊ ဂမ္ဘီရဆန်သည့် အရာမျိုး ဤနေရာတွင် မရှိပေ။
“ ဒါက …..”
ဝမ်တဲ့ချွမ်သည် ချန်ယွီ့ကို ဇဝေဇဝါ ဖြစ်သည့် အမူအရာဖြင့် ကြည့်လိုက်မိ၏။
ဒီခုလို အချိန်မျိုးမှာတောင် ဒေါက်တာချန်က ဘာလို့ ဟန်ဆောင်နေသေးတာလဲ …
စိတ်ကျန်းမာရေး ဆရာဝန်က တကယ်ပဲ အတိတ်နဲ့ အနာဂတ်ကို ခန့်မှန်းနိုင်နေလို့လား ….
ကြေးဝါရုပ်ထုရဲ့ တည်ရှိမှုကို သူ ဘယ်လိုမျိုး သိသွားခဲ့တာ ဖြစ်မလဲ ….
အခြားတစ်ဖက်ရှိ ကျန်းကျန့်ရှစ်ကတော့ ချန်ယွီ့၏ ရည်ရွယ်ချက်များကို အနည်းနှင့် အများ နားလည်သည်။ သူ့အဖေ တစ်ခါက ပြောဖူးသည့်စကားကို ရုတ်တရက် အမှတ်ရသွားခဲ့၏။ သူ ပြောသည်က --- ဒေါက်တာချန်ဆိုသည်မှာ ထူးချွန်သည့် မာစတာတစ်ပါးပင်။
သို့သော် အကြောင်းအရင်း တစ်ချို့ကြောင့် သူ၏ စစ်မှန်သည့် အထောက်အထားကို ထုတ်ဖော်ပြ၍ မရ။ ထို့ကြောင့် သူ့ကိုယ်သူ စိတ်ကျန်းမာရေး ဆရာဝန်အဖြစ် ဟန်ဆောင်ရင်း လူအုပ်ကြီးထဲ ရောနှောနေထိုင်နေခြင်းဖြစ်၏။
ကျန်းကျန့်ရှစ် ချက်ချင်းပဲ အနားသို့ တိုးကပ်လာခဲ့ကာ စကားလုံး အနည်းငယ်ကို ဝမ်တဲ့ချွမ်၏ နားထဲသို့ တီးတိုးပြောလိုက်သည်။
ဝမ်တဲ့ချွမ် အံ့အားသင့်သွားခဲ့သည်။ ထို့နောက်တွင်တော့ သူ ထပ်ခါတလဲလဲ ခေါင်းညိတ်လာခဲ့ပြီး ချက်ချင်းပဲ ကြမ်းပြင်ပေါ်က ထလိုက်၏။
“ ငါ တောင်းပန်ပါတယ် ဒေါက်တာချန် … စောနတုန်းက အတော်လေး စိတ်လှုပ်ရှားသွားခဲ့လို့ မင်းကို မာစတာလို့ အထင်မှားသွားခဲ့တယ် ….”
“ မင်းငါ့ကို စိတ်မကွက်သရွေ့ ငါ ဘာမဆို လုပ်ပေးနိုင်ပါတယ် ….”
