ကိုယ့်ယောက်ျားကိုယ် နောက်ကျော ဓားနဲ့ထိုးခြင်း
Vol. 6 Ch. 57
ဝမ်တဲ့ချွမ် နေရာ၌ မလှုပ်မယှက် အေးခဲသွားခဲ့သည်။
အတိတ်မှတ်ဉာဏ်များက သူ့ဦးနှောက်ထဲ ပုံရိပ်ကားချပ်သဖွယ် ပြန်ပြီး မြင်ယောင်လာသည်။
သူသည် ကနေဦးတုန်းက ရည်မှန်းချက် ကြီးမားသည့် လူတစ်ယောက် မဟုတ်ခဲ့။ သူချစ်ရတဲ့ ဆွေမျိုးသားချင်းတွေ ချမ်းချမ်းသာသာနဲ့ သက်တောင့်သက်သာ နေထိုင်စေချင်ရုံလောက်ပင်။ ထို့ကြောင့်လည်း စီးပွားရေး စလုပ်ခဲ့တာ ဖြစ်သည်။
သို့သော် တစ်ချို့သော အကြောင်းအရင်းတို့ကြောင့် ထိန်းချုပ်မရသည့် ရည်မှန်းချက်တို့က သူ လုံလောက်ပြီဟု ခံစားရသည့်အချိန်တိုင်း အမြဲတစေ ဖြစ်ပေါ်လာသည်။
သူ၏ ညီငယ်၊ ညီမငယ်များ၊ သူ့ဇနီးနှင့် သူ့မိတ်ဆွေ အပေါင်းအသင်းများအပေါ် သူ၏ ဆက်ဆံပုံက အေးတိအေးစက် ဆန်လာခဲ့သည်။
အမြင်မကြည် ဖြစ်လာခဲ့သည်။
စကားတွေ ရုန့်ရင်းကြမ်းတမ်းလာခဲ့သည်။
သို့ပေမယ့် သူ ၎င်းတို့ကို ထိုသို့ ပြုလုပ်မိပြီးသည့်အချိန်တိုင်း စိတ်ထဲ နောင်တရလာသည်။
သူ ပြန်ပြီး တောင်းပန်ပါသော်လည်း များမကြာမီ သူ၏ နဂို မောက်မာပြီး မထေ့မဲ့မြင်ပြုသည့် အကျင့်စရိုက်သို့ ပြန်ပြောင်းသွားခဲ့သည်။
နှစ်ပေါင်းများစွာ ကြာလာပြီးနောက် သူ့ကို တစ်ချိန်က ချစ်မြတ်နိုးခဲ့သည့်၊ လေးစားခဲ့သည့်၊ အားကိုးခဲ့သည့် ညီ၊ညီမများအားလုံး သူ့ဘေးနားကနေ ထွက်ခွာသွားခဲ့ကြသည်။
သူ၏ ထူးဆန်းသည့် အကျင့်စရိုက်ကို ဝမ်တဲ့ချွမ် နေသားကျလာခဲ့ပြီး ပြောင်းလဲဖို့ကို တစ်ကြိမ်တစ်ခါလေးမှ စိတ်မကူးမိခဲ့။
အောင်မြင်သူတိုင်းက သာမန်လူတို့ နားမလည်နိုင်သည့် ဆုံးဖြတ်ချက် ချမှတ်မှုများ၊ အာဏာပါဝါရှိသည့် စတိုင်ပုံစံနှင့် လမ်းကြောင်းကို လျှောက်လှမ်းရမည်ဟု သူ့စိတ်ထဲ မှတ်ယူထားသည်။
သို့ပေမယ့် … ထိုအရာက အမှန်တကယ် မှန်ကန်၏လော။
“ ငါ တကယ်ပဲ ရောဂါရှိနေတာလား ….”
ဝမ်တဲ့ချွမ် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ ဒူ ဒူ ဒူ …..”
