ကိုယ်တိုင်ကလွဲလို့ လူတိုင်းက သစ္စာဖောက်တွေ
Vol. 6 Ch. 58
“ အတိတ်နှစ်၂၀ ကာလထဲမှာ ခင်များ ကျေးတောသူ ဇနီးသည်ကို ကြည့်ရင်း ခင်များ မျက်လုံးထဲ ကြည့်လေ ဘဝင်မကျလာလေ၊ မျက်မုန်းကျိုးလာလေပဲ … “ ချန်ယွီ့ ပြောလိုက်သည်။
“ ခင်များ သူနဲ့ သုံးလေးကြိမ်လောက်တောင် ကွာရှင်းချင်တဲ့အထိ ဖြစ်ခဲ့ဖူးသေးတယ် … ဒါပေမယ့် အဲ့လိုလုပ်ပြီးတဲ့နောက်မှာ ချက်ချင်းပဲ ခင်များ အသိစိတ် ပြန်ဝင်သွားတယ် …”
“ ခင်များသူ့ကို ချက်ချင်း ပြန်တောင်းပန်တာတွေ ၊ ပြန်ချော့တာတွေ လုပ်တယ် … ဒါပေမယ့် ကွာရှင်းချင်တဲ့ အကြံဉာဏ်က သိပ်မကြာခင် ခင်များ ဦးနှောက်ထဲ ပြန်ပြန်ရောက်လာတာပဲ …”
“ ခင်များ အထက်တန်းလွှာတွေ စုဝေးတဲ့ ပွဲကို တက်ရောက်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါတိုင်း ခင်များ ကိုယ့်ဇနီးကိုယ် ပွဲမတိုးရကောင်းလားဆိုပြီး လှောင်တယ် … သရော်တယ် … အထင်သေးတယ် ... ”
“ တခြားလူတွေရဲ့ ဇနီးသည်တွေဆို သူတို့က နာမည်ကြီး တက္ကသိုလ်က ဘွဲ့ရတွေ ၊ ရုပ်ရည်ကလည်း ကြည့်လို့ကောင်း … မဟုတ်လည်း ကြွယ်ဝချမ်းသာတဲ့ မိသားစုက ဆင်းသက်ပေါက်ဖွားလာတဲ့သူတွေ ….”
“ ခင်များရဲ့ ဇနီးသည်ကျတော့ရော … သူက ခင်များလို မူလတန်းကျောင်း တစ်ခုတည်းက အတူအောင်လာခဲ့တဲ့သူ … ဝတ်ပုံစားပုံကလည်း ကျေးတောသူပုံစံ ရိုးရိုးအအ ၊ ပြီးတော့ ခင်များနဲ့ တစ်ရွာတည်းအတူ ကြီးပြင်းလာခဲ့တဲ့လူလည်း ဖြစ်တယ် ….”
ချန်ယွီ့၏ စကားက ကြမ်းတမ်းပြီး ဝမ်တဲ့ချွမ်၏ အမူအရာမှာ ပြောင်းလဲသထက် ပြောင်းလဲလာခဲ့တော့သည်။
“ ခင်များရဲ့ ဇနီးသည် နောက်ကျော ဓားနဲ့ ထိုးချင်ရလောက်တဲ့အထိ ဖြစ်သွားစေခဲ့တဲ့ မြက်ထုံးလေးတစ်ခုက လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကော့တေးပါတီမှာ ခင်များပြောခဲ့တဲ့ စကားတစ်ခွန်းပဲ ….”
ဝမ်တဲ့ချွမ်၏ အမူအရာမှာ မသက်မသာ ဖြစ်သွားခဲ့သည်။
“ ဥ မဥပေးနိုင်တဲ့ ကြက်မ … ဟုတ်တယ်မလား ….”
“ အဲ့ဒီ စကားတစ်ခွန်းကြောင့်နဲ့ သူမ နှစ်ပေါင်း များစွာ ဆွဲဆန့် ထိန်းသိမ်းလာခဲ့တဲ့ လင်မယား သံယောဇဉ်ကို လုံးလုံးလျားလျား ဖြတ်တောက်သွားနိုင်စေခဲ့တာပဲ ….”