“ ရပါတယ် … ကျေးဇူးပြုပြီး ထိုင်ပါ …”
ချန်ယွီ့ ဖိတ်မန္တကပြုသည့် လက်ဟန်ပြလိုက်သည်။
ဝမ်တဲ့ချွမ် သူ၏ သဘောထား အမူအရာကို လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီး ထိုင်ခုံသို့ နာနာခံခံနှင့် ထိုင်ချလိုက်၏။
သူ၏ မျက်နှာအမူအရာကလည်း ပရော်ဖက်ဆာတစ်ယောက်၏ လက်ချာကို နားထောင်နေသည့် ကျောင်းသားတစ်ယောက်နှယ် ရိုးသားဖြူစင်နေသည်။
ချန်ယွီ့ လည်ချောင်းစိုစေရန်အတွက် သူ့ကိုယ်သူ ရေတစ်ခွက်ငှဲ့လိုက်သည်။
“ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ပြည်တွင်းထဲမှာရှိတဲ့ ခင်များရဲ့ ဖောက်သည်တွေကို တစ်စုံတစ်ယောက်က ဖြားယောင်းသိမ်းသွင်းသွားခဲ့တယ် …”
“ ဒါပေမယ့် အဲ့ဒီ ဆုံးရှုံးသွားတဲ့ကတ်စတန်မာတွေက ခင်များအတွက် ကြီးကြီးမားမား ပြဿနာ မဟုတ်ဘူး… ခင်များ စီးပွားရေးရဲ့ အဓိက မဏ္ဍိုင်ကို ယိမ်းယိုင်စေလောက်တဲ့အထိ မဟုတ်သေးဘူး …”
“ ဒါပေမယ့် ဒီနှစ်ထဲမှာ ခင်များရဲ့ နိုင်ငံခြားက ဖောက်သည်တွေကလည်း ခင်များနဲ့ သူတို့ရဲ့ စာချုပ်တွေကို ရပ်တန့်ချင်နေကြတယ် ဟုတ်တယ်ဟုတ် ….”
“ အမှန်ပါပဲ ….”
ဝမ်တဲ့ချွမ် မသိစိတ်အလျောက် မတ်တပ်ရပ်ချင်သွားခဲ့သည်။ သို့သော် ချန်ယွီ့က ကြိုတင်ပြီး လက်ကာပြလာသည်။
“ စကားကို ထိုင်ပြီးပြောပါ … ခင်များရဲ့ စိတ်အခြေအနေအတွက် မကောင်းဘဲ နေမယ် …”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ….”
ဝမ်တဲ့ချွမ် ရိုသေလေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။
“ ဒီနှစ် အစပိုင်းကတည်းက နိုင်ငံခြားဆီ ထောက်ပံ့ပေးနေတဲ့ ဖောက်သည်တွေရဲ့ ဆေးပင် အရည်အသွေးမှာ ပြဿနာတွေ တက်နေတယ် ….”
ဝမ်တဲ့ချွမ် နှုတ်ဖွင့်ဟ၍ သူရင်ဆိုင်နေရသည့် အကြီးမားဆုံး ကပ်ဘေးကြီးအကြောင်းကို ဖွင့်ပြောလာခဲ့သည်။
ကြေးဝါရုပ်ထု၏ အကူအညီဖြင့် ဝမ်တဲ့ချွမ်၏ ဆေးပင်စီးပွားရေးမှာ ခြွင်းချက်မဲ့ အင်မတန် ကောင်းမွန်နေခဲ့၏။
သူ့စီးပွားရေး လုပ်ငန်းတွေ ကျယ်ပြန့်လာသည်နှင့်အမျှ ဝမ်တဲ့ချွမ်၏ ရည်မှန်းချက်ကလည်း တဖြည်းဖြည်း ကြီးမားလာသည်။
သူ့စီးပွားရေး လုပ်ငန်းများကို နိုင်ငံအထဲတွင်သာမက ပြည်ပအထိပါ ဖြန့်ကျက်ချင်လာသည်။
မယုံကြည်နိုင်စရာကောင်းသည့် ကံတရား၏ ဖေးမမှုဖြင့် ဝမ်တဲ့ချွမ်သည် တစ်နှစ်အတွင်းမှာပဲ မဟာမိတ် ငါးနိုင်ငံထဲတွင် ဆေးပင်ရောင်းချခွင့် ရရှိခဲ့သည်။