ဖုန်းတုန်ခါသံက ဝမ်တဲ့ချွမ်ကို သူ၏ အတွေးရေယာဉ်ကြောထဲမှ နှိုးထလာစေခဲ့သည်။
“ ဒေါက်တာချန် … ငါ့အခြေအနေအကြောင်းကို နောက်မှပဲ ဆက်ပြောကြတာပေါ့ …”
“ ငါ့ကုမ္ပဏီရဲ့ အုတ်မြစ်ကို ကာကွယ်နိုင်မယ့် နည်းလမ်း ရှိလား ညွှန်ပြပေးပါဦး …”
PR ဌာန၏ ဒါရိုက်တာက သူ့ထံသို့ ယခုလေးတင် စာပို့လာခဲ့ပြီး ဆောင်းပါးရိပ်ခြေ ပြောဆိုသည့် ထူးဆန်းသည့် ကွန်းမန့်တို့ အင်တာနက်တွင် ထွက်ပေါ်လာနေကြောင်း ပြောပြလာသည်။
တစ်စုံတစ်ယောက်က ဝမ်တဲ့ချွမ်၏ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ အခက်အခဲ ပြဿနာ တစ်ခုခုနှင့် ကြုံတွေ့နေရပြီ ဖြစ်ကြောင်းကို သွယ်ဝိုက်သောနည်းဖြင့် အမည်ဖျက်ချင်နေခဲ့ကြသည်။
“ တကယ်လို့ ခင်များ ကုမ္ပဏီကို ကာကွယ်ချင်တယ်ဆိုရင် အရင်ဦးဆုံး သူလျှိုကို ဖယ်ရှားရမယ် …”
“ သူလျှို ဟုတ်လား ….”
“ သူလျှိုက ဘယ်သူလဲ …” ဝမ်တဲ့ချွမ် ရှော့ခ်ရစွာ မေးလိုက်မိသည်။
“ အများကြီးပဲ ….”
“ ပထမ သူလျှိုက …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ သူက ခင်များရဲ့ ညာလက်ရုံး … ခင်များ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ …”
“ သူ ဘာလုပ်ခဲ့တာလဲ ….”
ဝမ်တဲ့ချွမ် စိုးရိမ်ကြောင့်ကြစွာ မေးမြန်းလိုက်သည်။
ဝမ်တဲ့ချွမ်ကတော့ သူ့ အထွေထွေ မန်နေဂျာသည် သူ့ကို သစ္စာဖောက်မှာ မဟုတ်ဟု ယုံကြည်နေခဲ့သည်။
သို့သော် ထိုစကားလုံးများက ချန်ယွီ့၏ နှုတ်မှ လျှံကျလာသည့် အချိန်တွင်တော့ သူ ယုံကြည်ရတော့၏။
“ သူက ဘဏ္ဍာရေး ဒါရိုက်တာကို ခင်များနာမည်နဲ့ နိုင်ငံခြား အကောင့်အတုတွေ အများကြီး ဖွင့်ပြီး အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေကို သူတို့ဆီ တိတ်တိတ်လေး လွှဲခိုင်းထားတယ် …”
“ အနည်းဆုံး ယွမ် သုံးဘီလီယမ်ကနေ လေးဘီလီယမ်လောက်အထိကတော့ လွှဲပြောင်းပြီးထားပြီ …”
“ အဲ့လောက်တောင် များတယ် ….”
ဝမ်တဲ့ချွမ်၏ မျက်လုံးတို့ မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားခဲ့သည်။
“ ဒါ အစပဲ ရှိသေးတယ် … သူက ခင်များရဲ့ နာမည်နဲ့ အကောင့်တုတွေ ဖန်တီးရုံတင် မကသေးဘူး … ခင်များရဲ့ နာမည်နဲ့ပါ ဘဏ်မှာ ချေးငွေတွေလည်း အများကြီး ထုတ်ထားသေးတယ် …”
“ စုစုပေါင်း ပမာဏက ယွမ် ၇ ခုနစ်ဘီယမ် ရှိတယ် ….”
“ နောက်တစ်လကြာရင် ခင်များရဲ့ နိုင်ငံခြား ဖောက်သည်တွေက ခင်များ ပို့လိုက်တဲ့ ကုန်ပစ္စည်းတွေကို အကောက်ခွန်စည်းကြပ်ရုံးက ထပ်ပြီး ထိန်းသိမ်းလိုက်တာကို သတိပြုမိသွားမယ် …”
“ အဲ့ခါကျရင် ခင်များ အပေါ် သူတို့ရဲ့ ယုံကြည်မှုတွေ အကုန်လုံးလည်း ဆုံးရှုံးသွားလိမ့်မယ် …”
“ သူတို့တွေ ညီလာခံတစ်ရပ် ကျင်းပပြီး ခင်များရဲ့ လုပ်ရပ်တွေက စီးပွားရေး ကျင့်ဝတ်တွေကို ဖောက်ဖျက်တယ်လို့ တစ်ယောက်ပြီး တစ်ယောက် ဆိုကြမယ် …”
“ အဲ့ဒီရဲ့ ညီလာခံ အစည်းအဝေးက ဒိုမီနိုပြိုကျသလို နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာမယ် …”
“ ခင်များ ကုမ္ပဏီရဲ့ ဂုဏ်သတင်းလည်း ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရပြီး ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ဈေးနှုန်းတွေလည်း ဟိုးအောက်အထိ ထိုးကျသွားမယ် …”
“ ဘဏ်တွေကလည်း ခင်များ သူတို့ အကြွေးတွေ ပြန်မပေးနိုင်မှာကို စိုးရိမ်လာမယ် … ဒီလိုနဲ့ သူတို့အားလုံး ခင်များဆီ အုပ်စုဖွဲ့ပြီး အကြွေးလာတောင်းကြလိမ့်မယ် ….”