ဝမ်တဲ့ချွမ် တဒင်္ဂမျှ ကြက်သေသေသွားခဲ့သည်။ ထို့နောက် သူ့ကိုယ်သူ ပါးတွေ လှိမ့်ရိုက်၏။
“ လူကြီးမင်းဝမ် … မင်း ဘာတွေ လုပ်နေတာလဲ …”
ဝမ်တဲ့ချွမ်က သူ့ကိုယ်သူ ထပ်ရိုက်တော့မှာကို မြင်တော့ ကျန်းကျန့်ရှစ် သူ့ကို အလျင်အမြန် ပြန်ဆွဲထားလိုက်သည်။
“ ငါ ယောက်ျားမဟုတ်ဘူး …”
ဝမ်တဲ့ချွမ် သူ့ကိုယ်သူ နာနာကျည်းကျည်း ကျိန်ဆဲလိုက်သည်။
သူ ဘာကြောင့် သူ့ဇနီးကို အမြဲတမ်း လှောင်ပြောင် အထင်သေးနေရလဲဆိုတာကို သူကိုယ်တိုင်လည်း နားမလည်နိုင်။
ထိုသို့ ပြုလုပ်ရသည်ကို သူ့မှာ စွဲလမ်းနေသည်။
နေ့တိုင်းတွင် တစ်ခါလောက်တော့ သူ့မိန်းမသူ လှောင်ပြောင်လိုက်ရ ၊ အထင်သေးလိုက်ရမှ စားဝင်အိပ်ပျော်သည်။
သူ့မိန်းမကို သူ့လိုမျိုး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး မဟုတ်လို့ သူ အထင်သေးသည်။ သို့သော် ထိုသို့ ဖြစ်အောင် ပြုလုပ်ပြီးသည့်နောက်မှာပဲ သူ့မိန်းမကို နာမည်ကြီး ဘရန်း အထည်များ၊ အိတ်များ ဝယ်ပေးပြီး ပြန်ချော့တောင်းပန်သည်။
လက်ဝတ်ရတနာ၊ နာရီ ၊ အလှကုန်၊ စသဖြင့် တခြားတခြားသော ပစ္စည်းများမှာ သူ့မိန်းမသူ အထင်သေးလိုက်၊ နာကျည်းအောင် ပြောလိုက် ၊ ရင်ထဲ ခံစားရအောင် လုပ်လိုက်၊ ပြီးရင် ပြန်တောင်းပန်လိုက်နှင့် သူ့မိန်းမတွင်လည်း ထိုပစ္စည်းတို့ သုံးမကုန်နိုင်အောင် ရှိလာခဲ့သည်။
မသိလိုက်ခင်မှာပဲ ထိုပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးက ယွမ် သန်း ၆၀၀ နီးနီး ရှိလာလေသည်။
“ သူသာ မရှိခဲ့ရင် ငါ ဝမ်တဲ့ချွမ်က ဒီနေ့ ဒီအချိန်ထိ ရှိနေနိုင်မှာတဲ့လား …...”
“ ဒါပေမယ့် ငါ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘူး … ကိုယ့်နှုတ်ကိုယ် မထိန်းနိုင်ဘူး … ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူး …. “
ဝမ်တဲ့ချွမ် ကျယ်လောင်စွာ ငိုကြွေးနေခဲ့သည်။
“ ဒေါက်တာချန် … လူကြီးမင်းဝမ်က ဘာကိုပြောချင်နေတာ …”
ကျန်းကျန့်ရှစ်က ‘ သူသာ မရှိရင် သူက ဒီနေ့အထိ ရှိနေနိုင်မှာလား ‘ ဆိုတဲ့ စကားအပေါ် နားမလည်ချေ။
“ သူ့မိန်းမ ကလေးမမွေးပေးနိုင်တာက ကျန်းမာရေး အခြေအနေကြောင့် မဟုတ်ဘူး ….”
“ ဆောင်းတွင်းတစ်ခုမှာ သူက ငါးသွားမျှားရင်း မတော်တဆ ရေထဲ ပြုတ်ကျသွားတယ် …”
“ လီရှို့ကျစ်းက သူ မြစ်ထဲ ပြုတ်ကျသွားတာကို အချိန်မီ မြင်သွားခဲ့ပြီး အရိုးခိုက်မတတ် အေးစက်နေတဲ့ ရေထဲ ခုန်ချပြီး မြစ်ထဲက သူ့ကို ကယ်တင်ပေးဖို့ အထိ သတ္တိရှိခဲ့တယ် ….”