ထိုသို့သော ကောင်းမွန်သည့် ကံတရားက ထာဝရ တည်မြဲနေခဲ့လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အခြေအနေက ဤမျှလျင်မြန်စွာ လဲပြိုလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ချန်ယွီ့ ပြောခဲ့သည့်အတိုင်း …
လွန်ခဲ့တဲ့ သုံးနှစ်တုန်းကစပြီး ဖောက်သည်များကို တဖြည်းဖြည်းချင်း ဆုံးရှုံးနေရသည်။
ဤနှစ် ဇန်နဝါရီတွင် နိုင်ငံခြားသို့ တင်ပို့သည့် ဆေးပင် တစ်သုတ်၏ အရည်အသွေးကလည်း ပြဿနာ ရှိနေကြောင်းကို ရှာတွေ့ခဲ့သည်။
အကောက်ခွန် စည်းကြပ်ဌာနက ကုန်ပစ္စည်း မြောက်များစွာကို ဖျက်စီးခဲ့ပြီး သူကိုယ်တိုင်ကလည်း ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးခဲ့ရ၏။ ထို့ကြောင့် ဆေးပင်များ၏ အရည်အသွေးကို သူကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ပြီး တင်သွင်းပါသော်လည်း အကောက်ခွန်ဌာနက အရည်အချင်း မပြည့်မီသည့် ဆေးပင်များကိုသာ တင်သွင်းနေသည်ဟု ဆုံးဖြတ်နေဆဲပင်။
ဤသို့ ဖြစ်နေသည်မှာ နှစ်ကြိမ်သုံးကြိမ် မကတော့ဘဲ ဖျက်စီးခံလိုက်ရသည့် ဆေးပင်တန်ဖိုးကို မဆိုထားနှင့်။ ဒဏ်ကြေးတပ်ခံရသည့် ငွေပမာဏ တစ်ခုတည်းကပင် ယွမ် တစ်ဘီလီယမ် ကျော်လွန်နေချေပြီ။
ဖောက်သည်များထံသို့ အချိန်မီ လျော်ကြေးပေးရမည့်ငွေများလည်း မပေးနိုင်တော့ချေ။
“ ငါ … ဝမ်တဲ့ချွမ် … ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုဝံ့တယ် … နှစ်အစ ပထမတစ်သုတ်ကတည်းကစပြီး နောက်ဆက်တွဲ ပို့တဲ့ ဆေးပင် အသုတ်တိုင်းကို ငါကိုယ်တိုင် ကြီးကြပ်ပြီးမှ တင်ပို့ခဲ့တာ …”
ဝမ်တဲ့ချွမ် ပြောလေလေ ၊ သူ ပိုပြီး စိတ်ဖိစီးလာလေလေပင်။
အကယ်၍ ဤသို့သော အခြေအနေက တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ်လောက် ဖြစ်သည်ဆိုပါက လျစ်လျူရှု၍ ရသည်။
သို့သော် အကြိမ်တိုင်း ဖြစ်နေသည်ကတော့ မဖြစ်နိုင်တော့ချေ။
သူတို့ ကော်ပိုရေးရှင်းနှင့် နှစ်ပေါင်းများစွာ ဖောက်သည်ဖြစ်လာသည့် အချက်ကို ရှေးရှု၍ နိုင်ငံခြားဖောက်သည်များက ထိုအချက်ကို လူသိရှင်ကြား ကြေညာမနေတော့။
သို့သော် အချိန်အကြာကြီး ဆွဲလို့တော့ မဖြစ်။ အကယ်၍ သူသာ တင်ပို့ပေးသည့် အရည်အသွေးကို ပြန်လည် အစားထိုးမပေးနိုင်ဘူးဆိုပါက ဝမ်တဲ့ချွမ်သည် သူ၏ နိုင်ငံခြား ဈေးကွက်ကို ဆုံးရှုံးရုံမျှမက ဤ အတင်းအဖျင်း သတင်းကလည်း လူသိရှင်ကြား ဖြစ်သွားပေလိမ့်မည်။
“ အတော် ထူးဆန်းတာပဲ ..”