“ အဲ့လိုဖြစ်ပြီး မကြာခင်မှာပဲ ပြည်တွင်းမှာ ရှိတဲ့ ကုမ္ပဏီတွေ အကုန်လုံး ခင်များနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ အကုန်လုံးကို ရုတ်သိမ်းလာခဲ့ကြလိမ့်မယ် …”
“ ခင်များ ပြည်တွင်းရော ပြည်ပမှာပါ ပြဿနာတွေ တက်နေချိန် အခွန် ဌာနကနေ ခင်များ အကောင့်အတုတွေနဲ့ အခွန်ရှောင်နေပါတယ်ဆိုပြီး စာတစ်စောင် ပေးပို့လာမယ် ….”
အနာဂတ်တွင် ကျအံ့လုဆဲဆဲ သူ၏ ကံကြမ္မာကို ကြားသိလိုက်ရတော့ ဝမ်တဲ့ချွမ်၏ မျက်နှာအမူအရာမှာ ကြောက်လန့်တုန်လှုပ်မှုနှင့် ဒေါသထွက်မှုတို့ ရောပြွမ်းနေသည်။
“ ခွေးမသား … ငါ ဒင်းကို သတ်မယ် ….”
“ စိတ်အေးအေးထားပါ ….”
ချန်ယွီ့ အသံက သူ့နားထဲ ရောက်လာသည်နှင့် ဝမ်တဲ့ချွမ်၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့သည်။
၎င်းနောက် ချက်ချင်းပဲ ဝမ်တဲ့ချွမ်၏ အမူအရာက ပုံမှန် ပြန်ဖြစ်သွားခဲ့လေသည်။
သူ့အတွေးသူ ရှော့ခ်ရသွားခဲ့မိသည်။
သူ ဘာကြောင့် အထွေထွေ မန်နေဂျာရဲ့ တစ်မျိုးလုံး ၊ တစ်ဆွေလုံးကို သတ်ဖို့ တွေးလာခဲ့မိရတာပါလိမ့် …
“ ဒေါက်တာချန် … သူ့အပြင် တခြား ဘယ်သူတွေ ငါ့ကို သစ္စာဖောက်ထားသေးလဲ ….”
ဝမ်တဲ့ချွမ် စိုးရိမ်ကြောင့်ကြစွာ မေးမြန်းလိုက်သည်။
“ အထွေထွေ မန်နေဂျာအပြင် … စီးပွားရေး ဌာနရဲ့ ဒါရိုက်တာ ၊ အရည်အသွေး ထိန်းချုပ်မှု ဌာနရဲ့ လက်ထောက် ဒါရိုက်တာ ၊ ဘဏ္ဍာရေး ဌာနရဲ့ လက်ထောက်ဒါရိုက်တာ ၊ ခင်များရဲ့ ဒရိုင်ဘာ ၊ ပြီးတော့ ခင်များရဲ့ ဘုတ်အတွင်းရေးမှူးကောပဲ …”
ကျန်းကျန့်ရှစ်မှာ အကြီးအကျယ် ရှော့ခ်ရနေမိသည်။
ဒီထက်ပိုပြီး ဒရာမာဇာတ်လမ်း ဆန်တာမျိုးရှိနိုင်ပါဦးမလား …
ကျန်းကျန့်ရှစ် တစ်ခါမှ စီးပွားရေး မလုပ်ကိုင်ဖူးသော်လည်း ထိုနေရာများ၏ အရေးပါပုံကိုတော့ သိသည်။
အထွေထွေမန်နေဂျာ၊ ဘဏ္ဍာရေးဌာနနှင့် စီးပွားရေး ဌာနတို့က ကုမ္ပဏီ၏ မဟာဗျူဟာများကို ၎င်း၏ ဦးတည်ရာဘက်ခြမ်းသို့ ရောက်အောင် ပို့ဆောင်ပေးကြမည့် မြင်းလှည်းကြီး သုံးစင်းပင်။
အနှီ အဓိက သုံးနေရာရှိ အရေးပါသည့် လူများအားလုံးက ဝမ်တဲ့ချွမ်ကို သစ္စာဖောက်နေကြသည်။