“ အဲ့ကိစ္စက သူ့ဇနီးသည်ကို တစ်သက်လုံး ကလေးမရစေနိုင်တော့ အကြောင်းအရင်းပဲ ….”
“ သူလည်း အဲ့တာကို သိတယ် …”
ထိုသို့ပြောပြီးနောက် ချန်ယွီ့သည် ကိုယ့်ကိုယ်ကို ရှက်ရွံ့စိတ်ဖြင့် မချိတင်ကဲ ဝေဒနာခံစားနေရသည့် ဝမ်တဲ့ချွမ်ကို ကြည့်လိုက်သည်။
ဝမ်တဲ့ချွမ်က ကျန်းကျန့်ရှစ်၏ လက်ကို တွန်းထုတ်ပြီး သူ့ပါးသူ ပြင်းပြင်းထန်ထန် ဆက်ရိုက်နေခဲ့သည်။
ချန်ယွီ့လည်း မတတ်နိုင်ဘဲ ဒီအတိုင်း ထိုင်ကြည့်နေလိုက်၏။
အကယ်၍ သူသာ မလုပ်သင့်ခဲ့သည့် လုပ်ရပ်များကို မလုပ်ခဲ့ဘူးဆိုပါက ယခုလို နာကျင်မှုမျိုးလည်း ခံစားနေခဲ့ရမှာ မဟုတ်ချေ။
“ ခင်များရဲ့ ချမ်းသာတဲ့ မိတ်ဆွေသူငယ်ချင်းတွေ အားလုံးရဲ့ ရှေ့မှောက်မှာ ခင်များက သူ့ကို ကလေးမမွေးပေးနိုင်လို့ဆိုပြီး ကဲ့ရဲ့ အထင်သေးတယ် ….”
“ ဒါ သူ တစ်ချိန်လုံး ခင်များအပေါ် သည်းခံလာခဲ့တာတွေကို ပေါက်ကွဲထွက်သွားစေခဲ့တဲ့ နောက်ဆုံး မြက်ထုံးလေးပဲ … ခင်များ စည်းကျော်သွားခဲ့တယ် ….”
ထိုသို့ပြောပြီးနောက် ဝမ်တဲ့ချွမ်ကို အပြည်ပြည်ဆိုင်ရာ ပညာရေး ဝက်ဘ်ဆိုက်ထဲသို့ ဝင်ရန် ချန်ယွီ့ ပြောလိုက်၏။
သူ့မိန်းမ၏ မှတ်ပုံတင် နံပါတ်ကို ရိုက်ထည့်ပြီး သူမ၏ ပညာရေးနောက်ခံကို စစ်ဆေးခိုင်းလိုက်သည်။
“ ဘုရားရေ ….”
သူ့ ဇနီးနာမည်နှင့် ဓာတ်ပုံတွဲလျက်ပါသည့် ဘွဲ့မှတ်တမ်းကို ကြည့်ရင်း ဝမ်တဲ့ချွမ်မှာ သူ့ကိုယ်သူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားခဲ့၏။
ဤသည်ကို ဝမ်တဲ့ချွမ် လုံးဝ သတိမထားမိခဲ့ချေ။
သူ့ဇနီးက ဂျူနီယာ အထက်တန်း အောင်လက်မှတ် ရသည်အထိ ကိုယ်ထူကိုယ်ထ လေ့လာခဲ့ရုံမျှမက တက္ကသိုလ်ဘွဲ့ရသည်အထိလည်း လေ့လာထားခဲ့သည်။
မယုံကြည်နိုင်စရာ အကောင်းဆုံးကတော့ လီရှို့ကျစ်က စီးပွားရေး စီမံခန့်ခွဲမှုမေဂျာဖြင့် မာစတာဘွဲ့ရထားသူ ဖြစ်နေလေသည်။
“ သူ ဒါတွေ ရလာအောင် အချိန်တွေ အများကြီး ပေးပြီး ကြိုးစားခဲ့တာ ….”
“ သူ ခင်များကို စပရိုက် ဖြစ်သွားရအောင် လုပ်မလို့ပဲ … ဒါပေမယ့် ခင်များက သူ့ အသည်းကို ခွဲခဲ့တယ် … အဲ့တာကြောင့် ခင်များ ဇနီးက ခင်များအပေါ် လက်လျှော့လိုက်တော့တာပဲ ….”