“ လူကြီးမင်းဝမ်ကို တစ်ယောက်ယောက်က တမင် အခက်တွေ့အောင် လုပ်နေတာများလား …” ကျန်းကျန့်ရှစ် ဝင်ပြောလိုက်သည်။
“ ငါလည်း အဲ့အချက်ကို မတွေးမိဘဲ ဘယ်နေလိမ့်မှာ …”
ဝမ်တဲ့ချွမ် ဝမ်းနည်းသည့် မျက်နှာထားလေးဖြင့် ခွန်းတုံ့ပြန်လာခဲ့ပြီး “ ဒီနောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေလား သိရအောင် ငါ့ရဲ့ လူယုံ ၊ အရည်အသွေး စုံစမ်းစစ်ဆေးရေး ဌာနရဲ့ လက်ထောက် ဒါရိုက်တာကို စစ်ဆေးဖို့ တိတ်တိတ်လေး လွှတ်လိုက်တယ် …”
“ စစ်ဆေးမှု ရလဒ်တွေ အကုန်လုံးက ပုံမှန်ပဲ …”
“ ဆေးပင်တွေရဲ့ အရည်အသွေးက ကောင်းတယ် … ဒါပေမယ့် နိုင်ငံခြား ရောက်တာနဲ့ အကုန် ပြောင်းလဲ ကုန်တော့တာပဲ …”
“ သူကတော့ ဒီကိစ္စ နောက်ကွယ်မှာ နိုင်ငံခြား ဖောက်သည်တွေ ရှိနေတယ်ပြောတာပဲ … ဒါပေမယ့် ငါကတော့ မထင်ဘူး …”
သူ၏ ဖောက်သည်များ အားလုံးက နယ်ပယ် အသီးသီးတွင် ကြွယ်ဝပြီး ဩဇာအာဏာ ကြီးမားကြသည့်လူများပင်။
သူ၏ ကုန်ပစ္စည်းများကို အဖျက်အမှောင့် လုပ်လိုသည်ဆိုပါက နိုင်ငံတိုင်းရှိ အကောက်ခွန် ဌာနများကို လာဘ်ထိုးနိုင်မှာတော့ မဟုတ်ချေ။
“ အဲ့တာလည်း ဟုတ်တယ် …”
ပြဿနာကိုက အကောက်ခွန် ဌာနက တွေ့ရှိတာ ဖြစ်ပြီး သူ၏ ကိုယ်ပိုင် ဖောက်သည်များ မဟုတ်ချေ။ ထို့ကြောင့်လည်း ချန်ယွီ့ထံသို့ သူရောက်လာခဲ့ရခြင်း ဖြစ်၏။
“ ဒေါက်တာချန် … ငါ့အခြေအနေကတော့ ဒါပါပဲ …”
“ ငါ့လို စီးပွားရေး လုပ်ငန်းကြီးသမားတွေက ပုံမှန်ဆို အသေးလေးတွေထက် ပိုပြီး ဂရုစိုက်ရတယ် …”
“ ငါတို့ရဲ့ ဂုဏ်သတင်း တစ်ခါ ပျက်စီးသွားပြီးဆိုတာနဲ့ အကုန်သွားတာပဲ ….”
ကုမ္ပဏီ၏ အရွယ်အစား ကြီးမားလေလေ၊ အများပြည်သူ၏ ဖိအားကို ကြောက်ရွံ့ကြလေလေပင်။
မကောင်းသည့် အမြင်က သူတို့ဘရန်း၏ ဂုဏ်သတင်းကို ထိခိုက်စေရုံမျှမက ကုမ္ပဏီ၏ စတော့ဈေးနှုန်းများအပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်သည်။
သူတို့၏ ကုမ္ပဏီ စတော့ဈေးနှုန်းများ လှုပ်ခါခံရပြီ ဆိုတာနှင့် သူတို့၏ ဈေးကွက်တန်ဖိုးသည်လည်း မျက်တောင် တစ်ခတ်အတွင်း၌ အဖတ်မကျန်အောင် အဆုံးထိ ထိုးကျသွားပေလိမ့်မည်။
ယွမ် ဘီလီယမ် ဆယ်ချီသည့် ကုမ္ပဏီကြီးသည့် ခေတ္တခဏအတွင်း ပြိုလဲ ပျက်စီးသွားမှာဖြစ်၏။
ချန်ယွီ့ သူ့လက်များကို ပေါင်ပေါ်သို့ တင်ထားလိုက်ပြီး တည်ငြိမ်စွာ ခွန်းတုံ့ပြန်လိုက်သည်။ “ ခင်များရဲ့ အခြေအနေအကြောင်းကို ကျွန်တော် နားလည်ထားပြီးပြီ …”
“ ခင်များက အင်မတန် လေးနက်ပြင်းထန်လွန်းတဲ့ ဟိတ်ဟန်များတဲ့ ထင်ယောင်ထင်မှား စိတ်ကစဉ့်ကလျား ဝေဒနာကို ခံစားနေရသူပဲ …”
“ ဟိတ်ဟန်များတဲ့ ထင်ယောင်ထင်မှား စိတ်ကစဉ့်ကလျား ရောဂါ ဟုတ်လား ….”