ထို့အပြင် သူ့ဒရိုင်ဘာက သူ့ အယုံကြည်ရဆုံး လူယုံဖြစ်ပြီး သူ့လျှို့ဝှက်ချက် တော်တော်များများကိုလည်း သိထားသေးသည်။
ဘုတ်အဖွဲ့၏ အတွင်းရေးမှူးကလည်း နယ်နယ်ရရ အတွင်းရေးမှူး တစ်ယောက်မဟုတ်။ သူက အများပြည်သူပိုင် စာရင်းဝင်ထားသည့် ကုမ္ပဏီတစ်ခု၏ စီနီယာ မန်နေဂျာတစ်ယောက်ဖြစ်ပြီး စတော့အိတ်ချိန်းနှင့် ဆက်သွယ်ဖို့ တာဝန်ယူထားရသည့်လူပင်။
ရှယ်ယာပိုင်ရှင်များကို အကျိုးအမြတ် ခွဲဝေပေးရန် တာဝန်ယူထားသည့် လူတစ်ယောက်က ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများအတွက် အရေးပါသည့် လူတစ်ဦးဟု ပြော၍ရသည်။
ထိုလူများအားလုံး စုဖွဲ့ရဲ့ ကော်ပိုရေးရှင်းကြီး၏ မဏ္ဍိုင်ပုံစံကြီး ဖြစ်တည်လာရသည်။ ထိုလူများအားလုံး ထိုနေရာအသီးသီးကို ရရှိထားကြသည်ဆိုသည်မှာ ဝမ်တဲ့ချွမ် ယုံကြည်ရသည့် လူများ ဖြစ်သောကြောင့်ပင်။ မဟုတ်ပါက ထိုရာထူးနေရာများအား တာဝန်ယူခွင့်ပြုထားမှာ မဟုတ်ချေ။
ထိုသို့ ယုံကြည်ရသည့် လူများအားလုံးက စုဖွဲ့ပြီး နောက်ကျောဓားနဲ့ထိုးနေကြမှတော့ ဝမ်တဲ့ချွမ် မကျရှုံးမှသာလျှင် ထူးဆန်းနေတော့မည်။
ဆိုရိုးစကားတွေအတိုင်း လူရင်းထိုးသည့် ဓားက ပိုနက်၏။
ဝမ်တဲ့ချွမ်မှာ ပါးစပ်ကြီး အဟောင်းသား ဖြစ်နေမိရင်း ခက်ခက်ခဲခဲ မေးမြန်းလိုက်သည်။ “ သူတို့အကုန်လုံး ငါ့ကို သစ္စာဖောက်ကြတယ်ပေါ့ ဟုတ်လား ….”
“ အင်း ….”
“ ငွေကြောင့်လား … ဒါမှမဟုတ် တစ်ခြားတစ်ယောက်က သူတို့ကို အဲ့လိုလုပ်ခိုင်းလို့လား ….”
“ အနောက်က တစ်ခု ….”
သူ့အား သစ္စာဖောက်ရန် ဤလူများအား တစ်စုံတစ်ယောက်က ညွှန်ကြားခဲ့သည်ကို ကြားလိုက်ရတော့ ဝမ်တဲ့ချွမ်၏ အမူအရာမှာ တစ်ဖန် ပြောင်းလဲသွားခဲ့သည်။
“ ဒေါက်တာချန် … ငါ့ကို မြန်မြန်ပြောပါ …” ဝမ်တဲ့ချွမ် အံကို တင်းတင်းကြိတ်လျက် “ ငါ့ လူယုံတွေ အကုန်လုံးကို လာဘ်ထိုးသွားတဲ့ အဲ့ခွေးမသားက ဘယ်သူလဲ ….”
“ ဒီလို ရှုပ်ထွေးတဲ့ ချက်စ်ဂိမ်းလို နယ်ရုပ်တွေ ချပြီး ငါ့ကို အနိုင်ယူချင်နေတဲ့လူဆိုတော့ သူ ဘယ်သူလဲ ငါသိချင်တယ် …”
“ လီရှို့ကျစ်း ….”