ချန်ယွီ့က အကြောင်းအရာ ပြောင်းလဲပြီး ဝမ်တဲ့ချွမ်ကို လန်ကျစ်း အုပ်စု၏ နောက်ခံအကြောင်း ရှာဖွေခိုင်းလိုက်သည်။
လန်ကျစ်း အုပ်စုကို လွန်ခဲ့သည့် သုံးနှစ်က ယွမ်ငွေ သန်း ၃၀၀ နှင့် စတင် တည်ထောင်ခဲ့တာ ဖြစ်၏။ ဤနှစ်များ တစ်လျှောက်တွင် ငွေ ပမာဏ မြောက်များစွာက သူတို့ အုပ်စု အကောင့်ထဲသို့ ဝင်ရောက်လာခဲ့ပြီး စုစုပေါင်း ငွေတန်ဖိုးက ယွမ် ၁၀ ဘီလီယမ် နီးနီး ရှိလာသည်။
“ ခင်များရဲ့ ဗီလာထဲ ရှိတဲ့ လက်ဇရီ ပစ္စည်းတွေက အတုတွေ …”
“ ခင်များ ဇနီးသည်က တကယ့် ပစ္စည်းအစစ်တွေကို ရောင်းပြီး ရလာတဲ့ ငွေတွေနဲ့ ဒီရဲ့ လန်ကျစ်း အုပ်စုကို တည်ထောင်ခဲ့တာ …”
“ သူ ဒီနှစ်မှ ဘာလို့ စတင်ပြီး တိုက်ခိုက်လာလဲ ခင်များ သိလား ….” ချန်ယွီ့ မေးလိုက်၏။
ဝမ်တဲ့ချွမ် ထုံထိုင်းနေသည့် လူကြီးတစ်ယောက်နှယ် ခေါင်းကို လေးလံစွာ ခါယမ်းလိုက်သည်။
“ ကုမ္ပဏီတွေက သုံးနှစ်ကြာပြီးတော့မှ စာရင်းဝင်နိုင်လို့လား ….” ကျန်းကျန့်ရှစ်က ကြားဝင် ဖြေလိုက်၏။
“ အမှန်ပဲ … အဲ့ဒီအကြောင်းပြချက်ကြောင့်ပဲ …”
ကျန်းကျန့်ရှစ်၏ ခန့်မှန်းမှုကို ချန်ယွီ့ အသိအမှတ်ပြုလိုက်သည်။
“ တစ်ချိန်တည်းမှာ သူမက ဒီသုံးနှစ်ထဲ အမျိုးမျိုးသော လှည့်ကွက်တွေနဲ့ ခြိမ်းခြောက်ပြီး ခင်များရဲ့ လူယုံတွေကို စုဆောင်းသိမ်းသွင်းတယ် …”
“ သူ့ထဲ ရောက်လာပြီးရင်လည်း သူတို့ရဲ့ အခုလို နေရာမျိုးမှာပဲ ရရှိဦးမယ်လို့ မက်လုံးပေးတယ် … ပြီးတော့ လစာကလည်း ငါးဆတောင် တိုးပြီး ရဦးမှာ…”
“ ဒီလူတွေက သူတို့ရဲ့ နာမည် ပျက်မှာကို ကြောက်တယ် … ပြီးတော့ ခင်များရဲ့ မိန်းမ ပေးတဲ့ မက်လုံးကလည်း မက်မောစရာကြီး ဖြစ်နေတယ် …”
“ ဒီလိုနဲ့ နည်းနည်းလောက် တို့ပေးလိုက်တော့ သူတို့ သဘောတူလာခဲ့ကြတာပဲ …”
ဝမ်တဲ့ချွမ် ဤကိစ္စများကို ဘယ်တုန်းကမှ မခန့်မှန်းနိုင်ခဲ့ချေ။
သူ့မိန်းမက ကိုယ့်အစွမ်းအစများ တိုးမြင့်နိုင်ရန်အတွက် တိတ်တိတ်လေး စာလေ့လာခဲ့ရုံမျှမက ခြိမ်းခြောက်သည့် နည်းလမ်းများကို အသုံးပြုပြီး အငှားကြက်မနှင့် ကြက်ဥဥရန်ပင် ကတိပေးလိုက်သေးသည်။
ဒီသုံးနှစ်ထဲ သူ့ပြည်တွင်း ဖောက်သည်တွေ ထွက်ခွာသွားခဲ့ကြသည်မှာ သူ့ဇနီးသည်ကြောင့် ဖြစ်လောက်၏။
အကယ်၍ သူ၏ ဒရိုင်ဘာသည်လည်း သူမ အသင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသည်ဆိုပါက သူ၏ စီးပွားရေး လုပ်ငန်းကိစ္စများနှင့် ပတ်သက်ပြီး သူမထံမှ မသိအောင် ထိန်းသိမ်းနိုင်မည့် အရာ မရှိတော့ချေ။
“ ဒေါက်တာချန် … ငါ သူ့ကို စိတ်ပျက်အောင် လုပ်ခဲ့မိမှန်း ငါ့ကိုယ်ငါ သိတယ် … ဒါပေမယ့် သူက အစွန်းရောက်တဲ့အထိ လုပ်တော့မှာလေ ….”