ဝမ်တဲ့ချွမ် ကြက်သေသေသွားခဲ့သည်။
သူ့ စီးပွားရေးက ထိခိုက်နေတယ် … သူ့ကံကလည်း နိမ့်နေတယ် …
ထင်ယောင်ထင်မှား ဖြစ်တာနဲ့ ဘာဆိုင်လို့ ….
“ ဒေါက်တာချန် … ငါ ဘာထင်ယောင်ထင်မှား ဖြစ်တာမှ မရှိဘူး ….”
ဝမ်တဲ့ချွမ် ယခုတလော အတော်လေး စိတ်ဆတ်လွယ်ပြီး စိတ်အခြေအနေကလည်း အောက်ဆုံး၌ ရှိနေခဲ့သည်။ သို့သော်လည်းပဲ ယင်းက ထင်ယောင်ထင်မှား ဖြစ်သည်နှင့် လားလားမျှ မသက်ဆိုင်ချေ။
“ မဟုတ်ဘူး ခင်များ ဖြစ်တယ် …”
ချန်ယွီ့ သိမ်မွေ့နက်နဲသည့် အပြုံးတစ်ခုကို မျက်နှာထက် ဆင်မြန်းထားရင်း ပြောလိုက်သည်။
“ ခင်များရဲ့ အကျင့်စရိုက်က တစ်ချိန်က ဖြူစင်ပြီး ကြင်နာခဲ့ဖူးတယ် … ခင်များရဲ့ ညီငယ် ၊ ညီမငယ်လေးတွေနဲ့ ခင်များရဲ့ ဇနီးမယားကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ် …”
“ ဒါပေမယ့်လည်း တစ်သမှတ်တည်း ရှိတဲ့ လူ့စိတ်ဆိုတာ ဘယ်လိုရှိမှာ …. ရုတ်တရက်ဆိုသလို ခင်များရဲ့ အကျင့်စရိုက်က လုံးဝ ပြောင်းလဲသွားခဲ့တယ် …”
“ ခင်များရဲ့ ဆွေမျိုးတွေကို ဆက်ဆံတဲ့ ခင်များရဲ့ ပုံစံတွေက စရိုက်ဆန်လာတယ် … အလုပ်ခွင်မှာဆိုလည်း ခင်များရဲ့ ဆုံးဖြတ်ချက်တွေကို ကန့်ကွက်တဲ့ လက်အောက်ငယ်သားတွေကို သည်းမခံနိုင် ဖြစ်လာတယ် …”
“ ခင်များရဲ့ လက်အောက်ငယ်သားတွေက သူတို့ရဲ့ စိတ်ကူး အကြံဉာဏ်တွေကို တင်ပြဖို့ ကြိုးစားလာရင်တောင် ခင်များရဲ့ ဒေါသတကြီး တုံ့ပြန်မှုနဲ့ပဲ အမြဲကြုံရတယ်….”
“ နိုင်ငံခြားအထိ ဖြန့်ကျက်တာက အန္တရာယ်များမှန်း ခင်များလည်း မသိမဟုတ် သိတယ် …”
“ ဒါပေမယ့် ဖော်ပြလို့ မရတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်က နိုင်ငံခြား ဈေးကွက်အထိ ဖြန့်ကျက်လိုအောင် ခင်များကို တွန်းအားပေးနေတယ် …”
“ ဒီရဲ့ စိတ်ခံစားချက် အပြောင်းအလဲတွေ အကုန်လုံးက ခင်များ ကြေးဝါရုပ်တုကို ရရှိပြီးနောက်ပိုင်းမှ ဖြစ်လာတာပဲ …”