“ ငါ့မိန်းမလား ….”
ဝမ်တဲ့ချွမ်မှာ ရှော့ခ်ရသွားခဲ့ပြီး အပြင်းအထန် ချောင်းဟွတ်သွားခဲ့တော့သည်။
သူ အသက်ရှူကြပ်၍ သေမလို ဖြစ်သွားခဲ့၏။
ကျန်းကျန့်ရှစ်လည်း ရှော့ခ်ရနေသည့် မျက်နှာအမူအရာ ဖြစ်နေသည်။
အောင်မယ်လေး ဗုဒ္ဓေါ … အောင်မယ်လေး …
ဇာတ်ညွှန်းဆရာ ဘယ်လောက်ပဲ ဇာန်ဆန်အောင် ဖန်တီးတယ်ပြောပြော ဒီလောက်ထိ ရယ်စရာကောင်းတဲ့ ဇာတ်ညွှန်း တစ်ခု ရေးနိုင်ဦးမှာလား …
လီရှို့ကျစ်းက သူ့ခင်ပွန်းဖြစ်သူနှင့် လက်ထပ်ထားသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီ ဖြစ်ပြီး သူ့ကို နောက်ကျောဓားနှင့် ထိုးသွားခဲ့သူကလည်း သူမပဲ ဖြစ်နေသည်။
သူမ၏ နည်းလမ်းတို့က အံ့ဩဘနန်း ဖြစ်ရလောက်အောင် ပြောင်မြောက်လွန်းလှသည်။ ဝမ်တဲ့ချွမ် သတိမထားမိခင်မှာပဲ ကုမ္ပဏီ၏ အဓိက အဖွဲ့ဝင်များအားလုံးကို လာဘ်ထိုး သိမ်းသွင်းထားပြီး ဖြစ်နေသည်။
နိုင်ငံခြားသို့ တင်ပို့သည့် ကုန်ပစ္စည်း အရည်အသွေး ပြဿနာ ရှိနေသည့် ကိစ္စကလည်း ၎င်းတို့အုပ်စု လက်ချက်ပဲ ဖြစ်ရမည်။
မည်သို့ပင်ဆိုစေ ဝယ်ယူခြင်း ၊ ကိုင်တွယ်ခြင်းနှင့် စီမံခန့်ခွဲမှုအားလုံးကို လီရှို့ကျစ်း၏ လူများကသာလျှင် ပြုလုပ်သွားခဲ့တာ ဖြစ်သည်။ အကယ်၍ ဝမ်တဲ့ချွမ်က ပြဿနာ တစ်စုံတစ်ရာ ရှာတွေ့မှသာ အံ့ဖွယ်ဖြစ်နေလိမ့်ဦးမည်။
ကျန်းကျန့်ရှစ် ဝမ်တဲ့ချွမ်ကို တစ်ချက် ခိုးကြည့်လိုက်သောအခါ သင်္ချိုင်းကုန်းသို့ ခြေတစ်လှမ်းသာ လိုတော့သည့် အဘိုးကြီးလို မျက်နှာအမူအရာနှင့် ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်ကလည်း မရပ်မနားတုန်ယင်နေလေသည်။
ကျန်းကျန့်ရှစ် ကူကယ်ရာမဲ့သွားခဲ့ရ၏။ သို့သော်လည်း ဝမ်တဲ့ချွမ်ကို သနားစာနာသည့် စိတ်တို့တော့ ဖြစ်ပေါ်မိသည်။
အကယ်၍ ဤသို့သော ဖြစ်ရပ်မျိုးသာ သူ့အပေါ်တွင် ဖြစ်ပျက်လာခဲ့မည်ဆိုပါက ယခုအချိန်လောက်ဆို သွေးတက်ပြီး သတိလစ်နေလောက်ချေပြီ။
“ နားလိုက်ကြရင်ကော …”
ချန်ယွီ့ ဝမ်တဲ့ချွမ်၏ မျက်နှာ အသားအရေကို ကြည့်ပြီး သတိလစ်ဖို့ ခြေတစ်လှမ်းသာ လိုတော့ကြောင်း သိလိုက်သည်။
“ မဟုတ်ဘူး ဒေါက်တာချန် … ကျေးဇူးပြုပြီး ဆက်ပြောပါ …”
“ သူ ဘာလို့ အဲ့လောက် ရူးနှမ်းလွန်းတဲ့ လုပ်ရပ်မျိုးကို ငါ့အပေါ် လုပ်ရက်ရတာလဲ ….”