“ ကျေးဇူးပြုပြီး ငါ့ကုမ္ပဏီကို ကာကွယ်ပေးပါ ဒေါက်တာချန် ….”
ယခုအချိန်က ဝမ်းနည်းပူဆွေးနေရမည့် အချိန်မဟုတ်မှန်း ဝမ်တဲ့ချွမ် ကောင်းကောင်းကြီး သိသည်။ သူ့ကော်ပိုရေးရှင်းကို ကာကွယ်ဖို့က ဦးစားပေးဖြစ်၏။
“ အဲ့ဒီ အမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်တွေကို ထိန်ချုပ်မှုအောက်မှာ ထားဖို့ဆိုရင် ခင်များရဲ့ ဇနီးသည်နဲ့ သူတို့ ဆက်သွယ်နေတဲ့ သက်သေ အထောက်အထားတွေကိုရှာ … ပြီးရင် ကတ်တွေကို စားပွဲပေါ် ပွင့်ပွင့်လင်းလင်း ချပြလိုက် …”
ဤသည်ကို ကြားတော့ ဝမ်တဲ့ချွမ် သင်္ကာမကင်းဖြစ်စွာ မေးမြန်းလာသည်။
“ အဲ့လောက် ရိုးရှင်းတယ်လား ….”
“ သူက ဒီနေ့လို အခြေအနေထိ ရောက်အောင် လုပ်ထားခဲ့တာ သူ သဘောမတူလောက်ဘူး …”
“ သူ သဘောတူလိမ့်မယ် …” ချန်ယွီ့ ပြောလိုက်သ်ည။
“ ခင်များက ကုမ္ပဏီရဲ့ ရန်ပုံငွေတွေ အကုန်လုံးကို လက်လွှတ်ပြီး လန်ကျစ်း အုပ်စုဆီ လွှဲပြောင်းပေးရမယ် …”
“ ခင်များရဲ့ အထွေထွေ မန်နေဂျာ ခင်များနာမည်နဲ့ ယူထားတဲ့ ဘဏ်ကြွေးတွေကိုလည်း ခင်များ ဆပ်ရမယ် …”
“ ဒီလိုလုပ်တာက ခင်များကုမ္ပဏီကို တန်ဖိုးတစ်ဝက်လောက် ဆုံးရှုံးသွားစေမယ်ဆိုပေမယ့် ….”
“ ခင်များ ဇနီးရဲ့ စိတ်ကို နည်းနည်းလေး ပြောင်းလဲစေဖို့တော့ လုံလောက်တယ် ….”
“ အဲ့ခါကျရင် အခုလို ခင်များရဲ့ အုပ်စုအပေါ် ဖိအားပေးနေတာတွေကို သူ ရပ်တန့်သွားမယ် …”
“ တကယ်တော့လေ …..” ချန်ယွီ့ ဖြည့်စွက်ပြောလိုက်၏။ “ ခင်များမိန်းမက ခင်များကို လုံးလုံးလျားလျား လက်လျှော့လိုက်တာတော့ မဟုတ်သေးဘူး …”
ဝမ်တဲ့ချွမ် သက်ပြင်းချလိုက်သည်။
သူ ယုံကြည်ရသည့်လူများအားလုံးက သစ္စာဖောက်တွေ ဖြစ်နေသည်။
ဖျတ်ခနဲဆိုသလို ဝမ်တဲ့ချွမ် သူ တစ်နေရာရာတွင်ကြားဖူးခဲ့သည့် စကားတစ်ခွန်းကို အမှတ်ရမိ၏။
ကိုယ်တိုင်ကလွဲလို့ လူတိုင်းက သစ္စာဖောက်တွေ …
“ ဒီလိုပဲ လုပ်ကြတာပေါ့ ….”