ဒီနေ့တော့ ဝမ်တဲ့ချွမ် ဒီကိစ္စကို ဟိုးအောက်ဆုံးထိ သိရအောင် လုပ်မည်။
သူ သူမကို တစ်နည်းနည်းနဲ့ စိတ်ပျက်စေခဲ့လို့လား …
ဘာကြောင့် သေတွင်းထဲ အရောက်ပို့ဖို့ စိတ်အားထက်သန်နေရတာလဲ …
“ တစ်ခါတုန်းက … ခင်များယောက်ဖက ခင်များကို ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခု အဆိုပြုလာခဲ့တယ် …”
“ အုပ်စုထဲ အထက်ပိုင်းတွေ အကုန်လုံးလည်း ဒီရဲ့ ရင်းနှီးမြုပ်နှံမှုက အလားအလာကောင်းတယ်ဆိုတာကို သိကြတယ်….”
“ ခင်များ လက်မှတ်ထိုးပြီး သဘောတူတော့မလို့ပဲ … ဒါပေမယ့် ရုတ်တရက်ဆိုသလို ခင်များက မတူညီတဲ့ တခြား လူတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ် ….”
“ ခင်များက သူ့ရဲ့ ရင်းနှီးမြုပ်နှံမယ့် ပရောဂျက်ကို အထင်သေး ရှုတ်ချတယ် … သူ့ရဲ့ ဆယ်တန်းတောင် မအောင်တဲ့ ပညာအရည်အချင်းကို အသုံးချပြီး လူကြားထဲ သူ့ကို အရှက်ခွဲတယ် ….”
“ ခင်များက သူ့ဂုဏ်သိက္ခာကို ရစရာမရှိအောင် ချနင်းပြီး ခင်များ ယောက်ဖ ဒေါသတကြီးနှင့် နေရာမှာတင် ထွက်သွားခဲ့တဲ့ အထိပဲ …”
ထိုစကားကို ကြားပြီးသည့်နောက် ဝမ်တဲ့ချွမ်၏ မျက်နှာမှာ လောင်ကျွမ်းလာခဲ့သည်။
“ ငါ အခု နားလည်သွားပြီ …”
သူ့ ယောက်ဖ ကုမ္ပဏီထဲက ထွက်သွားသည်နှင့် ဝမ်တဲ့ချွမ် စိတ်ထဲ ချက်ချင်းပဲ နောင်တရသွားခဲ့သည်။
ကံဆိုးစွာနှင့် သူ့ယောက်ဖက ခေါင်းမာသည့် လူစားမျိုး ဖြစ်နေခဲ့လေသည်။
ဝမ်တဲ့ချွမ် သူ့ယောက်ဖဆီ တောင်းပန်ဖို့ သုံးကြိမ်တိုင်တိုင် သွားရောက်လည်ပတ်ခဲ့တာတောင် တစ်ကြိမ်ပြီးတစ်ကြိမ် သူ့ယောက်ဖ၏ သဘောထားက ပြောင်းလဲမသွားခဲ့ချေ။
“ မဟုတ်ဘူး … ခင်များ နားမလည်ဘူး ….”
“ ခင်များ မိန်းမ ခင်များကို နောက်ကျော ဓားနဲ့ထိုးသွားခဲ့တယ်ဆိုတာ သူ့ မောင်လေးကြောင့်ပဲ မဟုတ်ဘူး …” ချန်ယွီ့က ညင်သာစွာ ပြုံးပြီး စကားဆက်သည်။
“ ဒါဆို ဘာကြောင့်လဲ …”
ဝမ်တဲ့ချွမ် ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
“ ခင်များယောက်ဖ ၊ ခင်များရဲ့ ကုမ္ပဏီဝန်ထမ်း ၊ ခင်များရဲ့ မိတ်ဆွေသူငယ်ချင်း နဲ့ ခင်များဖောက်သည်တွေရဲ့ ဂုဏ်သိက္ခာကို ချနင်းခဲ့တာအပြင် …..”
“ ခင်များ ထိခိုက်နာကျင်အောင် လုပ်ခဲ့ဆုံးက ခင်များရဲ့ ဇနီး ၊ လီရှို့ကျစ်းပဲ ….”
ချန်ယွီ့က စားပွဲကို လက်ဖြင့် ညင်သာစွာ ခေါက်ရင်း အဖြေကို ထုတ်ဖော်ပြောကြားလိုက်သည်။