ချန်ယွီ့ အကြံပေးသည့် နည်းလမ်းအတိုင်း လိုက်လုပ်ဖို့ ဝမ်တဲ့ချွမ် ဆုံးဖြတ်လိုက်သည်။
သူ့အမှားများကြောင့် ဖြစ်ခဲ့ရသည့် ကြက်ဟင်းခါးသီးများကို စားရင်း (အခက်အခဲများကို ရင်ဆိုင်ရင်း) အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ချပြ၍ ညှိနှိုင်းမည်။
“ ဒီကိစ္စပြီးသွားခဲ့ရင် ငါမင်းကို သေသေချာချာလေး ကျေးဇူးလာတင်ပါဦးမယ် ဒေါက်တာချန် ….”
ဝမ်တဲ့ချွမ် အစက ယွမ်တစ်သန်းကို ကျေးဇူးတင် လက်ဆောင်အဖြစ် ပေးချင်ခဲ့သည်။
ဒုတိယအတွေး ဝင်လာသည်၌ မသင့်လျော်ဟု သူ ခံစားလိုက်ရ၏။
အကယ်၍ အရာအားလုံးကသာ ချန်ယွီ့ ပြောသည့်အတိုင်း မှန်ကန်ခဲ့မည်ဆိုပါက ယွမ် တစ်သန်းသည် သူ၏ ကျေးဇူးတင်မှုကို ဖော်ပြဖို့ရာ လုံလောက်လိမ့်မှာ မဟုတ်ချေ။
ထိုအစား သူသာ ချန်ယွီ့၏ မျက်နှာသာကို ရယူလိုပါက ပိုပြီး မည်မည်ရရရှိသည့် လက်ဆောင်ကို ယူလာကျေးဇူးတင်သင့်သည်။
ဝမ်တဲ့ချွမ်က ကျန်းကျန့်ရှစ်ကို ရှေ့ထား၍ အကယ်၍များ သူ ဒီကိစ္စကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့ပါက ကျေးဇူးလာတင်ပါဦးမည်ဟု ကတိပေးလာသည်။
ထို့ပြင် နောင်အနာဂတ်၌ ချန်ယွီ့ ပြဿနာ တစ်ခုခု ကြုံတွေ့တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့အကူအညီကို လိုအပ်တာပဲ ဖြစ်ဖြစ်၊ ဝမ်တဲ့ချွမ် သူတတ်စွမ်းသရွေ့ အကောင်းဆုံး ကူညီပေးပါမည်ဟုလည်း ကတိပေးခဲ့သေးသည်။
ပိုက်ဆံလား ၊ အလုပ်လုပ်ပေးတာလား ၊ ချန်ယွီ့ စကားတစ်ခွန်းသာ လိုသည်။
နက်နဲသိမ်မွေ့သည့် အပြုံးကို မျက်နှာထက်တွင် ဆင်မြန်းထားရင်း ချန်ယွီ့ ပြန်ဖြေလိုက်သည်။ “ ခင်များရဲ့ ကတိကို ကျွန်တော်လက်ခံလိုက်ပါမယ် ….”
“ ဒါပေမယ့် ခင်များ ထွက်သွားလို့ မရသေးဘူး ….”
“ ကျွန်တော့် ပြဿနာ ဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား ….”
ဝမ်တဲ့ချွမ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။
“ ခင်များကုမ္ပဏီ ဒေဝါလီ ခံသွားတော့မယ့် ပြဿနာပဲ ဖြေရှင်းရသေးတာ … ခင်များရဲ့ ရောဂါကိုတော့ မကုရသေးဘူး ….”
ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ခင်များရဲ့ ရောဂါကို အမြစ်ပြတ်အောင် ကုသပေးမှပဲ ခင်များရဲ့ ဇနီးကလည်း ခင်များကို အပြည့်အဝ ခွင့်လွှတ်ပေးမှာ ….”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ … ငါ ရောဂါကုချင်ပါတယ်….”
သူ၏ ထူးဆန်းသည့် စိတ်နေအကျင့်စရိုက်အကြောင်းနှင့် ထူးဆန်းသည့် စွဲလမ်းမှုကို သတိရတော့ ဝမ်တဲ့ချွမ်၏ အကြည့်တို့က မယှဉ်သာလောက်အောင် အလျင်လိုလာခဲ့တော့သည်။